အခန်း (၃၂၇-၃၂၈)
Vol. 21 Ch. 327-328
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၇။ ဆေးကောင်းလို့ပါ
"ဒီအကြောင်း နောက်မှ ပြောကြတာပေါ့" လိုကျစ်ကွေ့ ကိုယ်ကိုကိုင်းပြီး နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ဘာမှမတတ်နိုင်တော့ဘဲ ဆရာတော်ကူမုကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီကိစ္စကို ကျွန်တော် မယ်တော်ကြီးကို အတင်းအကျပ် ခိုင်းတာ မဟုတ်ဘူးနော်။ ဆရာတော် ယုံလား"
ဆရာတော်ကူမု လက်အုပ်ချီလိုက်ပြီး ဘုရားစာရွတ်ဆိုကာ ပြောလိုက်သည်။ "အရှင်မင်းကြီး သဘောထားကြီးမြတ်ပါတယ်"
နဉ်ရှောင်ယောင်း: "..." ကြည့်ရတာ မယုံဘူးထင်တယ်။
ထိုအချိန်တွင် ကျိုးကျွင်းချီက ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး စစ်သူကြီးရွှီနဲ့အတူ မြို့တော်ကနေ ထွက်ခွာခွင့်ရှိပြီလား" မယ်တော်ကြီးရှဲ့က လူကောင်းတစ်ယောက်မဟုတ်မှန်း သိထားပြီးဖြစ်၍ အစ်ကိုကြီးကျိုးသည် မယ်တော်ကြီးရှဲ့၏ အဖြစ်အပျက်ကို စိတ်မဝင်စားပေ။ မယ်တော်ကြီးရှဲ့ သေသွားတာကမှ အရှင်မင်းကြီးအတွက် ပိုကောင်းဦးမည်ဟုတောင် တွေးလိုက်မိသည်။
"ဪ... ရတာပေါ့" နဉ်ရှောင်ယောင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ မတ်တတ်ထရပ်ပြီး ကျိုးကျွင်းချီအနားသို့ လျှောက်သွားကာ ပြောလိုက်သည်။ "ဒါနဲ့... ကျွန်တော့်မှာ အရမ်းတော်တဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုတာ အားလုံးသိကြတယ်မလား"
ရွှီဖေးယွီ အလျင်အမြန် မေးလိုက်သည်။ "ဟို... သမားတော်ကြီးလား"
လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်မလေး ဘာလုပ်ချင်ပြန်ပြီလဲ။
"လာပါ" နဉ်ရှောင်ယောင်း ကျိုးကျွင်းချီလက်ကို ဆွဲလိုက်သည်။ "ကျွန်တော့်ဆရာကို ပြပေးမယ်"
ကျိုးကျွင်းချီ သတိမဝင်ခင်မှာပင် နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက်သို့ ပါသွားလေသည်။
"သမားတော်ကြီးက ပြတ်သွားတဲ့လက်ကို ပြန်ဆက်ပေးနိုင်လို့လား" ရွှီဖေးယွီ စိတ်ထဲ မျှော်လင့်မိသော်လည်း သူ့အသိစိတ်က မဖြစ်နိုင်ကြောင်း ပြောနေသည်။ ထို့ကြောင့် ရွှီဖေးယွီသည် စိတ်လှုပ်ရှားမှုနှင့် သံသယကြားတွင် ဝေခွဲမရဖြစ်နေပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။
မေးပြီးမှ ရွှီဖေးယွီ လန့်သွားသည်။ လိုကျစ်ကွေ့၏ မျက်နှာမှာ မီးသွေးခဲလို မည်းမှောင်နေသည်။ အရှင်မင်းကြီးက သူ့ရဲဘော်ရဲဘက်ကို သမားတော်သွားပြတာလေ။ ဒီလူကြီး ဘာတွေ ဒေါသထွက်နေတာလဲ။
လိုကျစ်ကွေ့နှင့် ရွှီဖေးယွီတို့ ပင်မခန်းမဆောင်၏ ဘယ်ဘက်ခြမ်းရှိ တတိယမြောက် အဆောင်သို့ ရောက်သွားသောအခါ နဉ်ရှောင်ယောင်းသည် သူမ၏ "ဆရာ" ကို သွားခေါ်ရန် ထွက်သွားပြီး ကျိုးကျွင်းချီတစ်ယောက်တည်း အဆောင်ထဲတွင် ကြောင်တောင်တောင် ရပ်နေသည်။
"တကယ်ပဲ ပြတ်သွားတဲ့လက် ပြန်ဆက်လို့ရတဲ့ ပညာရပ် ရှိလို့လား" ရွှီဖေးယွီ ထပ်မေးပြန်သည်။
လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။ "မသိဘူး"
ရွှီဖေးယွီ: "..." ဒီလူ ဘာဖြစ်နေတာလဲ။
ခဏအကြာတွင် နဉ်ရှောင်ယောင်းသည် စားတော်ကဲကြီးဟွမ်ကို ခေါ်ဆောင်လာသည်။ လိုကျစ်ကွေ့သည် စားတော်ကဲကြီးဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်သည်။ စားတော်ကဲကြီးဟွမ်၏ ပုံစံကို သူ မကြည့်ရက်ပေ။
လောကအပြင်ဘက်က ပညာရှိကြီးတစ်ယောက်လိုဖြစ်အောင် စားတော်ကဲကြီးဟွမ်သည် အဖြူရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။
"ဒါ ကျွန်တော့်ဆရာပါ" နဉ်ရှောင်ယောင်းသည် ကျိုးကျွင်းချီနှင့် ရွှီဖေးယွီကို မိတ်ဆက်ပေးလိုက်သည်။
စားတော်ကဲကြီးဟွမ်သည် ဗိုက်ပူပူလေးကို ကော့ထားပြီး ရပ်နေသည်။ မယ်တော်ကြီးရှဲ့ကို လှည့်စားနိုင်ခဲ့သည့် အောင်မြင်မှုကြောင့် စားတော်ကဲကြီးဟွမ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသည်။ မယ်တော်ကြီးရှဲ့လောက် ရက်စက်တဲ့လူတောင် ယုံသွားတာ... ဒီလူတွေက ဘာမှုစရာရှိလဲ။
ကျိုးကျွင်းချီနှင့် ရွှီဖေးယွီတို့သည် လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်သူများ မဟုတ်ကြပေ။ သို့သော် ဒီသမားတော်ကြီးက ရှေ့ကကြည့်ရင် ဝက်ဖြူကြီးနဲ့တူပြီး နောက်ကကြည့်ရင်လည်း ဝက်ဖြူကြီးနဲ့တူနေသည်။ မျက်နှာပေါ်မှာလည်း အဆီတွေနဲ့ ပြည့်နေပြီး မည်းမည်းတုတ်တုတ်ကြီး ဖြစ်နေသည်။ ပုံစံကတော့ သိပ်ကြည့်မကောင်းလှပေ။
"လာပါ ဆရာ" နဉ်ရှောင်ယောင်းသည် စားတော်ကဲကြီးဟွမ်ကို ကျိုးကျွင်းချီ၏လက်ပြတ်ကို ပြလိုက်ပြီး ပြောသည်။ "လက်မရှိတော့ဘူး။ ကုလို့ရမလား"
စားတော်ကဲကြီးဟွမ်သည် နဉ်ရှောင်ယောင်းနှင့် ဇာတ်တိုက်ထားပြီးဖြစ်သည်။ နဉ်ရှောင်ယောင်း သူ့ကို နောက်ပြောင်နေသည်ဟု ထင်သော်လည်း စားတော်ကဲကြီးဟွမ်သည် သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုက်သည်။ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "ရတယ်"
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကောင်းပြီ... ဒါဆို ဆရာ စလိုက်တော့"
"မင်းတို့ အပြင်ထွက်နေကြ" စားတော်ကဲကြီးဟွမ် ပြောလိုက်သည်။
"အရှင်မင်းကြီး?" ကျိုးကျွင်းချီ ခေါ်လိုက်သည်။
"အစ်ကိုကြီးကျိုးရဲ့လက်က တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ဆုံးရှုံးခဲ့ရတာ" နဉ်ရှောင်ယောင်းသည် ကျိုးကျွင်းချီ၏ လက်ပြတ်နေရာကို ပုတ်ပေးပြီး လေးနက်စွာ ပြောလိုက်သည်။ "နှောင်းဧကရာဇ်က ခင်ဗျားတို့အပေါ် အမှားလုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါက ကျွန်တော့်ရဲ့ တောင်းပန်မှုပါ။ စိတ်မပူပါနဲ့။ ကျွန်တော့်ဆရာက ရတယ်ပြောရင် သေချာပေါက် ကုလို့ရမှာပါ"
စားတော်ကဲကြီးဟွမ် အသက်ရှူရ ခက်ခဲလာသည်။ အရှင်မင်းကြီးစကားကို ကြားပြီး စိတ်လှုပ်ရှားမိပေမယ့် ပြဿနာက သူက စားတော်ကဲကြီးတစ်ယောက်လေ။ လက်ဖြတ်ခိုင်းရင်တော့ ကျွမ်းကျင်တယ်။ ပြတ်နေတဲ့လက် ပြန်ပေါက်လာအောင် လုပ်ခိုင်းတာကတော့... တကယ့်သမားတော်တောင် လုပ်နိုင်ပါ့မလား။
"သွားကြစို့" နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ဆွဲခေါ်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက် ပါသွားပြီး အခန်းပြင်ရောက်မှ တိုးတိုးလေး မေးလိုက်သည်။
"တကယ် ရလို့လား"
"အင်း" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ဒါဆို မင်းကိုယ်တိုင်ပဲ ကုပေးလိုက်ပါလား" လိုကျစ်ကွေ့ မေးလိုက်သည်။
"ကျွန်တော် စဉ်းစားပြီးပြီ။ ကျွန်တော်ကိုယ်တိုင် လုပ်လိုက်ရင် လူတွေက ကျွန်တော့်ကို ဘီလူးမလို့ ထင်သွားမှာစိုးလို့" ဒီကိစ္စကို နဉ်ရှောင်ယောင်း ရက်အတော်ကြာ စဉ်းစားခဲ့ရသည်။ သူမရဲ့ စွမ်းရည်က အကန့်အသတ်ရှိသေးသည်။ လူ့ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ပြုပြင်ပြီး ပြတ်နေတဲ့ခြေလက်တွေကို ပြန်ပေါက်လာအောင် လုပ်ရတာက အားကုန်ခန်းစေသည်။ လူအများကြီးသာ သူမကို လာကူညီတောင်းရင် ဘယ်လိုလုပ်မလဲ။ အားကုန်ပြီး သေသွားရမှာလား။ စွမ်းရည်မလုံလောက်ဘူးဆိုတဲ့ ဆင်ခြေကို လက်ခံကြပါ့မလား။ (ဪ... မင်း ဒီလောက်ထိ တွေးထားတာကိုး...)
လိုကျစ်ကွေ့ နဖူးကို ပွတ်သပ်လိုက်သည်။ "ဒါဆို လူတွေက စားတော်ကဲကြီးဟွမ်ကို ဘီလူးလို့ ထင်သွားမှာ မကြောက်ဘူးလား"
"သရုပ်ဆောင်ပြီးရင် သူက ထမင်းချက်တဲ့ စားတော်ကဲကြီးပဲလေ။ ဘီလူးဆိုတာ မရှိတော့ဘူး" နဉ်ရှောင်ယောင်း ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ရှင်တို့လူသားတွေက ဘီလူးကို ဖမ်းချင်ရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး"
ရှင်တို့လူသားတွေ? လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနှင့် စကားဆက်မပြောချင်တော့ပေ။
ရွှီဖေးယွီလည်း စားတော်ကဲကြီးဟွမ် မောင်းထုတ်လိုက်သဖြင့် စင်္ကြံလမ်းတွင်ရပ်ကာ တွေးနေသည်။ ဒီလောကမှာ တကယ်ပဲ လက်ပြတ်ပြန်ဆက်တဲ့ပညာရပ် ရှိလို့လား။
စားတော်ကဲကြီးဟွမ်သည် ကျိုးကျွင်းချီကို ကုတင်ပေါ်တွင် လှဲအိပ်စေပြီး မျက်လုံးမှိတ်ခိုင်းကာ သကြားလုံးတစ်လုံး ကျွေးလိုက်သည်။ ထို့နောက် ကုတင်ဘေးတွင် ငူငူငိုင်ငိုင် ရပ်နေလိုက်သည်။ လုပ်စရာရှိတာ လုပ်ပြီးပြီ။ နောက်ဆက်တွဲ ဘာလုပ်ရမလဲဆိုတာ စားတော်ကဲကြီးဟွမ် စဉ်းစားနေသည်။
နဉ်ရှောင်ယောင်းသည် လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်သည်။ အားကုန်သွားပြီမို့ ခဏနားရဦးမည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး နဖူးမှချွေးများကို သုတ်ပေးကာ တိုးတိုးလေး မေးလိုက်သည်။
"ပူလို့လား"
နဉ်ရှောင်ယောင်း ဟီးခနဲ ရယ်လိုက်သည်။ ပူတာမဟုတ်ဘူး။ ပင်ပန်းတာ။
.....
နှစ်နာရီခန့် ကြာသောအခါ စားတော်ကဲကြီးဟွမ်သည် မျက်နှာသေဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။
ရွှီဖေးယွီသည် စားတော်ကဲကြီးဟွမ်ကို ဘာမှမမေးတော့ဘဲ အခန်းထဲသို့ ပြေးဝင်သွားသည်။
လိုကျစ်ကွေ့လည်း မတ်တတ်ထရပ်ပြီး စားတော်ကဲကြီးဟွမ်ကို စိုက်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်းလည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။ အခု သူမရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ လူ့ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်ဖွဲ့စည်းနိုင်ပါ့မလား မသေချာဘူး။ တကယ်လို့ ရရင်တော့ နောက်ဆို စစ်သေနာပတိချုပ်ရဲ့အစ်ကိုကြီးနဲ့ မိန်းကလေးကျီရဲ့အစ်ကိုကြီး ဒဏ်ရာတွေကို ကုပေးဖို့ ယုံကြည်မှုရှိသွားပြီ။
စားတော်ကဲကြီးဟွမ်သည် နဉ်ရှောင်ယောင်းကို ကြောက်ရွံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။ တံတွေးအကြိမ်ကြိမ် မျိုချပြီးမှ နဉ်ရှောင်ယောင်းကို ဗလုံးဗထွေးပြောလိုက်သည်။
"ပေါက်... ပေါက်နေပြီ"
လိုကျစ်ကွေ့ အခန်းထဲ ဝင်သွားသည်။ လက်ဖြတ်ခံရတာကို သူ မြင်ဖူးပေမယ့် လက်ပြန်ပေါက်လာတာကိုတော့ စစ်သေနာပတိချုပ် စိတ်ကူးမယဉ်ကြည့်နိုင်ပေ။
နဉ်ရှောင်ယောင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ပါးစပ်ထဲသို့ မုန့်တစ်တုံး ပစ်ထည့်လိုက်သည်။ မုန့်တစ်ထုပ်လုံး ကုန်သွားပြီဖြစ်သော်လည်း အားပြန်မပြည့်သေးပေ။
"အရှင်... အရှင်မင်းကြီး..." စားတော်ကဲကြီးဟွမ် နဉ်ရှောင်ယောင်းအနားသို့ ပြေးလာသည်။
"မင်း ဘာပြောမလဲဆိုတာ ငါ သိတယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နတ်ဆေးဆိုတာ တိုင်းပြည်အတွက် အကျိုးပြုခဲ့တဲ့သူတွေအပေါ်မှာပဲ သုံးရတာလေ။ ဟုတ်တယ်မလား"
အခုချိန်မှာ နဉ်ရှောင်ယောင်းက ဝက်တွေပျံနိုင်တယ်၊ ငါးတွေ မြေကြီးထဲ တိုးနိုင်တယ်လို့ ပြောရင်တောင် စားတော်ကဲကြီးဟွမ် ယုံမိတော့မည်။ "အရှင်မင်းကြီး..." စားတော်ကဲကြီးဟွမ် အသံနှိမ့်ပြီး မေးလိုက်သည်။ "အရှင်မင်းကြီးရဲ့ဆရာက နတ်ဘုရားလား"
"ဟင်" နဉ်ရှောင်ယောင်းက စားတော်ကဲကြီးဟွမ် နတ်ဆေးအကြောင်း မေးမယ်ထင်နေတာ။ ဒီအကြောင်း မေးမယ်လို့ ထင်မထားဘူး။
"ကျွန်တော်မျိုးက သူ့အယောင်ဆောင်ထားတာကို နတ်ဘုရားကြီး စိတ်ဆိုးမလားမသိဘူး" စားတော်ကဲကြီးဟွမ် စိုးရိမ်တကြီး မေးလိုက်သည်။
နဉ်ရှောင်ယောင်း မျက်ခုံးပင့်လိုက်သည်။ "အရိုက်ခံရမှာ ကြောက်လို့လား"
"အသက်အန္တရာယ်ရှိမှာ ကြောက်တာပါ" စားတော်ကဲကြီးဟွမ် တုန်တုန်ယင်ယင် ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ ကြည့်ရတာ စားတော်ကဲကြီးဟွမ်ကလည်း အတွေးဆန်းတဲ့လူပဲ။ ပုံမှန်လူဆို နတ်ဆေးအကြောင်း စိတ်ဝင်စားမှာ။ သူကကျတော့ ကိုယ့်အသက်အန္တရာယ်ကို စိတ်ပူနေတယ်။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း ခြေဖျားထောက်ပြီး စားတော်ကဲကြီးဟွမ်၏ ပခုံးကိုပုတ်ကာ အာမခံလိုက်သည်။ "ငါ့ဆရာက မင်းလောက်တောင် ရုပ်မချောဘူး။ သူ စိတ်မဆိုးပါဘူး" သူမမှာ ဆရာမှမရှိတာ။ ဘာကြောက်စရာလိုလဲ။
စားတော်ကဲကြီးဟွမ် ကိုယ့်မျက်နှာကို ကိုယ်ပြန်စမ်းကြည့်ပြီး ကြောင်သွားသည်။ သူ့လောက်တောင် ရုပ်မချောဘူးတဲ့လား။ အရှင်မင်းကြီးရဲ့ဆရာက နတ်ဘုရားမဟုတ်ဘဲ ဘီလူးများလား။ (နတ်ဘုရားတိုင်း ရုပ်ချောရမယ်လို့ ဘယ်သူပြောလဲ)
"အထဲမှာ ဘာသံမှမကြားရပါလား" နဉ်ရှောင်ယောင်း ရေရွတ်ရင်း အခန်းထဲ ဝင်သွားသည်။
အခန်းထဲတွင် လိုကျစ်ကွေ့နှင့် ရွှီဖေးယွီတို့ ကုတင်ဘေးတွင် ရပ်နေကြသည်။ ကျိုးကျွင်းချီက ကုတင်ပေါ်တွင် ထိုင်နေသည်။ သုံးယောက်စလုံး စကားတစ်ခွန်းမှမပြောဘဲ ကျိုးကျွင်းချီ၏ လက်ကောက်ဝတ်မှ အသားနုများ ထွက်ပေါ်လာသည်ကို စိုက်ကြည့်နေကြသည်။
နဉ်ရှောင်ယောင်း အနားကပ်သွားပြီး အံ့ဩဟန်ဆောင်ကာ အော်လိုက်သည်။ "ဟာ... လက်သစ် တကယ်ပေါက်လာတာပဲ"
"ကျွန်တော်ကြည့်ရတာ အသားတွေ ပေါက်လာသလိုပဲ" ရွှီဖေးယွီ သံသယဖြင့် ပြောလိုက်သည်။
"လက်ဆိုတာ အသားပဲလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကြည့်ရတာ အောင်မြင်သွားပြီ။ ဖြည်းဖြည်းချင်း ပေါက်လာလိမ့်မယ်"
စစ်တိုက်ဖူးသူ သုံးဦးစလုံး နဉ်ရှောင်ယောင်း၏ စကားကြောင့် ကြက်သီးထသွားကြသည်။ ဖြည်းဖြည်းချင်း ပေါက်လာမယ်ဆိုတာ ဘာသဘောလဲ။ ဟင်းရွက်လား။ ဝက်သားလား။ ဖြည်းဖြည်းချင်း ပေါက်လာမယ်တဲ့။
"ဗိုက်ဆာပြီလား" နဉ်ရှောင်ယောင်း ရုတ်တရက် မေးလိုက်သည်။ "ထမင်းစားကြရအောင်" ကုတင်ပေါ် လှိမ့်နေရလို့ ညစာမစားရသေးဘူးလေ။
ရွှီဖေးယွီနှင့် ကျိုးကျွင်းချီ ခေါင်းခါလိုက်ကြသည်။ ဒီအချိန်မှာ ဘယ်သူက ထမင်းစားချင်စိတ်ရှိမှာလဲ။ အရှင်မင်းကြီးက ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်ရတာလဲ။
"စစ်သေနာပတိချုပ်ရော" နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မေးလိုက်သည်။ "ထမင်းစားပြီးမှ သွားမလား"
နဉ်ရှောင်ယောင်း၏ မျှော်လင့်တကြီး မျက်နှာထားကိုကြည့်ပြီး ဒါက သူ့ကို မပြန်စေချင်သေးလို့ တားတာပဲဖြစ်မယ်ဟု လိုကျစ်ကွေ့ ယူဆလိုက်သည်။ သူကလည်း ကျိုးကျွင်းချီနဲ့ သိပ်မရင်းနှီးတော့ လက်ပေါက်တာ ထိုင်ကြည့်နေစရာ အကြောင်းမရှိဘူး။ ထို့ကြောင့် စစ်သေနာပတိချုပ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ကျွန်တော် အရှင်မင်းကြီးနဲ့အတူ သုံးဆောင်ပါ့မယ်"
"ဟေး..." နဉ်ရှောင်ယောင်း ပျော်သွားသည်။
အစ်ကိုကြီးကျိုး ခံစားလိုက်ရသည်မှာ အရှင်မင်းကြီးအတွက် သူ့လက်က ထမင်းတစ်နပ်လောက်တောင် အရေးမပါဘူးတဲ့လား။
....
အခန်းထဲမှထွက်ပြီး ပင်မခန်းမဆောင်ရှိ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ သူမကို အစ်ကိုကြီးကျိုးလက်အကြောင်း မေးမယ်ထင်နေတာ။ ထမင်းစားပြီးတဲ့အထိ စစ်သေနာပတိချုပ်က လက်အကြောင်း တစ်လုံးမှ မဟပေ။ တကယ်ပဲ ဂရုမစိုက်တာလား။ နဉ်ရှောင်ယောင်း မုန့်ဘူးကိုပိုက်ထားရင်း လိုကျစ်ကွေ့ကို ခိုးကြည့်ကာ တွေးလိုက်မိသည်။
နန်းတွင်းသူလေးများ ပန်းကန်ခွက်ယောက်များ လာသိမ်းသွားသည်။ ဘာ... ထမင်းကျန်ဟင်းကျန်လား။ နဉ်ရှောင်ယောင်း ရှိနေမှတော့ ဘယ်လိုလုပ် ထမင်းကျန်ဟင်းကျန် ရှိနိုင်မှာလဲ။ လိုကျစ်ကွေ့ ထိုင်လျက် လက်ဖက်ရည်တစ်ခွက်သောက်ပြီးမှ အခန်းဘက်မှ သတင်းရောက်လာသည်။ ကျိုးကျွင်းချီ၏ လက်ပြတ် ပြန်ပေါက်လာပြီ။
နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့ အခန်းဘက်မသွားခင် ကျိုးကျွင်းချီနှင့် ရွှီဖေးယွီတို့ ပင်မခန်းမဆောင်သို့ ရောက်လာကြသည်။
နဉ်ရှောင်ယောင်းသည် ကျိုးကျွင်းချီ၏ လက်သစ်ကို ကိုင်ကြည့်ပြီး ပြောလိုက်သည်။ "ပြန်ကောင်းသွားပြီ။ အစ်ကိုကြီးကျိုး ဘယ်လိုနေလဲ"
ကျိုးကျွင်းချီ ကြောင်အမ်းအမ်းဖြစ်နေဆဲ။ ကမ္ဘာကြီးက ပြောင်းပြန်လန်သွားသလိုလိုပဲ။
"လှုပ်ကြည့်ပါဦး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
ကျိုးကျွင်းချီ ဆက်လက် ကြောင်နေဆဲ။
လိုကျစ်ကွေ့ လက်လှမ်းပြီး စမ်းကြည့်လိုက်သည်။ တကယ့်လက်ပဲ။ လက်တု မဟုတ်ဘူး။
"ဟေး... ဟေး... အစ်ကိုကြီးကျိုး" နဉ်ရှောင်ယောင်း ကျိုးကျွင်းချီရှေ့တွင် လက်ယမ်းပြလိုက်သည်။
ကျိုးကျွင်းချီ သတိပြန်ဝင်လာသည်။ နဉ်ရှောင်ယောင်းက လှုပ်ကြည့်ခိုင်းသဖြင့် အစ်ကိုကြီးကျိုး အလိုအလျောက် လက်သီးဆုပ်လိုက်သည်။
နဉ်ရှောင်ယောင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အာရုံကြောတွေ ပုံမှန်ပဲ။ အားကတော့ ပုံမှန်လူလောက် မရှိသေးပေမယ့် တဖြည်းဖြည်း ပြန်ကောင်းလာမှာပါ။ အစ်ကိုကြီးကျိုးရဲ့ လက်က ပြဿနာမရှိတော့ဘူး။
"သမားတော်ကြီးက..." ရွှီဖေးယွီသည် ကျိုးကျွင်းချီ၏ လက်ပြတ်ပြန်ပေါက်လာတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် အံ့ဩလွန်းလို့ စကားမပြောနိုင် ဖြစ်နေသည်။ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။ "တကယ်ကို နတ်ဆေးဆရာပဲ။ ကျွန်တော်မျိုး... ကျွန်တော်မျိုး..."
"အဓိကက ဆေးကောင်းလို့ပါ... ဟားဟားဟား" ရွှီဖေးယွီ စကားမဆုံးနိုင်ဖြစ်နေသည်ကိုမြင်တော့ နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ "ဒီတစ်ခါတော့ အစ်ကိုကြီးကျိုး သူလုပ်ချင်တာ လုပ်လို့ရပြီပေါ့"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို လှမ်းကြည့်လိုက်သည်။ ကျိုးကျွင်းချီကို ကျိုးမိသားစုစစ်တပ်ဆီ ပြန်ပို့ပြီး ရွှီဖေးယွီနဲ့ စစ်အာဏာလုခိုင်းမလို့လား။ ကြည့်ရတာ ဒီကောင်မလေးက လုပ်သင့်တဲ့အချိန်ဆိုရင် လုံးဝ လက်တွန့်မှာ မဟုတ်ဘူးပဲ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၈ ။ ရှောင်ယောင်း... ကိုယ်သွားတော့မယ်
"အစတုန်းက ကျွန်တော်က ဆရာကြီးက စနောက်နေတာလို့ ထင်နေတာ" လိုကျစ်ကွေ့သည် ကျိုးကျွင်းချီ၏ လက်သစ်ကလေးကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "တကယ်ပဲ လက်တွေပြန်ပေါက်စေတဲ့ ဆေးရှိနေမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဆရာကြီးပြောတာ ကြားမိတယ်... ဒီဆေးက တစ်လုံးသုံးလိုက်ရင် တစ်လုံးလျော့သွားတာဆို... အရှင်မင်းကြီး... ဆရာကြီးလက်ထဲမှာ ဆေးဘယ်နှလုံးလောက် ကျန်သေးလဲ မသိဘူး"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ စာမကျက်ဘဲ ဖြေရသလို ဖြစ်နေပြီ။ နည်းနည်းပဲ ကျန်တယ် ပြောရမလား၊ များများကျန်သေးတယ် ပြောရမလား။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ "အရှင်မင်းကြီး?"
နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်သည်။ အခုချိန်မှာ အများကြီးရှိတယ်လို့ ပြောလိုက်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေတော့မယ်။ "နည်းနည်းပဲ ရှိတော့တယ်။ ဆရာကတော်ကလည်း နှစ်လုံးယူသွားသေးတယ်"
လိုကျစ်ကွေ့: "..." ဆရာကတော်ပါ ပါလာပြီလား။
အစ်ကိုကြီးကျိုးနှင့် စစ်သူကြီးရွှီ: "..." ဒါဆို တကယ်ပဲ နည်းနည်းလေးပဲ ကျန်တော့တာပေါ့။
"အရှင်မင်းကြီးက အစ်ကိုကြီးကျိုးအပေါ် မျှော်လင့်ချက်တွေ အများကြီးထားထားတာပဲ။ အစ်ကိုကြီးကျိုးအနေနဲ့ အရှင်မင်းကြီးရဲ့ကျေးဇူးကို မစော်ကားမိပါစေနဲ့" လိုကျစ်ကွေ့က ကျိုးကျွင်းချီကို ပြောလိုက်သည်။
ကျိုးကျွင်းချီသည် လက်သစ်ကလေးကို လှုပ်ရှားကြည့်ပြီး နဉ်ရှောင်ယောင်းကို ဒူးထောက်ဦးချလိုက်သည်။ ဆေးက အရှင်မင်းကြီးရဲ့ ဆရာပေးတာမှန်ပေမယ့် အရှင်မင်းကြီးသာ မရှိရင် ဆရာကြီးက ဘယ်ကုပေးပါ့မလဲ။
"မလိုပါဘူး... အားနာစရာကြီး" နဉ်ရှောင်ယောင်း ဘေးသို့ ခုန်ရှောင်လိုက်ပြီး ကျိုးကျွင်းချီကို လက်ကာပြလိုက်သည်။ "ဒါက လျော်ကြေးပေးတာပါလို့ ပြောပြီးပြီပဲ"
ကျိုးကျွင်းချီ ပြောလိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို အားနာလှပါတယ်" အရှင်မင်းကြီးက သဘောထားကြီးလွန်းတယ်။ သူ့ညီမလေးကိစ္စ... ဟူး... အစ်ကိုကြီးကျိုး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ပြောရခက်နေသည်။ ကံတရားက မျက်လှည့်ပြလိုက်တာပါပဲလေ။
"ကျွန်တော်မျိုး မလုပ်ပါနဲ့တော့။ ရာထူးပြန်ခန့်ပေးလိုက်ပြီ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "နောက်ဆို အစ်ကိုကြီးကျိုးက စစ်သူကြီးရွှီနဲ့ တွဲလုပ်ရမှာ။ ကောင်းကောင်း ပြင်ဆင်ထားကြ။ သူပုန်တွေနဲ့ အချိန်မရွေး စစ်ဖြစ်နိုင်တယ်"
ကျိုးကျွင်းချီနှင့် ရွှီဖေးယွီတို့ ပြိုင်တူ ပြောလိုက်ကြသည်။ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
"ကဲ... ဒါဆို ပြန်ကြတော့" နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ "မိန်းမရှိတဲ့လူက မိန်းမဆီပြန်၊ ညီမလေးရှိတဲ့လူက ညီမလေးဆီပြန်ကြတော့။ ဆက်မတားတော့ဘူး။ ရှဲ့ဝမ်ယွမ်ကိုတွေ့ရင် အသေသာသတ်ပစ်လိုက်။ ကျွန်တော်တို့ရဲ့ ကြွေးကြော်သံက ဘေးအန္တရာယ်ကို အရှင်မထားဘူး ဆိုတာပဲ"
ကျိုးနှင့် ရွှီ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
နဉ်ရှောင်ယောင်းသည် ပျော့အိနေသော အဝတ်လုံးလေးတစ်လုံးကို ကျိုးကျွင်းချီလက်ထဲ ထည့်ပေးလိုက်ပြီး ပြောသည်။ "ဒါက လက်လေ့ကျင့်ခန်းလုပ်ဖို့။ အားရှိရင် ညှစ်ကစားနေ။ တစ်လလောက်ဆို အစ်ကိုကြီးကျိုး သိုင်းပြန်ကျင့်လို့ရပြီ။ ကြိုးစားထားနော်"
ကျိုးကျွင်းချီ မျက်နှာနီရဲသွားသည်။ အရှင်မင်းကြီးကို မျက်နှာချင်းမဆိုင်ရဲလောက်အောင် ဖြစ်သွားသည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဒီလူကြီးသာ သူ့ညီမလေးကို သူမက နှစ်အကြာကြီး နှောင့်နှေးအောင် လုပ်ထားခဲ့တယ်ဆိုတာ သိသွားရင် သူမကို ကိုက်သတ်ချင်စိတ် ပေါက်သွားမလား မသိဘူး။
....
ရွှီဖေးယွီ နန်းတော်တံခါးဝသို့ ရောက်သောအခါ နဉ်ရှောင်ယောင်းက ကျိုးမိသားစုစစ်တပ်အတွက် ပေးလိုက်သော ငွေများကို တွေ့လိုက်ရသည်။ အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့လောက် မများသော်လည်း လှည်းငါးစီးအပြည့် ရှိနေသည်။ စစ်သူကြီးရွှီ မျက်လုံးမှိတ်လိုက်မိသည်။ အရှင်မင်းကြီးက သူ့အပေါ် ဒီလောက်ကောင်းမှတော့ သူ ပေးဆပ်နိုင်တာက သစ္စာတရားနဲ့ အသက်တစ်ချောင်းပဲ ရှိတော့သည်။
"ဆရာတော်လည်း ပြန်တော့လေ" မိဖုရားခေါင်ကြီး၏ အစ်ကိုကြီးနှင့် ချစ်သူကို ပြန်လွှတ်ပြီးနောက် နဉ်ရှောင်ယောင်းသည် ဆရာတော်ကူမုဘက် လှည့်လာသည်။ မျက်နှာထားကတော့ သိပ်မကြည်လင်လှပေ။ "လိုက်မပို့တော့ဘူးနော်"
ဆရာတော်ကူမု ပြောလိုက်သည်။ "အရှင်မင်းကြီး... မယ်တော်ကြီးက အရှင်မင်းကြီးရဲ့ မွေးမိခင်ပါ။ တချို့ကိစ္စတွေကို အရှင်မင်းကြီး ပြန်စဉ်းစားပေးပါဦး"
"စိတ်ချပါ" နဉ်ရှောင်ယောင်း ဂရုမစိုက်သလို ပြောလိုက်သည်။ "မယ်တော်ကြီး သီလရှင်ဝတ်တာ မဝတ်တာက သူ့ရဲ့ ဘဝနေထိုင်မှုအဆင့်အတန်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူ့အတွက် နောက်ထပ်ယောက်ျားတစ်ယောက် ရှာပေးနိုင်မှာမှ မဟုတ်တာ။ ဟုတ်တယ်မလား ဆရာတော်"
ဆရာတော်ကူမု: "..." ဒါ လူစကား ဟုတ်ရဲ့လား။
လိုကျစ်ကွေ့ အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး မေးသည်။ "ဆရာတော် ဘာပြောစရာ ရှိသေးလဲ"
ဆရာတော်ကူမု နှုတ်ဆက်ထွက်ခွာရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဒီနှစ်ယောက်လုံးက လူကောင်းတွေ မဟုတ်ကြဘူး။
နဉ်ရှောင်ယောင်းသည် ယင်းတျန့်နောက်သို့ လိုက်သွားသော ဆရာတော်ကူမုကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။ "စောစောက ဆရာတော် ကျွန်မကိုကြည့်တဲ့အကြည့်က ရှုပ်ထွေးနေသလိုပဲ။ ငါ စကားမှားပြောမိလို့လား" ဟု လိုကျစ်ကွေ့ကို မေးလိုက်သည်။
"မယ်တော်ကြီးကိစ္စကို အရှင်မင်းကြီး စိတ်ထဲထားမနေပါနဲ့" လူရှင်းသွားပြီဖြစ်၍ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။ "မြို့တော်မှာ လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ကို စောင့်နေနော်... ကြားလား"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ ဘာကိစ္စ မယ်တော်ကြီးအကြောင်း တွေးနေရမှာလဲ။ မယ်တော်ကြီးနဲ့ အပြန်အလှန် နှိပ်စက်နေရတာ မလုံလောက်သေးလို့လား။ "စစ်သေနာပတိချုပ်... ရှင်က အချစ်စကား ပြောမတတ်ဘူးပဲ"
"အချစ်စကား?" လိုကျစ်ကွေ့ စိတ်ပျက်သွားပြန်သည်။ သူက အလေးအနက်ထားပြီး ပြောနေတာကို ဒီကောင်မလေးက အချစ်စကား ပြောစေချင်နေတာလား။ အချစ်စကားပြောမယ့်အစား ကုတင်ပေါ်သွားပြီး လှိမ့်နေတာက ပိုကောင်းဦးမယ်။ (စစ်သေနာပတိချုပ်... ရှင် ပျက်စီးနေပြီ...)
"ရှင် ပြောသင့်တာက... မြို့တော်မှာ လိမ်လိမ်မာမာလေးနေပြီး ကိုယ့်ကို လွမ်းနေနော်။ မလိမ္မာရင် ကိုယ်က..." နဉ်ရှောင်ယောင်း စကားရပ်သွားသည်။
လိုကျစ်ကွေ့ စိတ်ဝင်စားသွားပြီး မေးသည်။ "ကိုယ်က ဘာလုပ်မှာလဲ"
"အရှင်မင်းကြီးကို လေးစားမှုရှိရမယ်လေ" နဉ်ရှောင်ယောင်း လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မက အရှင်မင်းကြီးဆိုတာ မမေ့နဲ့"
လိုကျစ်ကွေ့ "ဟား" ခနဲ ရယ်လိုက်သည်။
"မရယ်နဲ့။ လေးလေးနက်နက် ထားစမ်းပါ" နဉ်ရှောင်ယောင်း မျက်နှာလေး မည်းမှောင်သွားသည်။ အရှင်မင်းကြီးကို လေးစားမှုရှိရမယ်ဆိုတဲ့စကားက ရယ်စရာကောင်းနေလို့လား။
"မင်း စကားနားမထောင်ရင်" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ် ပြန်လာရင် မင်းတင်ပါးကို ရိုက်မယ်"
တင်ပါး...
နဉ်ရှောင်ယောင်း မျက်နှာသေဖြင့် လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ဒါက အချစ်စကားလား၊ ကလေးချော့နေတာလား။
"မပျော်ဘူးလား" နဉ်ရှောင်ယောင်း မျက်နှာမကောင်းသည်ကို မြင်သောအခါ လိုကျစ်ကွေ့ ပိုပျော်သွားပုံရသည်။
ဒါက ချစ်လို့ စနောက်တာလား။ နဉ်ရှောင်ယောင်း ဆက်လက် မျက်နှာသေလုပ်ထားလိုက်သည်။ လိုကျစ်ကွေ့မှာလည်း ဒီလိုကလေးဆန်တဲ့ အပြုအမူမျိုး ရှိနေတာလား။ တော်တော် စိတ်ပင်ပန်းဖို့ ကောင်းတာပဲ။
"ဒါနဲ့ မင်းသားတွေကို ဘယ်လိုစီစဉ်ထားလဲ" အချစ်စကား ပြောပြီးနောက် လိုကျစ်ကွေ့ အလုပ်သဘော ပြန်မေးလိုက်သည်။
"လူကြီးတွေ ဖြစ်နေကြပြီပဲ။ ကိုယ့်အလုပ်ကိုယ် ရှာလုပ်ကြပေါ့" နဉ်ရှောင်ယောင်းက မင်းသားကိစ္စကို အရေးမစိုက်ပေ။ သူမက အခက်ခဲဆုံးအလုပ်တွေ လုပ်ပေးထားပြီးပြီလေ။ ဒီအစ်ကိုတွေက ဘာလိုချင်နေကြသေးတာလဲ။
"သူတို့က ဘာအလုပ်လုပ်နိုင်မှာလဲ" လိုကျစ်ကွေ့ မေးလိုက်သည်။
"အဲ့ဒါ ကျွန်မ ဘယ်သိမလဲ" နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ "ကျွန်မက သူတို့အဖေမှ မဟုတ်တာ"
လိုကျစ်ကွေ့: "..." အဖေမဟုတ်ပေမယ့် အိမ်ထောင်ဦးစီးလေ။
"ကျွန်မ သူတို့ကို စိတ်မပူနိုင်ဘူး" နဉ်ရှောင်ယောင်း ပင်မခန်းမဆောင် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ တန့်ရုံတို့၏ ခြေသံများကို ကြားနေရပြီ။
"ဒါဆို ကိုယ်ပြန်လာမှ ဆက်ပြောကြတာပေါ့" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အကြီးအကဲလီတို့နဲ့လည်း တိုင်ပင်ကြည့်ဦး"
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ အဘိုးကြီးလီကို ကြောက်ပေမယ့် လိုအပ်ရင် အဆဲခံပြီး သွားတွေ့ရမှာပဲ။
"စစ်သေနာပတိချုပ်" ဖန်းထန်၏အသံ ပင်မခန်းမဆောင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်ထားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မြို့တော်မှာ ကိုယ့်ကို စောင့်နေနော်... ကြားလား"
"အင်း" ဒီတစ်ခါတော့ လိုကျစ်ကွေ့ တကယ်သွားတော့မည်ကို နဉ်ရှောင်ယောင်း သိလိုက်သည်။ စိတ်မကောင်းဖြစ်လာပြီး နှာသံကြီးဖြင့် ပြန်ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း၏ ဆံပင်များကို နမ်းရှိုက်လိုက်ပြီး လိုကျစ်ကွေ့ လူချင်းခွာလိုက်သည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မင်းနှင့် ကျွန်ကြား ထားရှိရမည့် အကွာအဝေးကို ယူလိုက်ကာ ဖန်းထန်တို့ကို ဝင်လာခိုင်းရန် နဉ်ရှောင်ယောင်းကို အချက်ပြလိုက်သည်။
"ဝင်ခဲ့ကြ" နဉ်ရှောင်ယောင်း လှမ်းခေါ်လိုက်သည်။
အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးများသည် ပင်မခန်းမဆောင်ထဲသို့ ဝင်လာကြသည်။ ခရီးဝေးသွားရတော့မည်ဖြစ်၍ သံချပ်ကာဝတ်စုံများ မဝတ်ဆင်ထားကြဘဲ စစ်သည်ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြသည်။ မြောက်ပိုင်းသားများဖြစ်ကြသဖြင့် အရပ်ရှည်ပြီး သန်မာထွားကျိုင်းကြရာ နဉ်ရှောင်ယောင်းရှေ့တွင် စုရပ်လိုက်သောအခါ နဉ်ရှောင်ယောင်းမှာ လူပုလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားရှာသည်။
"အရိုအသေပေးစရာ မလိုပါဘူး" နဉ်ရှောင်ယောင်းသည် သူမကို အရိုအသေပေးရန် ပြင်နေသော စစ်သူကြီးများကို လက်ကာပြလိုက်ပြီး ပြောသည်။ "အလကားသက်သက် ပင်ပန်းခံပြီး လာရတဲ့အတွက် တောင်းပန်ပါတယ်"
စစ်သူကြီးများ: "..." အရှင်မင်းကြီးက တကယ် အားနာနေတာလား။ ဒါမှမဟုတ် သူတို့ကို ဆဲနေတာလား။
"ပြန်ရောက်ရင် စစ်သေနာပတိချုပ်စကား နားထောင်ကြ" နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "အလုပ်ကြိုးစားကြ။ မခိုမကပ်ကြနဲ့။ အခု ငါ့မှာ ပိုက်ဆံရှိနေပြီ။ လစာတိုးပေးမယ်"
စစ်သူကြီးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး လိုကျစ်ကွေ့ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ လစာတိုးတာ ကောင်းပေမယ့် အရှင်မင်းကြီးစကားက နားထောင်ရတာ တစ်မျိုးကြီးပဲ။
လိုကျစ်ကွေ့ လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ပြန်ခွင့်ပြုပါဦး" နဉ်ရှောင်ယောင်း ဆုံးမစကားပြောမည်ကို မျှော်လင့်ထားခြင်းမှာ အလကားဖြစ်သွားပြီမို့ ပြန်တာပဲ ကောင်းပါတယ်ဟု လိုကျစ်ကွေ့ တွေးလိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ပြောသည်။ "ကောင်းပါပြီ... မြို့ပြင်ထိ လိုက်ပို့ပေးမယ်"
စစ်သူကြီးများသည် လိုကျစ်ကွေ့ကို ကြည့်လိုက်ကြပြန်သည်။ အရှင်မင်းကြီးက မြို့ပြင်ထိ လိုက်ပို့ပေးမယ်တဲ့လား။ သူတို့က စစ်ထွက်မှာမှ မဟုတ်တာ။
လိုကျစ်ကွေ့ ခန်းမဆောင်အပြင်သို့ ထွက်လာသည်။ လိုက်ပို့တာ ဘာဆန်းလို့လဲ။ ဖြစ်နိုင်ရင် သူက နဉ်ရှောင်ယောင်းကို အန်းယွမ်အထိ ခေါ်သွားချင်တာ။
....
နန်းတော်တံခါးဝတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသော လှည်း လေးငါးဆယ်ခန့် တန်းစီစောင့်ဆိုင်းနေပြီး ရေမဝင်အောင် အပေါ်ကနေလည်း သေချာအုပ်ထားသည်။ အနက်ရောင်နှင်းခဲ မြင်းတပ်အတွက် စစ်စရိတ် အမြောက်အမြား ပေးလိုက်ကြောင်း သိထားသော်လည်း လမ်းမတစ်ဝက်လောက် နေရာယူထားသော လှည်းတန်းကြီးကို မြင်လိုက်ရသောအခါ စစ်သူကြီးများ အံ့ဩသွားကြသည်။ ဒါတွေက ပန်းအိုးတွေ၊ ပိုးထည်တွေလို စစ်တပ်အတွက် အသုံးမဝင်တဲ့အရာတွေ မဟုတ်ဘဲ ရွှေငွေတွေလေ။
လိုကျစ်ကွေ့ လှည်းတန်းကို သွားကြည့်နေစဉ် နဉ်ရှောင်ယောင်းသည် စုန့်ကျင်းအနားသို့ တိုးသွားလိုက်သည်။ စကားမပြောရသေးခင် စုန့်ကျင်း၏ မြင်းကုန်းနှီးတွင် ချိတ်ဆွဲထားသော အနက်ရောင်အိုးလေးကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
"ဒါ ဘာလဲ"
စုန့်ကျင်း တိုးတိုးလေး ဖြေလိုက်သည်။ "စုန့်ရွှီရဲ့ အရိုးပြာပါ"
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ စကားပြန်မဆက်နိုင် ဖြစ်သွားသည်။
"စစ်သေနာပတိချုပ်က ကျွန်တော်မျိုးကို ပေးလိုက်တာပါ" စုန့်ကျင်း ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မျက်နှာပျက်သွားပြီး ပြောသည်။ "ဒီကိစ္စကို ထားလိုက်ပါတော့လို့ ငါ ပြောပြီးပြီပဲဟာ"
"အရှင်မင်းကြီး" စုန့်ကျင်းက နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "စုန့်ရွှီက သေသင့်ပါတယ်"
နဉ်ရှောင်ယောင်းသည် မြင်းကုန်းနှီးပေါ်မှ အိုးမည်းလေးကို ကြည့်လိုက်သည်။ ဒီလောက်ထိ ရက်စက်ပြတ်သားစွာ ပြောနေမှတော့ မင်းအစ်ကိုရဲ့ အရိုးပြာကို ဘာလို့ သယ်သွားနေသေးလဲ။
"ကျွန်တော်မျိုးရဲ့ မရီးနဲ့ တူလေးလည်း မရှိလောက်တော့ပါဘူး" စုန့်ကျင်း တိုးတိုးလေး ပြောပြသည်။
နဉ်ရှောင်ယောင်း စုန့်ကျင်းကို မော့ကြည့်လိုက်သည်။
"သူ ရှဲ့ဝမ်ယွမ်ရဲ့ ပစ်မှတ်ထားတာခံရတာ ကျွန်တော်မျိုးကြောင့်ပါ" စုန့်ကျင်းက ဝမ်းနည်းပက်လက် ပြုံးရင်း ပြောသည်။ "ပြောရရင် သူသေရတာ ကျွန်တော်မျိုးကြောင့်ပါပဲ"
"ဒါဆို..." နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။ ခေါင်းထဲတွင် ချွေးများ စို့လာသည်။ "ဒါဆို ငါသာ ဒီစစ်ပွဲကို မဆင်နွှဲခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးပေါ့။ စုန့်ရွှီ သေရတာ ငါ့ကြောင့်လား" ရုတ်တရက် နဉ်ရှောင်ယောင်းသည် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"အရှင်မင်းကြီးမှာ ဘာအပြစ်ရှိလို့လဲ" စုန့်ကျင်း အလျင်အမြန် ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးအိုကြီးကြောင့်ပါ"
"ဪ" နဉ်ရှောင်ယောင်း ခေါင်းငုံ့သွားသည်။
"သစ္စာဖောက်ရင် သေရမယ်" စုန့်ကျင်း လေးနက်စွာ ပြောလိုက်သည်။ "ဒါ အနက်ရောင်နှင်းခဲ မြင်းတပ်ရဲ့ စည်းကမ်းပါ။ စုန့်ရွှီရဲ့ အရိုးပြာကို ဇာတိမြေ ပြန်သယ်သွားခွင့်ပြုတာကတင် စစ်သူကြီးရဲ့ မဟာကရုဏာတော်ပါပဲ။ အရှင်မင်းကြီး စိတ်ထဲမထားပါနဲ့"
နဉ်ရှောင်ယောင်း "အင်း" ဟုသာ ပြန်ပြောလိုက်သည်။ လူသေသွားမှတော့ အရိုးပြာကို ဇာတိမြေပြန်သယ်သွားလည်း ဘာထူးမှာလဲ။ ဒီကမ္ဘာက တချို့ကိစ္စတွေကို သူမ တစ်သက်လုံး နားလည်နိုင်မှာ မဟုတ်ဘူးထင်တယ်။
"အရှင်မင်းကြီး" အနောက်ဘက်မှ လိုကျစ်ကွေ့၏အသံ ထွက်ပေါ်လာသည်။
နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်သည်။
"ကျွန်တော်မျိုး သွားတော့မယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။
"ကောင်းပါပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"မြင်းပေါ်တက်"
မြောက်ဘက်သို့ ပြန်မည့် စစ်သည်တန်းကြီးထဲမှ တပ်မှူးတစ်ဦး အော်ပြောလိုက်သည်။
စစ်သည်အားလုံး မြင်းပေါ်တက်လိုက်ကြသည်။
"ဂရုစိုက်နော်" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းရှေ့တွင် ရပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ် ပြန်လာတာကို စောင့်နေ"
"အင်း" နဉ်ရှောင်ယောင်းသည် လိမ္မာသော ကလေးလေးတစ်ယောက်လို ခေါင်းညိတ်လိုက်သည်။
လိုကျစ်ကွေ့သည် ကောင်းကောင်းစား၊ ကောင်းကောင်းနေပါလို့ မှာချင်သေးသော်လည်း နဉ်ရှောင်ယောင်းက အငတ်ခံမည့်သူမဟုတ်ကြောင်း၊ အစားပုပ်မည့်သူသာ ဖြစ်ကြောင်း တွေးမိလိုက်သည်။ ပြုံးလိုက်မိပြီး လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို တိုးတိုးလေး နှုတ်ဆက်လိုက်သည်။
"ဒီနားထိပဲ လိုက်ပို့တော့။ ရှောင်ယောင်း... ကိုယ် သွားပြီ"
***