အခန်း (၅၃၂)
Vol. 43 Ch. 532
အခန်း ၅၃၂
ထို့နောက် အားလုံးသည် တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။
ထို့နောက် အားလုံး၏အကြည့်များသည် စူးယွင်ကျင်းထံသို့ ရောက်ရှိသွားကြသည်။ ထိုအချိန်၌ သူမသည် ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မပြသကဲ့သို့ စကားလည်း များများစားစား မပြောခဲ့ပါချေ။
စားပွဲဝိုင်းတွင် ထိုင်နေသူများထဲ၌ သမားတော်ပိုင်မှလွဲ၍ ကျန်ရှိသူအားလုံးနီးပါးမှာ ခန်းမအရှင်သခင်ချန်နှင့် ဟွမ်ဝမ်အာတို့၏ ပတ်သက်မှုကို သိရှိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သိပ်ပြီး မအံ့ဩမိကြသော်လည်း သခင်မဟွမ်မှ ခန်းမအရှင်သခင်ကို အဘယ်ကြောင့် လျှို့ဝှက်နည်းလမ်းဖြင့် ဆက်သွယ်ရသနည်းဆိုသည်ကိုမူ နားမလည်နိုင်ဖြစ်နေကြသည်။
သမားတော်ပိုင်သည် ထိုစကားကို ကြားသော်လည်း စကားတစ်ခွန်းမှ မဆိုပါချေ။ လောကအတွေ့အကြုံရင့်သန်သူတစ်ဦးဖြစ်သည့်အလျောက် သူသည် ဤကဲ့သို့သော ကိစ္စရပ်များကို ကောင်းစွာ နားလည်ထားသည်။
ဤခေတ်အခါတွင် ထူးချွန်သော အမျိုးသားတစ်ဦးအနေဖြင့် ဇနီးသုံးယောက်နှင့် ကိုယ်လုပ်တော်လေးယောက်ခန့် ရှိနေခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။
ထို့ကြောင့် စူးယွင်ကျင်းအနေဖြင့် တချို့သော ကိစ္စရပ်များတွင် သဘောထားကြီးနိုင်ရန် သင်ယူရပေမည်။ အထူးသဖြင့် ခန်းမအရှင်သခင်ချန်မှာ သာမန်လူတစ်ဦး မဟုတ်ဘဲ တောက်ပသော အနာဂတ်ရှိသူဖြစ်ရာ အမျိုးသမီးများ ဝန်းရံလာမည်မှာ သဘာဝပင်ဖြစ်သညိ။
ထိုသို့သော အတွေးများဖြင့် အားလုံးသည် ချန်ကျဲ့ကို ဇဝေဇဝါဖြင့် ကြည့်နေခဲ့ကြသည်။
ချန်ကျဲ့ စစ်ရှီးကို ကြည့်ပြီး ပြောလိုက်သည်။
"ရတယ်၊ အခု အားလုံးလည်း သိသွားကြပြီဆိုတော့ စာထဲမှာ ဘာတွေ ရေးထားလဲ ကြည့်ရအောင်"
စစ်ရှီးမှ ပြောသည်။
“ခန်းမအရှင်သခင် ကျွန်တော့်ကို ခွင့်ပြုပါဦး"
စစ်ရှီးသည် လျှို့ဝှက်စာကို ချန်ကျဲ့၏ ရှေ့တွင် ချထားပေးပြီးနောက် အလိုက်တသိဖြင့် ထွက်သွားတော့သည်။
ကျိုးချူမှ ပြောသည်။
"အိုက်ယား... ငါ အရက်သောက်တာ များသွားပြီထင်တယ်။ အိမ်သာသွားချင်လိုက်တာ၊ ရှောင်ဟူ ငါနဲ့ လိုက်ခဲ့ဦး"
ရှောင်ဟူမှ ပြောသည်။
"ကျွန်တော် ဆီးမသွားချင်ဘူးလေ"
"သွားချင်မှာပါ၊ မင်း ကိုယ့်ကိုယ်ကိုယ် မသိသေးလို့ပါ။ လာ သွားရအောင်"
ပြောပြောဆိုဆိုဖြင့် ကျိုးချူသည် ရှောင်ဟူကို အတင်းဆွဲခေါ်သွားရာ ချန်ကျူးကလည်း နောက်မှ လိုက်သွားတော့သည်။ ရှောင်ဟူသည်တော့ ကြောင်တောင်တောင်ဖြစ်နေဆဲပင်။
“ကျွန်တော့်ကိုကျွန်တော် ဆီးသွားချင်တာကို မသိရအောင် ကျွန်တော် ဘာဖြစ်နေလို့လဲ"
သို့သော် သူသည် ကျိုးချူ ဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့ပြီ ဖြစ်သည်။
ယခုမူ စားပွဲဝိုင်းတွင် သမားတော်ပိုင်၊ စူးယွင်ကျင်းနှင့် ချန်ကျဲ့တို့ သုံးဦးတည်းသာ ကျန်ရစ်တော့သည်။
ထိုစဉ် သမားတော်ပိုင်မှ ထရပ်လိုက်သည်။
"အမလေး၊ အသက်အရွယ်အိုမင်းလာတာက တကယ့်ကို အနှောင့်အယှက်ဖြစ်ရတာပဲ၊ ငါ ကြာကြာ မထိုင်နိုင်တော့ဘူး။ အရင် ပြန်နားနှင့်တော့မယ်"
"သမားတော်ပိုင်"
သမားတော်ပိုင် ထွက်ခွာသွားတော့မည်တွင် စူးယွင်ကျင်းမှ ရုတ်တရက် လှမ်းပြောသည်။
"သမားတော်ပိုင်က လူကြီးတစ်ယောက်ပါ။ ဒီကိစ္စတွေကို သမားတော်ပိုင်မသိအောင် ဖုံးကွယ်ဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်နားထောင်ပေးပါ"
ချန်ကျဲ့သည်လည်း ယခုကဲ့သို့ အချိန်မျိုးတွင် စူးယွင်ကျင်းနှင့် ဟွမ်ဝမ်အာအကြောင်း ဆွေးနွေးရသည်မှာ အနည်းငယ် အနေရခက်နေသဖြင့် ပြောလိုက်သည်။
"ဟုတ်ပါတယ် ဆရာ။ ထိုင်ပြီး နားထောင်ပေးပါဦး။ အမှန်အတိုင်း ပြောရရင် အဲဒီ ဟွမ်ဝမ်အာဆိုတာက..."
ချန်ကျဲ့သည် သင့်တော်သော စကားလုံးကို ရှာမရ ဖြစ်နေသည်။
ထိုစဉ် စူးယွင်ကျင်းက ပြုံးလိုက်ပြီး ဖြည့်စွက်ပြောလာ၏။
"ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် တစ်ယောက်ပါ"
ချန်ကျဲ့သည် စူးယွင်ကျင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
သူ၏ ဇနီးလေးမှာ သူ့ကို အမှန်တကယ် နားလည်ပေးနိုင်သူပင်။
သမားတော်ပိုင်သည် ၎င်းကို ကြားသောအခါ ခဏရပ်တန့်သွား၏။ ထို့နောက် ပြောသည်။
"ပုံမှန်အားဖြင့်တော့ ငါက မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ မင်းရဲ့ မိသားစုရေးရာတွေကို ဝင်မစွက်ဖက်သင့်ပါဘူး။ ဒါပေမဲ့ ကျိုစစ်..."
"ဆရာ"
ချန်ကျဲ့က ချက်ချင်း တုံ့ပြန်ထူးလိုက်သည်။
သမားတော်ပိုင်မှ ဆက်ပြောသည်။
"ယွင်ကျင်းက မင်းအတွက် ဒုက္ခပေါင်းစုံကို ခံစားခဲ့ရသလို အခက်အခဲများစွာကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ ဒါတွေအားလုံးကို ငါ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ။ ဒါကြောင့် ကိုယ်လုပ်တော်ထားတာဖြစ်ဖြစ် တခြားဘာဖြစ်ဖြစ် အဲဒါတွေက အရေးမကြီးဘူး။ ဒါပေမဲ့ မင်း ယွင်ကျင်းကိုတော့ ဘယ်တော့မှ သစ္စာမဖောက်ရဘူး။ မဟုတ်ရင် ငါ မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး၊ နားလည်လား"
ချန်ကျဲ့မှ ပြန်ပြောသည်။
"ဆရာ စိတ်ချပါ။ ယွင်ကျင်းနဲ့ ကျွန်တော်နဲ့က တစ်သားတည်းပါပဲ။ ချန်ရှိနေသရွေ့ စူးရှိနေမှာဖြစ်သလို၊ စူးရှိနေသရွေ့လည်း ချန်ရှိနေမှာပါ"
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းသည် ခေါင်းညိတ်၏။
"ဟုတ်ပါတယ် ဆရာ"
သမားတော်ပိုင်မှ ပြောသည်။
"ကောင်းပြီ။ မင်းတို့နှစ်ယောက်ရဲ့ သံယောဇဉ်က အရင်အတိုင်းရှိနေတာကို ကြားရတာ ငါ စိတ်အေးရပါတယ်။ ဒါပေမဲ့ ကျိုစစ်"
ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ဆက်ပြောသည်။
"လောကကြီးမှာ အမျိုးသမီးတွေ ဒီလောက် အများကြီးရှိတာကို မင်းက ဘာလို့ နန်ပါးထျန်းရဲ့ ဇနီးကိုမှ ရွေးရတာလဲ။ မင်းကတော့ တကယ့်ကို ရဲတင်းလွန်းပြီး မဆင်မခြင် လုပ်လွန်းတာပဲ"
ချန်ကျဲ့သည်လည်း စိတ်မသက်မသာသော မျက်နှာဖြင့် ပြန်ပြောသည်။
"ဆရာ၊ အဲဒီအချိန်တုန်းက ကျွန်တော်လည်း အကျပ်ကိုင်ခံခဲ့ရလို့ပါ။ ကျွန်တော့်ကို ဖုန်းရွှမ်က ထောင်ချောက်ဆင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဟွမ်ဝမ်အာနဲ့ ဆုံတွေ့ခဲ့ပြီး ဟွမ်ဝမ်အာက ကျွန်တော့်ကို စွမ်းအင်ပြောင်းလဲခြင်းဆေးလုံးဖော်စပ်နည်းနဲ့ အရေးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းနှစ်မျိုးကို ပေးခဲ့ပါတယ်”
ချန်ကျဲ့ အခြေအနေများကို ရှင်းပြလိုက်သည်။ ဤသည်မှာ စူးယွင်ကျင်းအနေဖြင့် ဟွမ်ဝမ်အာနှင့် ချန်ကျဲ့တို့၏ ပတ်သက်မှုကို ပထမဆုံးအကြိမ် အသေးစိတ် ကြားသိရခြင်း ဖြစ်သည်။
အမှန်တော့ စူးယွင်ကျင်းသည် ချန်ကျဲ့နှင့် ဟွမ်ဝမ်အာတို့၏ ပတ်သက်မှုအပေါ် အမြဲလိုလို စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သော်လည်း တစ်ခါမျှ ထုတ်မပြောခဲ့ချေ။ ယခု ကြားသိလိုက်ရသောအခါမှသာ ထိုကိစ္စ၏ နောက်ကွယ်တွင် ဇာတ်လမ်းများစွာ ရှိနေသည်ကို သိလိုက်ရပြီး ဟွမ်ဝမ်အာ၏ အခြေအနေမှာလည်း တကယ့်ကို သနားစရာ ကောင်းလှသည်။
သူမသည် နန်ပါးထျန်း၏ အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှုကိုပင် ခံခဲ့ရသည်။
ထိုအချက်သည် စူးယွင်ကျင်းအား သူမ၏ အားကိုးရာမဲ့ခဲ့သော အတိတ်ကာလများ၊ ချန်ကျိုစစ်၏ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရသည့် အချိန်များကို ပြန်လည် သတိရစေသည်။ ထိုစဉ်က စူးယွင်ကျင်းသည် မည်မျှအထိ မျှော်လင့်ချက် ကင်းမဲ့ခဲ့ရသနည်း
ဟွမ်ဝမ်အာ ဖြတ်သန်းခဲ့ရသည့် ထိုအတွေ့အကြုံများသည် စူးယွင်ကျင်း၏ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း ခံစားရစေခဲ့သည်။ ထို့အတူ ဟွမ်ဝမ်အာသည် သူမ၏ ခင်ပွန်းအတွက် မည်မျှအထိ ကူညီပေးခဲ့သည်ကိုလည်း စူးယွင်ကျင်း သတိပြုမိလိုက်သည်။
ထိုသို့ စဉ်းစားပြီးနောက် စူးယွင်ကျင်းမှ ပြောသည်။
"ယောက်ျား အစ်မဟွမ်ရဲ့ စာကို အမြန်ဖတ်ကြည့်လိုက်ပါဦး။ ရှင်သာ ဒီနေ့ ဒီအကြောင်းတွေကို မပြောပြခဲ့ရင် အစ်မဟွမ်က ရှင့်ကို ဒီလောက်အထိ ကူညီပေးခဲ့မှန်း ကျွန်မ သိရမှာ မဟုတ်ဘူး။ အခွင့်အရေးရတဲ့အခါ ကျွန်မ အစ်မဟွမ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ရဦးမယ်"
ချန်ကျဲ့ အံ့သြသွားခဲ့သည်။
"ရှင်မက သူ့ကို ကျေးဇူးတင်ချင်တယ်"
စူးယွင်ကျင်း ချန်ကျဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
"ယောက်ျား၊ ရှင်က ကျွန်မကို သဘောထားကျဉ်းမြောင်းတဲ့သူလို့ ထင်နေတာလား။ အမျိုးသမီးကျင့်ဝတ်အရ မနာလိုဝန်တိုစိတ်ရှိတာက မှားယွင်းတဲ့အရာပါ။ အစ်မဟွမ်က ရှင့်ကို တကယ် အများကြီး ကူညီပေးခဲ့တာပဲလေ။ ကျွန်မတို့အနေနဲ့ ကျေးဇူးသိတတ်ပြီး ပြန်ပေးဆပ်ရမှာပေါ့"
စူးယွင်ကျင်းသည် ဟွမ်ဝမ်အာကို အမှန်တကယ် ကျေးဇူးတင်လိုခြင်းဖြစ်ကြောင်း ချန်ကျဲ့ ယုံကြည်ပါသည်။ သို့သော် မျက်မှောက်ခေတ်အတွေးအခေါ်ရှိသော အမျိုးသားတစ်ဦးဖြစ်သည့် ချန်ကျဲ့အတွက် ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။
ဒီကမ္ဘာက အမျိုးသမီးတွေက မနာလိုဝန်တိုစိတ်ဆိုတာကို တကယ်ပဲ မသိကြတာလား
မည်သို့ဖြစ်စေ စူးယွင်ကျင်းအတွက်မူ ၎င်းမှာ လက်မခံနိုင်သည့်အရာ မဟုတ်ပါချေ။ ဤကမ္ဘာတွင် အရည်အချင်းရှိသော အမျိုးသားတိုင်း၌ ဇနီးမယား အများအပြားရှိတတ်ကြသည်။ ထိုဇနီးမယားသည် သူမ၏ ခင်ပွန်းကို အမှန်တကယ် ဂရုစိုက်ပေးနေသရွေ့ စူးယွင်ကျင်း လက်ခံနိုင်ပါသည်။
အထူးသဖြင့် ဟွမ်ဝမ်အာမှ သူမ၏ ခင်ပွန်းကို မည်မျှအထိ ကူညီခဲ့သည်ကို သိရှိသွားပြီးနောက်တွင်ဖြစ်သည်။ ထို့ပြင် ဟွမ်ဝမ်အာတွင်လည်း သူမနှင့် ဆင်တူသော ဝမ်းနည်းဖွယ် အတိတ်အခြေအနေရှိခဲ့သည်ကို သိလိုက်ရသဖြင့် ပို၍ပင် ကိုယ်ချင်းစာမိသည်။
ယခုမူ သူမ စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ မှန်ပါသည်။ စူးယွင်ကျင်းသည် သူမ၏ ခင်ပွန်းမှာ လူစားလဲခံလိုက်ရသည်ဟု ယုံကြည်နေမိသည်။ လက်ရှိချန်ကျိုစစ်သည် ယခင်က သူမ သိခဲ့သော လောင်းကစားသမား ချန်ကျိုစစ် မဟုတ်တော့ပါချေ။
လက်ရှိချန်ကျိုစစ်၏ စကားပြောဟန်၊ အမြင်များ သို့မဟုတ် တစ်ခါတစ်ရံတွင် အလွန်ပင် ကျိုးကြောင်းဆီလျော်လှသော စကားများ… ထိုအရာအားလုံးသည် သူမ၏ ခင်ပွန်းမှာ ယခင်က ချန်ကျိုစစ်နှင့် လုံးဝ မတူတော့ဘဲ အခြားတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
၎င်းမှာ ဝိညာဉ်ဝင်စီးခြင်း သို့မဟုတ် နတ်ဘုရားတစ်ပါး ဆင်းသက်လာခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့သော် မည်သို့ဖြစ်ပါစေ စူးယွင်ကျင်း မကြောက်ရွံ့ပါချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ လက်ရှိခင်ပွန်းသည်သည် သူမကို ဘယ်သောအခါမျှ အန္တရာယ်ပြုမည် မဟုတ်ဟု သူမ ယုံကြည်သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူမ၏ လက်ရှိခင်ပွန်းသည်မှာ ယခင်က ချန်ကျိုစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမ ဂရုမစိုက်ပါချေ။ သူမ ချစ်မြတ်နိုးသည်မှာ ယခုမြင်တွေ့နေရသော ဤအမျိုးသားကိုသာ ဖြစ်သောကြောင့်ပင်။