အခန်း (၂၃၉)
Vol. 23 Ch. 239
အပိုင်း(၂၃၉)
အလုပ်ရုံထဲက နတ်ဝိညာဉ်အဆင့်တစ်ယောက်
လက်နက်သန့်စင်တောင်ထွတ်တွင် ချင်းရှုနှင့်ဟော်လင်းကျိတို့နှစ်ယောက်လုံး လက်နက်ထုလုပ်နေခဲ့ကြသည်။
သူတို့ထုလုပ်နေသည်က ကျန်းယန်၏ ဘားရတ်ရိုင်ဖယ်များမှလွဲပြီး အခြားမဟုတ်ခဲ့ပေ။
ဤနေရာသည် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မဟုတ်တော့ပေ။
ထို့ကြောင့် သူတို့သည် စိတ်ဝိညာဉ်ပစ္စည်းများသုံးကာ ရိုင်ဖယ်ကိုသန့်စင်နေပြီး ရိုင်ဖယ်၏အစွမ်းကလည်း အရင်ထက်အများကြီး တိုးလာခဲ့၏။
“ဆရာဦးလေး ဆရာဦးလေးအရင်ကတော့ ဒီလိုလက်နက်မျိုးမသန့်စင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား” ချင်းရှု မေးလိုက်သည်။
သူသည် ဟော်လင်းကျိနှင့်အခြားအကြီးအကဲများကို ကျန်းယန်လို့ပင် ဆရာဦးလေးဟူ၍သာ ခေါ်ပေသည်။
ဟော်လင်းကျိ ခါးသက်သက်ပြုံးလိုက်၏။
“ဒီလောက် လူအများကြီးက လက်ဗလာဖြစ်နေမှတော့ ငါ့မှာသန့်စင်ပေးဖို့ကလွဲရွေးစရာမရှိတော့ဘူးလေ ဘာပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းရဲ့တပည့်တွေကိုတော့ လက်ဗလာနဲ့ထားလို့မရဘူးမလား”
သူတကယ်ပင် အခုလိုအဆင့်နိမ့်လက်နက်မျိုးကို မသန့်စင်ချင်ခဲ့ပေ။ အခုလိုလက်နက်မျိုးသန့်စင်ခြင်းတွင် မည်သည့် နည်းစနစ်ပိုင်းဆိုင်ရာစိန်ခေါ်မှုမှမရှိဘဲ ရိုးရှင်းလွန်းသောကြောင့် ထိုလက်နက်များကိုအရေအတွက်များစွာသန့်စင်ရခြင်းက ပျင်းရိစရာကောင်းလွန်းလှ၏။
ကျန်းယန် လက်နက်သန့်စင်တောင်ထိပ်သို့ ရောက်လာသောအခါ သူအစကတော့ သူ့ဆရာဦးလေးကိုလက်နက်သန့်စင်ပေးဖို့ တိုက်တွန်းမယ်လို့ စီစဉ်ထားသော်လည်း သူပင်မပြောရသေးဘဲ ဟော်လင်းကျိက သန့်စင်နေတာကိုမြင်သောအခါ ဘာမှမပြောတော့ပေ။
“ဆရာဦးလေးစိတ်မပူပါနဲ့ သူတို့သင်ခန်းစာတွေနားထောင်ပြီးသွားရင် သူတို့အားလုံးက အခုလောက်ရိုးရှင်းတဲ့လက်နက်မျိုးကို ကိုယ်တိုင်သန့်စင်နိုင်ကြတော့မှာပါ” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။
“ဒါပေမယ့် အရေးအကြီးဆုံး ကဗ္ဗည်းပုံစံတွေကိုတော့ ကျွန်တော်တို့လက်ထဲမှာပဲ ထားရမယ် အလွယ်တကူပေါက်ကြားစေလို့ မဖြစ်ဘူး”
ဟော်လင်းကျိ နှာခေါင်းရှုံ့လိုက်၏။
“အခုလိုပြောနေမယ့်အစား ဘာလို့မင်းကိုယ်တိုင်၀င်မကူတာလဲ”
ကျန်းယန် ခေါင်းယမ်းလိုက်သည်။
“ကျွန်တော်ကအလုပ်ရှုပ်တယ် သန့်စင်ဖို့အချိန်မရှိဘူး မနက်ဖြန်ပို့ချမယ့် သင်ခန်းစာတွေအတွက် ဆရာဒေါ်လေး ၇ နဲ့ ဆွေးနွေးရဦးမယ် ပြီးတော့ ဆရာဦးလေး ၅ နဲ့လည်း ကဗ္ဗည်းအသစ်တွေဖန်တီးမယ့်အကြောင်း တိုင်ပင်ရဦးမယ် ပြီးရင် ဆရာဦးလေး ၃ နဲ့ကလည်း အခြေခံတည်ဆောက်ခြင်းတပည့်တွေအတွက် ဆေးလုံးတွေဖန်တီးပေးဖို့ ဆွေးနွေးရမယ် အဲ့တာကြောင့် ကျွန်တော်က တကယ်မအားတာ”
“ဒါဆိုလည်း အမြန်လစ်တော့” ဟော်လင်းကျိ စိတ်မရှည်လက်မရှည် ပြောလိုက်၏။
ချင်းရှု သက်ပြင်းချလိုက်သည်။
“ငါက အခြားသုတေသနတွေလုပ်ဖို့ မျှော်လင့်ထားခဲ့တာ…အခုက ငါတို့ တစ်ရက်ကို ရိုင်ဖယ်ဆယ်လက်လုပ်မယ်ဆိုရင်တောင် လူပေါင်းသုံးသောင်းကျော်အတွက်ဆိုရင် ဆယ်နှစ်လောက် လုပ်ယူရလိမ့်မယ် ဟူးးး အခြားသုတေသနတွေအတွက် အချိန်ရှိသေးဖို့ ငါမျှော်လင့်ပါတယ်”
ဆယ်နှစ်လုံးလုံး ဒီလိုရိုင်ဖယ်တွေသာ သန့်စင်နေရလိမ့်မည်ဟု တွေးမိရုံဖြင့် ဟော်လင်းကျိ ခံစားချက်မကောင်းတော့ပေ။
တခဏတွေးတောပြီးနောက် သူချင်းရှုကိုပြောလိုက်လေသည်။
“အခြားအပိုင်းတွေကိုက တပည့်တွေ အခြေခံလက်နက်သန့်စင်ခြင်းလောက်ကိုနားလည်သွားရင် သူတို့ကိုယ်တိုင်လုပ်လို့ရပြီ ငါတို့က လက်နက်ကိုအသက်သွင်းတဲ့အပိုင်းနဲ့ အဲ့ဒီကဗ္ဗည်းအပိုင်းမှာပဲ အာရုံစိုက်ထားရင်ရပြီ ဒါဆို ငါတို့လုပ်ရတာ ပိုမြန်သွားလိမ့်မယ်”
ချင်းရှုမျက်လုံးများ တောက်ပသွားခဲ့၏။ သူလည်း ဤအရာက အကြံကောင်းတစ်ခုဟု တွေးမိသွားခဲ့သည်။
ထိုစဉ် ကျန်းယန်ကတော့ တန်ချန်ကျိဆီရောက်ရှိသွားခဲ့၏။
“ဆရာဦးလေး အဲ့ဒီအဆင့်မြင့်ဆေးလုံးတွေ ဖော်စပ်ဖို့လုပ်နေတဲ့ သုတေသနက ဘယ်လိုအခြေအနေရှိလဲ” ကျန်းယန် မေးလိုက်သည်။
“ငါအောင်မြင်မှုအချို့တော့ ရထားတယ် ငါပြင်ဆင်ပြီးတာနဲ့ စဖော်စပ်တော့မယ်” တန်ချန်ကျိပြုံး၍ ပြောလိုက်၏။
“ငါအဓိကစိုးရိမ်တာက ဖော်စပ်ရင်းအဲ့ဒီဆေးပင်တွေကို ဖျက်ဆီးမိမှာကိုပဲ တစ်ပင်လောက်ကိုဖျက်ဆီးမိလိုက်ရင်တောင် အဲ့တာက ခွင့်မလွှတ်နိုင်လောက်စရာ အပြစ်တစ်ခု ဖြစ်သွားလိမ့်မယ်”
“ဆရာဦးလေး ဆရာဦးလေးအရှိန်မြှင့်ဖို့လိုနေပြီ” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“အဲ့ဒီဆေးလုံးတွေက ဆရာဦးလေးတို့ကို တာအိုပေါင်းစည်းခြင်းအဆင့်ရောက်အောင် လုပ်ပေးမှာ တကယ်လို့ ဆရာဦးလေးတို့သာ တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သွားရင် ဆရာ့ပုခုံးပေါ်က တာ၀န်တွေလည်း အတော်လေး လျော့သွားလိမ့်မယ် ဆရာဦးလေးအလုပ်ရှုပ်နေတာသိပေမယ့် အချိန်နည်းနည်းလောက်ဖဲ့ပေးပြီး အဲ့ဒီသာမန်အခြေခံတည်ဆောက်ခြင်းအဆင့်တွေအတွက် ဘယ်လိုဆေးလုံးမျိုးဖော်စပ်သင့်လဲဆိုတာ ဆုံးဖြတ်ပေးပါဦး
ကျွန်တော်တို့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက ယူလာတဲ့ ဆေးပင်တွေက အများကြီးပဲ မဟုတ်လား လိုအပ်ရင် အဲ့ဒီတန်ဖိုးကြီးဆေးပင်တွေထဲကလည်း သုံးရင်သုံးရမှာပဲ”
ထိုသောင်းချီသောတပည့်များသည် အဇူရာတိမ်ဂိုဏ်း၏အနာဂတ်ဖြစ်သည်။
တန်ချန်ကျိ ခါးသက်သက်ပြုံးလိုက်၏။
“ငါသိပါတယ် ငါသိပါတယ် ငါ့ကိုလာလောမနေပါနဲ့”
သူသည် အမတလမ်းစဉ်ကိုကျင့်ကြံနေတာလား အလုပ်ရုံထဲတွင်အလုပ်လုပ်နေရဝာာလား ဆိုတာ သူတကယ်မသိတော့ပေ။
သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်တာသေချာသော်လည်း အဘယ်ကြောင့် သူ့ဘ၀က အလုပ်ရုံအလုပ်သမားတစ်ယောက်ထက်ပင် ပိုဆိုးနေရပါသနည်း။
သူ့ကိုအကြိမ်အနည်းငယ်သတိပေးပြီးနောက် ကျန်းယန် အဇူရာတိမ်တောင်ထွတ်ဆီ ပြန်လာခဲ့၏။
“ဆရာ အဲ့ဒီမိစ္ဆာတွေတုန့်ပြန်ပြီလား” ကျန်းယန် မေးလိုက်သည်။
ချင်းယွင်ကျိ ခေါင်းယမ်းပြလိုက်၏။
အရှင်းဆုံးပြောရလျှင် မိစ္ဆာတစ်ကောင်မှ သူတို့နာမည်အရင်းကိုပြောချင်ကြောင်း ထုတ်ဖော်ပြောမလာခဲ့ပေ။
သို့သော် ချင်းယွင်ကျိ သူတို့ကိုကောင်းကောင်းနားလည်ပေသည်။ ထိုထဲက မိစ္ဆာတစ်ကောင်ကမှ သူ့ထက်အားမနည်းပေ။ အချို့ဆိုလျှင် သူ့ထက်ပင်ပိုပြီးသန်မာနေနိုင်သေး၏။
ထိုကဲ့သို့သောတည်ရှိမှုများက အဘယ်ကြောင့် သူတို့အသက်ကို အခြားသူလက်ထဲအလွယ်တကူထည့်ပေးလိုက်ပါမည်နည်း။
ကျန်းယန် မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်မိသည်။ သူအမှန်တကယ် စိတ်ပူနေခဲ့ခြင်း ဖြစ်၏။
ဂိုဏ်းကြီးများသည် သူတို့ကိုတိုက်ခိုက်ဖို့ စီစဉ်နေမှန်း သူသေချာသိပေသည်။ အကယ်၍များ မိစ္ဆာများသဘောမတူခင် ဂိုဏ်းကြီးများ၏တိုက်ခိုက်မှုစတင်ခဲ့မည်ဆိုလျှင် ပြဿနာကြီးဖြစ်သွားနိုင်၏။
သူတို့တွင် သောင်းချီသောတပည့်များရှိနေသော်လည်း အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်များသာ ဖြစ်ကြသည်။ များစွာသောဂိုဏ်းကြီးများနှင့် ရင်ဆိုင်ရရာတွင် အရေအတွက်က အသုံးမ၀င်တော့ပေ။
“ကျွန်တော်သူတို့ကိုစည်းရုံးဖို့ ထပ်ကြိုးစားကြည့်မယ်” ကျန်းယန် တောင်းဆိုလိုက်သည်။
သူကျန်းယန်ကို၀င်္ကပါထဲထည့်ပေးကာ မိစ္ဆာများဆီပို့ပေးလိုက်၏။
သူ့အကြည့်များကတော့ ၀မ်လင်းဂိုဏ်းရှိရာအရပ်သို့ ရောက်ရှိသွားခဲ့လေသည်။
လတ်တလောတွင် ထိုအရပ်မှ စွမ်းအားကြီးအရှိန်အဝါများထွက်ပေါ်နေခဲ့ပြီး ကြည့်ရသည်မှာ ၀မ်လင်းဂိုဏ်းတွင် ကိစ္စတစ်ခုခုဖြစ်နေပုံပင်။
သူ့နတ်အာရုံကိုထိုနေရာထိဖြန့်ကျက်ပြီး စစ်ဆေးကြည့်လို့လည်း မဖြစ်သေးပေ။ ထိုသို့သော အပြုအမူမျိုးက စစ်ပွဲတစ်ပွဲဖြစ်ပွားစေနိုင်လောက်သော အပြုအမူမျိုး ဖြစ်၏။ အခုလိုအရာရာကိုသတိထားနေရချိန်တွင် သူထိုကဲ့သို့သောအရာမျိုးကိုလုပ်၍ မဖြစ်ပေ။
……..
၀မ်လင်းဂိုဏ်းတွင် ဂိုဏ်းကြီးကိုးဂိုဏ်းလုံးမှကိုယ်စားလှယ်များ ဆွေးနွေးနေခဲ့ကြသည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းချင်းစီတိုင်းက ဆုံးဖြတ်ချက်ချနိုင်သောသူတစ်ယောက်စီပို့ထားခဲ့သော်လည်း ထိုထဲတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တော့ တစ်ယောက်မှ မပါခဲ့ပေ။
ထိုအစည်းအဝေးပွဲတွင် ၀မ်လင်းဂိုဏ်း၏ကိုယ်စားလှယ်က ကျိုးကျွင်းချန်ဖြစ်၏။
ကျိုးကျွင်းချန် အခြားသူများကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ဂိုဏ်းချုပ်ကတော့ အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်မယ်ဆိုရင် ချင်းယွင်ကျိကို သူကိုယ်တိုင်တာ၀န်ယူမယ်လို့ ပြောထားတယ် ဆိုတော့ မင်းတို့မှာဘာစိတ်ပူစရာရှိဦးမှာလဲ”
“မိစ္ဆာတွေကိုရော” ရှို့ယိဘုရားကျောင်းမှ ယွင်စုန့် မေးလိုက်၏။
“ဒါပေါ့ မိစ္ဆာတွေကိုတော့ ငါတို့အားလုံးပေါင်းပြီးဖိနှိပ်ရမှာပေါ့” ကျိုးကျွင်းချန် ခပ်ဖြည်းဖြည်းပြန်ပြောလိုက်သည်။
“အဲ့တာကြောင့် ငါတောင်းဆိုချင်တာကတော့ ငါတို့တွေ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ပြီးတာနဲ့ ဂိုဏ်းတိုင်းက အားကုန်သုံးပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ဝိုင်းထားဖို့ပဲ
တကယ်လို့ အဇူရာမဟာတိမ်၀င်္ကပါက အကောင်းအတိုင်းပဲရှိနေဦးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ ငါတို့မိစ္ဆာတွေကိုဆက်ပြီး ဖိနှိပ်ထားကြမယ်
အကယ်၍များ ၀င်္ကပါချိုးဖျက်ခံလိုက်ရတယ်ဆိုရင်ရော ဘာဖြစ်လဲ ငါတို့အားလုံးပေါင်းလိုက်ရင် အဲ့ဒီမိစ္ဆာတွေကို မဖိနှိပ်နိုင်ဘဲ နေမလား”
လူတိုင်းတိတ်ဆိတ်သွားခဲ့ကြသည်။
ဤအရာကသူတို့အသက်များကိုရင်းပြီး မိစ္ဆာများကိုဖိနှိပ်ရမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ဘယ်သူက ထိုမိစ္ဆာများနှင့်သေသည်အထိ တိုက်ခိုက်ချင်ပါမည်နည်း။
သူတို့ထိုအစီအစဉ်ကို အမြန်သဘောမတူခဲ့ကြသည့် အကြောင်းအရင်းမှာ သူတို့သည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် နယ်နိမိတ်ချင်းထိစပ်မနေသောကြောင့် ဖြစ်၏။ အကယ်၍ အဇူရာတိမ်ဂိုဏ်းနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းသွားမည်ဆိုလျှင်တောင် အရင်ဆုံး ခံရမည်က ၀မ်လင်းဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေသာ ဖြစ်သည်။
သူတို့အပေါ်ကိုတော့ တိုက်ရိုက်ခြိမ်းခြောက်မှု ရှိမလာနိုင်သောကြောင့် သူတို့အလျင်လိုမနေခဲ့ကြပေ။
ကျိုးကျွင်းချန် မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
“အားလုံးပဲ ငါတို့က နှစ်တစ်ထောင်လုံးလုံး ရပ်ပဲကြည့်နေခဲ့ကြပြီး အဇူရာတိမ်ဂိုဏ်းကို ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ခဲ့ကြဘူး ငါတို့ထဲက အချို့ကတော့ သူတို့ကို တိုက်ခိုက်ဖို့ကြံစည်ခဲ့ကြတယ် အခုဆိုရင် ချင်းယွင်ကျိက သူကပ်ဘေးကိုကျော်ဖြတ်နိုင်သွားပြီ အဇူရာတိမ်ဂိုဏ်းက ပိုပြီး သန်မာလာဖို့သာ ရှိတော့တယ်
သူတို့အားကောင်းလာတာနဲ့ အဇူရာတိမ်ဂိုဏ်းက ငါတို့ကိုဒီတိုင်းထားမယ်ထင်လား
အဲ့ဒီအခါ ကျိန်းသေပေါက် ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်
ငါတို့က အရာအားလုံးကိုရင်းပြီးစွန့်စားရမယ့် အခြေအနေကိုရောက်နေပြီ မင်းတို့မှာ ဘယ်လိုဝှက်ဖဲတွေ ကျန်နေသေးလဲ ဆိုတာကို ငါမသိဘူး
ဒါပေမယ့် မင်းတို့ဘယ်သူမှအဲ့အကြောင်းမပြောချင်မှတော့ ငါပဲပြောလိုက်မယ်
အခုက ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းက အဲ့ဒီဘိုးဘေးတွေကိုဖိတ်ခေါ်ဖို့အချိန်မဟုတ်ဘူးလား သက်တမ်းကုန်ခါနီး ဘိုးဘေးတွေကို ရှေ့ထွက်လာခိုင်းရမယ့် အချိန်ကိုရောက်နေပြီ”