← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 21 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 21 Ch. 329-330

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၂၉ ။ အရှင်မင်းကြီးရဲ့ကျေးဇူးကို မစော်ကားမိပါစေနဲ့

နဉ်ရှောင်ယောင်းသည် မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်နေသော လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။ လရောင်အောက်တွင် လိုကျစ်ကွေ့၏ မျက်နှာသည် အနည်းငယ် ဝေဝါးနေပြီး ပါးလွှာသော နှုတ်ခမ်းကိုသာ သဲသဲကွဲကွဲ မြင်နေရသည်။

လိုကျစ်ကွေ့လည်း နဉ်ရှောင်ယောင်းကို ငုံ့ကြည့်နေသည်။ နဉ်ရှောင်ယောင်း၏ မျက်နှာလေးသည် သူတို့စတွေ့ခါစကလိုပင် ဖြစ်နေဆဲ။ ကလေးဆန်သော ပါးဖောင်းဖောင်းလေးများ၊ ဗာဒံစေ့ပုံစံ မျက်လုံးဝိုင်းဝိုင်းလေးများ၊ နှုတ်ခမ်းထူထူလေးကို စူထားပုံလေးများ... အားလုံးက မပြောင်းလဲသေးပေ။ "ကောင်းကောင်း နေနော်" လိုကျစ်ကွေ့ ပြောလိုက်သည်။ ထို့နောက် နဉ်ရှောင်ယောင်း ပြန်ပြောသည်ကို မစောင့်တော့ဘဲ မြင်းကိုနှင်ကာ ထွက်ခွာသွားလေသည်။

နွေရာသီ၏ ညလေပြေလေးများ တိုက်ခတ်နေသည်။ မြို့တော်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး နေ့လယ်က အပူရှိန်များလည်း လျော့ပါးသွားပြီဖြစ်သည်။ ပိုးကောင်ငယ်လေးများ၏ အော်မြည်သံများသာ ထွက်ပေါ်နေသည်။

"လမ်းခရီးဖြောင့်ဖြူးပါစေ။ မြန်မြန် ပြန်လာနော်"

အနောက်မှ အော်သံကြားသဖြင့် လိုကျစ်ကွေ့ လှည့်ကြည့်လိုက်ရာ နန်းတော်တံခါးဝတွင် နဉ်ရှောင်ယောင်းသည် ခုန်ဆွခုန်ဆွဖြင့် လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

နန်းတော်တံခါးဝတွင် မီးရောင်များ ထိန်လင်းနေပြီး နဂါးအစောင့်တပ်သားများနှင့် နန်းတော်အစောင့်တပ်သားများ အများအပြားရှိနေသော်လည်း လိုကျစ်ကွေ့၏ မျက်လုံးထဲတွင် ခုန်ဆွခုန်ဆွလုပ်နေသော ခန္ဓာကိုယ်လေးကိုသာ မြင်နေရသည်။

"အမိန့်တော်အတိုင်းပါ" လိုကျစ်ကွေ့ အသံကုန်ဟစ်၍ ပြန်အော်ပြောလိုက်သည်။

....

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေပြီးမှ နှုတ်ခမ်းစူကာ နန်းတော်ထဲသို့ ပြန်ဝင်လာခဲ့သည်။

"အရှင်မင်းကြီး" ယင်းဖုန်း နဉ်ရှောင်ယောင်းနောက်မှ လိုက်ပါလာသည်။ အရှင်မင်းကြီး စိတ်မပျော်မရွှင်ဖြစ်နေမှန်း ယင်းဖုန်း သိသာစွာ ခံစားမိသည်။

နဉ်ရှောင်ယောင်း ယင်းဖုန်းကို လှည့်ကြည့်လိုက်ပြီး မေးသည်။ "ဒီရက်ပိုင်း ငါ ဘာတွေ အလုပ်ရှုပ်နေမှန်းတောင် မသိတော့ဘူး။ သာ့ဖုန်း... မင်း မိန်းကလေး ၅ ကို သွားတွေ့ပြီးပြီလား"

ယင်းဖုန်း ခေါင်းခါလိုက်သည်။ စစ်တိုက်နေရတာ ဘယ်အချိန်ရမှာလဲ။

"ဟူး..." နဉ်ရှောင်ယောင်းသည် လမ်းဘေးပန်းခင်းထဲမှ ပန်းပင်တစ်ပင်ကို ဆွဲနုတ်လိုက်ပြီး ယင်းဖုန်းကို ပြောသည်။ "ဒီည ရာသီဥတု ကောင်းတယ်။ နင် သွားတွေ့လိုက်လေ။ အာ့ယာနဲ့ ရှောင်ချိုးကိုလည်း သွားခေါ်ရဦးမယ်"

မိန်းကလေး ၅ကို သွားတွေ့ခိုင်းရုံဆိုရင် ယင်းဖုန်း ငြင်းလိမ့်မည်။ အလုပ်တာဝန်ကို အကြောင်းပြပြီး ငြင်းမှာသေချာသည်။ ဒါပေမဲ့ အာ့ယာနဲ့ ရှောင်ချိုးကို သွားခေါ်ရမယ်ဆိုတော့ ယင်းဖုန်း မငြင်းနိုင်တော့ပေ။ ယင်းဖုန်းက လူမတွေ့ဘဲ ကလေးတွေပဲ ခေါ်လာမှာစိုးလို့ နဉ်ရှောင်ယောင်းက အာ့ယာနဲ့ ရှောင်ချိုးကို ရှဲ့သော်ယင်းဆီ ပို့ထားလိုက်တာလေ။ နဉ်ရှောင်ယောင်းက အကွက်ကျကျ စီစဉ်တတ်သားပဲ။

ယင်းဖုန်း အမိန့်နာခံလိုက်သော်လည်း စိတ်မချနိုင်ဘဲ မေးလိုက်သည်။ "အရှင်မင်းကြီး... စစ်သေနာပတိချုပ်က..."

"သူက ရှဲ့ဝမ်ယွမ် မြောက်ပိုင်းသားတွေဆီ ထွက်ပြေးသွားမှာ စိုးရိမ်လို့တဲ့" နဉ်ရှောင်ယောင်း ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "ဒါကြောင့် အန်းယွမ်ကို အမြန်ပြန်သွားတာ"

"ဒါဆို မြို့တော်ဝန်းကျင် ကာကွယ်ရေးကို ဘယ်လိုစီစဉ်ထားလဲ" ယင်းဖုန်း မေးလိုက်သည်။

မြို့တော်ဝန်းကျင်က စစ်တပ်တွေကို အရင်တုန်းက ရှဲ့ဝမ်ယွမ် ထိန်းချုပ်ထားတာလေ။ အခု ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားပြီး သူပုန်တွေကို ဖမ်းဆီးပြီးပြီဆိုတော့ ကာကွယ်ရေးကို ဘယ်သူက တာဝန်ယူမှာလဲ။ လိုကျစ်ကွေ့ မရှိတော့ရင် ဘယ်သူလုပ်မှာလဲ။

နဉ်ရှောင်ယောင်း ကြောင်သွားပြန်သည်။ ဟုတ်သားပဲ... စစ်ပွဲပြီးသွားပြီဆိုတော့ ကာကွယ်ရေးကို ဘယ်လိုစီစဉ်ရမလဲ။ သူမမှ မလုပ်တတ်တာ။

"အရှင်မင်းကြီး" ယင်းလေ နန်းတော်တံခါးဝမှ အပြေးရောက်လာပြီး သတင်းပို့လေသည်။ "ဟုကော်ကုန်းနဲ့ စစ်သူကြီးရွှီကျင်းတို့ တွေ့ခွင့်တောင်းနေပါတယ်"

ဘုရားရေ... နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်မိသည်။ ယင်းဖုန်းကို ပြောလိုက်သည်။ "ဟုကော်ကုန်းတို့ ရှိနေမှတော့ စစ်သေနာပတိချုပ်ကို ဒုက္ခပေးစရာ မလိုတော့ဘူးပေါ့" ကာကွယ်ရေးစီစဉ်တာလောက်တော့ ဘယ်စစ်သူကြီးမဆို လုပ်တတ်တာပဲလေ။ နဉ်ရှောင်ယောင်း စိတ်သက်သာရာ ရသွားသည်။

လိုကျစ်ကွေ့က ဒီလူတွေကို ကြိုမှာထားခဲ့လို့သာ ညသန်းခေါင်ကြီး နန်းတော်ထဲ ရောက်လာကြတာဖြစ်မည်ဟု ယင်းဖုန်း နားလည်လိုက်သည်။

"လေအာ့... ဟုကော်ကုန်းနဲ့ စစ်သူကြီးရွှီကို ဝင်ခွင့်ပေးလိုက်ပါ" နဉ်ရှောင်ယောင်း ရင်ကော့ပြီး ပြောလိုက်သည်။ လုပ်စရာရှိတာ လုပ်ရမည်။ လိုကျစ်ကွေ့ ထွက်သွားတာကို တွေးပြီး ဝမ်းနည်းနေလို့ မဖြစ်ဘူး။

ယင်းဖုန်းသည် လူသွားကြိုရင်း လူသွားတွေ့ရန် ထွက်ခွာသွားပြီး ယင်းလေသည် ဟုကော်ကုန်းနှင့် ရွှီကျင်းကို သွားခေါ်လေသည်။

နဉ်ရှောင်ယောင်း တစ်ယောက်တည်း ရပ်ကျန်ခဲ့ပြီး ခြေရင်းမှ ကြောင်နက်ဝဝကြီးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ "နင် ဒီလိုမလုပ်ပါနဲ့ဟာ။ နင်က မြို့တော်ကြောင်ဘုရင်ကြီးလေ။ နင့်တပည့်တွေ မြင်သွားရင် သိက္ခာကျစရာကြီး"

"ငါ မငိုဘူး" လောင်တ ပြန်အော်ပြောလိုက်သည်။

"ကျွတ်... ကျွတ်..." နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး လောင်တကို ခြေထောက်ဖြင့် အသာလေး ကန်လိုက်သည်။ "မငိုဘူးတဲ့။ မျက်လုံးထဲကဟာတွေက တံတွေးတွေလား။ တော်ပါတော့။ နည်းနည်းလောက် ဝမ်းနည်းပြရင် ရပြီ။ နင်နဲ့ စစ်သေနာပတိချုပ်က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စိတ်လျှော့လိုက်ပါတော့"

"မြောင်... ဂါး..." လောင်တသည် နဉ်ရှောင်ယောင်းကို လက်သည်းဖြင့် ကုတ်လိုက်ပြီး ချုံပုတ်ထဲ ဝင်ပြေးသွားတော့သည်။

"ငါလည်း ဝမ်းနည်းတာပဲ။ ဒါပေမဲ့ ငါ မငိုဘူး" နဉ်ရှောင်ယောင်း ရေရွတ်လိုက်ပြီး လက်နောက်ပစ်ကာ ထိုက်ဟွာနန်းဆောင်ဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့သည်။ ထပ်မတွေ့ရတော့မှာမှ မဟုတ်တာ။ စစ်သေနာပတိချုပ်က အမြန်ဆုံး ပြန်လာမယ်လို့ ပြောထားတာပဲ။ ဘာဝမ်းနည်းစရာ ရှိလို့လဲ။ နဉ်ရှောင်ယောင်း တစ်လမ်းလုံး ကိုယ့်ဘာသာ စကားပြောလာခဲ့ပြီး ထိုက်ဟွာနန်းဆောင်သို့ ပြန်ရောက်သောအခါ စားတော်ကဲကြီးဟွမ်ဆီမှ ညစာတောင်းစားရန် ပျော်ရွှင်စွာ ပြင်ဆင်လိုက်သည်။

"အရှင်မင်းကြီး... အခုလေးတင် ညစာစားထားတာလေ" စားတော်ကဲကြီးဟွမ်သည် နဉ်ရှောင်ယောင်း၏ ဗိုက်ကို ကြည့်လိုက်သည်။ ဒီဗိုက်ထဲမှာ ဘာတွေများ ထည့်ထားတာလဲ။ အများကြီး စားနိုင်လိုက်တာ။

"စစ်သေနာပတိချုပ် ဒီည ပြန်သွားမယ်ဆိုတာ သိလိုက်ရလို့ စိတ်မကောင်းဖြစ်ပြီး သိပ်မစားနိုင်ခဲ့ဘူးလေ" နဉ်ရှောင်ယောင်း အကြောင်းပြချက် ပေးလိုက်သည်။

နဉ်ရှောင်ယောင်း အဲ့လိုပြောလာမှတော့ စားတော်ကဲကြီးဟွမ် ဘာမှမတတ်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးလက်ထဲမှာ နတ်ဆေးရှိတာပဲ။ စားလို့ ဗိုက်အောင့်ရင် ဆေးသောက်လိုက်ပေါ့။ "ဝက်လက်စွပ်ပြုတ် ခေါက်ဆွဲပြုတ်ပေးရမလား" စားတော်ကဲကြီးဟွမ် မေးလိုက်သည်။ "အရှင်မင်းကြီး စားမလား"

"စားမယ်... စားမယ်... အသားစားချင်တယ်" နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။

"သူ စစ်သေနာပတိချုပ်ကို မချစ်ဘူး" လောင်တသည် မီးဖိုချောင်အပြင်ဘက်မှနေ၍ ရှောင်ပိုင်ကို ဒေါသတကြီး ပြောပြနေသည်။ "ဒီငတုံးမလေးက နည်းနည်းလေးမှ မဝမ်းနည်းဘူး"

နဉ်ရှောင်ယောင်း ရေခပ်သောခွက်ကို ကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ပြတင်းပေါက်မှတစ်ဆင့် လှမ်းပစ်လိုက်သည်။ ဒီကြောင်ဝတုတ်က တော်တော် အလိုက်ကန်းဆိုး မသိတာပဲ။

အမည်းရောင်အရာဝတ္ထုတစ်ခု ပျံဝဲလာသည်ကိုမြင်တော့ လောင်တ နောက်ဆုတ်ရှောင်လိုက်သည်။ "ငတုံးမ... နင် သွေးအေးလွန်းတယ်။ ငါ နင့်ကို အထင်ကြီးမိတာ မှားသွားတယ်"

နဉ်ရှောင်ယောင်း ယောက်မကိုပါ ထပ်ပစ်လိုက်သည်။

လောင်တ ဝမ်းနည်းပက်လက်ဖြင့် ထွက်ပြေးသွားတော့သည်။

"အွန်း..." ရှောင်ပိုင်သည် မီးဖိုချောင်တံခါးဝသို့ ရောက်လာပြီး အထဲသို့ ခေါင်းဝင်ကြည့်လိုက်သည်။

"ဝက်လက်ကြီး ရှိတယ်။ စားမလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"အွန်း..." ရှောင်ပိုင်သည် ဝက်အူချောင်းကဲ့သို့ ခန္ဓာကိုယ်လေးကို ယမ်းခါရင်း နဉ်ရှောင်ယောင်းအနားသို့ ရောက်လာသည်။ "စားမယ်"

စားတော်ကဲကြီးဟွမ်: "..."

"ငါ မသိဘူးများ မှတ်နေလား။ ဝက်လက်ဆိုတာ ဝက်ခြေထောက်ပဲလေ" နဉ်ရှောင်ယောင်း စားတော်ကဲကြီးဟွမ်ကို မျက်စောင်းထိုးလိုက်သည်။

စားတော်ကဲကြီးဟွမ် ဘာမှပြန်မပြောရဲပေ။ ဘယ်သူက ဝက်လက်ဆိုတာ ဝက်ခြေထောက် မဟုတ်ပါဘူးလို့ ပြောလို့လဲ။

"ဟွန့်" နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ "အခု ငါ့မှာ ပိုက်ဆံမရှားဘူး"

ဒါကြောင့် ရေခွက်ပစ်လိုက်၊ ယောက်မပစ်လိုက် လုပ်နေတာလား။ အရှင်မင်းကြီးရဲ့ စိတ်သဘောထားကို နားလည်ရခက်လာပြီဟု စားတော်ကဲကြီးဟွမ် တွေးမိလိုက်သည်။

....

ယင်းလေသည် ဟုကော်ကုန်းနှင့် ရွှီကျင်းကို ထိုက်ဟွာနန်းဆောင်သို့ ခေါ်ဆောင်လာသည်။ နဉ်ရှောင်ယောင်းကို သွားရှာပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး... ဟုကော်ကုန်းနဲ့ စစ်သူကြီးရွှီကို ထမင်းဖိတ်ကျွေးလိုက်ပါလား"

ဟုကော်ကုန်းကတော့ အရှင်မင်းကြီး အစားသောက်ကောင်းမှန်း သိပြီးသားမို့ ကိစ္စမရှိပေ။ သူတောင် အရှင်မင်းကြီးကို ထမင်းတစ်နပ် အကြွေးတင်နေသေးတာ။

ရွှီကျင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောသည်။ "ဒီလောက် ညဉ့်နက်နေပြီ။ အရှင်မင်းကြီး ညစာမစားရသေးဘူးလား။ အလုပ်ရှုပ်ရင်တောင် အရှင်မင်းကြီးကို စားဖို့သောက်ဖို့၊ အနားယူဖို့ သတိပေးသင့်တာပေါ့"

ဟုကော်ကုန်းနှင့် ယင်းလေတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ အရှင်မင်းကြီးက တိုင်းပြည်အတွက် အလုပ်ကြိုးစားတယ်ဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်ကြသည်။ ဒါကြောင့် အရှင်မင်းကြီးက ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ ညစာကို စားနေတယ်ဆိုတာ ရွှီကျင်းကို မပြောပြကြတော့ပေ။

"မင်္ဂလာပါ စစ်သူကြီးရွှီ" နဉ်ရှောင်ယောင်းသည် မီးဖိုချောင်စားပွဲတွင် ထိုင်လျက် ပါးစပ်အပြည့်ဖြင့် ရွှီကျင်းကို ပြုံးပြလိုက်သည်။ "အသားစားမလား။ အရမ်းကောင်းတယ်"

"ဝက်လက်ကြီးပါလား" ဟုကော်ကုန်း ဝင်ထိုင်လိုက်ပြီး ပြောသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးကို တစ်ပွဲလောက် ချီးမြှင့်ပါ"

"ရတာပေါ့" နဉ်ရှောင်ယောင်းသည် ဟုကော်ကုန်းကို သဘောတူလိုက်ပြီး ယင်းလေကို မေးလိုက်သည်။ "လေအာ့... စားဦးမလား"

ယင်းလေ ခေါင်းညိတ်လိုက်သည်။ တစ်ညလုံး အလုပ်ရှုပ်ထားရတာ ဗိုက်ဆာနေပြီလေ။

"ကောင်းပြီ" နဉ်ရှောင်ယောင်းသည် ချွေးတလုံးလုံးဖြင့် အလုပ်ရှုပ်နေသော စားတော်ကဲကြီးဟွမ်ကို လှမ်းအော်လိုက်သည်။ "ဝက်လက်ခေါက်ဆွဲ သုံးပွဲ ထပ်လုပ်ပေးပါ"

စားတော်ကဲကြီးဟွမ် လှည့်မကြည့်ဘဲ မေးလိုက်သည်။ "ဟင်းရွက်ထည့်ဦးမလား"

"ထည့်မယ်"

နဉ်ရှောင်ယောင်း၊ ဟုကော်ကုန်းနှင့် ယင်းလေတို့ ပြိုင်တူ ဖြေလိုက်ကြသည်။

"စစ်သူကြီးရော... ဟင်းရွက်စားမလား" နဉ်ရှောင်ယောင်း ရွှီကျင်းကို လှမ်းမေးလိုက်သည်။

ရွှီကျင်းသည် အရှင်မင်းကြီးက သူထင်ထားသလို မဟုတ်ဘဲ တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

....

ထိုအချိန်တွင် မြို့တော်မြောက်ဘက်တံခါးအပြင်ဘက်၌ အကြီးအကဲလီ ဦးဆောင်သော နန်းတွင်းအရာရှိများသည် လိုကျစ်ကွေ့ကို လိုက်ပို့နေကြသည်။

"ကျေးဇူးတင်ပါတယ် အမတ်ကြီး" လိုကျစ်ကွေ့ မြင်းပေါ်မှဆင်းပြီး အကြီးအကဲလီကို အရိုအသေပေးလိုက်သည်။

အကြီးအကဲလီသည် လိုကျစ်ကွေ့ကို ထူပေးလိုက်ပြီး ပြောသည်။ "အန်းယွမ်ခရိုင် ခြောက်ခုရဲ့ လုံခြုံရေးက စစ်သေနာပတိချုပ်အပေါ်မှာပဲ မူတည်နေပါတယ်။ စစ်သေနာပတိချုပ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အရှင်မင်းကြီးရဲ့ ကျေးဇူးကိုလည်း မစော်ကားမိပါစေနဲ့"

"ဟုတ်ကဲ့... ကျွန်တော်မျိုး နားလည်ပါတယ်" လိုကျစ်ကွေ့သည် လိမ္မာသော တပည့်တစ်ဦးကဲ့သို့ ခေါင်းညိတ်လိုက်သည်။

လိုကျစ်ကွေ့၏ ရိုးသားပြီး နှိမ့်ချသော သဘောထားကြောင့် အကြီးအကဲလီ ထပ်ပြောစရာ စကားမရှိတော့ပေ။

ဟုကော်ကုန်းအိမ်တော်မှ အစေခံအချို့ ဝိုင်အရက်များ ယူလာကြသည်။ ဖေ့ယင်က အသံကျယ်လောင်စွာ ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... ဒီဝိုင်ခွက်ကို သောက်ပြီး လမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"

အကြီးအကဲလီ အရင်ဆုံး ဝိုင်ခွက်ယူလိုက်ပြီးနောက် ကျန်လူများလည်း ဝိုင်ခွက်အသီးသီး ယူလိုက်ကြသည်။

ဝိုင်သုံးခွက် သောက်ပြီးနောက် ဖေ့ယင်သည် လိုကျစ်ကွေ့ကို ဘေးသို့ ခေါ်ထုတ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "မင်း မယ်တော်ကြီးကို မရှင်းပစ်လိုက်ဘူးလား"

လိုကျစ်ကွေ့ ဖေ့ယင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မင်းက တော်တော် ရက်စက်တာပဲ"

ဖေ့ယင် ပြောလိုက်သည်။ "ဒါက အရှင်မင်းကြီးအတွက် အကောင်းဆုံးပဲ မဟုတ်လား"

လိုကျစ်ကွေ့သည် စုန့်ကျင်းနှင့် စကားပြောနေသော အကြီးအကဲလီကို လှမ်းကြည့်လိုက်ပြီး ဖေ့ယင်ကို တိုးတိုးလေး ပြောပြသည်။ "အရှင်မင်းကြီးက အခု နယ်စားမင်းတွေကို ရှင်းလင်းဖို့ လုပ်နေတာ။ မယ်တော်ကြီးသာ သေသွားရင် နိုင်ငံတော်ဈာပန ကျင်းပရမယ်။ မယ်တော်ကြီးအတွက် ကုသိုလ်ပြုဖို့ဆိုပြီး အကျဉ်းသားတွေကို လွှတ်ပေးရမယ်။ ဒါဆို နယ်စားမင်းတွေကို ရှင်းလင်းမယ့်ကိစ္စက နောက်ဆုတ်သွားမှာပေါ့"

ဖေ့ယင် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းအမြင်ကတော့ ဒီနယ်စားမင်းတွေက မယ်တော်ကြီးထက် ပိုအန္တရာယ်ရှိတယ်ပေါ့"

"ရှဲ့မိသားစု ပြိုလဲသွားပြီ။ မယ်တော်ကြီးတစ်ယောက်တည်း ဘာလုပ်နိုင်မှာလဲ" လိုကျစ်ကွေ့ အေးစက်စွာ ရယ်မောလိုက်သည်။ "မယ်တော်ကြီးက သီလရှင်ဝတ်သွားပြီ။ လောလောဆယ်တော့ ပြဿနာရှာနိုင်မှာ မဟုတ်တော့ဘူး"

ဖေ့ယင် လန့်သွားပြီး မေးလိုက်သည်။ "ဘယ်တုန်းကလဲ"

"အခုလေးတင်ပဲ"

"အရှင်မင်းကြီး သိလား။ မင်း မယ်တော်ကြီးကို အတင်းအကျပ် ခိုင်းလိုက်တာကိုလေ"

"အရှင်မင်းကြီးက အသေးစိတ်မမေးဘူး။ ငါလည်း အသေးစိတ်မပြောပြဘူး" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အရှင်မင်းကြီးက မယ်တော်ကြီးကို မတွေ့ချင်ဘူးလေ။ ဒါကြောင့် ဒီကိစ္စကို အရှင်မင်းကြီး သိမှာမဟုတ်ပါဘူး"

ဖေ့ယင် ပြောစရာစကား မရှိတော့ပေ။

"မင်းအစ်ကိုက စစ်ရေးကိစ္စတွေ စီစဉ်ရမယ်" လိုကျစ်ကွေ့ ဖေ့ယင်ကို ကြည့်ပြီး ပြောလိုက်သည်။ "အကြီးအကဲလီက တစ်ခါတလေ ရှေးရိုးစွဲလွန်းတယ်။ အရှင်မင်းကြီးကလည်း သဘောထားကြီးလွန်းတယ်။ ဒါကြောင့် တချို့ကိစ္စတွေကို မင်း လုပ်သင့်တယ်ထင်ရင် လုပ်လိုက်ပါ"

"စစ်သေနာပတိချုပ် ဘာကိုဆိုလိုတာလဲ"

"ငါ တရားရုံးချုပ်အကျဉ်းထောင်ထဲ ပို့လိုက်တဲ့လူတွေလေ" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။ "အဲ့ဒီလူတွေကို အရှင်မထားတာ အကောင်းဆုံးပဲ"

ဖေ့ယင် မျက်လုံးများ အရောင်လက်သွားသည်။

"အကူအညီတောင်းပါတယ်" လိုကျစ်ကွေ့ ဖေ့ယင်ကို ဦးညွှတ်လိုက်သည်။

ဖေ့ယင် ဘေးသို့ ရှောင်လိုက်သည်။ လိုကျစ်ကွေ့၏ ဦးညွှတ်မှုကို သူ မခံယူရဲပေ။ "အရှင်မင်းကြီးက ငါတို့ ဟုကော်ကုန်းအိမ်တော်အပေါ် ကျေးဇူးရှိပါတယ်။ စစ်သေနာပတိချုပ်... ငါတို့ညီအစ်ကိုတွေ အစွမ်းကုန် မကြိုးစားမှာကို စိတ်မပူပါနဲ့။ မင်း အတွေးလွန်နေပါပြီ"

ဖေ့ယင်က စကားကောင်းကောင်း မပြောတတ်မှန်း သိသဖြင့် လိုကျစ်ကွေ့ ပြုံးရုံသာ ပြုံးလိုက်သည်။ ထပ်ပြီး ပြောလိုက်ပြန်သည်။ "အကူအညီတောင်းပါတယ်"

"မင်း အရှင်မင်းကြီးရဲ့ ကျေးဇူးကို မစော်ကားမိရင် ပြီးတာပါပဲ" လိုကျစ်ကွေ့ ထွက်ခွာတော့မည်ကို မြင်သောအခါ ဖေ့ယင် နောက်မှ လှမ်းပြောလိုက်သည်။ "အန်းယွမ်ကိုပြန်ရောက်ရင် မင်းက တောပြန်ရောက်တဲ့ ကျားတစ်ကောင်လို ဖြစ်နေတော့မှာ"

လိုကျစ်ကွေ့ ခြေလှမ်းတုံ့သွားပြီးနောက် စစ်မြင်းရှောင်ဟုန်ဆီသို့ အမြန်လျှောက်သွားကာ မြင်းပေါ်တက်လိုက်သည်။ အရှင်မင်းကြီးရဲ့ ကျေးဇူးကို မစော်ကားမိပါစေနဲ့တဲ့လား။ ငါက အရှင်မင်းကြီးရဲ့ ကျေးဇူးကို စော်ကားမိရင်တောင် မိန်းကလေးနဉ်ရဲ့ မေတ္တာကိုတော့ ဘယ်တော့မှ စော်ကားမှာ မဟုတ်ဘူး။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၃၀ ။ နဉ်ယွီ... မင်း တိုင်းပြည်ပျက်သွားလိမ့်မယ်

လိုကျစ်ကွေ့ မြို့တော်မှထွက်ခွာသွားသောညတွင် နဉ်ရှောင်ယောင်းသည် ဟုကော်ကုန်း၊ စစ်သူကြီးရွှီကျင်း၊ ယင်းလေတို့နှင့်အတူ ဝက်လက်ခေါက်ဆွဲ ထိုင်စားနေစဉ် တရားရုံးချုပ်အကျဉ်းထောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရောက်လာသည်။ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထားသော စစ်တပ်အရာရှိကြီးနှစ်ဆယ်ကျော် မီးလောင်သေဆုံးသွားခဲ့ကြသည်။

နဉ်ရှောင်ယောင်းသည် ထိုသတင်းကို ကြားသောအခါ လန့်ဖျပ်သွားပြီး လက်ထဲမှ တူများ ပြုတ်ကျသွားသည်။ ထိုင်ခုံရှည်ပေါ်မှ ခုန်ထပြီး "ဘယ်လိုလုပ် မီးလောင်ရတာလဲ" ဟု အော်မေးလိုက်သည်။

သတင်းလာပို့သော ယင်းယွီသည် နဉ်ရှောင်ယောင်း၏ အမြင်တွင် ကြောင်တောင်တောင် ဖြစ်နေပုံရသည်။ "မ... မသိပါဘူး။ တရားရုံးချုပ်ကလူတွေ ပြောတာကတော့ မီးက သူ့အလိုလို ထလောင်တာတဲ့" ဟု ခေါင်းခါရင်း ဖြေလေသည်။

"အကျဉ်းထောင်ထဲ သရဲခြောက်နေတာလား" နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ မီးရှို့တဲ့လူမရှိဘဲနဲ့ သူ့အလိုလို မီးထလောင်တယ်ဆိုတာ သူမကို အရူးလုပ်နေတာလား။

"အရှင်မင်းကြီး" ယင်းယွီ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းသည် စားပွဲပေါ်မှ ပန်းကန်လုံးအကြီးကြီးကို ငုံ့ကြည့်လိုက်သည်။ ခေါက်ဆွဲကုန်သွားပြီဖြစ်သော်လည်း ဟင်းရည်ကျန်နေသေးသည်။ နဉ်ရှောင်ယောင်းသည် သူမမျက်နှာထက် ပိုကြီးသော ပန်းကန်လုံးကြီးကို မ,ယူလိုက်ပြီး ဟင်းရည်များကို ဗိုက်ထဲ အကုန်လောင်းထည့်လိုက်သည်။

စစ်သူကြီးရွှီသည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး တွေးလိုက်မိသည်။ အရှင်မင်းကြီးက တော်တော် သဘောထားကြီးတာပဲ။ ဟိုဘက်မှာ စစ်တပ်အရာရှိကြီးနှစ်ဆယ်ကျော် သေကုန်ပြီ။ ဒီမှာက ဟင်းရည်သောက်နေတုန်းပဲ။

ဟုကော်ကုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်ရဲ့ လက်ကျန်တပည့်တွေ လုပ်တာများလား"

နဉ်ရှောင်ယောင်းသည် ပန်းကန်လုံးအလွတ်ကြီးကို စားပွဲပေါ် တင်လိုက်ပြီး ပြောသည်။ "အခုချိန်မှာ သူတို့ ပုန်းအောင်းနေရမယ့်အစား မီးလာရှို့ပြီး လူသတ်ဖို့ စိတ်ကူးရှိနေဦးမလား"

"အကျဉ်းသားတွေက ရှဲ့ဝမ်ယွမ်အကြောင်း ဖွင့်ပြောမှာစိုးလို့ နှုတ်ပိတ်တာ ဖြစ်နိုင်တယ်လေ" ဟုကော်ကုန်း ထောက်ပြသည်။

"အမတ်ချုပ်ကြီးက ပုန်ကန်ပြီးသားလေ။ သူ့အတွက် နောက်ထပ်အပြစ်တစ်ခု တိုးလာလည်း ဘာထူးမှာလဲ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "ခေါင်းဖြတ်သတ်ခံရမယ့်အစား အရှင်လတ်လတ် အရေခွံနွှာသတ်ခံရမှာကို ကြောက်လို့လား"

ဟုကော်ကုန်း ကိုယ့်ခေါင်းကိုယ် ခေါက်လိုက်မိသည်။ အရှင်မင်းကြီး ပြောတာလည်း ဟုတ်တာပဲ။ ရှဲ့ဝမ်ယွမ်ရဲ့ လက်ကျန်တပည့်တွေ ဒီလိုလုပ်စရာ အကြောင်းမရှိဘူး။

"ငါ တရားရုံးချုပ်ကို သွားကြည့်လိုက်ဦးမယ်" နဉ်ရှောင်ယောင်းသည် ပါးစပ်ကိုသုတ်လိုက်ပြီး ဟုကော်ကုန်းနှင့် စစ်သူကြီးရွှီကို ပြောလိုက်သည်။ "ကာကွယ်ရေးစီစဉ်တာကို မင်းတို့ပဲ ကြည့်လုပ်လိုက်ကြတော့။ ငါက နားမလည်ဘူးဆိုတော့ ဝင်မပြောတော့ဘူး။ ငါ့ဘက်က တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ စစ်တပ်က ပြည်သူတွေကို ကာကွယ်ပေးနိုင်ရမယ်။ ရှန့်နုံ ဝင်တိုက်လာတဲ့အခါ ဘာမှလုပ်မပေးနိုင်တာမျိုး မဖြစ်စေနဲ့"

ဟုကော်ကုန်း ရင်ဘတ်ကိုပုတ်ပြီး ကတိပေးလိုက်သည်။ "အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုး အစွမ်းကုန် စီစဉ်ထားပါ့မယ်"

"ကောင်းပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ စစ်သူကြီးရွှီဘက် လှည့်ပြီး ပြောလိုက်သည်။ "စစ်သူကြီး ဗိုက်မဝသေးရင် နောက်ထပ်စားလို့ရသေးတယ်နော်။ ခေါက်ဆွဲက အကန့်အသတ်မရှိဘူး။ အခု ငါ့မှာ ပိုက်ဆံမရှားဘူး"

ပိုက်ဆံမရှားကြောင်း ထပ်မံကြေညာပြီးနောက် နဉ်ရှောင်ယောင်းသည် ဝက်လက်ခေါက်ဆွဲ နှစ်ပွဲစားထားသော ယင်းလေကိုခေါ်ပြီး ထွက်ခွာသွားလေသည်။

ရှောင်ပိုင်သည် နဉ်ရှောင်ယောင်းနောက် လိုက်မသွားဘဲ ပန်းကန်ခွံကို ကိုက်ချီလျက် စားတော်ကဲကြီးဟွမ်၏ ခြေရင်းသို့ ပြေးသွားကာ "အွန်း... အွန်း..." ဟု အော်မြည်နေသည်။

စားတော်ကဲကြီးဟွမ်သည် ကိုယ်တိုင် ဝနေသော်လည်း ရှောင်ပိုင် ဝနေသည်ကို မကြိုက်ပေ။ အရှင်မင်းကြီး မွေးထားတဲ့ ခွေး... အဲ... မဟုတ်ဘူး... နှင်းဝံပုလွေက ဒီအတိုင်းဆက်စားနေရင် ဝက်ဖြစ်သွားမှာ စိုးရိမ်ရသည်။

"ရှောင်ပိုင်... မင်း ဆက်မစားနဲ့တော့" ဟုကော်ကုန်း ရှောင်ပိုင်ကို လှမ်းအော်လိုက်သည်။

"အွန်း..." ရှောင်ပိုင်သည် စားတော်ကဲကြီးဟွမ်ကိုကြည့်ပြီး အမြီးနှံ့ပြနေသည်။

"ဟေး" ဟုကော်ကုန်း ထရပ်ပြီး ရှောင်ပိုင်ကို ဖမ်းရန် ပြင်လိုက်သည်။ ဒီခွေးဝတုတ်လေးက ပြောမရဆိုမရ ဖြစ်နေပါလား။

"နေပါဦး... ခွေးကိစ္စ ထားလိုက်ပါတော့" ရွှီကျင်းသည် စားပွဲကိုပုတ်ပြီး ဟုကော်ကုန်းကို တားလိုက်သည်။

ရှောင်ပိုင် စိတ်ထိခိုက်သွားရပြန်သည်။ သူက နှင်းဝံပုလွေပါဆို...

ရွှီကျင်းက ဟုကော်ကုန်းကို မေးလိုက်သည်။ "ရှန့်နုံက ဘယ်သူလဲ"

"ရှန့်နုံလေ... မသိဘူးလား" ဟုကော်ကုန်း ပြန်မေးလိုက်သည်။

ရွှီကျင်း နှုတ်ခမ်းတွန့်သွားသည်။ သူပုန်ခေါင်းဆောင်ကို နာမည်တပ်ပြီး ခေါ်ရသလား။

"ကာကွယ်ရေးစီစဉ်တာနဲ့ပတ်သက်ပြီး စစ်သူကြီးမှာ ဘာအကြံဉာဏ်ရှိလဲ" ဟုကော်ကုန်းသည် သူ့ရှေ့မှ ပန်းကန်ခွံကို တွန်းဖယ်လိုက်ပြီး ရွှီကျင်းနှင့် အလုပ်ကိစ္စပြောလိုက်သည်။

ရွှီကျင်း မေးလိုက်သည်။ "ဒီမှာ ဆွေးနွေးမလို့လား"

"ဒါဆို ဘယ်သွားဆွေးနွေးချင်လို့လဲ" ဟုကော်ကုန်း ပြုံးလိုက်သည်။ ဒီစစ်သူကြီးက အလိုက်ကန်းဆိုး မသိပါလား။ ထိုက်ဟွာနန်းဆောင်ထဲမှာ ထိုင်ခွင့်ရနေတာတောင် ဘာထပ်လိုချင်နေသေးတာလဲ။

ရွှီကျင်း ဘာမှမလိုချင်ပါဘူး။ ဒါကြောင့် စစ်သူကြီး ပြောလိုက်သည်။ "စစ်ပွဲပြီးရင် မြို့တော်ဝန်းကျင်က စစ်တပ်တွေကို ကျွန်တော်မျိုး ပိုပြီး..."

"အရှင်မင်းကြီးက ပေးမယ်ပြောပေမယ့် စစ်သူကြီးက တကယ်ပဲ ယူရက်သလား" ဟုကော်ကုန်းသည် ရွှီကျင်း၏ စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။ "အရှင်မင်းကြီးက ငယ်သေးတယ်ဆိုပြီး အနိုင်ကျင့်လို့ မရဘူးနော်"

ရွှီကျင်း စကားဆက်မပြောနိုင်တော့ပေ။ သူက အရှင်မင်းကြီးကို အနိုင်ကျင့်ရဲပါ့မလား။

စားတော်ကဲကြီးဟွမ်သည် ရှောင်ပိုင်ကို ပွေ့ချီပြီး အပြင်ထွက်သွားသည်။ လူကြီးမင်းနှစ်ယောက် တိုင်းပြည်ရေးဆွေးနွေးနေတာကို သူက စားတော်ကဲကြီးတစ်ယောက်အနေနဲ့ ရှောင်ပေးတာ ကောင်းပါတယ်။

....

ဟုကော်ကုန်းနှင့် ရွှီကျင်းတို့ ထိုက်ဟွာနန်းဆောင် မီးဖိုချောင်ထဲတွင် အချေအတင် ဆွေးနွေးနေကြစဉ် နဉ်ရှောင်ယောင်းသည် ယင်းတျန့်ကို အိမ်စောင့်ထားခဲ့ပြီး ယင်းလေ၊ ယင်းယွီတို့နှင့်အတူ တရားရုံးချုပ်သို့ အပြေးသွားနေသည်။ လမ်းတစ်လျှောက်လုံး နဉ်ရှောင်ယောင်းသည် ယင်းလေ၊ ယင်းယွီနှင့် နောက်မှလိုက်ပါလာသော နဂါးအစောင့်တပ်သားများကို ပြောပြနေသည်။

"ငါ့ကို သတ်ရင်တောင် ဒါ မတော်တဆဖြစ်ရပ်ဆိုတာ မယုံဘူး"

"မတော်တဆ ဖြစ်ရပ်ပါ" တရားရုံးချုပ်သို့ ရောက်သောအခါ ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို မြင်သည်နှင့် ထိုစကားကို ပြောလိုက်သည်။

နဉ်ရှောင်ယောင်း: "..."

နဂါးအစောင့်တပ်သားများ: "..."

ဒါဆို အရှင်မင်းကြီး ယုံရမလား၊ မယုံရဘူးလား။

"တကယ် မတော်တဆဖြစ်တာပါ" ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို တရားရုံးချုပ်ထဲသို့ ခေါ်သွားသည်။ အကျဉ်းထောင်မီးက မငြိမ်းသေးသော်လည်း တရားရုံးချုပ်ရုံးခန်းများကတော့ ဘေးကင်းနေသေးသည်။

"ကောင်းပြီလေ" နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး စိတ်ကို ငြိမ်အောင် ထားလိုက်သည်။ "ဒုသခင်လေးဖေ့... ပြောပြပါဦး။ ဘယ်လို မတော်တဆ ဖြစ်သွားတာလဲ"

"အကျဉ်းသားတစ်ယောက်က စစ်ဆေးရေးခန်းထဲမှာ လက်ထိပ်ဖြုတ်ပြီး ထွက်ပြေးဖို့ ကြိုးစားရင်း စားပွဲပေါ်က မီးအိမ်ကို တိုက်မိပြီး လဲကျသွားတယ်။ အဲ့ဒီအချိန်မှာ စစ်ဆေးရေးခန်းထဲမှာ ထင်းရှူးဆီပုံးတွေ အများကြီး ရှိနေတော့..."

"နေပါဦး... စစ်ဆေးရေးခန်းထဲမှာ ထင်းရှူးဆီပုံးတွေ အများကြီးထားပြီး ဘာလုပ်မလို့လဲ" နဉ်ရှောင်ယောင်း ဖြတ်မေးလိုက်သည်။ "စစ်ဆေးရေးခန်းထဲမှာ ထမင်းချက်စားနေကြတာလား"

ဖေ့ယင် ပြုံးလိုက်သည်။ "အရှင်မင်းကြီး... 'အရေခွံနွှာစစ်ဆေးခြင်း' ဆိုတာ မကြားဖူးဘူးလား"

"မကြားဖူးဘူး" နဉ်ရှောင်ယောင်း ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ "အဲ့ဒါ ဘာကြီးလဲ"

"အဲ့ဒါ ပစ္စည်းမဟုတ်ပါဘူး" ဖေ့ယင် ရှင်းပြသည်။ "အကျဉ်းသားရဲ့ ကိုယ်ပေါ်မှာ ထင်းရှူးဆီတွေ သုတ်လိမ်းပြီး ဂုန်လျှော်အိတ်နဲ့ အုပ်ထားလိုက်တယ်။ ထင်းရှူးဆီခြောက်သွားရင် ဂုန်လျှော်အိတ်ကို ဆွဲခွာလိုက်တဲ့အခါ အကျဉ်းသားရဲ့ အရေခွံပါ ကွာကျလာတာမျိုးပါ"

နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဘယ်သူကများ ဒီလိုယုတ်မာတဲ့နည်းလမ်းကို စဉ်းစားမိတာလဲ။ လူကို ဒီလောက်ထိ နှိပ်စက်ရလား။

"ဒီလို နှိပ်စက်နည်းမျိုး ရှင်းစစ်ဆေးရေးဌာနမှာလည်း ရှိပါတယ်" ဖေ့ယင်က နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။

"မပြုံးနဲ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မင်း ပြောတာ နားထောင်ရတာနဲ့တင် အန်ချင်လာပြီ"

ဖေ့ယင်: "..." သူက ရွံစရာကောင်းတဲ့စကား ပြောမိလို့လား။

"လူတွေ အကုန်သေကုန်ပြီလား။ တစ်ယောက်မှ မလွတ်ဘူးလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"မလွတ်ပါဘူး" ဖေ့ယင် ပြောလိုက်သည်။ "ထောင်မှူးတွေတောင် ဒဏ်ရာရကုန်ကြတယ်"

နဉ်ရှောင်ယောင်းသည် မီးရောင်ကြောင့် နီရဲနေသော အကျဉ်းထောင်ကောင်းကင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "မီးတောင် မငြိမ်းသေးဘူး။ ဒုသခင်လေးဖေ့က အထဲမဝင်ကြည့်ရသေးဘဲနဲ့ ဒီလိုအခြေအနေမှန်း ဘယ်လိုသိလဲ"

"ထွက်ပြေးလာတဲ့ ထောင်မှူးတွေ ပြောပြတာပါ" ဖေ့ယင် ပြောလိုက်သည်။ "တစ်ယောက်နှစ်ယောက်မက ပြောနေကြတာဆိုတော့ ဒါ အမှန်ပဲ ဖြစ်လောက်ပါတယ်"

"ဒါဆို..." နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "ထောင်မှူးတွေတောင် ထွက်ပြေးလွတ်မြောက်လာနိုင်ရင် အကျဉ်းသားတွေက ဘာလို့ တစ်ယောက်မှ မလွတ်တာလဲ"

နဉ်ရှောင်ယောင်းနှင့်ပတ်သက်လျှင် ဖေ့ယင်သည် အမြဲတမ်း စိတ်ရှည်သည်းခံတတ်သည်။ နဉ်ရှောင်ယောင်းက အလွန်တုံးအသော မေးခွန်းမေးလျှင်တောင် သူက သဘောကောင်းကောင်းဖြင့် ဖြေပေးတတ်သည်။ "အရှင်မင်းကြီး... အကျဉ်းသားတွေက အခန်းထဲမှာ ပိတ်လှောင်ခံထားရတာလေ။ သူတို့ ဘယ်လိုလုပ် ထွက်ပြေးလို့ရမှာလဲ"

"မီးလောင်တုန်းက ထောင်မှူးတွေက တံခါးဖွင့်မပေးဘူးလား"

"သူတို့တောင် ကိုယ်လွတ်ရုန်းပြေးနေရတာလေ။ ပုန်ကန်တဲ့အကျဉ်းသားတွေရဲ့ အသက်ကို ဘယ်သူက ဂရုစိုက်နေအားမှာလဲ"

နဉ်ရှောင်ယောင်း နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူ ပြောတာလည်း ဟုတ်တာပဲ။ သူမ ပြန်ပြောစရာ မရှိတော့ပေ။

"အကြီးအကဲလီက တရားရုံးချုပ်အရာရှိနဲ့ စကားပြောနေပါတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ လိုက်ခဲ့ပါ" ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို အထဲသို့ ခေါ်သွားရန် ပြင်လိုက်သည်။

နဉ်ရှောင်ယောင်း ရပ်တန့်သွားသည်။ အဘိုးကြီး ဒီမှာ ရှိနေတာလား။

ဖေ့ယင်သည် နဉ်ရှောင်ယောင်း မလိုက်လာသည်ကို မြင်တော့ မေးလိုက်သည်။ "အရှင်မင်းကြီး?"

"မတော်တဆဖြစ်ရပ်ဆိုရင်တော့ လူသေတာ ပြန်ရှင်အောင် လုပ်လို့မရတော့ဘူးလေ" နဉ်ရှောင်ယောင်း မျက်နှာလေး တည်သွားပြီး ပြောလိုက်သည်။ "ငါ ရောက်လာလည်း ပြဿနာပြေလည်သွားမှာ မဟုတ်ဘူး။ ဒုသခင်လေးဖေ့... ငါ ဒီကို မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"

ဖေ့ယင် ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။

နဉ်ရှောင်ယောင်း မော့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ခြံဝင်းတံခါးဝတွင် ရဲမက်များ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပိုဆိုးသည်မှာ အကြီးအကဲလီ ခြံဝင်းထဲတွင် စကားပြောနေသံကို သူမ ကြားလိုက်ရသည်။ "သွားပြီ" နဉ်ရှောင်ယောင်း လှည့်ပြေးရန် ပြင်လိုက်သည်။

"မင်း ရိုင်းလှချည်လား" ခြံဝင်းထဲမှ အကြီးအကဲလီ တစ်စုံတစ်ယောက်ကို ဆူပူကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။

ကြည့်ရတာ အဘိုးကြီး စိတ်မကြည်ဘူး ထင်တယ်။ နဉ်ရှောင်ယောင်း ပိုမြန်မြန် ပြေးလေတော့သည်။

ဖေ့ယင်သည် နဉ်ရှောင်ယောင်း ပြေးတာကို မတားပေ။ ဒီကိစ္စမှာ နဉ်ရှောင်ယောင်း ပါဝင်ပတ်သက်တာကို သူလည်း မလိုလားပေ။ သို့သော် ရဲမက်နှစ်ဦးက လူတစ်ယောက်ကို ထမ်းလာပြီး နဉ်ရှောင်ယောင်းနှင့် မျက်နှာချင်းဆိုင် တိုးမိသွားသည်ကို မြင်လိုက်ရသောအခါ ဖေ့ယင်၏မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး နဉ်ရှောင်ယောင်းဆီသို့ အပြေးသွားလိုက်သည်။

နဉ်ရှောင်ယောင်းသည် ရဲမက်နှစ်ဦး ထမ်းလာသော လူကို တစ်ချက်ကြည့်လိုက်ပြီး လေအေးတစ်ချက် ရှိုက်လိုက်မိသည်။

ယင်းလေ အံ့ဩတကြီး ပြောလိုက်သည်။ "မီးလောင်ထားလို့ မည်းတူးနေတာတောင် ဒီလူက အသက်ရှင်နေသေးတယ်လား"

ရဲမက်နှစ်ဦးသည် အရှင်မင်းကြီးနှင့် တိုးမိလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ဒူးထောက်အရိုအသေပြုချင်သော်လည်း လက်ထဲတွင် လူမမာပါလာသဖြင့် ဒူးထောက်မရ ဖြစ်နေသည်။ ကြောက်လန့်တကြား ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ယင်းလေ မေးသည်ကိုကြားမှ ရဲမက်တစ်ဦးက အလျင်အမြန် ဖြေလိုက်သည်။

"ဒီအကျဉ်းသားက အသက်ငွေ့ငွေ့လေး ကျန်ပါသေးတယ်။ ကျွန်တော်မျိုးတို့က အရာရှိမင်းနဲ့ အကြီးအကဲလီဆီ ခေါ်သွားမလို့ပါ"

နဉ်ရှောင်ယောင်းသည် မီးလောင်ဒဏ်ရာ ပြင်းထန်စွာရထားသော ထိုလူ၏ မျက်နှာကို လက်ဖြင့် ထိကြည့်လိုက်ပြီး မေးသည်။ "အကျဉ်းထောင်ထဲက စစ်သူကြီးလား"

ရဲမက်နှစ်ဦး ခေါင်းညိတ်လိုက်ကြသည်။ ကြောက်လွန်းလို့ ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ပေ။

"အရှင်မင်းကြီး" ဖေ့ယင် ရောက်လာပြီး နဉ်ရှောင်ယောင်းကို အနောက်သို့ ဆွဲခေါ်လိုက်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ဒီလိုအကျဉ်းသားမျိုးကို ဂရုစိုက်မနေပါနဲ့။ အရှင်မင်းကြီးရဲ့ မျက်စိညစ်ညမ်းသွားပါလိမ့်မယ်"

ဒီအကျဉ်းသားရဲ့ အဝတ်အစားတွေက မီးလောင်ကုန်ပြီဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ ပြည့်နှက်နေသည်။ နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ "မျက်စိညစ်ညမ်းတာ ဘာဆိုင်လို့လဲ။ ကယ်လို့ရရင် ကယ်ရမှာပေါ့"

ထိုအချိန်တွင် သတိလစ်နေသော အကျဉ်းသားသည် နိုးလာသည်။ မျက်လုံးမဖွင့်ခင်မှာပင် ဘေးနားမှ 'အရှင်မင်းကြီး' ဟု ခေါ်သံကြားလိုက်ရသဖြင့် အကျဉ်းသားသည် မျက်လုံးများကို အားယူဖွင့်လိုက်ရာ ခန္ဓာကိုယ်သေးသေးလေးနှင့် နဉ်ရှောင်ယောင်းကို တွေ့လိုက်ရသည်။

ရဲမက်နှစ်ဦးသည် သေလုမျောပါးဖြစ်နေသော အကျဉ်းသား ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာသည်ကို တွေ့လိုက်ရသဖြင့် လန့်သွားပြီး အကျဉ်းသားကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။

နဉ်ရှောင်ယောင်း အကျဉ်းသားအနားသို့ တိုးသွားလိုက်သည်။ မကြာသေးခင်ကမှ အစ်ကိုကြီးကျိုးကို ကုပေးထားသဖြင့် သူမ၏ စွမ်းအင်များ နည်းပါးနေသည်။ ဒီလူရဲ့ အသက်ကို ထိန်းထားပေးရုံလောက်သာ တတ်နိုင်မည်။ "ဘာဖြစ်ခဲ့တာလဲ" နဉ်ရှောင်ယောင်း စိုးရိမ်တကြီး မေးလိုက်သည်။ "မင်း ဘယ်လိုနေသေးလဲ"

အကျဉ်းသားသည် နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ မျက်နှာတွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသဖြင့် လူပုံစံပင် မပေါ်တော့ရာ သူ့မျက်နှာထားကို ခန့်မှန်း၍ မရနိုင်ပေ။

"ကြည့်ရတာ အရမ်း ရက်စက်မယ့်ပုံပဲ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို တီးတိုးပြောလိုက်သည်။ "သူ ငါ့ကို ကိုက်သတ်ချင်နေတာလား။ ငါ သူ့ကို ဖမ်းလိုက်လို့ မုန်းနေတာလား"

ဖေ့ယင်သည် ရဲမက်နှစ်ဦးကို အေးစက်စွာ အမိန့်ပေးလိုက်သည်။ "အကျဉ်းသားကို ခေါ်မသွားသေးဘူးလား"

ရဲမက်နှစ်ဦးသည် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အရှင်မင်းကြီး အမိန့်မပေးဘဲ သူတို့ ဘယ်ရွေ့ရဲပါ့မလဲ။

"သူ ဒီလောက်ဖြစ်နေပြီကို... ဒုသခင်လေးဖေ့ကလည်း သူ့ကို ဒေါသထွက်မနေပါနဲ့တော့" နဉ်ရှောင်ယောင်း ဖေ့ယင်ကို အနောက်သို့ ဆွဲလိုက်သည်။ ဒီအကျဉ်းသားက သူမကို ကိုက်သတ်ချင်နေသလို ဖေ့ယင်ကလည်း ဒီအကျဉ်းသားကို သတ်ပစ်ချင်နေပုံရသည်။

"နင်... နဉ်ယွီ" အကျဉ်းသား ရုတ်တရက် စကားပြောလာသည်။

ရဲမက်နှစ်ဦး လက်တုန်သွားသည်။ ယင်းလေသာ ဝင်မထိန်းပေးလျှင် အကျဉ်းသား မြေကြီးပေါ် ပြုတ်ကျသွားပြီဖြစ်သည်။

အကျဉ်းသား စကားပြောနိုင်သည်ကို ကြားသောအခါ နဉ်ရှောင်ယောင်း ဝမ်းသာသွားသည်။ လည်ချောင်းမီးလောင်ထားတာတောင် စကားပြောနိုင်တယ်ဆိုတော့ ဒီအကျဉ်းသားရဲ့ အခြေအနေက တိုးတက်လာပြီပဲ။ ငါ့စွမ်းအင်တွေ အဆင့်တက်လာပြီပဲဟု နဉ်ရှောင်ယောင်း စိတ်ထဲတွင် ကြိတ်ပျော်သွားသည်။

"နဉ်ယွီ" အကျဉ်းသား၏ မျက်လုံးများ နီရဲနေပြီး မျက်လုံးအိမ်မှ ထွက်ကျမတတ် နဉ်ရှောင်ယောင်းကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ "မင်း... တိုင်းပြည်ပျက်သွားလိမ့်မယ်။ မင်း သေချာပေါက် သေချင်းဆိုးနဲ့ သေရလိမ့်မယ်"

နဉ်ရှောင်ယောင်း: (⊙_⊙;) ငါ ဘာလုပ်မိလို့ ဒီလူက ငါ့ကို ဒီလောက်တောင် ကျိန်ဆဲနေရတာလဲ။

***

All Chapters