အခန်း (၅၃၀)
Vol. 43 Ch. 530
အခန်း 530
အစောင့်သည် မစောင့်ဆိုင်းတော့ဘဲ ဖရဲသီးကို ချက်ချင်းပင် လှီးဖြတ်တော့သည်။
ထို့နောက် အဖိုးကြီးလီမှ ပြောသည်။
"မင်းတို့ အရင်စားနှင့်ကြ၊ ငါ သခင်မအတွက် သစ်သီး သွားယူပေးလိုက်ဦးမယ်။ ငါ့အတွက် ဖရဲသီး နှစ်စိတ်လောက်တော့ ချန်ထားပေးဦးနော်၊ ဟုတ်ပြီလား"
"စိတ်မပူနဲ့၊ သွားပါ သွားပါ”
အစောင့်နှစ်ဦးမှာ အဖိုးကြီးလီအတွက် ချန်ထားပေးမည့်ပုံ မပေါ်ဘဲ ဖရဲသီးကို အားရပါးရ လှီးစားနေကြတော့သည်။
၎င်းကို မြင်သော် အဖိုးကြီးလီသည် သုကျွမ်းကို ဘေးသို့ ဆွဲထုတ်သွားကာ ပြောသည်။
"ဒီစပျစ်သီးအသစ်တွေက မဆိုးဘူး၊ သခင်မအတွက် နှစ်တွဲလောက် ယူသွားလိုက်ပါ"
"ဟုတ်ကဲ့"
"ငါ့နောက် လိုက်ခဲ့"
ထို့နောက် သူတို့နှစ်ဦးသည် စားပွဲနှင့် ဝေးရာ ထောင့်တစ်နေရာသို့ သွားလိုက်ကြသည်။
အစောင့်နှစ်ဦးသည် တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဖရဲသီးစားရန် အလုပ်ရှုပ်နေသဖြင့် သိပ်ပြီး အာရုံမစိုက်မိကြပါချေ။
ထိုအချိန်၌ အဖိုးကြီးလီမှ တိုးတိုးလေး မေးသည်။
"သခင်မက ဘာမှာလိုက်လဲ"
"သခင်မ... သခင်မမှာ ကိုယ်ဝန်ရှိနေပြီ"
"အဟွတ်... အဟွတ်"
သုကျွမ်း၏ ပထမဆုံး စကားတစ်ခွန်းကပင် အဖိုးကြီးလီကို အငိုက်မိလျက် သီးသွားစေသဖြင့် အဖိုးကြီးလီမှာ တောက်လျှောက် ချောင်းဆိုးတော့သည်။
အစောင့်နှစ်ဦးက လှည့်ကြည့်လာပြီး ပြောသည်။
"အဖိုးကြီးလီ... ဘာဖြစ်တာလဲ"
အဖိုးကြီးလီမှာ မျက်နှာတစ်ခုလုံး နီရဲသွား၏။
"အဟွတ်... ဘာမှမဟုတ်ပါဘူး၊ နည်းနည်း သီးသွားလို့ပါ"
"ဪ မြန်မြန်လုပ်ဦး။ ကျုပ်တို့က ခင်ဗျားကို ဖရဲသီးစားဖို့ စောင့်နေတာ"
"အေးပါ အေးပါ"
အဖိုးကြီးလီသည် ခပ်ကျယ်ကျယ် ပြန်ထူးလိုက်ပြီးနောက် ကပျာကယာပင် စပျစ်သီးများကို သစ်သီးပန်းကန်ထဲ ထည့်ရင်း မေးလိုက်သည်။
"ခန်းမအရှင်သခင်ချန်ရဲ့ ကလေးလား"
သုကျွမ်းက ခေါင်းညိတ်သည်။
"အင်း"
"..."
အဖိုးကြီးလီ ဘာပြောရမှန်း မသိတော့ပါချေ။ ခန်းမအရှင်သခင်ချန်သည် တကယ့်ကို အံ့သြစရာကောင်းလှသည်ဟုသာ တွေးနေမိသည်။
သခင်မဟွမ်သည် နန်ပါးထျန်းနှင့် လက်ထပ်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း ကိုယ်ဝန်မရခဲ့ပါချေ။ သို့သော် ခန်းမအရှင်သချန်နှင့် ခဏတာ ရှိနေချိန်မှာပင် ကိုယ်ဝန် ရသွားခဲ့လေပြီ။ ဤသည်မှာ ခန်းမအရှင်သခင်ချန်ကပဲ တော်လွန်းနေခြင်းလော၊ သို့မဟုတ် နန်ပါးထျန်းကပဲ အသုံးမကျလွန်းနေခြင်းပေလော ပြောဖို့ရာ ခက်ခဲလှသည်။
သုကျွမ်းက စိုးရိမ်တကြီးဖြင့် ပြော၏။
"အခု အရေးကြီးဆုံးက သခင်မမှာ ကိုယ်ဝန်ရှိတာ မဟုတ်ဘူး။ ဒီနေ့ သခင်မ နေမကောင်းဖြစ်ပြီး အန်နေတာကို နန်ပါးထျန်း မြင်သွားတယ်။ နန်ပါးထျန်းက လျိုယီးရှိုကို သွားပင့်ခိုင်းလိုက်ပြီ။ တကယ်လို့ လျိုယီးရှို ရောက်လာပြီး ကိုယ်ဝန်ရှိတာကို အတည်ပြုလိုက်ရင် သခင်မတော့ အဆုံးသတ်ပြီပဲ"
ဝုန်း
ထိုစကားတွင် အဖိုးကြီးလီ၏ မျက်နှာမှာ အလွန် တင်းမာသွားတော့သည်။
ပေါ်သွားပြီလား လျိုယီးရှို သွားပြီ.. ဘယ်လိုလုပ်ကြမလဲ
အဖိုးကြီးလီ သုကျွမ်းကို ကြည့်လိုက်သည်။ သုကျွမ်းမှ ပြောသည်။
“ အခု သခင်မကို ကယ်နိုင်တာ ခန်းမအရှင်သခင်ချန် တစ်ယောက်ပဲ ရှိတယ်။ ခန်းမအရှင်သခင်ချန်ကို အမြန်ဆုံး အကြောင်းကြားမှ ဖြစ်မယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"
အဖိုးကြီးလီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောသည်။
"အင်း ငါသိပြီ။ မင်း အရင် ပြန်သွားတော့၊ ကျန်တာကို ငါ စီစဉ်လိုက်မယ်"
ထို့နောက် ဆက်ပြောသည်။
"မိန်းကလေးသုကျွမ်း၊ ဒီစပျစ်သီးတွေကို သေချာသယ်သွားပါ။ နောက်ပိုင်း သခင်မ ဘာပဲလိုချင်လိုချင် ကျုပ်ကိုသာ ပြောပါ၊ ကျိန်းသေပေါက် ရအောင် ရှာပေးပါ့မယ်"
သုကျွမ်း အဖိုးကြီးလီကို ကြည့်ကာ ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ လီချိုင်ကိုပဲ ဒုက္ခပေးရပါဦးမယ်"
စကားဆုံးသည်နှင့် သုကျွမ်းသည် စပျစ်သီးများကို ယူကာ ချက်ချင်း ထွက်သွားတော့သည်။ တံခါးဝရှိ အစောင့်နှစ်ဦးမှာ ဖရဲသီးကို အားရပါးရ စားပြီးနောက် အခွံများကို ပစ်လိုက်ပြီး ထကာ သုကျွမ်းနောက်မှ လိုက်သွားကြသည်။
အဖိုးကြီးလီ စားပွဲဆီသို့ လျှောက်သွားသောအခါ ဖရဲသီး၏ မချိုသည့် အပိုင်းများသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
၎င်းကို မြင်သော် အဖိုးကြီးလီ စိတ်သက်သာရာရသွား၏။ အစောင့်များသည် ဖရဲသီးစားရာတွင် အာရုံရောက်နေသဖြင့် ခုနက သုကျွမ်းနှင့် ပြောခဲ့သော စကားများကို ကြားသွားပုံ မရပါချေ။
သို့သော် ဤကိစ္စမှာ တကယ်ကို ခက်ခဲလှသည်။ သခင်မမှာ ခန်းမအရှင်သခင်ချန်၏ ကလေးရှိနေပြီး နန်ပါးထျန်းကလည်း ရိပ်မိသွားကာ လျိုယီးရှိုကိုပါ ပင့်ခေါ်ခိုင်းလိုက်လေပြီ။
အချိန်ဆွဲနေ၍ မဖြစ်ချေ။ ဤသတင်းကို အမြန်ဆုံး ပေးပို့ရမည်။ မဟုတ်ပါက ကြီးမားသော ပြဿနာများ ဖြစ်ပွားလာလိမ့်မည်။
…
ကျားဖြူခန်းမ၌ -
ချန်ကျဲ့ လျိုလောင်ကွေ့ထံမှ ပြန်ရောက်လာချိန်တွင် အတွင်းခန်းမ၌ ဟင်းလျာများ တခမ်းတနား ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ယနေ့ စားပွဲဝိုင်းတွင် ထိုင်နေသူများမှာ ချန်ကျဲ့ အယုံကြည်ရဆုံးလူများ ဖြစ်သည်။
စားပွဲ၏ ထိပ်ဆုံးတွင် သူ၏ ဆရာဖြစ်သူ ပိုင်ဝမ့်ကျင်း၊ သမားတော်ပိုင် ထိုင်နေသည်။
သမားတော်ပိုင်သည် အတန်ကြာ အနားယူပြီးနောက် များစွာ သက်သာလာပြီဖြစ်သဖြင့် ဤမိသားစု စားပွဲဝိုင်းကို မဖြစ်မနေ ပါဝင်ပေးခြင်း ဖြစ်သည်။
သူ၏ ဘယ်ဘက်တွင် ချန်ကျဲ့ ထိုင်နေပြီး ညာဘက်တွင် အိမ်တော်သခင်မ စူးယွင်ကျင်း ထိုင်နေသည်။
သူတို့၏ နောက်တွင် ကျိုးချူ၊ ရှောင်ဟူ၊ စစ်ရှီး နှင့် ချန်ကျူးတို့ ထိုင်နေကြသည်။
ချန်ကျူးမှာ ယနေ့တွင် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ဒဏ်ရာများ ကုသနေရဆဲဖြစ်သော ချန်ကုံအပါအဝင် သူတို့၏ ကြိုးစားအားထုတ်မှုများမှာ နောင်လာမည့် ရက်များတွင် စားဝတ်နေရေးအတွက် စိုးရိမ်စရာ မလိုတော့သည်အထိ လုံလောက်ပေသည်။
ထို့ပြင် ကျားဖြူခန်းမအတွင်း သူတို့၏ အဆင့်အတန်းမှာလည်း မြင့်တက်လာပေလိမ့်မည်။
ဤသည်မှာ သူတို့နှင့် ထိုက်တန်ပေသည်။ သူတို့သည် ချန်ကျဲ့အပေါ် အကြွင်းမဲ့ သစ္စာရှိကြောင်းကို အသက်ကိုရင်းကာ တိုက်ပွဲဝင်ခြင်းဖြင့် သက်သေပြခဲ့ကြပြီးဖြစ်ရာ ချန်ကျဲ့၏ အသိအမှတ်ပြုလေးစားမှုကို ရရှိခဲ့ကြသည်။
ယနေ့ စားပွဲဝိုင်းကို ယင်ဟုန်မိန်မှ တာဝန်ယူဧည့်ခံသည်။ ဤသို့သော အချိန်အခါမျိုးတွင် ချွေ့ကျူသည် ဝင်ခွင့်မရှိပေ။ အကြောင်းမှာ စားပွဲဝိုင်းတွင် ပြောဆိုကြမည့် အကြောင်းအရာများမှာ လျှို့ဝှက်ချက်များ ပါဝင်နိုင်သောကြောင့် ဖြစ်သည်။ အစေခံမိန်းကလေးချွေ့ကျူသည် အရိပ်အကဲ သိတတ်သော်လည်း အပြင်ပန်း ဂုဏ်ဒြပ်ကို အလွန်မက်မောသူဖြစ်သဖြင့် ချန်ကျဲ့အနေဖြင့် သူမကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။
သူမကို သာမန်အစေခံအဖြစ် အသုံးပြုနိုင်သော်လည်း အတွင်းလူများ၏ အစည်းအဝေးများတွင်မူ သူမသည် အပြင်ဘက်မှသာ ဟင်းလျာများကို လှမ်းပေးခွင့် ရှိသည်။
ရွေ့ရွေ့သည်တော့ တစ်နေ့လုံး ကလေး၄ယောက်နှင့် ဆော့ကစားနေရသဖြင့် ပင်ပန်းကာ စောစောစီးစီး အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။
ယခုမူ ဤလူတစ်စုသာ ကျန်ရစ်ပြီး ညစာစားရင်း စကားပြောနေကြခြင်း ဖြစ်သည်။
စားပွဲဝိုင်းတွင် ချန်ကျဲ့သည် ပိုင်ဝမ့်ကျင်းနှင့် အခြားသူများကို ဂုဏ်ပြုအရက်သောက်လိုက်သည်။ ပိုင်ဝမ့်ကျင်းမှ သက်ပြင်းချလိုက်ရင်း ပြောသည်။
"ဆရာက အိုနေပါပြီ၊ မင်းအတွက် ဒီလောက်ပဲ လုပ်ပေးနိုင်တော့တယ်"
သူတို့သည် စကားပြောဆိုရင်း ဤတစ်ကြိမ်တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော ညီအစ်ကို နှစ်ဆယ့်ရှစ်ဦးအကြောင်းကို ဆွေးနွေးဖြစ်ကြသည်။
ချန်ကျဲ့သည် သူတို့၏ ရုပ်အလောင်းများကို ဆယ့်လေးရက်အကြာတွင် သင်္ဂြိုဟ်ရန်နှင့် သူတို့၏ ကမ္ပည်းတိုင်များကို သူရဲကောင်းဝိညာဉ်ခန်းမတွင် စုပေါင်းထားရှိကာ ကျားဖြူခန်းမမှ အမြဲတစေ ပူဇော်ကန်တော့ရန် အကြံပြုခဲ့သည်။
သူရဲကောင်းဝိညာဉ်ခန်းမဟူသည် ချန်ကျဲ့မှ ကျားဖြူခန်းမ၏ သူရဲကောင်းများအတွက် အထူးသီးသန့် တည်ဆောက်ထားသည့် နေရာဖြစ်သည်။ လက်ရှိတွင် ထိုခန်းမ၌ ဖန်းရှစ်ကျုံးနှင့် ယခင်က ဖုန်းရွှမ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသူများ၊ ယနေ့ သေဆုံးသွားသော သူရဲကောင်းနှစ်ဆယ့်ရှစ်ဦးတို့၏ ကမ္ပည်းတိုင်များကို ထားရှိသည်။
သူရဲကောင်းဝိညာဉ်ခန်းမတွင် ထားရှိခံရသူများ၏ မိဘများသည် လစဉ် ဆန်ပေါင်တစ်ရာ၊ အသားပေါင်နှစ်ဆယ်နှင့် ရာသီပေါ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စံသတ်မှတ်ချက်အတိုင်း ရရှိခံစားနိုင်မည် ဖြစ်သည်။
အကယ်၍ သူတို့၏ ဇနီးသည်များက အိမ်ထောင်မပြုဘဲ သစ္စာရှိစွာ နေထိုင်ပါက ကျားဖြူခန်းမသည် ဆုလာဘ်များနှင့် သစ္စာရှိမှု ဂုဏ်ပြုမှတ်တမ်းများကို ချီးမြှင့်ပေးမည် ဖြစ်သည်။
ဤသည်မှာ အမှန်စင်စစ်တွင် အမျိုးသမီးများအပေါ် ဖိနှိပ်မှုတစ်မျိုး ဖြစ်သည်။ ခင်ပွန်းသေဆုံးပြီးနောက် ဇနီးသည်ကို နောက်အိမ်ထောင်မပြုခိုင်းခြင်းမှာ အကြင်နာတရား ကင်းမဲ့ပါ၏။ သို့သော် တစ်ခါတစ်ရံတွင် အကြင်နာတရားကင်းမဲ့ရန် လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် ကျားဖြူခန်းမ၏ အဓိကအင်အား မဟုတ်ဘဲ အမျိုးသားအဖွဲ့ဝင်များသာလျှင် အဓိကဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချန်ကျဲ့အနေဖြင့် အမျိုးသားအဖွဲ့ဝင်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးရမည်ဖြစ်ပြီး သူတို့သေဆုံးသွားပါက နောင်ရေးအတွက် စိုးရိမ်စရာ မရှိအောင် စီစဉ်ပေးရပေမည်။