အခန်း (၃၂၅-၃၂၆)
Vol. 21 Ch. 325-326
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၅ ။ မယ်တော်ကြီးဆီ သွားရှာတဲ့ စစ်သေနာပတိချုပ်လို
"ကျွန်မ စစ်သူကြီးရွှီကို သွားတွေ့မလို့။ ရှင် လိုက်ဦးမလား"
အဝတ်အစားများ လဲဝတ်ပြီးပြီဖြစ်သော နဉ်ရှောင်ယောင်းသည် ကုတင်ဘေးတွင် ရပ်လျက် လိုကျစ်ကွေ့ကို မေးလိုက်သည်။ သူမ၏ ဆံပင်များကိုလည်း လိုကျစ်ကွေ့က ပြန်လည်ဖြီးသင်ပေးထား၏။
"ဒါမှမဟုတ် စစ်သေနာပတိချုပ်... အခုပဲ ပြန်တော့မလို့လား"
"ရွှီဖေးယွီကို သွားရိုက်ပေးရမလား"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုအပြည့်ရှိနေသဖြင့် နဉ်ရှောင်ယောင်းအနေဖြင့် လိုကျစ်ကွေ့က တကယ်ပဲ ရွှီဖေးယွီကို သွားရိုက်ချင်နေတာလား၊ နောက်ပြောင်နေတာလားဆိုသည်ကို ခွဲခြားမရနိုင်ပေ။
"နောက်နေတာလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
လိုကျစ်ကွေ့ ထထိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "နောက်တာ မဟုတ်ဘူး"
"ဪ... ဒါဆို ဒီမှာပဲ ကျွန်မ ပြန်လာတာ စောင့်နေလိုက်ပါ" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို တွန်းလှဲလိုက်ပြီး ပြောသည်။ "ကျွန်မ စစ်သူကြီးရွှီနဲ့ စကားသွားပြောပြီးတာနဲ့ ရှင့်ကို မြို့ပြင် လိုက်ပို့ပေးမယ်"
"မင်း ရွှီဖေးယွီနဲ့ ဘာပြောစရာရှိလို့လဲ" လိုကျစ်ကွေ့ မေးလိုက်သည်။
"သူ ရောက်လာမှတော့ နှုတ်ဆက်သင့်တယ်လေ" နဉ်ရှောင်ယောင်း ခေါင်းကုတ်ပြီး လှည့်ထွက်သွားတော့သည်။
နဉ်ရှောင်ယောင်း ထွက်သွားသည်နှင့် လိုကျစ်ကွေ့၏မျက်နှာထား ချက်ချင်း အေးစက်သွားသည်။ သူ အမြန်ပြန်ဖို့ လိုအပ်ပေမယ့် တချို့ကိစ္စတွေကို အရင်ရှင်းရဦးမည်။
....
"စစ်သေနာပတိချုပ်"
ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားများ ခြံဝင်းထဲ ဝင်လာသောအခါ လိုကျစ်ကွေ့ စင်္ကြံလမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ယင်းဖုန်း အပြေးကလေးသွားပြီး လိုကျစ်ကွေ့ကို အရိုအသေပေးလိုက်သည်။
"အရှင်မင်းကြီးရော" လိုကျစ်ကွေ့ မေးလိုက်သည်။
"ယင်းလေတို့ သုံးယောက် ပင်မခန်းမဆောင်မှာ ရှိနေပါတယ်။ အရှင်မင်းကြီး ဘာမှမဖြစ်ပါဘူး" ယင်းဖုန်း ပြန်ဖြေသည်။
"သွားကြစို့" လိုကျစ်ကွေ့ လှေကားထစ်များမှ ဆင်းလိုက်သည်။
နဂါးအစောင့်တပ်သားများသည် လိုကျစ်ကွေ့နောက်မှ လိုက်ပါလာပြီး မယ်တော်ကြီးနန်းဆောင်တံခါးဝသို့ ရောက်မှ လိုကျစ်ကွေ့က သူတို့ကို မယ်တော်ကြီးရှဲ့ဆီ ခေါ်လာမှန်း သိလိုက်ရသည်။
"မယ်တော်ကြီး အခန်းထဲမှာပါ" မှောင်မည်းနေသော နန်းဆောင်ကို ညွှန်ပြရင်း ယင်းဖုန်း တိုးတိုးလေး ပြောပြသည်။ "ညနေစောင်းကတည်းက မင်းသားချန်ကိုပွေ့ပြီး အခန်းထဲ ဝင်သွားတာ ခုထိ ဘာသံမှ မကြားရသေးဘူး"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်ပြီး လှေကားထစ်များအတိုင်း တက်သွားကာ တံခါးကိုတွန်းဖွင့်၍ ဝင်သွားလိုက်သည်။
ယင်းဖုန်းသည် နဂါးအစောင့်တပ်သားများကို ခြံဝင်းထဲတွင် စောင့်ခိုင်းထားပြီး သူကိုယ်တိုင် တံခါးဝတွင် စောင့်နေလိုက်သည်။
လသာပြီး ကြယ်တာရာများ နည်းပါးသော ညတစ်ညဖြစ်သည်။ အခန်းထဲတွင် မီးမရှိသော်လည်း မယ်တော်ကြီးရှဲ့သည် နဉ်ရှင်းကိုပွေ့လျက် ထောင့်တစ်နေရာရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို လိုကျစ်ကွေ့ မြင်နေရသည်။ လိုကျစ်ကွေ့သည် ဖယောင်းတိုင်မီးထွန်းလိုက်ပြီး မီးခွက်စင်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုနေရာသည် မယ်တော်ကြီးရှဲ့နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။
တံခါးဖွင့်သံ၊ လူဝင်လာသံ၊ မီးထွန်းသံနှင့် လူတစ်ယောက် သူ့ရှေ့တွင် လာထိုင်သံများ ကြားရသော်လည်း မယ်တော်ကြီးရှဲ့ မော့မကြည့်ပေ။ မင်းသားချန် နဉ်ရှင်းသည်လည်း ငိုလွန်းလို့ မောသွားသည်လားမသိ၊ မယ်တော်ကြီးရှဲ့၏ရင်ခွင်ထဲတွင် ငြိမ်သက်နေသည်။
လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့ကိုကြည့်ပြီး ရယ်မောကာ မေးလိုက်သည်။
"မယ်တော်ကြီးက မင်းသားချန်ကိုပါခေါ်ပြီး နန်းဆောင်ထဲမှာ အစာငတ်ခံ သေမလို့လား"
လိုကျစ်ကွေ့အသံကြားမှ မယ်တော်ကြီးရှဲ့ ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ မျက်နှာမှာ ဖြူဖျော့ချည့်နဲ့နေပြီး အိုစာသွားသကဲ့သို့ ဖြစ်နေသည်။
"မင်းသားချန် နေကောင်းရဲ့လား" လိုကျစ်ကွေ့ မေးလိုက်သည်။
မယ်တော်ကြီးရှဲ့သည် နဉ်ရှင်းကို တင်းကျပ်စွာ ဖက်ထားလိုက်မိရာ နဉ်ရှင်း နာသွားပြီး ထငိုတော့သည်။ သို့သော် အသံမှာ တိုးညင်းလှပြီး ကြောင်ပေါက်လေး အော်သံကဲ့သို့ အားမရှိရှာပေ။
"ယင်းဖုန်း ဝင်ခဲ့" လိုကျစ်ကွေ့ ခေါ်လိုက်သည်။
ယင်းဖုန်း ဝင်လာသည်။
"မင်းသားချန်ကို အရင်ပွေ့ထုတ်သွားလိုက်" လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။
ယင်းဖုန်းသည် ထောင့်တွင်ကွေးနေသော မယ်တော်ကြီးရှဲ့ကို တစ်ချက်ကြည့်ပြီး တွေဝေသွားသော်လည်း မယ်တော်ကြီးရှဲ့အနားသို့ လျှောက်သွားလိုက်သည်။
"နင်... နင်တို့ ဘာလုပ်ကြမလို့လဲ" မယ်တော်ကြီးရှဲ့ စကားပြောလာပြီဖြစ်သည်။ အသံမှာ စူးရှနေ၏။ "နင်တို့ ကျွန်တွေ... တော်တော် သတ္တိကောင်းနေပါလား"
ယင်းဖုန်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူက မယ်တော်ကြီးရှဲ့ကို မုန်းသော်လည်း မယ်တော်ကြီးလက်ထဲက မင်းသားတစ်ပါးကို အတင်းလုယူရမည့်ကိစ္စမျိုး တစ်ခါမှ မလုပ်ဖူးပေ။ ကြောက်တာတစ်ပိုင်း၊ အတွေ့အကြုံမရှိတာတစ်ပိုင်း ဖြစ်နေသည်။
"ထွက်သွားစမ်း" မယ်တော်ကြီးရှဲ့ ယင်းဖုန်းကို စူးစူးဝါးဝါး အော်ငေါက်လိုက်သည်။
လိုကျစ်ကွေ့ လျှောက်လာပြီး မယ်တော်ကြီးရှဲ့လက်ထဲမှ နဉ်ရှင်းကို ဆွဲယူလိုက်သည်။ မယ်တော်ကြီးရှဲ့က ကလေးကို တင်းကျပ်စွာ ဖက်ထားသော်လည်း စစ်သည်တစ်ယောက်၏ အားကို နန်းတွင်းသူတစ်ယောက်က ဘယ်ယှဉ်နိုင်ပါ့မလဲ။
ယင်းဖုန်း ကြောင်အမ်းအမ်းဖြစ်နေစဉ် လက်ထဲသို့ လေးလံသော အရာတစ်ခု ရောက်လာသည်။ ငုံ့ကြည့်လိုက်ရာ မင်းသားချန် နဉ်ရှင်း ဖြစ်နေသည်။
"ခေါ်သွား။ ပြုစုစောင့်ရှောက်ဖို့ အထိန်းတော်တစ်ယောက် ရှာလိုက်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "မယ်တော်ကြီးက အစာမစားဘဲ တစ်ရက်နှစ်ရက် နေနိုင်ပေမယ့် မင်းသားချန်က ငယ်သေးတယ်။ ဘယ်ခံနိုင်ပါ့မလဲ"
ယင်းဖုန်းသည် သူ့ဆီပြေးလာသော မယ်တော်ကြီးရှဲ့ကို ရှောင်တိမ်းလိုက်ပြီး နဉ်ရှင်းကိုပွေ့လျက် အခန်းထဲမှ ထွက်ခွာသွားလေသည်။
မယ်တော်ကြီးရှဲ့ အရှိန်လွန်ပြီး လဲကျသွားသည်။ ယင်းဖုန်း သူ့သားကိုပွေ့ပြီး ထွက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။ ထရပ်ဖို့ပင် အားမရှိတော့ပေ။
လိုကျစ်ကွေ့ မူလနေရာတွင် ပြန်ထိုင်လိုက်သည်။ မယ်တော်ကြီးရှဲ့ ကြမ်းပြင်မှ ကုန်းထပြီး အခန်းပြင် ပြေးထွက်သွားသည်အထိ လိုကျစ်ကွေ့ ထိုင်ရာမှ မထပေ။
ယင်းဖုန်းသည် တံခါးဝတွင် ရပ်နေပြီး ခြံဝင်းထဲတွင် နဂါးအစောင့်တပ်သားများ ရပ်နေသည်။ သို့သော် နဉ်ရှင်းကို နဂါးအစောင့်တပ်သားနှစ်ဦးက ခေါ်ဆောင်သွားပြီးဖြစ်ရာ မယ်တော်ကြီးရှဲ့ ခြံဝင်းတံခါးဝအထိ လိုက်သွားသော်လည်း သားဖြစ်သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
အခန်းတံခါးကို နံရံနှင့် ဆောင့်ပိတ်လိုက်သံ ကြားလိုက်ရပြီးနောက် ပြန်ဝင်လာသော မယ်တော်ကြီးရှဲ့ကို လိုကျစ်ကွေ့ မော့ကြည့်လိုက်သည်။
"နင် နဉ်ရှင်းကို ဘယ်ပို့လိုက်တာလဲ" မယ်တော်ကြီးရှဲ့ လိုကျစ်ကွေ့ကို အော်မေးလိုက်သည်။ "အရှင်မင်းကြီး ခိုင်းလိုက်တာလား"
"ဘာဖြစ်လို့လဲ" လိုကျစ်ကွေ့ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မယ်တော်ကြီးက အပြင်က ကျွန်တွေကို ဒေါသထွက်နေတုန်းပဲလား"
နဂါးအစောင့်တပ်သားများသည် အမိန့်နာခံရသူများသာဖြစ်ကြောင်း မယ်တော်ကြီးရှဲ့ သိသည်။ ယင်းဖုန်းတို့နှင့် ပြောနေလည်း အလကားပင်။
"နဉ်ယွီက တကယ်ပဲ မကြောက်တော့ဘူးလား" ဖယောင်းတိုင်မီးရောင်အောက်တွင် မယ်တော်ကြီးရှဲ့၏ မျက်နှာသည် ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
လိုကျစ်ကွေ့ ရယ်မောလိုက်သည်။ "ဒီအခြေအနေရောက်နေတာတောင် မယ်တော်ကြီးက အရှင်မင်းကြီးကို ခြိမ်းခြောက်နိုင်သေးတယ်လို့ ထင်နေတုန်းလား"
မယ်တော်ကြီးရှဲ့ အေးစက်စွာ ပြောလိုက်သည်။ "နဉ်ရှင်းကို ပြန်ပေး။ မဟုတ်ရင် ငါ..."
"ယင်းဖုန်း... မင်း ထွက်သွားလိုက်တော့" လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့၏ စကားကို ဖြတ်ပြောလိုက်ပြီး အပြင်ဘက်ရှိ ယင်းဖုန်းကို အမိန့်ပေးလိုက်သည်။ "နဂါးအစောင့်တွေကိုခေါ်ပြီး ခြံဝင်းအပြင် ထွက်နေကြ"
ပြင်ပမှ အရာရှိတစ်ဦးသည် မယ်တော်ကြီးနှင့်အတူ နှစ်ယောက်တည်း ရှိနေခွင့်မရှိပေ။ ယင်းဖုန်းသည် စည်းမျဉ်းမကျမှန်း သိသော်လည်း နဉ်ရှောင်ယောင်းနှင့် မယ်တော်ကြီးရှဲ့၏ ဆက်ဆံရေးကို တွေးမိပြီး ဘာမှပြန်မပြောဘဲ လူများကိုခေါ်ထုတ်ကာ ခြံဝင်းအပြင်ဘက်သို့ ထွက်သွားလေသည်။
လိုကျစ်ကွေ့သည် ခါးကြားမှ ဓားကို လက်ဖြင့်ပုတ်လိုက်ပြီး မယ်တော်ကြီးရှဲ့ကို ကြည့်ကာ ပြောလိုက်သည်။
"ဆက်ပြောလေ။ စောစောက ဘာပြောချင်တာလဲ။ မဟုတ်ရင် ဘာလုပ်မယ် ကြံထားလဲ"
လိုကျစ်ကွေ့က ပြောခိုင်းနေသော်လည်း မယ်တော်ကြီးရှဲ့ မပြောရဲတော့ပေ။ အတူသေမယ်ဆိုတဲ့ စကားကို ထုတ်ပြောလိုက်ရင် သူမအတွက် ထွက်ပေါက်ပိတ်သွားလိမ့်မည်။
"တိုတိုပဲ ပြောကြတာပေါ့" လိုကျစ်ကွေ့၏အသံ ပိုအေးစက်လာသည်။ "အိမ်ရှေ့စံ လုပ်ကြံခံရပြီးကတည်းက သူ့အတွက် လက်စားချေပေးမယ်လို့ ကျွန်တော် ကျိန်ဆိုခဲ့တယ်"
မယ်တော်ကြီးရှဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြန်ရပ်တန့်လိုက်သည်။ လိုကျစ်ကွေ့ရှေ့တွင် အားနည်းကြောင်း မပြချင်ပေ။
"ဒါဆို ငါ့ကိုသတ်လိုက်လေ။ မင်းသားချန်က ကလေးပဲ ရှိသေးတာ။ နင် လိုကျစ်ကွေ့က အန်းယွမ်စစ်သေနာပတိချုပ်ဖြစ်ပြီးတော့ ကလေးတစ်ယောက်ကို ရန်ရှာချင်နေတာလား"
"ကလေး?" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အဲ့ဒီတုန်းက အိမ်ရှေ့စံရဲ့ သားငယ်လေးက မွေးတာ သုံးရက်ပဲ ရှိသေးတယ်။ မယ်တော်ကြီး လွှတ်ပေးခဲ့လို့လား။ အခုမှ ကလေးလို့ လာပြောနေတာ ရယ်စရာမကောင်းဘူးလား"
မယ်တော်ကြီးရှဲ့၏မျက်နှာ ဖြူဖျော့သွားသည်။
"ခင်ဗျား သေသင့်တယ်" လိုကျစ်ကွေ့ မယ်တော်ကြီးရှဲ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားပြီး ခင်ဗျားရဲ့ ဆွေမျိုးအသိုင်းအဝိုင်း အားကိုးရာမဲ့သွားတဲ့အချိန်၊ အရှင်မင်းကြီးနဲ့လည်း ရေနဲ့မီးလို ဖြစ်နေတဲ့အချိန်မှာ ခင်ဗျားက မင်းသားချန်ကိုခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ကြည့်ရတာ ကျွန်တော် ခင်ဗျားရဲ့ မျက်နှာပြောင်တိုက်မှုကို လျှော့တွက်မိသွားတယ်။ ဆွေကြီးမျိုးကြီးသမီးကလည်း ကောင်းကောင်းသေတာထက် မကောင်းသော်လည်း ရှင်နေရတာ ပိုမြတ်တယ်ဆိုတဲ့ သဘောတရားကို နားလည်ထားတာပဲ"
အချိန်အတော်ကြာမှ မယ်တော်ကြီးရှဲ့ ပြောလိုက်သည်။ "ငါ အရှင်မင်းကြီးကို တွေ့ချင်တယ်"
"မယ်တော်ကြီး... ဟာသတွေ လာပြောမနေပါနဲ့" လိုကျစ်ကွေ့၏ အေးစက်သော အပြုံးကြောင့် မယ်တော်ကြီးရှဲ့ ကြက်သီးထသွားသည်။ "ကျွန်တော် ခင်ဗျားကို သတ်ချင်ရင် အရှင်မင်းကြီး မသိအောင် သတ်လို့ရတယ်"
မယ်တော်ကြီးရှဲ့ လှည့်ပြေးရန် ပြင်လိုက်သော်လည်း မိန်းမသားတစ်ယောက်အနေဖြင့် လိုကျစ်ကွေ့လက်မှ လွတ်အောင် ပြေးနိုင်ပါ့မလားဟု တွေးမိလိုက်သည်။
"နဉ်ရှင်းကို ကျွန်တော့်အနားမှာ ခေါ်ထားလိုက်မယ်"
လိုကျစ်ကွေ့၏စကားကြောင့် မယ်တော်ကြီးရှဲ့ လှည့်ကြည့်လိုက်သည်။
"ခဏနေရင် ကျွန်တော် ကလေးတစ်ယောက်ကို နန်းတော်ထဲ ပို့ခိုင်းလိုက်မယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အခုခေတ်က မိဘမဲ့ကလေးတွေ ပေါပါတယ်။ မိဘနှစ်ပါးစလုံးမရှိတဲ့ ကလေးတစ်ယောက်ကို ခေါ်လာခဲ့မယ်။ မယ်တော်ကြီးက အဲ့ဒီကလေးကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်ပါ"
"နင်... နင် ဘာလုပ်မလို့လဲ" မယ်တော်ကြီးရှဲ့ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
"မယ်တော်ကြီး ငြိမ်ငြိမ်သက်သက် မနေဘူးလို့ ကြားတာနဲ့" လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။ "နဉ်ရှင်းရဲ့ခေါင်းကို ခင်ဗျားဆီ ပို့ပေးလိုက်မယ်"
မယ်တော်ကြီးရှဲ့ မတ်တတ်မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ပုံရက်သား လဲကျသွားသည်။
"အဲ့ဒီမိဘမဲ့ကလေးကိုလည်း ခင်ဗျားလက်ထဲမှာ ကြီးပြင်းခွင့်မပေးနိုင်ဘူး" လိုကျစ်ကွေ့ ဆက်ပြောသည်။ "ကျွန်တော် ခင်ဗျားကို မယုံဘူး"
"မဖြစ်ဘူး... မလုပ်ရဘူး" မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်သည်။
"ခင်ဗျားမှာ ဘာအာဏာရှိလို့လဲ" လိုကျစ်ကွေ့ ပြောလိုက်သည်။ "ကျွန်တော့်စကားကို မှတ်ထား။ ခင်ဗျား တစ်ခုခုကြံစည်တာနဲ့ နဉ်ရှင်းကို သတ်ပစ်မယ်"
"သူက..." မယ်တော်ကြီးရှဲ့ စကားမပြောနိုင် ဖြစ်နေပြီးမှ အားယူအော်ပြောလိုက်သည်။ "သူက နဉ်ယွီရဲ့ မောင်အရင်းလေ"
"အိမ်ရှေ့စံကလည်း အရှင်မင်းကြီးရဲ့ အစ်ကိုအရင်းပဲ" လိုကျစ်ကွေ့ ရယ်မောလိုက်သည်။
"သူတို့က အမေတူအဖေတူ မောင်နှမတွေလေ" မယ်တော်ကြီးရှဲ့ အော်ပြောလိုက်သည်။
လိုကျစ်ကွေ့ မတ်တတ်ထရပ်ပြီး ရုတ်တရက် ဓားဆွဲထုတ်ကာ မယ်တော်ကြီးရှဲ့ကို ခုတ်ပိုင်းလိုက်သည်။
"အား..."
မယ်တော်ကြီးရှဲ့ ခေါင်းကိုအုပ်ပြီး အော်ဟစ်လိုက်သည်။
မယ်တော်ကြီးရှဲ့နောက်မှ တံခါးရွက်သည် ဓားချက်ကြောင့် နှစ်ပိုင်းကွဲပြီး ကြမ်းပြင်ပေါ်သို့ "ဒုန်း" ခနဲ ပြုတ်ကျသွားလေသည်။
မယ်တော်ကြီးရှဲ့သည် ဘေးနားမှ ဆံပင်စများကို ကြောင်ငေးကြည့်လိုက်မိသည်။ ကြမ်းပြင်ပေါ်မှာ ဘာလို့ ဆံပင်တွေ ရောက်နေတာလဲ။
လိုကျစ်ကွေ့ ဓားကိုကိုင်လျက် မယ်တော်ကြီးရှဲ့ကို အေးစက်စွာ ကြည့်နေသည်။
မယ်တော်ကြီးရှဲ့ သူမ၏ခေါင်းကို စမ်းကြည့်လိုက်ရာ ဆံပင်များ တိုသွားသည်ကို သတိထားမိလိုက်သည်။ ကြမ်းပြင်ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ဆံပင်များ ဖြစ်နေကြောင်း သိလိုက်ရပြီး အော်ဟစ်ငိုကြွေးလိုက်သည်။
"မယ်တော်ကြီးနန်းဆောင်က ခင်ဗျားလို မိန်းမမျိုး နေသင့်တဲ့နေရာ မဟုတ်ဘူး" လိုကျစ်ကွေ့ ပြောလိုက်သည်။ "ဆံပင်ဖြတ်ပြီး ဘုရားတရားနဲ့ပဲ မွေ့လျော်နေလိုက်တော့"
"လိုကျစ်ကွေ့!" မယ်တော်ကြီးရှဲ့ မတ်တတ်ထရပ်ပြီး လိုကျစ်ကွေ့ကို ရန်မူရန် ပြင်လိုက်သည်။
လိုကျစ်ကွေ့ ဓားဖြင့် မယ်တော်ကြီးရှဲ့၏ပခုံးကို တွန်းလိုက်သည်။
မယ်တော်ကြီးရှဲ့ ကြမ်းပြင်ပေါ်သို့ ထပ်မံလဲကျသွားသည်။ ဓားသွားနှင့် ရင်ဆိုင်လိုက်ရသောအခါ မယ်တော်ကြီး၏သတ္တိများ ပျောက်ဆုံးသွားတော့သည်။
"မသွားဘူးဆိုရင် အခု နဉ်ရှင်းကို သတ်လိုက်မယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အခု ပြော... ခင်ဗျား ဘယ်မှာသွားနေမလဲ"
မယ်တော်ကြီးရှဲ့ နှုတ်ခမ်းများ တုန်ယင်နေပြီး ငိုလျက် ပြောလိုက်သည်။ "ငါ့ကို သတ်လိုက်ပါတော့"
"ကောင်းပြီ" လိုကျစ်ကွေ့ ဓားကိုမြှောက်ပြီး မယ်တော်ကြီးရှဲ့၏လည်ပင်းကို ချိန်ရွယ်လိုက်သည်။
"ငါ ဘုရားကျောင်းဆောင်ကို သွားမယ်" ဓားသွား၏ အေးစက်သော အရောင်လက်သွားသည်ကို မြင်လိုက်ရသောအခါ မယ်တော်ကြီးရှဲ့ စကားပြန်ပြင်လိုက်သည်။
"လာကြ" လိုကျစ်ကွေ့ ဓားကို ပြန်သိမ်းလိုက်ပြီး အပြင်ဘက်ကို လှမ်းခေါ်လိုက်သည်။
အပြင်မှာ လူရှိနေသေးတာလား။ မယ်တော်ကြီးရှဲ့ ပျာပျာသလဲ လှမ်းကြည့်လိုက်သည်။
ဆရာတော်ကူမု အခန်းထဲ ဝင်လာသည်။ ဆရာတော် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိပေ။ မယ်တော်ကြီးရှဲ့ကိုကြည့်ပြီး သနားသည့်အရိပ်အယောင်များ မျက်လုံးထဲတွင် ပေါ်လာသော်လည်း လိုကျစ်ကွေ့၏ အေးစက်သော အကြည့်အောက်တွင် မျက်လွှာချကာ ဘုရားစာ ရွတ်ဆိုလိုက်သည်။
"အော်မိထောဖော်"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၆။ ကျွန်းတစ်ကျွန်းပေါ်တွင် အကျဉ်းကျနေသော မယ်တော်ကြီး
ဆရာတော်ကူမု ရောက်လာသည်ကို မြင်သောအခါ လိုကျစ်ကွေ့သည် နဉ်ရှင်းကို ခေါ်ထုတ်သွားရုံသာမက သူမကိုပါ နန်းဆောင်မှ မောင်းထုတ်လိုသည်ကို မယ်တော်ကြီးရှဲ့ နားလည်လိုက်သည်။ ဒီလူက သူမကို ဆံပင်ရိတ်ပြီး သီလရှင်ဝတ်ခိုင်းနေတာပဲ။
"မယ်တော်ကြီး မလုပ်ချင်ဘူးလား" လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့ကို ငုံ့ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားသည်။ သို့သော် အပြုံးမှာ အေးစက်နေပြီး လက်ထဲမှ ဓားကိုလည်း ပြန်မသိမ်းသေးပေ။ ဖယောင်းတိုင်မီးရောင်သည် ဓားသွားပေါ်တွင် ထင်ဟပ်နေသော်လည်း နွေးထွေးမှု တစ်စက်မျှ မရှိပေ။
မယ်တော်ကြီးရှဲ့ ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာတော့ပေ။ လိုကျစ်ကွေ့ တကယ်သတ်ရဲမှန်း သိလိုက်ရသောအခါ သူမ ကြောက်လန့်သွားသည်။ လူတစ်ယောက် ကြောက်လန့်သွားပြီဆိုရင် သတ္တိတွေ ပျောက်ဆုံးသွားပြီး သူများခိုင်းသမျှ လုပ်ရတော့သည်သာ။
"ဆရာတော်... စပါတော့" လိုကျစ်ကွေ့ နောက်တစ်လှမ်းဆုတ်ပြီး ဆရာတော်ကူမုကို ပြောလိုက်သည်။
ဆရာတော်ကူမု ရှေ့တိုးလာပြီး မယ်တော်ကြီးရှဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သားဖြစ်သူ ရှိနေလျက်နှင့် မိခင်ကို ဆံပင်ရိတ်ခိုင်းသည်မှာ သာမန်မိသားစုများတွင် စဉ်းစား၍ပင် မရသော ကိစ္စဖြစ်သည်။ သို့သော် နန်းတော်ထဲတွင်တော့ မထူးဆန်းပေ။ အာဏာနှင့် ပတ်သက်လာလျှင် သားအဖ၊ သားအမိ ဆက်ဆံရေးများ ပျက်စီးသွားတတ်သည်မှာ ဓမ္မတာပင်။
ဆရာတော်ကူမုသည် သင်တုန်းဓားကို ကိုင်လိုက်ပြီး အနည်းငယ် လှုပ်ရှားလိုက်ရာ မယ်တော်ကြီးရှဲ့၏ ဆံပင်များ တစ်စပြီးတစ်စ ကြမ်းပြင်ပေါ်သို့ ကျဆင်းလာသည်။
ဘေးနားတွင် ကျလာသော ဆံပင်များကို မြင်လိုက်ရသောအခါ မယ်တော်ကြီးရှဲ့ အော်ဟစ်ငိုကြွေးလိုက်သည်။
မယ်တော်ကြီးရှဲ့ ငိုသံကြားတော့ ဆရာတော်ကူမု လက်ရပ်လိုက်ပြီး လိုကျစ်ကွေ့ကို လှည့်ကြည့်လိုက်သည်။ လိုကျစ်ကွေ့၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ရှိနေဆဲပင်။ သူ့အမြင်တွင် မယ်တော်ကြီးရှဲ့၏ မျက်ရည်များသည် တန်ဖိုးမရှိပေ။
"အော်မိထောဖော်" လိုကျစ်ကွေ့ စိတ်မပြောင်းသည်ကိုမြင်မှ ဆရာတော်ကူမု ဘုရားစာရွတ်ဆိုပြီး ဆံပင်ဆက်ရိတ်ပေးလိုက်သည်။
....
အမွှေးတိုင်တစ်ဝက်ခန့် ကြာသောအခါ မယ်တော်ကြီးရှဲ့၏ ဆံပင်များ ကုန်သွားပြီဖြစ်သည်။ မယ်တော်ကြီး၏ မျက်ရည်များလည်း ခမ်းခြောက်သွားပုံရသည်။ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ငြိမ်သက်နေသည်။ ခန္ဓာကိုယ် ရံဖန်ရံခါ တုန်ခါသွားခြင်းမရှိလျှင် အလောင်းကောင်ဟုပင် ထင်မှတ်ရပေမည်။
လိုကျစ်ကွေ့ ဆရာတော်ကူမုကို လက်ပြလိုက်သည်။
ဆရာတော်ကူမုသည် ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့ အခိုင်းခံရခြင်း မရှိခဲ့ဖူးပေ။ သို့သော် ဓားကိုင်ထားသော လိုကျစ်ကွေ့ကို ရင်ဆိုင်နေရသဖြင့် အမိန့်နာခံပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။
လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။ "အပြင်မှာ နဂါးအစောင့်တပ်သားတွေ ရှိတယ်။ သူတို့ ခင်ဗျားကို ဘုရားကျောင်းဆောင်ဆီ လိုက်ပို့ပေးလိမ့်မယ်"
မယ်တော်ကြီးရှဲ့ ဘာမှပြန်မပြောဘဲ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ရှိနေသည်။
"မသွားချင်သေးဘူးလား" လိုကျစ်ကွေ့ မေးလိုက်သည်။
မယ်တော်ကြီးရှဲ့သည် အကြိမ်ကြိမ် ယိုင်လဲပြီးမှ ကြမ်းပြင်ပေါ်မှ ထရပ်နိုင်လိုက်သည်။
လိုကျစ်ကွေ့သည် ဓားဦးချွန်ဖြင့် တံခါးကို တွန်းဖွင့်လိုက်ပြီး ပြောသည်။ "ကြွပါ... မယ်တော်ကြီး"
မယ်တော်ကြီးရှဲ့ အခန်းပြင် ထွက်လာသည်။ အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေပြီး လရောင်အောက်တွင် သစ်ပင်ပန်းမန်များ လှုပ်ခါကာ "ရွှီ... ရွှီ..." မြည်သံများ ထွက်ပေါ်နေသည်။ နေ့စဉ်မြင်နေကျ ရှုခင်းများဖြစ်သော်လည်း ယခုအချိန်တွင်တော့ မယ်တော်ကြီးရှဲ့၏မျက်လုံးထဲ၌ အထီးကျန်ဆန်ပြီး ဝမ်းနည်းဖွယ် ကောင်းနေသည်။ လှေကားထစ်များမှ ဆင်းလာရင်း ခမည်းတော်ဘုရားသာ ရှိသေးရင် ငါ ဒီအခြေအနေထိ ရောက်မှာမဟုတ်ဘူးဟု သူမ တွေးမိလိုက်သည်။ နှောင်းဧကရာဇ်သာဆို သူမကို ကာကွယ်ပေးပြီး အလိုလိုက်ထားမှာ။ သူမကို မလေးမစားလုပ်တဲ့လူတွေကို အကုန်သတ်ပစ်မှာ။ သို့သော်... မယ်တော်ကြီးရှဲ့ ခြေခေါက်လဲလုနီးပါး ဖြစ်သွားသည်။ သူမကို စိတ်နှလုံးအပြည့်ဖြင့် ကာကွယ်ပေးမည့် ထိုအမျိုးသား မရှိတော့ပြီ။
ယင်းဖုန်းနှင့် အခြားသူများသည် ခြံဝင်းတံခါးဝတွင် ဆရာတော်ကူမုကို တွေ့လိုက်ရကတည်းက လိုကျစ်ကွေ့ ဘာလုပ်မည်ကို ရိပ်မိပြီးသားဖြစ်သည်။ သို့သော် ကတုံးနှင့် မယ်တော်ကြီးရှဲ့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ အံ့ဩသွားကြပြီး လိုကျစ်ကွေ့ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ စစ်သူကြီးက တကယ် လုပ်ရဲတာပဲ။
"ဘုရားကျောင်းဆောင်ကို သွားမယ်" လိုကျစ်ကွေ့ ယင်းဖုန်းကို ပြောလိုက်သည်။
ယင်းဖုန်း ဘေးနားတွင် ရပ်နေသော ဆရာတော်ကူမုကို ကြည့်လိုက်သည်။
လိုကျစ်ကွေ့သည် နဂါးအစောင့်တပ်သားတစ်ဦးကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်သည်။ "ဆရာတော်ကို ထိုက်ဟွာနန်းဆောင် လိုက်ပို့ပေးလိုက်"
နဂါးအစောင့်တပ်သား အမိန့်နာခံပြီး မျက်လွှာချထားသော ဆရာတော်ကူမုကို ခေါ်ဆောင်သွားလေသည်။
"လမ်းပြ" လိုကျစ်ကွေ့ ယင်းဖုန်းကို ရှေ့ကသွားခိုင်းလိုက်သည်။
ဤသို့ဖြင့် မယ်တော်ကြီးရှဲ့သည် လိုကျစ်ကွေ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကာ ဘုရားကျောင်းဆောင်သို့ ရောက်သွားလေသည်။
ယင်းဖုန်း ရှာပေးထားသော ဘုရားကျောင်းဆောင်သည် နန်းတော်ထဲမှ ပုံမှန်ဘုရားကျောင်းဆောင် မဟုတ်ပေ။ မည်သည့်ခေတ်ကမှန်းမသိသော အချစ်မခံရသည့် ကြင်ယာတော်တစ်ပါး နေထိုင်ခဲ့ဖူးသော နန်းဆောင်ဟောင်းတစ်ခုသာ ဖြစ်သည်။ ပင်မခန်းမဆောင်ထဲတွင် လူတစ်ပိုင်းအရွယ်အစားရှိ သစ်သားဖြင့်ထုလုပ်ထားသော ကွမ်ရင်မယ်တော်ရုပ်တုတစ်ခု ရှိနေသည်။ ဒါက ဘုရားရှိခိုးပြီး တရားအားထုတ်လို့ရမယ့် နေရာတစ်ခုပါပဲ။
လိုကျစ်ကွေ့သည် ခြံဝင်းထဲတွင် ရပ်လျက် ဘုရားကျောင်းဆောင်၏ အခန်းလေးခန်းကို ဝေ့ဝဲကြည့်လိုက်ရာ ကျေနပ်သွားသည်။ ဤနေရာသည် လူသူကင်းဝေးပြီး ရေလေးဖက် လည်နေသည်။ တံတားမရှိဘဲ လှေဖြင့်သာ ဝင်ထွက်သွားလာနိုင်သည်။ မယ်တော်ကြီးရှဲ့ကို ဤကျွန်းပေါ်တွင် ထားလိုက်လျှင် ပြင်ပနှင့် အဆက်အသွယ်လုပ်ပြီး မိန်းကလေးနဉ်ကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။
"ဒီမှာ ပြုစုစောင့်ရှောက်ပေးမယ့်လူတွေကို တစ်လတစ်ခါ လဲလှယ်ပေးရမယ်" ဘုရားကျောင်းဆောင်ထဲမှ ငိုသံများကို လစ်လျူရှုပြီး လိုကျစ်ကွေ့ ယင်းဖုန်းကို မှာကြားလိုက်သည်။ "ပြုစုစောင့်ရှောက်မယ့်လူတွေက မင်း ယုံကြည်ရတဲ့သူတွေ ဖြစ်ရမယ်။ မယ်တော်ကြီးနန်းဆောင်နဲ့ရော ရှဲ့အိမ်တော်နဲ့ပါ လုံးဝ မပတ်သက်တဲ့သူတွေ ဖြစ်ရမယ်။ အဲ့လိုလူမျိုး ရှာမတွေ့ရင် ဒီနေရာမှာ ဘယ်သူ့ကိုမှ မထားနဲ့တော့။ မင်းကိုယ်တိုင်ပဲ တစ်နေ့သုံးနပ် လာပို့ပေးလိုက်"
ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။
လိုကျစ်ကွေ့ မှာကြားပြီးနောက် လှေကားထစ်များပေါ်တက်ပြီး ဘုရားကျောင်းဆောင်ထဲသို့ လှမ်းကြည့်လိုက်သည်။ ဘုရားကျောင်းဆောင်သည် မကြီးမားသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။ ပြတင်းပေါက်များနှင့် စားပွဲများ တောက်ပနေပြီး ကွမ်ရင်မယ်တော်ရုပ်တုရှေ့တွင် အမွှေးတိုင်များ ထွန်းညှိထားသဖြင့် တစ်ခန်းလုံး စန္ဒကူးနံ့များ သင်းပျံ့နေသည်။
မယ်တော်ကြီးရှဲ့ လိုကျစ်ကွေ့ကို မြင်လိုက်ရသောအခါ ငိုသံ ရပ်တန့်သွားသည်။
ယင်းဖုန်းနှင့် အခြားသူများသည် မယ်တော်ကြီးရှဲ့၏အဖြစ်ကိုကြည့်ပြီး စစ်သေနာပတိချုပ်က မယ်တော်ကြီးကို ရိုက်နှက်ခဲ့သေးသလားဟု သံသယဝင်သွားကြသည်။
လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ခြိမ်းခြောက်စကား ထပ်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။ ယင်းဖုန်းတို့ကို လက်ပြပြီး "သွားကြစို့" ဟု ပြောလိုက်သည်။
ခြံဝင်းထဲမှ ခြေသံများ ဝေးကွာသွားသည်ကို ကြားလိုက်ရသောအခါ မယ်တော်ကြီးရှဲ့သည် ဘုရားကျောင်းဆောင်အပြင်ဘက်သို့ ပြေးထွက်လာသည်။ ခြံဝင်းထဲတွင် သစ်ပင်ပန်းမန်များ မရှိသလို အလှဆင်ပစ္စည်းများလည်း မရှိပေ။ မြေကွက်လပ်သက်သက်သာ ရှိသည်။ ခြံဝင်းတံခါးကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။ ထူထဲသော သစ်သားတံခါးကြီးနှစ်ချပ်ကို ကြည့်ပြီး မယ်တော်ကြီးရှဲ့ တံခါးသွားခေါက်ရန်ပင် သတ္တိမရှိတော့ပေ။
"မယ်တော်ကြီးကို ဒီအတိုင်းထားခဲ့ရင် တစ်ခုခုဖြစ်သွားမလား" ယင်းဖုန်းသည် မည်းမှောင်နေသော သစ်သားတံခါးကြီးကို ပြန်ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"မဖြစ်ဘူး" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။ "မယ်တော်ကြီးသာ တစ်ခုခုဖြစ်ချင်ရင် စောစောကတည်းက ဖြစ်ပြီးပြီ။ အခုထိ စောင့်နေမှာ မဟုတ်ဘူး"
ယင်းဖုန်း ခံစားလိုက်ရသည်မှာ လိုကျစ်ကွေ့က 'မယ်တော်ကြီးသာ သေချင်ရင် စောစောကတည်းက သေပြီးပြီ။ အခုထိ စောင့်နေမှာ မဟုတ်ဘူး' ဟု ပြောနေသကဲ့သို့ပင်။
မယ်တော်ကြီးရှဲ့သည် သစ်သားတံခါးကို ကျောမှီလျက် ကြမ်းပြင်ပေါ်သို့ လျှောချလိုက်သည်။ လေတိုက်သံများ "ဝူး... ဝူး..." ဟု မြည်ဟည်းနေသည်။ မယ်တော်ကြီးရှဲ့ ထပ်မံ ငိုကြွေးပြန်သည်။ သို့သော် လူသူကင်းမဲ့သော ကျွန်းပေါ်ရှိ ပိတ်လှောင်ထားသော ခြံဝင်းငယ်လေးထဲတွင် မြေကြီးပေါ်ထိုင်ပြီး ငိုကြွေးနေသော အမျိုးသမီးတစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလဲ။
ထိုအချိန်တွင် မောင့်စွင်းလေးသည် အဘိုးဟွေ့နှင့် ယိုကွမ့်ကိုခေါ်ပြီး ခြံဝင်းတံတိုင်းပေါ်သို့ ရောက်လာသည်။ အမွှေးအတောင်များကို ခါလိုက်ပြီး မောင့်စွင်းလေး ကျေနပ်အားရစွာ ပြောလိုက်သည်။ "ဒီမိန်းမယုတ်မှာလည်း ဒီလိုနေ့မျိုးရှိသေးတာပဲ" မောင့်စွင်းလေးသည် ဒီနေ့အထိ မယ်တော်ကြီးရှဲ့က သူ့သခင်ကို သတ်ချင်နေတာကို မမေ့သေးပေ။
"ကြည့်ရတာ နည်းနည်း သနားစရာကောင်းတယ်" ယိုကွမ့်က သူ့အမြင်ကို ပြောပြသည်။
အဘိုးဟွေ့သည် လက်သည်းဖြင့် ယိုကွမ့်၏ခေါင်းကို ခေါက်လိုက်ပြီး ပြောသည်။ "သူက သနားစရာကောင်းတာ မဟုတ်ဘူး။ သူ ရှုံးနိမ့်သွားတာ" ဒါက လူသားတွေရဲ့ သဘောသဘာဝပဲလေ။ နိုင်တဲ့သူက ဘုရင်ဖြစ်ပြီး ရှုံးတဲ့သူက သူပုန်ဖြစ်တာပဲ။
ယိုကွမ့် မျက်လုံးလေး ကစားလိုက်ပြီး မေးသည်။ "ဒါဆို ဒီတစ်ခေါက် ရှောင်ယောင်းသာ မနိုင်ခဲ့ရင် အခု ဒီနေရာမှာ ငိုနေရမယ့်သူက ရှောင်ယောင်းလား"
အဘိုးဟွေ့ ခေါင်းခါလိုက်ပြီး ပြောသည်။ "ရှဲ့အမတ်ချုပ်ကြီးက ရှောင်ယောင်းကို အရှင်ထားမှာ မဟုတ်ဘူး"
ယိုကွမ့်နှင့် မောင့်စွင်းလေးတို့ တိတ်ဆိတ်သွားကြသည်။ ခဏကြာမှ စိတ်ထဲတွင် ကျိတ်ပြီး ဝမ်းသာသွားကြသည်။ တော်သေးတာပေါ့... ရှောင်ယောင်း မရှုံးခဲ့လို့။
....
ထိုအချိန်တွင် နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းဆောင်၏ ပင်မခန်းမဆောင်ထဲတွင် ထိုင်နေပြီး ရွှီဖေးယွီကို ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မိဖုရားခေါင်ကြီး ကိုယ်ဝန်အခြေအနေ မကောင်းဘူးတဲ့လား။ သူမ ကုပေးခဲ့ပြီးပြီပဲလေ။ နောက်ထပ် ပြဿနာတစ်ခုခု ဖြစ်သွားပြန်တာလား။
ရွှီဖေးယွီ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး သမားတော်တစ်ယောက် ခေါ်ပြပေးထားပါတယ်။ ကလေးကို တတ်နိုင်သမျှ ကယ်တင်ပေးပါ့မယ်။ တကယ်လို့ မရရင်တော့..."
နဉ်ရှောင်ယောင်း စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဒါဆို ဘယ်လိုလုပ်မလဲ"
ရွှီဖေးယွီ ပြောလိုက်သည်။ "ဒါဆိုရင် လူကြီးကိုပဲ ရွေးချယ်ပါ့မယ်"
ကြည့်ရတာ တကယ့်အချစ်စစ်ပဲ။ နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ဒါဆိုရင် မိဖုရားခေါင်ကြီး ဒီလူကြီးအတွက် ကိုယ်ဝန်ဆောင်ပေးရကျိုးနပ်ပြီး သူမကို ဓားနဲ့ထိုးခဲ့ရတာလည်း တန်ပါတယ်။
ရွှီဖေးယွီသည် နဉ်ရှောင်ယောင်းနှင့် မျက်နှာချင်းဆိုင်ရတာ အရင်ကလောက် မရှက်တော့ပေမယ့် မိဖုရားခေါင်ကြီးအကြောင်း ပြောလာတဲ့အခါ ပြန်ရှက်လာသည်။ သူနဲ့ မိဖုရားခေါင်ကြီးက ငယ်ချစ်တွေပဲဖြစ်ဖြစ်၊ ချစ်သူတွေပဲဖြစ်ဖြစ်... ဘယ်လိုပဲပြောပြော မိဖုရားခေါင်ကြီးနဲ့ တရားဝင်လက်ထပ်ထားတာက ထီးနန်းပေါ်မှာ ထိုင်နေတဲ့ ဒီဧကရာဇ်မင်းမြတ်လေ။ သူနဲ့ မိဖုရားခေါင်ကြီးကိစ္စက လူသိရှင်ကြား ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး။
နဉ်ရှောင်ယောင်းက 'မိဖုရားခေါင်ကြီးကို ဒီပြန်ခေါ်လာလိုက်လေ... ငါ ကြည့်ပေးမယ်' လို့ ပြောချင်ပေမယ့် ပြန်စဉ်းစားကြည့်တော့ မိဖုရားခေါင်ကြီးက ဒီဘဝမှာ သူမကို ဘယ်တော့မှ ပြန်တွေ့ချင်တော့မှာ မဟုတ်ဘူးလို့ တွေးမိလိုက်သည်။ "ကောင်းကောင်း နေကြပါ" နောက်ဆုံးတွင် နဉ်ရှောင်ယောင်း ရွှီဖေးယွီကို ပြောလိုက်သည်။ "ငါ့ဆေးပညာက မဆိုးပါဘူး။ တကယ်လို့ မရတော့ဘူးဆိုရင် မိဖုရား... အဲ... မိန်းကလေးကျိုးကို မေးကြည့်လိုက်ပါ။ မြို့တော်ကို ပြန်လာချင်လားလို့"
ရွှီဖေးယွီ ပြန်ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ စကားကို ကျွန်တော်မျိုး မှတ်သားထားပါ့မယ်"
နဉ်ရှောင်ယောင်းသည် ရွှီဖေးယွီ၏ မျက်နှာထားကို အကဲခတ်ကြည့်ရာ သူမစကားကို အလေးအနက်မထားမှန်း သိလိုက်သည်။
ရွှီဖေးယွီ ခဏထိုင်နေပြီးမှ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "အရှင်မင်းကြီး... မြို့တော်စစ်ပွဲလည်း ပြီးသွားပြီဆိုတော့ ကျိုးကျွင်းချီကိစ္စကို အရှင်မင်းကြီး ဘယ်လိုစီစဉ်ထားလဲ မသိဘူး"
"အစ်ကိုကြီးကျိုးက ဒီမှာလေ" လိုကျစ်ကွေ့သည် ရွှီဖေးယွီ၏ စကားကို ဆက်ပြောလိုက်ပြီး ဆရာတော်ကူမုနှင့်အတူ ပင်မခန်းမဆောင်ထဲ ဝင်လာသည်။ သူတို့အနောက်တွင် ယင်းဖုန်းက ကျိုးကျွင်းချီကို တွဲပြီး ခေါ်လာသည်။
ကျိုးမိသားစု ပြဿနာတက်ပြီး ကျိုးကျွင်းချီ သံဘုရားကျောင်းတွင် အဖမ်းခံရကတည်းက ရွှီဖေးယွီ အစ်ကိုကြီးကျိုးကို မတွေ့ရတော့ပေ။ ယင်းဖုန်းတွဲခေါ်လာသော ပိန်ပိန်ပါးပါး အမျိုးသားကို မြင်လိုက်ရသောအခါ ရွှီဖေးယွီ အကြာကြီးကြည့်ပြီးမှ ဘယ်သူလဲဆိုတာ မှတ်မိသွားသည်။ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ရာ ထိုင်ခုံပါ ယိုင်လဲသွားသည်။
အစ်ကိုကြီးကျိုးသည် ရွှီဖေးယွီ ခန်းမဆောင်ထဲတွင် အရှင်မင်းကြီးနှင့် စကားပြောနေသည်ကို ကြိုသိထားပြီးဖြစ်၍ စိတ်ဒုံးဒုံးချထားပြီးဖြစ်သည်။ ရွှီဖေးယွီထက်စာလျှင် ပိုပြီး တည်ငြိမ်နေသည်။ သူက ကျိုးကျွင်းချီကို ခေါင်းညိတ်ပြုံးပြလိုက်သည်။ သူနဲ့ သူ့ညီမလေး အတူနေခွင့်ရသွားပြီ။ အခုလည်း အရှင်မင်းကြီးနဲ့ မျက်နှာချင်းဆိုင်ပြီး အေးအေးဆေးဆေး စကားပြောခွင့်ရနေပြီ။ သူတို့ ဘာလိုချင်စရာရှိဦးမှာလဲ။
ရွှီဖေးယွီသည် ကျိုးကျွင်းချီရှေ့သို့ လျှောက်သွားပြီး ပြတ်သွားသော လက်မောင်းပြတ်ကို ကြည့်ကာ လည်ချောင်းထဲတွင် ဆို့နင့်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အစ်ကိုကြီး"
ကျိုးကျွင်းချီ ပြန်ထူးလိုက်သည်။ "အင်း"
နဉ်ရှောင်ယောင်း ထိုင်လျက်သားနှင့် ဟားဟားဟား ရယ်မောလိုက်ပြီး ပြောသည်။ "အစ်ကိုကြီးကျိုး ရောက်လာပြီလား။ စစ်သူကြီးရွှီက အခုပဲ ခင်ဗျားအကြောင်း မေးနေတာ။ ဒီတစ်ခါ စစ်သူကြီးရွှီနဲ့ လိုက်သွားလိုက်တော့။ အသားများများစားပြီး ဝအောင်နေနော်"
နဉ်ရှောင်ယောင်းဘေးသို့ ရောက်လာသော လိုကျစ်ကွေ့သည် လက်ကို နောက်ပစ်ပြီး နဉ်ရှောင်ယောင်း၏ကျောကို လက်ညှိုးဖြင့် တို့လိုက်သည်။ ကျိုးကျွင်းချီ ဝတာပိန်တာက မင်းနဲ့ ဘာဆိုင်လို့လဲ။
ကျိုးကျွင်းချီ နဉ်ရှောင်ယောင်းကို ဒူးထောက်အရိုအသေပေးရန် ပြင်လိုက်သည်။
"မလိုပါဘူး" နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ "အမိန့်တော်အတိုင်း ဝအောင်နေရင် ပြီးတာပါပဲ"
ရွှီဖေးယွီ စိတ်သက်သာရာ ရသွားသည်။ အရှင်မင်းကြီးက ကျိုးကျွင်းချီကို လွှတ်ပေးဖို့ ဆန္ဒရှိနေတယ်။ ဒါက အရှင်မင်းကြီးရဲ့ လူစိတ်ပါအောင် ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုဆိုရင်တောင် သူကတော့ လက်ရှိအရှင်မင်းကြီးအတွက် အသက်ပေးဖို့ ဆန္ဒရှိသွားပြီ။
"ဆရာတော်က ဘာကိစ္စ ရောက်လာတာလဲ" နဉ်ရှောင်ယောင်းသည် ဆရာတော်ကူမုကို လှမ်းမေးလိုက်သည်။ "ကျွန်တော်တို့အစ်ကိုကြီးကျိုးကို လာပို့ပေးတာလား"
ဆရာတော်ကူမု ပြောလိုက်သည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... မယ်တော်ကြီးက ဆံပင်ရိတ်ချင်တယ်ဆိုလို့ ဒီဘုန်းကြီးက မယ်တော်ကြီးရဲ့ အမိန့်တော်အတိုင်း နန်းတော်ထဲဝင်ပြီး ဆံပင်ရိတ်ပေးတာပါ"
မယ်တော်ကြီးက အခုချိန်ထိ နန်းတော်အပြင်ဘက်ကို အမိန့်တော်ပြန်တမ်း ထုတ်နိုင်သေးတာလား။ နေပါဦး... ဆံပင်ညှပ်တာ ဘုန်းကြီးက ညှပ်ပေးရတာလားလို့ နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် တွေးလိုက်မိသည်။
"ဆံပင်ရိတ်တယ်ဆိုတာ ဘာသဘောလဲ" နဉ်ရှောင်ယောင်းသည် ဘေးနားမှ လိုကျစ်ကွေ့ကို အသံနှိမ့်ပြီး မေးလိုက်သည်။ ကြည့်ရတာ ဆံပင်ညှပ်တာကို ပြောတာ မဟုတ်လောက်ဘူး။
"ဆံပင်ရိတ်ပြီး သီလရှင်ဝတ်တာကို ပြောတာ" လိုကျစ်ကွေ့ တိုးတိုးလေး ပြန်ဖြေသည်။
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ဘုရားကျောင်းဆောင်မှာ သွားနေရုံနဲ့ မလုံလောက်လို့ မယ်တော်ကြီးက သီလရှင်ပါ ဝတ်လိုက်တာလား။
***