အခန်း (၅၃၆)
Vol. 43 Ch. 536
အခန်း ၅၃၆
နန်ပါးထျန်းမှ မေးသည်။
"ရှားပါးတယ်ဟုတ်လား။ ဘာရောဂါမို့လို့လဲ"
သမားတော်လျိုမှ ပြန်ဖြေသည်။
"ကိုယ်ဝန်တုရောဂါပဲ"
"ဘာ"
နန်ပါးထျန်း ခဏမျှ ကြောင်အသွား၏။ သမားတောလျိုမှ ဆက်ပြောသည်။
"ဒီရောဂါက အင်မတန်မှ ရှားပါးပါတယ်။ သူ့ကို သွေးခုန်နှုန်းစမ်းသပ်ကြည့်ရင် ကိုယ်ဝန်ရှိနေတဲ့ မင်္ဂလာသွေးခုန်နှုန်းနဲ့ ထပ်တူနီးပါး တူညီနေတတ်ပြီး အော့အန်တာတွေလည်း ဖြစ်တတ်တယ်။ လူကလည်း တကယ့်ကို နေမကောင်းဘဲ မသက်မသာ ခံစားရတာမျိုးပါ"
"ပြီးတော့လည်း သမားတော် အယောက်တစ်ရာကို သွားမေးကြည့်ရင်တောင် အဲဒီတစ်ရာလုံးက သခင်မမှာ ကိုယ်ဝန်ရှိနေတယ်လို့ပဲ တညီတညွတ်တည်း ပြောကြပါလိမ့်မယ်”
"တကယ်တော့ အဲဒါက မဟုတ်ပါဘူး။ ဒါဟာ ခန္ဓာကိုယ်ထဲကို အပူအပုပ်တွေ ဝင်ရောက်လာပြီး အတွင်းပိုင်း ခြောက်သွေ့လာရာကနေ ဖြစ်ပေါ်လာတာပါ။ သခင်မကို သေချာ ဂရုစိုက်ပြုစုဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ သခင်မရဲ့ ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်”
ထို့နောက် ဆက်ပြောသည်။
"ခဏနေရင် ကျွန်တော် သခင်မကို အပ်စိုက်ကုထုံးနှစ်ခုလောက် လုပ်ပေးခဲ့ပါ့မယ်။ တစ်လ၊ နှစ်လလောက် အနားယူလိုက်ရင်တော့ အကုန်လုံး ပြန်ကောင်းသွားမှာပါ။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင် တခြားသမားတော်တွေကို ထပ်ပင့်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ စမ်းသပ်ချက်ကလည်း မှားကောင်းမှားနေနိုင်ပါတယ်”
"အို မလိုပါဘူး။ သမားတော်ကြီးလျိုရဲ့ စမ်းသပ်ချက် ရှိနေမှတော့ မျန့်ရွှေတစ်ခုလုံးမှာ ဒီရောဂါကို နောက်တစ်ကြိမ် ထပ်ပြီး စမ်းသပ်နိုင်မယ့်သူ မရှိတော့ပါဘူး"
"ဒါပေမဲ့ သမားတော်လျို၊ ကိုယ်ဝန်တုရောဂါက ဗိုက်နာတာမျိုးလည်း ဖြစ်တတ်လို့လား"
သမားတော်လျိုမှ ပြောသည်။
“ခေါင်းဆောင် သခင်မကို ကုံကုမံတွေ ကျွေးလိုက်တယ် မဟုတ်လား"
နန်ပါးထျန်းမှ ပြန်မေးသည်။
"မကျွေးသင့်လို့လား"
သမားတော်လျိုမှ ပြန်ပြောသည်။
"စားလို့ရပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုးတော့ မဟုတ်ဘူးလေ။ ကုံကုမံကို ထမင်းစားသလို စားလို့ ဘယ်ရပါ့မလဲ"
"သခင်မက နဂိုကတည်းက ခန္ဓာကိုယ် အားနည်းနေတာပါ။ အဲဒီအပြင် ကိုယ်ဝန်တုရောဂါရဲ့ ဝေဒနာကလည်း ရှိနေသေးတယ်။ အခုလိုမျိုး ကုံကုမံကို ထမင်းလိုမျိုး စားခိုင်းလိုက်မှတော့… မကျန်းမာနေတဲ့လူ မပြောနဲ့၊ ကျန်းမာတဲ့လူတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
ထိုအခါ နန်ပါးထျန်းမှာ ဆွံ့အသွားတော့သည်။ ထို့နောက် အလောတကြီး မေး၏။
"သမားတော်လျို ဆိုလိုတာက သခင်မက ကုံကုမံတွေ အများကြီး စားမိသွားတာေကြာင့်ပေါ့ ဟုတ်လား”
သမားတော်လျိုမှ ပြောသည်။
"ဟုတ်ပါတယ်၊ ကုံကုမံက အပူဓာတ်ရှိပြီး သခင်မရဲ့ ခန္ဓာကိုယ်က ဒီလိုအားဆေးမျိုးကို လက်ခံနိုင်လောက်အောင် ကျန်းမာသန်စွမ်းမှု မရှိပါဘူး။ ကျွန်တော် အချိန်မီရောက်လာလို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ တကယ် အကြီးအကျယ် ပြဿနာတက်သွားမှာပဲ"
ထိုအခါ နန်ပါးထျန်းမှ တောင်းဆိုသည်။
"သမားတော်လျို၊ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဇနီးကို ကယ်ပေးပါဦး"
သမားတော်လျိုမှ ပြောသည်။
"အင်း... ခေါင်းဆောင် စိတ်မပူပါနဲ့။ ကျွန်တော် အပ်စိုက်ကုထုံးနည်းနဲ့ သခင်မရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးပါ့မယ်"
ထိုသို့ပြောပြီးနောက် သမားတော်လျိုမှ ပြောလိုက်သည်။
"သခင်မ၊ အပေါ်ဝတ်အင်္ကျီကို ခဏလောက် ချွတ်ပေးပါဦး၊ ပခုံးပေါ်မှာ အပ်စိုက်ရမယ့် အချက်အချာနေရာ နှစ်ခု ရှိလို့ပါ"
သမားတော်လျို အခန်းပြင်သို့ ခဏထွက်သွားစဉ်တွင် ဟွမ်ဝမ်အာသည် ပခုံးဖော်ထားသည့် ရင်ပြတ်ခါးတိုအင်္ကျီကို လဲလှယ်ဝတ်ဆင်ကာ ခုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
ထိုအခါ သမားတော်လျိုသည် အပ်စိုက်အပ်များကို ထုတ်ယူကာ ဟွမ်ဝမ်အာ၏ ပခုံးနှင့် လည်ပင်းနောက်ဘက်ရှိ နေရာအချို့သို့ ထိုးစိုက်ကုသသည်။
အချိန်ခဏလေးအတွင်း၌ပင် ဟွမ်ဝမ်အာ၏ ဝမ်းဗိုက်အတွင်းရှိ ရစ်ပတ်နာကျင်မှုများ ငြိမ်သက်သွားကာ ကုံကုမံ၏ အာနိသင်များလည်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ဆုံးတွင်တော့ သူမ သက်ပြင်းချနိုင်လေပြီ။
နန်ပါးထျန်းသည် ခဏမျှ စောင့်ကြည့်နေခဲ့သည်။ မကြာမီ လက်အောက်ငယ်သားတစ်ဦး ရောက်လာပြီး တစ်စုံတစ်ရာသတင်းပို့လာရာ နန်ပါးထျန်းလည်း အပြင်ထွက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ဟွမ်ဝမ်အာ မေးလိုက်သည်။
"သမားတော်လျို၊ ရှင် ဘာလို့ ကျမကို ကူညီတာလဲ"
ဟွမ်ဝမ်အာမှာ သမားတော်လျိုသည် လိမ်ညာပြီး သူမကို ကူညီခဲ့သည်ကို သိနေသည် မဟုတ်ပါလော။
သမားတော်လျိုမှ ပြောသည်။
"ကျွန်တော့်မှာ ကျေးဇူးကြွေး ပြန်ဆပ်ရမယ့် တာဝန်ရှိနေလို့ပါ။ ပြီးတော့ ကျားဖြူခန်းမရဲ့ ချန်ကျိုစစ်က မင်းအတွက် စကားပါးလိုက်သေးတယ်။"
"ရှင်"
ဟွမ်ဝမ်အာ အံ့ဩတုန်လှုပ်သွား၏။
သမားတော်ကြီးလျိုမှ ဆက်ပြောသည်။
"ချန်ကျိုစစ်က ပြောလိုက်ပါတယ်၊ သခင်မ မစိုးရိမ်ပါနဲ့တဲ့၊ မကြာခင်မှာ သခင်မကို ခေါ်ထုတ်မယ်လို့ ပြောလိုက်ပါတယ်"
ထိုအခါ ဟွမ်ဝမ်အာသည် ခါးသီးစွာ ပြုံးလိုက်သည်။
"နန်ပါးထျန်းက ကျွန်မကို သူခိုးတစ်ယောက်လို စောင့်ကြည့်နေတာ။ ပြီးတော့ ဒီကိစ္စပြီးရင် သူ့ရဲ့ ယုံကြည်မှုကို ရဖို့ ပိုခက်သွားတော့မှာ၊ ကျွန်မ ဘယ်လိုလုပ်ပြီး လွတ်အောင် ပြေးနိုင်မှာလဲ"
သမားတော်ကြီးလျိုသည် ထိုစကားကို ဘာမှ ပြန်မပြောပေ။ ထို့နောက်တွင်မှ ပြောသည်။
"အင်း... ရပြီ၊ ကျွန်တော် ကုံကုမံရဲ့ ဆေးအာနိသင်တွေကို အကုန် ဖယ်ရှားပေးပြီးပြီ၊ ကလေး အသက်အန္တရာယ် လွတ်မြောက်သွားပါပြီ"
"သမားတော်လျိုကို ကျေးဇူးတင်ပါတယ်"
ဟွမ်ဝမ်အာမှ အလျင်အမြန် ကျေးဇူးတင်စကား ဆိုသည်။
သမားတော်လျိုမှ ဆက်ပြောသည်။
"မှတ်ထားပါ။ အကယ်၍ ကိုယ်ဝန်ကြောင့် အော့အန်ချင်သလို ခံစားရရင် လက်ကောက်ဝတ်က အတွင်းသွေးကြောမှတ်နေရာကို နှိပ်ပြီး သက်သာအောင် လုပ်ပါ”
"အတွင်းသွေးကြောမှတ်”
ဟွမ်ဝမ်အာ နားမလည်ပေ။ သမားတော်လျိုက သူ၏ လက်ကောက်ဝတ် အတွင်းပိုင်းမှ နှစ်လက်မခန့်အကွာရှိ နေရာကို ညွှန်ပြသည်။
"ဒီနေရာပါ၊ ဒီနေရာလေးကို ညင်ညင်သာသာလေး ပွတ်ပေးလိုက်ရင် ခဏအတွင်း သက်သာသွားပါလိမ့်မယ်"
ပြောပြီးသည်နှင့် သမားတော်လျိုသည် ထရပ်လိုက်သည်။
"ကဲ ကျွန်တော့်ရဲ့ တာဝန်လည်း ပြီးဆုံးပြီဆိုတော့ ပြန်လိုက်ပါဦးမယ်”
သမားတော်လျို ထွက်ခွာရန် ပြင်လိုက်လျှင် ဟွမ်ဝမ်အာမှ ပြောသည်။
"သမားတော်လျို၊ ချန်ကျိုစစ်ကို စကားတစ်ခွန်းလောက် ပါးပေးပါဦး”
သမားတော်လျို ဟွမ်ဝမ်အာကို လှည့်ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ပြောသည်။
"သူ့ကို ပြောပေးပါ... ဘာမှမဟုတ်တော့ပါဘူး၊ ထားလိုက်ပါတော့”
ဟွမ်ဝမ်အာသည် သူမ၏ အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုများအားလုံးကို ဖွင့်ဟပြောဆိုရန် စဉ်းစားခဲ့သည်။ သူမသည် အမျိုးသားတစ်ယောက်၏ ခိုင်မာသော ပခုံးကို အမှီပြုရန် အသည်းအသန် လိုအပ်နေသော်လည်း ဤအချိန်တွင် ချန်ကျဲ့ကို အန္တရာယ်ထဲ ဆွဲမသွင်းချင်ပါချေ။
အကယ်၍ ဤအခက်အခဲကို သူမ တစ်ဦးတည်း မကျော်လွှားနိုင်သောကြောင့် မဟုတ်ခဲ့လျှင် ချန်ကျဲ့ကို သူမ ကိုယ်ဝန်ရှိနေသည့်အကြောင်းပင် ပြောပြခဲ့မည် မဟုတ်ပါချေ။
သူမသည် ကလေးမွေးဖွားပြီးသည်နှင့် မည်သူမျှ မသိသော ရွာငယ်လေးတစ်ရွာတွင် ပုန်းအောင်းကာ ကလေးကို တစ်ဦးတည်း ပြုစုပျိုးထောင်ရန်ပင် တွေးတောခဲ့ဖူးသည်။
သမားတော်တစ်ဦးဖြစ်သည့်အလျောက် ဘဝအခြေအနေများစွာနှင့် ခွဲခွာခြင်းများကို မြင်တွေ့ခဲ့ဖူးသော သမားတော်လျိုသည် ဘာမှ ထပ်မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
သူသည် သမားတော်ပိုင်အပေါ် တင်ရှိနေသော ကျေးဇူးကြွေးကို ဆပ်ပြီးပြီဟု မှတ်ယူလိုက်သည်။
ထို့ကြောင့် သူသည် နောက်ကြောင်းပြန်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ အပြင်သို့ ရောက်သော် နန်ပါးထျန်းက အပြေးအလွှား ရောက်လာပြီး မေးမြန်းသည်။
"သမားတော်လျို၊ ဝမ်အာ ဘာမှမဖြစ်တော့ဘူးမလား"
သမားတော်လျိုမှ ပြောသည်။
"အင်း... ဘာမှမဖြစ်တော့ပါဘူး၊ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သခင်မက နောက်ထပ် နှစ်လလောက်အထိ ငြိမ်ငြိမ်သက်သက် အနားယူရမှာဖြစ်လို့ ဘယ်သူမှ အနှောင့်အယှက် မပေးသင့်ပါဘူး။ ပြီးတော့ အစားအသောက်ကိုလည်း ပေါ့ပေါ့ပါးပါးပဲ ကျွေးရပါမယ်၊ ကုံကုမံလို အားဆေးမျိုးကိုလည်း ထမင်းကျွေးသလို ထပ်မကျွေးပါနဲ့တော့"
"နားလည်ပါပြီ နားလည်ပါပြီ"
နန်ပါးထျန်းသည် နှိမ့်ချစွာဖြင့် လက်ခံသည်။ ထိုအခါ သမားတော်လျိုမှ ပြောသည်။
" ဒါဆိုရင်တော့ တခြားဘာမှ မှာစရာ မရှိတော့ပါဘူး"
ထို့နောက် ထပ်ပြောသည်။
"ခေါင်းဆောင်မှာ တခြား ခိုင်းစေစရာ ရှိပါသေးလား"
နန်ပါးထျန်း ခဏမျှတွေဝေသွား၏။ ထို့နောက် ထပ်မံ မေးမြန်းလာသည်။
"သမားတော်လျို၊ သခင်မမှာ ကိုယ်ဝန် မရှိတာ သေချာရဲ့လား"
သမားတော်လျို အတည်ပြုပြောဆိုလိုက်သည်။
"သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်တာလည်း မှားကောင်းမှားနိုင်တာပဲမို့ ခေါင်းဆောင်အနေနဲ့ တခြားသမားတော်တွေကို ခေါ်ပြီး သွေးခုန်နှုန်း စမ်းခိုင်းနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တာတော့ သူတို့တွေလည်း ကိုယ်ဝန်ရှိတဲ့ မင်္ဂလာသွေးခုန်နှုန်းကိုပဲ စမ်းမိကြပါလိမ့်မယ်။ တကယ်တော့ အဲဒါက လူကို လှည့်စားတဲ့သွေးခုန်နှုန်းပဲ ဖြစ်မှာပါ။ ကောင်းပြီ၊ ကျွန်တော် ပြောသင့်တာတွေ အကုန်ပြောပြီးပါပြီ။ ခေါင်းဆောင် ဆန္ဒရှိရင်တော့ တခြားသူတွေကို စမ်းကြည့်ခိုင်းနိုင်ပါတယ်"
ထိုသို့ပြောပြီးနောက် သမားတော်လျိုသည် ခေါင်းညိတ်နှုတ်ဆက်ကာ ဆေးသေတ္တာကို ကိုင်ဆွဲလျက် ထွက်ခွာသွားတော့သည်။
သမားတော်လျို ထွက်ခွာသွားသည်ကို ကြည့်ရင်း နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ဘေးရှိလူများကို ညွှန်ကြားလိုက်သည်
"မြို့ထဲက နာမည်ကြီး သမားတော်တချို့ကို ခေါ်လာခဲ့စမ်း။ သမားတော်ကြီးလျို တစ်ယောက်တည်းရဲ့ စကားကိုပဲ နားထောင်လို့ မဖြစ်ဘူး"
"ဟုတ်ကဲ့"
လက်အောက်ငယ်သားသည် အမိန့်ကို ကြားသည်နှင့် တခြားသမားတော်များကို သွားရောက်ပင့်ဆောင်ရန် ထွက်ခွာသွားသည်။
ထိုစဉ် သမားတော်လျိုသည် ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်မှ အလျင်အမြန် ထွက်ခွာလာခဲ့ရာ အနီးအနားရှိ ထောင့်ချိုးတစ်ခုတွင် စောင့်ဆိုင်းနေသော ချန်ကျိုစစ်ကို တွေ့လိုက်ရသည်။ သမားတော်လျိုသည် ဘာမှမပြောဘဲ ခဏမျှ ဆက်လျှောက်သွားခဲ့သည်။ ချန်ကျဲ့သည် အနောက်မှ အမီလိုက်လာသည်။
"ဦးလေးလျို"
ချန်ကျဲ့ သမားတော်လျိုကို နှုတ်ဆက်လိုက်သည်။
သမားတော်လျိုမှ ချန်ကျဲ့ဘက်သို့ လှည့်ကြည့်လာကာ ပြောသည်။
"မင်း အပ်နှံထားတဲ့ အလုပ်ကို ငါ အောင်မြင်အောင် လုပ်ပေးခဲ့ပြီ။ သခင်မရဲ့ ကိုယ်ဝန် သိသာမလာခင် ဒီနှစ်လအတွင်းမှာတော့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ဘူး"