အလည်အပတ်ခရီး
Vol. 5 Ch. 44
ထောင်ချင်းယွမ်နှင့် စကားပြောဆိုပြီးနောက် လူအများအပြားသည် ရွှီနင်အား နှစ်သစ်ကူးနှုတ်ဆက်ရန် ရောက်ရှိလာကြလေသည်။
စားသောက်ဆိုင်ရှေ့တွင် ထောင်ချင်းယွမ်နှင့် ထန်ဖုန်းယင်တို့ တိုက်ခိုက်မည့်အရေးကို ရွှီနင် ဝင်ရောက်တားဆီးခဲ့စဉ်က ရွှီနင်၏ အစွမ်းအစကို လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြလေသည်။
ထောင်ချင်းယွမ်နှင့် ထန်ဖုန်းယင်ကဲ့သို့ လူများကို မိမိခွန်အားသက်သက်ဖြင့် တားဆီးနိုင်သူသည် သေချာပေါက် အလွန်သန်မာပေလိမ့်မည်။
လာမည့်နှစ်လအကြာတွင် ကျင်းပမည့် စစ်ဆေးမှု၌ ရွှီနင်သည် ထောင်ရွာ၏ တတိယမြောက် အဝါရောင်သတ္ထုပြားပိုင်ရှင် ဖြစ်လာမလားဟု အချို့လူများက စတင်တွေးတောနေကြပြီ ဖြစ်သည်။
ရွှီနင်သည် ထောင်ကျင်၏နေရာကို ဖြည်းဖြည်းချင်း အစားထိုးလာပြီး ထောင်ရွာတွင် ဒုတိယမြောက် လေးစားခံရဆုံးသူ ဖြစ်လာခဲ့ချေပြီ။
အကယ်၍ ရွှီနင်၏ မျိုးရိုးသာ ‘ထောင်’ ဖြစ်ခဲ့ပါက သူသည် ထောင်ချင်းယွမ်၏ နေရာကိုပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်လောက်ပေသည်။
လူတိုင်းသည် သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များကြားတွင် နေ့လယ်စာကို အတူတကွ စားသောက်ကြလေသည်။
ခန်းယွင်ခရိုင်နှင့် ထောင်ရွာမှာ မဝေးလှသော်လည်း သူတို့အိမ်မပြန်ရသည်မှာ ကြာမြင့်နေပြီဖြစ်ရာ ဤပွဲတော်ကာလအတွင်း လူတိုင်းသည် အိမ်လွမ်းစိတ် ဖြစ်ပေါ်နေကြသည်။
ကံကောင်းသည်မှာ သူတို့ဘေးတွင် တစ်ရွာတည်းသားချင်း မိတ်ဆွေများ ရှိနေကြခြင်းပင်။
ရွှီနင်သည်လည်း ဤနွေးထွေးသော အငွေ့အသက်ထဲတွင် စီးမျောလိုက်ပါသွားသည်။ ဤသည်မှာ သူ့အတွက် ရှားပါးသော အနားယူချိန်ပင် ဖြစ်သည်။
အားလုံး ပျော်ရွှင်နေကြသော်လည်း ထောင်ကျင်တစ်ယောက် ခံစားချက်မဲ့သော မျက်နှာထားဖြင့် အစာစားနေသည်ကို ရွှီနင် သတိပြုမိလိုက်သည်။
သို့သော် သူတို့နှစ်ဦးမှာ ရင်းနှီးသော မိတ်ဆွေများ မဟုတ်ကြသဖြင့် ရွှီနင် ဘာမှမပြောခဲ့ပေ။
အမှန်စင်စစ် အခြားသီးသန့်အခန်းတစ်ခုတွင် ရှိနေသော ထန်ဖုန်းယင်မှာလည်း စိတ်ထဲတွင် တိတ်တဆိတ် စိုးရိမ်ပူပန်နေမိသည်။
ရွှီနင်၏ ရုတ်တရက် တိုးတက်လာမှုသည် ထန်ဖုန်းယင်ကို ခြိမ်းခြောက်နေသလို ခံစားရစေသည်။
အကယ်၍ ရွှီနင်သာ စစ်ဆေးမှုတွင် ရွှေရောင်သတ္ထုပြားပိုင်ရှင်ကို စိန်ခေါ်ရန် ရည်ရွယ်ထားပါက သူသည် သေချာပေါက် ပထမဆုံး ရင်ဆိုင်ရမည့်သူ ဖြစ်လာပေလိမ့်မည်။
ထောင်ရွာသည် သူ့ကို အနိုင်ယူရန် မည်သည့်အခွင့်အရေးကိုမဆို လက်လွှတ်ခံမည် မဟုတ်ပေ။
‘နေ့လယ်စာ စားပြီးတာနဲ့ ငါ သိုင်းကျင့်ရမယ်’
ထန်ဖုန်းယင်သည် သိုင်းပညာ လေ့ကျင့်ရန် စိတ်ကူးနေပြီဖြစ်သည်။
…
နှစ်သစ်ကူး၏ ပထမဆုံး နေ့လယ်စာကို စားသောက်ပြီးနောက် ထောင်ရွာမှ လူများသည် စခန်းသို့ အတူတကွ ပြန်မသွားကြပေ။
လူတိုင်း ကိုယ်စီ အုပ်စုဖွဲ့လိုက်ကြသည်။ သူတို့သည် အားလပ်ရက်ကို အခွင့်ကောင်းယူ၍ မြို့ထဲတွင် လျှောက်လည်ရန် စီစဉ်လိုက်ကြသည်။
ယနေ့သည် နှစ်သစ်ကူး ပထမရက်ဖြစ်သောကြောင့် ပွဲတော်အခမ်းအနားများစွာ ရှိနေလေသည်။
ထောင်ချင်းယွမ်က ရွှီနင်ကို ဈေးဝယ်ထွက်ရန် ခေါ်သော်လည်း ရွှီနင် ငြင်းပယ်လိုက်သည်။
၎င်းအစား ရွှီနင်သည် လမ်းဘေးမှ မုန့်များ၊ သကြားလုံးများနှင့် အခြားလက်ဆောင်ပစ္စည်းများကို ဝယ်ယူလိုက်ပြီး အရှေ့ဘက် လူနေရပ်ကွက်သို့ ဦးတည်သွားလိုက်သည်။
ရွှီနင်သည် ဖုန်ဆစ်ကွားကို သွားရောက်တွေ့ဆုံချင်သောကြောင့် ဖြစ်သည်။
ယွင်ရှီလမ်းကြားသည် အရှေ့ဘက် လူနေရပ်ကွက်နှင့် မဝေးလှသဖြင့် ၁၅ မိနစ်အတွင်း ရွှီနင် ရောက်ရှိသွားသည်။
“နေကောင်းလား ကလေးတို့... ဖုန်ဆစ်ကွား ဘယ်မှာနေလဲ သိကြလား”
လူနေရပ်ကွက်သို့ ရောက်သောအခါ သူ့ရှေ့တွင် တန်းစီဆောက်လုပ်ထားသော အိမ်တန်းများကို တွေ့လိုက်ရသည်။ အိမ်တစ်လုံးနှင့် တစ်လုံးကို နံရံတစ်ခုသာ ခြားထားခြင်း ဖြစ်သည်။
ရွှီနင်သည် ဖုန်ဆစ်ကွား ဤနေရာတွင် နေထိုင်သည်ကိုသာ သိသော်လည်း အတိအကျ မသိသဖြင့် ကလေးအချို့ကို လမ်းမေးရတော့သည်။
“မြို့စောင့်တပ်က ဦးလေးဆစ်ကွားကို ပြောတာလား”
ထိုကလေးမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ရှိသည်။ သူ့နောက်တွင် အင်္ကျီအထူကြီးများ ဝတ်ဆင်ထားသော အခြားကလေးများ ရှိနေသည်။ ဤကလေးသည် သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပုံရသည်။
“ဟုတ်တယ်... သူပဲ”
“သူ့ကို ဘာလို့ ရှာတာလဲ”
ထိုကလေးက ခေါင်းလေးစောင်းကာ ရွှီနင်ကို မေးလိုက်သည်။
ရွှီနင် ပြုံးလိုက်သည်။ “သူ ဒဏ်ရာရထားတယ် ကြားလို့ လာကြည့်တာလေ”
“ဩော်...”
ကလေးက ခေါင်းညိတ်လိုက်သည်။ “လာ... လိုက်ခဲ့၊ သား လိုက်ပို့ပေးမယ်”
“ကျေးဇူးပါ ညီလေးရာ”
ရွှီနင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
ထိုကလေးက ရှေ့မှ ခုန်ဆွခုန်ဆွဖြင့် သွားသောအခါ နောက်မှ ကလေးတစ်သိုက်လည်း လိုက်ပါသွားကြသည်။
ရွှီနင်သည် သူတို့နောက်မှ လိုက်သွားရာ သီးသန့်အိမ်တစ်လုံးရှေ့သို့ ရောက်ရှိသွားသည်။
“အဲဒီမှာပဲ”
ကလေးက လက်ညှိုးထိုးပြလိုက်သည်။
ရွှီနင် လှမ်းကြည့်လိုက်သည်။
အိမ်တံခါးမှာ စေ့ရုံသာစေ့ထားပြီး တံခါးပေါ်တွင် နှစ်သစ်ကူး ကဗျာစာတမ်းများနှင့် မီးပုံးများ ချိတ်ဆွဲထားသည်ကို တွေ့ရသဖြင့် ပွဲတော်အငွေ့အသက် ရနေလေသည်။
မည်သို့ပင်ဆိုစေကာမူ ဖုန်ဆစ်ကွားသည် မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူ့ဝင်ငွေမှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များလောက် မများသော်လည်း ခန်းယွင်ခရိုင်မှ သာမန်ပြည်သူများနှင့် ယှဉ်လျှင် မဆိုးလှပေ။
“ကျေးဇူးပါပဲ ညီလေးရာ”
ရွှီနင်က ငွေစနှစ်ပြား ထုတ်ပေးလိုက်သည်။ “ဒါယူပြီး မီးရှူးမီးပန်း သွားဝယ်လိုက်ကြ”
ကလေးက ငွေကို မြင်သောအခါ ငြင်းဆန်လိုက်သည်။ “အမေက ပြောတယ်... သူများပိုက်ဆံကို လွယ်လွယ် လက်မခံရဘူးတဲ့”
ရွှီနင် သဘောကျသွားသည်။ သူက စောစောက ဝယ်လာသော သကြားလုံးထုပ်ကို ထုတ်ပေးလိုက်သည်။ “ဒါဆိုလည်း သကြားလုံးပဲ ယူလိုက်တော့”
ကလေးက ခဏလောက် တွန့်ဆုတ်နေသည်။ ထို့နောက် သူ့အနောက်မှ သူငယ်ချင်းများကို လှည့်ကြည့်ပြီး နောက်ဆုံးတွင် သကြားလုံးထုပ်ကို ယူလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ကလေးက ရွှီနင်ကို ဦးညွှတ်လိုက်သည်။
ကျန်ကလေးများကလည်း ရွှီနင်ကို လိုက်လံဦးညွှတ်ကြသည်။
“ကျေးဇူးပဲ ကလေးတို့ရေ”
ရွှီနင် လက်ဝှေ့ယမ်းပြလိုက်သည်။
ကလေးများက အချိန်ဆွဲမနေတော့ပေ။ သကြားလုံး ဝေစားရန် နေရာတစ်ခုသို့ ထွက်ခွာသွားကြတော့သည်။
ရွှီနင် ထိုကလေးများကို ကြည့်ရင်း ထောင်ထောင်ကို ရုတ်တရက် သတိရသွားသည်။
ထောင်ထောင်တစ်ယောက် သူ့ကို လွမ်းနေမလားဟု တွေးမိလိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
ရွှီနင် ရှေ့တိုးသွားပြီး တံခါးကို ခေါက်လိုက်သည်။
“တံခါးပွင့်နေတယ်... ဝင်ခဲ့လိုက်”
ခြေသံများ ကြားရပြီးနောက် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ရွှီနင် တံခါးဖွင့်၍ ဝင်လိုက်သည်။
အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီးတစ်ဦးသည် ခြံဝင်းထဲတွင် ဖရုံစေ့တစ်ဆုပ် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ကြီးမားပြီး အလွန်သန်မာမည့်ပုံ ပေါက်သည်။ မျက်ခုံးနှင့် မျက်လုံးများတွင် ကြမ်းတမ်းသော အငွေ့အသက်များ ရှိနေသည်။ သူမ၏အသွင်အပြင်အရ ရိုးရှင်းတဲ့သူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလေသည်။
ရွှီနင် ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။ ဤအမျိုးသမီးမှာ ဖုန်ဆစ်ကွား၏ ဇနီး ဖြစ်လောက်သည်။
ဖုန်ဆစ်ကွားသည် သူ့ရဲ့ကြောက်စရာကောင်းတဲ့ဇနီးအကြောင်းကို တစ်ကြိမ်ထက်ပိုပြီး ငြီးငြူဖူးသည်။
“ရှင်က...”
ဆစ်ကွား၏ မိန်းမက ရွှီနင်ကို မြင်သောအခါ သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
တစ်ယောက်ယောက်က နှစ်သစ်ကူး နှုတ်ဆက်ရန် ရောက်လာသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အပြင်သို့ ထွက်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် ပိန်ပါးပါးနှင့် ရုပ်ရည်သန့်ပြန့်သော သူစိမ်းတစ်ယောက် ဖြစ်နေသည်။
“အစ်မ... ကျွန်တော်က ရွှီနင်ပါ... လောင်ဖုန်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ”
ရွှီနင်က သူ့ရာထူးကို ထည့်မပြောဘဲ မိတ်ဆက်လိုက်သည်။
“ရွှီနင်...”
ဆစ်ကွား၏ ဇနီးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။ “သခင်လေးရွှီလား”
သူမ ပါးစပ်ထဲမှ ဖရုံစေ့ခွံများကို ထွေးထုတ်လိုက်ပြီး လှည့်အော်လိုက်သည်။ “ဆစ်ကွားရေ... သခင်လေးရွှီ ရောက်နေတယ်ဟေ့”
ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဖုန်ဆစ်ကွားသည် အိမ်ထဲမှ ထွက်လာပြီး ရွှီနင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ “သခင်လေးရွှီ... ဘာလို့ ဒီထိ ရောက်လာတာလဲဗျာ”
ရွှီနင်က ဖုန်ဆစ်ကွား၏ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ နှုတ်ခမ်းများ ဖြူဖျော့နေသေးပြီး အားနည်းနေပုံ ပေါက်သော်လည်း ယေဘုယျအားဖြင့် ဖုန်ဆစ်ကွား အဆင်ပြေပုံရသည်။
“မင်း ဒဏ်ရာရထားလို့ ငါလာကြည့်တာ”
ရွှီနင်က လက်ဆောင်များကို ဇနီးသည်ထံ ပေးလိုက်သည်။
“သခင်လေး... အိမ်ထဲ ဝင်ပါဦး”
ဖုန်ဆစ်ကွားက ဖိတ်ခေါ်လိုက်သည်။
ရွှီနင် လာလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။
ရွှီနင်က သူ့ကို ခွင့်ရက်ရှည် ပေးထားသည့်အပြင် ဆေးကုသမှုအတွက် အကောင်းဆုံးဆေးဝါးများ သုံးစွဲရန် ဆေးခန်းကို ပြောထားပေးခဲ့သည်။ လူလွှတ်ပြီးလည်း မကြာခဏ လာကြည့်ခိုင်းခဲ့သည်။
ဖုန်ဆစ်ကွားသည် ရွှီနင်၏ ဂရုစိုက်မှုအပေါ် ကျေနပ်နေပြီဖြစ်သည်။
သူ့မိန်းမက ရွှီနင်ဆီက အကျိုးအမြတ်မရဘဲ အရိုက်ခံရတယ်ဆိုပြီး ညည်းညူနေသော်လည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲတွင် ရွှီနင်လောက် သနားကြင်နာတတ်သူ မရှိကြောင်း ဖုန်ဆစ်ကွား ကောင်းစွာ သိထားသည်။
ဖုန်ဆစ်ကွားသည် နှစ်သစ်ကူးရက် အနည်းငယ် နားပြီးသည်နှင့် ကင်းစခန်းသို့ ပြန်သွားရန် စီစဉ်ထားသည်။ ရွှီနင်က သူ့အစား လူစားထိုးလိုက်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
ယခုလို ရွှီနင် ကိုယ်တိုင်လာကြည့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“အိမ်မှာ ခင်ဗျားတို့နှစ်ယောက်တည်းလား”
ရွှီနင် အိမ်ထဲသို့ ဝင်လိုက်ရာ တခြားဘယ်သူ့ကိုမှ မတွေ့ရပေ။
“ကျွန်တော့်မိဘတွေက အစ်ကိုကြီးအိမ် ရောက်နေတာ... ညကျရင် ဟိုမှာပဲ ညစာသွားစားကြမလို့... ကလေးနှစ်ယောက်ကတော့ အပြင်ထွက်ကစားနေကြတယ်... နှစ်သစ်ကူးဆိုတော့ ပျော်နေကြတာလေ” ဖုန်ဆစ်ကွားက ပြောပြသည်။
အိမ်က သိပ်မကျယ်သဖြင့် ရွှီနင်သည် မီးဖိုဘေးရှိ ခွေးခြေခုံလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။
မီးဖိုထဲတွင် ထင်းနှင့် ကျောက်မီးသွေး ရောထည့်ထားသဖြင့် မီးတောက်များ အားကောင်းနေသည်။
မီးဖိုမှ မီးခိုးများသည် ခေါင်းတိုင်မှတစ်ဆင့် အိမ်အပြင်ဘက်သို့ ထွက်နေသည်။
“သခင်လေးရွှီ... ရေနွေးကြမ်းပါ”
ဆစ်ကွား၏ မိန်းမက ရေနွေးကြမ်းငှဲ့ပြီး ကမ်းပေးလိုက်သည်။
အရင်က ရွှီနင်ကို မကျေမနပ်ဖြစ်ခဲ့ဖူးသော်လည်း သူ့ရှေ့ရောက်သောအခါ ဘာမှ မပြောရဲပေ။
ဘာပဲပြောပြော သခင်လေးရွှီဆိုတာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တစ်ဦးပဲလေ။ သူမအမြင်မှာတော့ သူက အထက်လူကြီးတစ်ဦးပင်။