အခန်း (၃၂၁-၃၂၂)
Vol. 21 Ch. 321-322
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၁ ။ ကိုယ့်ကိုယ်ကိုယ်အတွက် မစီစဉ်တတ်သော အရှင်မင်းကြီးနဉ်
နဉ်ရှောင်ယောင်းတစ်ယောက် မယ်တော်ကြီးရှဲ့နှင့် နန်းဆောင်ထဲတွင် ရန်ဖြစ်နေချိန်၌ လိုကျစ်ကွေ့သည် စုန့်ရွှီနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ ဘေးလူတစ်ယောက်၏ အမြင်အရ ထိုအခြေအနေသည် အတော်လေး အေးဆေးတည်ငြိမ်နေပုံရသည်။ လိုကျစ်ကွေ့သည် ဒေါသထွက်ပုံမရသလို စုန့်ရွှီသည်လည်း နောင်တရပုံမပေါ်ပေ။ တစ်ယောက်က မဒေါသထွက်၊ တစ်ယောက်က အပြစ်မရှိသလို ဖြစ်နေကြသည်။
လိုကျစ်ကွေ့သည် လက်တန်းကို လက်ချောင်းဖြင့် နှစ်ချက်ခန့် ပုတ်လိုက်ပြီး မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ်က ဘာနဲ့ ခြိမ်းခြောက်တာလဲ"
စုန့်ရွှီ ပြန်ဖြေသည်။ "ကျွန်တော့် ဇနီးနဲ့ ကလေးတွေပါ"
"စု့န်ချီးရော"
"သူ ဒဏ်ရာရထားတယ်။ အခုဆိုရင် ဝူရွှမ်းမြို့မှာ အနားယူနေလောက်ပါပြီ"
"ဖန်းထန်ကရော"
"ဖန်းထန်ကို ကျွန်တော် မတွေ့လိုက်ပါဘူး" စုန့်ရွှီ ခေါင်းခါလိုက်သည်။ လိုကျစ်ကွေ့၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်ကိုမြင်တော့ စုန့်ရွှီ ဆက်ပြောသည်။ "စစ်သေနာပတိချုပ်... အခုချိန်ရောက်မှတော့ ကျွန်တော် ထပ်လိမ်နေစရာ အကြောင်းမရှိတော့ပါဘူး"
"အခု ရှဲ့ဝမ်ယွမ် ရှုံးသွားပြီ။ မင်းရဲ့ ဇနီးနဲ့ ကလေးတွေ ဘယ်မှာလဲ" လိုကျစ်ကွေ့ မေးလိုက်သည်။
ထိုအခါမှ စုန့်ရွှီ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားကတည်းက သူ့ဇနီးနဲ့ ကလေးတွေရဲ့ သတင်းအစအန ပျောက်ဆုံးသွားခဲ့ပြီ။ အခု သူ မတွေးရဲအောင်ဖြစ်နေသည်။
"မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ပြီ" လိုကျစ်ကွေ့သည် စုန့်ရွှီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "မင်း ငါ့ကို သစ္စာမဖောက်ရင် ရှဲ့ဝမ်ယွမ်က မင်းရဲ့ ဇနီးနဲ့ ကလေးတွေကို သတ်ပစ်မယ်။ အခု မင်း ငါ့ကို သစ္စာဖောက်လိုက်ပြီ။ ငါက မင်းရဲ့ စုန့်မိသားစုတစ်စုလုံးကို ပြန်မသတ်ဘူးလို့ ထင်နေတာလား"
စုန့်ရွှီ တောင့်ခဲသွားသည်။ အချိန်အတော်ကြာမှ လိုကျစ်ကွေ့ကိုကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"စစ်သေနာပတိချုပ်က အဲ့လိုလုပ်မယ့်လူ မဟုတ်ပါဘူး"
လိုကျစ်ကွေ့သည် ကုလားထိုင်လက်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ကျောများ ထောင်ထလာသည်။
စုန့်ရွှီ မတ်တတ်ထရပ်ပြီး လိုကျစ်ကွေ့၏ ရှေ့သို့ လျှောက်သွားကာ ဒူးထောက်ချလိုက်သည်။
"စစ်သေနာပတိချုပ်... ကျွန်တော်က ပြစ်ဒဏ်ခံရဖို့ ထိုက်တန်ပါတယ်။ စု့န်ချီးကတော့ ဘာမှမသိပါဘူး"
လိုကျစ်ကွေ့ ပြောလိုက်သည်။ "မင်းက သူ့နာမည်ကို ထုတ်ပြောရဲသေးတယ်လား"
"ဟုတ်ကဲ့... ကျွန်တော် မပြောသင့်ပါဘူး" စုန့်ရွှီ ပြောလိုက်သည်။ "ကျွန်တော် သေပြီး ပြန်ပေးဆပ်ပါ့မယ်။ စစ်သေနာပတိချုပ် စု့န်ချီးအပေါ် အထင်မလွဲဖို့ပဲ တောင်းဆိုပါတယ်။ ကျွန်တော် စုန့်ရွှီက မိသားစုသံယောဇဉ်ကိုပဲကြည့်ပြီး သိက္ခာတရားကို စွန့်လွှတ်ခဲ့ပေမယ့် စု့န်ချီးကတော့ အဲ့လိုလူ မဟုတ်ပါဘူး"
"စစ်သေနာပတိချုပ်" တန့်ရုံသည် တံခါးဝတွင် ရပ်လျက် အသံကျယ်လောင်စွာ သတင်းပို့လိုက်သည်။ "ဖန်းထန်က စစ်သည်အင်အား သုံးသောင်းနဲ့ မြို့ပြင် ရောက်နေပါပြီ"
လိုကျစ်ကွေ့ နန်းဆောင်တံခါးဝကို မော့ကြည့်လိုက်သည်။
တန့်ရုံသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စုန့်ရွှီကို အမုန်းမျက်လုံးဖြင့် ကြည့်လိုက်ပြီး ပြောသည်။
"စု့န်ချီးလည်း ရောက်နေပါတယ်။ စစ်သေနာပတိချုပ်ကို တွေ့ချင်လို့တဲ့"
စုန့်ရွှီ၏ ခန္ဓာကိုယ် တုန်ခါသွားသည်။
"စစ်သည်တွေကို မြို့ပြင်မှာပဲ စခန်းချခိုင်းလိုက်။ စစ်သူကြီးတွေကို ဝင်ခွင့်ပေးလိုက်" လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။
တန့်ရုံ အမိန့်နာခံပြီး ချက်ချင်း ထွက်သွားလေသည်။
လိုကျစ်ကွေ့ မတ်တတ်ထရပ်လိုက်ပြီး စုန့်ရွှီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"မင်း စု့န်ချီးကို ကိုယ့်ဘာသာ ရှင်းပြလိုက်တော့"
စုန့်ရွှီ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ ဒူးထောက်နေလေသည်။
.....
နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းဆောင်၏ ပန်းခြံလေးထဲတွင် ထိုင်နေရင်း သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
"ရှောင်ဖန်း ရောက်လာတာ နောက်ကျသွားပြီ"
ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားမှတော့ စစ်သည်တစ်သိန်းရောက်လာရင်တောင် ဘာမှထူးမှာ မဟုတ်တော့ဘူးလေ။
လောင်တသည် ခြေသည်းကို လျှာဖြင့်လျက်ရင်း ပြောလိုက်သည်။ "ရှောင်ယောင်း... နင် အဲ့ဒီငတုံးကောင်ကို ရိုက်မလို့လား"
နဉ်ရှောင်ယောင်းသည် လောင်တကို အံ့ဩတကြီး ကြည့်လိုက်သည်။ "လောင်တ... နင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ မေ့နေပြီလား။ ဖန်းထန်က စစ်သူကြီးလေ။ နင်က ကြောင်ဝတုတ်လေ။ နင်က သူ့ကို နိုင်မယ်ထင်လို့လား"
လောင်တသည် မျက်လုံးမှေးပြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ "ငါက ရိုးရိုးကြောင် မဟုတ်ဘူး"
နဉ်ရှောင်ယောင်း: "..." ဟုတ်သားပဲ။ သူက မြို့တော်ကြောင်ဘုရင်ကြီးလေ။ သူ့လက်အောက်မှာ ကြောင်ညီနောင်တွေ အများကြီးရှိတာပဲ။ ဖန်းထန်ကို ကြောင်အုပ်ကြီး ဝိုင်းကိုက်သတ်ကြမယ့် ပုံရိပ်ကို နဉ်ရှောင်ယောင်း မြင်ယောင်ကြည့်လိုက်မိသည်။
"သစ္စာဖောက်စုန့်ရွှီနဲ့ပတ်သက်ပြီး နင် ဘယ်လိုမြင်လဲ" လောင်တသည် သူ့ရှေ့တွင် လူးလှိမ့်နေသော ရှောင်ပိုင်ကို လက်သည်းဖြင့် ကုတ်ဖယ်လိုက်ပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
နဉ်ရှောင်ယောင်း ကောင်းကင်ကို မော့ကြည့်ပြီး စဉ်းစားလိုက်သည်။ "မသိဘူး"
သားမယားအတွက်ဆိုတော့လည်း နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ စည်းကမ်းဆိုတာ ရှိတယ်လေ။ လူတွေကြားမှာလည်း ကျင့်ဝတ်ဆိုတာ ရှိတယ်။ ဘာကိစ္စနဲ့မှ သစ္စာဖောက်လို့ မရဘူးလေ။ ပိုဆိုးတာက စုန့်ရွှီကြောင့်သာ သူတို့ ရှုံးနိမ့်သွားခဲ့ရင် လူဘယ်နှယောက်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မိသားစုတွေ သေကျေပျက်စီးကုန်မလဲ။ ကိုယ့်မိသားစုအသက်က အရေးကြီးပြီး တခြားလူတွေရဲ့အသက်က မြက်ပင်တွေလို အလကားရတာမှ မဟုတ်တာ။
အရိပ်တစ်ခု သူမအပေါ် ကျရောက်လာသည်။ နဉ်ရှောင်ယောင်း မော့ကြည့်လိုက်ရာ လိုကျစ်ကွေ့သည် သူမအနောက်တွင် လက်ပိုက်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"စစ်သေနာပတိချုပ်... မြောင်~" လောင်တသည် မတ်တတ်ထရပ်ပြီး လိုကျစ်ကွေ့ကို နှုတ်ဆက်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး လောင်တ၏ ခေါင်းကို ပွတ်သပ်ပေးကာ ပြုံး၍ ပြောလိုက်သည်။ "သွားကစားချေ"
နဉ်ရှောင်ယောင်းသည် မြို့တော်ကြောင်ဘုရင်ကြီး ပျော်လွန်းလို့ အရူးတစ်ပိုင်းဖြစ်ကာ ပြေးထွက်သွားသည်ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဖန်းထန်က အနက်ရောင်နှင်းခဲ မြင်းတပ်သား သုံးသောင်း ခေါ်လာတယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မေးစေ့ကိုလက်ထောက်ပြီး ပြုံးလိုက်သည်။ "အခု ကျွန်မမှာ ပိုက်ဆံရှိတယ်။ သူတို့ကို ထမင်းဖိတ်ကျွေးလိုက်မယ်"
လိုကျစ်ကွေ့ ပြောလိုက်သည်။ "သူတို့ ရောက်လာတာ နောက်ကျသွားပြီ"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ဘက် လှည့်လိုက်သည်။ "စစ်သေနာပတိချုပ်... ရှင် ရှောင်ဖန်းကို အပြစ်တင်မလို့လား"
လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။ "နှမြောစရာကောင်းတယ်လို့ ပြောတာပါ"
"ကံတရားပဲလေ" နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ "အမတ်ချုပ်ကြီး သေရမယ့်အချိန် မရောက်သေးဘူးလို့ပဲ မှတ်ယူရမှာပေါ့"
"အမတ်ချုပ်ကြီးလို့ ခေါ်တုန်းလား" လိုကျစ်ကွေ့သည် လက်ဆန့်တန်းပြီး နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ပခုံးပေါ်တွင် ခေါင်းမှီထားလိုက်ပြီး နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "အမတ်ချုပ်ကြီးလို့ ခေါ်ရတာက ပိုလွယ်တယ်လေ။ စာလုံးအရေအတွက်နည်းတယ်"
နဉ်ရှောင်ယောင်း၏ ယုတ္တိမရှိသော စကားကြောင့် လိုကျစ်ကွေ့ ဆွံ့အသွားရသည်။ ဒီကောင်မလေး စကားပြန်ပြောရင် သူ ဘယ်လိုမှ နိုင်အောင် မပြောနိုင်ဘူး။
ပါးစပ်ထဲမှ သကြားလုံး ကုန်သွားသောအခါ နဉ်ရှောင်ယောင်းသည် နောက်ထပ် သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ လိုကျစ်ကွေ့ကို မော့ကြည့်ပြီး သကြားလုံးနှစ်လုံးကို လိုကျစ်ကွေ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ အခု ငါ့မှာ ပိုက်ဆံရှိပြီ။ သကြားလုံး ဘယ်လောက်စားစား တတ်နိုင်တယ်။
"ရှဲ့ဝမ်ယွမ်က စုန့်ရွှီရဲ့ သားမယားတွေကို ဖမ်းထားတယ်တဲ့" လိုကျစ်ကွေ့ ပြောပြသည်။
"ဪ..." နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါဆို စစ်သေနာပတိချုပ် သူ့ကို ခွင့်လွှတ်ပေးမှာလား"
လိုကျစ်ကွေ့ ပြောလိုက်သည်။ "ဒါက အန်းယွမ်ခရိုင်မှာ ရှဲ့ဝမ်ယွမ်ရဲ့ လူတွေရှိတယ်ဆိုတဲ့ သဘောပဲ။ သူတို့လက်တံတွေက စစ်တပ်ထဲအထိ ဖြန့်ကြက်ထားတယ်"
"ဟင်..." နဉ်ရှောင်ယောင်း အဲ့ဒီအထိ မတွေးမိပေ။ လိုကျစ်ကွေ့ပြောမှ ကြောင်သွားရသည်။
"ဖန်းထန်တို့နဲ့ သွားတွေ့မလား" လိုကျစ်ကွေ့ မေးလိုက်သည်။
"မတွေ့တော့ဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ရှောင်ဖန်းကို တွေ့ချင်ပေမယ့် စစ်သူကြီးစုန့်ကို တွေ့ရင် ကျွန်မ စိတ်မကောင်းဖြစ်ရလိမ့်မယ်။ ကျွန်မ မသွားတာ ပိုကောင်းပါတယ်"
ဒီကောင်မလေးက ဖန်းထန်ကို တွေ့ချင်နေတယ်ပေါ့လေ။
လိုကျစ်ကွေ့၏မျက်နှာ မည်းမှောင်သွားသည်။ နဉ်ရှောင်ယောင်းကို ငုံ့ကြည့်လိုက်သောအခါ ပါးလေးဖောင်းအောင် သကြားလုံးဝါးနေပြီး အလွန်အလေးအနက်ထားဟန် ပေါက်နေသည်။ သူမပုံစံလေးကို မြင်လိုက်ရသောအခါ လိုကျစ်ကွေ့ ဘာမှဆက်မပြောနိုင်တော့ပေ။
နာရီဝက်ခန့် ကြာသောအခါ ဖန်းထန်နှင့် အခြားစစ်သူကြီးများသည် ဖုန်မှုန့်များ ပေကျံလျက် ထိုက်ဟွာနန်းဆောင်ထဲသို့ ရောက်လာကြသည်။
.....
နဉ်ရှောင်ယောင်းသည် စားစရာရှာရန် မီးဖိုချောင်ဘက်သို့ ထွက်လာစဉ် အကြီးဆုံးခင်လေးနဉ်သည် ယင်းဖုန်းနောက်မှ လိုက်ပါလာပြီး ပန်းခြံထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီးနဉ်" နဉ်ရှောင်ယောင်း မြက်ခင်းပြင်ပေါ်မှ ခုန်ထပြီး အော်ခေါ်လိုက်သည်။
အကြီးဆုံးခင်လေးနဉ် အရိုအသေပေးရန် ပြင်လိုက်သော်လည်း နဉ်ရှောင်ယောင်းက သူ့လက်ကို ဆွဲကိုင်ထားလိုက်သည်။ မျက်လုံးလေးမှေးသွားသည်အထိ ပြုံးပြီး နဉ်ရှောင်ယောင်း မေးလိုက်သည်။ "အစ်ကိုကြီးနဉ်... ကျွန်တော့်ကို ပြောစရာရှိလို့လား"
ယင်းဖုန်းသည် တိတ်ဆိတ်စွာ ဆုတ်ခွာသွားပြီး ပန်းခြံတံခါးဝတွင် စောင့်နေလိုက်သည်။
အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ဖုန်းကျိုးကို ပြန်တော့မလို့ပါ"
နဉ်ရှောင်ယောင်း၏အပြုံးသည် မျက်နှာပေါ်တွင် တောင့်ခဲသွားသည်။
အကြီးဆုံးခင်လေးနဉ်သည် သူ့လက်ကို ဆွဲထားသော နဉ်ရှောင်ယောင်းကို ကြည့်ပြီး ခေါ်လိုက်သည်။ "အရှင်မင်းကြီး?"
နဉ်ရှောင်ယောင်း ခေါင်းကုတ်ပြီး မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ "ဒီလောက် အလောတကြီး ပြန်မလို့လား"
အကြီးဆုံးခင်လေးနဉ်သည် အင်္ကျီစကို မကာ နဉ်ရှောင်ယောင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "စစ်ပွဲလည်းပြီးပြီဆိုတော့ ကျွန်တော်မျိုး အိမ်ပြန်ပြီး ဖခင်ကို မြို့တော်အခြေအနေတွေ ပြန်တင်ပြရဦးမယ်လေ"
"ဟုတ်သားပဲ" နဉ်ရှောင်ယောင်း သဘောတူလိုက်သည်။ အိမ်ကထွက်လာတာ ကြာပြီပဲ။ ဒီကမ္ဘာမှာ ဖုန်းတွေ၊ အင်တာနက်တွေလည်း မရှိတော့ အကြီးဆုံးခင်လေးနဉ်နဲ့ ရှောင်လော့လော့တို့ အိမ်ပြန်သင့်နေပြီ။ နို့မို့ဆို ယွဲ့ပြည်နယ်မြို့စားတို့ လင်မယား စိတ်ပူနေလိမ့်မယ်။
အကြီးဆုံးခင်လေးနဉ် မေးလိုက်သည်။ "အရှင်မင်းကြီး... အနက်ရောင်နှင်းခဲ မြင်းတပ်တွေ မြို့တော်ကို ရောက်ပြီလား"
"ရောက်ပြီ" နဉ်ရှောင်ယောင်းသည် အကြီးဆုံးခင်လေးနဉ်ကို ဖုံးကွယ်ထားစရာမရှိသဖြင့် စစ်သည်သုံးသောင်း မြို့တော်သို့ ရောက်ရှိလာကြောင်း ပြောပြလိုက်သည်။
"နှမြောစရာပဲ" အကြီးဆုံးခင်လေးနဉ်လည်း လိုကျစ်ကွေ့ကဲ့သို့ပင် တွေးလိုက်မိသည်။ ဒီစစ်တပ်သာ စောစောရောက်လာခဲ့ရင် ရှဲ့ဝမ်ယွမ်ကို သူပုန်တွေ ဘယ်လောက်ပဲကာကွယ်ပေးပေး ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
နဉ်ရှောင်ယောင်း ဟဲဟဲ ဟုသာ ရယ်လိုက်မိသည်။ ကံတရားပဲလေ။ ဘာပြောစရာ ရှိသေးလို့လဲ။ နဉ်ရှောင်ယောင်း မျက်လုံးကစားလိုက်ပြီး စုန့်ရွှီအကြောင်း အကြီးဆုံးခင်လေးနဉ်ကို ပြောပြလိုက်သည်။ "အစ်ကိုကြီးနဉ်... ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲ"
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို ပြုံးကြည့်ပြီး ပြောလိုက်သည်။ "စုန့်ရွှီက အရင်တုန်းက အနက်ရောင်နှင်းခဲ မြင်းတပ်ထဲက မဟုတ်တော့ စစ်ဥပဒေနဲ့ အရေးယူလို့မရဘူး။ ဒါပေမဲ့ အရှင်မင်းကြီး စဉ်းစားကြည့်... သူက အနက်ရောင်နှင်းခဲ မြင်းတပ်ကိုယ်စား သတင်းလာပို့တာလေ။ ဒါကြောင့် သူလိမ်ပြောခဲ့တဲ့အချိန်မှာ သူက စစ်သည်တစ်ယောက်အနေနဲ့ ရှိနေခဲ့တာပဲ"
"ဆိုတော့..."
"စစ်ဥပဒေဆိုတာ ရှိပြီးသားပဲ။ ဥပဒေအတိုင်း စီရင်ရုံပါပဲ" အကြီးဆုံးခင်လေးနဉ် တိုးတိုးလေး ပြောလိုက်သည်။ "စစ်ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ။ စုန့်ရွှီရဲ့ သားမယားတွေအတွက်ဆိုရင်တော့ ကျွန်တော်မျိုးအနေနဲ့ဆိုရင် စိတ်မကောင်းဘူးလို့ပဲ ပြောနိုင်မယ်။ လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖြစ်လာတာမှ မဟုတ်တာ။ သစ္စာဖောက်တာက ယောက်ျားကောင်းတစ်ယောက် လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ စုန့်ရွှီကို ခွင့်လွှတ်ပေးဖို့ မထိုက်တန်ပါဘူး"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ ကြည့်ရတာ ဒီကိစ္စကို သူမ ဝင်ပါလို့မရတော့ဘူး ထင်တယ်။
"ဒါက အနက်ရောင်နှင်းခဲမြင်းတပ်ရဲ့ အတွင်းရေးကိစ္စပါ။ စုန့်မိသားစုရဲ့ အိမ်တွင်းရေးကိစ္စတောင် မဟုတ်ပါဘူး" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "အရှင်မင်းကြီး ဝင်မပါတာ အကောင်းဆုံးပါပဲ"
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်မျိုးတို့ ညီအစ်ကို မြို့တော်က ထွက်ခွာသွားရင် အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ" အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "တစ်ခုခုဆိုရင် ကျွန်တော်မျိုးတို့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်ကို သတင်းပို့ဖို့ မမေ့ပါနဲ့"
"အင်း... စိတ်ချပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါပေမဲ့ ဖုန်းကျိုးက မြို့တော်နဲ့ အရမ်းဝေးတယ်နော်"
အကြီးဆုံးခင်လေးနဉ် သက်ပြင်းချလိုက်မိသည်။ ဝေးတာပေါ့။ ဖုန်းကျိုးနဲ့ မြို့တော်က တော်တော်ဝေးတယ်။ ညီမလေးကိစ္စကို သူတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ အိမ်ပြန်ပြီး မိဘတွေနဲ့ တိုင်ပင်ရဦးမယ်။ အိမ်က ဆုံးဖြတ်ချက်မချရသေးခင် ညီမလေးကို အမှန်အတိုင်း ပြောပြလို့ မဖြစ်သေးဘူး။ စိတ်တွေရှုပ်ပြီး အမှားတွေ လုပ်မိကုန်မှာစိုးလို့။ ပြီးတော့ ဒီတစ်ခေါက် သူခေါ်လာတာက အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့ အနည်းငယ်ပဲပါတယ်။ ညီမလေးကို ကူညီချင်ရင်တောင် အင်အားမလုံလောက်ဘူး။
"အစ်ကိုကြီးနဉ်နဲ့ ရှောင်လော့လော့ ဘယ်တော့ပြန်မှာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဒီနေ့ပဲ ပြန်ဖို့ စီစဉ်ထားပါတယ်" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "အရှင်မင်းကြီး ခိုင်းစရာရှိသေးလား"
"မရှိပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကျွန်တော် ငွေတွေ ခွဲပြီးပြီ။ အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့အတွက် ဝေစုကို အစ်ကိုကြီးနဉ် ယူသွားလိုက်တော့"
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြုံးလိုက်သည်။ "အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
"ရပါတယ်" ပိုက်ဆံအကြောင်း ပြောရလျှင် နဉ်ရှောင်ယောင်း မျက်နှာ ဝင်းပလာတတ်သည်။ "စစ်မှုထမ်းရတာ မလွယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ အခု ကျွန်တော့်မှာ ပိုက်ဆံရှိနေပြီပဲ။ အစ်ကိုကြီးနဉ် သူတို့ကို လယ်ဝယ်ခိုင်းလိုက်... အဲ... သူတို့ ကြိုက်တာဝယ်ပေါ့။ ကျွန်တော် စစ်သည်အစ်ကိုကြီးတွေကို လစာတိုးပေးဦးမှာ။ အားလုံး အဆင်ပြေသွားမှာပါ"
"ကောင်းပါပြီ" အကြီးဆုံးခင်လေးနဉ်၏ အပြုံးသည် အလွန်နူးညံ့သိမ်မွေ့နေသည်။ ဘေးနားတွင် မည်သူမျှ မရှိသဖြင့် အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီး... နောက်ဆို ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"အမတ်ချုပ်ကြီးရှဲ့နဲ့ ဆက်ပြီး အသေအကြေတိုက်မယ်" နဉ်ရှောင်ယောင်း ချက်ချင်း ပြန်ဖြေလိုက်သည်။
အကြီးဆုံးခင်လေးနဉ် ပြုံးလိုက်သည်။ "ရှဲ့ဝမ်ယွမ်ကလွဲရင်ရော"
"အဲ... မြောက်ပိုင်းသားတွေနဲ့ အသေအကြေတိုက်မယ်" စစ်သူကြီးရဲ့အစ်ကိုကြီးက မြောက်ပိုင်းခေါင်းဆောင် မိုဒူးလက်ထဲမှာ ရှိနေသေးတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မိုဒူးနဲ့ တစ်ပွဲလောက်တော့ တိုက်ရဦးမှာပဲ။
"မြောက်ပိုင်းသားတွေကလွဲရင်ရော" အကြီးဆုံးခင်လေးနဉ် ထပ်မေးပြန်သည်။
"အင်း... ရှန့်နုံနဲ့ အသေအကြေ တိုက်မယ်" နဉ်ရှောင်ယောင်း လေးနက်စွာ ပြောလိုက်သည်။ သူပုန်ကိစ္စလည်း ဖြေရှင်းရဦးမယ်လေ။ မဟုတ်ရင် ကိုယ်က အေးအေးဆေးဆေးနေချင်ပေမယ့် ဟိုဘက်က ပုန်ကန်နေရင် ဖြစ်မှမဖြစ်တာ။
အကြီးဆုံးခင်လေးနဉ်၏အပြုံးသည် မှေးမှိန်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီး... ကိုယ့်ကိုယ်ကိုယ်အတွက်ရော စဉ်းစားဖို့ အစီအစဉ် မရှိဘူးလား"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၂ ။ အစ်ကိုကြီးနဉ်က ပြောတယ်၊ အကူအညီတောင်းပါတယ်ကွာ
"ရှိတာပေါ့"
နဉ်ရှောင်ယောင်းသည် မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။
"အဲ့ဒီလူသုံးယောက်လုံးနဲ့ အသေအကြေတိုက်ပြီးရင် ကျွန်တော် တစ်ကမ္ဘာလုံးကို ပတ်ပြီး ခရီးထွက်မယ်"
သူမအနေဖြင့် ဖုတ်ကောင်များမရှိသော ကမ္ဘာသို့ ခက်ခက်ခဲခဲ ကူးပြောင်းလာရခြင်း ဖြစ်သည်။ နေရာအနှံ့ လျှောက်သွားပြီး ကြည့်ရှုရပေမည်။ မဟုတ်ပါက ကမ္ဘာပျက်ကပ်မှသေပြီး ဒီရောက်လာတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
အကြီးဆုံးခင်လေးနဉ်က မေးလိုက်သည်။ "ဒါဆို ဒီတိုင်းပြည်ကို ဘယ်လိုလုပ်မလဲ"
နဉ်ရှောင်ယောင်း၏ အမူအရာသည် အိမ်မက်မက်နေသူတစ်ယောက်ကဲ့သို့ ဖြစ်နေဆဲပင်။
"ဖြစ်ချင်ရာဖြစ်ပစေတော့... ငါက တစ်သက်လုံး ဒီတိုင်းပြည်ကို စောင့်ရှောက်နိုင်မှာမို့လို့လား"
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို သေချာအကဲခတ်ကြည့်လိုက်သည်။ ဒါက ညီမလေးရဲ့ ရင်ထဲကစကား ဟုတ်မဟုတ် သူ သိချင်နေသည်။ သို့သော် နဉ်ရှောင်ယောင်း၏ အိမ်မက်မက်နေသလို ပြုံးနေသော မျက်နှာပေးကို မြင်လိုက်ရသောအခါ သူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ငါ့ညီမလေး အိပ်ရာမနိုးသေးတာများလား။
"တာဝန်က ကြီးလေးပေမယ့် ရှေ့မှာ မျှော်လင့်ချက် ရှိပါသေးတယ်" နဉ်ရှောင်ယောင်းသည် မျက်နှာကို ပွတ်သပ်လိုက်ရာ ပုံမှန်မျက်နှာထား ပြန်ဖြစ်သွားပြီး အကြီးဆုံးခင်လေးနဉ်ကို ပြောလိုက်သည်။ "အစ်ကိုကြီးနဉ်... ကျွန်တော်တို့က ဘဝကို ယုံကြည်မှုရှိရှိ ဖြတ်သန်းရမယ်"
ဒါက ယုံကြည်မှုရှိမရှိ ပြဿနာမှ မဟုတ်တာ။ အကြီးဆုံးခင်လေးနဉ်သည် ပြောစရာစကား ပျောက်ရှသွားသဖြင့် အချိန်အတော်ကြာ နှုတ်ဆိတ်နေမိသည်။ စကားပြန်ပြောချင်သော်လည်း ပြောမထွက်သော ဒုက္ခကို ယွဲ့ပြည်နယ်မြို့စားအိမ်တော်၏ ဆက်ခံသူ သခင်လေးလည်း ကိုယ်တိုင် ကြုံတွေ့လိုက်ရပြီဖြစ်သည်။
"အစ်ကိုကြီးနဉ်... သာ့ဖုန်းတို့ကို ကူခိုင်းပြီး ငွေတွေကို လှည်းပေါ်တင်ပေးလိုက်ရမလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုး ထိုက်ဟွာနန်းဆောင်ကိုပဲ မြင်ဖူးသေးတာ။ နန်းတော်ထဲ လှည့်ပတ်ကြည့်လို့ ရမလား"
"ရှုခင်းကြည့်မလို့လား" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ရတာပေါ့... ကောင်းတယ်... အစ်ကိုကြီးနဉ် သွားကြည့်လေ။ နေပါဦး... အစ်ကိုကြီးနဉ်မှာ မိန်းမရှိပြီလား"
"ရှိပါပြီ" အကြီးဆုံးခင်လေးနဉ် ပြန်ဖြေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ကျွန်တော်မျိုး အိမ်ထောင်ကျပြီးပါပြီ"
"ဪ... ဒါဆိုလည်း ပြီးရော။ ကျွန်တော်က ဒီနန်းတော်ထဲမှာ လှပတဲ့ နန်းတွင်းသူလေးတွေ အများကြီးရှိတယ်လို့ ပြောမလို့ဟာကို" နဉ်ရှောင်ယောင်းသည် နန်းတွင်းသူလေးများအတွက် နှမြောတသ ဖြစ်သွားရှာသည်။ ဒီလောက် အရည်အချင်းရှိတဲ့ အမျိုးသားကောင်းတစ်ယောက်က ပိုင်ရှင်ရှိသွားပြီကိုး။
ဒီစကားကို အကြီးဆုံးခင်လေးနဉ် နားမလည်ဘဲ မနေပေ။ သည်းမခံနိုင်တော့ဘဲ အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်း၏ခေါင်းကို နှစ်ချက်ခန့် ခေါက်လိုက်မိသည်။ ဒီခေါင်းလုံးလုံးလေးထဲမှာ ဘာတွေများ ထည့်ထားတာလဲ။
နဉ်ရှောင်ယောင်းသည် ခေါင်းကိုအုပ်လျက် ယင်းဖုန်းအပါအဝင် လူတစ်စုကို ဦးဆောင်ပြီး အကြီးဆုံးခင်လေးနဉ်အတွက် ပိုက်ဆံသွားယူပေးလေသည်။
....
လွန်ခဲ့သော ရက်အနည်းငယ်က ထိုက်ဟွာနန်းဆောင်တွင် ရှိနေစဉ် အကြီးဆုံးခင်လေးနဉ်သည် မယ်တော်ကြီးနန်းဆောင်၏ တည်နေရာကို စုံစမ်းမေးမြန်းထားဖူးသည်။ ယခု ထိုက်ဟွာနန်းဆောင်မှ ထွက်လာသည်နှင့် အကြီးဆုံးခင်လေးနဉ်သည် မယ်တော်ကြီးနန်းဆောင်ဘက်သို့ ဦးတည်သွားလေသည်။
မယ်တော်ကြီးနန်းဆောင်၏ ရှေ့တံခါး၊ နောက်တံခါးနှင့် ဘေးတံခါးများတွင် နဂါးအစောင့်တပ်သားများ စောင့်ကြပ်နေကြသည်။ အကြီးဆုံးခင်လေးနဉ်သည် နံရံတစ်ခုကိုရှာဖွေပြီး မယ်တော်ကြီးနန်းဆောင်ထဲသို့ တိုက်ရိုက်ကျော်ဝင်လိုက်သည်။
နွေရာသီဖြစ်သော်လည်း မယ်တော်ကြီးနန်းဆောင်တွင် ပိုးကောင်အော်သံ၊ ငှက်အော်သံများ မကြားရပေ။ သစ်ပင်ပန်းမန်များသည်လည်း လေမတိုက်သဖြင့် ငြိမ်သက်နေသည်။ ကြီးမားကျယ်ဝန်းသော နန်းဆောင်ကြီးသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။
အကြီးဆုံးခင်လေးနဉ်သည် နန်းဆောင်ထဲတွင် သိပ်မဝေးသော ခရီးတစ်ခုအထိ လျှောက်လာပြီးနောက် ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။ အသံလာရာသို့ လိုက်သွားသောအခါ ပန်းခင်းဘေးတွင် ထိုင်နေသော မယ်တော်ကြီးရှဲ့နှင့် သူမ၏ရင်ခွင်ထဲမှ မင်းသားချန် နဉ်ရှင်းကို တွေ့လိုက်ရသည်။
မယ်တော်ကြီးရှဲ့၏ ပုံပန်းသွင်ပြင်သည် အလွန်ပင် စုတ်ပြတ်သတ်နေသည်။ ဆံပင်များ ဖရိုဖရဲဖြစ်ကာ အဝတ်အစားများတွင် ရွှံ့များပေကျံနေပြီး ခြေတစ်ဖက်တွင် ဖိနပ်ပင် မပါရှိပေ။ နဉ်ရှင်းသည် မယ်တော်ကြီးရှဲ့၏ ရင်ခွင်ထဲတွင် ငိုနေသလို မယ်တော်ကြီးရှဲ့ကိုယ်တိုင်လည်း ငိုကြွေးနေသည်။ ကြည့်ရသည်မှာ ငိုနေသည်မှာ ကြာပြီဖြစ်၍ သူမ၏ကိုယ်ပေါ်တွင် သစ်ရွက်ခြောက်အချို့ပင် ကျရောက်နေ၏။
အကြီးဆုံးခင်လေးနဉ်သည် မယ်တော်ကြီးရှဲ့နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။ အကြီးဆုံးခင်လေးနဉ်၏အမြင်အရ ရှဲ့ဝမ်ယွမ်၏စကားကို မည်သူမျှ ယုံကြည်တော့မည် မဟုတ်ပေ။ ယခုအချိန်တွင် သူ့ညီမလေးအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ မယ်တော်ကြီးရှဲ့သာ ကျန်တော့သည်။ မယ်တော်ကြီးရှဲ့နှင့် မင်းသားချန် နဉ်ရှင်းကိုသာ ရှင်းပစ်လိုက်နိုင်လျှင် ညီမလေး ကိုယ့်အထောက်အထားကို ကိုယ်မဖော်ထုတ်သရွေ့ ထီးနန်းပေါ်တွင် လုံခြုံစွာ ရှိနေနိုင်မည်ဖြစ်သည်။ စစ်ပွဲပြီးခါစအချိန်ဖြစ်၍ နန်းတော်ထဲတွင် ရှဲ့မိသားစုအကြွင်းအကျန်များ ပုန်းအောင်းနေသည်ဟု အကြောင်းပြချက်ကောင်း ပေးလို့ရသည်။ ထွက်မသွားခင် အကြီးဆုံးခင်လေးနဉ်သည် ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
"ရှင်းအာ မငိုနဲ့တော့နော်" မယ်တော်ကြီးရှဲ့သည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး အသံဝင်ဝင်ဖြင့် နဉ်ရှင်းကို ချော့မြှူလိုက်သည်။
နဉ်ရှင်းမှာ ဗိုက်ဆာ၍လား၊ ရေငတ်၍လား မသိ၊ မယ်တော်ကြီးရှဲ့ လှုပ်ယမ်းချော့မြှူနေသော်လည်း အငိုမတိတ်ပေ။
အကြီးဆုံးခင်လေးနဉ် လက်သီးဆုပ်လိုက်သည်။ နဉ်ရှင်းက ငယ်သေးပြီး အမှားမလုပ်ဖူးသော်လည်း ဒီမင်းသားငယ်လေးရှိနေသရွေ့ ရှဲ့ဝမ်ယွမ်အတွက် ရှင်သန်ခွင့်လမ်းစရှိနေဦးမည် ဖြစ်သည်။ ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးအိုကြီးအတွက် ဘာလို့ ရှင်သန်ခွင့်လမ်းစ ချန်ထားပေးရမှာလဲ။
အကြီးဆုံးခင်လေးနဉ် ရှေ့တိုးသွားလိုက်သည်။ မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်ကို သတ်ရသည်မှာ သူ့အတွက် အားကုန်စရာ မလိုပေ။
ထိုစဉ် လက်တစ်ဖက်သည် အကြီးဆုံးခင်လေးနဉ်၏အနောက်မှ ထွက်ပေါ်လာပြီး ပခုံးကို "ဖြောင်း" ခနဲ ပုတ်လိုက်သည်။
အကြီးဆုံးခင်လေးနဉ်သည် လူတစ်ယောက် သူ့အနောက်သို့ ရောက်လာသည်ကို လုံးဝ သတိမထားမိလိုက်ပေ။ ပခုံးပုတ်ခံလိုက်ရသဖြင့် လန့်သွားပြီး လက်စွပ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လုနီးပါး ဖြစ်သွားသည်။
နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးနဉ်... ဒီကို ဘယ်လိုရောက်လာတာလဲ"
အကြီးဆုံးခင်လေးနဉ်: "..."
နဉ်ရှောင်ယောင်းသည် အကြီးဆုံးခင်လေးနဉ်၏ ပခုံးကျော်၍ ကြည့်လိုက်ရာ နဉ်ရှင်းကိုပွေ့လျက် မတ်တတ်ထရပ်လိုက်သော မယ်တော်ကြီးရှဲ့ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။
"မယ်တော်ကြီးကို ပြောစရာကိစ္စရှိလို့လား"
"ဒါ ဘယ်သူလဲ" မယ်တော်ကြီးရှဲ့သည် ပန်းခင်းရှေ့မှနေ၍ နဉ်ရှောင်ယောင်းကို စူးရှစွာ မေးလိုက်သည်။
"ပြန်တွေ့ကြပြန်ပြီနော်" နဉ်ရှောင်ယောင်း မယ်တော်ကြီးရှဲ့ကို လက်ပြနှုတ်ဆက်လိုက်သည်။
မယ်တော်ကြီးရှဲ့သည် အကြီးဆုံးခင်လေးနဉ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်သည်။ ဒီလူပုံစံက လူသတ်သမားနဲ့ မတူဘူး။ ဒါပေမဲ့ ဒီယောက်ျားက ဘာကိစ္စ မယ်တော်ကြီးနန်းဆောင်ထဲ ရောက်နေတာလဲ။
အကြီးဆုံးခင်လေးနဉ် လက်သီးဆုပ်ထားမှုကို လျှော့လိုက်ပြီး မယ်တော်ကြီးရှဲ့ဘက်သို့လှည့်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
"ကျွန်တော်မျိုး နဉ်ရှောင်မုပါ"
ဖုန်းကျိုးမှ ယွဲ့ပြည်နယ်မြို့စားအိမ်တော်၏ ဂုဏ်သတင်းမှာ ကြီးမားသော်လည်း မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်မု ဘယ်သူမှန်း မသိပေ။ သို့သော် တော်ဝင်မျိုးနွယ်များ သူမကို တွေ့လျှင် မိမိကိုယ်ကို 'ကျွန်တော်မျိုး' ဟု သုံးစရာမလိုပေ။ တော်ဝင်မျိုးနွယ်များမှလွဲ၍ နန်းတော်ထဲတွင် နဉ်မျိုးရိုးဖြင့် ဘယ်နှစ်အိမ်ရှိလို့လဲ။
"မင်း..." မယ်တော်ကြီးရှဲ့သည် အကြီးဆုံးခင်လေးနဉ်ကို အကဲခတ်လိုက်ပြီး မေးသည်။ "မင်းက ဖုန်းကျိုး ယွဲ့ပြည်နယ်မြို့စားအိမ်တော်ကလူလား"
"သူ ဘယ်သူလဲဆိုတာ ဂရုစိုက်မနေပါနဲ့" နဉ်ရှောင်ယောင်းသည် အကြီးဆုံးခင်လေးနဉ်၏ ရှေ့သို့ ဝင်ရပ်လိုက်ပြီး မယ်တော်ကြီးရှဲ့ကို ပြောလိုက်သည်။ "ခင်ဗျားသား ငိုနေပြီ။ နန်းဆောင်ထဲမှာပဲ ဆက်နေချင်သေးလား"
မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်လာကာ ပြောလိုက်သည်။ "မင်းညီလေးကို သနားရကောင်းမှန်း သိသေးတယ်လား"
"ခင်ဗျားတောင် ကိုယ့်သားရင်းကို မသနားတာ... ကျွန်တော်က ဘာကိစ္စ သနားရမှာလဲ" နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။ "ရေကန်ထဲကရေက သောက်လို့ရပေမယ့် ခင်ဗျား ဗိုက်မဆာဘူးလား"
မယ်တော်ကြီးရှဲ့ အေးစက်စွာ ပြုံးလိုက်သည်။ "အရှင်မင်းကြီးက ဒီကို ဘာလာလုပ်တာလဲ။ ငါ့ရဲ့ သနားစရာကောင်းတဲ့ပုံစံကို လာကြည့်တာလား"
"အဲ့ဒါကိုတော့ စိတ်မဝင်စားဘူး။ ကျေးဇူးပဲ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကျွန်တော့်အစ်ကိုကြီးနဉ် လမ်းမှားသွားလို့ ကျွန်တော်လာရှာတာ။ မဟုတ်ရင် ကျွန်တော်က ဒီကို လာချင်တယ်များ ထင်နေလား"
အကြီးဆုံးခင်လေးနဉ်: "..." သူ လမ်းမှားတာ မဟုတ်ပါဘူး။
မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း ပြောလိုက်သော 'အစ်ကိုကြီးနဉ်' ဆိုသည့် စကားကို ကြားသောအခါ အကြီးဆုံးခင်လေးနဉ်ကို ကြည့်လိုက်သည်။ ဒီလိုဆိုရင် ဖုန်းကျိုး ယွဲ့ပြည်နယ်မြို့စားအိမ်တော်ကလည်း နဉ်ယွီဘက်ကို ပါသွားပြီပေါ့။ ဒီကောင်မလေး တော်တော်စွမ်းတာပဲ။
မယ်တော်ကြီးရှဲ့နှင့် ပြောစရာစကားမရှိသဖြင့် နဉ်ရှောင်ယောင်းသည် အကြီးဆုံးခင်လေးနဉ်ဘက်လှည့်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးနဉ်... သွားကြစို့။ ဒီမှာက မိန်းကလေးလှလှလေးတွေ မရှိဘူး။ ကြည့်စရာ ဘာမှမရှိဘူး"
အကြီးဆုံးခင်လေးနဉ် ဘာမှမတုံ့ပြန်ရသေးခင် မယ်တော်ကြီးရှဲ့က အရင်အော်ပြောလိုက်သည်။ "နဉ်ယွီ! မင်း ငါ့ကို စော်ကားလွန်းအားကြီးတယ်"
"အသက်ရှင်ချင်သလား၊ ငတ်သေချင်သလားဆိုတာ ကိုယ့်ဘာသာ စဉ်းစားလိုက်" နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့ကို မျက်စောင်းထိုးလိုက်ပြီး အကြီးဆုံးခင်လေးနဉ်ကို ဆွဲခေါ်သွားလေသည်။
မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းက အကြီးဆုံးခင်လေးနဉ်လက်ကို ဆွဲခေါ်သွားသည်ကို ကြည့်ပြီး တစ်ခုခုပြောချင်သော်လည်း ရင်ခွင်ထဲမှ သားဖြစ်သူကို ငုံ့ကြည့်ကာ ပါးစပ်ပိတ်ထားလိုက်သည်။ အသက်ရှင်ချင်ရင် တချို့စကားတွေကို သူမ မပြောသင့်ပေ။
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက် ပါသွားသော်လည်း နောက်လှည့်ကြည့်လိုက်မိသည်။ မယ်တော်ကြီးရှဲ့သည် စကားပြောချင်သော်လည်း မျိုသိပ်ထားရသည်ကို တစ်ချက်ကြည့်ရုံဖြင့် သူ သိလိုက်သည်။ ဒီအမျိုးသမီး... လူသတ်ချင်စိတ်များ အကြီးဆုံးခင်လေးနဉ်၏ စိတ်ထဲတွင် ဖြတ်ခနဲ ပေါ်လာ၏။ ဒီအမျိုးသမီး မသေသရွေ့ သူ့ညီမလေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဦးမည်။
"အရှင်မင်းကြီး" အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်းကို ခေါ်လိုက်သည်။
"အရှင်မင်းကြီး... ငါ ပြောစရာရှိတယ်" မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း ထွက်သွားသည်ကိုမြင်မှ အသိပြန်ဝင်လာသကဲ့သို့ အနောက်မှ လှမ်းအော်လိုက်သည်။
မယ်တော်ကြီးရှဲ့ အော်သံကြားသည်နှင့် နဉ်ရှောင်ယောင်း ခြေကုန်သုတ် ပြေးတော့သည်။ ဒီမယ်တော်ကြီးနဲ့ စကားပြောရတာ အရမ်းကို စိတ်ပင်ပန်းလွန်းတယ်။
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက်သို့ လိုက်ပါရင်း မယ်တော်ကြီးနန်းဆောင်၏ တံတိုင်းအပြင်ဘက်သို့ ပျံသန်းလာသကဲ့သို့ ရောက်ရှိလာသည်။
"ဘုရားရေ" နဉ်ရှောင်ယောင်း တံတိုင်းအပြင်ဘက်ရောက်မှ နဖူးမှချွေးကို သုတ်လိုက်ပြီး ပြောသည်။ "အစ်ကိုကြီးနဉ်... ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"
အကြီးဆုံးခင်လေးနဉ် ခဏစဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုး လမ်းမှားသွားလို့ပါ"
"ဪ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမ သိပ်သံသယမဝင်ပေ။ အသက်အရွယ်ကွာခြားချက်အရ အစ်ကိုကြီးနဉ်နဲ့ မယ်တော်ကြီးရှဲ့ကြားမှာ မပြောကောင်းတဲ့ ဇာတ်လမ်းရှိစရာ အကြောင်းမှမရှိတာ။
အကြီးဆုံးခင်လေးနဉ်သည် မယ်တော်ကြီးနန်းဆောင်၏တံတိုင်းကို ပြန်လှည့်ကြည့်လိုက်သည်။ သူ ဒီတိုင်း ထွက်သွားရတော့မှာလား။ မယ်တော်ကြီးရှဲ့နဲ့ မင်းသားချန် နဉ်ရှင်းဆိုတဲ့ ဘေးအန္တရာယ်တွေကို ချန်ထားရစ်ခဲ့ရတော့မှာလား။
"သွားကြစို့ အစ်ကိုကြီးနဉ်" နဉ်ရှောင်ယောင်းသည် အကြီးဆုံးခင်လေးနဉ်၏အတွေးကို မသိဘဲ လက်ကိုဆွဲကာ ခေါ်လိုက်သည်။ "ဒီနေရာက ကောင်းတဲ့နေရာ မဟုတ်ဘူး"
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်း လက်ထဲမှ ရုန်းမထွက်နိုင်သဖြင့် မေးလိုက်သည်။
"မယ်တော်ကြီးက နန်းဆောင်ထဲကနေ မထွက်ဘဲနေရင် အရှင်မင်းကြီး ဘယ်လိုလုပ်မလဲ"
"အဲ့လို မဖြစ်နိုင်ပါဘူး" နဉ်ရှောင်ယောင်း အသေအချာ ပြောလိုက်သည်။ "သူက တစ်သက်လုံး ဗိုက်အဆာမခံဖူးတဲ့သူလေ။ ဗိုက်ဆာလာရင် လိမ်သွားမှာပါ။ ပြီးတော့ သူက နဉ်ရှင်းအတွက်လည်း ကြည့်ရဦးမယ်လေ"
"အရှင်မင်းကြီး" အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကိုကြည့်ပြီး စကားပြောချင်သော်လည်း မပြောဖြစ်ပေ။ မယ်တော်ကြီးနဲ့ မင်းသားချန်ကို အရှင်ထားလို့မဖြစ်ဘူးဆိုတဲ့စကားကို နဉ်ရှောင်ယောင်း၏ မျက်လုံးဝိုင်းဝိုင်းလေးများကိုကြည့်ပြီး သူ ဘယ်လိုမှ ပြောမထွက်ပေ။
"ဟင်... အစ်ကိုကြီးနဉ် ဘာပြောမလို့လဲ"
"အရှင်မင်းကြီး... မယ်တော်ကြီးကို သတိထားပါ" နောက်ဆုံးတွင် အကြီးဆုံးခင်လေးနဉ်၏ နှုတ်မှ အဓိပ္ပာယ်မရှိသော စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။
"ဟားဟားဟား" နဉ်ရှောင်ယောင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "ရှဲ့မိသားစုတောင် ပြိုလဲသွားပြီပဲ။ မယ်တော်ကြီးက ဘာလုပ်နိုင်ဦးမှာလဲ"
"ပိုးနသန်ကောင်က အသေခက်တယ်" အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး သတိထားပါ"
"အင်း... သတိထားပါ့မယ်" နဉ်ရှောင်ယောင်း၏အဖြေသည် ဟန်ဆောင်ပြောလိုက်မှန်း သိသာလှသည်။
.....
နန်းတော်တံခါးအပြင်ဘက်တွင် အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့အား ပေးအပ်မည့် ငွေကြေးများကို လှည်းကိုးစီးဖြင့် အပြည့်တင်ထားပြီး ဖြစ်သည်။ အကျဉ်းသားချေမှုန်းရေးစစ်သည်များ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေသည်။ ပိုက်ဆံရလို့ ပျော်ကြသည်ထက် သူတို့သည် ကောင်းမွန်သော ဧကရာဇ်တစ်ပါးနှင့် ကြုံတွေ့ရပြီဟု ခံစားရသောကြောင့် ပိုပျော်ရွှင်နေကြခြင်း ဖြစ်သည်။ နဉ်ရှောင်ယောင်းကဲ့သို့ ဧကရာဇ်ရှိနေသရွေ့ တိုင်းပြည်ကြီး တိုးတက်လာပြီး သူတို့လည်း အေးချမ်းသောဘဝကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ အရာရှိကြီးများသာ မင်းကောင်းမင်းမြတ်ကို မျှော်လင့်ကြသည်မဟုတ်၊ သာမန်ပြည်သူများနှင့် စစ်သည်ငယ်များလည်း သူတို့ကို အေးချမ်းစွာ နေထိုင်ခွင့်ပေးမည့် မင်းကောင်းမင်းမြတ်ကို မျှော်လင့်တောင့်တကြသည်သာ။
အကြီးဆုံးခင်လေးနဉ် ထွက်ခွာတော့မည်ကို သိသဖြင့် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းထက် စောစွာ နန်းတော်တံခါးဝသို့ ရောက်နှင့်နေ၏။
အကြီးဆုံးခင်လေးနဉ်သည် လှည်းတန်းကြီးရှေ့တွင် အကျဉ်းသားချေမှုန်းရေးစစ်သည်များနှင့် စကားပြောနေသော နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်လိုက်ပြီး လိုကျစ်ကွေ့အနားသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"ချန်ယင်း... ခဏလောက် စကားပြောရအောင်"
လိုကျစ်ကွေ့သည် အကြီးဆုံးခင်လေးနဉ်နှင့်အတူ လူရှင်းသောနေရာသို့ လျှောက်သွားပြီး မေးလိုက်သည်။
"ဘာလို့ ဒီလောက် အလျင်စလို ပြန်ချင်ရတာလဲ"
"ငါ ခေါ်လာတဲ့လူအင်အားက နည်းတော့ ဒီမှာနေခဲ့လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "ချန်ယင်း... မယ်တော်ကြီးနဲ့ မင်းသားချန်က အရှင်မင်းကြီးအတွက် အမြဲတမ်း ခြိမ်းခြောက်မှုဖြစ်နေမှာ။ ဒါကို မင်း သိမှာပါ"
နဉ်ရှောင်မုက ဒီကိစ္စကို ထုတ်ပြောလာလိမ့်မည်ဟု လိုကျစ်ကွေ့ ထင်မထားခဲ့ပေ။ မျက်မှောင်အနည်းငယ်ကြုတ်ပြီး လိုကျစ်ကွေ့ တိုးတိုးလေး မေးလိုက်သည်။ "မင်း ဆိုလိုတာက..."
"ငါ ဘာပြောချင်လဲဆိုတာ မင်း သိပါတယ်" အကြီးဆုံးခင်လေးနဉ် လိုကျစ်ကွေ့ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒီကိစ္စက မလုပ်သင့်..."
"အရှင်မင်းကြီးကို ဘေးကင်းစေချင်ရင်" လိုကျစ်ကွေ့ စကားမဆုံးခင် အကြီးဆုံးခင်လေးနဉ် ဖြတ်ပြောလိုက်သည်။ "တချို့ကိစ္စတွေကို အချိန်ဆွဲထားလို့ မရဘူး။ ချန်ယင်း... မင်းက အခု အရှင်မင်းကြီး အားအကိုးရဆုံးလူပဲ။ မင်း အရှင်မင်းကြီးအတွက် ထည့်မစဉ်းစားပေးဘူးလား"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ရယ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်းသည် အကျဉ်းသားချေမှုန်းရေးစစ်သည်များကြားတွင် ရပ်လျက် ပါးစပ်အဟောင်းသားဖြင့် ရယ်မောနေသည်။ ဘာတွေပြောနေကြမှန်း မသိရသော်လည်း အားလုံး ပျော်ရွှင်နေကြသည်မှာတော့ အသေအချာပင်။
"အကူအညီတောင်းပါတယ်ကွာ" အကြီးဆုံးခင်လေးနဉ် လိုကျစ်ကွေ့ကို ပြောလိုက်သည်။
လိုကျစ်ကွေ့ အံ့ဩတကြီးဖြင့် အကြီးဆုံးခင်လေးနဉ်ကို လှည့်ကြည့်လိုက်သည်။ ဒီအကူအညီတောင်းဆိုမှုက ဘယ်ကနေ ရောက်လာတာလဲ။ မိန်းကလေးနဉ်က ဒီယွဲ့ပြည်နယ်မြို့စားအိမ်တော် သခင်လေးနဲ့ ဘာများ ပတ်သက်နေလို့လဲ။
***