← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 5 Ch. 49

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 5 Ch. 49

ခန်းယွင်ခရိုင်…

ခရိုင်မြို့ဝင်ပေါက်တိုင်းတွင် မြို့စောင့်တပ်သားများနှင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များပါ စောင့်ကြပ်နေကြသည်။

ဝေ့ချန်ချင်းမှ လာမည့်သုံးရက်အတွင်း မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များမှလွဲ၍ မည်သူမျှ ခန်းယွင်ခရိုင်အတွင်း ဝင်ထွက်သွားလာခွင့် မပြုရန် အမိန့်ထုတ်ထားလေသည်။

ခရိုင်မြို့တံခါးအနီးရှိ ထောင့်ချိုးတစ်ခုတွင် ဦးထုပ်နှင့် သိုးမွှေးအင်္ကျီဝတ်ဆင်ထားသော လူတစ်ယောက်သည် နံရံနောက်မှနေ၍ ချောင်းကြည့်နေသည်။

ထိုသူသည် တင်းကျပ်လှသော လုံခြုံရေးကို ကြည့်ရင်း နံရံကို လက်သီးဖြင့် ထိုးလိုက်မိသည်။

ထိုသူမှာ သွမ့်ယီဟယ်၏ စွန့်ပယ်ခြင်းကို ခံလိုက်ရသူ ယွီရှင့်ဟယ့်ပင် ဖြစ်လေသည်။

မနေ့က သွမ့်ယီဟယ်သည် ယွီရှင့်ဟယ့်ကို လွှတ်လိုက်ပြီးနောက် သူပိုင်ဆိုင်သမျှ ပစ္စည်းများကို ယူဆောင်ကာ လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းနောက်သို့ လိုက်ပါ၍ မြို့ထဲမှ ထွက်ခွာသွားခဲ့သည်။

ညဉ့်နက်သန်းခေါင်ယံတွင် အဖြစ်အပျက်များ စတင်ခဲ့သည်။ ယွီရှင့်ဟယ့်သည် အိပ်မက်မက်နေရာမှ လမ်းမပေါ်ရှိ ဆူညံသံများကို ကြားလိုက်ရသည်။

ယွီရှင့်ဟယ့် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သဖြင့် ချက်ချင်းထကာ သွမ့်ယီဟယ်ကို သွားရှာခဲ့သည်။

ကံဆိုးစွာပင် သွမ့်ယီဟယ်သည် လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းနှင့်အတူ ထွက်ခွာသွားပြီဖြစ်ကြောင်း ယွီရှင့်ဟယ့် တွေ့ရှိလိုက်ရသည်။

ထိုအချိန်မှသာ သူသည် သွမ့်ယီဟယ်အတွက် ဓားစာခံဖြစ်သွားမှန်း ယွီရှင့်ဟယ့် နားလည်လိုက်တော့သည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က တယွမ်ကုန်သွယ်ရေးအဖွဲ့၏ ဆိုင်ခန်းများကို မဝိုင်းရံမီတွင် ယွီရှင့်ဟယ့်သည် လမ်းကြားလေးများထဲသို့ တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။

လမ်းမပေါ်မှ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နှင့် မြို့စောင့်တပ်များကို ရှောင်ရှားရန်အတွက် ယွီရှင့်ဟယ့်သည် လူနေအိမ်တစ်အိမ်တွင် ဝင်ရောက်ပုန်းအောင်းနေခဲ့ရသည်။

သို့သော် မနက်အစောပိုင်းတွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် အိမ်များကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးလာကြသည်။

ထို့ကြောင့် ယွီရှင့်ဟယ့်မှာ နေရာရွှေ့ပြောင်းရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူသည် မြို့ပြင်ထွက်ရန် အခွင့်အရေးကို ရှာဖွေနေခြင်းဖြစ်သည်။

သို့သော် တင်းကျပ်လှသော လုံခြုံရေးကို မြင်လိုက်ရသောအခါ သူ့မှာ အားကိုးရာမဲ့ကာ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

ဤမျှတင်းကျပ်သော လုံခြုံရေးအောက်တွင် သူတစ်ပါးသတိမထားမိစေဘဲ ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အကယ်၍ အရိပ်အယောင်ပြမိသည်နှင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က သူ့နောက်သို့ လိုက်လာကြမည်ဖြစ်ပြီး ထိုသို့သာဆိုလျှင် သူသေချာပေါက် အဖမ်းခံရပေလိမ့်မည်။

“သွမ့်ယီဟယ်...”

ယွီရှင့်ဟယ့်၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ “ကျုပ်က ခင်ဗျားနဲ့ နှစ်ပေါင်း ၂၀ ကျော် လက်တွဲလာခဲ့တာ... ခေါင်းပြတ်ခံရမယ့်အရေးကိုတောင် မမှုဘဲ လမ်းကြောင်းခုနစ်သွယ်ဂိုဏ်းနဲ့ ဆက်သွယ်ဖို့ ကူညီပေးခဲ့တာ... နောက်ဆုံးကျတော့ ခင်ဗျားက ကျုပ်ကို ဓားစာခံလုပ်ရက်တယ်‌”

ယွီရှင့်ဟယ့်သည် သွမ့်ယီဟယ်ကို သတ်ပစ်ချင်နေသည်။

သို့သော် လက်ရှိအခြေအနေတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် မနည်းရုန်းကန်နေရသဖြင့် သွမ့်ယီဟယ်ကို သတ်မည့်ကိစ္စကို မေ့ထားလိုက်ရသည်။

“ပြီးတော့ ဟိုငတုံးကောင် ဟွေးကျို...”

ယွီရှင့်ဟယ့်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ “ပြီးတော့... ရွှီနင်...”

ရွှီနင်နှင့် စတွေ့ကတည်းက ရွှီနင်သည် သူ့ကို အမြဲတမ်း ဒုက္ခပေးခဲ့သည်။

နောက်ဆုံးတွင် သူသည် ကျဆုံးခန်းသို့ ရောက်ခဲ့ရလေပြီ။

ယွီရှင့်ဟယ့်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး နာကြည်းမုန်းတီးသော အကြည့်များဖြင့် လမ်းကြားများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

…

ညအချိန်၌…

ရွှီနင်သည် စခန်းအမှတ်(၃)သို့ ပြန်ရောက်လာခဲ့သည်။

စခန်းအမှတ်(၃)တွင် မြို့စောင့်တပ်သားအနည်းငယ်မှလွဲ၍ လူသူကင်းမဲ့နေသည်။ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် အသစ်များ မရှိကြပေ။

မနေ့ညက လူသစ်များသည် အတွေ့အကြုံမရှိသေးဟု ချွီးတယို ယူဆခဲ့သဖြင့် သူတို့ကို အသုံးမပြုခဲ့ပေ။

ဒီမနက် အခြေအနေကို အတော်အတန် ထိန်းချုပ်နိုင်ပြီးနောက်တွင်မူ လူအင်အား လိုအပ်လာခဲ့သည်။ စခန်းတွင် စောင့်ကြပ်ခြင်းဖြစ်စေ၊ ကင်းစခန်းများသို့ တာဝန်ကျသည်ဖြစ်စေ အားလုံးတွင် လုပ်စရာအလုပ်များ ရှိနေကြသည်။

မေပယ်လမ်းကြားကင်းစခန်းမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ပြီး အရာရှိလည်း မရှိတော့သဖြင့် မေပယ်လမ်းကြားကင်းစခန်းမှ အဖွဲ့ဝင်ဖြစ်သော ရွှီနင်မှာ တာဝန်ပေးအပ်ခြင်း မခံရပေ။

ထို့ကြောင့် ဤအဖြစ်အပျက်၏ အဓိကဇာတ်လိုက်ဖြစ်သော ရွှီနင်သည် အားလပ်နေသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် ဖြစ်လာခဲ့သည်။

စားသောက်ဆောင်တွင် တစ်ယောက်တည်း ညစာစားပြီးနောက် ရွှီနင် အခန်းပြန်လာခဲ့သည်။

ထောင်ချင်းဖင် မရှိသဖြင့် အခန်းထဲတွင် ရွှီနင်တစ်ယောက်တည်းသာ ရှိနေသည်။

“သိုင်းပညာမျက်နှာပြင်”

ရွှီနင် စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

အားလပ်ချိန်ရနေသဖြင့် ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

—

အမည် - ရွှီနင်

သိုင်းပညာ -

နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် တတိယအဆင့် - အတွင်းအားပြည့်ဝအဆင့်)+

လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+

မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် (အလယ်အလတ်အဆင့်)+

ပေါ့ပါးငှက်မွှေး လေးအတတ်ပညာ (အခြေခံအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၆ ယူနစ်

—

မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်ပြီးနောက်တွင် သူ့၌ စွမ်းအင် ၃ ယူနစ် ကျန်ရှိခဲ့သည်။

သို့သော် စိမ်းပြာရောင်တံဆိပ်ပြား ရရှိရာမှ ဆုချီးမြှင့်ခံရသော ပျံလွှားမြီးမြက်ကို စုပ်ယူပြီးနောက် ယခုအခါ ရွှီနင့်ထံတွင် စွမ်းအင် ၆ ယူနစ် ရှိနေပြီဖြစ်သည်။

“စွမ်းအင် ၆ ယူနစ်ပဲ ကျန်တော့တယ်... သိပ်မများလှဘူး...”

ရွှီနင် တွေးတောလိုက်သည်။

ရွှီနင်သည် ယခုအခါ အတွင်းအားပြည့်ဝအဆင့်တွင် ရှိနေပြီး ချီနယ်ပယ်သို့ ဆက်လက်တက်လှမ်းလိုပါက စွမ်းအင် ၂၅ ယူနစ် လိုအပ်ပေသည်။

စွမ်းအင် ၆ ယူနစ်ဆိုသည်မှာ ၂၅ ယူနစ်နှင့် ယှဉ်လျှင် များစွာ ကွာခြားနေသေးသည်။

“ဒါပေမဲ့ ၆ ယူနစ်ဆိုတာက ပေါ့ပါးငှက်မွှေး လေးအတတ်ပညာကို အလယ်အလတ်အဆင့်ထိ မြှင့်တင်ဖို့တော့ လုံလောက်တယ်...”

ရွှီနင်သည် ကုတင်ဘေးတွင် ချိတ်ဆွဲထားသော လေးရှည်ကြီးကို လှမ်းကြည့်လိုက်သည်။

၎င်းမှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့တွင် အခြေခံအကျဆုံး ထုတ်ပေးထားသော လက်နက်တစ်ခု ဖြစ်သည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် အသစ်များသည် အခြေခံလေးမြားပစ်ခတ်ခြင်းကို လေ့ကျင့်ခဲ့ရသော်လည်း ချိန်ရွယ်ခြင်းနှင့် အားစိုက်ထုတ်ခြင်းကိုသာ ကျွမ်းကျင်ရန် လိုအပ်သည်။ လေးမြားပညာရပ်ကို အထူးပြုလေ့လာရန် မလိုအပ်ပေ။

သို့သော် ရွေးချယ်စရာများကို အချိန်အတော်ကြာ ချိန်ဆပြီးနောက် ရွှီနင်သည် ပေါ့ပါးငှက်မွှေး လေးအတတ်ပညာကို အဆင့်မြှင့်တင်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

ယခင်က ယွင်ဇယ်တောင်တန်းတွင် ရှိစဉ်က လေးမြားပညာကို အသုံးပြုရန် အခွင့်အရေးများစွာ ရှိခဲ့သည်။

သို့သော် ယခုအခါ ရွှီနင်၌ အဝေးမှ တိုက်ခိုက်ရန် အခွင့်အရေး မရှိသလောက်ဖြစ်ရာ ပေါ့ပါးငှက်မွှေး လေးအတတ်ပညာကို အဆင့်မြှင့်တင်ရန် အကြောင်းပြချက် မရှိပေ။

“ဘာလဲဟ...”

ရွှီနင် ရုတ်တရက် တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရွှီနင် မျက်မှောင်ကြုတ်သွားသည်။

သို့သော် မကြာမီ ရွှီနင် အကြည့်လွှဲလိုက်သည်။ သူသည် ထောင်ချင်းဖင် ဝယ်ထားသော မှတ်စုစာအုပ်တစ်အုပ်ကို ယူလိုက်ပြီး ဖယောင်းတိုင်မီးရောင်ဖြင့် စတင်ဖတ်ရှုနေလိုက်သည်။

နာရီဝက်ပင် မကြာမီ ရွှီနင် စာအုပ်ကို ချလိုက်သည်။

သူ သမ်းဝေလိုက်ပြီး မျက်နှာသစ်ကာ ဆီမီးခွက်ကို ငြှိမ်း၍ အိပ်ရာဝင်လိုက်လေသည်။

အခန်းထဲတွင် မှောင်မဲနေပြီး ရွှီနင်၏ အသက်ရှူသံကိုသာ ကြားနေရသည်။

ချပ်... ချပ်... ချပ်...။

တံခါးအပြင်ဘက်မှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

အသံမှာ တိုးလွန်းလှသဖြင့် အိပ်ပျော်နေသူမဆိုထားနှင့်၊ နိုးနေသူပင် ကြားနိုင်ရန် ခဲယဉ်းလှသည်။

တံခါးကြားရှိ ကျဉ်းမြောင်းသော နေရာလပ်မှ မျက်လုံးတစ်လုံး ပေါ်လာသည်။

မျက်လုံးက လှုပ်ရှားသွားပြီး စားပွဲတွင် လူမရှိကြောင်း တွေ့ရှိသွားသည်။ ရုတ်တရက် ထိုမျက်လုံးအိမ်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

“ရွှီနင်... ငါ ခန်းယွင်ခရိုင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလား မသိပေမဲ့ မင်းကိုတော့ အရင်ရှင်းပစ်ရမယ်...”

တံခါးအပြင်ဘက်မှလူမှာ ယွီရှင့်ဟယ့် ဖြစ်ကြောင်း သိသာလှသည်။

သူသည် ယခင်က စခန်းအမှတ်(၃)မှ မြို့စောင့်တပ်သားတစ်ဦးကို လာဘ်ထိုးထားဖူးသောကြောင့် ရွှီနင်နေထိုင်သည့် အခန်းကို အတိအကျ သိရှိနေခြင်းဖြစ်သည်။

တစ်နေ့လုံး ပုန်းအောင်းနေခဲ့ရပြီးနောက် ယွီရှင့်ဟယ့်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

ထိုစိုးရိမ်ပူပန်မှုများက သွမ့်ယီဟယ်နှင့် ရွှီနင်တို့အပေါ် ထားရှိသော အမုန်းတရားများကို ပိုမိုကြီးထွားလာစေခဲ့သည်။

နောက်ဆုံး ညရောက်သောအခါ ယွီရှင့်ဟယ့်သည် ဒေါသဖြေရန်အတွက် ရွှီနင်ကို ဦးစွာသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

နောင်တွင် အဖမ်းခံရလျှင်တောင်မှ ရွှီနင်သေသွားပြီဆိုပါက သူ့တွင် နောင်တရစရာ သိပ်ရှိတော့မည် မဟုတ်ပေ။

အကယ်၍ အဖမ်းမခံရပါကလည်း ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးယူနိုင်ပြီး သွမ့်ယီဟယ်ကို လက်စားချေရန် နည်းလမ်းရှာနိုင်ပေဦးမည်။

ယွီရှင့်ဟယ့်သည် ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး တံခါးကြားမှ ထိုးသွင်းလိုက်သည်။

တံခါးဂျက်သည် ဖြည်းညင်းစွာ စတင်ပွင့်လာသည်။

ယွီရှင့်ဟယ့်သည် အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သလို ဓားသိုင်းပညာတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ယွီရှင့်ဟယ့်၏ လှုပ်ရှားမှုများက တည်ငြိမ်နေသဖြင့် အသံထွက်လုနီးပါး မရှိပေ။

နောက်ဆုံးတွင် တံခါးဂျက် လုံးဝ ပွင့်သွားလေသည်။

ယွီရှင့်ဟယ့်၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။

ယခု သူည် တံခါးကို တွန်းဖွင့်ဝင်ရောက်ပြီး အစွမ်းကုန် အရှိန်တင်ကာ ရွှီနင်၏ ကုတင်ဘေးသို့ ရောက်ရှိသွားရန်သာ လိုတော့သည်။

ရွှီနင် အိပ်ပျော်နေလောက်မည်။ နိုးလာလျှင်တောင်မှ အိပ်ချင်မူးတူး ဖြစ်နေပေလိမ့်မည်။ ယွီရှင့်ဟယ့်လက်ထဲမှ ဓားတိုဖြင့် ရွှီနင်၏ လည်ပင်းကို အလွယ်တကူ ထိုးဖောက်နိုင်ပေသည်။

သွေးများ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်နှင့် ရွှီနင်၏ အသက်ဝိဉာဉ်သည်လည်း တိတ်တဆိတ် ပျောက်ကွယ်သွားပေလိမ့်မည်။

ယွီရှင့်ဟယ့်၏ ရင်ထဲတွင် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတော့သည်။

“ရွှီနင်... ငရဲကို သွားပေတော့”

ယွီရှင့်ဟယ့်သည် လက်ကိုဆန့်ထုတ်ကာ တံခါးကို ဖိလိုက်သည်။ သူသည် ညင်သာစွာ စတင်တွန်းလိုက်သည်။

ကျွီ...

တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ ယွီရှင့်ဟယ့်၏ ခြေထောက်များသည် အသင့်အနေအထားဖြင့် တင်းမာနေပြီဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခြင်း စတင်တော့ပေမည်။

“မတွေ့ရတာ ကြာပြီနော်”

သို့သော်... တံခါးပွင့်သွားသည်နှင့် လရောင်အောက်တွင် ရွှီနင်၏ မျက်နှာကို သူ မြင်လိုက်ရလေသည်။

ယွီရှင့်ဟယ့် ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် ရင်ဘတ်ထဲသို့ အေးစက်သော အရာတစ်ခု စိုက်ဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“မင်း...”

ယွီရှင့်ဟယ့် ငုံ့ကြည့်လိုက်သောအခါ သူ့နှလုံးသားထဲသို့ ဓားတိုတစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။

သူ့နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် လက်ထဲမှ ဓားဖြင့် ရွှီနင်၏ လည်ပင်းကို လှီးဖြတ်ချင်သော်လည်း ရင်ဘတ်ထဲမှ နာကျင်မှုကို နောက်ထပ်တစ်ကြိမ် ထပ်မံခံစားလိုက်ရပြန်သည်။

ရွှီနင်က လက်ထဲမှ ဓားတိုကို လှည့်လိုက်သောအခါ ယွီရှင့်ဟယ့်၏ နှလုံးသားမှာ ချက်ချင်းပင် စုပ်ပျက်သွားလေသည်။

ယွီရှင့်ဟယ့်သည် အသက်ရှူရန် အသည်းအသန် ကြိုးစားရင်း ခွန်အားများ ကုန်ဆုံးသွားတော့သည်။

ရွှီနင် ဓားကို ဆွဲထုတ်လိုက်သည်။

ဒုန်း...

အသံကျယ်တစ်ချက်နှင့်အတူ ယွီရှင့်ဟယ့်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

All Chapters