အခန်း (၅၃၄)
Vol. 43 Ch. 534
အခန်း ၅၃၄
ကုံကုမံ
ဟွမ်ဝမ်အာသည် ဘာမှမသိနားမလည်သည့် ကြာပန်းဖြူလေး မဟုတ်ပါချေ။ သူမသည် အရာရာကို အတော်လေး နှံ့နှံ့စပ်စပ် သိရှိနားလည်ထားသူ ဖြစ်သည်။
အထူးသဖြင့် အိမ်တွင်းရေးရာ အရေးကိစ္စများနှင့် ပတ်သက်လျှင် ပို၍ပင် သိနားလည်သည်။
သူမ၏ ဟွမ်မိသားစုမှာ အလွန်တရာ ကြွယ်ဝချမ်းသာသည်ဟု မဆိုနိုင်သည့်တိုင် သူမ၏ ဖခင်တွင် ဇနီးမယားသုံးဦး ရှိခဲ့သည်။ သူမ၏ မိခင်မှာ ဒုတိယမြောက်ဇနီးဖြစ်ပြီး သူမကို ကိုယ်ဝန်ဆောင်ထားစဉ်က အလွန်ဂရုစိုက်ခဲ့ရသည်။
သူမ၏ မိခင်က သူမကို အမြဲ သတိပေးခဲ့ဖူးသည်အား ဟွမ်ဝမ်အာ မမေ့လျော့ပါချေ။ သူမ၏ မိခင်သည် အိမ်တော်၏ အကြီးဆုံးသခင်မမှ သူမအား အဆိပ်ခတ်မည်ကို စိုးရိမ်သောကြောင့် ကတိုးနှင့် ကုံကုမံတို့ကို ဘယ်သောအခါမျှ သူမ၏ အနီးအနားသို့ ရောက်မလာစေရန် အထူးသတိထားခဲ့ရသည် ဟူ၏။
ကုံကုမံဟူသည် ကိုယ်ဝန်ဖျက်ချဆေးဖြစ်ပြီး ယခုတွင် နန်ပါးထျန်းက ၎င်းကို အသုံးပြု၍ သူမအတွက် ကိတ်မုန့်လုပ်ပေးခိုင်းခဲ့သည်။
ဟွမ်ဝမ်အာသည် နန်ပါးထျန်း၏ ယုတ်မာသော ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွားခဲ့ရာ နှလုံးခုန်နှုန်းမှာ အပြင်းအထန် လျင်မြန်လာခဲ့သည်။
'ဒုတ်... ဒုတ်... ဒုတ်...'
ထိုအချိန်၌ နန်ပါးထျန်းသည် မျက်မှောင်ကြုတ်လျက် ဟွမ်ဝမ်အာ၏ မျက်နှာအမူအရာကို မလွတ်တမ်း စောင့်ကြည့်နေခဲ့သည်။
နန်ပါးထျန်းသည် သူမကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ဟွမ်ဝမ်အာ သိသည်။ နန်ပါးထျန်းသည် ဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် ပြင်ဆင်ထားကြောင်းကိုလည်း သူမ နားလည်သည်။
ပထမဖြစ်နိုင်ခြေမှာ– အကယ်၍ ဟွမ်ဝမ်အာသာ ကိုယ်ဝန်ရှိနေလျှင် သူမသည် ကုံကုမံကိတ်ကို စားဝံ့မည် မဟုတ်ပေ။ အကယ်၍ စားလိုက်လျှင်လည်း ကလေးမှာ ကျိန်းသေ ပျက်ကျသွားမည်ဖြစ်ပြီး သူမသည်လည်း ပြင်းထန်သော အပြစ်ပေးမှုကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဒုတိယဖြစ်နိုင်ခြေမှာ– အကယ်၍ ဟွမ်ဝမ်အာတွင် ကိုယ်ဝန်မရှိပါက ကုံကုမံသည် ခန္ဓာကိုယ်ကို နွေးထွေးစေသော အားဆေးတစ်မျိုး ဖြစ်နေပြန်ရာ၊ နန်ပါးထျန်း၏ သံသယကိုလည်း ရှင်းလင်းပြီးသား ဖြစ်သွားမည် ဖြစ်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
နန်ပါးထျန်းသည် ထိုသို့အတွေးဖြင့် ဟွမ်ဝမ်အာကို စူးစိုက်ကြည့်နေခဲ့သည်။
ဟွမ်ဝမ်အာ၏ အမှန်တကယ်ပင် စိတ်ဓာတ်ကြံ့ခိုင်လှပေသည်။ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော်လည်း သူမသည် အတော်လေး တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်ကာ ခေါင်းထဲ၌ တုံ့ပြန်မည့် နည်းလမ်းများကို အလျင်အမြန် စဉ်းစားနေခဲ့သည်။
သူမ၏ အပြင်ပန်းအမူအရာကို ကြည့်ရုံမျှဖြင့် ကြီးမားသော ပြဿနာတစ်ခုရှိနေကြောင်း မည်သို့မျှ တပ်အပ်သိနိုင်လိမ့်မည် မဟုတ်ပေ။
သုကျွမ်းမှာမူ စိုးရိမ်လွန်းသဖြင့် ချွေးများပင် ပြန်နေချေပြီ။ သို့သော် သုကျွမ်းသည် အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။
"ခေါင်းဆောင်၊ သခင်မက ဒီနေ့ သိပ်ပြီး ခံတွင်းမကောင်းလို့ပါ။ ခုနတင် သစ်သီးတချို့ စားထားပါသေးတယ်..."
ထိုအခါ နန်ပါးထျန်းသည် သုကျွမ်းကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ နူးညံ့ဟန်ရှိသော်လည်း အန္တရာယ်ရှိသော အချက်ပြမှုများ ပါဝင်နေသည်။ သုကျွမ်းမှာ သားရဲတစ်ကောင်၏ အကြည့်ကို ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး ထိတ်လန့်သွားကာ နောက်သို့ နှစ်လှမ်းခန့် မသိမသာ ဆုတ်သွားမိလေသည်။
နန်ပါးထျန်းမှ သုကျွမ်းကို တစ်ခုခုပြောရန် ပြင်လိုက်တွင် ဟွမ်ဝမ်အာထံမှ စကားသံ ထွက်ပေါ်လာသည်။
"သုကျွမ်း၊ ငါနဲ့ ခေါင်းဆောင်နဲ့ စကားပြောနေတယ်လေ။ မင်းက ဘာလို့ ဝင်ပါရတာလဲ။ မင်းက အတော်လေး စည်းကျော်တတ်လာပြီပဲ"
"သွား.. ခေါင်းဆောင် ယူလာပေးတဲ့ မုန့်တွေကို ယူလာခဲ့စမ်း။ ငါ သေချာ မြည်းစမ်းကြည့်ချင်တယ်"
ဟွမ်ဝမ်အာသည် သုကျွမ်းကို ဒေါသတကြီး ဆူပူလိုက်သည်။ သုကျွမ်းသည် ဟွမ်ဝမ်အာကို အံ့အားသင့်စွာ ကြည့်လာခဲ့၏။ သူမ၏ မျက်နှာထက်တွင် ဝေခွဲမရဖြစ်နေမှုများ ပေါ်လွင်နေခဲ့သည်။
ထိုအခိုက်အတန့်၌ ဟွမ်ဝမ်အာသည် ပြုံးလိုက်ပြီး နန်ပါးထျန်း၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ရင်း ပြောသည်။
"ခေါင်းဆောင်ရဲ့ စေတနာကို ကျွန်မက ဘယ်လိုလုပ်ပြီး အလဟဿ အဖြစ်ခံပါ့မလဲ။ ကျွန်မ ဒီနေ့ အစားပိုစားချင်နေတာ၊ ခေါင်းဆောင် ယူလာပေးတာတွေ အကုန်ကုန်အောင် စားလိုက်ရင် ကောင်းမလားပဲ”
နန်ပါးထျန်း သတိပြန်ဝင်လာခဲ့ကာ ဟွမ်ဝမ်အာကို သံသယအပြည့်ဖြင့် ကြည့်လိုက်ပြီး ပြောသည်။
"ရှင်မက တကယ် စားချင်တာလား"
ဟွမ်ဝမ်အာမှ ပြုံးလျက် ပြန်ပြောသည်။
"ဒါပေါ့။ ခေါင်းဆောင်ရဲ့ စေတနာကို ကျွန်မ ကောင်းကောင်း သိတာပေါ့။ ယူလာခဲ့ပါ"
"အာ... ဟုတ်ကဲ့"
သုကျွမ်းသည် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားမိသည်။ သူမ တကယ်ကို မလုပ်ချင်ပါချေ။ သခင်မက ဤရင်သွေးလေးကို မည်မျှအထိ တန်ဖိုးထားကြောင်း၊ မည်မျှအထိ မွေးဖွားချင်နေကြောင်း သူမ သိသည်။ သို့သော် ယခုမူ... ကုံကုမံနှင့် လုပ်ထားသော ဤမုန့်များကို သခင်မသည် အမှန်တကယ် စားလိုက်တော့မည်လော။
ဒါက ကုံကုမံလေ၊ ကိုယ်ဝန်ဖျက်ချဆေးပဲလို့
သုကျွမ်းသည် လက်များ တုန်ယင်လျက် ကုံကုမံကိတ်မုန့်ပန်းကန်ကို ယူဆောင်လာခဲ့သည်။
ကုံကုမံကိတ်ဟူသည် မြတ်လေးပန်းကိတ်နှင့် ပြုလုပ်နည်းဆင်တူကာ ဂျုံမှုန့်နှင့် ကောက်ညှင်းမှုန့်ကို အဓိက သုံးထားပြီး သကြားနှင့် ကုံကုမံတို့ကို ထပ်လောင်းထည့်ထားခြင်း ဖြစ်သည်။
ဤကုံကုမံကိတ်မှာ ကုံကုမံပမာဏ အတော်လေး များပြားပုံရကာ ကိတ်မုန့်တစ်ခုလုံး နီရဲနေ၏။ ကုံကုမံများကို ရက်ရက်ရောရော သုံးထားကြောင်း သိသာလှသည်။
မုန့်ကိုလည်း လှပစွာ ပြုလုပ်ထားပြီး မီးခြစ်ဆံဘူးအရွယ်အစားခန့် လှီးဖြတ်ကာ ပန်းကန်ပေါ်တွင် သုံးထပ်စီ၍ အပေါ်မှ ဆီးသီးခြောက်ဖြင့် အလှဆင်ထားသည်။
အသွင်အပြင်၊ အနံ့နှင့် အရသာ အားလုံး ပြည့်စုံလှသော်လည်း ဟွမ်ဝမ်အာ၏ မျက်လုံးထဲတွင်မူ ၎င်းမှာ အလွန်ပြင်းထန်သော အဆိပ်ဆေးနှင့် မခြားပါချေ။
ထိုစဉ် နန်ပါးထျန်းသည် သုကျွမ်း၏ လက်ထဲမှ ပန်းကန်ကို လှမ်းယူကာ ဟွမ်ဝမ်အာ၏ ရှေ့သို့ ချက်ချင်း တိုးပေးလိုက်သည်။
"ဝမ်အာ"
ဟင်
ဟွမ်ဝမ်အာ နန်ပါးထျန်းကို ကြည့်လိုက်သည်။
နန်ပါးထျန်းမှ ပြောသည်။
"အပြင်က အစေခံတွေ မင်းအကြောင်း ဘာပြောနေကြလဲ သိလား"
ဟွမ်ဝမ်အာ ပြန်မေးလိုက်သည်။
"သူတို့ ဘာပြောနေကြလို့လဲ"
နန်ပါးထျန်းမှ ပြောသည်။
"သူတို့က မင်းမှာ ကိုယ်ဝန်ရှိနေလို့ အော့အန်တာလို့ ပြောနေကြတယ်။ ဝမ်အာ မင်းမှာ ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ပါဘူးနော်"
ဒုန်း
ဟွမ်ဝမ်အာ၏ နှလုံးခုန်နှုန်းမှာ တစ်ချက်မျှ စည်းချက်ပျက်ယွင်းသွား၏။ ဟွမ်ဝမ်အာသည် အပြုံးမပျက်ဘဲ ဟန်ဆောင်လိုက်သည်။
"ဟား ခေါင်းဆောင် ရှင် ဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်မမှာ ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ။ တခြားသူတွေလျှောက်ပြောတဲ့ ကောလာဟလတွေကို ရှင် မယုံသင့်ပါဘူး"
"အင်း... အဲဒီ ကောလာဟလ ဖြန့်တဲ့သူကိုတော့ ငါ အရှင်လတ်လတ် မြေမြှုပ်ပစ်လိုက်ပါပြီ။ တကယ်တော့ ငါ ပြောချင်တာက..."
"ဝမ်အာ မင်း ငါ့အကြောင်း သိပါတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က သားသမီးမရနိုင်ဘူး။ အဲဒီတော့ မင်းမှာ တခြားသူရဲ့ ရင်သွေးရှိနေတာဆိုရင်တောင် ကိစ္စမရှိပါဘူး။ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ အဲဒီကလေးရဲ့အဖေက ဘယ်သူလဲဆိုတာ ပြောပြရင် မင်းကိုရော ကလေးကိုရော ငါ ဘာမှမလုပ်ပါဘူး"
"ပြီးတော့ ဒီကလေးကို ငါ့ရဲ့ သားသမီးအရင်းလို သဘောထားပေးမယ်။ အနာဂတ်မှာ သူက ငါ့ရဲ့ သားဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ အမွေတွေအားလုံးက ဒီကလေးအပိုင် ဖြစ်လာလိမ့်မယ်"
"ကဲ ဝမ်အာ၊ မင်း နားလည်ရဲ့လား"
နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို အလွန်ပင် လေးလေးနက်နက် ကြည့်နေခဲ့သည်။
မသိလျှင် စိတ်ရင်းအမှန်ဖြင့် ဝန်ခံပြောဆိုနေသယောင်ပင်။
နန်ပါးထျန်းသည် သူ့မှာ သားသမီး မရနိုင်သော်လည်း ဤကလေးကို သူ၏သားအဖြစ် သတ်မှတ်ရန် ဝန်မလေးကြောင်း၊ ဟွမ်ဝမ်အာကိုလည်း အန္တရာယ်မပြုကြောင်း၊ ဖောက်ပြန်သူ အမျိုးသားကိုသာ သိခွင့်ရလျှင် ထိုအမျိုးသားကို သတ်ပစ်ရုံသာ ပြုလုပ်မည်ဖြစ်ကြောင်း အဓိပ္ပာယ်ဖြင့် ပြောနေခဲ့သည်။
၎င်းမှာ အလွန် ဆွဲဆောင်မှုရှိသည့် ကမ်းလှမ်းချက်တစ်ခုဟု ထင်မှတ်ရနိုင်သည်။
သို့သော် ဟွမ်ဝမ်အာသည် နန်ပါးထျန်း၏ ရက်စက်ကြမ်းကြုတ်မှုကို သိရှိထားရာ နန်ပါးထျန်း၏ စကားများကို လုံးဝ မယုံကြည်နိုင်ပါချေ။
ထို့ပြင် နန်ပါးထျန်းက သူမ၏ ရင်သွေးကို အမှန်တကယ် လိုချင်နေသည် ဆိုဦးတော့၊ သူမသည် ဘယ်တော့မှ သူ့ကို ပေးမည် မဟုတ်ပေ။ သူမ အမုန်းဆုံးသော အမျိုးသားကို သူမ၏ ကလေးက အဖေဟု ခေါ်ဆိုရမည့် အဖြစ်မျိုးကို သူမ ဘယ်တော့မှ အဖြစ်မခံနိုင်ပါချေ
ဟွမ်ဝမ်အာသည် စိတ်မကောင်းဖြစ်သွားဟန်သော မျက်နှာအမူအရာဖြင့် နန်ပါးထျန်းကို ကြည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်က ကျွန်မကို မယုံဘူးလား"
နန်ပါးထျန်းမှ ပြန်ပြောသည်။
"မဟုတ်ပါဘူး။ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနေတာပါ"
"အမှန်အတိုင်း ပြောလိုက်ပါ။ ဒါဆိုရင် မင်း ဒီကုံကုမံကိတ်ကို စားဖို့ မလိုတော့ဘူး။ မင်း သိတဲ့အတိုင်းပဲ၊ ဒီကုံကုမံကိတ်က သာမန်လူတွေအတွက် ဘာမှမဖြစ်ပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက စားမိရင်တော့ အန္တရာယ်ရှိနိုင်တယ်လေ"
ဟွမ်ဝမ်အာသည် နန်ပါးထျန်းကို စိုက်ကြည့်လိုက်သည်။
"ခေါင်းဆောင် ကျွန်မက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းနေသူပါ။ ရှင် ကျွန်မကို ဒီလောက်တောင် မယုံကြည်ဘူးလား။ ကုံကုမံနဲ့ လုပ်ထားတဲ့ ကိတ်မုန့်လေးတစ်ခုပဲ မဟုတ်လား ကောင်းပြီ၊ ကျွန်မ စားပြပါ့မယ်"