← Chapters

အခန်း (၅၃၈)

Vol. 43 Ch. 538

အခန်း (၅၃၈)

Vol. 43 Ch. 538

အခန်း ၅၃၈

ထို့နောက် နန်ပါးထျန်း ထွက်သွားပြီး တံခါးဝတွင် ရပ်နေသည့် အစောင့်များကို ပြောခဲ့သည်။

“ဒီခြံဝန်းထဲကို ဘယ်သူမှ မဝင်စေနဲ့”

“ဟုတ်ကဲ့”

အစောင့်များမှ တစ်ညီတညာတည်း ပြန်ဖြေကြသည်။ သမားတော်များအားလုံးသည် ဟွမ်ဝမ်အာမှာ ကိုယ်ဝန်တုရောဂါကို ခံစားနေရခြင်းဖြစ်သည်ဟု ပြောခဲ့သော်ငြား နန်ပါးထျန်း၏ စိတ်အတွင်း တစ်နေရာတွင်တော့ သံသယဝင်နေဆဲဖြစ်သည်။

ထို့ကြောင့် နန်ပါးထျန်းသည် ဦးစွာ ဟွမ်ဝမ်အာကို အကျဉ်းချထားရန် တွေးလိုက်သည်။ ကျန်ကိစ္စများကို နောက်မှ ဖြေရှင်းပေမည်။

သို့ဖြင့် ဟွမ်ဝမ်အာသည် နေအိမ်အကျယ်ချုပ် ကျခံလိုက်ရသည်။

ဟွမ်ဝမ်အာသည် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ခံနေရသည့် ခြံဝန်းကို နာကျည်းမုန်းတီးစွာ ကြည့်နေခဲ့သည်။ သုကျွမ်းသည်တော့ သူမ၏ဘေးတွင် ထိုင်ချကာ သူမ၏လက်ကို ဆုပ်ကိုင်ပေးထားသည်။

“သခင်မကြောင့် ကျွန်မမှာ ကြောက်တာ သေတော့မလို့ပဲ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဘာကြောက်စရာရှိလို့လဲ။ ခန်းမအရှင်သခင်ချန် ကြားဝင်လုပ်ဆောင်ရင် ဘာဟာကွက်မှ မရှိနိုင်ဘူး။ ဒီတိုင်း အခုအချိန်မှာ အပြင်မထွက်နိုင်ရုံပါပဲ…”

ဟွမ်ဝမ်အာသည် နေအိမ်အကျယ်ချုပ် ကျခံထားရရာ စိတ်အားငယ်ညှိုးနွမ်းနေပေသည်။

သို့သော် ကလေးကို ကယ်တင်နိုင်ခဲ့၏။ ဟွမ်ဝမ်အာသည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောသည်။

“ကလေး မင်း တောင့်ခံထားရမယ်နော်၊ တောင့်ခံထားရမယ်”

ဟွမ်ဝမ်အာသည် မျှော်လင့်တကြီးသော မျက်ဝန်းများဖြင့် ပြတင်းပေါက်ကို ငေးကြည့်နေခဲ့သည်။ ဤသည်မှာ ချန်ကျိုစစ်ရောက်လာပြီး သူတို့ကို ဒီနေရာမှ ခေါ်ထုတ်သွားပေးပါရန် မျှော်လင့်မိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ဟွမ်ဝမ်အာ၏ မျက်လုံးအစုံထဲတွင် ‌မျှော်လင့်စောင့်စားခြင်းသာလျှင် တည်ရှိနေခဲ့သည်။

ဟွမ်ဝမ်အာသည် လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ပြီး မည်သူ့အပေါ်မျှ မှီခိုလိုခြင်း မရှိပေ။ သေခြင်းရှင်ခြင်းဟူသည် သူမအတွက် အရေးမကြီးပေ။ သို့သော် သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည့်အချိန်မှ စတင်၍ ဟွမ်ဝမ်အာသည် စိတ်ခံစားချက်ပြင်းထန်လာခဲ့သည်။ သူမသည် ယခင်ကဲ့သို့ စိတ်ဓာတ် မမာကြောတော့ပေ။ သာမန်အမျိုးသမီးများကဲ့သို့ပင် သူမ၏ချစ်ရသူ အလျင်အမြန် ရောက်ရှိလာပြီး ဤနေရာမှ ရုတ်ချည်း ခေါ်ထုတ်သွားပေးပါရန် မျှော်လင့်နေမိသည်။

ဤသည်မှာ ကိုယ်ဝန်ကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ဤသည်မှာ ‌ကိုယ်ဝန်ကြောင့် ဟော်မုန်းပြောင်းလဲခြင်းပေလော။

သူမ မသိနိုင်ပါချေ။ ဤခေတ်အခါတွင် ကိုယ်ဝန်ဆောင်သည်ဟော်မုန်းများအကြောင်း အသိပညာ မဖြစ်‌ထွန်းသေးပေ။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးရက်ကုန်ဆုံးသွားခဲ့သည်။ ချန်ကျဲ့သည် သူလျှိုများ၏ အကူအညီဖြင့် နောက်ဆုံးတွင်တော့ ဟွမ်ဝမ်အာ လုံခြုံဘေးကင်းကြောင်း အတည်ပြုနိုင်ခဲ့သည်။

ချန်ကျဲ့သည် ဤရက်များအတွင်း အလွန် အလုပ်များနေခဲ့၏။ ဘုရားကျောင်းမှ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရခြင်းအပြင် သေဆုံးသွားသည့် ကျားဖြူခန်းမ၏ သူရဲကောင်း၂၈ဦး၏ ဈာပနအခမ်းအနားအတွက်လည်း ပြင်ဆင်နေရသည်။

ချောင်ဟုန်ယန်အမြွာညီအစ်မနှင့် အပေးအယူကိစ္စကိုလည်း ကိုင်တွယ်နေရသည်။ လက်နက်သွန်းလုပ်ခြင်းဖြင့် အလုပ်များနေခဲ့သည့် ပန်းပဲရုံသည် လက်နက်များ သွန်းလုပ်ပြီးစီးတော့မည်။ စစ်သုံးပစ္စည်းများ အသင့်ဖြစ်သည်နှင့် နည်းလမ်းရှာဖွေ၍ မြို့ထဲမှ အပြင်သို့ရောက်အောင် သယ်ယူပို့ဆောင်ရတော့မည်။

သို့သော် ချန်ကျဲ့တွင် အစီအစဉ် တိတိပပ မရှိသေးဘဲ စဉ်းစားနေရဆဲ ဖြစ်သည်။

မြို့စောင့်တပ်သားတွေရဲ့ သံသယဝင်တာ မခံရဘဲနဲ့ လက်နက်ပစ္စည်းတွေကို မြို့ထဲကနေ ဘယ်လိုသယ်ပို့ရမလဲ။

သို့ဖြင့် သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။ ဒီနေ့သည် အရှေ့မြို့ ကွန်ဖြူးရှပ်ဘုရားကျောင်း၌ မီးရှူးမီးပန်းပွဲတော် ကျင်းပမည့်နေ့ ဖြစ်သည်။

ထိုပွဲတော်သည် ကျားဖြူခန်းမရှိ ကလေးများ၏ အာရုံကို ရုတ်ချည်း ဆွဲဆောင်သွားခဲ့သည်။ ထိုကလေးများသည် သိတတ်လိမ္မာသော်ငြား သူတို့သည်လည်း ကစားမက်သော သဘာဝရှိသည့် ကလေးငယ်လေးများပင် မဟုတ်ပါလော။

စူးယွင်ကျင်းသည်လည်း ထိုကလေးများကို ပျော်ပွဲရွှင်ပွဲဆင်နွှဲနိုင်စေရန် လိုက်ပို့ပေးလိုသည်။ သို့ဖြင့် ချန်ကျဲ့ထံ ခွင့်တောင်းခဲ့ရာ ချန်ကျဲ့သည်လည်း ချက်ချင်း သဘောတူခဲ့သည်။

ထို့ကြောင့် မှောင်ရီပျိုးသည်နှင့် သူတို့သည် ကွန်ဖြူးရှပ်ဘုရားကျောင်းသို့ ထွက်ခွာလာခဲ့ကြသည်။ ကလေးများသည် ကျားဖြူခန်းမဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြသည်။ စူးယွင်ကျင်းသည်လည်း အပြာဖျော့ရောင် ဝတ်‌စုံလေးနှင့် မိတ်ကပ်ပါးပါး လိမ်းခြယ်ထားရာ ရိုးရှင်းစွာ လှပနေပေသည်။

ဤလမ်းခရီးအတွက် ချန်ကျဲ့သည် ကျားဖြူခန်းမ၏ လူငယ်ညီနောင် အယောက်၂၀ကို လိုက်ပါကာကွယ်ခိုင်းခဲ့သည်။ သေချာပေါက်ပင် ဤညီနောင်ငယ်လေးများသည် ချန်ကျဲ့နှင့် ချန်ရှောင်ဟူတို့ပြီးနောက်မှ ဒုတိယအနေဖြင့် ကာကွယ်ပေးမည့်အဖွဲ့ဖြစ်ပါသည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်နှစ်ဦး၊ အထူးသဖြင့် ချန်ကျဲ့ဦးဆောင်လာသည့် ဤလူအုပ်စုကို မည်သူမျှ အလွယ်တကူ အပြစ်ပြုဝံ့မည် မဟုတ်ပါချေ။

သူတို့အုပ်စုသည် အရှေ့မြို့သို့ မြန်ဆန်စွာ ရောက်လာခဲ့ကြသည်။ အရှေ့မြို့သည် လူစုလူဝေးများဖြင့် အလွန်တရာ စည်ကားနေ၏။

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့နှစ်ဦးသည် ကလေးများကို အရှေ့မှ ဦးဆောင်၍ အဓိကလမ်းမကြီးတစ်လျှောက် သွားနေသည်မှာ မူလတန်းကလေးများကို နွေဦးလေ့လာရေးခရီး လိုက်ပို့နေသည့်အလားပင်။

သူတို့သည် မီးပုံးလှလှလေးများကို ရှုစားရင်း အရသာရှိသော အစားအသောက်များကို စားသောက်ပျော်ပါးကြသည်။

ရွေ့ရွေ့သည်လည်း ဒီနေ့တွင် အလွန်ပျော်ရွှင်နေခဲ့သည်။ လက်တစ်ဖက်တွင် သစ်သီးသကြားလုံးတစ်ချောင်းကို ကိုင်ထားကာ ကျန်တစ်ဖက်တွင် အသားပေါက်စီကြီးတစ်လုံးကို ကိုင်ထားလေသည်။ ‌ချန်ကျဲ့၏မွေးစားသားဖြစ်သူ စွင်းယုံသည်တော့ အိတ်တစ်အိတ်ကိုင်လျက် ရွေ့ရွေ့နောက်မှ လျှောက်လိုက်နေရသည်။

ဤကလေးသည် အလွန်သိတတ်လိမ္မာ၏။

ထိုသို့ဖြင့် ကျားဖြူခန်းမ လူအုပ်စုသည် စိတ်အေးသက်သာပေါ့ပါးစွာ လမ်းများကြားထဲ လျှောက်လည်ခဲ့ကြသည်။

ထိုစဉ် နောက်ဘက်တစ်နေရာမှ ဆူညံသံများ ထွက်ပေါ်လာ၏။ အသံလာရာသို့ ကြည့်လိုက်သောအခါ ခြေလျင်လျှောက်ရသည့် လမ်းကြားလေးထဲတွင် မြင်းကို အရှိန်ပြင်းစွာ စီးနှင်လာသည့် လူတစ်စုကို မြင်တွေ့လိုက်ရသည်။ ထိုလူများသည် လမ်းလျှောက်နေသည့် လူများကို တက်နင်းမိမည်အား စိုးစဉ်းမျှ စိုးရိမ်ပူပန်ခြင်း မရှိကြချေ။

ထိုလူများသည် မြက်ခင်းလွင်ပြင်ဒေသ၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြကာ မျက်နှာအမူအရာများသည် မောက်မာထောင်လွှားသည်။

ထိုသူများ ဖြတ်သန်းသွားရာတစ်လျှောက်ရှိ လူများသည် ထိတ်လန့်တကြား အော်ဟစ်ကြ၏။

“သတိထားကြ၊ သူတို့က မုလန်လူမျိုး အထက်တန်းလွှာတွေပဲ”

ထိုအော်ဟစ်သံကို ကြားလိုက်သည်တွင် လမ်းမပေါ်ရှိ လူအားလုံးသည် အလျင်အမြန် လမ်းဖယ်ပေးကြသည်။ ထို့နောက် မုလန်လူမျိုး အထက်တန်းလွှာတစ်စု ဖြတ်သန်းသွား၏။ ချန်ကျဲ့လည်း လူအုပ်ကြီးထဲ ဝင်ရောကြည့်ရှုရင်း ထိုမြင်ကွင်းတွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

မုလန်လူမျိုး အထက်တန်းလွှာတွေပဲ

အရှေ့မြို့သည် မုလန်လူမျိုးများ စုရုံးရာနေရာ ဖြစ်သည်။ မုလန်လူမျိုးများ၏ စုရပ်ဟု ‌ဆိုကြသော်ငြား မုလန်လူမျိုးအရေအတွက်မှာ တစ်ထောင်မကျော်ပေ။

သို့တိုင် ထိုတစ်ထောင်မပြည့်သည့် မုလန်လူမျိုးများသည် အာဏာကို အဆင်အခြင်မဲ့ အသုံးပြုကြသည်။ သာ့ချန်ပြည်ကြီး၏ ဥပဒေအရ မုလန်လူမျိုးများသည် ဥပဒေ၏အထက်တွင် ဖြစ်သည်။

ဟန့်လူမျိုးတစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် မြည်းတစ်ကောင် ‌ပေးလျော်ရန်သာ လိုအပ်ပြီး လူ့အသက်တစ်ချောင်းနှင့် မြည်းတစ်ကောင်ကို တန်ဖိုးတူ သတ်မှတ်ကြသည်။ မုလန်လူမျိုးများအတွက်မူ လူ့အသက်တစ်ချောင်းသည် မြည်းတစ်ကောင်နှင့် ကွာခြားမှုမရှိပေ။ သူတို့သည် ဟန့်လူမျိုးများကို လူသားများဟု မသတ်မှတ်ကြဘဲ တိရစ္ဆာများအဖြစ်သာ သတ်မှတ်ကြသည်။

သေချာပေါက်ပင် တောင်ပိုင်းဒေသ၏ မုလန်လူမျိုးများသည် မြောက်ပိုင်းဒေသရှိ မုလန်လူမျိုးများနှင့် နှိုင်းစာလျှင် အတော်လေး ဆင်ခြင်ထိန်းချုပ်ကြပါသေးသည်။

မြောက်ပိုင်းဒေသ မုလန်လူမျိုးများသည် ဟန့်လူမျိုးများကို ကျွန်အဖြစ် သဘောထားကြသည်။ တောင်ပိုင်းဒေသ မုလန်လူမျိုးများသည်တော့ ဟန့်လူမျိုးများကို လူတစ်ယောက်၏ ဂုဏ်သိက္ခာတချို့ ထိန်းသိမ်းပေးထားပါသေးသည်။

သို့ရာတွင် မုလန်လူမျိုးများသည် သူတို့ကို မြင်တွေ့ရခြင်းတွင် အားလုံး ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်ကို မြင်လျှင် မြင်းကို ပို၍ အဆင်အခြင်မဲ့ ကြမ်းတမ်းစွာ စီးနှင်ကြတော့သည်။

သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ မောက်မာထောင်လွှားနေကြ၏။

“ဘယ်လိုတောင် သိမ်ဖျင်းလိုက်တဲ့ ဘုရားပွဲလဲ။ ငါတို့ရဲ့ မုလန်လူမျိုးစုဝေးပွဲနဲ့တောင် မယှဉ်နိုင်ဘဲနဲ့။ တကယ့်ကို နိမ့်ကျတဲ့ ဟန့်ခွေးတစ်သိုက်ပဲ”

“သွားစို့၊ သူတို့ကို အရေးလုပ်မနေနဲ့။ သေရည်သွားသောက်ကြမယ်”

မုလန်လုမျိုးအုပ်စုသည် ထိုနေရာမှ လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။ ထိုမုလန်လူမျိုးအုပ်စု၏နောက်တွင် သူတို့၏အင်အားအာဏာကို ဝံ့ကြွားနေသည့် အိမ်တော်အစေခံတစ်စု လိုက်ပါကြသေးသည်။ ထိုအစေခံများအတွက်မူ မုလန်လူမျိုးများ၏ ခွေးအဖြစ် ခစားခြင်းသည် သူတို့ကို လမ်းမပေါ်ရှိ ဟန့်လူမျိုးများထက် ပို၍ အဆင့်အတန်းမြင့်မားသည်ဟု ခံစားရစေပေသည်။

စာစဉ်ပြီး

All Chapters