အဖြစ်အပျက်ကြီးတစ်ခု
Vol. 5 Ch. 48
ယွီရှင့်ဟယ့် ထွက်ခွာသွားလေသည်။
“ခင်ဗျားမျက်လုံးထဲမှာ လူသတ်ချင်တဲ့အရိပ်အယောင်တွေ တွေ့နေရတယ်...”
အနက်ရောင်ဝတ်စုံနှင့်လူသည် ထိုအရာကို ချက်ချင်း သတိထားမိလိုက်သည်။
သွမ့်ယီဟယ် ခေါင်းခါလိုက်၏။ “မဟုတ်ဘူး... ငါ သူ့ကို မသတ်ပါဘူး၊ ဒါပေမဲ့ တန်ကြေးတော့ ပြန်ပေးဆပ်ရလိမ့်မယ်”
“ဆက်စောင့်နေစရာ မလိုတော့ဘူး၊ ငါတို့ ကုန်ပစ္စည်းတွေကို ချက်ချင်းပို့ကြမယ်။ ဒီတစ်ခါတော့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”
သွမ့်ယီဟယ်က အနက်ရောင်ဝတ်လူကို ကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ အဲဒီလောက် အလျင်လိုနေရတာလဲ”
အနက်ရောင်ဝတ်လူမှာ နားမလည်နိုင် ဖြစ်သွားရသည်။
“စောစောက ယွီရှင့်ဟယ့်ကို ငါပြောခဲ့တာတွေက လိမ်ပြောတာ...”
သွမ့်ယီဟယ်၏လေသံမှာ အေးစက်နေ၏။ “ဟွေးကျိုက ချွီးတယိုလက်ထဲ ရောက်သွားတာ သေချာသလောက်ပဲ။ ချိုက်ချင်းဟန် ရှိနေရင်တောင် သူ့ကို ကယ်ထုတ်ဖို့ နည်းလမ်းမရှိဘူး။ သူတို့နှစ်ယောက်က ပြိုင်ဘက်တွေလေ”
“ပြီးတော့... ဟွေးကျိုက အကြောင်းစုံကို သိနေတယ်၊ ပြီးတော့ ချွီးတယိုဆိုတာက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲမှာ နာမည်ကြီးတဲ့ ညှဉ်းပန်းနှိပ်စက်ရေး ဆရာတစ်ဆူလေ... တကယ်လို့ ချွီးတယိုသာ ဟွေးကျိုကို စစ်ဆေးမေးမြန်းလိုက်ရင် ငါတို့ရဲ့ လျှို့ဝှက်ချက် ၉၀ ရာခိုင်နှုန်းလောက် ပေါက်ကြားကုန်လိမ့်မယ်”
သွမ့်ယီဟယ်က ဆက်ပြောလေသည်။ “တစ်ခါ ပေါက်ကြားသွားတာနဲ့ ကုန်ပစ္စည်းပို့ဖို့ကိစ္စကို မေ့လိုက်တော့၊ ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အရင်းအမြစ်တွေပါ ပျောက်ကွယ်သွားလိမ့်မယ်”
“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က မလှုပ်ရှားသေးဘူးဆိုတော့ စစ်ဆေးမေးမြန်းတာ မလုပ်ရသေးတာ ဖြစ်နိုင်တယ်။ ငါတို့ ဒီအခွင့်အရေးကိုယူပြီး မြန်မြန်လှုပ်ရှားမှ ဖြစ်မယ်”
သွမ့်ယီဟယ်၏လေသံမှာ ပြတ်သားနေလေသည်။
“တခြားနည်းနဲ့ပြောရရင် ခင်ဗျား ဒီနေရာကို စွန့်လွှတ်တော့မလို့လား”
အနက်ရောင်ဝတ်လူက မမျှော်လင့်ထားသော အခြေအနေကြောင့် သူတို့၏ တည်ငြိမ်သော အရင်းအမြစ် ထောက်ပံ့မှု ပျောက်ဆုံးသွားနိုင်သည်ကို သဘောပေါက်လိုက်သည်။
“တခြားရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ အခု မထွက်သွားရင် သေကုန်ကြလိမ့်မယ်”
သွမ့်ယီဟယ်က ပြောလိုက်သည်။ “နှမြောမနေပါနဲ့ကွာ။ အထိခိုက်အနာကျင်ရဆုံးလူက ငါပါ”
သွမ့်ယီဟယ်၏လေသံမှာ စိတ်ပျက်အားငယ်နေပုံ ပေါ်သည်။ ဤသည်မှာ သူအနှစ် ၂၀ ကျော်ကြာ ကြိုးစားလုပ်ကိုင်ပြီး စုဆောင်းထားခဲ့သော အရာများ ဖြစ်သည်။ ဤကဲ့သို့ လွယ်လွယ်လေး စွန့်ပစ်လိုက်ရသည်မှာ ခက်ခဲလှပေသည်။
“ငါ ဒီအခွင့်အရေးကို အသုံးချပြီး လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းထဲ ဝင်လိုက်တော့မယ်” သွမ့်ယီဟယ်က အစီအစဉ်ဆွဲပြီး ဖြစ်လေသည်။ “ငါ့ကို အသုံးမကျဘူးလို့ မထင်နဲ့ဦး။ ငါက သာမန်လူသားနယ်ပယ် ပဉ္စမအဆင့် ချီနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်သလို အတွေ့အကြုံတွေလည်း အများကြီး ရှိတယ်”
အနက်ရောင်ဝတ်လူက နားထောင်ပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ “ကောင်းပြီလေ”
“ဒါပေမဲ့...” အနက်ရောင်ဝတ်လူက ထပ်ပြောသည်။ “တကယ်လို့ အဆိုးရွားဆုံးအခြေအနေ မဖြစ်လာဘဲ ဟွေးကျိုက ချွီးတယိုလက်ထဲ မရောက်သွားဘူးဆိုရင် ငါတို့ ဘယ်လိုလုပ်မလဲ”
“ဒါက လွယ်ပါတယ်”
သွမ့်ယီဟယ်က ထိုသို့ဖြစ်နိုင်ချေ နည်းပါးသည်ဟု ခံစားမိသော်လည်း ပြန်ဖြေလိုက်သည်။ “တကယ်လို့ ငါတို့လျှို့ဝှက်ချက်တွေ မပေါက်ကြားဘူးဆိုရင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ဘာမှလုပ်မှာ မဟုတ်ဘူး။ ကုန်ပစ္စည်းတွေ မင်းဆီရောက်တာနဲ့ ငါတို့ ထိုင်ပြီး အခြေအနေကို စောင့်ကြည့်ကြမယ်။ ဘာမှမဖြစ်ဘူးဆိုရင် ပုံမှန်အတိုင်း ပြန်လည်ပတ်ကြတာပေါ့”
“တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တော့... ယွီရှင့်ဟယ့်ကို ခေါင်းပုံချလိုက်ရုံပဲ”
သွမ့်ယီဟယ်၏လေသံမှာ ရက်စက်ကြမ်းကြုတ်နေလေသည်။
“ဒါဆိုရင်လည်း ကုန်ပစ္စည်းတွေ ပို့ကြတာပေါ့”
အနက်ရောင်ဝတ်လူက မတ်တတ်ရပ်လိုက်သည်။
“ငါကိုယ်တိုင် စီစဉ်လိုက်မယ်”
သွမ့်ယီဟယ် အပြင်သို့ ထွက်သွားလေတော့သည်။
…
အခြားတစ်ဖက်တွင်…
စခန်း (၃) ရှိ အချုပ်ခန်းထဲ၌…
ရွှီနင်၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဟွေးကျိုသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သစ်သားတိုင်တွင် သံကြိုးများဖြင့် တုပ်နှောင်ခံထားရလေသည်။
သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ချွီးတယိုသည် ဟွေးကျို၏ ရှေ့ရှိ သစ်သားစားပွဲပေါ်တွင် ထိုင်နေသည်။
ချွီးတယိုတစ်ယောက် အလွန်အမင်း တုန်လှုပ်ချောက်ချားနေလေသည်။
စောစောကမှ ဟွေးကျိုဆီကနေ အရေးကြီးသော သတင်းကြီးတစ်ခုကို သူ ကြားသိလိုက်ရခြင်း ဖြစ်သည်။
ခန်းယွင်ခရိုင်ရှိ တယွမ်ကုန်သွယ်ရေးအဖွဲ့သည် လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းဟု ခေါ်သော မိစ္ဆာဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်နေလေသည် တဲ့။
သူတို့သည် သတ်မှတ်ထားသော အချိန်ကာလများတွင် လက်နက်များ၊ ဆေးဝါးများ၊ ငွေများနှင့် အခြားသော အရင်းအမြစ်များကို လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထို့ပြင် လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းအား မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ဖမ်းဆီးမှုမှ ရှောင်ရှားနိုင်ရန်အတွက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထံမှ သတင်းအချက်အလက်များကိုလည်း စုဆောင်းပေးခဲ့ကြလေသည်။
‘ရွှီနင်က ရွှေတွင်းကြီးကို နင်းမိလိုက်တာပဲ’
ရွှီနင်ကို လိုက်ချောင်းသူက မိစ္ဆာဂိုဏ်းနှင့် ပတ်သက်နေလိမ့်မည်ဟု ချွီးတယို ထင်မှတ်မထားခဲ့မိပေ။
ချိုက်ချင်းဟန်သည် တယွမ်ကုန်သွယ်ရေးအဖွဲ့ထံမှ လာဘ်ငွေယူကာ ကုန်သည်များထံမှ ဈေးနှုန်းတင်ရောင်းချခြင်းကဲ့သို့သော စည်းကမ်းဖောက်ဖျက်မှုများကို ဖုံးကွယ်ပေးထားကြောင်းသာ ချွီးတယိုတို့ သိထားခဲ့ကြသည်။
ဤစည်းကမ်းဖောက်ဖျက်မှုများသည် သဘာဝအရ ဆိုးရွားသော်လည်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲရန် ဖိအားပေးရုံသာ ရှိပေမည်။
သို့သော် ယခုအခါ မိစ္ဆာဂိုဏ်းနှင့် ပတ်သက်နေပြီဖြစ်ရာ အခြေအနေမှာ ချက်ချင်းပင် လေးနက်ပြင်းထန်သွားတော့သည်။
ဝေ့ချန်ချင်းသည် ပါဝင်ပတ်သက်လိုခြင်း မရှိလျှင်ပင် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရပေတော့မည်။
“ငါ သခင်ကြီးဝေ့ကို အရင်သွားရှာမှ ဖြစ်မယ်”
ချွီးတယို ချက်ချင်း တုံ့ပြန်လိုက်သည်။
ဟွေးကျို သူ့လက်ထဲရောက်နေသည်မှာ နှစ်နာရီခန့် ရှိသွားပြီဖြစ်ရာ ဟွေးကျို၏ နောက်ကွယ်မှလူများသည် ဖမ်းဆီးခံရသည့်သတင်းကို သိရှိပြီးလောက်ပြီ ဖြစ်သည်။
တစ်ဖက်လူသာ ဉာဏ်ကောင်းလျှင် လှုပ်ရှားစပြုနေလောက်ပြီ ဖြစ်သည်။ နောက်ကွယ်မှ ကြိုးကိုင်သူသည် ခန်းယွင်ခရိုင်မှ ထွက်ပြေးလွတ်မြောက်သွားနိုင်ချေ ရှိလေသည်။
“လာကြစမ်း”
ချွီးတယို အပြင်ထွက်လာရင်း လက်ထောက်ကို လှမ်းခေါ်လိုက်သည်။ “စခန်းထဲကလူအကုန်လုံးကို စုလိုက်၊ ပြီးရင် တယွမ်ကုန်သွယ်ရေးအဖွဲ့ပိုင်ဆိုင်တဲ့ ဆိုင်တွေအားလုံးကို ပိတ်သိမ်းခိုင်းလိုက်”
“ဟုတ်ကဲ့ပါ”
လက်ထောက်က ချက်ချင်း ထူးလိုက်သည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ချွီးတယိုက လှမ်းတားလိုက်ပြန်သည်။ “နေဦး၊ သူတို့ကို မခေါ်နဲ့တော့။ ခေါင်းဆောင်ရှဆီ တန်းသွားပြီး စခန်း (၂) က လူတွေကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်”
ဤကိစ္စသည် လူသစ်များအတွက် အလွန်အရေးကြီးလွန်းလှသည်။ ထို့ပြင် ဤလူသစ်အုပ်စုသည် အတွေ့အကြုံနည်းပါးသည်ဟု ချွီးတယို ခံစားမိသောကြောင့် ဖြစ်သည်။
“ဟုတ်ကဲ့ပါ”
လက်ထောက်လည်း ထွက်ခွာသွားလေသည်။
ချွီးတယိုသည် ဝေ့ချန်ချင်းရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။
ညဉ့်နက်နေချေပြီ။
တိတ်ဆိတ်ငြိမ်သက်နေသော ခန်းယွင်ခရိုင်မြို့သည် ဟွေးကျို အဖမ်းခံရမှုကြောင့် ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။
မှောင်မိုက်သော ညတွင် ခန်းယွင်ခရိုင်ကို ပိတ်ဆို့ထားလိုက်သည်။ ခရိုင်မြို့၏ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ပင်ထားလေသည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ငါးဖွဲ့သည် မြို့ပြင်သို့ ထွက်ခွာကာ သွမ့်ယီဟယ်နှင့် လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းကို လိုက်လံရှာဖွေ ဖမ်းဆီးကြလေသည်။
တစ်ချိန်တည်းမှာပင် တယွမ်ကုန်သွယ်ရေးအဖွဲ့၏ ဆိုင်များအားလုံး ဝိုင်းရံပိတ်ဆို့ခံရပြီး တယွမ်ကုန်သွယ်ရေးအဖွဲ့တွင် လုပ်ကိုင်သူများမှာ တစ်ညတည်းနှင့် ဖမ်းဆီးခံလိုက်ရလေသည်။
မေပယ်လမ်းကြားကင်းစခန်းတွင် ရွှီနင်၊ ချန်ရန့်၊ ဖန်းတုနှင့် ကျွမ်းတင်ရှစ်တို့မှလွဲ၍ ကျန်သူများမှာ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံလိုက်ရသည်။
စခန်း (၁) မှ ခေါင်းဆောင် ချိုက်ချင်းဟန်ပင်လျှင် ဖမ်းဆီးခံလိုက်ရလေသည်...
…
နောက်တစ်နေ့၌…
ရွှီနင်သည် အိပ်ရာနိုးသည်အထိ မနေ့ညက အဖြစ်အပျက်များကို မသိရှိခဲ့ပေ။
ရွှီနင်သည် ဤအဖြစ်အပျက်၏ အစပြုသူဖြစ်သော်လည်း နောက်ဆက်တွဲ ကိစ္စများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။
နောက်ယောင်ခံလိုက်သည့်ကိစ္စ၏ နောက်ဆက်တွဲ အခြေအနေများကို သိရှိပြီးနောက် ရွှီနင်သည် မနက်စာပင် မစားတော့ဘဲ မေပယ်လမ်းကြားကင်းစခန်းသို့ တန်းသွားလိုက်သည်။
မေပယ်လမ်းကြားသည် ပုံမှန်အားဖြင့် မနက်ခင်းတွင် စည်ကားလေ့ရှိသော်လည်း ယခုအခါ လူသူကင်းမဲ့နေလေသည်။
တယွမ်ကုန်သွယ်ရေးအဖွဲ့ပိုင် ဆိုင်တိုင်း၏ အနီးတွင် မြို့စောင့်တပ်သားများ ရပ်နေကြသည်။
တယွမ်ကုန်သွယ်ရေးအဖွဲ့ပိုင် ဆိုင်များကြားတွင် ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များလည်း ရှိနေသည်။
ရွှီနင်သည် ဤမဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို မမှတ်မိပေ၊ သူတို့သည် အခြားစခန်းတစ်ခုမှ ဖြစ်ကြောင်း ထင်ရှားလှသည်။
ရွှီနင်သည် မေပယ်လမ်းကြားကင်းစခန်းထဲသို့ ဝင်လိုက်သည်။
ကင်းစခန်းထဲတွင် မည်သူမျှ မရှိ၊ ဝင်ပေါက်မှ မြို့စောင့်တပ်သားများပင် ပျောက်ကွယ်နေကြသည်။
‘အခြေအနေက ဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ မထင်ထားဘူး...’
ရွှီနင်သည် စားပွဲတွင် ထိုင်ကာ နဖူးကို ပွတ်သပ်လိုက်မိသည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးနောက် ယွမ်ရှန်းဂိုဏ်းသည် မိစ္ဆာဂိုဏ်းများကို ရှင်းလင်းရန် မည်မျှ သန္နိဋ္ဌာန်ချထားကြောင်း ရွှီနင် သိထားသည်။
ခန်းယွင်ခရိုင်ရှိ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် လစဉ်လိုလို အနီးနားရှိ မိစ္ဆာဂိုဏ်းများ၏ ခြေရာလက်ရာများကို စစ်ဆေးရလေ့ရှိသည်။
သို့သော် စခန်း (၃) မှ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များမှာ လူသစ်များဖြစ်ကြသဖြင့် လာမည့်နှစ်အထိ ဤတာဝန်တွင် ပါဝင်ရမည် မဟုတ်ပေ။
‘ခေါင်းဆောင်ချွီးကို တကယ် ကျေးဇူးတင်ရမယ်။ ဒီမနက် သတင်းထုတ်ပြန်တုန်းက ငါ့အကြောင်းကို ဖုံးကွယ်ပေးထားတယ်...’
မနက်ခင်းက ထုတ်ပြန်ချက်ကို ဖတ်ကြည့်ရာတွင် ရွှီနင်မှာ သူ့နာမည်ကို မတွေ့ခဲ့ရပေ။
ချွီးတယို ထုတ်ပြန်သော ကြေညာချက်တွင် ဤအဖြစ်အပျက်၏ အစပြုရာဇာစ်မြစ်ကို ဖုံးကွယ်ထားခဲ့သည်။ ဤနည်းအားဖြင့် ရွှီနင်သည် အတိုင်းအတာတစ်ခုအထိ ကာကွယ်မှု ရရှိစေမည်ဖြစ်သည်။
“သခင်လေး”
စာကြည့်ခန်းအပြင်ဘက်မှ ဖုန်ဆစ်ကွား၏ အသံ ထွက်ပေါ်လာသည်။
ဖုန်ဆစ်ကွားသည် အလွန်အမင်း စိုးရိမ်ပူပန်နေပုံရပြီး တံခါးပင် မခေါက်တော့ဘဲ တွန်းဖွင့်ကာ ဝင်လာလေသည်။
စားပွဲတွင် ထိုင်နေသော ရွှီနင်ကို မြင်လိုက်ရမှ ဖုန်ဆစ်ကွား သက်ပြင်းချနိုင်တော့သည်။
“သခင်လေး”
ဖုန်ဆစ်ကွားက အရှေ့သို့ အမြန်တိုးလာသည်။ “ကျွန်တော် မနေ့ညက အိမ်မှာ အိပ်နေတုန်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ရုတ်တရက် လာဖမ်းသွားတာ”
“ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး၊ မေပယ်လမ်းကြားကင်းစခန်းမှာ လုပ်တဲ့ တခြားမြို့စောင့်တပ်သားတွေလည်း အဲဒီလိုပဲ ဖမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ကို စုပြီး တစ်ညလုံး စစ်ဆေးမေးမြန်းတာ”
“ထပ်ခါထပ်ခါ စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ တချို့သူငယ်ချင်းတွေ ပြန်လွတ်လာပေမဲ့ တချို့ကတော့ စခန်း (၂) က အချုပ်ခန်းထဲမှာ ကျန်ခဲ့တုန်းပဲ”
ဖုန်ဆစ်ကွား၏လေသံမှာ ကြောက်ရွံ့နေလေသည်။
ရွှီနင်က နားထောင်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သည့် မည်သည့်ကိစ္စမဆို လေးနက်သော ကိစ္စကြီးပင် ဖြစ်သည်။
“သခင်လေး... လက်ထောက်ချန်နဲ့ တခြားလူတွေလည်း အစစ်ဆေးခံရတယ်လို့ ကြားတယ်။ သခင်လေးရော မပါဘူးမလား”
ဖုန်ဆစ်ကွားက နဖူးမှ ချွေးများကို သုတ်လိုက်သည်။
“ငါသာ ပါနေရင် အခု ဒီမှာ ရှိနေပါ့မလား”
ရွှီနင် ပြုံးလိုက်သည်။
ရွှီနင်သည် ဤအဖြစ်အပျက်၏ စတင်သူဖြစ်ကြောင်း ဖုန်ဆစ်ကွားသာ သိခဲ့လျှင် ဤမေးခွန်းကို မေးလိမ့်မည် မဟုတ်ပေ။