အခန်း (၆၃၃-၆၃၄)
Vol. 64 Ch. 633-634
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၃ + ၆၃၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သူသည် ဤလျဲ့ယန်နဂါးဆေးလုံးကို မရမနေ ယူရန် ဆုံးဖြတ်ထားဟန် တူပေသည်။ သို့သော် သူ့ထံ၌ ရွှေဒင်္ဂါး နှစ်သိန်းခွဲမျှသာ ရှိပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူနောက်ဆုံး အော်လိုက်သည့်အသံမှာ အက်ကွဲလုနီးပါး ဖြစ်နေပြီး အားကုန်နေပြီဖြစ်ကြောင်း သိသာထင်ရှားနေသောကြောင့်ပင်။
ထိုအချိန်၌ တုပိုင်က လေသံအေးအေးဖြင့် ဝင်ရောက်ဟန့်တားလိုက်သည်။
“ရွှေဒင်္ဂါး... နှစ်သိန်းငါးသောင်းသုံးထောင်”
သူ၏ လေသံမှာ သက်တောင့်သက်သာရှိလှပြီး တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပေ။ ရွှေဒင်္ဂါး သုံးထောင်မျှသာ ထပ်တိုးလိုက်ခြင်း ဖြစ်သော်လည်း နောက်ထပ် လိုသလောက် ထပ်မံ၍ တိုးပေးနိုင်သေးသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
ပရဒိသုမျှော်စင်သခင် ဂလန်းသည်လည်း ထိုအချက်ကို သတိထားမိပုံရသည်။ သို့ရာတွင် သူသည် သိပ်ပြီး စိတ်လှုပ်ရှားဟန်မပြဘဲ အသံကို နူးညံ့အောင် ပြောင်းကာ ဆော်ဩလိုက်သည်။
“ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်းသုံးထောင်... ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်းသုံးထောင်... ဒီထက် ပိုပေးမယ့်သူ ရှိပါသလား”
“သုံး...”
“နှစ်...”
“တစ်...”
ဒုန်းးးး
တူထုသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပါရှန်းစကားပြောသူမှာ အမှန်တကယ် လက်လျှော့သွားခဲ့ချေပြီ။ အကြောင်းရင်းမှာ သူ့ထံ၌ ငွေကြေး အမှန်တကယ် မရှိတော့သောကြောင့်ပင် ဖြစ်သည်။
“ဂုဏ်ယူပါတယ် အမှတ် တစ်ဆယ့်သုံး ဧည့်သည်တော်... ဒီအန္တရာယ်များပြီး အဖိုးတန်တဲ့ လျဲ့ယန်နဂါးဆေးလုံးကို အောင်မြင်စွာ ရရှိသွားပါပြီ။ လူကြီးမင်း စားပြီးရင် တန်းပြီး မပေါက်ကွဲသွားဖို့ မျှော်လင့်ပါတယ်။ အိုး... မဟုတ်ပါဘူး ၊ လူကြီးမင်း လူရှေ့သူရှေ့မှာ မစားမိဖို့ မျှော်လင့်ပါတယ်”
မျှော်စင်သခင် ဂလန်းက ထိုသို့ နောက်ပြောင်လိုက်သောအခါ ပွဲတစ်ခုလုံး ရယ်မောသံများ ဆူညံသွားကြသည်။
“ဟားဟားဟား...”
နောက်ဆုံးတွင် တုပိုင်သည် ဤယန်ဆေးလုံးကို ရရှိသွားခဲ့လေသည်။ သို့သော် ပေးလိုက်ရသည့် စျေးနှုန်းမှာမူ အမှန်တကယ်ပင် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည်။
ထိုစဉ် မင်းသမီးလီအာနာသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ ပြောလိုက်သည်။
“ရှင် နားထောင်စမ်း လူကြီးမင်းဂျူလီယန်... ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်းသုံးထောင်ကို ကျွန်မ စိုက်ရှင်းပေးမယ်။ ဒါပေမဲ့ ရှင့်ရဲ့ သံချပ်ကာသင်္ဘောက ကျွန်မပိုင်တာ ဖြစ်သွားပြီ။ သောက်ကျိုးနည်း... ငါ သွေးစုပ်ဖုတ်ကောင် အတိုးကြီးစားတွေဆီက ပိုက်ဆံသွားချေးရဦးမယ်”
တုပိုင် ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။ “ကျုပ်ရဲ့ မှော်ပုံဆောင်ခဲက စျေးကောင်းကောင်းနဲ့ ရောင်းထွက်သွားနိုင်တာပဲလေ”
မင်းသမီးလီအာနာက နှာခေါင်းရှုံ့လိုက်ရင်း ဆိုသည်။
“လူကြီးမင်းဂျူလီယန်... အဓိပ္ပာယ်မရှိတာ။ ဗိုက်ကင်းနိုင်ငံမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်တာကို အားမပေးဘူးနော်”
မည်သို့ပင်ဆိုစေကာမူ ဤယန်ဓာတ်ပြန်လည်ရရှိခြင်းဆေးလုံးကို ဝယ်ယူရန်အတွက် တုပိုင်သည် ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်းသုံးထောင် ပေးလိုက်ရပြီ ဖြစ်သည်။
ယခုမူ သူ့ထံ၌ ရွှေဒင်္ဂါး တစ်ပြားတစ်ချပ်မျှ မရှိတော့ချေ။ သူ၏ အပုံ နှစ်ဆယ်ပုံ တစ်ပုံ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲမှာ အထွတ်အထိပ် ရတနာတစ်ခု ဖြစ်သော်လည်း ဤကမ္ဘာမှ လူအများစုမှာမူ ပစ္စည်းကောင်းမှန်း မသိကြပေ။ သာမန် ပတ္တမြားတစ်လုံးကဲ့သို့သာ ထင်မှတ်နေကြသည်။ စျေးကြီးပေးရန်မပြောနှင့် ရောင်းထွက်မည့်ကိစ္စကပင် မသေချာလှပေ။
**--**--**--**--**--**--**--**
ထို့နောက်... နောက်ထပ် လေလံတင်မည့်ပစ္စည်းမှာ မဟာလေလံပွဲ၏ ဒုတိယမြောက် ပစ္စည်းဖြစ်သည်။
ပရဒိသုမျှော်စင်သခင် ဂလန်းသည် လေသံကို မြှင့်လိုက်ပြီး ကြေညာလိုက်သည်။
“ဒုတိယပစ္စည်းကတော့ လူတိုင်း ရင်းနှီးပြီးသား ၊ အလွန်စွဲလမ်းနှစ်သက်ကြတဲ့ ၊ ရောဂါပေါင်းစုံကို ပျောက်ကင်းစေတယ်ဆိုတဲ့မိစ္ဆာအဆီအနှစ်ပါပဲ။ ဘုရားသခင်... ဘာလို့များမိစ္ဆာအဆီအနှစ်လို့ ခေါ်ကြတာလဲ။ ကောင်းကင်ဘုံအဆီအနှစ်လို့ ခေါ်သင့်တာပေါ့”
သူက စကားကို ခေတ္တရပ်လိုက်ပြီး မျက်နှာထားကို တည်လိုက်ကာ ဆက်ပြောသည်။
“ဒါ့အပြင် ခင်ဗျားတို့ကို သတင်းဆိုးတစ်ခု ပြောရပါမယ်။မိစ္ဆာအဆီအနှစ်ထုတ်လုပ်တဲ့ နေရာကို တာ့နင်အင်ပါယာက ညစ်ပတ်ပြီး ခေတ်နောက်ကျတဲ့ စစ်ဘုရင်တစ်ယောက်က ဖျက်ဆီးပစ်လိုက်ပါပြီ။ ဒီနာမည်ကို မှတ်ထားကြပါ... တုပိုင်”
သူ့အမည်ကို ကြားလိုက်ရသည့်အခါ တုပိုင်သည် ထိုင်းနိုင်ငံ ရေကြီးသဖြင့် Hard Disk စျေးတက်ခြင်း ၊ ဆမ်ဆောင်းစက်ရုံ မီးပျက်သဖြင့် Memory စျေးတက်ခြင်းများကို ရုတ်တရက် အမှတ်ရသွားမိသည်။ (ဆီပျက်လို့ ဆီစျေးတတ်တဲ့ သဘောပဲဗျ။ - ဘာသာပြန်)
“ဒါပေါ့... တုပိုင်ဆိုတဲ့ ဒီအသုံးမကျတဲ့ စစ်ဘုရင်ကို ကြောက်မက်ဖွယ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အရှေ့ဘက်ပြည်ထောင်စုက တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖမ်းမိန့် ထုတ်ထားပါတယ်”
“ဝေါ....”
ပရိသတ်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ထိုစကားကို ကြားလိုက်ရသော် တုပိုင် ကြောင်အသွားသည်။
အရှေ့ဘက်ပြည်ထောင်စုသည် အမှန်တကယ်ပင် လုပ်ချင်ရာ လုပ်နေ၏။ သူတို့သည် ချမ်းသာကြွယ်ဝပြီး အာဏာရှိသဖြင့် အမှန်တကယ်ပင် ထင်ရာစိုင်း နေကြလေသည်။
“ဆုတ်ယုတ်နေတဲ့ တာ့နင်အင်ပါယာက မိစ္ဆာကောင် တုပိုင်ဟာ မိစ္ဆာအဆီအနှစ် ထုတ်လုပ်ရေးစခန်းကို ဖျက်ဆီးပစ်လိုက်ပါပြီ။ ဒါကြောင့် နောက်ငါးနှစ်အတွင်း မိစ္ဆာအဆီအနှစ် အသစ် ထပ်ရတော့မှာ မဟုတ်ပါဘူး။ ဒါက နောက်ဆုံးအသုတ်ပါ စုစုပေါင်း တန် ငါးရာ ပါ”
“မိစ္ဆာအဆီအနှစ် တန် ငါးရာ ၊ စဖွင့်စျေးက ရွှေဒင်္ဂါး ငါးသိန်း”
သံသယဖြစ်ဖွယ် မလိုပေ။ ဤမိစ္ဆာအဆီအနှစ် ဘိန်းများကို ပိုင်ဆိုင်သူမှာ အရှေ့ဘက်ပြည်ထောင်စုပင် ဖြစ်လေ၏။
ထိုအရှင်မင်းသားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှချေသည်။ သမိုင်းကြောင်းအရမူ အနောက်နိုင်ငံများက မန်ချူးအစိုးရလက်ထက် တရုတ်ပြည်သို့ ဘိန်းများ အမြောက်အမြား လာရောက်ရောင်းချသဖြင့် ဘိန်းစစ်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
ယခုမူ အရှေ့ဘက်ပြည်ထောင်စုသည် အနောက်ကမ္ဘာသို့ ဘိန်းများကို အကြီးအကျယ် လာရောက်ရောင်းချနေလေပြီး စျေးနှုန်သည်လည်း ဤမျှ မြင့်မားနေသေးသည်။
မကြာမီအချိန်၌ပင် လေလံပွဲတစ်ခုလုံး၏ အပြင်းထန်ဆုံး အခြေအနေ ပေါ်ပေါက်လာလေ၏။ လူထက်ဝက်ခန့်က အလုအယက် လေလံဆွဲနေကြခြင်း ဖြစ်သည်။
မိစ္ဆာအဆီအနှစ်သည် အနောက်ကမ္ဘာ၌ ဤမျှအထိ ရူးသွပ်မှု ဖြစ်စေလိမ့်မည်ဟု တုပိုင် မထင်မှတ်ထားခဲ့မိချေ။ မိစ္ဆာအဆီအနှစ် တန် ငါးရာ ၏ စျေးနှုန်းမှာ တရိပ်ရိပ် တက်လာနေသည်။
“ရွှေဒင်္ဂါး ခုနစ်သိန်း”
“ရွှေဒင်္ဂါး ခုနစ်သိန်း တစ်သောင်း”
“ရွှေဒင်္ဂါး ခုနစ်သိန်း သုံးသောင်း”
“ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ်...”
“ရောင်းလိုက်ပါပြီ”
ဒုန်းးး။
အရောင်းအဝယ်စျေးနှုန်းသည် တုပိုင်ကို လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
တန် ငါးရာ ဟူသော ပမာဏမှာ မနည်းလှသော်လည်း ဤနေရာ၌ လေလံတင်သည်မှာ လက်ကားစျေးသာ ရှိသေးသည်။ ပျမ်းမျှစျေးနှုန်းမှာ တစ်ပိဿာလျှင် ငွေတုံး တစ်ဆယ်ခန့် ရှိနေသည်။ ဤသည်မှာ ကမ္ဘာမြေ သမိုင်းကြောင်းထဲမှ ဘိန်းစျေးထက်ပင် ပိုမိုမြင့်မားနေသေးသည်။
အရှေ့ဘက်ပြည်ထောင်စု၌ ဘိန်းစိုက်ပျိုးသည့် စခန်းမှာ တစ်ခုမက ရှိမည်မှာ သေချာသည်ဟု တုပိုင် အတည်ပြုလိုက်သည်။
“အရှေ့ဘက်ပြည်ထောင်စုက အခု ဘယ်လောက် ချမ်းသာလဲဆိုတာ ရှင် သိပြီမလား”
မင်းသမီးလီအာနာသည် သက်ပြင်းချရင်း ပြောလိုက်သည်။
“သူတို့က ဗိုက်ကင်းနိုင်ငံကို တစ်နှစ် နှစ်ခေါက်လာပြီး မိစ္ဆာအဆီအနှစ်တွေ လာရောင်းကြတယ်။ ဒါက သူတို့ရဲ့ အဓိက ကုန်သွယ်မှုတွေထဲက တစ်ခုပဲ ရှိသေးတယ်”
“ငါလိုး...”
တုပိုင် လုံးဝ တုန်လှုပ်သွားသည်။ အရှေ့ဘက်ပြည်ထောင်စုနှင့် ယှဉ်လိုက်လျှင် တာ့နင်အင်ပါယာ၏ ဧကရာဇ်ထျန်ယွင်မှာ သူတောင်းစားသဖွယ် ဖြစ်သွားရသည်။
အရှေ့ဘက်ပြည်ထောင်စုသည် တာ့နင်အင်ပါယာမှ အရာရှိများ ၊ စစ်ဗိုလ်ချုပ်များကို မျက်တောင်မခတ်ဘဲ ဝယ်ယူနိုင်ခြင်းမှာ အံ့သြဖွယ် မဟုတ်တော့ချေ။
ဆက်လက်၍ တတိယ ၊ စတုတ္ထ နှင့် ပဉ္စမ ပစ္စည်းများသည်လည်း အရှေ့ဘက်ပြည်ထောင်စုမှပင် ဖြစ်နေပြန်သည်။
တတိယပစ္စည်းမှာ ပိုးထည် ကောင်းကင်ပိုးထည်ဖြစ်သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဤပိုးထည်များကို တာ့နင်အင်ပါယာ တောင်ပိုင်း၌ ထုတ်လုပ်ခြင်း ဖြစ်သည်။
စတုတ္ထပစ္စည်းမှာ ကြွေထည် ကောင်းကင်ကြွေထည်ဖြစ်သည်။ ဤသည်မှာလည်း တာ့နင်အင်ပါယာကပင် ထုတ်လုပ်ခြင်း ဖြစ်သည်။
ပဉ္စမပစ္စည်းမှာ လျှို့ဝှက်ရွှေ ဖြစ်သည်။ ဆယ်တန်ရှိသော လျှို့ဝှက်ရွှေ တစ်ဝက်ခန့်မှာ တာ့နင်အင်ပါယာမှ ထွက်ရှိခြင်း ဖြစ်သည်။
ယခုမှပင် တုပိုင် သဘောပေါက်လိုက်ချေပြီ။ အရှေ့ဘက်ပြည်ထောင်စုသည် တာ့နင်အင်ပါယာထံမှ တစ်နှစ်လျှင် ငွေတုံး သန်းပေါင်းများစွာ အမြတ်ထုတ်နေသည် မဟုတ်ပါလော။
ဘုရင်ငယ်လေး၏ ချစ်သူသည် ဗိုက်ကင်းနိုင်ငံ၏ အထက်တန်းလွှာ ၊ အနောက်ကမ္ဘာတစ်ခုလုံး၏ ထိပ်တန်းကြယ်ပွင့် ဖြစ်နေခြင်းမှာ မဆန်းတော့ပေ။ သူမသည် အရှေ့တိုင်းကမ္ဘာနှင့် အနောက်ကမ္ဘာကြား ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ထားခြင်းပင် ဖြစ်သည်။
ဆဋ္ဌမမြောက် ပစ္စည်းမှာမူ ရေတပ်ဖွဲ့တစ်ခု ဖြစ်နေသည်။
တကယ့် ရေတပ်ဖွဲ့စစ်စစ် ဖြစ်သည်။ စစ်သင်္ဘောကြီးတစ်စင်း ၊ ပထမတန်းစား တိုက်သင်္ဘောသုံးစီး နှင့် အပေါ့စား တိုက်သင်္ဘော လေးစီး ပါဝင်သည်။
သို့သော် ဤသည်မှာ အင်အားကြီးနိုင်ငံတစ်ခုက ဖယ်ထုတ်လိုက်သည့် တစ်ပတ်ရစ် ရေတပ်ဖွဲ့ဖြစ်ပြီး အမြောက်များကိုမူ ဖြုတ်ထားပြီး ဖြစ်သည်။
တုပိုင် အမှန်တကယ် သွားရည်ကျမိသည်။ ထို့ပြင် ဝမ်းနည်းမှုတစ်ခုလည်း ဝင်ရောက်လာသည်။ ဤသည်မှာ အမှန်တကယ်ပင် ယဉ်ကျေးမှု ကွာခြားချက်ပင် ဖြစ်သည်။
သူသာ ဤရေတပ်ဖွဲ့ကို ဝယ်ယူနိုင်လျှင် တာ့နင်အင်ပါယာ၏ ရေတပ်တစ်ခုလုံးကို တိုက်ရိုက် ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။ သူ အမှန်တကယ် ဝယ်ယူလိုသည်။ ဖယ်ထုတ်လိုက်သည့် တစ်ပတ်ရစ် ရေတပ်ဖွဲ့ဆိုလျှင်ပင် တုပိုင်ထံ၌ ရေတပ်တစ်ခု ရှိလာမည် မဟုတ်ပါလော။
သို့သော် ကံဆိုးစွာဖြင့် သူ စိတ်ကူးသာ ယဉ်၍ ရသည်။ သူ့ထံ၌ ငွေကြေးမရှိပေ။ ထို့ပြင် ငွေကြေးရှိလျှင်ပင် ဤရေတပ်ဖွဲ့မှာ တာ့နင်အင်ပါယာသို့ ပြန်ရောက်လာနိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ပရဒိသုမျှော်စင်သခင်သည် ဤတစ်ပတ်ရစ် ရေတပ်ဖွဲ့ကို ဝယ်ယူခွင့်မရှိသည့် နိုင်ငံစာရင်းကို တိုက်ရိုက် ကြေညာလိုက်သောကြောင့်ပင် ဖြစ်သည်။ ထိုအထဲတွင် တာ့နင်အင်ပါယာ ၊ မြောက်ပိုင်းအန်နမ်နိုင်ငံ ၊ ဂျိုဆွန်းပြည် ကိုရီးယား စသည်တို့ ပါဝင်သည်။
ဤသည်မှာ ဗြောင်ကျကျ အနိုင်ကျင့်သော ဝါဒပင် ဖြစ်သည်။ သိသာလှစွာပင် ဤသည်မှာ အရှေ့ဘက်ပြည်ထောင်စု၏ အနိုင်ကျင့် ဖိနှိပ်မှုပင် ဖြစ်သည်။ တာ့နင်အင်ပါယာ၏ မဟာမိတ်ဖြစ်လာနိုင်ခြေရှိသော မည်သည့်နိုင်ငံကိုမဆို ဝယ်ယူခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အလယ်ပိုင်းကမ္ဘာတွင်ဆိုလျှင် မီးနတ်ဘုရားဘာသာ၏ ရန်သူများ ဝယ်ယူခွင့်မရှိပေ။ အနောက်ကမ္ဘာတွင်ဆိုလျှင် တော်ဝင်ရောမမဟာမိတ်အဖွဲ့၏ ရန်သူများ ဝယ်ယူခွင့်မရှိပေ။
ထိုအခိုက် တုပိုင် ရုတ်တရက်တွေးလိုက်မိသည်။ အရှေ့ဘက်ပြည်ထောင်စုသည် ဤမျှ အင်အားကြီးမားနေပါလျက် ၊ အဘယ်ကြောင့် တပ်လွှတ်ပြီး တာ့နင်အင်ပါယာကို မဖျက်ဆီးပစ်သနည်း။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် ၁၉ ရာစုက ဂျပန်အင်ပါယာသည်လည်း အရှေ့တိုင်းကမ္ဘာ၏ အင်အားကြီးနိုင်ငံ ဖြစ်ခဲ့ဖူးသည်။ မန်ချူးအစိုးရနှင့် နောက်ပိုင်း တရုတ်သမ္မတနိုင်ငံကို ဖျက်ဆီးချင်ခဲ့သော်လည်း မြွေက ဆင်ကို မျိုသကဲ့သို့ ဖြစ်နေသည့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
အရှေ့ဘက်ပြည်ထောင်စုသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့် ငှက်ကျားက ငှက်သိုက်ကို လုယူသကဲ့သို့ တာ့နင်အင်ပါယာကို အစားထိုး နေရာယူလိုနေပုံ ရသည်။ ထင်ထားသည့်အတိုင်း ဤတစ်ပတ်ရစ် ရေတပ်ဖွဲ့၏ စျေးနှုန်းမှာ ရွှေဒင်္ဂါး တစ်သန်းလေးသိန်းအထိ ရောက်ရှိသွားသည်။
တုပိုင် အမှန်တကယ် မတတ်နိုင်ပါချေ။ မင်းသမီးလီအာနာသည် တုပိုင်နားသို့ ကပ်ပြီး တိုးတိုးပြောလိုက်သည်။
“ဒီရေတပ်ဖွဲ့ကို ဝယ်လိုက်တာ အရှေ့ဘက်ပြည်ထောင်စုပဲ”
တုပိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “အရှေ့ဘက်ပြည်ထောင်စုရဲ့ ရေတပ်က ဒီလောက် အင်အားကြီးနေတာ ၊ ဘာလို့ ဒီတစ်ပတ်ရစ် ရေတပ်ဖွဲ့ကို ဝယ်ရတာလဲ”
“သူ့ရဲ့ လက်အောက်ခံနိုင်ငံတွေကို ပြန်ရောင်းဖို့လေ။ ပြီးရင် အခွန်ငွေတွေနဲ့ ဆယ်စုနှစ်ချီပြီး ပြန်ဆပ်ခိုင်းမှာ။ ဒါက အရမ်းအမြတ်အစွန်းများတဲ့ စီးပွားရေးပဲ။ အရှေ့ဘက်ပြည်ထောင်စု လက်အောက်က ခေတ်နောက်ကျတဲ့ နိုင်ငံတွေက အင်အားကြီး ရေတပ်ဖွဲ့ကို ရမယ်။ အရှေ့ဘက်ပြည်ထောင်စုကတော့ သူတို့ရဲ့ စီးပွားရေး ထိန်းချုပ်ခွင့်ကို ရမယ်”
ထို အရှင်မင်းသားသည် အမှန်တကယ်ပင် ဉာဏ်များလှပါပေသည်။ စီးပွားရေးနည်းလမ်း ၊ နိုင်ငံရေးနည်းလမ်း ၊ စစ်ရေးနည်းလမ်း... လက်သုံးချောင်းလုံး ပေါင်းသုံးနေသည်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို အာခံနေသကဲ့သို့ပင်။ သတ္တမမြောက် ပစ္စည်းမှာမူ ကျွန်းတစ်ကျွန်း ဖြစ်ပြီး စတုရန်းကီလိုမီတာ ထောင်ချီ ကျယ်ဝန်းသည်။
အဋ္ဌမမြောက် ပစ္စည်းမှာ စစ်တပ်တစ်ခုဖြစ်၏။ တကယ်ပင် စစ်တပ်တစ်ခုပင်။ တိတိကျကျ ပြောရလျှင်မူ ကြေးစားစစ်တပ်တစ်ခုဖြစ်သည်။ တပ်မှူးသည် ဤစစ်တပ်ကို ဆက်လက် မထောက်ပံ့နိုင်တော့သဖြင့် ကွပ်ကဲခွင့်ကို ရောင်းချလိုက်ခြင်း ဖြစ်သည်။
နဝမမြောက် ပစ္စည်းကျမှ တုပိုင် ပို၍ တုန်လှုပ်သွားရသည်။ အိန္ဒိယမှ ပြည်နယ်တစ်ခု၏ လက်အောက်ခံနယ်မြေ အာဏာပိုင်ခွင့် ဖြစ်နေသောကြောင့်ပင်။
ယခုမှပင် တုပိုင် သိလိုက်ရသည်။ တာ့နင်အင်ပါယာထက် ပိုဆိုးသည့် နိုင်ငံ ရှိသေးသည် မဟုတ်ပါလား။
ခေတ်သစ်ကမ္ဘာ၌ ဆယ့်ခုနစ်ရာစု မဂိုအင်ပါယာက နေဝင်ချိန် ရောက်နေပြီ ဆိုသော်လည်း ဤမျှထိ ဆိုးရွားခြင်း မရှိသေးဘဲ အတော်အတန် အင်အားကောင်းနေသေးခြင်း ဖြစ်သည်။
မင်းသမီးလီအာနာသည် ပြောလိုက်သည်။ “ဒါက အရှေ့ဘက်ပြည်ထောင်စုနဲ့ မီးနတ်ဘုရား အင်အားစုတွေကြားက ရေကြောင်းတိုက်ပွဲရလဒ်ပဲ။ အရှေ့ဘက်ပြည်ထောင်စုက ရေကြောင်းလမ်းကြောင်းတစ်ခု ပေးလိုက်ပြီး ၊ အိန္ဒိယသမုဒ္ဒရာမှာ ကမ်းတက်စခန်းအဖြစ် ပြည်နယ်တစ်ခုစာ လက်အောက်ခံနယ်မြေကို ရလိုက်တာ”
တုပိုင်သည် မေးလိုက်သည်။ “ဒါဆိုရင် လက်အောက်ခံနယ်မြေ အာဏာပိုင်ခွင့်ကို လေလံတင်တာက တစ်ကမ္ဘာလုံးကို ဒီစာချုပ်အကြောင်း သက်သေအဖြစ် သိစေချင်လို့ သက်သက်ပဲလား”
“ဟုတ်တယ်” မင်းသမီးလီအာနာ ခေါင်းညိတ်၍ ဖြေကြားလိုက်သည်။
တုပိုင် အမှန်တကယ် မျက်စိပွင့်သွားရသည်။
အရှေ့ဘက်ပြည်ထောင်စုမှ အရှင်မင်းသားမှာ နယ်မြေချဲ့ထွင်ချင်စိတ် ပြင်းပြနေပြီး ကြီးမားသည့် မီးနတ်ဘုရား ဂိုဏ်းကြီးနှင့်ပင် စစ်ခင်းခဲ့သည်။
နှိုင်းယှဉ်ကြည့်လိုက်လျှင် တာ့နင်အင်ပါယာမှာ တွင်းအောင်းနေသည့် ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
**--**--**--**--**--**--**--**
နောက်ဆုံးတွင် တုပိုင်၏ အပုံ နှစ်ဆယ်ပုံ တစ်ပုံ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲ အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ နောက်ဆုံးပိတ် လေလံပစ္စည်း ဖြစ်နေသည်။
တုပိုင်အနေဖြင့် လျဲ့ယန်နဂါးဆေးလုံးဖိုး ပေးချေရန် လုံလောက်သည့် ငွေကြေး ရရှိခြင်း ရှိ ၊ မရှိ ဆိုသည်မှာ ဤလေလံရလဒ်အပေါ်တွင် မူတည်နေသည်။
ပရဒိသုမျှော်စင်သခင် ဂလန်းသည် ရှေ့သို့တိုးလာပြီး ပြောလိုက်သည်။
“အောက်ပါပစ္စည်းကတော့ ဒသမမြောက် လေလံပစ္စည်းပါ။ ကျုပ် ကြိုပြောထားပါရစေ။ ဒါကို နောက်ဆုံးပစ္စည်းအဖြစ် ထားရတာက ပွဲသိမ်းရတနာမို့လို့ မဟုတ်ပါဘူး။ လူတိုင်းရဲ့ အချိန်ကို ဖြုန်းမိမှာ စိုးရိမ်လို့ပါ။ ဒီပစ္စည်းကို ကျုပ် ငြင်းလို့မရတဲ့ လူတစ်ယောက်က ထည့်သွင်းခိုင်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ ပိုင်ရှင်က ဗိုက်ကင်းနိုင်ငံရဲ့ မိတ်ဆွေဖြစ်နေလို့ပါ။ သူက ဒီပစ္စည်းကိုမှော်ပုံဆောင်ခဲလို့ နာမည်ပေးထားပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒီပစ္စည်းရဲ့ တန်ဖိုးရှိတာကို မတွေ့ရပါဘူး။ ဗိုက်ကင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ၊ ပရဒိသုမျှော်စင် ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်သိက္ခာအတွက် ၊ ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအတွက် ဒီအချက်ကို ရှင်းလင်းထားပါရစေ။ ကျုပ်အနေနဲ့ ဒီကျောက်တုံးရဲ့ ထူးခြားချက်ကို မရှာတွေ့ပါဘူး”
ထို့နောက် သူသည် ဒသမမြောက် ပစ္စည်းဖြစ်သော တုပိုင်၏ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို ထုတ်ပြလိုက်သည်။
“စဖွင့်စျေး... ရွှေဒင်္ဂါး တစ်သိန်း”
“ဟားးး...”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပွဲခင်းတစ်ခုလုံး အံ့သြသွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သာမန် ပတ္တမြားတစ်လုံးကဲ့သို့သာ ဖြစ်နေပြီး အရောင်ရဲနေခြင်းမှလွဲ၍ ဘာမျှမထူးခြားပေ။ ထို့ပြင် လက်ချောင်းအရွယ်အစားခန့်သာ ရှိသည်။
ဤကဲ့သို့ အသုံးမကျသည့် ပစ္စည်းလေးမှာ အများဆုံးတန်ဖိုးရှိလျှင်ပင် ငွေဒင်္ဂါး တစ်ပြားမျှသာ ရှိပေမည်။ ရွှေဒင်္ဂါး တစ်သိန်း ခေါ်သည်မှာ ရူးနေ၍လား။
ပိုက်ဆံမက်ပြီး ရူးသွပ်သွားခြင်းလား။ ရောက်ရှိနေကြသော မင်းစိုးရာဇာများနှင့် သူဌေးကြီးများက မထီမဲ့မြင် ပြုံးလိုက်ကြသည်။
“ဘာတွေ လာနောက်နေတာလဲကွ ဟားဟား... ငါ့ရှူးဖိနပ်မှာ တပ်ထားတဲ့ ပတ္တမြားကတောင် ဒီထက် ကြီးသေးတယ်”
“အခု ငါ့ခြံထဲ သွားရှာလိုက်ရင်တောင် ခြံဝင်းထဲမှာ ဒီထက်ကြီးတဲ့ ကျောက်တုံး တွေ့ဦးမယ်”
“ငါတို့ဆီမှာဆိုရင် ဒီလို ပတ္တမြားမျိုးကို ဆင်းရဲသားရပ်ကွက်မှာပဲ ရောင်းကြတာ”
မင်းသမီးလီအာနာသည် တုပိုင်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မြင်ပြီလား... ရှင့်ရဲ့ ကျောက်တုံးက ငွေဒင်္ဂါး တစ်ပြားပဲ တန်တယ်။ သံချပ်ကာသင်္ဘောကို ကျွန်မဆီ ပြန်ပေးဖို့သာ ပြင်ထားလိုက်တော့”
ပရဒိသုမျှော်စင်သခင် ဂလန်းသည် သက်ပြင်းချကာ ပြောလိုက်သည်။
“ရွှေဒင်္ဂါး တစ်သိန်း ပေးမယ့်သူ ရှိပါသလား။ ရေတွက်တော့ပါမယ်။ ဘယ်သူမှ မကမ်းလှမ်းရင် ကျော်လိုက်ပါမယ်”
“သုံး”
“နှစ်”
“တစ်”
ရုတ်တရက် တစ်စုံတစ်ယောက်က စကားပြောလာသည်။
ပါရှန်းစကားပြောသော သူပင် ဖြစ်သည်။
“ရွှေဒင်္ဂါး တစ်သိန်း”
“ဝေါ....”
ရုတ်တရက် အားလုံး ပွက်လောရိုက်သွားကြသည်။
တစ်ယောက်ယောက်က ဤအသုံးမကျသော ကျောက်တုံးကို ရွှေဒင်္ဂါး တစ်သိန်းဖြင့် အမှန်တကယ် ဝယ်ယူသည်ပေါ့။
ဤပါရှန်းစကားပြောသူမှာ မီးနတ်ဘုရား အင်အားစုမှ ဖြစ်ကြောင်း တုပိုင် သေချာသွားသည်။ သူတို့သည် စမ်းသပ်သုတေသန တစ်စုံတစ်ခု ပြုလုပ်နေသည်မှာ သေချာသည်။ အလွန်အရေးကြီးသော သုတေသနတစ်ခု ဖြစ်ပေမည်။
တစ်ကြိမ် အောင်မြင်သွားလျှင် ခေတ်ပြောင်းလဲစေနိုင်သည့် ရလဒ်မျိုး ဖြစ်နိုင်သည်။
“ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း” နောက်ထပ် လူတစ်ယောက်က ထပ်မံ စျေးခေါ်လိုက်သည်။
ပရိသတ်အားလုံး လုံးဝ တုန်လှုပ်သွားကြသည်။
မင်းသမီးလီအာနာလည်း ကြောင်အသွားသည်။ ဂျူလီယန်၏ ဤကျောက်တုံးအကျိုးအပဲ့မှာ တကယ်ပင် ရတနာ ဖြစ်နေသလော။
အဘယ်ကြောင့်ဆိုသော် ယခု စျေးခေါ်လိုက်သူမှာ အရှေ့ဘက်ပြည်ထောင်စု၏ ကိုယ်စားလှယ် ၊ ဘုရင်ငယ်လေး၏ ချစ်သူ အိန်ဂျယ်၏ ကိုယ်ရေးကိုယ်တာ ကိုယ်စားလှယ် ဖြစ်နေကြောင်း သူမ အသံကြားရုံဖြင့် သိလိုက်သောကြောင့်ပင်။
“ရွှေဒင်္ဂါး နှစ်သိန်း” ပါရှန်းစကားပြောသူက အော်ပြောလိုက်သည်။
“ရွှေဒင်္ဂါး နှစ်သိန်းခြောက်သောင်း” အရှေ့ဘက်ပြည်ထောင်စု ကိုယ်စားလှယ်က ထပ်အော်သည်။
“ရွှေဒင်္ဂါး လေးသိန်း” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
လက်ရှိအချိန်တွင် တုပိုင်ပင်လျှင် တုန်လှုပ်သွားရသည်။
မင်းသမီးလီအာနာသည်တော့ ပို၍ပင် တုန်လှုပ်သွားကာ စကားပင် မပြောနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်၌ စျေးခေါ်လိုက်သူမှာ... ဗိုက်ကင်းမင်းသား၏ ကိုယ်ရေးကိုယ်တာ ကိုယ်စားလှယ် ဖြစ်နေသောကြောင့်ပင်။
အရှေ့ဘက်ပြည်ထောင်စု ကိုယ်စားလှယ်မှာ ခေတ္တ တုံ့ဆိုင်းသွားသည်။ ငွေကြေးမတတ်နိုင်၍ မဟုတ်ဘဲ ဗိုက်ကင်းနိုင်ငံနှင့် ပြိုင်ဆိုင်ချင်စိတ် ရှိ ၊ မရှိ စဉ်းစားနေပုံ ရသည်။
“ရွှေဒင်္ဂါး လေးသိန်းငါးသောင်း” အရှေ့ဘက်ပြည်ထောင်စု ကိုယ်စားလှယ်က ပြောလိုက်သည်။
“ရွှေဒင်္ဂါး ငါးသိန်း”
ဗိုက်ကင်းမင်းသား၏ ကိုယ်စားလှယ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားသော ဆန္ဒကို ပြသလိုက်သည်။ စျေးဘယ်လောက်ဖြစ်ဖြစ် သူ ဝယ်မည်ဟူသော သဘောပင်။
တုပိုင် နားလည်သွားလေ၏။ ဗိုက်ကင်းနိုင်ငံသည် ဤဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို ဝယ်ယူသည်မှာ ပစ္စည်းကို လိုချင်၍ မဟုတ်ဘဲ နည်းပညာတစ်စုံတစ်ခုကို လုံးဝ ပိတ်ဆို့လို၍ ဖြစ်နိုင်သည်။
ထို့ကြောင့် ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ဂရုမစိုက်ခြင်း ဖြစ်ပေမည်။ အရှေ့ဘက်ပြည်ထောင်စု ကိုယ်စားလှယ်သည် ဗိုက်ကင်းနိုင်ငံ၏ ဆန္ဒကို ခံစားမိပြီး လက်လျှော့လိုက်သည်။ ပရဒိသုမျှော်စင်သခင် ဂလန်းမှာမူ လုံးဝ ကြောင်အသွားပြီး မျက်နှာပျက်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူ ပြဿနာအကြီးအကျယ်တစ်ခုကို ရင်ဆိုင်နေရသောကြောင့်ပင်။ သူ ရာထူးမှ နုတ်ထွက်ရကိန်း ဆိုက်နေပြီ ဖြစ်လေ၏။
သူက ဤပစ္စည်း တန်ဖိုးမရှိဟု ခုနကမှ ပြောထားခဲ့သော်လည်း ယခု သူ၏သခင်က ရွှေဒင်္ဂါး ငါးသိန်းပေးပြီး ဝယ်ယူလိုက်သည်။ သူ အမှားကြီး မှားသွားပြီဖြစ်လေသည်။
“ရွှေဒင်္ဂါး ငါးသိန်း”
“သုံး”
“နှစ်”
“တစ်”
ဒုန်းးး
“ရောင်းလိုက်ပါပြီ”
“ဒီနေ့ရဲ့ မဟာလေလံပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက ကျုပ် ပရဒိသုမျှော်စင်သခင်အဖြစ် နောက်ဆုံးတာဝန်ယူတာ ဖြစ်လောက်ပါတယ်။ အားလုံးပဲ... နှုတ်ဆက်ပါတယ်”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၃+ ၆၃၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team