နောက်ယောင်ခံလိုက်ခြင်း
Vol. 5 Ch. 46
“ဆရာ... ရောက်လာပြီလား”
ရွှီနင် ထိုင်လိုက်သည်နှင့် ဆိုင်ရှင်အမျိုးသားမှ နှုတ်ဆက်လေသည်။
ရွှီနင်သည် ဤဆိုင်သို့ မကြာခဏ လာစားလေ့ရှိသဖြင့် ဆိုင်ရှင်က သူ့ကို အလွယ်တကူ မှတ်မိနေခြင်း ဖြစ်သည်။
“ဖက်ထုပ်ပြုတ် ပန်းကန်ကြီး သုံးပွဲပေးပါ... ဒါပါပဲ ကျေးဇူးတင်ပါတယ်”
ရွှီနင်သည် ဆိုင်ရှင်အမျိုးသားကို ပြောလိုက်သည်။
“ခဏစောင့်ပါခင်ဗျာ”
ဆိုင်ရှင်အမျိုးသားသည် ပျော်ရွှင်စွာ ပြုံးပြပြီး လှည့်ထွက်သွားသည်။
မကြာမီတွင် ဆိုင်ရှင်သည် ပူပူနွေးနွေး ဖက်ထုပ်ပြုတ်တစ်ပွဲကို စားပွဲပေါ်သို့ လာချပေးလေသည်။
.
“ဒီမှာပါ... ဒီတစ်ပွဲ ကုန်ခါနီးရင် လှမ်းခေါ်လိုက်နော်... နောက်တစ်ပွဲ ထပ်လာပို့ပေးမယ်”
“ကျေးဇူးပါ”
ရွှီနင် ပြောလိုက်သည်။
ဆိုင်ရှင်အမျိုးသားသည် အတော်လေး သတိထားတတ်သူပင်။ ဖက်ထုပ်ပြုတ် သုံးပွဲလုံး တပြိုင်နက်တည်း ချပေးလိုက်လျှင် အေးသွားမည် စိုးသောကြောင့် ဖြစ်သည်။
ရွှီနင် ဇွန်းကိုကိုင်ကာ စားရန် ပြင်လိုက်သည်။
‘ဘာလဲဟ’
ရုတ်တရက် ရွှီနင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
သူ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ခေါက်ဆွဲဆိုင်တစ်ဆိုင် ရှိပြီး ထိုဆိုင်မှာလည်း လူများဖြင့် ပြည့်နှက်နေလေသည်။
ဆိုင်ထောင့်တွင် မီးခိုးရောင်အင်္ကျီ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ခေါက်ဆွဲစားနေသည်။ အသက် ၃၀ ကျော်ခန့် ရှိပုံရပြီး ရုပ်ရည်မှာ ထူးခြားမှုမရှိသဖြင့် လူအုပ်ထဲတွင် ရောနှောနေလေသည်။
သို့သော် ရွှီနင် သူ့ကို ခေတ္တမျှ ကြည့်လိုက်မိသည်။
ပြီးနောက် ဘာမှမဖြစ်သလို ခေါင်းပြန်လှည့်လိုက်ပြီး ဖက်ထုပ်များကို ဆက်စားနေလိုက်သည်။
ရွှီနင် ခေါင်းလှည့်လိုက်သည့်အချိန်တွင် မီးခိုးရောင်ဝတ်လူသည်လည်း လှမ်းကြည့်လိုက်ရာ ရွှီနင်၏ ကျောပြင်ကို စိုက်ကြည့်မိလျက်သား ဖြစ်သွားသည်။
‘ငါ့ကို သတိထားမိသွားတာလား... ဒါမှမဟုတ် တိုက်ဆိုင်တာလား’
မီးခိုးရောင်ဝတ်လူ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။
သူသည် ခေါင်းငုံ့လိုက်ရာ ဆံပင်များသည် မျက်လုံးကို ကွယ်သွားသော်လည်း ရွှီနင်ကို ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်သည်။
ထို့နောက် ရွှီနင်သည် ဘေးဘီကို လှည့်မကြည့်တော့ဘဲ ဖက်ထုပ်များကို တစ်လုတ်ချင်း စားသောက်လေသည်။
တစ်ပွဲကုန်လျှင် နောက်တစ်ပွဲ စားသည်။ သုံးပွဲလုံး ကုန်သွားသောအခါ ရွှီနင် ပိုက်ဆံရှင်းပြီး ထွက်ခွာလာခဲ့သည်။
ရွှီနင်က ခေါက်ဆွဲဆိုင်ဘက်သို့ ပြန်လှည့်မကြည့်တော့ပေ။
‘ငါ အတွေးလွန်နေတာ ဖြစ်မယ်’
ရွှီနင် လျင်မြန်စွာ ထွက်ခွာသွားသည်ကို မြင်လိုက်ရမှ မီးခိုးရောင်ဝတ်လူသည် စိတ်သက်သာရာ ရသွားသည်။
ရွှီနင် ပိုက်ဆံရှင်းပြီး ဆိုင်မှထွက်သွားသည်အထိ ခေတ္တမျှ စောင့်ဆိုင်းပြီးမှ သူလည်း ထကာ ပိုက်ဆံရှင်းလိုက်သည်။
ရွှီနင်သည် ဆိုင်မှထွက်လာပြီးနောက် တပ်စခန်းသို့ တန်းမပြန်ဘဲ ညဈေးတန်းဘက်သို့ လှည့်ထွက်သွားလေသည်။
ကောင်းကင်ကြီး မည်းမှောင်လာပြီး မီးအိမ်များကို ချိတ်ဆွဲထားကြပြီဖြစ်သည်။
မီးခိုးရောင်ဝတ်လူသည် ရွှီနင်၏နောက် ခပ်လှမ်းလှမ်းမှ လိုက်ပါလာသည်။
‘မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ဒီလောက်တောင် အားနေတာလား...’
ရွှီနင်သည် ဆိုင်အမျိုးမျိုးတွင် ဝင်ထွက်သွားလာပြီး အသေးအဖွဲပစ္စည်း အချို့ကို ဝယ်ယူနေသည်ကို မီးခိုးရောင်ဝတ်လူမှာ စောင့်ကြည့်နေလေသည်။
နောက်ဆုံးတွင် နာရီဝက်ခန့် ဈေးဝယ်ပြီးနောက် ရွှီနင် ညဈေးတန်းမှ ထွက်ခွာလာခဲ့သည်။
ညဈေးတန်းမှ ထွက်ပြီးနောက် ရွှီနင်သည် တတိယတပ်စခန်းသို့ ဦးတည်သွားလိုက်သည်။
ယခု သူရောက်နေသည်မှာ မေပယ်လမ်းကြား၏ တောင်ဘက်တည့်တည့်တွင် ဖြစ်သည်။ တပ်စခန်းသို့ ပြန်လိုလျှင် မေပယ်လမ်းကြားကို ဖြတ်သန်းပြီး ဝါးတောကို ကျော်ဖြတ်ရပေမည်။
မီးခိုးရောင်ဝတ်လူသည် လမ်းတစ်လျှောက်လုံး ရွှီနင်နောက်သို့ လိုက်ပါလာခဲ့သည်။
ထိုသူ့တွင် ပြောင်မြောက်သော နောက်ယောင်ခံလိုက်နိုင်စွမ်း ရှိလေသည်။ ရွှီနင်သည် သူ့အား လုံးဝ သတိထားမိပုံ မရပေ။
လူရှုပ်သောနေရာတွင် သူက ရွှီနင်နှင့် ပိုမိုနီးကပ်စွာနေပြီး လူရှင်းသောနေရာတွင် ခပ်ဝေးဝေးမှ လိုက်ပါလေသည်။
မကြာမီ ရွှီနင်သည် ဝါးတောသို့ ရောက်ရှိလာပြီး ဝင်ရောက်သွားတော့သည်။
ဤနေရာသည် အလင်းရောင် အားနည်းပြီး အဝေးမှ လမ်းမီးရောင်နှင့် လရောင်ဖျော့ဖျော့ကို အားပြုကာ လမ်းကို မြင်နေရရုံသာ ရှိသည်။
မီးခိုးရောင်ဝတ်လူသည် တုံ့ဆိုင်းမနေဘဲ ဆက်လက်လိုက်ပါသွားသည်။
‘ဟမ်...’
မီးခိုးရောင်ဝတ်လူမှာ သုတ်ခြေတင် လိုက်လာသော်လည်း ရုတ်တရက် ရွှီနင် ပျောက်ဆုံးသွားသည်ကို သတိပြုမိလိုက်သည်။
သူ စိတ်လှုပ်ရှားသွားပြီး ခြေလှမ်းကျဲကာ လျှောက်လိုက်သော်လည်း ရွှီနင်ကို မမီတော့ချေ။
‘ငါ မျက်ခြည်ပြတ်သွားတာလား’
ထိုသူ စိတ်ပျက်သွားသည်။
ရုတ်တရက် မီးခိုးရောင်ဝတ်လူသည် သူ့ကျောနောက်မှ အေးစက်သော လေအေးတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
သူ မသိစိတ်အရ ခေါင်းလှည့်ကြည့်လိုက်မိသည်။
လရောင်အောက်တွင် လူမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ရွှီနင်ပင် ဖြစ်သည်။
ရွှီနင်သည် ကျောနောက်တွင် ဓားကို ကိုင်ထားပြီး မီးခိုးရောင်ဝတ်လူအား အပြုံးဖြင့် ကြည့်နေလေသည်။
မီးခိုးရောင်ဝတ်လူသည် လန့်ဖျပ်သွားကာ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
‘ငါ ဖော်ထုတ်ခံလိုက်ရပြီ’
မိမိအခြေအနေ ပေါ်သွားပြီဖြစ်ကြောင်း မီးခိုးရောင်ဝတ်လူမှာ နားလည်လိုက်သည်။
သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရွှီနင် ရှေ့သို့ တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။
ရွှီနင်သည် ကျောနောက်မှ ဓားကို ဆွဲထုတ်လိုက်ပြီး ထိုသူ ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ကာ ခုတ်ပိုင်းလိုက်လေသည်။
ဓားသွားမှာ တုန်ခါသွားလေသည်။
ထိုသူ၏ အင်္ကျီအစွန်း ပြတ်တောက်သွားလေသည်။
‘တုံ့ပြန်မှု မြန်လိုက်တာ’
ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် ဓားတိုကို အသုံးပြုထားသော်လည်း သူ၏လေပြင်းမုန်တိုင်းဓားချက်မှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အလယ်အလတ်အဆင့် ဓားသိုင်းနှင့် အတွင်းအားပြည့်ဝအဆင့်၏ ပေါက်ကွဲအားကို ပေါင်းစပ်အသုံးပြုလိုက်သော်လည်း မီးခိုးရောင်ဝတ်လူမှာ ရှောင်တိမ်းနိုင်ခဲ့သည်။
‘ဒီလူကလည်း အတွင်းအားပြည့်ဝအဆင့်ပဲ၊ ပြီးတော့ ကိုယ်ဖော့ပညာ တစ်ခုခုကိုလည်း တတ်မြောက်ထားပုံရတယ်’
ထိုသူ မည်မျှသန်မာကြောင်း ရွှီနင် ခန့်မှန်းမိလိုက်သည်။
‘ငါ အမြန်ပြေးမှဖြစ်မယ်’
မီးခိုးရောင်ဝတ်လူမှာ ထွက်ပြေးလိုနေသည်။
ရွှီနင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သူသည် ဝါးတောအုပ်အနက်ပိုင်းသို့ လှည့်ပြေးလေသည်။
ရွှီနင်သည် သူ့အား လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။
မီးခိုးရောင်ဝတ်လူသည် ပြင်ပသိုင်းပညာအချို့ကို တတ်မြောက်ထားပြီး လှုပ်ရှားမှု ပေါ့ပါးသော်လည်း ရွှီနင်သည် မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် အလယ်အလတ်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန် အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်များထက် နှစ်ဆခန့် သာလွန်ပြီး အရှိန်အဟုန်မှာလည်း အလွန်ပေါက်ကွဲအား ကောင်းလှသည်။
‘မြန်လိုက်တာ’
မီးခိုးရောင်ဝတ်လူသည် နောက်ကျောဘက်မှ လေတိုးသံကို ခံစားလိုက်ရသည်။ ရွှီနင်၏ ခြေသံများ နီးကပ်လာသည်ကို ကြားနေရ၏။
ဖမ်းမိခံရတော့မည်မှန်း သိလိုက်သဖြင့် မီးခိုးရောင်ဝတ်လူသည် အံကြိတ်ကာ အခြားတစ်ဖက်သို့ ပြောင်းပြေးလေသည်။
သူ့အားသာချက်မှာ ကိုယ်ဖော့ပညာဖြစ်ကြောင်း သူသိသည်။
သို့သော် ရွှီနင်လည်း ညံ့ဖျင်းသူ မဟုတ်ပေ။ မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် အလယ်အလတ်အဆင့်သည် သူ့အား ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စေသည်။
နှစ်ဦးသား အကွာအဝေးမှာ နီးကပ်လာသည်။
ရွှီနင် ဝါးတောထဲတွင် ခုန်လွှားလိုက်သည်။
ထိုသူမှာ ရွှီနင်၏ လက်လှမ်းမီရာသို့ ရောက်ရှိလာပြီဖြစ်သည်။
ရွှီနင်သည် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ မီးခိုးရောင်ဝတ်လူ၏ ညာဘက်လက်မောင်းကို ထိသွားသည်။
ဒဏ်ရာမှာ နက်ရှိုင်းပြီး ဓားသွားက အရိုးထိသွားသည်ကို ရွှီနင် ခံစားလိုက်ရသည်။
မီးခိုးရောင်ဝတ်လူသည် အော်ဟစ်လိုက်ပြီး ညာလက်မောင်း ဒဏ်ရာရသွားသဖြင့် ခန္ဓာကိုယ်ဟန်ချက်ပျက်ကာ ယိုင်လဲသွားလေသည်။ သူ ယိုင်နဲ့နဲ့ ဖြစ်သွားပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ရွှီနင်သည် ထိုသူ၏ လည်ပင်းကို ဖမ်းဆုပ်ကာ မြေကြီးပေါ်သို့ ဖိချလိုက်သည်။
မီးခိုးရောင်ဝတ်လူမှာ ဒဏ်ရာပြင်းထန်စွာ ရထားပြီး နှုတ်ခမ်းများ ဖြူဖျော့ကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
“ကျုပ်က...”
မီးခိုးရောင်ဝတ်လူမှာ ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း ရွှီနင်က ဓားတိုကို ပြန်သိမ်းလိုက်သည်ကို တွေ့လိုက်ရသည်။
“ငါ နားမထောင်ချင်ဘူး”
ရွှီနင်သည် ထိုသူ၏ လည်ပင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကြီးမားသော ရိုက်ခတ်အားကြောင့် ထိုသူ သတိလစ်သွားတော့သည်။
ရွှီနင်၏ အားအင်မှာ ကြီးမားလှသည်။ သာမန်လူသာဆိုလျှင် ထိုရိုက်ချက်ကြောင့် သေဆုံးသွားနိုင်သည်။
ထိုသူ သတိလစ်သွားသည်ကို မြင်သောအခါ ရွှီနင်သည် သွေးထွက်လွန်ပြီး သေဆုံးမည်စိုးသဖြင့် မိမိအင်္ကျီလက်စကို ဆွဲဖြဲကာ ဒဏ်ရာရသော လက်မောင်းအား စည်းနှောင်ပေးလိုက်သည်။
ဒီလူ ဘယ်သူလဲဆိုတာ ရွှီနင် ခန့်မှန်းမိသည်။ တယွမ်ကုန်သွယ်ရေးအဖွဲ့က လူ သို့မဟုတ် ချန်ရန့်၏ လူ ဖြစ်ပေလိမ့်မည်။
မီးခိုးရောင်ဝတ်လူသည် သူ့အား သတ်ရန် ရည်ရွယ်ချက်မရှိဘဲ နောက်ယောင်ခံလိုက်ရုံသာ ဖြစ်ကြောင်း ရွှီနင် သိသည်။
မည်သည့်အကြောင်းကြောင့် နောက်ယောင်ခံလိုက်သည်လဲ ဆိုသည်ကိုတော့ ရွှီနင် မသိသလို ဂရုလည်း မစိုက်ပေ။
ဒီကိစ္စကို ကျွမ်းကျင်သူတွေ ဖြေရှင်းပါစေလေ။
ရွှီနင်သည် ထိုသူကို တတိယတပ်စခန်းသို့ ဆွဲခေါ်သွားလေသည်။
ချွီးတယို၏ စာကြည့်ခန်းအပြင်ဘက်၌…
ရွှီနင်သည် တံခါးအား အပြင်မှ ခေါက်လိုက်သည်။
“ဝင်ခဲ့”
ချွီးတယို ပြောလိုက်သည်။
“ဆရာ”
ရွှီနင် အိမ်ထဲသို့ ဝင်သွားပြီး ရှင်းပြလိုက်သည်။ “ဆရာ... လူတစ်ယောက် ကျွန်တော့်ကို နောက်ယောင်ခံ လိုက်နေပါတယ်”
“ဟေ...”
ချွီးတယို မျက်ခုံးပင့်သွားသော်လည်း အံ့ဩသွားပုံမရပေ။
“မင်း သူ့ကို တွေ့သွားမှန်း သူသိလား”
ချွီးတယို မေးလိုက်သည်။
“သိပါတယ်” ရွှီနင် ပြန်ဖြေလိုက်သည်။ “ကျွန်တော် သူ့ကို သတိလစ်အောင်လုပ်ပြီး အချုပ်ခန်းထဲ ထည့်ထားလိုက်ပါပြီ”
“…”
ချွီးတယို တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဆရာ... သူတို့ ဘာလို့ ဒီလိုလုပ်ကြတာလဲ”
ရွှီနင် မေးလိုက်သည်။
ရွှီနင်အား နောက်ယောင်ခံလိုက်သူမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သိကြသည်။
“ငါ မင်းကို ပြောဖူးတယ်မလား... ငါတို့က ချိုက်ချင်းဟန်နဲ့ တယွမ်ကုန်သွယ်ရေးအဖွဲ့ကို အရေးယူတော့မယ်ဆိုတာလေ”
ချွီးတယိုက ပြောလိုက်သည်။ “ငါထင်တာကတော့ သူတို့ဘက်ကလည်း ဒါကို ရိပ်မိနေပုံရတယ်... မင်းက မေပယ်လမ်းကြားမှာ ငါတို့ရဲ့ သူလျှိုဆိုတော့ မင်းကို ပစ်မှတ်ထားတာ ဆန်းတော့မဆန်းပါဘူး... သူတို့က မင်းရဲ့ သွားလာလှုပ်ရှားမှုတွေကို ကြည့်ပြီး ငါတို့ရဲ့ လှုပ်ရှားမှု သဲလွန်စတွေကို ဖော်ထုတ်ချင်နေကြတာ”
“ဒါပေမဲ့ ဆရာ... ကျွန်တော်က ဘာမှမဟုတ်တဲ့လူလေ”
ရွှီနင် မေးလိုက်သည်။ “ဘာလို့ စခန်းက လှုပ်ရှားမှုတွေကို တိုက်ရိုက် မစုံစမ်းကြတာလဲ”
ချွီးတယို ရယ်မောလိုက်သည်။ “ငါတို့စခန်းထဲမှာ သူလျှိုမရှိမှန်း မင်းဘယ်လိုသိလဲ”