← Chapters

အခန်း (၂၄၅)

Vol. 23 Ch. 245

အခန်း (၂၄၅)

Vol. 23 Ch. 245

အပိုင်း(၂၄၅)

စန်းစုန့်၏ကြောက်ရွံ့မှု

ကျန်းယန် အဇူရာတိမ်တောင်ထွတ်တွင် တစ်ချိန်လုံးစောင့်နေခဲ့ခြင်း ဖြစ်သည်။ အဇူရာတိမ်ဂိုဏ်းထဲရှိ အဖြစ်အပျက်များ ရပ်တန့်သွားချိန်တွင်တော့ သူ့နှလုံးသားပင် လည်ချောင်းထဲကထွက်လာတော့မလို သူခံစားလိုက်ရ၏။

၀င်္ကပါထဲတွင် ဘာဖြစ်သွားပါသနည်း။

တခဏအကြာတွင်တော့ သူ့ဆရာက ကြောက်မက်ဖွယ်ပုံရိပ်ငါးခုနှင့်အတူ ပေါ်ပေါက်လာခဲ့လေသည်။

ထိုပုံရိပ်ငါးခုထံမှ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

ချင်းယွင်ကျိ မိတ်ဆက်ပေးစရာပင်မလိုဘဲ ကျန်းယန် ထိုသူများသည် မည်သူများဖြစ်မှန်း သိရှိနေခဲ့သည်။

မိစ္ဆာငါးကောင်၏အကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ ကျန်းယန် မသက်မသာဖြစ်သွားခဲ့၏။

ဒီကောင်တွေက ငါ့ကိုတကယ်ရိုက်မှာတော့ မဟုတ်ဘူးမလား

“တွေ့ရတာ၀မ်းသာပါတယ် စီနီယာတို့” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။

ချင်းယွင်ကျိ ကျန်းယန် သူတို့အနားကပ်မလာစေရန် စိတ်ဝိညာဉ်စွမ်းအားသုံး၍ တားလိုက်ပြီး သတိပေးလိုက်၏။

“သူတို့ကိုယ်ကမိစ္ဆာအရှိန်အဝါတွေထုတ်လွှတ်နေသေးတယ် အနားအရမ်းမကပ်နဲ့”

ဂူဒူအာရှင်းပြလိုက်သည်။

“ငါတို့က အရှိန်အဝါကိုရုတ်သိမ်းဖို့ ငြင်းဆန်တာမဟုတ်ပါဘူး ငါတို့ကိုယ်တိုင်က အဲ့တာကို လုံး၀ထွက်မလာအောင် မထိန်းချုပ်နိုင်တာ”

“ကျွန်တော်မိစ္ဆာအရှိန်အဝါကို မကြောက်ပါဘူး” ကျန်းယန် ခပ်ပြုံးပြုံးပြောလိုက်၏။

“သူတို့မိစ္ဆာစွမ်းအားနဲ့ကျွန်တော့်ကိုမတိုက်ခိုက်သရွေ့ ကျွန်တော်အနားကို ကပ်လို့ရပါတယ်”

မိစ္ဆာများ ကျန်းယန်သူတို့မိစ္ဆာစွမ်းအားများထဲတွင် ရေကူးသလိုကူးခတ်နေခဲ့သော အချိန်ကိုပြန်တွေးမိပြီး ခေါင်းညိတ်လိုက်ကြသည်။

မှန်ပေသည်။ ထိုကလေးက သူတို့ထဲမှတစ်ယောက်ဖြစ်လေရာ သူတို့မိစ္ဆာအရှိန်အဝါကိုမည်သို့ ကြောက်ပါမည်နည်း။

ချင်းယွင်ကျိလည်း အခြေအနေကိုမှတ်မိသွားပြီး သူ့ကိုမတားတော့ပေ။

ဒါပေါ့ မိစ္ဆာများ သူတို့စွမ်းအားသုံးပြီးမတိုက်ခိုက်မှသာ ကျန်းယန် ကပ်လာနိုင်မည်ဖြစ်သည်။

သူတို့စွမ်းအားကိုထုတ်သုံးလိုက်လျှင်တော့ အဆင့်ကွာဟချက်ကြီးမားလွန်းသောကြောင့် ကျန်းယန် ဘာမှပင် ပြန်လုပ်နိုင်လိုက်မည် မဟုတ်ပေ။

ချင်းယွင်ကျိ မိစ္ဆာများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် နတ်အာရုံသုံးကာ သူတို့တောင်ထွတ်များတွင် ၀င်္ကပါကိုစောင့်ကြပ်နေကြသော လင်းယွင်ကျိနှင့်အခြားသူများကို အဇူရာတိမ်တောင်ထွတ်သို့ ဆင့်ခေါ်လိုက်၏။

စန်းစုန့်လည်း အကြောင်းကြားချက်ရရှိခဲ့ကာ အမတရတနာကိုတွန့်ဆုတ်စွာထားခဲ့ရပြီး တောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။

လူတိုင်းအဇူရာတိမ်တောင်ထွတ်သို့ ရောက်ရှိလာပြီး ချင်းယွင်ကျိဘေးက ကြောက်မက်ဖွယ်ပုံရိပ်ငါးခုကိုတွေ့လိုက်ရသောအခါ ကြက်သေသေကုန်ကြ၏။

လင်းယွင်ကျိနှင့်အခြားသူများသည် နှစ်ပေါင်းများစွာကြာအောင် ၀င်္ကပါကိုစောင့်ကြပ်ခဲ့ကြသော်လည်း တစ်ခါမှ အထဲသို့ မ၀င်ဖူးခဲ့ကြပေ။

အကယ်၍ သူတို့၀င်သွားခဲ့လျှင်လည်း နတ်ဝိညာဉ်အဆင့်သာရှိသေးသောသူတို့က မိစ္ဆာစွမ်းအင်များ၏ တိုက်စားခြင်းကိုခံသွားရနိုင်ပြီး အကျိုးဆက်က ကောင်းနေလိမ့်မည် မဟုတ်ပေ။

စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ကတော့ မိစ္ဆာဆိုသောစကားလုံးကို ကြားသာကြားဖူးခြင်းဖြစ်ပြီး မိစ္ဆာဆိုတာ ဘာမှန်းပင် ကောင်းကောင်းမသိကြပေ။

စန်းစုန့်တစ်ယောက်တည်းသာ မိစ္ဆာများကိုတစ်ခါမြင်ဖူးခြင်းဖြစ်သည်။

ချင်းယွင်ကျိဘေးက ကြောက်မက်ဖွယ်ပုံရိပ်ငါးခုကိုတွေ့သောအခါ စန်းစုန့်နှလုံးတစ်ချက်ခုန်သွားခဲ့၏။ ထို့နောက် အကြောက်တရားကသူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။

“ပြေးကြ” စန်းစုန့် အကျယ်ကြီးအော်ဟစ်လိုက်ပြီး ချင်းရှုလက်ကိုဆွဲကာ တစ်ချိုးတည်း ပြေးလေတော့၏။

မိစ္ဆာများထွက်လာချိန်တွင် ထိုလူများက အဘယ်ကြောင့် ထွက်မပြေးကြပါသနည်း။

ချင်းယွင်ကျိ အမြန်စန်းစုန့်ကိုဆွဲထားလိုက်ရပြီး ဆွံ့အသွားခဲ့ရသည်။

ကျန်းယန် စန်းစုန့်အနားရောက်လာကာ သူ့ပုခုံးကိုပုတ်ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

“စီနီယာ ဘာလို့ပြေးနေတာလဲ”

“မင်း….မင်း…”

စန်းစုန့်မျက်လုံးထဲက အကြောက်တရားကိုဖုံးကွယ်ထားဖို့ မဖြစ်နိုင်ခဲ့ပေ။ ကျန်းယန်နှင့်ချင်းယွင်ကျိသည် မိစ္ဆာများ၏ထိန်းချုပ်ခြင်းကို ခံလိုက်ရခြင်းပေလော သို့မဟုတ် ပူးကပ်ခံလိုက်ရခြင်းပေလော ဟူ၍သာ သူတွေးနေခဲ့သည်။

“အဲ့တာက မိစ္ဆာလေးတွေပါပဲ” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ပီပီ ကိုယ့်သိက္ခာကိုယ့်လည်း ထိန်းပါဦး ခင်ဗျားက တကယ်ကြီးသေမှာကြောက်နေတာလား ကျွန်တော်ခင်ဗျားကို သူတို့အားလုံးနဲ့ မိတ်ဆက်ပေးမယ် သူတို့က အဇူရာတိမ်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မိစ္ဆာတွေပဲ ကျွန်တော်တို့ကအခု သူတို့ကိုလွှတ်လိုက်ပြီ”

“အာ”

လူတိုင်း၏အမူအရာများ ချက်ချင်းပြောင်းလဲသွားကာ အာ ကနဲပင် ရေရွတ်လိုက်မိကြသည်။

လင်းယွင်ကျိနှင့်အခြားသူများပင် တုန်လှုပ်သွားခဲ့ကြရ၏။

စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ ကြောက်လန့်သွားကြသော်လည်း စိတ်လည်း၀င်စားသွားခဲ့သည်။ သူတို့မိစ္ဆာငါးကောင်ကို မနေနိုင်မထိုင်နိုင်တစ်ချက်ကြည့်လိုက်မိသော်လည်း ချက်ချင်း အကြည့်လွှဲလိုက်ကြ၏။

တစ်ဖက်တွင် စန်းစုန့်ကတော့ဖြူဖျော့နေပြီး စကားတစ်လုံးမှ ထွက်မလာနိုင်ခဲ့ပေ။

ကျန်းယန်ချင်းယွင်ကျိကိုကြည့်ကာ ပြောလိုက်သည်။

“ဆရာ စီနီယာငါးယောက်ကို ဒီမှာနားပါစေဦး ကျွန်တော်တို့ကတော့ ကျွန်တော့်အိမ်ကိုပဲသွားသင့်တယ် အဲ့ဒီမှာပဲ ကိစ္စတွေကိုရှင်းလင်းအောင် လုပ်လိုက်ကြတာပေါ့”

ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ပြီး မိစ္ဆာငါးကောင်ကို အဇူရာတိမ်တောင်ထွတ်ပေါ်မှလွဲပြီး ဘယ်ကိုမှမသွားဖို့ အမိန့်ပေးလိုက်သည်။

ထို့နောက် သူတို့အားလုံး ကျန်းယန်ဗီလာသို့ ရောက်ရှိလာခဲ့ကြ၏။

သူတို့ရောက်သည်နှင့် စန်းစုန့်ချက်ချင်းပြောလိုက်သည်။

“ဂိုဏ်းချုပ် ဒါကြီးက ရူးတာပဲ ဘယ်လိုလုပ် မိစ္ဆာတွေကို လွှတ်လိုက်ရတာလဲ ဘယ်လိုဖြစ်ပြီး အဲ့လိုမိစ္ဆာတွေကို အပြင်ထွက်ခွင့်ပေးလိုက်ရတာလဲ”

ချင်းယွင်ကျိ တိတ်ဆိတ်နေခဲ့၏။

ကျန်းယန်ပြောလိုက်သည်။

“တာအိုမိတ်ဆွေအိုကြီး စိတ်အေးအေးထားပါ

ကျွန်တော်ခင်ဗျားကို တစ်ခုမေးပါရစေ ဂိုဏ်းကြီးကိုးဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကို ချမ်းသာပေးမယ် ထင်လား”

စန်းစုန့်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကြောက်စိတ်ကိုဖိနှိပ်လိုက်၏။ တခဏတွေးတောလိုက်ပြီးနောက် သူခါးသက်သက်ပြုံးလိုက်ကာ ခေါင်းယမ်းလိုက်သည်။

“မဖြစ်နိုင်ဘူး သူတို့ကအဇူရာတိမ်ဂိုဏ်းကို ချမ်းသာပေးမှာမဟုတ်ဘူး ဒါပေမယ့် အဲ့လိုဆိုရင်တောင် ငါတို့မိစ္ဆာတွေကို လွှတ်ပေးလို့မဖြစ်ဘူးလေ အဲ့တာက ကမ္ဘာကြီးတစ်ခုလုံးအပေါ် ကပ်ဘေးကျရောက်စေလိုက်တာပဲ”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“သူတို့က ကျွန်တော်တို့ကို ချမ်းသာမပေးမှတော့ ကျွန်တော်တို့မှာလည်း ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လုံလောက်တဲ့အင်အားရှိနေဖို့ လိုပြီလေ လက်ရှိ အဇူရာတိမ်ဂိုဏ်းမှာ မဟာမိတ်လည်းမရှ်ိဘူး နောက်ခံလည်းမရှိဘူး ဂိုဏ်းထဲမှာလည်း စွမ်းအားကြီးပုဂ္ဂိုလ်ဆိုလို့ ကျွန်တော့်ဆရာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပဲရှိတာ

ဂိုဏ်းကြီးကိုးဂိုဏ်းမှာတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဘယ်နှစ်ယောက်တောင်ရှိတာလဲ

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းရဲ့ သေရေးရှင်ရေးက မိစ္ဆာတွေအပေါ်ပဲ မူတည်သွားတာပဲ

သူတို့ကိုလွှတ်မပေးခင် ဘယ်သူ့ကိုမှပြောမပြခဲ့ဘူး ဘာလို့လဲဆိုတော့ ဒီကိစ္စကအန္တရာယ်များလွန်းတဲ့အတွက် သဘောမတူကြမှာ စိုးလို့ပဲ

အခုကြည့်ရသလောက်တော့ ခင်ဗျားကိုအသိမပေးမိတာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်သွားပုံပဲ”

လင်းယွင်ကျိ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် စီနီယာအစ်ကိုကြီးဆုံးဖြတ်တာဆိုရင် ငါတို့က ထောက်ခံမှာပဲ”

“မှန်တယ် ငါတို့အားလုံးက စီနီယာအစ်ကိုကြီးနောက်ပဲလိုက်မှာ”

တန်ချန်ကျိ ပိုင်ယွင်ကျိနှင့် ပိလင်းကျိတို့အားလုံး ထောက်ခံလိုက်ကြ၏။

စစ်ထူမင်ယွဲ့လည်း အမြန်ပြောလိုက်သည်။

“ကျွန်မလည်း စီနီယာအစ်ကိုကြီးနဲ့ ဆရာ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်”

ချင်းရှု သူ့ဆရာကိုတစ်ချက်ကြည့်လိုက်၏။

“ကျွန်တော်ကတော့ ကျွန်တော့်အမြင်ကိုထုတ်ပြောလို့မရဘူး”

စန်းစုန့်ခါးသက်သက်ပြုံးလိုက်ကာ

“မင်းတို့က မိစ္ဆာအစစ်တစ်ကောင်ကို တစ်ခါမှမှ မမြင်ဖူးကြဘဲ…

လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ငါဝိညာဉ်အခြေတည်အဆင့်ကို ရောက်ခါစအချိန်ကပေါ့

အဲ့ဒီတုန်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြီးတစ်ခုကို ငါကုန်းမြေတိုက်ကြီးရဲ့ နယ်စပ်ကနေ မြင်ခဲ့ရတယ် မိစ္ဆာတွေက စီနီယာပညာရှင်တွေနဲ့ တိုက်ခိုက်နေခဲ့ကြတယ်

အဲ့ဒီတုန်းက မိစ္ဆာတစ်ကောင်က ငါ့ကိုတစ်ချက်ကြည့်သွားခဲ့တယ် အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးကတည်းက ငါအဇူရာတိမ်ကုန်းမြေတိုက်ကြီးနား နောက်တစ်ခါ ထပ်မသွားရဲတော့ဘူး

အကြည့်တစ်ချက်တည်းကတင် ငါ့ကျင့်ကြံခြင်းကို နှစ်ရာချီကြာအောင် နှောင့်နှေးသွားစေခဲ့တယ်

အဲ့ဒီမိစ္ဆာတွေက မင်းတို့စိတ်ကူးနိုင်တာထက်ပိုပြီးကို အများကြီးကြောက်စရာကောင်းတယ်”

ကျန်းယန် စန်းစုန့်ဆီလျှောက်သွားလိုက်ပြီး သူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ကာ

“မိစ္ဆာတွေက တကယ်ပဲ ကြောက်စရာကောင်းပါတယ် ဒါပေမယ့် ထိန်းချုပ်ခံထားရတဲ့ မိစ္ဆာတွေကရော ကြောက်စရာကောင်းသေးရဲ့လား ဒါမှမဟုတ် ကျွန်တော်နဲ့ ကျွန်တော့်ဆရာက အရူးတွေလိုမျိုး အဲ့ဒီမိစ္ဆာတွေကို ဘာအထိန်းအကွပ်မှမရှ်ိဘဲ လွှတ်ပေးလိုက်မယ် ထင်နေတာလား

အဲ့ဒီမိစ္ဆာတွေအကုန်လုံးက ကျွန်တော့်ဆရာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်

သူတို့ရဲ့အသက်နဲ့ သူတို့ရဲ့လုပ်ရပ်တွေမှန်သမျှကို ထိန်းချုပ်နိုင်နေတာတောင် ခင်ဗျားက ကြောက်နေဦးမှာလား”

“ဂိုဏ်းချုပ်ဒီလိုဆိုမှတော့ သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လေ” စန်းစုန့် ချင်းယွင်ကျိကို အမြန်ပြောလိုက်သည်။

ချင်းယွင်ကျိ မျက်နှာမည်းမှောင်သွားသော်လည်း တိတ်ဆိတ်၍သာ နေခဲ့၏။

“တာအိုမိတ်ဆွေအိုကြီး”ကျန်းယန် သူ့လေသံကို မြှင့်လိုက်သည်။

“ကျွန်တော်ခင်ဗျားကိုတာ၀န်တစ်ခုပေးမယ် အခုချက်ချင်း ရှို့ယိဘုရားကျောင်းကိုသွားပြီး ရှို့ယိဘုရားကျောင်းကို အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ သွားဖျောင်းဖျချေ တကယ်လို့ ခင်ဗျားအောင်အောင်မြင်မြင်ဖျောင်းဖျနိုင်ခဲ့ရင် ကျွန်တော်လည်း ဆရာ့ကို မိစ္ဆာတွေကိုသတ်ဖို့ ဖျောင်းဖျပေးမယ်

ဘယ်လိုထင်လဲ”

All Chapters