← Chapters

ဖြေရှင်းခြင်း

Vol. 5 Ch. 43

ဖြေရှင်းခြင်း

Vol. 5 Ch. 43

ရွမ့်ဖုန်းစားသောက်ဆိုင်သည် ယွင်ရှီလမ်းကြားတွင် တည်ရှိပြီး ထောင်ချင်းယွမ်၏ ကွပ်ကဲမှုအောက်တွင် ရှိလေသည်။

ထောင်ချင်းယွမ်သည် လူအုပ်ရှေ့မှ လျှောက်လာလေသည်။ သူ့ကိုသိသူများက နှစ်သစ်ကူးနှုတ်ဆက်ကြရာ ထောင်ချင်းယွမ်ကလည်း လှိုက်လှိုက်လှဲလှဲ ပြန်လည်နှုတ်ဆက်လေသည်။

အပြင်ပန်းကြည့်လိုက်လျှင် သူသည် ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းနှင့် ပြည့်စုံသူပင်။

မကြာမီ လူအားလုံးသည် ရွမ့်ဖုန်းစားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။

“ဘာလို့ လျှောက်တာ နှေးသွားကြတာလဲ”

ရွမ့်ဖုန်းစားသောက်ဆိုင်က မျက်စိရှေ့တွင် ရှိနေသော်လည်း လူအုပ်ကြီး၏ အရှိန်နှေးသွားသည်ကို ရွှီနင် သတိထားမိလိုက်သည်။

ရွှီနင် ဘေးဘက်သို့ ကြည့်လိုက်ရာ စားသောက်ဆိုင်ဘက်သို့ လျှောက်လာသော အခြားလူတစ်စုကို တွေ့လိုက်ရသည်။

ထိုလူအုပ်စု၏ ခေါင်းဆောင်မှာ ထန်ဖုန်းယင် ဖြစ်လေသည်။

‘ထန်ရွာက လူတွေနဲ့ တိုးတာလား’

စားသောက်ဆောင်တွင် တိုက်ခိုက်ခဲ့ကြပြီးကတည်းက နှစ်ဖက်အဖွဲ့သည် မသင့်မြတ်ကြပေ။

ယခုလို မျက်နှာချင်းဆိုင် တွေ့ဆုံမိကြရာ တစ်ခုခုဖြစ်မည်ကို ရွှီနင် စိုးရိမ်မိသည်။

သခင်ကြီး ဝေ့ချန်ချင်းက သူ့၏ ဂုဏ်ပြုမိန့်ခွန်းတွင် အချင်းချင်း ကူညီဖေးမကြရန်နှင့် အတွင်းရေးပဋိပက္ခများကို ဖြေရှင်းကြရန် ပြောကြားခဲ့ဖူးသည်။

ထို့ကြောင့် နှစ်ဖက်အဖွဲ့ ထပ်မံရန်ဖြစ်ကြသည်ကို ဝေ့ချန်ချင်း ကြားသိသွားပါက ကောင်းမည်မဟုတ်ပေ။

ထောင်ချင်းယွမ်၏ မျက်နှာထားမှာ မကောင်းလှချေ။

သူသည် စားသောက်ဆိုင်နှင့် အတော်ဝေးဝေးကတည်းက ထန်ရွာသားများကို သတိထားမိခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူများက သူ့ကို မြင်သောအခါ ခြေလှမ်းသွက်လိုက်ကြသဖြင့် စားသောက်ဆိုင်သို့ ပြိုင်တူ ရောက်လာကြခြင်း ဖြစ်လေသည်။

တစ်ဖက်လူမှာ ရန်လိုနေကြောင်း သိသာသော်လည်း ထောင်ချင်းယွမ်သည် နောက်ထပ် ပြဿနာမဖြစ်လိုပေ။ ထို့ကြောင့် သူသည် ထန်ဖုန်းယင်တို့ကို လျစ်လျူရှုကာ စားသောက်ဆိုင်ဆီသို့သာ ဆက်လျှောက်သွားလိုက်သည်။

“နေပါဦး”

ထန်ဖုန်းယင်သည် ရှေ့တစ်လှမ်းတိုးကာ ထောင်ချင်းယွမ်ကို လက်ဖြင့် တားလိုက်သည်။

“ဘာလုပ်တာလဲ”

ထောင်ချင်းယွမ်၏ လေသံမှာ တည်ငြိမ်နေပြီး ဒေါသထွက်သည့်ပုံစံ မရှိချေ။

နှစ်သစ်ကူးပထမရက်တွင် သူ ပြဿနာမဖြစ်လိုပေ။

“ငါတို့ အရင်ရောက်တာ... ငါတို့ကို အရင်ဝင်ခွင့်ပေး”

ထန်ဖုန်းယင်သည် စကားပြောရင်း ထောင်ချင်းယွမ်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။

ထောင်ချင်းယွမ် မျက်မှောင်ကြုတ်သွား၏။ သူသည် ခေါင်းကိုလှည့်ကာ သူ့နောက်မှ ထောင်ရွာသားများကို တစ်ချက် ကြည့်လိုက်သည်။

နှစ်ဖက်အဖွဲ့သားများသည် တဖြည်းဖြည်း စုဝေးရောက်ရှိလာကြပြီး မျက်နှာချင်းဆိုင် အနေအထား ဖြစ်လာကြလေသည်။

အကယ်၍ သူသာ ယခုအချိန်တွင် အလျှော့ပေးလိုက်ပါက ထိပ်တိုက်တွေ့မှုကို ရှောင်ရှားခြင်းဖြစ်ကြောင်း လူတိုင်းသိနိုင်သော်လည်း သူ့ပုံရိပ်ကိုမူ ထိခိုက်စေမည်မှာ အသေအချာပင်။

“စားသောက်ဆိုင်တံခါးက ကျယ်ပါတယ်ကွာ... လူနှစ်ဖွဲ့ ပြိုင်တူဝင်လို့ ရတာပဲ”

ထောင်ချင်းယွမ်သည် သူ့စိတ်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

စားသောက်ဆိုင်ဝင်ပေါက်တွင် လူများ ရုတ်တရက် စုဝေးသွားကြသည်။

စားသောက်ဆိုင်မှ စားပွဲထိုးလေးသည် အပေါက်ဝမှ လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားရှာသည်။

မည်သူကမျှ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်မထားကြသော်လည်း စားပွဲထိုးလေးသည် နှစ်ဖက်အဖွဲ့၏ အရှိန်အဝါကို သတိပြုမိလေသည်။

သို့သော် နှစ်ဖက်အဖွဲ့ကြားမှ တင်းမာမှုကို မည်သို့ဖြေရှင်းရမည်ကိုမူ သူ မသိပေ။

“ဒီလှေကားထစ်ကို ငါ့ခြေထောက် အရင်နင်းမိတာ... ဒါကြောင့် ငါတို့ အရင်ဝင်ရမယ်”

ထန်ဖုန်းယင်သည် ထောင်ချင်းယွမ်၏ အကြံပြုချက်ကို လက်မခံဘဲ လက်ဖြင့် ပိတ်ကာ တားဆီးထားဆဲပင်။

ထင်ထားသည့်အတိုင်းပင် ထောင်ချင်းယွမ် စိတ်မရှည်တော့ပေ။

ဆက်လက်ပြီး တွန့်ဆုတ်နေပါက အားနည်းသယောင် ဖြစ်နေပေလိမ့်မည်။

သူသည် လက်ကိုဝှေ့ယမ်းကာ ထန်ဖုန်းယင်၏ လက်မောင်းကို ဖယ်ရှားလိုက်သည်။

ထိုအရာကို မြင်သောအခါ ထန်ဖုန်းယင်သည် မဲ့ပြုံး ပြုံးလိုက်သည်။

အမှန်စင်စစ် ယနေ့ထိပ်တိုက်တွေ့မှုသည် ပြီးခဲ့သည့် ရန်ပွဲတစ်ခုတည်းကြောင့် မဟုတ်ပေ။

ထန်ဖုန်းယင်သည် ထန်ရွာသားများအပေါ် သူ၏လွှမ်းမိုးမှု အားနည်းသွားသည်ဟု ခံစားနေရသောကြောင့်လည်း ပါဝင်သည်။

လူတိုင်း မိမိတို့တာဝန်ကျရာ ကင်းစခန်းများသို့ ရောက်ရှိသွားပြီးနောက် သူ၏အာဏာလျော့ပါးလာသည်ဟု ခံစားလိုက်ရသည်။

ထန်ဖုန်းယင်သည် သူ့ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်လိုသည်။ အမှန်တကယ်၌ သူသည် ထောင်ချင်းယွမ်နှင့် မတိုက်ခိုက်လိုပေ။ ထန်ရွာသားများရှေ့တွင် သူ့နေရာခိုင်မာစေရန် ရန်စလိုက်ရုံသာ ဖြစ်သည်။

တိုက်ခိုက်လျှင် သူ အရေးနိမ့်မလားဆိုသည်ကိုတော့ ထန်ဖုန်းယင် မသိပေ။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သို့ ဝင်ရောက်ပြီးကတည်းက သူသည် နေ့မနားညမနား ကြိုးစားလေ့ကျင့်ခဲ့သလို ဆေးဝါးများဝယ်ယူကာ နည်းလမ်းပေါင်းစုံကို လေ့လာခဲ့သည်။ ထိုသို့ကြိုးစားပြီးနောက်တွင်မူ သူသည် ‘မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်’၏ အခြေခံအဆင့်ကို အောင်မြင်ခဲ့လေပြီ။

ထန်ဖုန်းယင်း သိထားသလောက် စခန်းအမှတ် (၃) ရှိ ရွာခေါင်းဆောင်များထဲတွင် သူတစ်ယောက်တည်းသာ ဤအဆင့်ကို ရောက်ရှိသေးခြင်း ဖြစ်သည်။

ထောင်ချင်းယွမ် စားသောက်ဆိုင်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ထန်ဖုန်းယင်က အင်္ကျီလက်စကို လှမ်းဆွဲလိုက်သည်။

ထောင်ချင်းယွမ် သည်းမခံနိုင်တော့ပေ။

သူသည် လက်သီးကိုဆုပ်ကာ ရှေ့တိုးလိုက်သည်။

ထန်ဖုန်းယင် လှုပ်ရှားရမည့်အလှည့် ရောက်လာချေပြီ။

နှစ်ယောက်စလုံးသည် အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ထန်ဖုန်းယင်းသည် မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် အခြေခံအဆင့်ကို တတ်မြောက်ထားသဖြင့် သေချာပေါက် အသာစီးရနေလေသည်။

ထန်ဖုန်းယင်သည် လက်သီးကိုဆုပ်ကာ ထောင်ချင်းယွမ်ကို ထိုးနှက်ရန် ပြင်လိုက်သည်။

ဒုန်း...

လက်သီးနှစ်လုံး ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ရုတ်တရက် လူရိပ်တစ်ခုသည် သူတို့နှစ်ဦးကြားသို့ ရောက်ရှိလာ၏။ ရွှီနင် ဖြစ်လေသည်။

လက်သီးချင်း မထိမိမီ စက္ကန့်ပိုင်းအလိုတွင် ရွှီနင်က လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ တစ်ပြိုင်နက်တည်း ဝင်ရောက်တားဆီးလိုက်ခြင်း ဖြစ်သည်။

အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်နှစ်ဦး၏ ကြီးမားသော တိုက်ခိုက်အားကို ရွှီနင်က လွယ်ကူစွာပင် တားဆီးလိုက်နိုင်လေသည်။

“ရွှီနင်”

ထောင်ချင်းယွမ်သည် သူ့လက်မောင်းကို တစ်စုံတစ်ယောက်က ချုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။

တားဆီးလိုက်သူမှာ ရွှီနင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားရသည်။

‘ရွှီနင်က အရိုးအကြောနယ်ပယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား... ငါ့လက်သီးကို ဘယ်လိုလုပ် တားနိုင်တာလဲ’

‘ဒါမှမဟုတ် သူ အတွင်းအားပြည့်ဝအဆင့်ကို ရောက်သွားပြီး မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်မှာ တိုးတက်လာတာများလား’

ထောင်ချင်းယွမ်သည် ရွှီနင်၏ တည်ငြိမ်ပြတ်သားသော မျက်လုံးများကို ကြည့်ရင်း တစ်ခဏမျှ ကြောက်ရွံ့သွားမိသည်။

တစ်လအတွင်းမှာပင် ရွှီနင်သည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ချေပြီ။

ထန်ဖုန်းယင်မှာလည်း ထောင်ချင်းယွမ်ကဲ့သို့ပင် နားမလည်နိုင် ဖြစ်နေသည်။

‘ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ... ငါ့ရဲ့ အားကုန်ထုတ်ထားတဲ့ လက်သီးကိုတောင် ဒီလောက်လွယ်လွယ်လေး တားနိုင်တယ်လား’

ထန်ဖုန်းယင်းသည် ယခင်က သူ့ကို အနိုင်ယူခဲ့သော ရွှီနင်မှန်း မှတ်မိလိုက်သည်။

အရင်ကတော့ ရွှီနင်ကို ဉာဏ်များသူဟုသာ ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ထန်ဖုန်းယင်၏ စိတ်ထဲတွင် ရွှီနင်အပေါ် လေးစားမှုများ ဖြစ်ပေါ်လာလေသည်။

“ချင်းယွမ်... အစ်ကိုထန်”

ရွှီနင်က ပြောလိုက်သည်။ “ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ ပြဿနာဖြစ်ဖို့ မသင့်တော်ပါဘူး... ပြီးတော့ သခင်ကြီးဝေ့ ပြောခဲ့သလိုပဲ အားလုံး ညီညီညွတ်ညွတ် ရှိစေချင်ပါတယ်”

“ဒီနေ့လို နေ့ထူးနေ့မြတ်မှာ စားသောက်ဆိုင်တစ်ခုတည်း အတူတူ ဆုံခွင့်ရတာ ဂုဏ်ယူစရာပါ”

ထောင်ချင်းယွမ်နှင့် ထန်ဖုန်းယင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လက်သီးများကို ပြိုင်တူ ပြန်ရုပ်သိမ်းလိုက်ကြသည်။

သို့သော် တည်ငြိမ်သော မျက်နှာဖုံးအောက်တွင် သူတို့၏သွေးများ ဆူပွက်နေဆဲပင်။

နှစ်ယောက်စလုံး အရှိန်လျော့သွားသည်ကို ရွှီနင် သတိပြုမိလိုက်သဖြင့် ထောင်ချင်းယွမ်၏ နောက်သို့ သွားရောက်ရပ်နေလိုက်သည်။

ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုသည် စားသောက်ဆောင်တွင် ဖြစ်ပွားခဲ့သော ရန်ပွဲနှင့် မတူပေ။

ထိုစဉ်က အခြေအနေကို ထိန်းချုပ်ရန် ရွှီနင်၌ အင်အားမရှိခဲ့ချေ။

ယခုမူ ရွှီနင်၏ စွမ်းအားသည် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွှီနင်သည် ထောင်ရွာကို ဝေ့ချန်ချင်း၏ အမည်ပျက်စာရင်းထဲ မပါစေချင်သလို နှစ်သစ်ကူးပထမရက်တွင် သွေးထွက်သံယို ဖြစ်ပွားသည်ကိုလည်း မမြင်လိုပေ။

ထို့အပြင် ထန်ဖုန်းယင် အားစိုက်လိုက်ချိန်တွင် သူ၏ အသက်ရှူနှုန်း အပြောင်းအလဲကို ရွှီနင် သတိထားမိလိုက်ပြီး ထန်ဖုန်းယင်းသည် မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်၏ အခြေခံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

အင်အားကွာခြားမှုကြောင့် တိုက်ခိုက်ဖြစ်ပါက ထောင်ချင်းယွမ် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ထိုအကြောင်းပြချက်မျိုးစုံကြောင့် ရွှီနင်က ပဋိပက္ခကို ဝင်ရောက်ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။

“ရွှီနင်...”

ထောင်ကျင်သည် ရွှီနင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိသည်။

အတော်ကြာမှ သူမ မျက်လွှာချလိုက်လေသည်။

နှစ်ဖက်စလုံး၏ စိတ်ခံစားချက်များ တည်ငြိမ်သွားကြသည်။

“အစ်ကိုထန်... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”

ထောင်ချင်းယွမ်က ထန်ဖုန်းယင်းကို နှုတ်ဆက်လိုက်သည်။

ထန်ဖုန်းယင်က လူအုပ်ကြားထဲမှ ရွှီနင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ “ခင်ဗျားလည်း အတူတူပါပဲ” ဟု ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ကြွပါ”

ထောင်ချင်းယွမ်က လက်ကာပြလိုက်သည်။

“ကြွပါ”

ထန်ဖုန်းယင်ကလည်း ပြန်ပြောလိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ လူအုပ်စုနှစ်ခုစလုံး စားသောက်ဆိုင်ထဲသို့ ပြိုင်တူ ဝင်ရောက်သွားကြလေသည်။

…

အားလုံးသည် ထောင်ချင်းယွမ် ကြိုတင်မှာယူထားသော သီးသန့်အခန်းသို့ ရောက်ရှိလာကြသည်။

ထောင်ချင်းယွမ် ပြောခဲ့သလိုပင် အခန်းထဲတွင် လက်ဖက်ရည်၊ သစ်သီး၊ အခွံမာသီးများနှင့် မီးဖိုတစ်ခု ရှိနေလေသည်။

သီးသန့်အခန်းသည် ဒုတိယထပ်တွင် ရှိသဖြင့် ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်မှ ခြင်္သေ့အကနှင့် အခြားနှစ်သစ်ကူးပွဲတော် လှုပ်ရှားမှုများကို မြင်တွေ့နေရသည်။

“ရွှီနင်”

ထောင်ချင်းယွမ်သည် လူတိုင်းကို နှုတ်ဆက်ပြီးနောက် ရွှီနင်ကို စကားစပြောလိုက်သည်။

“စောစောက ပြဿနာကို ဝင်ဖြေရှင်းပေးတာ ကျေးဇူးပဲကွာ”

ထောင်ချင်းယွမ်က ရွှီနင်ကို လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။

ရွှီနင်က လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။ “ရပါတယ်... ကျွန်တော်က နှစ်သစ်ကူးမှာ ဘယ်သူ့ကိုမှ ဒဏ်ရာမရစေချင်လို့ပါ... ခေါင်းဆောင်ချွီးက ကျွန်တော်တို့ကို ယှဉ်ပြိုင်မှုကနေတစ်ဆင့် တက်ကြွစေချင်တာ မှန်ပေမယ့် သူ့လူတွေ မလိုအပ်ဘဲ ဒဏ်ရာရတာကိုတော့ မြင်ချင်မှာ မဟုတ်ဘူးလေ”

“ဪ... အဲဒီလိုကိုး”

ထောင်ချင်းယွမ်က နားထောင်ပြီးနောက် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“ရွှီနင်... ခေါင်းဆောင်ချွီး မကြာသေးခင်က မင်းဆီ နှစ်ခေါက်လောက် လာသွားတယ်လို့ ကြားတယ်”

ခဏလောက် စဉ်းစားပြီးနောက် ထောင်ချင်းယွမ်က စမ်းသပ်မေးမြန်းလိုက်သည်။

ရွှီနင်နှင့် ချွီးတယိုတို့၏ မကြာသေးမီက ဆက်ဆံရေးကို စခန်းမှလူများ သတိထားမိနေကြသည်။

သို့သော် အရင်က ရွှီနင်သည် နာမည်မကြီးခဲ့သဖြင့် မည်သူကမျှ သိပ်အလေးမထားခဲ့ကြပေ။

“ဟုတ်တယ်... အကုန်လုံးက မေပယ်လမ်းကြားကိစ္စနဲ့ ပတ်သက်နေတာ”

ရွှီနင်က အမှန်အတိုင်း ခေါင်းညိတ်ဖြေလိုက်သည်။

“တယွမ်ကုန်သွယ်ရေးအဖွဲ့ ကိစ္စလား”

ထောင်ချင်းယွမ်က အသံနှိမ့်ပြီး မေးလိုက်သည်။

ထောင်ချင်းယွမ်သည် ယွင်ရှစ်လမ်းကြား ကင်းစခန်းမှ လက်ထောက်များ၏ အလေးပေးမှုကို ခံရသူဖြစ်သဖြင့် ချိုက်ချင်းဟန်နှင့် ချွီးတယိုတို့၏ အားပြိုင်မှုကို သိရှိထားလေသည်။

“ဟုတ်တယ်”

ရွှီနင်သည် တယွမ်ကုန်သွယ်ရေးအဖွဲ့အကြောင်း စုံစမ်းရန် ထောင်ချင်းယွမ်ကို အကူအညီတောင်းခဲ့ဖူးသဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ “ကျွန်တော်တို့က ခေါင်းဆောင်ချွီးရဲ့ လူတွေလေ... ဒါပေမဲ့ အဲဒီကိစ္စကြောင့် ကင်းစခန်းကလူတွေနဲ့ ဆက်ဆံရတာ သိပ်အဆင်မပြေလှဘူး”

“အတော်လေး ပြဿနာများတာပဲ...”

ထောင်ချင်းယွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

“ရွှီနင်...”

တိတ်ဆိတ်သွားပြီးနောက် ထောင်ချင်းယွမ်က ရွှီနင်၏ သိုင်းပညာတိုးတက်မှုအကြောင်း မေးချင်လာသည်။

သို့သော် စကားလုံးများကို မျိုသိပ်လိုက်လေသည်။

ဒါသည် ရွှီနင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေသည်။ ရွှီနင်ကိုယ်တိုင် ထုတ်ဖော်ပြသခြင်း သို့မဟုတ် ရှင်းပြခြင်း မရှိလျှင် မေးမြန်းရန် မသင့်တော်ပေ။

“ဘာဖြစ်လို့လဲ”

ရွှီနင် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ထောင်ချင်းယွမ်က လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေကွာ”

“နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”

ရွှီနင်နှင့် ထောင်ချင်းယွမ်တို့ ခွက်ချင်းတိုက်လိုက်ကြသည်။

‘ရွှီနင်သာ ထောင်မျိုးရိုးဖြစ်ခဲ့ရင် ငါ့နေရာကို ဆက်ခံမယ့်သူ ဖြစ်လာလောက်တယ်...’

ထောင်ချင်းယွမ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သို့သော် သူ့တွင် မနာလိုစိတ် အလျဉ်းမရှိပေ။

ရိုးသားခြင်းသည် ထောင်ချင်းယွမ်၏ အဓိက စိတ်နေသဘောထားပင် ဖြစ်သည်။

ထို့နောက် ထောင်ချင်းယွမ်သည် မတ်တပ်ရပ်လိုက်ပြီး ကျန်လူများကို တစ်ယောက်ပြီးတစ်ယောက် နှစ်သစ်ကူးနှုတ်ဆက်စကား ပြောကြားလေတော့သည်။

All Chapters