← Chapters

အခန်း (၂၃၈)

Vol. 23 Ch. 238

အခန်း (၂၃၈)

Vol. 23 Ch. 238

အပိုင်း(၂၃၈)

စီနီယာအစ်ကိုကြီး၏စစ်မှန်သော စကားလုံးများ

အဇူရာတိမ်မောင်နှမ ၆ ဖော် မိန့်ခွန်းပြောနေသောချင်းယွင်ကျိကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ဘယ်အချိန်တုန်းက သူတို့စီနီယာအစ်ကိုကြီးသည် အခုလို ဖြစ်သွားပါသနည်း။

သူ့မိန့်ခွန်း‌က အတော်လေး စိတ်ခံစားချက်ကိုအသားပေးသောမိန့်ခွန်းမျိုး ဖြစ်နေခဲ့သည်။

ဤအရာက တကယ်ကြီး သူတို့စီနီယာအစ်ကိုကြီး၏ပုံစံပါလော။

သူတို့အစ်ကိုကြီး-အရင်ကပုံစံနှင့်အခုပုံစံကိုယှဉ်တွေးကြည့်မိသောအခါ သူတို့ ကြက်သီးမွှေးညှင်းများ ထကုန်ကြ၏။

“ကောင်စုတ်လေး မင်းဆရာကိုဒီလိုကြီးလုပ်လိုက်တာက နည်းနည်းတော့ မှားနေတာမဟုတ်ဘူးလား” ဟွာလင်းကျိ ကျန်းယန်ကိုနတ်အာရုံသုံး၍ ဆက်သွယ်ကာ ပြောလိုက်သည်။

“ဆရာဦးလေး ဆရာဦးလေးတစ်ခုခုကိုနားမလည်ရင် သင်ယူဖို့ပဲ ကြိုးစားစမ်းပါ ဘေးက လျှောက်ပြောနေတာက လူရယ်စရာဖြစ်တယ်” ကျန်းယန် ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ဘာလို့ ဆရာကိုစိတ်‌ပူနေမှာလဲ အခုမှဂိုဏ်းကို၀င်လာတဲ့ဂိုဏ်းသားတွေကို တစ်ချက်ကြည့်ကြည့် မိန့်ခွန်းကဘယ်လောက်အစွမ်းထက်လိုက်သလဲ”

ဟွာလင်းကျိ သောင်းချီသောတပည့်များကိုလှည့်ကြည့်လိုက်သောအခါတွင်တော့ ဆွံ့အသွားခဲ့ရလေသည်။

ဟုတ်တယ်ဟ…အကျိုးသက်ရောက်မှုက အံ့မခန်းပဲ

ထိုလူစုသည် တူညီသောရန်သူအပေါ်တူညီသောအမုန်းတရားများ ရှိသွားသောကြောင့် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် စည်းလုံးသွားခဲ့ကြ၏။

အထူးသဖြင့် ချင်းယွင်ကျိက ဂိုဏ်းကြီးများကြောင့် အဇူရာတိမ်ဂိုဏ်း ကျဆင်းသွားခဲ့ရကြောင်းပြောသောအခါ ထိုလူအုပ်ကြီးသည် အခုချက်ချင်းထခုန်ပြီးပင် ထိုဂိုဏ်းကြီးများကို တိုက်ခိုက်တော့မတတ် ဖြစ်သွားခဲ့သည်။

ထိုရလဒ်ကို ဘယ်သူက မကောင်းဘူးဟု ပြောနိုင်ပါဦးမည်နည်း။

ဟွာလင်းကျိ ခါးသက်သက်ပြုံးလိုက်ကာ

“စီနီယာအစ်ကိုကြီးက တကယ်ကြီး…မင်းလုပ်ခိုင်းတဲ့အဓိပ္ပာယ်မရှ်ိတာတွေကို လုပ်နေတာပဲ”

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ဆရာကိုယ်တိုင်ပဲ ပြောခဲ့တာလေ ကျွန်တော်သော ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကနေ ပထမနေရာကိုယူပြီး ထွက်လာနိုင်ခဲ့ရင် ဆရာအပါအ၀င် ဆရာဦးလေးတို့အားလုံး ကျွန်တော်ပြောတာ နားထောင်မယ်တဲ့

အခုကျွန်တော်က မိန့်ခွန်းလေးပဲ ဖတ်ပြခိုင်းတာပါ ဆရာ့ကို အသက်အန္တရာယ်ရှိတဲ့အထိ စွန့်စားခိုင်းနေတာမှမဟုတ်ဘဲ ဘာမလုပ်ချင်စရာရှိမှာလဲ

ပြီးတော့ ဘာအဓိပ္ပာယ်မရှိတာကမှာလဲ

ဒါက ဒီတပည့်သောင်းချီရဲ့ အဇူရာတိမ်ဂိုဏ်းအပေါ် ပထမဆုံးဖြစ်ပေါ်လာမယ့် အမြင်ဆိုလည်းဟုတ်တယ် ဒီကိစ္စကို ပေါ့ပေါ့တန်တန်ကိုင်တွယ်လို့ မရဘူး”

ဟွာလင်းကျိ နှလုံးသားထဲတွင်အေးစက်သွားခဲ့ရသည်။

စီနီယာအစ်ကိုကြီးက တကယ်ကြီး ကျွန်တော်တို့အားလုံး ဒီကလေးပြောတာမှန်သမျှနားထောင်မယ်လို့ ပြောခဲ့တာလား ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညှာတာပါဦးလားဗျာ

အချိန်အချို့ကြာပြီးနောက် ချင်းယွင်ကျိ၏မိန့်ခွန်းက ပြီးဆုံးသွားခဲ့၏။

ထိုအခါမှသာ သူသက်ပြင်းရှည်ကြီးတစ်ခု ချလိုက်နိုင်ခဲ့သည်။

နောက်ဆုံးတော့ သူပြီးခဲ့လေပြီ။

ကျန်းယန် အချိန်ကိုက်သူ့ဘေးတွင်ပေါ်လာခဲ့ပြီး သူ့အမူအရာက လေးနက်နေခဲ့၏။

“အားလုံးပဲ ဂိုဏ်းချုပ်ရဲ့ မိန့်ခွန်းကိုကြားလိုက်ကြမှာပါ ငါတို့အားလုံးကို ‌အေးအေးချမ်းချမ်းမနေစေချင်တဲ့ လူအချို့ အပြင်ဘက်မှာရှိနေတယ် အဲ့ဒီကိစ္စကို မင်းတို့ကသဘောတူပြီး ငြိမ်ခံနေမှာလား”

“ကျွန်တော်တို့ သဘောမတူဘူး”

“သူတို့က ငါတို့ကို မဖွံ့ဖြိုးမတိုးတက်စေချင်ကြဘူး အဲ့တာကိုရော သဘောတူလား”

“သဘောမတူပါဘူး”

“ဒါဆို ငါတို့ဘာလုပ်သင့်လဲ” ကျန်းယန် အသံကို မြှင့်လိုက်သည်။

“သူတို့ကို တိုက်ခိုက်မယ်”

“သူတို့ကို ချေမွပစ်မယ်”

“သူတို့အားလုံးကို သတ်ပစ်မယ်”

“သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်”

သောင်းချီသော တပည့်များ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကြ‌၏။

ဘေးတွင်ရပ်ကြည့်နေသော စန်းစုန့်၏နှလုံးသားထဲတွင် အေးစက်စက်အကြောက်တရားတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

အစွန်းရောက်နေသော လူတစ်စု

ကံကောင်းသည်မှာ ထိုလူစုက အခြေခံတည်ဆောက်ခြင်းများသာဖြစ်နေပြီး ခြိမ်းခြောက်မှုသိပ်မရှိသေး၍သာ တော်သေး၏။

အကယ်၍ ထိုလူများကသာ ဝိညာဉ်အခြေတည်အဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့်များဖြစ်နေရင် သူအမှန်တကယ် ကြောက်ရွံ့နေရပေလိမ့်မည်။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်အတွက်ပင်လျှင် များစွာသာ ဝိညာဉ်အခြေတည်အဆင့်များနှင့် ရင်ဆိုင်ရရာတွင် သတိထားရမည် ဖြစ်သည်။

အကယ်၍ နတ်ဝိညာဉ်အဆင့်များဆိုလျှင်တော့…သူ့အသက်အန္တရာယ်ကိုပင် စိုးရိမ်ရနိုင်၏။

တကယ်တော့ နတ်ဝိညာဉ်အဆင့်သောင်းချီကိုထားပြီး နတ်ဝိညာဉ်အဆင့်အနည်းငယ်ဆိုလျှင်ပင် သူမြင်မြင်ချင်း ထွက်းပြေးမည် ဖြစ်သည်။

ကျန်းယန်ပင်အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားခဲ့၏။

ယခုအခါ သူသည်အစွန်းရောက်နေသောလူတစ်စုကို ပျိုးထောင်ပေးပြီးပြီဖြစ်လေရာ သူ့အစီအစဉ်ကိုအကောင်အထည် ဖော်ရပေတော့မည်။

ပွက်လောရိုက်နေသော လူအုပ်ကြီးကို တိတ်ဆိတ်သွားအောင် အချက်ပြလိုက်ပြီးနောက် ကျန်းယန် ဆက်ပြောလိုက်သည်။

“အဲ့ဒီဂိုဏ်းတွေကို အနိုင်ယူဖို့ပဲဖြစ်ဖြစ် ရန်သူတွေကိုသတ်ဖြတ်ဖို့ပဲဖြစ်ဖြစ် ငါတို့မှာ ခွန်အားရှိနေဖို့လိုတယ်

အဲ့တော့ မနက်ဖြန်ကစပြီး မင်းတို့တစ်ယောက်ချင်းစီတိုင်းက ဂိုဏ်းရဲ့သင်ကြားမှုတွေကို လေးလေးနက်နက်နားထောင်ပြီး မင်းတို့ကျင့်ကြံခြင်းတိုးမြင့်လာဖို့ အစွမ်းကုန်ကြိုးစားရမယ်”

“အခုတော့ အကြီးအကဲတွေကိုလေးလေးစားစားနှုတ်ဆက်လိုက်ကြရအောင် ဒါမှ သူတို့ နောက်နေ့တွေအတွက် သင်ခန်းစာတွေကောင်းကောင်းပြင်ပေးထားနိုင်မှာ”

ဤနေရာက ထွက်သွားချင်နေတာကြာပြီဖြစ်သော အကြီးအကဲများလည်း လူအုပ်ကြီးကို တလေးတစားပြန်နှုတ်ဆက်လိုက်ကာ အလျင်အမြန်ထွက်ခွာသွားခဲ့ကြသည်။

သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံခြင်းကို ကျင့်သားရနေကြသူများ ဖြစ်လေရာ အခုလိုဆူညံမှုမျိုးနှင့် ရင်ဆိုင်ရရာတွင် မသက်မသာဖြစ်နေခဲ့၏။

“စီနီယာအစ်ကိုကြီး ကျန်းယန်ကပြောတယ် ကျွန်တော်တို့အားလုံး သူ့စကားကိုနားထောင်ရမယ်လို့ စီနီယာအစ်ကိုကြီးကပြောထားတယ်ဆို အဲ့တာအမှန်မဟုတ်ဘူးမလား” ဟွာလင်းကျိ ချင်းယွင်ကျိကို အမြန်မေးလိုက်သည်။

ချင်းယွင်ကျိမျက်ခုံးများအနည်းငယ်တွန့်ကွေးသွားကာ

“ငါ့ကိုယ်ငါဥပမာထားပြီး လုပ်ပြထားတာကို မမြင်ဘူးလား သူကအခုမဟာကံကြမ္မာကိုပိုင်ဆိုင်ထားတယ် ငါတို့မှာမရှ်ိတဲ့ အရည်အချင်းတွေလည်း သူ့မှာရှိတယ် ဒီလိုဆိုမှတော့ သူ့ကိုကူညီပြီး သူပြောတာနားထောင်တာ ဘာများနေလို့လဲ”

စန်းစုန့်ခါးသက်သက်ပြုံးလိုက်ကာ

“သင်ခန်းစာတွေပို့ချဝာာက အဆင်ပြေပါတယ်…မိန့်ခွန်းပြောရတာကတော့…အဲ့တာကြီးက‌တကယ်ကြီး ကျွန်တော်တို့တတ်နိုင်တာရဲ့အလွန်မှာ ရှိနေတယ်”

ချင်းယွင်ကျိ ချောင်းနှစ်ချက်ဟန့်လိုက်ကာ

“အနာဂတ်မှာ မိန့်ခွန်းပြောစရာကိစ္စတွေရှိလာရင် မင်းတို့အတွက် မိန့်ခွန်းကို ကျန်းယန်ကိုသာပြင်ခိုင်းလိုက်”

သူသည်တစ်ခါခံစားရပြီးပြီဖြစ်သောကြောင့် နောက်တစ်ခါကတော့ သူ့အလှည့်ဖြစ်လာ၍ မရတော့ပေ။

သူတို့အားလုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီး လူအုပ်ကြီးရှေ့တွင် ခြေချောင်းများပါကုပ်ထားရမည့် အူကြောင်ကြောင်မြင်ကွင်းကို မြင်ယောင်မိနေကြလေတော့သည်။

စန်းစုန့်သက်ပြင်းချလိုက်ပြီးနောက် လေးလေးနက်နက်မေးလိုက်၏။

“ဂိုဏ်းချုပ် ကျန်းယန်ကဒီလူအုပ်ကိုဦးဆောင်ပြီး အတော်ကြီးရက်စက်တာတစ်ခုခုကိုလုပ်မှာတော့ မဟုတ်ဘူးမလား”

“မင်းကိုယ်တိုင်သာကြည့်လိုက်” ချင်းယွင်ကျိ မော့ငေါ့ပြကာ ပြောလိုက်သည်။

စန်းစုန့် နတ်အာရုံကိုဖြန့်ကာ ကွင်းပြင်ကို ကြည့်လိုက်၏။

ထိုအခိုက်တွင် ကျန်းယန်သည် လူအုပ်ကြီးကိုကြည့်ပြီး လေးလေးနက်နက်ပြောနေခဲ့သည်။

“အခုမင်းတို့အားလုံးက အဇူရာတိမ်ဂိုဏ်းသားတွေဖြစ်နေပြီဆိုတော့ အခုကစပြီး ဂိုဏ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာရမယ် ပြီးရင် ငါမင်းတို့ကို အဇူရာတိမ်ဂိုဏ်းရဲ့ စည်းကမ်းတွေအကြောင်းလေ့လာဖို့ ခေါ်သွားပေးမယ်”

“ငါတို့က ကျင့်ကြံသူတွေ ဓားပြတွေမဟုတ်ဘူး လူသတ်သမားတွေမဟုတ်ဘူး ရွံစရာကောင်းတဲ့ကောင်တွေလည်းမဟုတ်ဘူး ငါတို့သတ်ဖြတ်ချင်သတ်ဖြတ်မယ် ဒါပေမယ့် ငါတို့သတ်ဖြတ်မှုက သတ်ဖြတ်လိုစိတ်ရဲ့ အလိုကိုလိုက်ပြီး သတ်ဖြတ်တာမျိုးတော့ မဟုတ်ရဘူး ငါတို့ ဂိုဏ်းတွေ နိုင်ငံတွေ ဒါမှမဟုတ် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးကောင်း ဖျက်ဆီးရလိမ့်မယ် ဒါပေမယ့် ငါတို့ရဲ့ဖျက်ဆီးမှုက ဖျက်ဆီးချင်စိတ်ကြောင့်တော့ မဟုတ်ရဘူး”

ကျန်းယန် ဂိုဏ်းစည်းမျဉ်းများအကြောင်းရှင်းပြလိုက်ပြီးနောက် ဆိုလိုရင်းကိုသွားလိုက်၏။

သူလူအုပ်ကြီးကိုတစ်ချက်ဝေ့၍ ကြည့်လိုက်ပြီးနောက် သူ့အကြည့်က မှတ်စုစာအုပ်ထဲတွင် တစ်ခုခုရေးမှတ်နေသော ကျန်းချန်းရှန်ဆီ ရောက်ရှိသွားခဲ့သည်။

“မင်းဘာတွေရေးနေတာလဲ” ကျန်းယန် မေးလိုက်၏။

ကျန်းချန်းရှန် အမြန်‌ပြန်ဖြေလိုက်သည်။

“ကျွန်တော်စီနီယာအစ်ကိုကြီးပြောတာတွေကို ရေးမှတ်နေတာပါ စီနီယာအစ်ကိုကြီး”

“အို့ ငါ့ကိုပြပါဦး”

ကျန်းယန် စာအုပ်ကိုယူကာ လှန်ကြည့်လိုက်၏။

ထိုစာအုပ်သည် ‌သူပြောထားသောစကားများကိုပြန်ရေးထားခြင်းသာ ဖြစ်မှန်း သူမြင်လိုက်ရသည်။

သူပထမစာမျက်နှာကိုပြန်လှန်လိုက်သောအခါတွင်တော့ စာလုံးမဲကြီးများဖြင့် ပြူးနေအောင်ရေးထားသော ခေါင်းစဉ်ကို တွေ့လိုက်ရ၏။

စီနီယာအစ်ကိုကြီး၏ စစ်မှန်သောစကားလုံးများ

ကျန်းယန်ဆွံ့အသွားခဲ့သည်။

ငါ့ဖင်ကြီးကို စစ်မှန်သောစကားလုံးများလား ဒါကြီးကဘာကြီးလဲဟ

သူဆက်လှန်လိုက်ရာ နောက်တစ်ရွက်ကို တွေ့လိုက်ရ၏။

စီနီယာအစ်ကိုကြီးက ပြောခဲ့တယ် မင်းသာအနောက်မှာကျန်ခဲ့ရင် မင်းကအရိုက်ခံရမှာပဲ အဲ့တာကြောင့် မင်းခွန်အားကိုတိုးတက်စေဖို့ ကြိုးကိုကြိုးစားရမယ်

စီနီယာအစ်ကိုကြီးကပြောခဲ့တယ် ငါတို့ဂိုဏ်းကိုကျူးကျော်ရဲတဲ့သူမှန်သမျှကို ရှင်းကိုရှင်းပစ်ရမယ်

စီနီယာအစ်ကိုကြီးကပြောခဲ့တယ် ခွန်အားနဲ့မသိမ်းပိုက်နိုင်တဲ့အရာကို စားပွဲပေါ်မှာ ညှိနှိုင်းပြီးလည်း သိမ်းပိုက်နိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် စားပွဲပေါ်မှာညှိနှိုင်းချင်ရင်တောင် မင်းလိုချင်တာကို ခွန်အားနဲ့သိမ်းပိုက်နိုင်အောင်တော့ ကြိုးစားထားရမယ်

စီနီယာအစ်ကိုကြီးကပြောခဲ့တယ် အမှန်တရားဆိုတာ ငါတို့ရောက်ရှိနိုင်တဲ့ တာအိုနဲ့နည်းစနစ်တွေရဲ့ဘောင်ထဲမှာပဲ တည်ရှိတယ်

စီနီယာအစ်ကိုကြီးကပြောခဲ့တယ် အရာအားလုံးကို ဂရုတစိုက်သတိထားပြီးဆောင်ရွက်ရမယ် တကယ်လို့ မင်းမွန်းတည့်ချိန်မှာ ဂရုမစိုက်ဘဲ ‌လုပ်ခဲ့မိရင် ညဉ့်သန်းခေါင်ရောက်တဲ့အခါ တစ်ခုခုကတော့ ထမှားမှာပဲ

…..

စီနီယာအစ်ကိုကြီးကပြောခဲ့တယ် ငါတို့ကျင့်ကြံသူတွေ ဓားပြတွေမဟုတ်ဘူး လူသတ်သမားတွေမဟုတ်ဘူး လုံး၀ ရွံစရာကောင်တွေမဟုတ်ဘူး…

ထိုအခိုက်တွင် ကျန်းယန် သူ့ခြေချောင်းများကို ကုပ်ထားလိုက်မိသည်။

ထိုစကားများက သူပြောထားသော စကားများသာဖြစ်မှန်း သူ၀န်ခံ၏။

သို့သော် ထိုစကားများကို စာအုပ်ထဲချရေးထားပြီး စာအုပ်နာမည်ကို စီနီယာအစ်ကိုကြီး၏စစ်မှန်သောစကားလုံးများဟု ပေးထားသောအခါတွင်တော့…

ပထမဆုံးအကြိမ်အနေနှင့် ကျန်းယန် သူ့အသိစိတ်ကွဲကြေသွားသလို ခံစားလိုက်ရသည်။

သို့သော် သူဘာမှမပြောနိုင်ခဲ့ပေ။

သူတိတ်တဆိတ်သာ ကျန်းချန်းရှန်ကိုစာအုပ်ပြန်ပေးလိုက်ပြီး ခပ်အေးအေးပြောလိုက်၏။

“မင်းက သူတို့ကိုစီမံလာတာ ကြာပြီဆိုတော့ ငါမင်းတို့ကိုယုံတယ် သူတို့ကို မင်းတို့ပဲဆက်ပြီးစီစဉ်ပေးထားလိုက် ငါ၀င်မစွက်ဖက်တော့ဘူး မနက်ဖြန်မနက်ချန်နာရီမှာ ကွင်းပြင်ထဲလာပြီး သင်ခန်းစာပို့ချတာ လာနားထောင်ဖို့တော့ မမေ့နဲ့”

ပြောပြီးနောက် သူပျံသန်းထွက်ခွာသွားခဲ့လေသည်။

ကျန်းယန်ထွက်သွားသောအခါ ၀မ်ပေ့လဲ့ ကျန်းချန်းရှန်ဆီ အလျင်အမြန်ပြေးလွှားလာခဲ့၏။

“မင်းတကယ်ကြီး စီနီယာအစ်ကိုကြီးပြောထားတာတွေကို ချရေးထားတာလား ငါ့ကိုပြပါဦး”

ကျန်းချန်းရှန် မငြင်းဘဲ စာအုပ်ကိုထုတ်ပေးလိုက်သည်။

စာမျက်နှာအနည်းငယ်လှန်ပြီးသည့်နောက် ၀မ်ပေ့လဲ့ သူ့ပေါင်သူရိုက်လိုက်မိ၏။

“ငါစီနီယာအစ်ကိုကြီးပြောတဲ့ထဲက အရေးကြီးတာတစ်ခုခုကိုလွတ်သွားတယ်လို့ ခံစားမိနေတာ အံ့ဩစရာမဟုတ်တော့ဘူး အဲ့တာတွေအကုန်လုံးကို ဒီထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး ခဏနေပြီး ငါဒီစာအုပ်ကို ကူးရေးပြီး ငါ့အဖွဲ့ထဲကလူတွေအားလုံးလေ့လာဖို့ ပေးရမယ်”

လျန့်ယိလည်းရောက်ရှိလာပြီး စာအုပ်ကိုတစ်ချက်ကြည့်ပြီးနောက် အမြန်ပြောလိုက်သည်။

“ငါလည်းမိတ္တူတစ်အုပ်လိုချင်တယ်”

“ပြဿနာမရှိဘူး” ကျန်းချန်းရှန် ပြုံး၍ ပြောလိုက်၏။

“လူတိုင်းမိတ္တူကူးလို့ရတယ် ငါတို့သာ အနာဂတ်မှာစီနီယာအစ်ကိုကြီးရဲ့ စကားတွေကို သေချာလေ့လာနိုင်ခဲ့ရင် သူတို့လည်း ငါတို့ကို အတုယူလို့ရတာပေါ့”

အဇူရာ‌တိမ်တောင်ထွတ်တွင် ချင်းယွင်ကျိ ကျန်းယန်ကိုထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။

ကျန်းယန်စကားများကို ထိုအဖွဲ့က တကယ်ကြီးအတည်ယူနေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

ကျန်းယန်ကတော့ ကောင်းကင်ကိုသာတိတ်တဆိတ်စိုက်ကြည့်နေခဲ့၏။

ဘယ်လိုဖြစ်လို့ ကိစ္စတွေက ဒီလိုကြီးဖြစ်သွားရတာလဲကွာ

All Chapters