နန်ယန်ဂိုဏ်း၏ လျှို့ဝှက်ချက်
Vol. 41 Ch. 403
ရှန်းယီသည် ခန်းမကြီးအတွင်း၌ခန့်ညားစွာ ထိုင်နေ၏။ နတ်ဆိုးသက်တမ်းများ ထပ်မံဖြည့်တင်းပြီးနောက် တာအိုနန်းတော်သည် ပေ ၅၃၂ အထိ ကျယ်ပြန့်လာပြီး အဆုံးစွန်သောအကန့်အသတ်သို့ ရောက်ရှိသွားလေသည်။
သူသည် နောက်ထပ် နှစ်တစ်ထောင်ခန့် ဆက်လက်၍ကျင့်ကြံဆင်ခြင်နေခဲ့၏။ သို့သော်လည်း အနန္တအင်ပါယာတာအိုနန်းတော် တွင် မှတ်တမ်းတင်ထားသော ဒုတိယမြောက် နည်းစနစ်ကိုမူ နတ်ဆိုးနန်းတော်တွင် အသုံးပြုနိုင်ရန် ပြောင်းလဲ၍မရခဲ့ပေ။
ရှန်းယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်တမ်းထည့်သွင်းမှုကို ခေတ္တရပ်နားလိုက်၏။ အတိတ်ကာလ၌ သူသည် မပြည့်စုံသောကျင့်စဉ်များကို အမြဲတမ်းပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း၊ယခုမူ ပြည့်စုံသော ကျင့်စဉ်တစ်ခုကို မပြည့်စုံသောအခြေအနေသို့ ရောက်အောင် ကျင့်ကြံမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
စနစ်မျက်နှာပြင်ပေါ်တွင် ချင်းဟွာသည် နတ်ဆိုးပေါင်း ၄၀ ကျော်ကို ပိုင်းဖြတ်ပြီးခဲ့ပြီ ဖြစ်၏။ ယခင်က ဘိုင်ဟုန်၏အမိန့်ကို နာခံခဲ့ကြသော နတ်ဆိုးဘုရင်တစ်အုပ်မှာ ထိုမျှတိုတောင်းသော အချိန်အတွင်း ရွှေရောင်ခန္ဓာကိုယ်ထည်၏ လက်ချက်ဖြင့် အကုန်နီးပါး သေဆုံးခဲ့ရလေပြီ။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၂၃၀၀၀ နှစ်။ ပေါင်းစည်းနိုင်သည်။]
[နတ်ဆိုးကျောက်တိုင် - သက်တမ်းနှစ်တစ်သောင်း အသုံးပြု၍ ပုံဖော်နိုင်သည်။ နတ်ဆိုးတို့၏အငြိုးတေးဝိညာဉ်များနှင့် ကြွင်းကျန်ရစ်သောခန္ဓာကိုယ်များကို စုပ်ယူနိုင်ပြီး၊ ကောင်းကင်သတ္တဝါဆန်းတို့၏ သွေးမျိုးဆက်ဖြင့် သင်၏နတ်စွမ်းရည်များကို သက်သေပြပါ။]
"ဖိနှိပ်ခြင်းကျောက်တိုင် ဟုတ်လား"
ရှန်းယီ ခေတ္တမျှစဉ်းစားနေပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရသွား၏။ ဤအရာသည် လင်းရှီပြောခဲ့သော နန်းတော်တည်ငြိမ်စေသည့် ပစ္စည်းများ ဖြစ်နိုင်ပါသည်လော။ တာအိုနန်းတော်သည် ပုံသဏ္ဌာန်အပြည့်အဝ ပေါ်နေပြီ ဖြစ်၏။
ထို့အပြင် ဤကျောက်တိုင်၏တန်ဖိုးမှာ ရှန်းယီ ထင်ထားသည်ထက် ပို၍သက်သာနေသည်။ မူလက နှစ်ပေါင်း တစ်သိန်းခန့် ကုန်ကျမည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
စောင့်နေစရာ မလိုတော့ပေ။ နတ်ဆိုးသက်တမ်း နှစ်တစ်သောင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
နောက်တစ်ခဏတွင် ရှန်းယီ၏အမြင်အာရုံမှာ မှောင်အတိကျသွားပြီး အဆုံးစွန်သော တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအဆုံးမဲ့သော မှောင်မိုက်မှုအတွင်း၌ မီးခိုးဖြူရောင်ရှိသော လေးထောင့်စပ်စပ် ကျောက်တိုင်တစ်ခုမှာ မတ်မတ်ရပ်နေလေသည်။
"ဒါပဲလား"
ရှန်းယီသည် အချိန်အတော်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သော်လည်း ၎င်းမှာ သာမန်ကျောက်တုံးတစ်တုံးသာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဟုတ်တာပေါ့၊ နတ်ဆိုးဝိညာဉ်တွေကို စုပ်ယူဖို့ လိုအပ်တာပဲ။
သူသည် ဆေးညွှန်းတစ်ခုကို သယ်ဆောင်ကာ ခေါင်းရမ်းနေသော ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ကို ဆွဲယူပြီး ကျောက်စာတိုင်ထဲသို့ ဖိသွင်းလိုက်၏။
"..."
ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်သည် လည်ပင်းညှစ်ခံထားရသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ၎င်း၏ခြေလက်များကို ကူကယ်ရာမဲ့စွာ လှုပ်ယမ်းရင်း ရှန်းယီကို အူကြောင်ကြောင်ကြည့်နေလေသည်။ ၎င်းသည် ကျောက်စာတိုင်နှင့် နီးကပ်နေသော်လည်း မည်သို့မျှ ပေါင်းစည်းသွားခြင်း မရှိပေ။
"ဒါလည်း အလုပ်မဖြစ်ဘူးပေါ့လေ။"
ရှန်းယီသည် မျက်ခုံးကို အနည်းငယ်တွန့်လိုက်ပြီးနောက်တစ်ချက်ကြည့်လိုက်ကာ ပြန်စဉ်းစားလိုက်၏။ ထို့နောက် မြင်းဖြူ၏ အလောင်းကို ချက်ချင်း ထုတ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျောက်စာတိုင်သည် သူ့အမိန့်ကိုစောင့်နေသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်ကို ရှန်းယီ ခံစားလိုက်ရ၏။
"စားလိုက်စမ်း။"
သူ၏စိတ်အာရုံ လှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက်။ ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကြီးသည် ရုတ်တရက်သွေးမြစ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှန်းယီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ ကျောက်စာတိုင်ထဲသို့ စိမ့်ဝင်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း၌ ကျောက်တုံးများ ကွဲအက်သံမှာ သူ့နားထဲတွင် ဟိန်းထွက်သွား၏။ မမြင်ရသော ပန်းပုဆရာတစ်ဦးက ဆောက်ဖြင့် ထွင်းထုနေသကဲ့သို့ ထိုကျောက်တိုင်သည် မြင့်မြတ်ပြီး ခန့်ညားသောမြင်းဖြူကြီးတစ်ကောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားလေသည်။ ကျောက်သားအောက်တွင်သွေးကြောများကိုပင် မြင်တွေ့နိုင်ပြီး မီးခိုးဖြူရောင်ဖြစ်နေသည်မှလွဲ၍ သက်ရှိသတ္တဝါတစ်ကောင်နှင့် မခြားနားဘဲ ထင်ယောင်ထင်မှားဖြစ်စေလောက်အောင် အသက်ဝင်နေလေသည်။
[မြင်းဖြူကျောက်တိုင် - စွမ်းအင်မထည့်သွင်းရသေး။]
ရှန်းယီ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူအလိမ်ခံလိုက်ရသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
ဒါဆို အဲဒီ သက်တမ်း တစ်သောင်းဆိုတာက အစပြုဖို့အတွက် သက်သက်ပဲလား။
ယခုအချိန်အထိ ဤအရာသည် နောက်ဆုံးတွင် ဘာအတွက် အသုံးဝင်သည်ကို သူ မသိသေးပေ။
"ဟူး။"
ရှန်းယီသည် နတ်ဆိုးမူလနှင့် လဲလှယ်လိုက်၏။ ဤသည်မှာ မဟာနတ်ဆိုးဧကရာဇ်တစ်ပါး၏ ဝိညာဉ်ကို သူ ပထမဆုံးအကြိမ် ပြန်လည်တည်ဆောက်ခြင်း ဖြစ်သည်။
ငါးကြိမ် ဆက်တိုက် ပြုလုပ်ပြီးနောက်။
ဘိုင်ဟုန်၏ နတ်ဆိုးဝိညာဉ်သည် မနည်း ပြန်လည် ပြည့်စုံလာခဲ့၏။ ရှန်းယီသည် ဤကျောက်စာတိုင်ကိုအသုံးပြုနိုင်ရန် လက်ကျန်နတ်ဆိုးသက်တမ်း တစ်သိန်းအထိ ဘာကြောင့်လိုအပ်သလဲဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားလေတော့သည်။
တွက်ချက်မှုများမှာ အလွန်ပင် ရှင်းလင်းလှပေ၏။
သူသည် အသစ်စက်စက် ပေါင်းစည်းထားသော ဘိုင်ဟုန်ကို ကျောက်တိုင်ဆီသို့ လွှတ်လိုက်၏။
သူသည် အသက်ကို အောင့်ထားပြီး အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်တိုင်၏ ထိပ်ပိုင်းမှ အရောင်တစ်ခုပျံ့နှံ့သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသောအရောင်က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားချိန်၌ မြင်းဖြူ၏အနက်ရောင် မျက်လုံးများအတွင်းတွင် ဝိညာဉ်အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲဖြစ်သွား၏။
ဤကျောက်ရုပ်တုသည် ထူးဆန်းစွာပင် အသက်ဝင်လာသကဲ့သို့ ရှိလေ၏။
ရှန်းယီ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် မျက်လုံးများကို ပြန်ဖွင့်ကာထိုမှောင်မိုက်သော နေရာမှ ထွက်ခွာခဲ့၏။ မကြာမီမှာပင် ဝိညာဉ်အလင်းတန်းတစ်ခုသည် သူ့နဖူးမှထွက်ပေါ်လာလေသည်။
၎င်းသည် မြင့်မားသန်မာသော မြင်းဖြူကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး မြေကြီးကို ခွာဖြင့် ညင်သာစွာခေါက်လိုက်ကာ ရှန်းယီ၏ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်လေ၏။
"ဒါပဲလား"
ရှန်းယီက မြင်းဖြူကြီးကို ကြည့်ရင်း မေးလိုက်တယ်။အသက်ဝင်နေသလို ရှိသော်လည်း သေချာကြည့်လျှင် ကျောက်သားဆိုတာ သိသာနေတုန်းပင်။
ဒီကောင်နဲ့ တခြားနတ်ဆိုးတွေကို လှည့်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
တိုက်ပွဲမှာ ကူခိုင်းဖို့ဆိုတာကလည်း... နတ်ဘုရားစိတ်ဝိညာဉ်ပြီးပြည်စုံခြင်းအဆင့်ရှိတဲ့ နတ်ဆိုးတစ်ကောင်က နတ်ဆိုးသက်တမ်း ခြောက်သောင်းနဲ့ တန်ရဲ့လား။
"နေဦး၊ ဒါကို နှိမ်နင်းခြင်းကျောက်တိုင်လို့ ခေါ်တာဆိုတော့ တာအိုနန်းတော်နဲ့ပတ်သက်နေမှာပဲ။"
ရှန်းယီသည် ကျန်ရှိနေသော ခြောက်သောင်းကျော်သောနတ်ဆိုးသက်တမ်းများကို ကြည့်လိုက်၏။ တစ်ဖက်ပြန်၍ ၎င်းတို့ကို အနန္တအင်ပါယာနတ်ဆိုးနန်းတော်ထဲသို့ ထည့်သွင်းလိုက်ပြန်လေသည်။
[ပထမနှစ်တွင်၊ သင်သည် ဘိုင်ဟုန်၏နှိမ်နင်းခြင်းကျောက်တိုင်ကို တာအိုနန်းတော်အတွင်း၌ ထားရှိလိုက်ပြီး ၎င်း၏သွေးမျိုးဆက်ဖြင့် နတ်စွမ်းရည်များကို တည်ဆောက်ခဲ့သည်။]
[နှိမ်နင်းခြင်းကျောက်တိုင်၏ ကောင်းချီးကြောင့် သင်၏တာအိုနန်းတော်သည် ပိုမို တည်ငြိမ်လာခဲ့သည်။]
ဆင်ခြင်တွက်ချက်ခြင်းဖြစ်စဉ်မှာ အလွန်ပင် ချောမွေ့နေပြီး အချက်ပေးချက်နှစ်ခုအပြီးမှာပင် ပြီးဆုံးသွားလေသည်။
"ဒါက ပစ္စည်းတွေကိုတည်ငြိမ်စေတဲ့ အာနိသင်ရှိတာပဲ၊ဒါပေမဲ့ နန်းတော်တစ်ခုလုံးကို တည်ငြိမ်စေတဲ့ တကယ့်ရတနာမျိုးတော့ မဟုတ်သေးဘူး။"
ရှန်းယီ ခေတ္တစဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။ ဤသက်တမ်းခြောက်သောင်းမှာ တန်ဖိုးရှိ၊ မရှိ ဆိုသည်မှာ အသစ်ရရှိသော နည်းစနစ်၏ အာနိသင်အပေါ်တွင်သာ မူတည်လေသည်။
ကံဆိုးသည်မှာ ယခုအချိန်တွင် စမ်းသပ်ရန် အခွင့်အရေး မရှိခြင်းပင် ဖြစ်၏။
သို့သော်လည်း တာအိုနန်းတော် တည်ငြိမ်မှုအကြောင်းကိုဖော်ပြထားခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အကယ်၍ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားပါက တိုက်ပွဲများသည် တာအိုနန်းတော်အချင်းချင်း တိုက်ခိုက်ခြင်းမျိုး ဖြစ်လာနိုင်၏။ အကယ်၍ သူသည် နတ်ဆိုးသက်တမ်းအလုံအလောက်ဖြင့် တာအိုနန်းတော်၏ တည်ငြိမ်မှုကို အဆုံးမဲ့မြှင့်တင်နိုင်မည်ဆိုပါက မည်သူကများ သူ့ကို ယှဉ်နိုင်ပါတော့မည်နည်း။
ထိုသို့တွေးတောရင်း ရှန်းယီသည် မြင်းဖြူကြီး၏ ခေါင်းကို ပုတ်ပေးလိုက်၏။ မြင်းဖြူကြီးကလည်း အတိတ်က ရန်ငြိုးများကြောင့် ထူးထူးခြားခြား ပြုမူခြင်းမရှိဘဲ သူ့လက်ဖဝါးကို ချစ်ခင်စွာပွတ်သပ်နေလေသည်။
"သခင်... မြန်မြန် ထွက်သွားသင့်ပြီနော်။"
ရှန်းယီ လက်ကို ဖယ်လိုက်ပြီးမှ မြင်းဖြူနတ်ဆိုးဧကရာဇ်က တိုးညင်းစွာပြောလိုက်၏။ "ဘိုင်ဟုန်က သူ့အသိုက်ကနေ ဆယ်ရက်လောက်ပျောက်နေပြီးပြန်မလာဘူးဆိုရင် အဲဒီခွေးအိုကြီးက လှုပ်ရှားတော့မှာ သေချာတယ်။ သူ့ရဲ့စရိုက်က မှားပြီးသတ်ရင် သတ်ပါစေ၊ လွတ်တော့မသွားစေနဲ့ဆိုတဲ့ အမျိုးအစားမို့လို့၊ သခင် အခုတလော လုပ်နေတဲ့ ထူးဆန်းတဲ့ကိစ္စတွေက အရင်ဆုံး စုံစမ်းခံရမှာပဲ။"
"သူက နတ်ဆိုးမဟုတ်ဘူးလား" ဂူအရှင်နှင့် ပတ်သက်သည့် သတင်းကို ရှန်းယီ ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်၏။
"တိတိကျကျပြောရရင်တော့... အဲဒီခွေးအိုကြီးက နန်ယန်ဂိုဏ်းရဲ့အစောင့်အရှောက်ဝိညာဉ်သားရဲပဲ၊ မှတ်တမ်းတွေထဲမှာလည်း ပါပြီးသား။ သူက နန်ယန်ဂိုဏ်းရဲ့နည်းစနစ်တွေကို သခင် ထင်ထားတာထက် ပိုပြီး ရင်းနှီးကျွမ်းဝင်နေလိမ့်မယ်။"