← Chapters

အခန်း (၄၀၅)

Vol. 41 Ch. 405

အခန်း (၄၀၅)

Vol. 41 Ch. 405

နတ်ဆိုးတစ်ထောင်ဂူ၏နက်ရှိုင်းသော နေရာ၊ ခမ်းနားထည်ဝါသော ခန်းမကြီး၏ အပြင်ဘက်တွင် ဖြစ်၏။

အနက်ရောင်ဝတ်ရုံလွှမ်းခြုံထားသော ပြည့်ဖြိုးသည့် ပုံရိပ်တစ်ခုသည် နန်ယန်ဂိုဏ်း၏ပုံရိပ်များ နောက်ခံဖြင့် ရွှေရောင်တောင်ပံတစ်စုံကို အနည်းငယ် ရုတ်သိမ်းထားလေသည်။

ထိုအမျိုးသမီးသည် ကြီးမားခမ်းနားသောလှေကားထစ်များပေါ်သို့ ဖြည်းညှင်းစွာတက်လှမ်းသွားပြီး ဧရာမနေမင်းရုပ်ကြွပေါ်တွင် ရပ်တန့်ကာ ရှေ့သို့ မျှော်ကြည့်လိုက်၏။

ကျောမဲခွေးဝါတစ်ကောင်သည် ခန်းမဆောင်ရှေ့၌ ပျင်းရိစွာ ဝပ်နေလေ၏။

၎င်း၏လည်ပင်းတွင် သံကြိုးတစ်ချောင်း ဆွဲထားပြီး၊ သံကြိုး၏အခြားတစ်ဖက်ကိုမူ ၎င်း၏ပါးစပ်ဖြင့် ကိုက်ခဲထားလေသည်။

အမျိုးသမီးသည် ရိုသေစွာဦးညွှတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့်ဆိုလိုက်၏။

"ရွှေတောင်ပံက ဂူအရှင်ကို ဂါရဝပြုပါတယ်။"

ထိုစကားကို ကြားသောအခါ အိုမင်းရင့်ရော်နေသည့်မျက်လုံးများကို ခွေးကြီးက ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်၏။ ထိုမျက်ဝန်းများထဲတွင် အချိန်ကာလ၏ဖြတ်သန်းမှုကို မြင်တွေ့နေရပြီး အနည်းငယ် မှုန်ဝါးနေလေသည်။ သံကြိုးကို ကိုက်ထားရသည့်အတွက် ၎င်း၏စကားသံမှာ အနည်းငယ် အက်ရှနေ၏။

"ပြော။"

"တာဝန်မရှိဘဲ စခန်းစွန့်ခွာတာက ကြီးလေးတဲ့ ပြစ်မှုဆိုတာ ရွှေတောင်ပံသိပါတယ်။ ပြစ်ဒဏ်ကိုလည်း ခံယူဖို့ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် လူသားပါရမီရှင်တစ်ယောက်ကို ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားပါတယ်။ သူက နတ်ဆိုးတစ်ထောင်ဂူထဲမှာရှိနေနိုင်တာမို့ ဂူအရှင်ဆီကနေ အစွမ်းထက်တဲ့ လက်နက်ရတနာတစ်ခုချီးမြှင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် လေးနက်စွာ ဦးညွှတ်လိုက်ပြီး ဆက်ပြောလေသည်။

"သူက တည်နေရာရွှေ့ပြောင်းတဲ့ပညာရပ်ကို ပိုင်ဆိုင်ထားပြီး ခန့်မှန်းရခက်ပါတယ်။ အစီအရင်တွေကို ကျွမ်းကျင်ပြီးအနက်အရှိုင်းကို မသိနိုင်ပါဘူး။ သူဝတ်ထားတဲ့ဝတ်ရုံက သူ့ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်ခဲစေပါတယ်။"

သူမသည် လိုအပ်ချက်များကို တစ်ခုမကျန် ဂရုတစိုက် အသေးစိတ်တင်ပြလိုက်၏။

အိုမင်းနေသောခွေးကြီးသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီးနောက် ခန်းမဆောင်အတွင်းမှ အလင်းတန်းများ စီးဆင်းထွက်ပေါ်လာကာ အမျိုးသမီး၏ရှေ့တွင် ကျရောက်လာလေ၏။

"ရွှေတောင်ပံက နတ်ဆိုးတစ်ထောင်ဂူအပြင်ဘက်ကို စောင့်ကြပ်ဖို့ လက်ထောက်တစ်ယောက်လည်း လိုပါသေးတယ်။"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် မလုံလောက်သေးဟု ခံစားရသဖြင့် နောက်ထပ် တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်ပြန်သည်။

ခွေးအိုကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှနောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။

ထိုအရာကို မြင်လိုက်ရမှရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် နောက်လှည့်ကာ ခန်းမဆောင်မှ ထွက်ခွာလာခဲ့၏။ သူမ၏မျက်နှာထားသည် ချက်ချင်းပင် အေးစက်သွားလေသည်။

ထိုနေရာမှ ထွက်ခွာပြီးနောက်၊သူမသည် လက်ကို ဖြည်းညှင်းစွာဆန့်ထုတ်လိုက်ရာ လက်ဖဝါးပြင်ပေါ်တွင် ချောမွတ်နေသော ဟွာရှန်းဆေးလုံးသုံးလုံး ရှိနေသည်ကို တွေ့လိုက်ရ၏။

ဤကဲ့သို့သော နတ်ဆေးများကို ဖော်စပ်သည့် နည်းလမ်းမှာ အပြင်လောကမှထွက်ပေါ်လာခြင်း ဖြစ်နိုင်သော်လည်း၊ ပါဝင်ပစ္စည်းများမှာမူ... သူမ၏လက်ထဲမှ ယူဆောင်သွားခြင်း ဖြစ်ရပေမည်။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ထိုဆေးလုံးများကိုအကြာကြီး စိုက်ကြည့်နေပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေသည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲ၌ သွေးပင်လယ်ကြီးတလိပ်လိပ်ထနေပြီး ရဲရဲတောက်ကာပြင်းထန်လျက် ရှိလေသည်။

...

နတ်ဆိုးတစ်ထောင်ဂူ ဆေးဖော်စပ်ခြင်းခန်းမ အပြင်ဘက်တွင် ဖြစ်၏။

ရှန်းယီသည် အလင်းအကာထဲမှ ထွက်လာလိုက်သည်နှင့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

"ခြင်္သေ့ဧကရာဇ်... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။"

မဟာဦးချိုနတ်ဆိုးဧကရာဇ်သည် အားယူပြုံးရင်း ရှင်းပြလိုက်၏။

"ကျွန်မက ရှင့်ကိုလာရှာတာ မဟုတ်ပါဘူး။ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်က အပြင်ကနေ ပြန်ရောက်လာလို့ပါ။ သူက ဂူအရှင်စိတ်ဆိုးမှာကိုတောင် မကြောက်ဘဲ ရှင့်ကိုလိုက်ရှာဖို့အတွက် နတ်ဆိုးတစ်ထောင်ဂူကနေ ခိုးထွက်သွားခဲ့တာလေ။"

"ကံကောင်းလို့ ရှင်က..."

မဟာဦးချိုနတ်ဆိုးဧကရာဇ် စကားသံများပင်မဆုံးလိုက်ရပေ။

ရွှေတောင်ပံသည် အလင်းအကာအပြင်ဘက်တွင် ထိုင်လျက်မျက်လုံးဖွင့်ကာ ရှန်းယီကို ကြည့်လိုက်သည်။

စိတ်သက်သာရာရသွားမှုနှင့်အတူ ပျော်ရွှင်မှု အရိပ်အယောင်အချို့ရောနှောနေပြီး သူမ၏ မျက်နှာထားမှာ အတော်လေးရှုပ်ထွေးနေပုံရသည်။

"ရှင် တကယ်ပြန်ရောက်လာတာပဲ။"

ခြင်္သေ့၏အဖြေကိုပင် မစောင့်တော့ဘဲ သူမသည် မတ်တပ်ရပ်လိုက်ပြီး နူးညံ့စွာပြောလိုက်၏။

"ဆေးတွေ လုံလောက်ရဲ့လား။ ကျွန်မဆီမှာ ရှင် အားပြန်ဖြည့်ဖို့သုံးလို့ရမယ့် တခြား မိုးမြေရတနာတွေ ရှိပါသေးတယ်။ လိုအပ်တာရှိရင် ပြောသာပြောပါ၊ အားနာစရာ မလိုပါဘူး။"

"..."

ရှန်းယီ ခေတ္တမျှတိတ်ဆိတ်သွား၏။

မိုးမြေ၏ရတနာများကို သူ အမှန်တကယ် လိုအပ်နေသည်မှာ သေချာ၏။ အသည်းအသန်ကို လိုအပ်နေခြင်း ဖြစ်သည်။

သို့သော် ယခု ရုတ်တရက်ဆိုသလို သူသည် အလျင်မလိုတော့ချေ။

ဤရွှေတောင်ပံအစင်းကိုးခုကျားကြီးသည် နတ်ဆိုးတစ်ထောင်ဂူမှ အမှန်တကယ် ထွက်ခွာသွားခဲ့သည်ဖြစ်ပေ၏။

"အရှင်... လှည့်စားမှုရှိတယ်။"

မြင်းဖြူနတ်ဆိုးဧကရာဇ်သည် ကျောက်တိုင်အတွင်းမှနေ၍ သတိပေးလိုက်လေသည်။

"အခု လိုက်ခဲ့မလား။ ဟိုမှာ တခြားပစ္စည်းကောင်းတွေ ရှိသေးတယ်။"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ခြင်္သေ့ရှိရာသို့ လျှောက်သွားပြီး ရှေ့တွင်ရပ်တန့်လိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့် မဟာဦးချိုနတ်ဆိုးဧကရာဇ်ပင် မျက်လုံးမလှန်ဘဲ မနေနိုင်တော့ပေ။

ဝိညာဉ်စိုက်ခင်းထဲမှ ပစ္စည်းများမှာ ပုံသေဖြစ်ရာ ဤကဲ့သို့သော ကိုယ်ကျိုးရှာသည့် အကြံအစည်များမှာ သိသာလွန်းနေ၏။

သို့သော် သူမသည် ဤလူသစ်နှစ်ဦးလုံးကို ပြစ်မှား၍ မဖြစ်သောကြောင့် မကြားချင်ယောင်ဆောင်နေရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ရှန်းယီသည် အေးစက်စွာကြည့်နေပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ခပ်ဖွဖွ ပြောလိုက်သည်။

"ကောင်းပြီ။"

"ဒါဆို သွားကြစို့။"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ပြုံးလိုက်ပြီး နောက်လှည့်ကာ စတုတ္ထမြောက်ဂူဆီသို့ ဦးတည်သွားလေ၏။

ရှန်းယီသည် နောက်မှကပ်လိုက်သွားပြီး မကြာမီတွင် တောက်ပနေသော အလင်းအကာကို မြင်တွေ့လိုက်ရ၏။

အမျိုးသမီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဝင်ရောက်သွားသည်။

"..."

ရှန်းယီသည်လည်း အလင်းအကာအရံအတွင်းသို့ ဝင်ရောက်သွားလိုက်ရာ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ တစ်ဖက်လူပြောသည့် ပစ္စည်းကောင်း ဆိုသည်ကိုပင်။

မြေသြဇာကောင်းသောဝိညာဉ်စိုက်ခင်းဘေးရှိ သစ်ပင်ပေါ်တွင် ခါးမှကြိုးတပ်၍ ချိတ်ဆွဲထားခြင်း ခံရသော ပြင်းထန်စွာဒဏ်ရာရထားသည့် ခန္ဓာကိုယ်သုံးခုကို သူ တွေ့လိုက်ရလေသည်။ သူတို့တစ်ဦးစီသည် သေလုမျောပါး ဖြစ်နေကြ၏။

"ရှင့်ကို နီကျွင်းလိုက်နေတယ်လို့ မဟာဦးချိုဆီက ကြားတယ်။ ကျွန်မလည်း စိတ်ပူပြီး အပြင်ထွက်ရှာရင်း ဝူထုံတောင်က တပည့်တွေ မဟာချန်ကို လာလည်နေကြတယ်ဆိုတာ ကြားမိလို့လမ်းမှာ ကြားဖြတ်တိုက်ခိုက်လိုက်တာ။"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် သစ်ပင်အောက်တွင် ရပ်လိုက်ပြီး လူငယ်လေး၏သွေးများပေကျံနေသောမျက်နှာကို လက်ဖြင့် လှမ်းဆွဲလိုက်သည်။

"မူလကတော့ ဝူထုံတောင်ဆီကနေ ရှင့်သတင်းရဖို့ သူတို့ကို အလဲအလှယ်လုပ်မလို့ပဲ။"

ထိုသို့ပြောပြီးနောက် သူမ ရုတ်တရက် ရယ်မောလိုက်၏။

"ရှင် ကိုယ့်ဟာကိုယ်ပြန်လာမယ်လို့ ထင်မထားခဲ့ဘူး။"

"ထွီ"

ချင်းဖုန်းသည် သွေးများ ရောနှောနေသော တံတွေးဖြင့် လှမ်းထွေးလိုက်၏။ ဖူးရောင်နေသော သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုနှင့် ရွံရှာမှုတို့ ပြည့်နှက်နေ၏။

"ဝူထုံတောင်မှာ ငါက အီးပေါက်သံလောက်တောင် အရေးမပါဘူးကွ။ ငါ့ကို သတ်ချင်ရင် သတ်လိုက်။ အပိုစကားတွေ ပြောမနေနဲ့။"

မျက်လုံးများကို အဖောက်ထုတ်ခံထားရသော လင်းရှီသည် ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များဖြင့် အဝေးမှခြင်္သေ့ကို ကြောင်ငေးကြည့်နေလေသည်။

သူမသည် သေရမည်ကို အမှန်တကယ် ကြောက်ရွံ့နေ၏။ ကျန်းချိုလန်သည် နှုတ်ခမ်းထောင့်မှ သွေးစများကို လျှာဖြင့်သပ်လိုက်ပြီး လင်းရှီး၏ခေါင်းကိုပုတ်ပေးရန် ခဲယဉ်းစွာ လက်ဆန့်ထုတ်လိုက်သည်။

သူမ၏နှစ်သိမ့်မှုအောက်တွင် လင်းရှီ၏တုန်ယင်မှုများ အတော်လေးလျော့ကျသွားပြီး ရှိုက်ငိုသံများ ရပ်တန့်သွားလေသည်။

"နင်တို့ကို မကာကွယ်နိုင်ခဲ့တဲ့ ငါ့အပြစ်ပါ..."

"ဟွန်း... သူက မှော်ရတနာတွေကိုပဲ အားကိုးနေတာ။သတ္တိရှိရင် အဲဒီဝတ်ရုံကို ချွတ်ပြီး မျှမျှတတ တစ်ယောက်ချင်းချပါလား။"

ချင်းဖုန်းသည် ကျားမကို ထွေးရန်တံတွေးနောက်တစ်လုပ် စုလိုက်ပြန်သည်။

သို့သော် အမျိုးသမီးသည် တံတွေးကို အလွယ်တကူရှောင်တိမ်းလိုက်ရုံသာမက ပေါ့ပေါ့ပါးပါးရိုက်ချလိုက်သော လက်ဝါးချက်ကြောင့် ချင်းဖုန်း၏ဦးခေါင်းခွံမှာ နေရာတင် ကြေမွလုနီးပါး ဖြစ်သွားလေ၏။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် သူမ၏ လက်ဖဝါးကို ချင်းဖုန်း၏ဝတ်ရုံပေါ်တွင် သုတ်လိုက်ပြီးနောက် အေးစက်သောမျက်နှာထားဖြင့် ခြင်္သေ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"ရှင်လည်း ပြန်ရောက်နေပြီဆိုတော့ သူတို့က အသုံးမဝင်တော့ပါဘူး။ ရှင့်စိတ်ပြေအောင် သူတို့ကို စားလိုက်ပါလား။"

စကားပြောနေရင်း သူမ၏အပြုံးက ပိုမို ကျယ်ပြန့်လာ၏။

"ကျွန်မ ရှင့်အပေါ်အတော်ကောင်းတယ် မဟုတ်လား။ ရှင်လိုချင်တယ်လို့ ပြောခဲ့တာကို မမေ့ပါနဲ့။ အချိန်လည်း နီးနေပြီဆိုတော့ လာယူလိုက်ပါလား။"

"..."

ရှန်းယီသည် ကျားမရှိရာသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်၏။

သူ နီးကပ်လာသည်နှင့်အမျှ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏မျက်လုံးများထဲတွင် တစ်စုံတစ်ခုသော အရိပ်အယောင်များနောက်ဆုံး၌ ပေါ်ထွက်လာသည်။

မျှော်လင့်ချက်တစ်စုံတစ်ရာရှိနေပုံရသော်လည်း ဖျော့တော့သောစိုးရိမ်ပူပန်မှုများနှင့် ရောပြွမ်းနေလေ၏။

All Chapters