← Chapters

အခန်း (၂၄၂)

Vol. 23 Ch. 242

အခန်း (၂၄၂)

Vol. 23 Ch. 242

အပိုင်း(၂၄၂)

မဟာ၀င်္ကပါကို အားအပြည့်ဖြင့် အသက်သွင်းခြင်း

ဂူဒူအာ ရှေ့ထွက်လာသောအခါ သွေးအရိပ်မိစ္ဆာ ချက်ချင်းခေါင်းခါလိုက်၏။

“မင်းသွားလို့မဖြစ်ဘူး တကယ်လို့ မင်းထွက်သွားရင် ငါတို့အတွက်အထဲမှာ ဗျူဟာချပေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး”

ဂူဒူအာ ခပ်ဖြည်းဖြည်းပြန်ပြောလိုက်သည်။

“ငါသွားရမယ် ငါကိုယ်တိုင်အပြင်ကအခြေအနေတွေကို တွေ့မှသာ ငါတို့ဘာဆက်လုပ်ရမလဲဆိုတာ သိမှာ”

“တကယ်လို့ မင်းထွက်သွားပြီး အပြင်ရောက်မှ အဲ့ဒီအကြီးကောင်နဲ့ အငယ်ကောင်က မင်းကိုသတ်ပစ်လိုက်ရင် ငါတို့အားလုံးအတွက် အရမ်းထိခိုက်နစ်နာသွားရမှာပေါ့”

“သူတို့လုပ်မှာမဟုတ်ဘူး” ဂူဒူအာ ခေါင်းခါပြလိုက်သည်။

“သူတို့သတ်ချင်ရင်တောင် ဒီပဋိပက္ခကြီးပြီးသွားတဲ့အချိန်အထိ စောင့်ရလိမ့်မယ် အဲ့ဒီအချိန်ကျရင် ငါတို့အနေနဲ့ နောက်တစ်ဖွဲ့လွှတ်ပေးဖို့ ညှိနှိုင်းလို့ရတယ် ပြီးတော့ ငါထွက်သွားရင် ငါအဲ့တာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ သူတို့ရဲ့သတ်ဖြတ်ချင်စိတ်ကို ဖျောက်ပစ်ဖို့ နည်းလမ်းရှာရမယ်”

သွေးအရိပ်မိစ္ဆာခါးသက်သက်ပြုံးလိုက်ကာ “ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းကိုလည်းထည့်တွက်လိုက်မယ်”

ထို့နောက် သူတို့ကိုယ်သူတို့ တိုက်ခိုက်ရေးတွင်သန်မာပြီး ဉာဏ်ကောင်းသည်ဟု ယူဆကြသော မိစ္ဆာနှစ်ကောင် ထပ်ထွက်လာခဲ့သည်။

ဂူဒူအာ တစ်ချက်ကြည့်လိုက်ရာ အားလုံးပေါင်းမှ သုံ‌းယောက်သာ ရှိသေး၏။

ထိုပမာဏက မလုံလောက်သေးပေ။

သူနက်မှောင်နေသော မိစ္ဆာတစ်ကောင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မင်းလည်း ငါတို့နဲ့လိုက်ခဲ့”

အနက်ရောင်မိစ္ဆာခပ်ဟဟရယ်မောလိုက်၏။

“ငါ့ဦးနှောက်က အဲ့လောက်မကောင်းဘူးနော်”

“ဒါပေမယ့် မင်းတိုက်ခိုက်ရေးစွမ်းအားက ကောင်းတယ်” ဂူဒူအာ အေးအေးဆေးဆေးပြန်ပြောလိုက်သည်။

“ပြီးတော့ မင်းကိုယ်မင်းထိန်းချုပ်နိုင်စွမ်းလည်း ရှိတယ် မင်းဦးနှောက်က မကောင်းဘူးဆိုမှတော့ အပြင်ရောက်ရင် ဘာမှမပြောနဲ့ ငါတို့နောက်ကနေသာ လိုက်ခဲ့”

“အာ…ကောင်းပြီလေ” အနက်ရောင်မိစ္ဆာ ရှေ့ထွက်လာခဲ့၏။

“နောက်တစ်ယောက်” ဂူဒူအာ တစ်ချက်ဝေ့ကြည့်လိုက်ကာ ခပ်လှမ်းလှမ်းက အရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

အရိပ်မိစ္ဆာအံ့အားသင့်သွားပြီး သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးလိုက်၏။

“ငါ့ခွန်အားက အဲ့လောက်မကောင်းဘူး ငါ့ဦးနှောက်ကလည်း မကောင်းဘူးလေ ငါလည်းသွားရမှာလား”

“မင်းမိစ္ဆာပညာရပ်တွေက ထူးခြားတယ်” ဂူဒူအာ အသာအယာပြုံး၍ ပြောလိုက်သည်။

“ဟုတ်ပြီလေ ဒါဆို ငါလည်းသွားမယ်” အရိပ်မိစ္ဆာ ရှေ့တက်လာခဲ့၏။

ဂူဒူကာအဖွဲ့ကိုတစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ငါးယောက်ဆို လုံလောက်ပြီ ငါတို့ငါးယောက်ထွက်သွားပြီးရင် ငါတို့ထဲက ဘယ်သူ့ကိုမှ သီးသန့်ဆက်သွယ်ခွင့် မပြုတော့ဘူး အဲ့ဒီ ငါတို့မျိုးနွယ်ကကလေးနဲ့တောင် မဆက်သွယ်နဲ့တော့ ပြီးတော့ ငါအချက်မပြမချင်း လက်လွတ်စပယ်မလှုပ်ရှားကြနဲ့ တကယ်တော့ အဲ့တာကိုမေ့ထားလို့လည်းရပါတယ် မင်းတို့ ငါအချက်ပြတာကို စောင့်နေစရာမလိုလောက်ဘူး ငါ့ကိုသာ သေချာစောင့်ကြည့်နေကြ

ငါတို့အပြင်ရောက်ရင် တတ်နိုင်သလောက် စကားနည်းနည်းပဲပြောပြီး သူတို့ညွှန်ကြားချက်အတိုင်းပဲ လိုက်လုပ်ကြရမယ်”

“နားလည်ပါပြီ” မိစ္ဆာလေးကောင် ခေါင်းညိတ်ပြလိုက်ကြသည်။

သဘောတူပြီးသည့်နောက် သူတို့ ကျန်းယန်လာပြီး သူတို့နာမည်များကိုယူမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြ၏။

…..

ထိုအခိုက်တွင် ကျန်းယန် သင်ခန်းစာတစ်ခုကို နားထောင်နေခဲ့လေသည်။

သူတပည့်သောင်းချီနှင့်အတူတူထိုင်နေပြီး ပိုင်ယွင်ကျိ၏ သင်ခန်းစာကို နားထောင်နေခဲ့၏။

တစ်ဖက်တွင် သူသည် တပည့်များအတွက် နမူနာကောင်းဖြစ်စေရန် ဤနေရာတွင်ထိုင်နေခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း နတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တစ်ယောက်ဟောပြောသော သင်ခန်းစာတစ်ခုကို နားထောင်ရဖို့က ရှားပါးသောအရာဖြစ်သောကြောင့် လာနားထောင်နေခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် ကိုယ်တိုင်တောင် လာနားထောင်နေတာကိုမြင်သောအခါ အခြားတပည့်များလည်း ခါးမတ်၍ သေချာနားထောင်နေခဲ့ကြ၏။

နတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တစ်ယောက်၏ သင်ခန်းစာဆိုသည်မှာ သူတို့အတွက်အတော်လေးရှားပါးလှသောအရာဖြစ်သောကြောင့် တပည့်များအားလုံး ထိုအခွင့်အရေးကို တန်ဖိုးထားကြပေသည်။

အစကတော့ ပိုင်ယွင်ကျိ ထိုတပည့်များ သူသင်ခန်းစာပို့ချနေချိန်တွင် အမိန့်မနာခံမှာကို စိုးရိမ်မိသော်လည်း နောက်ပိုင်းတွင်တော့ သူစိတ်အေးသွားခဲ့ရ၏။

ထိုတပည့်များသည် ကျန်းယန်ထက်ပင် နာခံတတ်သေးသည်။

သူမသည် သူမစိတ်ဝိညာဉ်စွမ်းအင်အကြောင်း သူမကျင့်ကြံခြင်းအတွေ့အကြုံအကြောင်းနှင့် သူမ၏ကောင်းကင်နှင့်မြေပြင်စွမ်းအားအပေါ် နားလည်ပုံများကို သင်ခန်းစာအဖြစ် ပို့ချပေးနေခဲ့၏။

အတန်းထဲတွင် စာတော်သောကျောင်းသားနှင့် စာညံ့သောကျောင်းသားဟူ၍ ရှိတတ်သည်မှာ ထုံးစံသာ ဖြစ်သည်။

တပည့်များထဲတွင်လည်း အချို့က သင်ခန်းစာကို‌နားထောင်ရင်း ငိုက်မြည်းနေခဲ့ပြီး အချို့ကတော့ တောက်ပသောမျက်လုံးများဖြင့် နားထောင်နေခဲ့၏။

ကျန်းယန် လူတိုင်းကိုတစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီရက်အနည်းငယ်အတွင်းကတော့ မင်းတို့စွမ်းအားတွေအကြောင်းနားလည်ဖို့နဲ့ ဆရာဦးလေးတွေနဲ့ ပိုရင်းနှီးလာစေဖို့ အတန်းတိုင်းကို တက်ရမယ် ရက်နည်းနည်းလောက်ကြာပြီးရင်တော့ မင်းတို့ စိတ်၀င်စားတဲ့အတန်းကိုပဲ ရွေးတက်ခွင့်ရှိပြီ”

ထိုစကားကိုကြားသောအခါ လူတိုင်း၀မ်းသာသွားခဲ့ကြသည်။

ကိုယ်နားထောင်ချင်သော သင်ခန်းစာကိုသာ နားထောင်ရမည်ဆိုသည်မှာ သူတို့အတွက်တော့ အတော်လေးကောင်းသော သတင်းစကားဖြစ်၏။

“ပြီးတော့ ဂိုဏ်းရဲ့အစီအစဉ်တွေကိုချိန်ညှိနေတဲ့အတွက် မင်းတို့အတွက် နားရက် ၅ ရက် ရမယ် အဲ့ဒီငါးရက်အတွင်း မင်းတို့ အဇူရာတိမ်မြို့ကိုသွားပြီး ပျော်လို့ရတယ် ဒါပေမယ့် ဂိုဏ်းရဲ့စည်းမျဉ်းတွေကိုတော့ မေ့လို့ မဖြစ်ဘူး”

လူအုပ်ကြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေသည်။

သူတို့သည် အဇူရာတိမ်မြို့အကြောင်းကြားဖူးနေတာ ကြာပြီဖြစ်ပြီး အခုတော့ သူတို့ကိုယ်တိုင် ထိုနေရာကို လည်ပတ်ရပေတော့မည်။

“သွားကြတော့ သွားလို့ရပြီ” ကျန်းယန် လက်ယမ်းပြကာ အားလုံးကိုထွက်သွားဖို့ အချက်ပြလိုက်၏။

သူကိုယ်တိုင်ကတော့ အဇူရာတိမ်တောင်ထွတ်ဆီ ပြန်သွားခဲ့သည်။

“ဆရာ ဆရာဦးလေးတွေကို ပြင်ဆင်ခိုင်းလိုက်‌တော့” ကျန်းယန် ချင်းယွင်ကျိ ညွှန်ကြားလိုက်၏။

ချင်းယွင်ကျိ နတ်အာရုံသုံး၍ အကြောင်းကြားလိုက်ရာ လူတိုင်းအဇူရာ‌တိမ်တောင်ထွတ်ဆီရောက်ရှိလာခဲ့ပြီး ထိုထဲတွင် စန်းစုန့်တောင် ပါလာခဲ့သေးသည်။

စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့လည်း ရောက်လာခဲ့ကြ၏။

“စီနီယာအစ်ကိုကြီး ဘာဖြစ်လို့လဲ” လင်းယွင်ကျိ မေးလိုက်သည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးစုစည်းခြင်းဆိုသည်မှာ ဂိုဏ်းထဲတွင် ကိစ္စကြီးတစ်ခုဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်၏။

ချင်းယွင်ကျိ ဖြေလိုက်သည်။

“နောက်ရက်အနည်းငယ်အတွင်း မင်းတို့အားလုံး သက်ဆိုင်ရာတောင်ထွတ်တွေကို အပြည့်အ၀ စောင့်ကြပ်ထားရမယ် အမှားသေးသေးလေးတောင် ဖြစ်လို့မရဘူး

ချင်းရှု ဒီရက်တွေအတွင်း မင်းကဆရာဦးလေးဟော်လင်းကျိခိုင်းတဲ့အတိုင်းလုပ် အတိအကျနော်

မင်ယွဲ့က ဆရာဒေါ်လေးပိုင်ယွင်ကျိနဲ့အတူနေပြီး သူ့အမိန့်ကိုစောင့်နေ

ဒီကိစ္စက ငါတို့ဂိုဏ်းရဲ့ သေခြင်းရှင်ခြင်းနဲ့သက်ဆိုင်နေတယ် အမှားသေးသေးလေးတောင် ဖြစ်လို့မရဘူး”

လူတိုင်းပိုပြီးပင် တုန်လှုပ်လာခဲ့ကြသည်။

ဘာတွေဖြစ်နေပါသနည်း။

သို့သော် ချင်းယွင်ကျိက ဘာမှပြောမပြခဲ့ပေ။ သူခပ်တင်းတင်းဆက်ပြောလိုက်၏။

“အမိန့်ကိုပဲ နာခံကြ ဘာမှမသိချင်ကြနဲ့ သွားလို့ရပြီ ပြင်ဆင်ထားကြတော့”

အခြားသူများထွက်သွားပြီးသောအခါ ချင်းယွင်ကျိ စန်းစုန့်ကိုကြည့်၍ လေးလေးနက်နက်ပြောလိုက်လေသည်။

“မင်းကအဇူရာတိမ်တောင်ထွတ်ကို စောင့်ကြရမယ် အားကုန်သုံးပြီး စောင့်ကြပ်ပေးပါ

တကယ်လို့ မင်းအားကုန်မသုံးခဲ့ရင် ကမ္ဘာကြီး‌အပေါ်ကပ်ဘေးတစ်ခု ကျရောက်လာလိမ့်မယ် အဲ့ဒီလိုဖြစ်လာရင် မင်းအပြစ်ပဲ၊ မင်းအပြစ်သားမဖြစ်ရဖို့ အစွမ်းကုန်အားထုတ်ပါ”

သူကျန်းယန်ဆီက အများကြီးသင်ယူလာခဲ့ပြီးနောက် တစ်ဖက်သားကို ကိုယ်ကျင့်တရားကိုသုံးပြီးပင် ဖိအားပေးတတ်နေခဲ့ပြီ ဖြစ်၏။

စန်းစုန့် ထိတ်လန့်နေဟန်ဖြင့် ပြန်မေးလိုက်သည်။

“ဂိုဏ်းချုပ် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”

“မင်းသိစရာမလိုသေးဘူး ငါနဲ့လိုက်ခဲ့” ချင်းယွင်ကျိ အမိန့်ပေးလိုက်၏။

စန်းစုန့်အမြန်သူ့နောက်က လိုက်လာခဲ့သည်။

မကြာခင်တွင် သူတို့ အဆုံးမဲ့သောစွမ်းအင်များဖြင့် တောက်ပနေပြီး ငွေရောင်လက်နေသည့် အဝိုင်းပုံ ကျောက်စိမ်းပြားတစ်ပြားရှေ့သို့ ရောက်ရှိလာခဲ့၏။

“ဒါကအဇူရာတိမ်ဂိုဏ်းရဲ့ အမတရတနာပဲ အဇူရာတိမ်ကျောက်စိမ်းဝိုင်း တဲ့” ချင်းယွင်ကျိ ကျောက်စိမ်းဝိုင်းကိုလက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“ဒါက ၀င်္ကပါရဲ့ အမြုတေတွေထဲကတစ်ခုပဲ အခုမင်းမှာ ဒီဟာကိုစောင့်ကြပ်ဖို့ တာ၀န်ရှိသွားပြီ မင်းမှာရှိသမျှ အားကုန်သုံးပြီး ကျောက်စိမ်းဝိုင်းကိုအားဖြည့်ပေးပါ”

စန်းစုန့် အနည်းငယ်တုန်ရီသွားခဲ့၏။ နောက်ဆုံးတော့ သူအမတရတနာ၏ကိုယ်ထည်ကို မြင်ဖူးခဲ့ချေပြီ။

ဂိုဏ်းကြီးတိုင်းလိုချင်နေသောအရာက သူ့ရှေ့တွင် ရောက်ရှိနေခဲ့ချေပြီ။

သို့သော် သူလောဘတက်ရမည့်အစားကြောက်စိတ်ကိုသာ ခံစားနေခဲ့ရသည်။

ရှင်းလင်းစွာပင် ဂိုဏ်းတွင်ကိစ္စကြီးတစ်ခုရှိနေခဲ့ချေပြီ။ သူ့ကိုပင် အမတရတနာကိုစောင့်ရှောက်ခိုင်းသည်ဆိုလျှင် ပြဿနာကလည်းမသေးလောက်ပေ။ သို့သော် ဘာဖြစ်နေသလဲဆိုတာကို သူမသိရပေ။ အနည်းဆုံးတော့ သူ့ကို တစ်ခုခုပြောသင့်၏။

“သူနဲ့ပူးပေါင်းပြီး အဇူရာမဟာတိမ်၀င်္ကပါကို အကောင်းဆုံးစောင့်ရှောက်ပါ” ချင်းယွင်ကျိ အမတရတနာကို ခပ်တင်းတင်းပြောလိုက်သည်။

“တကယ်လို့ သူ့အမူအရာကမသင်္ကာစရာကောင်းနေရင် ငါ့ကိုချက်ချင်းဆက်သွယ်”

ချင်းယွင်ကျိ စန်းစုန့်ရှေ့တွင်ပင် ထိုစကားကိုပြောခဲ့ပြီး အမတရတနာဘေးတွင် စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းချပေးကာ ထွက်လာခဲ့၏။

ထို့နောက် သူကျန်းယန်ကိုခေါ်ကာ ၀င်္ကပါထဲ ၀င်သွားခဲ့သည်။

ထိုအခိုက်တွင် ၀င်္ကပါအတွင်းရှိဖိအားက အဆများစွာ တိုးလာခဲ့၏။

ချင်းယွင်ကျိ ပြောမပြဘဲပင် ကျန်းယန် ထိုစွမ်းအားကိုခံစားမိနေခဲ့သည်။

ချင်းယွင်ကျိ သလင်းကျောက်နံရံရှေ့တွင်ရပ်ကာ ကျန်းယန်ကိုညွှန်ကြားလိုက်၏။

“ဒီကိုလာ ငါတို့သူတို့နာမည်အစစ်ကို ဘယ်လိုယူကြမလဲ”

All Chapters