← Chapters

အခန်း (၅၃၇)

Vol. 43 Ch. 537

အခန်း (၅၃၇)

Vol. 43 Ch. 537

အခန်း ၅၃၇

ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။

"နန်ပါးထျန်းက ဒီလောက်လွယ်လွယ်နဲ့ ယုံကြည်မှာ မဟုတ်ဘူး။ သူ မြို့ထဲက တခြားသမားတော်တွေကို ခေါ်ပြီး သခင်မကို စမ်းသပ်ခိုင်းလိမ့်မယ်"

လျိုယီးရှိုသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပြန်ပြောသည်။

"ဟမ့် အဲဒါဘာအရေးလဲ။ ဘယ်သူက ငါ့ရဲ့ ရောဂါရှာဖွေမှုလဒ်ကို ပြောင်းလဲရဲမှာလဲ။ စိတ်မပူနဲ့၊ ဘာအမှားအယွင်းမှ မဖြစ်စေရဘူး။ ဒါပေမဲ့ နှစ်လကြာပြီးရင်တော့ မင်းဘာမင်း နည်းလမ်းရှာရလိမ့်မယ်"

ထိုစကားကို ကြားလျှင် ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလျို"

လျိုယီးရှိုက သက်ပြင်းချလေသည်။

"အင်း... မင်းရဲ့ ဆရာရော သူ နေကောင်းရဲ့လား"

ချန်ကျဲ့ အချိန်ခဏမျှ ကြောင်အသွားပြီးမှ ပြန်ဖြေလိုက်သည်။

"အားလုံး အဆင်ပြေပါတယ်။ ဆရာက ရှန့်နုံတောင်ကို ခရီးနှင်ခဲ့ရတာကြောင့် နည်းနည်း ပင်ပန်းနေရုံပါပဲ"

လျိုယီးရှိုမှ ပြောသည်။

"ဪ.. အဲဒါဆိုရင်တော့ ကောင်းတာပေါ့၊ ကောင်းတာပေါ့"

ချန်ကျဲ့ မေးလိုက်သည်။

"ဦးလေးလျို၊ ဦးလေးကို ကျွန်တော့်ဆရာနဲ့ တွေ့ဖို့ စီစဉ်ပေးရမလား"

လျိုယီးရှိုမှ ပြောသည်။

"မလိုပါဘူး။ ငါနဲ့ သူ့ကြားမှာ ပြောစရာစကားတွေလည်း မကျန်တော့ပါဘူး။ အစကတော့... ထားပါတော့၊ ဒါတွေကို ပြန်မပြောရအောင်။ ငါ အရင်သွားနှင့်တော့မယ်"

ချန်ကျဲ့သည်တော့ သိချင်စိတ်ပြင်းပြစွာဖြင့် ကျန်ရစ်ခဲ့သည်။ သူ၏ဆရာနှင့် ဤလျိုယီးရှိုတို့ကြားတွင် ဇာတ်လမ်းတစ်ခုခု ရှိခဲ့ပုံရသော်လည်း သူ ဘာမျှမသိရချေ။

မည်သို့ဖြစ်စေ ဤအခြေအနေမှာ ထိန်းချုပ်နိုင်သေးသည်။ အနည်းဆုံးတော့ နှစ်လခန့် အချိန်ရသွားပြီ မဟုတ်ပါလော။

ထိုနှစ်လအတွင်းတွင် သူသည် နန်ပါးထျန်းဟူသော ဒုက္ခကောင်ကို အမြစ်ပြတ်ရှင်းလင်းပစ်ရန် လိုအပ်ပေသည်။ ဟွမ်ဝမ်အာနှင့် သူမ၏ ဗိုက်ထဲမှ ရင်သွေးလေးကို ချန်ကျဲ့ ဘာအန္တရာယ်မှ အဖြစ်မခံနိုင်ပါချေ။

ချန်ကျဲ့သည် ထိုသို့တွေးတောရင်း လှည့်ထွက်သွားခဲ့သည်။

ထိုအချိန်၌ နန်ပါးထျန်းသည် လက်မလျှော့သေးဘဲ မြို့ထဲရှိ သမားတော်များအား အကြီးအငယ်မကျန် ညတွင်းချင်း လိုက်ပင့်ခိုင်းနေခဲ့သည်။

သမားတော်များသည် ညသန်းခေါင်အချိန်ကြီး ဆင့်ခေါ်ခံရသဖြင့် မျက်နှာမကောင်းကြဘဲ သူတို့အား လာရောက်ပင့်ဆောင်သူကို မေးကြသည်။

“ခေါင်းဆောင်နန်က ငါတို့ကို ဒီအချိန်ကြီး ဘာလို့ ခေါ်တာများလဲ”

လက်အောက်ငယ်သားများမှ ပြန်ဖြေသည်။

"သခင်မကို ဆေးကုဖို့ပါ"

"သခင်မ သခင်မက နေမကောင်းလို့လား"

သမားတော်များ အံ့သြသွားကြသည်။ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှ အရေးကြီးပုဂ္ဂိုလ်များ နေမကောင်းဖြစ်လျှင် ပုံမှန်အားဖြင့် သမားတော်လျိုကိုသာ ခေါ်ကြသည်မဟုတ်ပါလော။ ယခု ဘာကြောင့် သူတို့ကို ခေါ်ရသနည်း။

သို့ဖြင့် မေးခွန်းထုတ်ကြရာ

လက်အောက်ငယ်သားများက ပြန်ဖြေသည်။

“ခေါင်းဆောင်က သမားတော်တစ်ယောက်တည်းရဲ့ အထင်အမြင်နဲ့တင် မလုံလောက်ဘူးလို့ တွေးတာကြောင့် တခြားသမားတော်တွေရဲ့ အမြင်ကိုလည်း သိချင်လို့ပါ"

ထိုအခါ သမားတော်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လက်အောက်ငယ်သားအား ငွေစအချို့ပေးကာ မေးမြန်းကြသည်။

"သမားတော်လျိုက ဘာရောဂါလို့ သတ်မှတ်လိုက်သလဲ"

"ကိုယ်ဝန်တုရောဂါတဲ့"

ဟင်

သမားတော်များ အားလုံး မှင်တက်သွားကြသည်။ ၎င်းမှာ သူတို့ ကြားဖူးနားဝပင် မရှိသော ရောဂါဆန်းကြီး မဟုတ်ပါလော။

သို့သော် သူတို့သည် တုံးအမိုက်မဲသူများ မဟုတ်ကြချေ။ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ရောက်ရှိပြီး‌နောက် သခင်မကို သွေးခုန်နှုန်း စမ်းသပ်ကြည့်ကြသည်တွင် သမားတော်များအားလုံး ဝေခွဲမရဖြစ်သွားကြသည်။ ဤသည်မှာ မင်္ဂလာသွေးခုန်နှုန်းပင်ဖြစ်ပြီး သခင်မတွင် ကိုယ်ဝန်ရှိနေသည်မှာ အထင်အရှားပင်

သို့သော် သူတို့၏ သုံးသပ်ချက်ကို ပြောရန် ပြင်လိုက်စဉ်မှာပင် -

သမားတော်လျိုက ၎င်းကို "ကိုယ်ဝန်တု ရောဂါ"ဟု သတ်မှတ်ခဲ့ကြောင်း ရုတ်တရက် သတိရသွားကြသည်။

လျိုယီးရှို၏ ဆေးပညာမှာ မျန့်ရွှေတွင် ထိပ်တန်းအဆင့်ဖြစ်ပြီး ဤသမားတော်များထဲတွင် သူ၏ တပည့်များပင် ပါဝင်နေသည်။ လျိုယီးရှိုကဲ့သို့ သွေးခုန်နှုန်းစမ်းရာတွင် တိကျလွန်းလှသော ပညာရှင်က ကိုယ်ဝန်တုဟု ပြောသည်ဆိုလျှင် တစ်ခုခုတော့ မှားနေပြီဟု သူတို့ တွေးလိုက်ကြသည်။

အရိုးရှင်းဆုံးဆိုရသော် လျိုယီးရှိုကဲ့သို့ ပညာရှင်သည် ကိုယ်ဝန်ရှိနေသည်ကို စမ်းသပ်မတွေ့ရှိကြောင်း သူတို့ မယုံကြည်ပါချေ။

မင်္ဂလာသွေးခုန်နှုန်းဆိုသည်မှာ အလုပ်သင်သမားတော်လေးများပင် စမ်းမိနိုင်သည် မဟုတ်ပါလော။

သို့သော် လျိုယီးရှိုက ကိုယ်ဝန်မဟုတ်ဟု ဆိုခဲ့သည်မှာ အဘယ်ကြောင့်နည်း။

သူတို့၏ ပညာမှာ နိမ့်ပါးနေသောကြောင့် ဤထူးဆန်းသည့် သွေးခုန်နှုန်းကို မသိရှိနိုင်ခြင်းလောဟု ကိုယ့်ကိုယ်ကိုယ် သံသယဝင်ကြကုန်သည်။

လူတို့သည် စိတ်ထဲ၌ စွဲလမ်းမှုတစ်ခု ဖြစ်ပေါ်သွားလျှင် ၎င်းကို အမှန်ဟု ထင်မြင်စေရန် အသေးစိတ်အချက်အလက်များကို လိုက်လံဖြည့်စွက်တတ်ကြသည်။ သူတို့သည် မိမိတို့၏ သွေးခုန်နှုန်းစမ်းသပ်ချက်ကို သံသယဝင်လာကြပြီး ဟွမ်ဝမ်အာ၏ သွေးခုန်နှုန်းကို ထပ်မံစမ်းသပ်သောအခါ မသေမချာဖြစ်နေသော နေရာအချို့ကို ရှာတွေ့လာကြလေသည်။ သို့ဖြင့်

"ဟုတ်တယ်၊ လျိုယီးရှို ပြောတာ မှန်တယ်၊ ငါတို့ စမ်းတာ မှားနေတာ" ဟု ကောက်ချက်ချလိုက်ကြတော့သည်။

ထို့ပြင် အချို့သော သမားတော်များသည် ကိုယ်ဝန်ရှိသည်ဟု ပြောလိုက်လျှင် ဖြစ်လာမည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်တွေးဆမိကြသည်။ လျိုယီးရှိုကဲ့သို့ ပညာရှင်က ကိုယ်ဝန်တုရောဂါဟု ပြောခြင်းမှာ ဘေးကင်းအောင် ရှောင်ရှားလိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ယူဆလိုက်ကြသည်။

သို့ဖြင့် သမားတော်များသည် တစ်ဦးကိုတစ်ဦး မျက်ရိပ်ပြလိုက်ကြကာ သွေးခုန်နှုန်းမှာ မင်္ဂလာသွေးခုန်နှုန်းနှင့် ဆင်တူသော်လည်း သေချာစစ်ဆေးကြည့်လျှင် ကွာခြားချက်ရှိကြောင်း၊ လျိုယီးရှိုသည် တကယ့်ပညာရှင်ဖြစ်ပြီး ပြဿနာ၏ အနှစ်သာရကို တစ်ကြိမ်တစ်ခါတည်းနှင့် ထိုးထွင်းသိမြင်နိုင်ကြောင်း၊ ၎င်းမှာကိုယ်ဝန်တု ရောဂါသာ ဖြစ်ကြောင်း တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ခေါင်းဆောင်... ဒါက ကိုယ်ဝန်တုရောဂါပါပဲ"

"ဟုတ်ပါတယ် ခေါင်းဆောင်၊ သံသယဖြစ်စရာ မရှိပါဘူး။ ဒါက ကိုယ်ဝန်တုရောဂါပါပဲ"

"တကယ်တော့ ကျွန်တော့်ရဲ့ ပညာက နိမ့်ပါးလို့ ဒီရောဂါကို မသိခဲ့တာပါ။ သခင်မရဲ့ သွေးခုန်နှုန်းက မင်္ဂလာသွေးခုန်နှုန်းနဲ့ တကယ်ကို ကွာခြားပါတယ်"

ထိုသို့ သမားတော်အားလုံးက တညီတညွတ်တည်း ပြောကြသဖြင့် နန်ပါးထျန်းလည်း အယုံသွင်းခံလိုက်ရတော့သည်။ နန်ပါးထျန်းသည်လည်း ကိုယ်ဝန်တုရောဂါဟု တကယ်ယုံကြည်သွားခဲ့ကာ မိမိဘာသာ စိုးရိမ်လွန်ကဲနေခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။

နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို လှည့်ကြည့်လိုက်ရင်း ပြောသည်။

"အင်း... ဒါက ကိုယ်ဝန်တုရောဂါဖြစ်နေမယ်လို့ ငါ မထင်ထားမိဘူး၊ ငါ မင်းကို မှားယွင်းစွပ်စွဲမိသွားတယ်"

ဟွမ်ဝမ်အာသည် ဝမ်းနည်းကြေကွဲဟန်ဖြင့် အလွန်တရာ သနားချင့်ဖွယ်ကောင်းအောင် ပြန်ပြောလာသည်။

"ခေါင်းဆောင်က ဝမ်အာကို စိတ်တိုင်းကျ မှားယွင်းစွပ်စွဲနိုင်ပါတယ်။ ဝမ်အာမှာ ငြင်းပယ်စရာ နည်းလမ်းလည်း မရှိပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ ဝမ်အာရဲ့ ခံစားချက်ကို ထည့်တွေးပေးဖို့ မျှော်လင့်ပါတယ်။ ခေါင်းဆောင်ဒီလိုလုပ်တာ ကျွန်မရဲ့ နှလုံးသားမှာ အရမ်း နာကျင်ရပါတယ်..."

ထိုအခါ နန်ပါးထျန်းမှလည်း ပြန်ပြောသည်။

"အင်း... ဒီကိစ္စက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ ငါကလည်း မင်းအတွက် စိုးရိမ်လို့ပါ။ ဒီလိုဆိုမှတော့ မင်း ဒီနှစ်လအတွင်း အိမ်တော်ထဲမှာပဲ နေပါ၊ အပြင်မထွက်ပါနဲ့တော့။ ကျီးရှန်းဘုရားကျောင်းကိုတော့ မင်း နေကောင်းသွားမှပဲ သွားကြတာပေါ့"

"အာ ခေါင်းဆောင်..."

ထိုစကားကိုကြားလိုက်သည်တွင် ဟွမ်ဝမ်အာ နားလည်လိုက်သည်။ နန်ပါးထျန်းသည် သူမကို အကျဉ်းချထားရန် ရည်ရွယ်နေခြင်း ဖြစ်၏။

ဟွမ်ဝမ်အာမှ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နန်ပါးထျန်းက ကြားဖြတ်ပြောလိုက်သည်။

"အင်း... ငါပြောတဲ့အတိုင်း နာခံလိုက်ပါ။ မင်း ဒီမှာပဲ အနားယူပါ။ မင်းလိုအပ်တာမှန်သမျှ ငါ စီစဉ်ပေးပါ့မယ်။ သုကျွမ်း၊ မင်းလည်း သခင်မနဲ့အတူ နေရမယ်၊ ဒီခြံဝန်းထဲကနေ အပြင်မထွက်ရဘူး"

All Chapters