အခန်း (၅၃၃)
Vol. 43 Ch. 533
အခန်း ၅၃၃
စူးယွင်ကျင်းသည် အချိန်ကြာလေလေ၊ ထိုအတွေးများထဲမှ ရုန်းထွက်ရန် ပို၍ ခက်ခဲလေလေ ဖြစ်နေခဲ့သည်။
စူးယွင်ကျင်း၏ ကိုယ်ချင်းစာစိတ်ဖြင့် တိုက်တွန်းမှုကြောင့် ချန်ကျဲ့သည် နောက်ဆုံးတွင် လက်ထဲမှ ဝါးကျည်တောက်ကို ဖွင့်လိုက်တော့သည်။ စာကို နှစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံနှင့် ချန်ကျဲ့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။
ထိုအခါ စူးယွင်ကျင်းသည် ထိတ်လန့်သွားပြီး မေးသည်။
"ဘာဖြစ်လို့လဲ ယောက်ျား၊ ဘာဖြစ်လို့လဲ"
ထိုအခါ ချန်ကျဲ့သည် လေးနက်စွာသော အသံဖြင့် ပြောလိုက်သည်။
"ဟွမ်ဝမ်အာမှာ ငါ့ရဲ့ ရင်သွေး ရှိနေပြီ"
ဘာ
ထိုစကားကို ကြားလိုက်ရသည်တွင် သမားတော်ပိုင်သည် ရုတ်ချည်း ထရပ်မိသွား၏။ စူးယွင်ကျင်းသည်လည်း အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူမသည် အလွန်အမင်း တုန်လှုပ်သွားပြီးနောက်တွင် စိတ်ပျက်အားငယ်မှုအချို့ကို ခံစားလိုက်ရသည်။
ဟွမ်ဝမ်အာမှာ ကိုယ်ဝန်ရှိနေပြီ...
ဟွမ်ဝမ်အာသည် ခင်ပွန်းဖြစ်သူနှင့် ရှိနေခဲ့သည်မှာ မကြာသေးပါချေ။ သို့သော် မိမိမှာမူ ခင်ပွန်းနှင့်အတူ ရှိနေခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ကိုယ်ဝန်မရသေးသနည်း။ မိမိ၏ ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေ၍လော။
စူးယွင်ကျင်း၏ စိတ်မှာ မွန်းကြပ်လာခဲ့သည်။
ဟွမ်ဝမ်အာ ကိုယ်ဝန်ရှိခြင်းမှာ ခင်ပွန်းဖြစ်သူ၌ ပြဿနာမရှိကြောင်း သက်သေပြနေသည်ဖြစ်ရာ တစ်နှစ်ကျော်ကြာသည်အထိ ကိုယ်ဝန်မရသေးသော မိမိ၌သာ ပြဿနာရှိနေခြင်းပေလော။
စူးယွင်ကျင်း၏ မျက်ဝန်းများတွင် စိတ်ပျက်မှုနှင့် ထိတ်လန့်မှုများ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်သွားခဲ့သည်။ အကယ်၍ သူမသာ ခင်ပွန်းအတွက် သားသမီး မွေးဖွားမပေးနိုင်ပါခဲ့လျှင်…
ကောင်းတာပါပဲ... အနည်းဆုံးတော့ အစ်မဟွမ်မှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ယောကျ်ားလည်း မျိုးဆက်ပြတ်မှာ မဟုတ်တော့ဘူးပေါ့။
ထိုသို့အတွေးဖြင့် သူမသည် ချန်ကျဲ့ကို မော့ကြည့်လိုက်ရာ ချန်ကျဲ့၏ မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်မရှိဘဲ ညှိုးငယ်နေသည်ကို မြင်တွေ့ရသဖြင့် စူးယွင်ကျင်း ပြောလိုက်သည်။
"ယောက်ျား၊ ဒါက ဝမ်းသာစရာကိစ္စပဲလေ။ ဘာလို့ ဒီလောက်တောင် မျက်နှာမကောင်း ဖြစ်နေရတာလဲ"
ချန်ကျဲ့မှ ပြောသည်။
"ဟွမ်ဝမ်အာ လူရိပ်မိအောင် လုပ်မိသွားပြီ"
"အမ်"
ထိုစကားကြောင့် သမားတော်ပိုင်နှင့် စူးယွင်ကျင်းမှာ ပို၍ပင် မှင်တက်သွားခဲ့သည်။
ရိပ်မိအောင် လုပ်မိသွားသည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
နှစ်ဦးစလုံးသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။
"ဒီနေ့ နန်ပါးထျန်းက သူ့ကို ပြန်ခေါ်သွားတယ်။ ညစာစားချိန်မှာ သူ နေမကောင်းဖြစ်ပြီး အန်တာကို နန်ပါးထျန်း မြင်ပြီး သံသယဝင်သွားတယ်။ အခု နန်ပါးထျန်းက လျိုယီးရှိုကို သွားပင့်ခိုင်းထားပြီ။ တကယ်လို့ လျိုယီးရှိုက ကိုယ်ဝန်ရှိနေတာကို စမ်းသပ်မိသွားရင်တော့ သူရော ကလေးရော အန္တရာယ်ရှိသွားလိမ့်မယ်"
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
"အဲဒီကလေးက သူ့ကလေးမဟုတ်ဘူးဆိုတာ နန်ပါးထျန်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
သမားတော်ပိုင်မှ ပြောသည်။
"နန်ပါးထျန်းက သိုင်းကျင့်ကြံရင်းနဲ့ ကျောက်ကပ်ချို့ယွင်းသွားခဲ့တာ။ သူက မျိုးဆက်ပြန့်ပွားဖို့အတွက် မစွမ်းဆောင်နိုင်တော့သလို သားသမီးလည်း မထွန်းကားနိုင်တော့ဘူး"
"အို..."
ထိုစကားတွင် စူးယွင်ကျင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
ချန်ကျဲ့သည်တော့ တိတ်ဆိတ်နေခဲ့သည်။ သမားတော်ပိုင် ဤလျှို့ဝှက်ချက်ကို သိနေခြင်းအား ချန်ကျဲ့ မအံ့သြပါချေ။ သမားတော်ပိုင်သည် ယခင်က အတွင်းခန်းမရှိ သမားတော်ကြီးရှစ်ဦးအနက် တစ်ဦးဖြစ်ခဲ့ရာ ငါးဖမ်းကုန်သည်အဖွဲ့၏ အတွင်းရေးအချို့ကို သိရှိထားမည်မှာ သဘာဝပင်။
သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဟွမ်ဝမ်အာကို မည်သို့ ကယ်တင်ရမည်နည်းဟူသည့် အချက်ပင် ဖြစ်သည်။
ဟွမ်ဝမ်အာသည်လည်း မိမိကိုယ်ကိုယ် မည်သို့အခြေအနေတွင် ရောက်နေသည်ကို သိထားပေလိမ့်မည်။ ဟွမ်ဝမ်အာသည် သူမသာ အမှန်တကယ် မျှော်လင့်ချက်ကင်းမဲ့မနေခဲ့လျှင် သူ့ထံ အကူအညီ တောင်းခံလာလိမ့်မည် မဟုတ်ပါချေ။
ယခု အခြေအနေမှာ အလွန်ပင် ခက်ခဲလှသည်။
နန်ပါးထျန်းကလည်း ရိပ်မိသွားပြီး လျိုယီးရှိုကို သွားပင့်ခိုင်းထားပြီ။ လျိုယီးရှိုရဲ့ဆေးပညာနဲ့ဆို ကိုယ်ဝန်ရှိ၊ မရှိကို သိဖို့က အလွယ်လေးပဲ။
နန်ပါးထျန်းသာ ဟွမ်ဝမ်အာ သစ္စာဖောက်တာကို သိသွားပြီး သူ့ခေါင်းမှာ ဦးထုပ်စိမ်းဆောင်းခံလိုက်ရတာကို သိသွားလို့ကတော့ သေချာပေါက် အစွန်းရောက် ကလဲ့စားချေမှာပဲ။
ငါကတော့ အန္တရာယ်မရှိနိုင်ပေမဲ့ ဟွမ်ဝမ်အာကို ဘယ်လိုလုပ်မလဲ
သူ ဘယ်လို ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ရင်ဆိုင်ရလိမ့်မလဲ။ သူ့ဗိုက်ထဲက ကလေးကရော ဘယ်လိုဖြစ်သွားမလဲ။
အဲဒါ ငါ့ရင်သွေးပဲ
ချန်ကျဲ့ တွေးတောနေစဉ် စူးယွင်ကျင်းမှ ထရပ်လိုက်ပြီး ပြောသည်။
"ယောက်ျား၊ ရှင် အစ်မဟွမ်ကို ကျိန်းသေပေါက် ကယ်တင်ရမယ်”
ဟင်
ချန်ကျဲ့ စူးယွင်ကျင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ဆက်ပြောသည်။
"အစ်မဟွမ်က အခု အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ။ ပြီးတော့ သူ့ဗိုက်ထဲမှာ ချန်မိသားစုရဲ့ မျိုးဆက်ရှိနေတယ်။ ဘာအမှားအယွင်းမှ ဖြစ်လို့ မရဘူး။ ယောက်ျား... ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှင် အစ်မဟွမ်ကို ကယ်တင်ရမယ်။ အစ်မဟွမ် ဘာမှမဖြစ်အောင် စောင့်ရှောက်ပေးရမယ်”
ထိုစကားတွင် ချန်ကျဲ့ စူးယွင်ကျင်းကို တစ်ဖန် ထပ်ကြည့်လိုက်မိပြန်သည်။ သူမ၏ သဘောထားကြီးမှုကြောင့် အံ့သြတုန်လှုပ်သွားရ၏။
ဤခေတ်အခါက အမျိုးသမီးများသည် မိမိ၏ ဖူးစာဖက်ပြိုင်ဘက်အပေါ် ဤမျှအထိ ကြင်နာတတ်ကြသည်လော။
တကယ်တမ်းတွင် စူးယွင်ကျင်း၌ သူမ၏ မြင့်မြတ်သော အကျင့်စရိုက်အပြင် သေးငယ်သော စိုးရိမ်စိတ်တစ်ခု ရှိနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း သူမသည် ကိုယ်ဝန် မရခဲ့ပါချေ။ သူမ၏ ခန္ဓာကိုယ်၌ ပြဿနာရှိနေသဖြင့် သားသမီး မထွန်းကားနိုင်မည်ကို သူမ စိုးရိမ်နေမိသည်။ အကယ်၍ ထိုသို့သာ မှန်ကန်ခဲ့လျှင် ဟွမ်ဝမ်အာ၏ ဝမ်းဗိုက်ထဲမှ ရင်သွေးမှာ ပို၍ပင် အဖိုးတန်ပေသည်။
မည်သို့ပင်ဖြစ်စေ ချန်မိသားစု၌ မျိုးဆက်ပြတ်၍ မဖြစ်ပါချေ
ထို့ကြောင့် ဤအခိုက်အတန့်၌ စူးယွင်ကျင်းသည် အလျင်စလို ဖြစ်နေခဲ့သည်။
"ယောက်ျား၊ အစ်မဟွမ်နဲ့ ကလေးကို မဖြစ်မနေ ကာကွယ်ပါ"
ချန်ကျဲ့ အကျပ်ရိုက်နေသည်။ သူ ဟွမ်ဝမ်အာကို ကယ်တင်ချင်သော်လည်း မည်သို့မည်ပုံ စတင်လုပ်ဆောင်ရမည်အား စဉ်းစားမရ ဖြစ်နေခဲ့သည်။ လျိုယီးရှိုသာ ဟွမ်ဝမ်အာကို သွေးခုန်နှုန်းစမ်းသပ်ပြီး ကိုယ်ဝန်ရှိကြောင်း အတည်ပြုလိုက်ပါက ဟွမ်ဝမ်အာမှာ လုံးဝကို အဆုံးသတ်သွားပေလိမ့်မည်။
သူနှင့် လျိုယီးရှို၏ ဆက်ဆံရေးမှာလည်း အသိအကျွမ်းမျှသာ ဖြစ်ပြီး လျိုယီးရှိုသည် နန်ပါးထျန်းနှင့် ရင်းနှီးသူဖြစ်ရာ ချန်ကျဲ့အတွက် ဖုံးကွယ်ပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုနည်းလမ်းမှလွဲ၍ ချန်ကျဲ့ စဉ်းစားနိုင်သော နောက်ထပ် တစ်ခုတည်းသော နည်းလမ်းမှာ ဟွမ်ဝမ်အာကို အတင်းအဓမ္မ ခိုးယူကယ်တင်ရန်သာ ဖြစ်လေသည်။
သို့သော် အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် သူ့အတွက် အားနည်းချက် ဖြစ်လာလိမ့်မည်။ ချန်ကျဲ့အနေဖြင့် နန်ပါးထျန်းကို အနိုင်ယူနိုင်ခြင်းငှာ မသေချာသေးသကဲ့သို့ အခြားသူ၏ ဇနီးမယားကို ခိုးယူခြင်းမှာလည်း မတရားသောအမှုကို ပြုရာရောက်လိမ့်မည်။ မိမိကိုယ်ကိုယ် မကောင်းမွန်သည့် အခြေအနေသို့ရောက်အောင် ပြုလုပ်လိုက်သလို ဖြစ်သွားပေမည်။
ချန်ကျဲ့ အခက်တွေ့နေစဉ် ဘေးတွင်ထိုင်နေသည့် သမားတော်ပိုင်မှ မေးလာသည်။
"ကျိုစစ် မင်း ဘာလုပ်မှာလဲ"
ချန်ကျဲ့ မော့ကြည့်လိုက်ပြီး ပြောသည်။
"အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ကျွန်တော် သူ့ကို အတင်းအဓမ္မ သွားခေါ်ဖို့ပဲ တတ်နိုင်တော့မယ်"
သမားတော်ပိုင်မှ ပြောသည်။
"အဲဒါက နောက်ဆုံးနည်းလမ်းပဲ ဖြစ်သင့်တယ်။ သူများသားမယားကို ပြစ်မှားတာကတင် လူကဲ့ရဲ့စရာ ဖြစ်နေပြီးသားပဲ။ အခု အတင်းအဓမ္မပါ ခိုးယူမယ်ဆိုရင် ဒါက… မဖြစ်ဘူး မဖြစ်သင့်ဘူး..."
ချန်ကျဲ့ တိတ်ဆိတ်သွား၏။ သမားတော်ပိုင်သည် ခဏမျှ စဉ်းစားနေပြီးနောက် ပြောလာသည်။
"ငါ မင်းအတွက် နည်းလမ်းတစ်ခု စဉ်းစားပေးမယ်၊ ဒါပေမဲ့ အောင်မြင်တာ မအောင်မြင်တာတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
ချန်ကျဲ့ သမားတော်ပိုင်ကို လှည့်ကြည့်လိုက်သည်။ သမားတော်ပိုင်သည် သူ၏ ရင်ဘတ်ထဲမှ သစ်သားပြားတစ်ပိုင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် ချန်ကျဲ့ကို ကမ်းပေးသည်။
"ဒါက ဘာလဲဗျ"
ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ပြောသည်။
"ဒါက အတွင်းခန်းမကို ထိန်းချုပ်နိုင်တဲ့ တံဆိပ်ပြားပဲ။ ငါ့မှာ တစ်ဝက်ရှိပြီး လျိုယုံနျန်ဆီမှာ တစ်ဝက်ရှိတယ်"
"လျိုယုံနျန်"
ချန်ကျဲ့ သမားတော်ပိုင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ဆက်ပြောသည်။
"သူက လျိုယီးရှိုပဲ။ သူ့ရဲ့ နာမည်အရင်းက လျိုယုံနျန်ပဲ။ ဒီတံဆိပ်ပြားတစ်ဝက်ကို သူ့ဆီ ယူသွားပြီး ငါစေခိုင်းလိုက်တာလို့ ပြောလိုက်ပါ။ အဲဒါဆို လျိုယုံနျန်က မင်းကို ကူညီပြီး ဒီကိစ္စကို ဖုံးကွယ်ပေးကောင်း ဖုံးကွယ်ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတာဆိုတော့ သုံးလဆိုရင် သိသာလာတော့မှာပဲ။ မင်း ဒါကို ကြာကြာ ဖုံးထားလို့ ရမှာမဟုတ်ဘူး။ မင်း နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားထားရလိမ့်မယ်"
ချန်ကျဲ့မှ ပြောသည်။
"တစ်လ၊ နှစ်လလောက် ထိန်းထားနိုင်ရင်ကို လုံလောက်ပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာ"
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြု ဦးညွတ်ကာ ကျေးဇူးတင်လိုက်သည်။
ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်၌ -
ဟွမ်ဝမ်အာသည် ခုတင်ကို မှီထားရင်း ရင်ဘတ်အတွင်းမှ မအီမသာဖြစ်မှုကို ထိန်းချုပ်နေရသည်။ သူမ၏ လက်မှာ ဝမ်းဗိုက်ကို ပွတ်သပ်နေပြီး ပုံမပေါ်သေးသော အတွင်းမှ အသက်ဝိညာဉ်လေးကို ခံစားနေမိသည်။
သုကျွမ်းသည်တော့ ဟွမ်ဝမ်အာ၏ ဘေးတွင် ရပ်နေခဲ့ကာ စိတ်မလုံမလဲဖြစ်မှုကြောင့် အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထား၏။ သူမသည် ဟွမ်ဝမ်အာကို မော့ကြည့်လိုက်ရင်း တစ်ခုခုပြောချင်သော်လည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။
ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံနှစ်ချက် ထွက်ပေါ်လာခဲ့ကာ နန်ပါးထျန်း ဝင်ရောက်လာသည်။ နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ကြည့်လျက် မေး၏။
"ရှင်မ နေလို့သက်သာရဲ့လား"
ဟွမ်ဝမ်အာမှ ပြောသည်။
"သက်သာပါတယ်။ အတော်လေး သက်သာသွားပါပြီ။ ခေါင်းဆောင်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"
နန်ပါးထျန်းမှ ပြောသည်။
"ဟေး ငါတို့က ဇနီးမောင်နှံတွေပဲလေ၊ ဒီလိုတွေ အားနာနေဖို့ မလိုပါဘူး။ မင်း ညစာမစားရသေးတာ တွေ့လို့ ငါ မီးဖိုချောင်ကို ကိတ်မုန့်တချို့ လုပ်ခိုင်းထားတယ်။ စားကြည့်လိုက်ဦး"
နန်ပါးထျန်းမှ လက်ခုပ်တီးလိုက်ရာ အစေခံတစ်ဦးသည် အငွေ့တထောင်းထောင်း ထနေသော အနီရောင် ကိတ်မုန့်ပန်းကန်တစ်ခုကို အမြန် ယူဆောင်လာခဲ့သည်။
"ဒီကိတ်မုန့်တွေကို အခုလေးတင် မီးဖိုထဲက ထုတ်ယူလာတာပါ။ သခင်မ ပူတုန်းလေး စားလိုက်ပါ"
ဟွမ်ဝမ်အာ သူမ၏ရှေ့ရှိ အနီရောင်ကိတ်မုန့်များကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာသည် အကြောင်းပြချက် တိတိပပ မရှိပါဘဲ နှလုံးခုန်နှုန်းများ မြန်လာကာ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။ ဟွမ်ဝမ်အာ နန်ပါးထျန်းကို ကြည့်၍ ပြောလိုက်သည်။
"ခေါင်းဆောင် ဒါက ဘာကိတ်မုန့်လဲ။ ကျွန်မတို့ အမြဲစားနေကျပုံစံနဲ့ မတူဘူးပဲ"
နန်ပါးထျန်း ရယ်မောလိုက်သည်။
"ဟားဟား ရှင်မရဲ့၊ ဒါက မကြာခဏ စားလို့ရတဲ့အရာ မဟုတ်ဘူးကွ။ ဒါက ငါ အစေခံတွေကို ကုံကုမံနဲ့ လုပ်ဖို့ အထူးတလည် မှာကြားထားတဲ့ ကုံကုမံကိတ်မုန့်ပဲ"
ဟမ်
ထိုစကားတွင် ဟွမ်ဝမ်အာမှာ မျက်လုံးပြူးသွားရသည်။
ကုံကုမံ