အခန်း (၃၂၃-၃၂၄)
Vol. 21 Ch. 323-324
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၃ ။ ဒီကမ္ဘာကို နားမလည်သေးသော အရှင်မင်းကြီး
"ကျွန်တော် အရှင်မင်းကြီးကို ကောင်းကောင်းကာကွယ်ပေးပါ့မယ်" လိုကျစ်ကွေ့သည် စိတ်ထဲရှိ သံသယကို ထုတ်မပြောဘဲ အကြီးဆုံးခင်လေးနဉ်ကို ကတိပေးလိုက်သည်။ "ဒီအချက်ကိုတော့ မော့ယွမ် စိတ်ချလို့ရပါတယ်"
ဒီကတိရလိုက်ပြီမို့ အကြီးဆုံးခင်လေးနဉ် ထပ်မပြောတော့ပေ။ သူတို့အားလုံးက လူညံ့တွေမှမဟုတ်တာ။ စကားကို ရှင်းပြနေစရာ မလိုပေ။ လိုကျစ်ကွေ့က လူကောင်းတစ်ယောက်မှမဟုတ်တာ။ သူ့အတွက် လူသတ်ရတာ ဘယ်လောက်ခက်ခဲမှာမို့လို့လဲ။
နဉ်ရှောင်ယောင်းသည် အကျဉ်းသားချေမှုန်းရေးစစ်သည်များနှင့် ပေါက်ကရတွေလျှောက်ပြောနေရင်း တစ်ဖက်မှ လိုကျစ်ကွေ့နှင့် အကြီးဆုံးခင်လေးနဉ်တို့ ပြောဆိုနေသည်ကို နားစွင့်နေလိုက်သည်။ အကြီးဆုံးခင်လေးနဉ်က မယ်တော်ကြီးရှဲ့နဲ့ နဉ်ရှင်းကို ခြိမ်းခြောက်မှုတွေလို့ပဲပြောပြီး သတ်ပစ်မယ်လို့ တိတိကျကျ မပြောခဲ့ပေ။ ဒါကြောင့် နဉ်ရှောင်ယောင်း စိတ်ထိခိုက်သွားရသည်။ ဒီအစ်ကိုကြီးက သူမကို တကယ် ဂရုစိုက်ရှာပါလား။ တကယ့် အစ်ကိုကောင်းပါပဲ။
ထို့ကြောင့် အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်းအနား ပြန်ရောက်လာသောအခါ နဉ်ရှောင်ယောင်းက ပြုံးပြလိုက်သည်။
"အရှင်မင်းကြီး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ" မထွက်ခွာခင် အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်းကို ထပ်မံမှာကြားလိုက်သည်။
"အင်း" နဉ်ရှောင်ယောင်း ပြန်ပြောသည်။ "ဂရုစိုက်ပါ့မယ်"
"ကျွန်တော်မျိုး မကြာခင် မြို့တော်ကို ပြန်လာဖြစ်လောက်တယ်" အကြီးဆုံးခင်လေးနဉ် ပြောလိုက်သည်။ "အရှင်မင်းကြီး... တစ်ခုခုဆိုရင် ဖုန်းကျိုးကို စာပို့ဖို့ မမေ့ပါနဲ့"
"ကောင်းပါပြီ" နဉ်ရှောင်ယောင်း ချက်ချင်း သဘောတူလိုက်သည်။ အကြီးဆုံးခင်လေးနဉ် မြင်းပေါ်တက်သွားသည်ကို ကြည့်ပြီး နဉ်ရှောင်ယောင်း တစ်ခုခုသတိရသွားကာ မေးလိုက်သည်။ "အစ်ကိုကြီးနဉ်... ရှောင်လော့လော့ရော"
အကြီးဆုံးခင်လေးနဉ်သည် နဉ်ရှောင်ယောင်းကို အားနာစွာ ပြုံးပြလိုက်ပြီး ပြောသည်။ "သူ မြို့ပြင်ကို ကြိုထွက်သွားနှင့်ပြီ"
နန်းတွင်းကလူတွေနဲ့ တွေ့တိုင်း ကိုယ့်သိက္ခာကိုယ် ထိခိုက်ရတာမို့ နဉ်ရှောင်လော့ကတော့ နဉ်ရှောင်ယောင်းတို့တစ်သိုက်ကို သေတာတောင် တွေ့ချင်တော့မည် မဟုတ်ပေ။ အကြီးဆုံးခင်လေးနဉ်ကလည်း သူ့ညီလေးကို လူအများကြီး အမြင်မခံစေချင်ပေ။ မောင်နှမနှစ်ယောက်က ရုပ်ချင်းဆင်လွန်းတော့ လူတွေ သံသယဝင်ကုန်မှာ စိုးရိမ်ရသည်။ အကြီးဆုံးခင်လေးနဉ်သည် သူ့ညီလေး မျက်နှာဖူးယောင်နေတာက ပိုကောင်းတယ်လို့ တွေးမိတိုင်း သူ့ညီလေးအပေါ် အားနာမိသည်။
နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ သူမနဲ့ ရုပ်ချင်းတူတဲ့ ရှောင်လော့လော့ကို စစ်သေနာပတိချုပ်လိုအား ပြချင်နေတာလေ။
"လမ်းခရီး ဖြောင့်ဖြူးပါစေ" လိုကျစ်ကွေ့သည် အကြီးဆုံးခင်လေးနဉ်ကို လက်သီးဆုပ် အရိုအသေပေးလိုက်သည်။
အကြီးဆုံးခင်လေးနဉ် နဉ်ရှောင်ယောင်းကို ကြည့်နေသော အကြည့်ကြောင့် လိုကျစ်ကွေ့ စိတ်ထဲ သံသယဝင်လာမိသည်။ ဒီလိုမျိုး စိတ်မချနိုင်ဖြစ်ပြီး သံယောဇဉ်တွယ်နေတဲ့ အကြည့်မျိုးက ဘာသဘောလဲ။ နဉ်ရှောင်မုက အိမ်ထောင်ကျပြီး ကလေးတောင်ရှိနေပြီ မဟုတ်လား။ ဒါမှမဟုတ်... သူက မိန်းကလေးနဉ်ရဲ့ မိန်းကလေးအစစ်အမှန်ကို သိသွားတာလား။ သံသယကြီးလာလေလေ လိုကျစ်ကွေ့က အကြီးဆုံးခင်လေးနဉ်ကို မြန်မြန်ထွက်သွားစေချင်လေလေ ဖြစ်နေသည်။ အထူးသဖြင့် နဉ်ရှောင်ယောင်းရှေ့ကနေ အမြန်ထွက်သွားစေချင်သည်။
အကြီးဆုံးခင်လေးနဉ်တို့လူစု တဖြည်းဖြည်း ဝေးကွာသွားကြသည်။
လိုက်ပို့သော ကျီယွဲ့ရုံသည် သက်ပြင်းချလိုက်ပြီး ပြောသည်။ "ယွဲ့ပြည်နယ်မြို့စားအိမ်တော်ကလူတွေ ဒီလိုပဲ ထွက်သွားကြပြီပေါ့"
နဉ်ရှောင်ယောင်း ချက်ချင်း သတိဝင်လာပြီး ပြောလိုက်သည်။ "မိန်းကလေးကျီ... အစ်ကိုကြီးနဉ်မှာ မိန်းမရှိတယ်နော်"
ကျီယွဲ့ရုံသည် နဉ်ရှောင်ယောင်းကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ဒီကောင်မလေး လျှောက်တွေးနေပြန်ပြီ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဆွဲခေါ်ပြီး နန်းတော်သို့ ပြန်လာခဲ့သည်။ နဉ်ရှောင်မုမှာ မိန်းမရှိတယ်ဆိုတာ သိရင် ပြီးတာပါပဲ။ ပြီးတော့ အစ်ကိုကြီးနဉ်... အစ်ကိုကြီးနဉ်နဲ့... စစ်သူကြီး နားထဲမှာ ဒီအခေါ်အဝေါ်ကို သိပ်နားမခံသာပေ။ စစ်သေနာပတိချုပ်ဆိုတာထက် အစ်ကိုကြီးနဉ်ဆိုတာက ပိုရင်းနှီးတဲ့ပုံ ပေါက်နေတယ်လေ။
"ရှောင်လော့လော့က ကျွန်မနဲ့ တစ်ပုံစံတည်း တူတာနော်" ထိုက်ဟွာနန်းဆောင်သို့ ပြန်ရောက်သောအခါ နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ပြောပြပြန်သည်။ "စစ်သေနာပတိချုပ်သာ မြင်ဖူးရင် ကောင်းမှာ။ လွန်ခဲ့တဲ့ရက်က ရှောင်လော့လော့ အဝတ်တွေ ချွတ်လိုက်တော့ အမတ်ချုပ်ကြီးရှဲ့ရဲ့ မျက်နှာကြီးကလေ... ဟားဟားဟား"
လိုကျစ်ကွေ့၏ ခေါင်းထဲတွင် အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်မိသည်။ ယွဲ့ပြည်နယ်မြို့စားအိမ်တော်က နဉ်ရှောင်လော့နဲ့ မိန်းကလေးနဉ်က ရုပ်ချင်းဆင်တူတယ်ပေါ့။ ဒါပေမဲ့ ဘယ်လောက်ထိ တူလဲဆိုတာတော့ မသိရသေးဘူး။ နဉ်ရှောင်ယောင်းက သူ့ရှေ့မှာ ပေါက်ကရတွေ လျှောက်ပြောနေကျဆိုတော့ နဉ်ရှောင်လော့ရဲ့ ပုံမှန်မျက်နှာကို မမြင်ဖူးသရွေ့ လိုကျစ်ကွေ့ ယုံကြည်မှာမဟုတ်ပေ။
"အဲ့ဒီတုန်းက နန်းတော်တံခါးဝမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာမလား" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"ဟုတ်တယ်" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "စကားနည်းနည်းပဲ ပြောရသေးတယ်။ အမတ်ချုပ်ကြီးရှဲ့နဲ့ စချတော့တာပဲ"
"အရူးမလေး" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ခေါင်းကို ပွတ်သပ်ပေးပြီး ပြုံးကာ ပြောလိုက်သည်။ "ရန်ဖြစ်နေကြမှတော့ ဘယ်သူက နဉ်ရှောင်လော့ရဲ့ မျက်နှာကို သေချာကြည့်နေမှာလဲ။ မင်းနဲ့ နည်းနည်းဆင်တူရုံလောက်ပါပဲ။ မင်းတို့နှစ်ယောက်လုံးက တစ်ပုံစံတည်း တူနေစရာ အကြောင်းမှမရှိတာ"
"ဟေး... ဟေး..." နဉ်ရှောင်ယောင်း မကျေမနပ် ဖြစ်သွားသည်။ ဘာလို့ ငါပြောတာ မယုံရတာလဲ။
လိုကျစ်ကွေ့ ထပ်ပြောရန် ပြင်လိုက်စဉ် ဖန်းထန်သည် အခန်းဝသို့ ရောက်လာပြီး ခေါ်လိုက်သည်။ "စစ်သေနာပတိချုပ်"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းခေါင်းပေါ်မှ လက်ကို ဖယ်လိုက်ပြီး မေးသည်။ "ဘာကိစ္စလဲ"
"ရှောင်ဖန်း... မြန်မြန် ဝင်ခဲ့လေ" နဉ်ရှောင်ယောင်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။
ဖန်းထန် အခန်းထဲဝင်လာပြီး နဉ်ရှောင်ယောင်းကို မြင်သည်နှင့် ဒူးထောက်ချလိုက်သည်။
နဉ်ရှောင်ယောင်း ရှေ့တိုးသွားပြီး ဖန်းထန်ကို ဆွဲထူလိုက်ကာ မကျေမနပ် ပြောလိုက်သည်။ "မင်း ဒီလိုလုပ်ရင် ငါတို့ သူငယ်ချင်း မဖြစ်နိုင်တော့ဘူးနော်"
ဖန်းထန် ခေါင်းငုံ့ထားပြီး နဉ်ရှောင်ယောင်းကို မကြည့်ရဲပေ။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အရှင်မင်းကြီးကို မျက်နှာမပြရဲပါဘူး"
"အမတ်ချုပ်ကြီးရှဲ့ကြောင့်လား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
ဖန်းထန် ခေါင်းညိတ်လိုက်သည်။ အခုချိန်မှာ ဖန်းထန် နောင်တရနေမိသည်။ သူတို့သာ စောစောရောက်လာခဲ့ရင် ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးအိုကြီး ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်းသည် ဖန်းထန်၏ ပခုံးကိုပုတ်ပြီး ပြုံးကာ ပြောလိုက်သည်။ "စစ်သေနာပတိချုပ် ပြောတယ်။ မင်းတို့ အနက်ရောင်နှင်းခဲ မြင်းတပ်ထဲမှာ အမတ်ချုပ်ကြီးရှဲ့ရဲ့ သူလျှိုတွေ ရှိနေတယ်ဆို။ မင်းတို့ ဘာမှမဖြစ်တာပဲ ကံကောင်းပါပြီ"
နဉ်ရှောင်ယောင်း သူလျှိုကိစ္စ ပြောလာသောအခါ ဖန်းထန် လိုကျစ်ကွေ့ကို မော့ကြည့်ပြီး ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... စု့န်ချီး ငိုနေတယ်"
လိုကျစ်ကွေ့ မျက်လုံးပင်မပင့်ဘဲ အေးစက်စွာ ပြောလိုက်သည်။ "ဟုတ်လား"
လိုကျစ်ကွေ့၏ သဘောထားကို မြင်သောအခါ ဖန်းထန် ပါးစပ်ပိတ်သွားသည်။
"ငိုနေတယ်လား" နဉ်ရှောင်ယောင်း စိတ်ဝင်တစား မေးလိုက်သည်။ "ဘာလို့ ငိုတာလဲ။ စုန့်ရွှီ ဘယ်လိုနေလဲဟင်"
ဖန်းထန်၏ မျက်နှာထား ရုတ်တရက် တင်းမာသွားပြီး ပြောလိုက်သည်။ "အဲ့ဒီကောင် သေသင့်တယ်"
နဉ်ရှောင်ယောင်း ဝင်မပြောသင့်ဘူးဟု ခံစားလိုက်ရပြန်သည်။
လိုကျစ်ကွေ့ မတ်တတ်ထရပ်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
နဉ်ရှောင်ယောင်း ခဏစဉ်းစားပြီး လိုကျစ်ကွေ့နောက်သို့ လိုက်သွားလိုက်သည်။ စုန့်ကျင်း ငိုတယ်ဆိုတာ သူ့အစ်ကိုကို မသေစေချင်လို့လား။
လူသူကင်းဝေးသော အခန်းငယ်လေးထဲတွင် စုန့်ရွှီ၏မျက်နှာ ဖြူဖျော့နေသည်။ စုန့်ကျင်း၏ ဘယ်ဘက်လက်မောင်းတွင် ကျောက်ပတ်တီးစည်းထားဆဲဖြစ်ပြီး ဒဏ်ရာမပျောက်ကင်းသေးသဖြင့် စု့န်ချီးစစ်သူကြီး၏မျက်နှာမှာ ကြည့်မကောင်းလှပေ။
"မင်း မရီးတို့ကော" စုန့်ရွှီ မေးလိုက်သည်။ "အန်းယွမ်က သူတို့သတင်း ဘာကြားသေးလဲ"
"မကြားပါဘူး" စုန့်ကျင်း ငိုထားသဖြင့် အသံများ ဝင်နေသည်။
"သူတို့ မရှိလောက်တော့ပါဘူး" စုန့်ရွှီ ပြောလိုက်သည်။
"စိတ်ချပါ" စုန့်ကျင်း ပြောလိုက်သည်။ "မရီးနဲ့ တူလေး အသက်ရှင်နေသေးရင် ကျွန်တော် စောင့်ရှောက်ပေးပါ့မယ်။ အစ်ကို ဒီလိုကိစ္စမျိုး မလုပ်သင့်ဘူး။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်ရက်ရတာလဲ"
ထိုအချိန်တွင် လိုကျစ်ကွေ့ အခန်းထဲ ဝင်လာသည်။
စုန့်ကျင်း ထိုင်နေရာမှ ထရပ်လိုက်သည်။ သူ နန်းတော်ထဲရောက်ကတည်းက ဒီအခန်းထဲ အပို့ခံထားရတာမို့ လိုကျစ်ကွေ့ကို မတွေ့ရသေးပေ။ အခု စစ်သေနာပတိချုပ်ကို မြင်လိုက်ရသောအခါ စုန့်ကျင်း ရှက်လွန်းလို့ မျက်နှာပူလာသည်။ လိုကျစ်ကွေ့ကို မျက်နှာချင်းမဆိုင်ရဲပေ။
လိုကျစ်ကွေ့သည် လက်ကာပြပြီး စုန့်ကျင်းကို ပြန်ထိုင်စေလိုက်သည်။ "စကားပြောပြီးပြီလား"
"စစ်သေနာပတိချုပ်... ကျွန်တော်..." စုန့်ကျင်း စကားပြောရန်ပင် ခက်ခဲနေသည်။
"ငိုတောင်ငိုပြီးပြီပဲ" လိုကျစ်ကွေ့သည် စုန့်ကျင်း၏ မျက်လုံးများကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "စုန့်ရွှီအတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်လို့လား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အနောက်မှ ဝင်လာသော ဖန်းထန် အော်ပြောလိုက်သည်။
စုန့်ကျင်း ခေါင်းခါလိုက်သည်။ ဒါ သူ့အစ်ကိုအရင်းပဲ။ ငယ်ငယ်ကတည်းက သံယောဇဉ်ရှိခဲ့ကြပေမယ့် ဒီတစ်ခါ သူ့အစ်ကို ကျူးလွန်တဲ့အပြစ်က ခွင့်လွှတ်ပေးလို့မရနိုင်ဘူး။
"ဒါဆို မင်း ဘာစောင့်နေသေးတာလဲ" လိုကျစ်ကွေ့ စုန့်ရွှီကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်းသည် သနားညှာတာမှုကင်းသော စစ်ရေးသဘောတရားကို နားမလည်ပေ။ နဉ်ရှောင်ယောင်းအနေဖြင့် လိုကျစ်ကွေ့ ဒီလိုလုပ်တာ စုန့်ကျင်းကို ပါးရိုက်လိုက်သလို ဖြစ်မနေဘူးလားဟု တွေးလိုက်မိသည်။
စုန့်ရွှီ ထိုင်ရာမှ ထရပ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် စုန့်ရွှီကို ကြည့်လိုက်၊ စုန့်ကျင်းကို ကြည့်လိုက် လုပ်နေပြီး စမ်းသပ်မေးမြန်းလိုက်သည်။ "ဒီတစ်ခါတော့ ထားလိုက်ပါတော့လား။ ဘာပဲဖြစ်ဖြစ် အမတ်ချုပ်ကြီးရှဲ့က စုန့်ရွှီရဲ့ သားမယားတွေကို ဖမ်းထားနိုင်မှာ မဟုတ်တော့ဘူးလေ။ သူက အခု တရားခံပြေး ဖြစ်နေပြီပဲ"
နဉ်ရှောင်ယောင်း စကားပြောလိုက်သည်နှင့် အခန်းထဲရှိ လူလေးယောက်လုံး နဉ်ရှောင်ယောင်းကို ကြည့်လိုက်ကြသည်။
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ကြည့်ပြီး မေးသည်။ "စစ်သေနာပတိချုပ်... ခင်ဗျား ဘယ်လိုသဘောရလဲ"
လိုကျစ်ကွေ့ ဘာမှမပြောပေ။ ဧကရာဇ်ရဲ့စကားက အမိန့်ပဲလေ။ နဉ်ရှောင်ယောင်းက ဒီကိစ္စကို ထားလိုက်တော့လို့ ပြောမှတော့ သူ ဘာပြောနိုင်တော့မှာလဲ။ သီးသန့်ရှိနေချိန်ဆိုရင်တော့ ဆွေးနွေးလို့ရပေမယ့် အခုလို တခြားလူတွေရှေ့မှာ အရှင်မင်းကြီးအမိန့်ကို သူ ဆန့်ကျင်လို့မရဘူး။
ဖန်းထန်သည် စုန့်ရွှီကို မကျေမနပ် ကြည့်လိုက်ပြီး ပြောသည်။ "မင်း ကံကောင်းသွားတယ်"
စုန့်ရွှီသည် ခေါင်းငုံ့ပြီး တိတ်ဆိတ်နေသော စုန့်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့တိုးကာ နဉ်ရှောင်ယောင်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
နဉ်ရှောင်ယောင်း ဘေးသို့ ရွှေ့လိုက်သည်။ သူ အမုန်းဆုံးက ဒူးထောက်တာပဲ။
စုန့်ရွှီက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
နဉ်ရှောင်ယောင်းက 'ရပါတယ်' လို့ ပြန်ပြောချင်ပေမယ့် ပြောလိုက်ရင် ကိုယ့်ဘာသာ အရူးနဲ့တူနေမလားလို့ တွေးမိပြီး စကားကို ပြန်မျိုချလိုက်သည်။
စုန့်ရွှီသည် ဒူးဖြင့် ရွှေ့ပြီး နဉ်ရှောင်ယောင်းဘက်သို့ လှည့်ကာ ဦးသုံးကြိမ် ချလိုက်သည်။
ဖန်းထန်က နဉ်ရှောင်ယောင်းကို မေးချင်နေသည်။ ဘာလို့ စုန့်ရွှီလိုကောင်ကို လွှတ်ပေးရတာလဲ။ ဒါပေမဲ့ ခေါင်းငုံ့နေသော စုန့်ကျင်းကို မြင်လိုက်ရသောအခါ ဖန်းထန် မေးခွန်းထုတ်မရတော့ပေ။ စုန့်ကျင်းရှေ့မှာ သူ့အစ်ကိုကို သတ်ပစ်ဖို့ အရှင်မင်းကြီးကို တိုက်တွန်းရမှာလား။
"နောက်တစ်ခါ ဒီလိုမလုပ်နဲ့တော့" နဉ်ရှောင်ယောင်း အကြာကြီး စဉ်းစားပြီးမှ စုန့်ရွှီကို ပြောလိုက်သည်။
စုန့်ရွှီ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး နောက်နောင် ဘယ်တော့မှ အမှားမလုပ်တော့ပါဘူး"
"အဲ့လိုတော့လည်း မဟုတ်ဘူးလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "လူဆိုတာ အမှားမလုပ်ဖူးတဲ့သူမှ မရှိတာ။ ငါပြောချင်တာက ညီအစ်ကိုချင်း သစ္စာမဖောက်နဲ့တော့လို့ ပြောတာပါ။ ဒီတစ်ခါ မင်း...."
စုန့်ရွှီ၏ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာ၏။
နဉ်ရှောင်ယောင်း စကားစ ရပ်တန့်သွားသည်။
"ဟာ" ဖန်းထန် အော်လိုက်သည်။
စုန့်ကျင်း မော့ကြည့်လိုက်ရာ သူ့အစ်ကို မြေကြီးပေါ် လဲကျသွားပြီး ပါးစပ်မှ သွေးမည်းများ စီးကျလာသည်ကို တွေ့လိုက်ရသည်။
နဉ်ရှောင်ယောင်း စုန့်ရွှီအနားသို့ ပြေးသွားမည် ပြုသည်။ သူ အဆိပ်သောက်လိုက်တာပဲ။
လိုကျစ်ကွေ့ လက်လှမ်းပြီး နဉ်ရှောင်ယောင်းကို ဆွဲထားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး... ဒီအတိုင်း ထားလိုက်ပါ"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို လှည့်ကြည့်လိုက်သည်။
"သူ ရှင်နေရတာက သေရတာထက် ပိုဆိုးတယ်" လိုကျစ်ကွေ့ ကိုယ်ကိုကိုင်းပြီး နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြသည်။ "ဒီလိုကိစ္စမျိုး လုပ်ထားမှတော့ သူတင်မကဘူး။ စုန့်မိသားစုတစ်စုလုံး အန်းယွမ်ခရိုင်မှာ နေစရာနေရာ ရှိတော့မှာ မဟုတ်ဘူး"
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ဒီကိစ္စက ဒီလောက် ရှုပ်ထွေးတာလား။
ဖန်းထန် ဒူးထောက်ထိုင်ချလိုက်ပြီး စုန့်ရွှီ၏ နှာခေါင်းကို စမ်းသပ်ကြည့်ကာ စုန့်ကျင်းကို ပြောလိုက်သည်။ "သေပြီ"
နဉ်ရှောင်ယောင်း မြေကြီးပေါ်ရှိ စုန့်ရွှီကို လှည့်ကြည့်လိုက်ပြန်သည်။ ဘာအဆိပ်က ဒီလောက်ပြင်းတာလဲ။ သူမ စစ်သေနာပတိချုပ်နဲ့ စကားတစ်ခွန်းပြောနေတုန်းမှာတင် လူတစ်ယောက်ကို သေစေနိုင်တယ်ပေါ့။
ဖန်းထန် မတ်တတ်ထရပ်ပြီး နောက်ဆုတ်ပေးလိုက်ရာ စုန့်ကျင်း ရှေ့တိုးလာသည်။
စုန့်ကျင်း ဒူးထောက်ထိုင်ချလိုက်ပြီး စုန့်ရွှီ၏နှာခေါင်းကို စမ်းသပ်ကြည့်သည်။
နဉ်ရှောင်ယောင်း ခဏစောင့်ကြည့်လိုက်သော်လည်း စုန့်ကျင်းထံမှ တုံ့ပြန်မှုမတွေ့ရသဖြင့် ပြေးသွားပြီး စုန့်ရွှီ၏လက်ကို ကိုင်ကြည့်လိုက်သည်။ စုန့်ရွှီ သေသွားပြီဆိုတာ နဉ်ရှောင်ယောင်း သေချာသွားသည်။
စုန့်ရွှီ၏မျက်နှာမှာ မည်းနေပြီး ပါးစပ်မှ သွေးမည်းများ စီးကျနေသည်။ မျက်လုံးများမှာ အပေါ်သို့လန်နေပြီး မျက်ဆံပင် မမြင်ရတော့ပေ။
စုန့်ကျင်း လက်ဖြင့် စုန့်ရွှီ၏ မျက်လုံးများကို ပိတ်ပေးလိုက်ပြီး ဒူးထောက်ကာ စုန့်ရွှီဘေးတွင် ရှိနေသေးသော နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ကျွန်တော်မျိုးရဲ့ အစ်ကိုကို အပြစ်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါပေမဲ့ အစ်ကိုက ကြီးမားတဲ့အမှား လုပ်ခဲ့မိတဲ့အတွက် သေပြီး ပြန်ပေးဆပ်သွားတာပါ"
လိုကျစ်ကွေ့ ရှေ့တိုးလာပြီး နဉ်ရှောင်ယောင်းကို ဆွဲထူလိုက်ကာ ဖန်းထန်ကို အမိန့်ပေးလိုက်သည်။
"လူခေါ်ပြီး စုန့်ရွှီအလောင်းကို သယ်သွားခိုင်းလိုက်"
ဖန်းထန် အမိန့်နာခံပြီး လူခေါ်ရန် ထွက်သွားလေသည်။
လိုကျစ်ကွေ့သည် စုန့်ကျင်း၏ပခုံးကို ပုတ်ပေးလိုက်ပြီး ပြောသည်။ "ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ လျှောက်တွေးမနေနဲ့"
စုန့်ကျင်း လိုကျစ်ကွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်"
နဉ်ရှောင်ယောင်း ဘေးမှ ရပ်ကြည့်နေမိသည်။ မသေဘဲ နေလို့ရရက်နဲ့ စုန့်ရွှီက ဘာလို့ သေတာလဲ။ လူတစ်ယောက် အမှားလုပ်မိတာနဲ့ မိသားစုတစ်ခုလုံး ဒုက္ခရောက်ရရောလား။ သူမ ဒီကမ္ဘာကို နားမလည်သေးပေ။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အခန်းထဲမှ ဆွဲခေါ်လာခဲ့သည်။ အပြင်ရောက်သည့်တိုင် နဉ်ရှောင်ယောင်းသည် အခန်းဘက်သို့ ပြန်လှည့်ကြည့်နေသဖြင့် လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
"စုန့်ရွှီ အခု မသေရင်တောင် အန်းယွမ်ပြန်ရောက်ရင် သူ့ဆွေမျိုးတွေက သူ့ကို သေအောင်လုပ်ကြမှာ။ ရှောင်ယောင်း... ကိုယ်တို့ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး"
နဉ်ရှောင်ယောင်း ဆက်လက် ကြောင်အမ်းနေဆဲပင်။ နားမလည်နိုင်ပါဘူး။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၄ ။ အစ်ကိုကြီး၊ အချစ်တော်အစ်ကိုကြီး
စုန့်ရွှီ၏အလောင်းကို နန်းတော်မှ ခေါ်ထုတ်သွားပြီးနောက် မည်သည့်နေရာသို့ ပို့ဆောင်လိုက်သည်ကို မည်သူကမျှ နဉ်ရှောင်ယောင်းအား မပြောပြကြပေ။ နဉ်ရှောင်ယောင်းက ထိုကိစ္စကို စိတ်ပူနေချိန်တွင် လိုကျစ်ကွေ့က အန်းယွမ်သို့ ပြန်ရတော့မည်ဟု ပြောလာပြန်သည်။
"ဘာ"
ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ့ဘေးနားတွင် ဒီလူသားတစ်ယောက်သာ အမြဲရှိနေခဲ့သည်။ ရုတ်တရက် ခရီးဝေးသွားရတော့မည်ဟု ပြောလာသောအခါ လိုကျစ်ကွေ့ အန်းယွမ်သို့ ပြန်ရမည်မှာ တစ်နေ့နေ့တော့ ဖြစ်လာမည်ဟု သိထားသော်လည်း တကယ်တမ်း ကြားလိုက်ရသောအခါ နဉ်ရှောင်ယောင်း စိတ်မကောင်းဖြစ်ရသည်။ အန်းယွမ်က ဖုန်းကျိုးလိုပဲ မြို့တော်နဲ့ အဝေးကြီး ဝေးတာလေ။
ကောင်းကင်သည် ညနေစောင်းနေပြီဖြစ်၍ အိပ်ခန်းထဲတွင် ကုတင်ခေါင်းရင်းမှ မီးအိမ်တစ်လုံးသာ ထွန်းညှိထားသည်။ ဖယောင်းတိုင်မီးကို ကြေးနီဖြင့်ပြုလုပ်ထားသော ငှက်ရုပ်၏ နှုတ်သီးထဲတွင် ထည့်ထားရာ မီးတောက် လှုပ်ခါလိုက်တိုင်း နံရံပေါ်မှ ငှက်ရုပ်အရိပ်သည်လည်း အတောင်ပံခတ်၍ ပျံသန်းတော့မည့်အလား လှုပ်ခါနေသည်။
နဉ်ရှောင်ယောင်းသည် တစ်ခွန်းသာပြောပြီး နံရံပေါ်မှ ငှက်ရုပ်အရိပ်ကို ငေးကြည့်နေမိသည်။ စိတ်ခံစားချက်များ ပြောင်းလဲသွားပြီဖြစ်သည်။ ကမ္ဘာကျော်အောင် ချောမောလှပသော သူဖြစ်နေပါစေ စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိဖို့ အချိန်လိုသည် မဟုတ်ပါလား။
လိုကျစ်ကွေ့ ကုတင်ဘေးသို့ လျှောက်လာပြီး ထိုင်ကာ နဉ်ရှောင်ယောင်း၏လက်ကို ပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ်က သူ့အင်အားနဲ့သူ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။ သူပုန်တွေဆီ သွားခိုလှုံဖို့ကလည်း သူ့သိက္ခာက ခွင့်ပြုမှာမဟုတ်ဘူး"
"ဒီတစ်ခါ သူ့ကို ကယ်ခဲ့တာ သူပုန်တွေလေ" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
"ဒါက ရှဲ့ဝမ်ယွမ်အတွက် အသုံးချခံရတာပဲ" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ မေးစေ့ကို ကိုင်ကာ သူ့ဘက်သို့ လှည့်စေပြီး ပြောလိုက်သည်။ "သူ့ကို ရှန့်နုံရဲ့လက်အောက်ခံ လုပ်ခိုင်းရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
"သူ့အသက်သခင်ကျေးဇူးရှင်ကိုတောင် အထင်သေးနေတုန်းလား" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "စစ်သေနာပတိချုပ်... ရှန့်နုံက ဒီလိုကောင်ကို ကယ်လိုက်တာ ဘာအကျိုးရှိလို့လဲ"
"အခု မိုဒူးဆီသွားတာက ရှဲ့ဝမ်ယွမ်အတွက် ထွက်ပေါက်တစ်ခုပဲ" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ "သူတို့ ပူးပေါင်းကြံစည်တာကို ကာကွယ်ဖို့ ကိုယ် အန်းယွမ်ကို ပြန်သွားဖို့ လိုအပ်တယ်"
"အမတ်ချုပ်ကြီးက အန်းယွမ်ကို သွားပြီး သေလမ်းရှာမလို့လား" နဉ်ရှောင်ယောင်း အံ့ဩသွားပြန်သည်။ ရှဲ့ဝမ်ယွမ်က တကယ်ပဲ ဆက်ပြီး သေလမ်းရှာနေဦးမှာလား။
"ဒါတော့ ကိုယ် မသိဘူး" လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။ "ရှဲ့ဝမ်ယွမ်က မိုဒူးနဲ့ ဘယ်လို ဆက်သွယ်မလဲဆိုတာ ကိုယ် မခန့်မှန်းနိုင်ဘူး။ မိုဒူးကရော ရှဲ့ဝမ်ယွမ်စကားကို ယုံပါ့မလားဆိုတာလည်း မသိဘူး"
"ဒါဆို ရှင်က ဘာမှမသိဘဲနဲ့ ဘာပြန်သွားလုပ်မှာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ကိုယ် အန်းယွမ်ခရိုင် ခြောက်ခုကို ကာကွယ်ထားနိုင်ရင် ရှောင်ယောင်းရဲ့ထီးနန်းလည်း လုံခြုံမှာပါ" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏စိတ်ကို နားလည်သည်။ ဒါကို ကြိုတင်ကာကွယ်တယ်လို့ ခေါ်တာပေါ့။
"ရှောင်ယောင်း..."
"ကောင်းပြီလေ... စစ်သေနာပတိချုပ် ပြန်သွားလိုက်ပါ" နဉ်ရှောင်ယောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ လိုကျစ်ကွေ့ ဆက်ပြောမည့်စကားကို စောင့်မနေဘဲ ပြောလိုက်သည်။ "အမတ်ချုပ်ကြီးနဲ့ မိုဒူး ဘယ်လိုပဲ ပူးပေါင်းကြံစည်ပါစေ။ မြောက်ပိုင်းစစ်တပ်ကို ဝူရွှမ်းမြို့ကို ကျော်ပြီး ဝင်လာခွင့်မပေးနိုင်ဘူး" ယုံနင်ပြည်သူတွေရဲ့ဘဝက ဆင်းရဲလှပြီ။ တိုင်းတစ်ပါးကျူးကျော်စစ်ပါ ဖြစ်လာရင် တိုင်းပြည်ပျက်တာကမှ ပိုကောင်းဦးမယ်။ ဒီလိုဘဝမျိုးနဲ့ ဆက်နေလို့ မရတော့ဘူး။
"ကောင်းပါပြီ" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကတိပေးလိုက်သည်။ "ကိုယ် မြောက်ပိုင်းသားတွေကို ဝူရွှမ်းမြို့ထဲ ခြေမချနိုင်စေရဘူး"
"ရှင်လည်း ဂရုစိုက်နော်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကျွန်မ တော်ဝင်မျိုးနွယ်တွေကို နယ်မြေခွဲဝေပေးပြီးရင်၊ ဒုက္ခသည်ကိစ္စ ဖြေရှင်းပြီးရင် ဝူရွှမ်းမြို့ကို လာခဲ့မယ်။ ပြီးရင် ကျွန်မတို့ နယ်စပ်ဖြတ်ပြီး မိုဒူးကို သွားရှာကြမယ်"
"မိုဒူးကို သွားရှာမယ်?" လိုကျစ်ကွေ့ နားမလည်လိုက်ပေ။
"အင်း" နဉ်ရှောင်ယောင်း လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မကိုယ်တိုင် စစ်ချီမယ်"
ကိုယ်တိုင်စစ်ချီမယ်ဆိုတဲ့ စကားလုံး ပြောလိုက်တာနဲ့ နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် သိပ်မိုက်တယ်လို့ ခံစားလိုက်ရသည်။ စဉ်းစားကြည့်ပါဦး။ သူမက စစ်သည်ထောင်သောင်းချီကို ဦးဆောင်ပြီး ဖုတ်ကောင်တွေကို... အဲ... မဟုတ်ဘူး... မြောက်ပိုင်းသားတွေကို တိုက်ခိုက်မယ်ဆိုရင် ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ။
"ဘုရားရေ..." နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ပြောလိုက်သည်။ "ကျွန်မက တကယ်ကို ကမ္ဘာကျော်အောင် ချောမောခန့်ညားတဲ့သူပဲ"
လိုကျစ်ကွေ့: "..." ပြောရင်းပြောရင်းနဲ့ ဒီကောင်မလေးရဲ့အတွေးကို သူ လိုက်မမီတော့ဘူး။ သူတို့ပြောနေတဲ့ကိစ္စနဲ့ ကမ္ဘာကျော်အောင် ချောမောခန့်ညားတာနဲ့ ဘာဆိုင်လို့လဲ။
"ကျွန်မ မိုဒူးရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်" နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကတိပေးလိုက်သည်။ "ကျွန်မ အဲ့ဒီကောင်ရဲ့ ခြေထောက်ကို သေချာပေါက် ရိုက်ချိုးပစ်မယ်"
လိုကျစ်ကွေ့ စဉ်းစားကြည့်သည်။ သူ နဉ်ရှောင်ယောင်းရဲ့ စကားကို လိုက်မမီနိုင်သေးဘူး။ ရှဲ့ဝမ်ယွမ်ကိုတောင် မသတ်ရသေးဘဲ ဒီကောင်မလေးက မြောက်ပိုင်းခေါင်းဆောင် မိုဒူးရဲ့ ခြေထောက်ကို ရိုက်ချိုးဖို့ တွေးနေပြီလား။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏အစ်ကိုကြီး လိုကျင်းကို သတိရသွားသည်။ လိုကျင်း ခံစားခဲ့ရသော ဒုက္ခများနှင့်ယှဉ်လျှင် ခြေထောက်ရိုက်ချိုးရုံလောက်ဖြင့် မိုဒူးအတွက် သက်သာလွန်းသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ထပ်ပြောလိုက်သည်။ "ကျွန်မ မိုဒူးရဲ့ ခေါင်းကိုဖြတ်ပြီး ဘောလုံးကန်တာ ပိုကောင်းမယ်။ အဲ့လိုလူမျိုးကို အရှင်ထားလို့ မဖြစ်ဘူး" နဉ်ရှောင်ယောင်း၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူမ လူမသတ်ရဲဘူးလို့ မထင်နဲ့နော်။
လိုကျစ်ကွေ့ ပြောလိုက်သည်။ "အဲ့ဒါ နောက်မှ ပြောကြတာပေါ့" အခုချိန်မှာ သူတို့အနေနဲ့ ဝူရွှမ်းမြို့ကနေ စစ်ချီပြီး မြောက်ပိုင်းသားတွေကို တိုက်ခိုက်ဖို့ အင်အားမရှိသေးဘူးလေ။
"နောက်မှ ပြောလို့မရဘူး" နဉ်ရှောင်ယောင်း မျက်လုံးမှေးလိုက်သည်။ မျက်လုံးထဲတွင် ရက်စက်သော အကြည့်များ ရှိနေဆဲပင်။ "ကျွန်မ ဒါကို စီစဉ်နေတာ ကြာပြီ။ မြောက်ပိုင်းသားတွေကို မျိုးဖြုတ်ပစ်တာက စစ်သေနာပတိချုပ်ရဲ့ ဆန္ဒလည်း ဖြစ်တယ်မလား"
လိုကျစ်ကွေ့ မေးလိုက်သည်။ "ရှောင်ယောင်း... မင်းက ကိုယ့်အတွက် လုပ်ပေးချင်တာလား"
နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ဒီအကြောင်းပြချက်လည်း ပါတာပေါ့။ ရာခိုင်နှုန်း တော်တော်များများ ပါတာပေါ့။ ဘုရားရေ... ဒါကို စဉ်းစားမိတော့ နဉ်ရှောင်ယောင်း ရှက်သွားမိသည်။ အလှလေးတစ်ယောက်အတွက်နဲ့ စစ်ပွဲတစ်ခု ဖန်တီးချင်နေတာလား။ သူမက နှောင်းဧကရာဇ်လိုပဲ အသိဉာဏ်မရှိတဲ့ ဧကရာဇ် ဖြစ်နေတာများလား။
"ရှောင်ယောင်း?" လိုကျစ်ကွေ့ ခေါ်လိုက်သည်။
"မရယ်နဲ့" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ မျက်နှာကို တွန်းလိုက်ပြီး ပြောသည်။ "အလှအပနဲ့ မြှူဆွယ်မလို့လား"
လိုကျစ်ကွေ့ စိတ်ပျက်သွားသည်။ ခေါင်းစဉ်က ဘာလို့ အလှအပနဲ့ မြှူဆွယ်တာဘက် ရောက်သွားပြန်တာလဲ။ အရေးကြီးဆုံးက သူ စောစောက ရယ်လိုက်မိလို့လား။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏မျက်နှာကို တွန်းလိုက်သော်လည်း ပြန်စဉ်းစားပြီး လိုကျစ်ကွေ့၏ မျက်နှာကို သူမဘက် လှည့်စေလိုက်သည်။ ဘယ်လိုကြည့်ကြည့် ဒီမျက်နှာက သူမအသက်ကို နှုတ်ယူနိုင်တဲ့ မျက်နှာပဲ။ အရင်တုန်းက ဖုတ်ကောင်တွေနဲ့ အသက်လုတိုက်ခိုက်တုန်းက သူမက ရုပ်ချောတာ ကြိုက်တတ်မှန်း ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။
"ဒါဆို ကိုယ် ပြုံးရမလား၊ မပြုံးရဘူးလား" လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "ပြုံးလိုက်ပါ"
လိုကျစ်ကွေ့ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။
"အို..." နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ ပြုံးလိုက်တိုင်း ပေါ်လာတတ်သော ပါးချိုင့်နက်နက်လေးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး ပြောသည်။ "အလှလေးရဲ့ ဒီမျက်နှာလေးအတွက်ဆိုရင် ကျန်း အသိဉာဏ်မရှိတဲ့ ဧကရာဇ်လုပ်ရလည်း ကိစ္စမရှိပါဘူး။ အလှလေး... လာပါဦး... မသွားခင် အရှင်မင်းကြီးကို ကောင်းကောင်းလေး ပြုံးပြပါဦး"
လိုကျစ်ကွေ့သည် သူ့ပါးပေါ်တွင် ကစားနေသော နဉ်ရှောင်ယောင်း၏ လက်ချောင်းလေးကို ဖမ်းဆုပ်လိုက်ပြီး ပြောသည်။ "ကိုယ် အမြန်ဆုံး ပြန်လာခဲ့မယ်"
"ကျွန်မ လာရှာမယ်လို့ ပြောထားတာကို ရှင်က ပြန်လာရှာမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ "စစ်သေနာပတိချုပ်... ရှင်က ဘာလို့ ခဏခဏ စိတ်ပြောင်းနေတာလဲ"
ငါတို့ ဘယ်တုန်းက သဘောတူထားလို့လဲ။
လိုကျစ်ကွေ့ နဖူးကို ပွတ်သပ်လိုက်သည်။ မင်း မြို့တော်မှာပဲ လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်လေးစောင့်နေပါလို့ ပြောချင်သော်လည်း စကားပြောခါနီးတွင် ကိစ္စတစ်ခု သတိရသွားသည်။ "မင်း နဉ်ရှောင်မုကို အစ်ကိုကြီးနဉ်လို့ ခေါ်ပြီး ကိုယ့်ကျတော့ စစ်သေနာပတိချုပ်လို့ပဲ ဆက်ခေါ်နေတော့မှာလား"
"ဘာဖြစ်လို့လဲ" နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ "စစ်သေနာပတိချုပ်ဆိုတဲ့ အခေါ်အဝေါ်က ဘယ်လောက်မိုက်လဲ။ ကြားလိုက်တာနဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးမှန်း သိသာနေတာပဲ။ ရှင် မကြိုက်ဘူးလား။ ဒါဆို ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ။ အစ်ကိုလို့ ခေါ်ရမလား။ အဲ့လိုခေါ်ရင် ကျွန်မတို့ အိပ်ရာဝင်တဲ့အခါ ကျွန်မက အစ်ကို... အစ်ကိုနဲ့ အော်ခေါ်နေရင် ရှင် စိတ်ဒဏ်ရာရမသွားဘူးလား"
လိုကျစ်ကွေ့: "..."
"ဒါမှမဟုတ်..." နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ "စစ်သေနာပတိချုပ်က အစ်ကိုကြီး... အချစ်တော်အစ်ကိုကြီးဆိုတာမျိုး ကြိုက်လို့လား" ကြည့်ရတာ စစ်သေနာပတိချုပ်ကလည်း လိုချင်တပ်မက်မှုတွေ ရှိသားပဲ။
လိုကျစ်ကွေ့ အသက်ပြင်းပြင်း ရှူလိုက်သည်။ ဒီစကားတွေ ဆက်ပြောနေရင် သူ ပိုစိတ်ပင်ပန်းရလိမ့်မယ်။ အခန်းတံခါးကို လှည့်ကြည့်လိုက်ရာ သူ ဝင်လာကတည်းက သော့ခတ်ထားခဲ့သည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်တွေလည်း ပိတ်ထားသည်။ လိုကျစ်ကွေ့သည် ကုတင်ပေါ်သို့ လှဲချလိုက်ပြီး လက်လှမ်းကာ နဉ်ရှောင်ယောင်းကို ဆွဲချလိုက်သည်။
နဉ်ရှောင်ယောင်းသည် အစ်ကိုကြီး... အချစ်တော်အစ်ကိုကြီး ကိစ္စကို စဉ်းစားနေဆဲဖြစ်သည်။ သူမအပေါ် ရောက်နေသော ချောမောသည့် မျက်နှာကိုကြည့်ပြီး အရှင်မင်းကြီးနဉ်သည် စမ်းသပ်ကာ လိုကျစ်ကွေ့ကို ခေါ်လိုက်သည်။
"အစ်ကို?"
လိုကျစ်ကွေ့ အံကြိတ်ပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။ "ခဏနေမှ အစ်ကိုလို့ ခေါ်"
"ဟင်" နဉ်ရှောင်ယောင်း နားမလည်လိုက်ပေ။
ကုတင်နှင့် ခြင်ထောင်များ လှုပ်ခါသွားသည်။ နဉ်ရှောင်ယောင်းသည် အစ်ကိုကြီး၊ အချစ်တော်အစ်ကိုကြီးကိစ္စကို နားမလည်လိုက်သလို လိုကျစ်ကွေ့ ဘာကြောင့် ရုတ်တရက် စိတ်မြန်လက်မြန် ဖြစ်သွားပြီး အရင်ကထက် ပိုပြင်းပြနေသည်ကိုလည်း နားမလည်လိုက်ပေ။ သို့သော် လိုကျစ်ကွေ့၏ ချွေးစိုနေသော လည်ပင်းကို ဖက်ထားရင်း နဉ်ရှောင်ယောင်း ဝေခွဲမရဖြစ်နေသည်။ ဒီလိုအချိန်မျိုးမှာ ပြဿနာတွေကို စဉ်းစားနေတာ သူမ ရူးနေလို့များလား။
....
ထိုက်ဟွာနန်းဆောင်၏ ပင်မခန်းမဆောင်တွင် ရွှီဖေးယွီသည် လက်ဖက်ရည် သုံးခွက်သောက်ပြီးပြီဖြစ်သော်လည်း နဉ်ရှောင်ယောင်း ပေါ်မလာသေးပေ။ ယင်းယွီဟုခေါ်သော နဂါးအစောင့်တပ်မှူးက သူ့ကို စတုတ္ထမြောက် လက်ဖက်ရည်ခွက် ငှဲ့ပေးနေသည်ကို ကြည့်ပြီး စစ်သူကြီးရွှီ မနေနိုင်ဘဲ မေးလိုက်သည်။
"အရှင်မင်းကြီးက..."
ယင်းယွီ မျက်နှာမည်းနေသည်။ ဒီလူက သူ့သခင်ကို ကူညီပေးတယ်ဆိုပေမယ့် မိဖုရားခေါင်ကြီးကို လုယူသွားတဲ့ အပြစ်ကိုတော့ ကျေအောင်မဆပ်နိုင်သေးဘူး။ အရှင်မင်းကြီးနဲ့ ကြိုမတိုင်ပင်ထားလို့သာ မဟုတ်ရင် နဂါးအစောင့်တပ်မှူး သုံးယောက်မြောက်သည် ဒီကောင်စုတ်ကို ကြွက်သတ်ဆေးခတ်ပြီး သတ်ပစ်လိုက်ပြီဖြစ်သည်။
"ဒေါက်" ခနဲ လက်ဖက်ရည်ကရားကို စားပွဲပေါ် တင်လိုက်ပြီး ယင်းယွီက ရွှီဖေးယွီကို ပြောလိုက်သည်။ "အရှင်မင်းကြီးက တိုင်းပြည်အရေးနဲ့ အလုပ်ရှုပ်နေတာ။ စစ်သူကြီးရွှီက ထိုင်စောင့်နေရုံနဲ့ မစောင့်နိုင်တော့ဘူးလား"
ရွှီဖေးယွီ စကားမပြောဘဲ နေလိုက်တာ ပိုကောင်းမယ်လို့ ခံစားလိုက်ရသည်။
"လက်ဖက်ရည် များများသောက်" ယင်းယွီ ပြောလိုက်သည်။ "အရှင်မင်းကြီးက ခင်ဗျားကို ထမင်းကျွေးမယ်လို့ မမျှော်လင့်နဲ့"
ရွှီဖေးယွီ: "..." သူ တော်ဝင်စားပွဲကို မျှော်လင့်နေတာ မဟုတ်ပါဘူး။
"ဪ... ဒါနဲ့..." ယင်းယွီ ဆက်ပြောသည်။ "နန်းတော်ထဲမှာ အိမ်သာသွားရတာ အဆင်မပြေဘူး။ စစ်သူကြီးရွှီ လက်ဖက်ရည်အများကြီး သောက်ပြီးရင် အောင့်ထားရလိမ့်မယ်"
ရွှီဖေးယွီ ဘာမှပြန်မပြောနိုင်တော့ပေ။ အရှင်မင်းကြီးကို လာတွေ့တဲ့သူက အရေးပေါ်ကိစ္စရှိလာရင် အောင့်မထားနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဘောင်းဘီထဲ ပေါက်ချရမှာလား။
"စစ်သူကြီးရွှီ... ရေသောက်ပါဦး" ယင်းယွီ စားပွဲကို ခေါက်လိုက်သည်။
စစ်သူကြီးရွှီသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကြည့်ပြီး ယင်းယွီ၏မျက်နှာကို အဲ့ဒီရေတွေနဲ့ ပက်ချင်စိတ် ပေါက်သွားသည်။ သစ္စာရှိကြောင်းပြဖို့အတွက် သူ့ကို နှိပ်စက်ချင်ရင်တောင် ရေသောက်ခိုင်းပြီး ဆီးအောင့်ခိုင်းတဲ့နည်းနဲ့ နှိပ်စက်ရလား။ ဒီလိုဦးနှောက်မျိုးနဲ့ ဘယ်လိုလုပ် နဂါးအစောင့် ဖြစ်လာတာလဲ။
"ဒီလက်ဖက်ရည်ကို မကြိုက်တော့ဘူးလား" ယင်းယွီသည် ရွှီဖေးယွီ ထိုင်နေသည်ကိုမြင်တော့ ပြောလိုက်သည်။ "ဒါဆို နောက်တစ်မျိုး သွားလဲပေးရမလား"
"မလိုတော့ပါဘူး။ ငါ လက်ဖက်ရည် မသောက်တော့ဘူး" ရွှီဖေးယွီသည် ယင်းယွီကို အေးစက်စွာ ပြောလိုက်သည်။ "တတိယတပ်မှူးက ငါ့ကို အတင်းသောက်ခိုင်းဦးမလို့လား"
ယင်းယွီ လေအေးတစ်ချက် ရှိုက်လိုက်သည်။ ဒီကောင်စုတ်က ထိုက်ဟွာနန်းဆောင်ထဲ ရောက်နေတာတောင် ဒေါသကြီးနေတုန်းပဲလား။ မျက်နှာက တယ်ထူပါလား။
စစ်သူကြီးရွှီသည် ယင်းယွီကို ထိုင်ကြည့်နေလိုက်သည်။ ဒီနဂါးအစောင့်တပ်မှူးက သူ့ကို ရိုက်ရဲမလား ကြည့်ရသေးတာပေါ့။
ယင်းယွီ လက်သီးဆုပ်ထားသည်။ အရှင်မင်းကြီးအမိန့်မရှိဘဲနဲ့တော့ ဒီကောင်စုတ်ကို သူ ဝင်မရိုက်ရဲပေ။
"မျှော်လင့်ချက် မရှိတော့ဘူး" ပင်မခန်းမဆောင် ပြတင်းပေါက်အပြင်ဘက်တွင် ယင်းလေက ယင်းတျန့်ကို ပြောလိုက်သည်။ "ငါ ပြောသားပဲ... တတိယကောင်ရဲ့ နည်းလမ်းက အသုံးမဝင်ပါဘူးလို့။ ဒီလိုမှန်းသိရင် လက်ဖက်ရည်ထဲ ဝမ်းနှုတ်ဆေးခတ်လိုက်တာ ပိုကောင်းတယ်"
ယင်းတျန့်သည် ယင်းလေကို မျက်ဖြူလှန်ပြလိုက်သည်။ ဒီကောင်က အမြဲတမ်း ပြီးမှ လာပြောတတ်တယ်။ အခုမှ ဝမ်းနှုတ်ဆေးခတ်ဖို့ သတိရနေလား။ စောစောက ဘာလုပ်နေလဲ။
လောင်တသည် ပန်းခင်းထဲမှ ပြေးထွက်လာသည်။ ကြောင်ကြီး နားမထောင်နိုင်တော့ပေ။ ဒီလူတွေက ငတုံးမလေးနဲ့ အပေါင်းအသင်း လုပ်တာကြာသွားလို့ သူတို့ပါ တုံးကုန်ကြပြီ။ တကယ်အစွမ်းအစရှိရင် အဲ့ဒီရွှီဆိုတဲ့ကောင်စုတ်ကို ဝိုင်းကိုက်သတ်လိုက်ကြပါလား။ (တော်ပါတော့...)
....
"အစ်ကိုလို့ ခေါ်" အိပ်ခန်းထဲတွင် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဖက်ထားရင်း ပျင်းရိသောလေသံဖြင့် ပြောလိုက်သည်။ "တစ်ခေါက်လောက် ခေါ်ကြည့်"
နဉ်ရှောင်ယောင်း နှာသံဖြင့် ပြောလိုက်သည်။ "အစ်ကို"
"ပြီးတော့ရော" လိုကျစ်ကွေ့ မေးလိုက်သည်။
"အဲ... အစ်ကိုကြီး"
"ပြီးတော့ရော"
"ဪ... အချစ်တော်အစ်ကိုကြီး"
ကုတင်လိုက်ကာ လှုပ်ခါသွားပြီး ကျလာကာ လေတိုက်ခတ်မှုကြောင့် ငှက်ရုပ်နှုတ်သီးထဲမှ ဖယောင်းတိုင်မီး ငြိမ်းသွားလေသည်။
ပြတင်းပေါက်အပြင်ဘက်သို့ ပြန်ရောက်လာသော လောင်တ: "..." သူ ပင်မခန်းမဆောင်ဘက် အပျော်သွားကြည့်နေတုန်း ဒီမှာ ဘာတွေဖြစ်သွားတာလဲ။
***