အခန်း (၂၄၁)
Vol. 23 Ch. 241
အပိုင်း(၂၄၁)
မိစ္ဆာများ၏တာ၀န်
မိစ္ဆာများရုတ်တရက် သဘောတူလိုက်တာကိုတွေ့လိုက်ရသောအခါ ကျန်းယန် ကြက်သေသေသွားခဲ့သည်။
သူ့နှလုံးသားထဲပင် အေးစက်စက်ခံစားလိုက်ရ၏။ ထိုမိစ္ဆာများသည် တကယ်ကြီး အပြင်ထွက်လာပြီး သူ့ကိုရိုက်ချင်နေခြင်းပေလော။
“ဘဘောတူလိုက်ပြီလား ဘာအခြေအနေတွေရှိတာလဲ” ကျန်းယန် သတိထား၍ မေးလိုက်၏။
သွေးအရိပ်မိစ္ဆာအေးစက်စက်ပြောလိုက်သည်။
“မင်းက အပြင်ထွက်လာပြီး မင်းနဲ့တိုက်ခိုက်ဖို့ ပြောထားတယ်မလား မင်းကိုသတ်ဖို့က မဖြစ်နိုင်ပေမယ့် မင်းကိုရိုက်နှက်ဖို့လောက်ကတော့ ပြဿနာမဟုတ်ဘူး”
“ဒီ….”
“ဒါမှမဟုတ် မင်းသဘောတူရမှာ ကြောက်နေတာလား” သွေးအရိပ်မိစ္ဆာ လှောင်ရယ်လိုက်၏။
“မင်းက ခုနကတော့ ငါတို့ကိုဆဲဆိုနေပြီး အခုမှရုတ်တရက်ကြောက်သွားတာလား”
ကျန်းယန် အံကိုကြိတ်လိုက်သည်။
“ကျွန်တော်သဘောတူတယ် ဒါပေမယ့် ကျွန်တော်လည်းပြန်တိုက်ခိုက်မှာနော်”
မိစ္ဆာများအားလုံး လှောင်ပြောင်လိုက်ကြ၏။
ပြန်တိုက်ခိုက်မှာတဲ့လား မင်းက ငါတို့ကိုတကယ်ကြီး ယုန်တွေလို့ ထင်နေတာလား
“ဒုတိယအခြေအနေက မင်းက ငါတို့နာမည်အရင်းတွေကို ထိန်းချုပ်ထားရင်တောင် ငါတို့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာကိုမှ ခိုင်းလို့မရဘူး” သွေးအရိပ်မိစ္ဆာ ဆက်ပြောလိုက်သည်။
ကျန်းယန် အမြန်ပြုံးပြလိုက်၏။
“စီနီယာတို့ စိတ်ချပါ ကျွန်တော်က စီနီယာတို့တစ်ယောက်ချင်းစီတိုင်းကို လေးစားပြီးသားပါ”
မိစ္ဆာများကျန်းယန်၏ နှိမ့်ချနေဟန်ပေါ်သော အပြုံးကိုကြည့်ပြီး ကြိတ်၍ လှောင်ရယ်လိုက်ကြသည်။
သူသည် ခုနကပင် သူတို့ကိုအားရပါးရဆဲဆိုခဲ့သူဖြစ်ပြီး အခုတော့ ချက်ချင်းကြီး လေးစားသည် ဖြစ်သွားပြန်၏။
ထိုကောင့်မျက်နှာပြောင်ပုံက သူတို့ထက်ပင် မိစ္ဆာနှင့်ပိုတူနေသေးသည်။
“တတိယအခြေအနေကတော့ ငါတို့ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ကို သွားကြည့်ချင်တယ် မင်းတို့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်လို့ခေါ်တဲ့နေရာပေါ့” သွေးအရိပ်မိစ္ဆာဆက်ပြောလိုက်၏။
ကျန်းယန်ခေါင်းယမ်းကာ လေးလေးနက်နက်ပြောလိုက်သည်။
“အဲ့ဒီနေရာကို အခု၀င်လို့မရဘူး ကျွန်တော်က မသွားစေချင်တာမဟုတ်ဘူး ဂိုဏ်းကြီးတွေက အဲ့ဒီနေရာကို စည်းတွေချပြီး တင်းတင်းကြပ်ကြပ်ပိတ်ထားတာ အဲ့ဒီစည်းတွေရဲ့ အင်အားက ဒီ၀င်္ကပါထက် အားမနည်းဘူး အားနည်းရင်တောင် အများကြီးကွာနေမှာမဟုတ်ဘူး
ဒါပေါ့ ကျွန်တော်တစ်ခုတော့ ကတိပေးနိုင်တယ် အချိန်ကိုက်ဖြစ်သွားရင်တော့ ကျွန်တော်စီနီယာတို့ကို ခေါ်သွားပေးနိုင်တယ်
အရိုးသားဆုံးပြောရရင် ကျွန်တော်ကလည်း ငယ်ပါသေးတယ် အဲ့ဒီနေရာကိုနောက်တစ်ခေါက်လောက်တော့ ကိုယ်တိုင်၀င်ကြည့်ချင်သေးတယ်”
သူသည် အသက်၂၀သာရှိသေးခြင်းဖြစ်ပြီး ထိုနေရာကို၀င်ဖို့ သူ့တွင် နှစ် ၂၀စာလောက် အခွင့်အရေးကျန်ရှိနေသေးသည်။
ကံဆိုးစွာဖြင့် ထိုနေရာကို ဂိုဏ်းကြီးများက တင်းတင်းကြပ်ကြပ် ချိတ်ပိတ်ထားခဲ့ပြီး ၀င်ဖို့မလွယ်ခဲ့ပေ။
သွေးအရိပ်မိစ္ဆာအေးစက်စက်ပြောလိုက်၏။
“ဒါဆို နှစ်၂၀အတွင်း မင်းငါတို့ကို ကျိန်းသေပေါက် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆီ ခေါ်သွားပေးရမယ် တကယ်လို့ မင်းသဘောမတူခဲ့ဘူးဆိုရင် ငါတို့နာမည်အရင်းတွေကို မင်းကိုပေးထားရင်တောင် ငါတို့မှာမင်းကိုကလဲ့စားချေဖို့ နည်းလမ်းတွေ အများကြီး ကျန်နေသေးတယ်”
“ပြဿနာမရှိပါဘူး” ကျန်းယန် တုန့်ဆိုင်းခြင်းမရှိ သဘောတူလိုက်လေသည်။
သူ့အတွက်က နောင်ခါလာ နောင်ခါဈေးပင်။ လက်ရှိ သူလိုအပ်နေသည်က ထိုမိစ္ဆာများ ထွက်လာရန်သာ ဖြစ်၏။
“ကောင်းပြီ မင်းသွားလို့ရပြီ” သွေးအရိပ်မိစ္ဆာ ပြောလိုက်သည်။
“ငါတို့ အရင်ဆုံး ဘယ်သူထွက်မလဲဆိုတာ ဆွေးနွေးဖို့လိုသေးတယ်”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး လှည့်ထွက်လာခဲ့၏။
သူသလင်းနံရံနှင့်ခပ်လှမ်းလှမ်းဆီရောက်သောအခါ ရုတ်တရက် ချင်းယွင်ကျိ သူ့ဘေးတွင် ပေါ်လာခဲ့ပြီး သူ့ကိုထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။
မိစ္ဆာများကို ထွက်လာပြီးတိုက်ခိုက်အောင် ဆဲဆိုနိုင်ဖို့ဆိုတာ လွယ်ကူသောအရာမဟုတ်ပေ။
“ဆရာ သူတို့သဘောတူလိုက်ပြီ ကျွန်တော်တို့ သူတို့ကိုဘယ်လိုလွှတ်ပေးကြမလဲ” ကျန်းယန် အမြန်မေးလိုက်၏။
“ငါတို့ဂရုစိုက်ရမယ် မိစ္ဆာတွေကို လက်လွှတ်စပယ် လွှတ်ပေးလိုက်လို့တော့ မဖြစ်ဘူး”
ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ပြီး သူ့အမူအရာက တည်ကြည်နေခဲ့သည်။
သူလည်းထိုကိစ္စကိုစိတ်ပူနေခဲ့ခြင်း ဖြစ်၏။
တခဏတွေးတောပြီးနောက် ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်လေသည်။
“ငါတို့အားလုံး ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာရမယ် ဒါပေမယ့် သူတို့နာမည်တွေနဲ့ ပတ်သက်ပြီး ပြဿနာမရှ်ိဘူးဆိုတာ မင်းသေချာတယ်မလား”
ကျန်းယန် ပြုံးလိုက်၏။
“ဆရာ ဒါက နက်နဲလွန်းတဲ့ မိစ္ဆာလမ်းစဉ်ရဲ့ အမွေဆက်ခံခြင်းပါ ပြီးတော့ သူတို့နာမည်အရင်းတွေနဲ့ ချည်နှောင်ဖို့ဆိုတာ အဲ့လောက်တော့ မရိုးရှင်းဘူး သူတို့နာမည်အရင်းတွေကို သိရပြီး ကျွန်တော်လည်း ပြင်ဆင်တာပြီးသွားရင်အဲ့ဒီအခါမှ ဆရာ ကိုယ့်ဖာသာ ဆုံးဖြတ်ကြည့်”
“ကောင်းပြီ” ချင်းယွင်ကျိ သဘောတူလိုက်လေသည်။
သလင်းကျောက်နံရံထဲတွင် မိစ္ဆာများ ခါးသက်သက်ပြုံးကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“ဘယ်လိုဖြစ်ပြီး ငါတို့အသက်ကို ခြိမ်းခြောက်နိုင်တဲ့အရာကို သူ့လက်ထဲထည့်ပေးပြီး သူတို့နဲ့ ပူးပေါင်းရမှာလဲ” မိစ္ဆာတစ်ကောင် ခေါင်းယမ်း၍ ပြောလိုက်သည်။
“ပူးပေါင်းဖို့ မလိုပါဘူး ငါတို့ကိုခြိမ်းခြောက်ရမယ့်နေရာရောက်ရင် အဲ့ဒီကလေးက လုပ်မှာမဟုတ်တာ သေချာတယ် သူက ကြည့်ရင်း ကြည့်ရင်းကို မိစ္ဆာနဲ့ပိုပိုတူလာလေလေပဲ မှားစရာမရှိဘူး”
“ငါ့ဘ၀မှာ တစ်ခါမှ အခုလို မဆဲခံခဲ့ရဖူးဘူး ငါတကယ်ကြီး သူ့ကိုအခုချက်ချင်းကို သတ်ပစ်ချင်တယ်” မိစ္ဆာတစ်ကောင် ဒေါသတကြီး ပြောလိုက်၏။
“ သူက မိစ္ဆာအရှင်ကိုတောင် စော်ကားခဲ့တယ်” နောက်ထပ်မိစ္ဆာတစ်ကောင်လည်း ဒေါသတကြီး ပြောလိုက်ပြန်သည်။
“တကယ်လို့ မိစ္ဆာအရှင်သာသိသွားရင် သူ့ကို မိစ္ဆာအကျဉ်းထောင်ထဲ ထည့်ချုပ်ထားလိုက်မှာပဲ”
အခြားမိစ္ဆာတစ်ကောင်ရယ်မောကာ ပြောလိုက်၏။
“တကယ်လို့ မိစ္ဆာအရှင်သာသိသွားရင် သူ့ကိုသဘောတောင် ကျရင် ကျနေဦးမယ် ကောင်းပြီ အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ အခု ငါတို့ထဲကဘယ်သူအရင်ဆုံးထွက်သင့်လဲ တိုင်ပင်ကြမယ်”
ထိုအခိုက်တွင် မိစ္ဆာအားလုံးတိတ်ဆိတ်သွားခဲ့ကြသည်။
အပြင်ဘက်တွင် ရှိသည့် အန္တရာယ်က မသေးလှပေ။
ထို့အပြင် သူတို့ခန့်မှန်းမထားသည့်အရာများလည်း ရှိနေနိုင်သေး၏။
ဒါပေါ့ အပြင်တွင် အခွင့်အရေးရော အန္တရာယ်ပါ ဒွန်တွဲ၍ ရှိနေခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာတစ်ကောင် မိစ္ဆာများထဲမှတစ်ယောက်ကို လှည့်ကြည့်၍ ပြောလိုက်၏။
“ဂူဒူအာ မင်းကဉာဏ်ကောင်းတဲ့ကောင်ပဲ သူတို့ဘာလုပ်ချင်နေတာလို့ မင်းထင်လဲ”
ဂူဒူအာ အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“အရင်ဆုံး သူတို့ဘာလို့ငါတို့ကိုလွှတ်ပေးချင်လဲဆိုတာကို တွေးကြည့်ကြရအောင်
ပထမဆုံးဖြစ်နိုင်ချေကတော့ ငါတို့ကိုမျှားခေါ်ထုတ်ပြီး သတ်ဖို့ပဲ သူတို့ကို ငါတို့နာမည်အရင်းတွေကို လှည့်ကွက်သုံးပြီး ယူပြီးတော့ နောက်ဆုံးမှာ ငါတို့ကို ဖျက်ဆီးပစ်မှာ ဒါပေမယ့် ငါတို့မှာ ၁၇ ယောက်ရှိတာကို သူတို့က အကုန်လိုချင်မနေဘူး အဲ့တော့ အဲ့ဒီအကြောင်းပြချက်က မဖြစ်နိုင်တော့ဘူး တကယ်လို့ သူတို့သာ လူနည်းနည်းလေးခေါ်ထုတ်ပြီး သတ်ပစ်ချင်တာဆိုရင် သူတို့ငါတို့ယုံကြည်မှုကို တစ်သက်လုံး ပြန်ရမှာမဟုတ်တော့ဘူး အဲ့တာကြောင့် ဒါကတော့ မဖြစ်နိုင်ဘူး
နောက်တစ်ချက်က သူတို့ထဲက တစ်ယောက်က ငါတို့ထဲကတစ်ယောက်ဖြစ်နေတယ် သူကဒါမျိုးလုပ်ရပ်လုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်
ဒါဆို ဒုတိယဖြစ်နိုင်ချေပဲ ကျန်တော့တယ်
သူတို့က ပြဿနာနဲ့ကြုံတွေ့နေရပြီး ငါတို့ အကူအညီကို လိုအပ်နေတာပဲ”
“ငါတို့ အကူအညီလိုအပ်တာလား” မိစ္ဆာတစ်ကောင်ထူးဆန်းစွာ ပြောလိုက်သည်။
“ဘာလို့ငါတို့အကူအညီကိုလိုအပ်တာလဲ သူတို့က ငါတို့ကိုတကယ်ကြီးလွှတ်ပေးချင်တာ မဟုတ်ဘူးလား”
“ဦးနှောက်မရှိတဲ့ကောင်တွေ ငြိမ်ငြိမ်နေ” ဂူဒူအာ ထိုမိစ္ဆာကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်၏။
“အဲ့ဒီကလေးကြီးတောင် ခွင့်ပြုထားရတာဆိုရင် ဒီပြဿနာက သူတောင်မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ သေချာတယ် မဟုတ်ရင် သူငါတို့ကိုလွှတ်ပေးဖို့ ဘယ်လိုမှ သဘောတူမှာမဟုတ်ဘူး
အဲ့ဒီကလေးကြီးက ငါတို့အပေါ် အရမ်းမုန်းတီးနေတာ သူ့အမုန်းတရားကို ဘေးချိတ်ထားရလောက်အောင် အရေးကြီးတဲ့ကိစ္စက သူတစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်နိုင်တော့ဘူး ဂိုဏ်းတစ်ခုလုံးရဲ့ သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကိစ္စမျိုးပဲ ဖြစ်ရမယ်
အဲ့ဒီကိစ္စက ငါတို့မျိုးနွယ်စုက ကလေးရဲ့ သေခြင်းရှင်ခြင်းနဲ့လည်း သက်ဆိုင်နေတယ်
မိစ္ဆာအရှင်က စွမ်းအားအများကြီးသုံးပြီး သူ့ကိုဒီပို့လိုက်တာ အလကားသက်သက်တော့ မဖြစ်နိုင်ဘူး သူ့မှာတာ၀န်ကြီးတစ်ခုရှိရမယ် အဲ့ဒီကလေးက သူ့တာ၀န်ကိုအခုထိ မသိသေးတာပဲ
ဒီလိုဆိုမှတော့ ငါတို့သူ့လုံခြုံရေးကို တာ၀န်ယူပေးရလိမ့်မယ်
အဲ့တာကြောင့် ဒီတစ်ခေါက် ငါတို့အပြင်ကိုလွှတ်ရမယ့်သူက တိုက်ခိုက်ရေးစွမ်းရည်ကောင်းတဲ့ သူမျိုးပဲ ဖြစ်ရမယ်
ပြီးတော့ အဲ့ဒီကလေးနဲ့ဆက်ဆံရင်း ငါတို့ရည်ရွယ်ချက်တွေပေါ်မသွားအောင် အဲ့ဒီလူက အကင်းပါးတဲ့သူလည်း ဖြစ်ရမယ်
နောက်ပြီး ငါတို့ဒီအခွင့်အရေးကိုအသုံးချပြီး အပြင်လောကရဲ့ သတင်းအချက်အလက်တွေကို ရသလောက် စုဆောင်းထားရမယ်
နှစ်တစ်ထောင်ကြာသွားပြီဆိုတော့ ငါတို့အပြင်လောကအကြောင်း ဘာမှသတင်းမရတော့ဘူး အဲ့ဒီတုန်းက ငါတို့ရောက်ရောက်ချင်း အကျဉ်းချခံခဲ့ရတာ ဒီနေရာအကြောင်းတောင် ကောင်းကောင်းမသိခဲ့ရဘူး ဆိုတော့ ဘယ်သူပဲအပြင်ထွက်ထွက် ဒီတာ၀န်တွေကိုတော့ ယူရလိမ့်မယ်”
သူတို့သည် သဘောတူလိုက်သော်လည်း အလွယ်တကူ သဘောတူလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။
ကျန်းယန် သူတို့ကိုဆဲဆိုမှုကြောင့် သူတို့ဒေါသထွက်သွားသော်လည်း သူတို့ တာ၀န်များကိုတော့ မေ့မသွားခဲ့ပေ။
သူတို့လက်ခံလိုက်ရသည့် အကြောင်းအရင်းမှာ မိစ္ဆာအရှင် သူတို့ကိုဤနေရာသို့ အစွမ်းကုန်သုံးပြီးပို့ပေးခဲ့သည်မှာ ဤနေရာတွင် အကျဉ်းချခံထားဖို့ မဟုတ်ဘူးဟု နားလည်သွား၍သာ ဖြစ်သည်။
သူတို့သည် နှစ်တစ်ထောင်လုံးလုံး တာ၀န်နှင့်ပတ်သက်ပြီး ဘာမှမလုပ်ဆောင်နိုင်ခဲ့လေရာ မိစ္ဆာအရှင်လည်း စိတ်ရှည်တော့မည် မဟုတ်ပေ။
မဟုတ်လျှင် အဘယ်ကြောင့် ဤကလေးကို ပို့လိုက်ပါမည်နည်း။
ဂူဒူရာ အခြားမိစ္ဆာများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“ငါပြောတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့သူ ရှေ့ထွက်လာခဲ့ပါ”
ပြောပြီးသည်နှင့် သူကိုယ်တိုင် ရှေ့ထွက်လာခဲ့လေသည်။