အခန်း (၃၃၁-၃၃၂)
Vol. 21 Ch. 331-332
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၁ ။ စိတ်မလောနဲ့၊ စိတ်မပူနဲ့၊ စိတ်မရှုပ်နဲ့
ဖေ့ယင်သည် ကြောင်အမ်းအမ်းဖြစ်နေသော နဉ်ရှောင်ယောင်းကို အနောက်သို့ ဆွဲပို့လိုက်သည်။ ဘေးနားရှိလူများ ဒေါသထွက်နေကြချိန်၊ ကြောင်နေကြချိန်တွင် ဖေ့ယင်ကတော့ တည်ငြိမ်သောမျက်နှာထားဖြင့် အကျဉ်းသားကို ကြည့်ပြီး မေးလိုက်သည်။
"မင်းစကားက ဘာသဘောလဲ။ ရှဲ့ဝမ်ယွမ်က အရှင်မင်းကြီးကို ပြန်တိုက်နိုင်ဦးမယ်လို့ ထင်နေတာလား"
အကျဉ်းသားသည် နဉ်ရှောင်ယောင်းကို တိုင်းပြည်ပျက်မည့်သူဟု ကျိန်ဆဲပြီးနောက် ပါးစပ်အဟောင်းသားဖြင့် အသက်ရှူရခက်ခဲနေသည်။
"ပြောစမ်း" ဖေ့ယင် ပြောလိုက်သည်။ "မင်း စကားပြောရင် ငါ သမားတော်ခေါ်ပေးမယ်"
အကျဉ်းသား၏ လည်ချောင်းထဲမှ "အဟွတ်... အဟွတ်..." ဟု အသံများ ထွက်ပေါ်လာသည်။
"မင်း..." ဖေ့ယင် လက်လှမ်းလိုက်သည်။
အကျဉ်းသား၏ ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ ဖေ့ယင် ရှောင်တိမ်းလိုက်သဖြင့် သွေးများ လွတ်သွားသည်။
"သမားတော် သွားခေါ်စမ်း" ဖေ့ယင် အော်ဟစ်အမိန့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း ရှေ့တိုးသွားရန် ပြင်လိုက်သည်။ ငါရှိနေမှတော့ သမားတော် ဘာလုပ်ဖို့ လိုသေးလို့လဲ။
"အရှင်မင်းကြီး" ဖေ့ယင် နဉ်ရှောင်ယောင်းကို လှမ်းဆွဲထားလိုက်သည်။ "အနားမသွားပါနဲ့"
ဒီအကျဉ်းသားက နဉ်ရှောင်ယောင်းကို အမုန်းကြီးမုန်းနေတာ သိသာသည်။ နဉ်ရှောင်ယောင်းကို ဒုက္ခပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ ဖေ့ယင်ကတော့ နဉ်ရှောင်ယောင်းကို အနားကပ်ခွင့်မပေးနိုင်ပေ။
"အသိဉာဏ်မရှိတဲ့ ဧကရာဇ်" အကျဉ်းသားက နဉ်ရှောင်ယောင်းကို လှမ်းဆဲလိုက်ပြန်သည်။
"ဖတ်" နဉ်ရှောင်ယောင်း တံတွေးထွေးပြီး ပြန်ဆဲရန် ပြင်လိုက်သည်။ "နင်ကမှ အသိဉာဏ်မရှိတဲ့ကောင်။ နင့်တစ်မိသားစုလုံး အသိဉာဏ်မရှိတဲ့ကောင်တွေ" သို့သော် အကျဉ်းသား၏ ပါးစပ်မှ သွေးများ ဒလဟော စီးကျလာသည်ကို တွေ့လိုက်ရသည်။
"လျှာကို ကိုက်လိုက်ပြီ" ယင်းယွီ အရင်ဆုံး သတိထားမိပြီး အကျဉ်းသား၏ ပါးစပ်ကို အတင်းဖြဲလိုက်သည်။
နဉ်ရှောင်ယောင်း ရှေ့ပြေးသွားရန် ပြင်သော်လည်း ဖေ့ယင်က သူမကို ပွေ့ချီထားလိုက်သဖြင့် ခြေထောက်များ မြေကြီးနှင့် လွတ်သွားသည်။
"ငါ ကယ်နိုင်တယ်။ လွှတ်... ငါ့ကို လွှတ်ပေး" နဉ်ရှောင်ယောင်း အော်ဟစ်ရုန်းကန်လိုက်သည်။
ဖေ့ယင် မလွှတ်ပေးနိုင်ခင်မှာပင် နဉ်ရှောင်ယောင်း ရုန်းထွက်သွားပြီး အကျဉ်းသားအနားသို့ ရောက်သွားသည်။
ထိုအချိန်တွင် ယင်းယွီသည် အကျဉ်းသား၏ ပါးစပ်ကို ဖြဲထားလိုက်ရာ ပြတ်နေသော လျှာတစ်ပိုင်း ပါးစပ်ထဲမှ ကျလာသည်။
"သောက်ကျိုးနည်း" ဖေ့ယင် မြေကြီးပေါ်ကျနေသော လျှာပြတ်ကို ကြည့်ပြီး ဆဲရေးလိုက်သည်။ ဒီလောက်ဝိုင်းကြည့်နေတာတောင် ဒီကောင်က လျှာကိုက်ပြီး သတ်သေသွားတယ်ပေါ့။
"အရှင်မင်းကြီး?" နဂါးအစောင့်တပ်သားများ နဉ်ရှောင်ယောင်းကို ကြည့်လိုက်ကြသည်။ ဒီလူ သေမလား ရှင်မလားဆိုတာ အရှင်မင်းကြီးအပေါ်မှာပဲ မူတည်နေသည်။
နဉ်ရှောင်ယောင်းသည် အကျဉ်းသား၏ မျက်နှာကို စမ်းသပ်ကြည့်ပြီး ခေါင်းခါလိုက်သည်။ အသက်ရှူ ရပ်သွားပြီ။ သူမ ဘာမှမတတ်နိုင်တော့ပေ။
ဤမျှ ဆူညံနေသဖြင့် အကြီးအကဲလီ မကြားဘဲ မနေနိုင်ပေ။ လူမခေါ်တော့ဘဲ တစ်ယောက်တည်း ရောက်လာရာ အကျဉ်းသားသေဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာပျက်သွားသည်။
"အရှင်မင်းကြီး" အကြီးအကဲလီ နဉ်ရှောင်ယောင်းကို အရိုအသေပေးလိုက်သည်။
"အားလုံး ထွက်သွားကြ" နဉ်ရှောင်ယောင်း စကားမပြောရသေးခင် ဖေ့ယင်က အမိန့်ပေးလိုက်သည်။ "ယင်းလေ၊ ယင်းယွီ... မင်းတို့လူတွေကို ခေါ်ပြီး ထွက်သွားလိုက်တော့"
နဉ်ရှောင်ယောင်း ယင်းလေနှင့် ယင်းယွီကို ခေါင်းညိတ်ပြလိုက်သည်။
နဂါးအစောင့်တပ်မှူးနှစ်ဦး လူများကိုခေါ်ပြီး ထွက်ခွာသွားကြသည်။
ရဲမက်နှစ်ဦးက အလောင်းကိုသယ်ပြီး ထွက်သွားရန် ပြင်နေသည်ကိုမြင်တော့ ဖေ့ယင် ထပ်မံအမိန့်ပေးလိုက်သည်။ "အလောင်းကို ချထားခဲ့။ မင်းတို့ ထွက်သွားတော့"
ရဲမက်နှစ်ဦး အလောင်းကိုချထားခဲ့ပြီး ခေါင်းငုံ့ကာ ထွက်ခွာသွားကြသည်။
"အရှင်မင်းကြီးရှေ့မှာ မင်းက ဘယ်လိုလုပ်..." အကြီးအကဲလီ မျက်မှောင်ကြုတ်ပြီး ဖေ့ယင်ကို ဆူပူရန် ပြင်လိုက်သည်။ အရှင်မင်းကြီးထက် ကျော်ပြီး အမိန့်ပေးရအောင် မင်းကို ဘယ်သူက အခွင့်အရေးပေးထားလို့လဲ။
"အဘိုးကြီး... လူသေသွားပြီ" နဉ်ရှောင်ယောင်းသည် အကြီးအကဲလီနှင့် ဖေ့ယင်တို့ ပြောမည့်စကားကို စိတ်မဝင်စားဘဲ အလောင်းကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။
"မီးလောင်ဒဏ်ရာ ဒီလောက်ပြင်းနေတာ သေမှာပေါ့" အကြီးအကဲလီ ပြောလိုက်သည်။ "အရှင်မင်းကြီးက အလောင်းတွေကို မကြည့်သင့်ပါဘူး"
"သူ စောစောက အရှင်မင်းကြီးကို တိုင်းပြည်ပျက်မယ့်သူလို့ ကျိန်ဆဲသွားတယ်" ဖေ့ယင်သည် အကျဉ်းသားပြောခဲ့သော စကားများကို အကြီးအကဲလီအား တိုးတိုးလေး ပြန်ပြောပြလိုက်သည်။
နဉ်ရှောင်ယောင်းသည် အလောင်းဘေးတွင် ထိုင်ချလိုက်သည်။ နောက်ထပ်လူတစ်ယောက် သေသွားပြန်ပြီ။ ဒီကမ္ဘာကလူတွေက ရှင်သန်ခွင့်ရတာတောင် ဘာလို့ သေချင်နေကြရတာလဲ။ နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ သူမ တစ်မိနစ်လောက် နောက်ကျသွားတာနဲ့ ဒီလူ သေသွားရရောလား။ မကျေနပ်သဖြင့် နဉ်ရှောင်ယောင်းသည် အကျဉ်းသား၏ ပါးစပ်ကို ဖြဲကြည့်လိုက်သည်။
"အရှင်မင်းကြီး!" အကြီးအကဲလီ အော်ဟစ်တားမြစ်လိုက်သည်။
ဖေ့ယင် ရှေ့တိုးပြီး နဉ်ရှောင်ယောင်းကို ဆွဲထူရန် ပြင်လိုက်သည်။ ခင်ဗျားက ဧကရာဇ်လေ။ မှုခင်းဆေးသမားတော်မှ မဟုတ်တာ။
နဉ်ရှောင်ယောင်းသည် သွေးများပေကျံနေသော လက်ကို အကြီးအကဲလီနှင့် ဖေ့ယင်အား ပြလိုက်ပြီး ပြောသည်။ "သူ့ပါးစပ်ထဲမှာ အဆိပ်တွေ ရှိတယ်"
အကြီးအကဲလီနှင့် ဖေ့ယင် ကြောင်သွားကြသည်။
နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "သူ့ပါးစပ်ထဲ ဘယ်လိုလုပ် အဆိပ်ရောက်နေတာလဲ။ မီးလောင်တုန်းက တစ်ယောက်ယောက်က အဆိပ်ခတ်လိုက်တာလား"
လက်ရှိအရှင်မင်းကြီးသည် ဆေးပညာကျွမ်းကျင်ကြောင်း အားလုံးသိကြသည်။ ဖေ့ယင် ရုတ်တရက် တစ်ဖက်သို့ ပြေးထွက်သွားသည်။
"ဟင်... ဒုသခင်လေးဖေ့ ဘာလုပ်မလို့လဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
အကြီးအကဲလီ ဒူးထောက်ထိုင်ချလိုက်ပြီး ခါးပတ်မှ ကျောက်စိမ်းပြားကို ဖြုတ်လိုက်သည်။ ကျောက်စိမ်းပြားချိတ်ထားသော ကြိုးတွင် ငွေရောင်ပုတီးစေ့လေး ပါရှိသည်။ အကြီးအကဲလီသည် ထိုပုတီးစေ့ဖြင့် နဉ်ရှောင်ယောင်းလက်မှ သွေးကို တို့ထိကြည့်လိုက်သည်။
ပုတီးစေ့သည် ချက်ချင်း မည်းနက်သွားသည်။
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဘိုးကြီး... ကျွန်တော့်စကားကို မယုံသေးဘူးလား"
အကြီးအကဲလီ ကျောက်စိမ်းပြားကို လွှင့်ပစ်လိုက်ပြီး နဉ်ရှောင်ယောင်း၏ လက်ကို ဖမ်းဆုပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ "အရှင်မင်းကြီး... နေလို့မကောင်း ဖြစ်နေလား"
"ဟင်" နဉ်ရှောင်ယောင်း သဘောပေါက်သွားသည်။ "ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က အဆိပ်မတိုးဘူးဆိုတာ အဘိုးကြီး မေ့သွားပြီလား"
အကြီးအကဲလီ သက်ပြင်းချလိုက်မိသည်။ လက်ကိုင်ပုဝါထုတ်ပြီး နဉ်ရှောင်ယောင်း၏ လက်ကို တုန်တုန်ယင်ယင်ဖြင့် သုတ်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဘိုးကြီး... လက်က သွေးတွေနဲ့ မထိမိစေနဲ့နော်။ ထိမိလည်း ကိစ္စမရှိပါဘူး။ ကျွန်တော် အဆိပ်ဖြေပေးလို့ ရတာပဲ။ ဟားဟားဟား"
"တော်စမ်း" အကြီးအကဲလီ နဉ်ရှောင်ယောင်းကို မျက်စောင်းထိုးလိုက်သည်။ လုပ်ကြံခံရလို့ သေလုနီးပါးဖြစ်နေတာတောင် ရယ်နိုင်သေးတယ်ပေါ့။
အဘိုးကြီး စိတ်ဆိုးသွားပြီဆိုတာ သိလိုက်ရတော့ နဉ်ရှောင်ယောင်း ငြိမ်သွားသည်။
ဖေ့ယင် ပြန်ရောက်လာပြီး မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။ "ရဲမက်တစ်ယောက် ထွက်ပြေးသွားပြီ"
"ဘာ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
အကြီးအကဲလီ ပြောလိုက်သည်။ "အဲ့ဒီလူသတ်သမားကို မိအောင် ဖမ်းရမယ်"
"ကျွန်တော်မျိုး လူလွှတ်ပြီး လိုက်ဖမ်းခိုင်းထားပါပြီ။ မြို့တံခါးတွေကိုလည်း ပိတ်ခိုင်းထားတယ်။ ဒီလူ မြို့ထဲကနေ ထွက်ပြေးလို့ရမှာ မဟုတ်ပါဘူး" ဖေ့ယင် ပြောလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ အကျဉ်းသားကို ရဲမက်တွေ ထမ်းလာတာ။ ဒါဆို အကျဉ်းသားပါးစပ်ထဲ အဆိပ်ထည့်လိုက်တာ အဲ့ဒီရဲမက်တွေ ဖြစ်နိုင်တယ်။ သူမ တရားရုံးချုပ်ကို ရောက်လာတာ လူတိုင်းမြင်တယ်။ သူမက ဆေးကုတတ်တယ်ဆိုတာလည်း လူတိုင်းသိတယ်။ ဒါဆိုရင်... ဒီအကျဉ်းသားကို သူမ ဆေးကုပေးမယ်ဆိုတာ သိလို့ အဆိပ်ခတ်ထားတာပေါ့။ ဒါက သူမကို သတ်ချင်တာပဲ။
"ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲ" နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ အမတ်ချုပ်ကြီးရှဲ့ကို မောင်းထုတ်နိုင်ခဲ့လို့ အေးအေးဆေးဆေး နေရတော့မယ်မှတ်နေတာ။ အခု အသက်အန္တရာယ် ရှိနေပြန်ပြီလား။ ဘယ်တော့မှ ပြီးမှာလဲ။
"အရှင်မင်းကြီး... စိတ်မလောပါနဲ့" အကြီးအကဲလီ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ဖေ့ယင်ကို ပြောလိုက်သည်။ "မှုခင်းသမားတော် သွားခေါ်ပြီး အလောင်းကို စစ်ဆေးခိုင်း။ စစ်တပ်အရာရှိ ဟုတ်မဟုတ် စစ်ဆေးကြည့်"
ဖေ့ယင် ထွက်သွားသည်။
နဉ်ရှောင်ယောင်း အကြီးအကဲလီကို ကြည့်ပြီး မေးလိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူးမလား"
"အရှင်မင်းကြီး... ရှဲ့ဝမ်ယွမ် မသေသရွေ့ အရှင်မင်းကြီးအတွက် အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်နေမှာပါ" အကြီးအကဲလီ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။
"ဒီအချိန်မှာ အရှင်မင်းကြီးအနေနဲ့ စိတ်မလောရဘူး၊ စိတ်မပူရဘူး၊ စိတ်မရှုပ်ရဘူး" အကြီးအကဲလီ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း: "ဟွန့်" နှလုံးရောဂါရတော့မယ်။ စိတ်မလော၊ စိတ်မပူ၊ စိတ်မရှုပ်ရဘူးတဲ့။ ရှဲ့ဝမ်ယွမ်သာ မျက်စိရှေ့ရောက်လာရင် ကိုက်သတ်ပစ်လိုက်မယ်။
"အရှင်မင်းကြီး... ဒီအချိန်မှာ တစ်ခုစဉ်းစားရမယ်" အကြီးအကဲလီ ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ်ကို ဘယ်လိုသတ်ရမလဲဆိုတာလား" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဲ့ဒါကို နေ့တိုင်း စဉ်းစားနေတာပဲ"
"မဟုတ်ဘူး" အကြီးအကဲလီ ပြောလိုက်သည်။ "ဒီအကျဉ်းသားက မသေခင် ဘာလို့ အရှင်မင်းကြီးကို အဲ့ဒီစကားပြောသွားလဲ ဆိုတာပါ"
"သူ ကျွန်တော့်ကို မုန်းလို့ပေါ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"သူက အသေခံခိုင်းစေခံရတဲ့ လူတစ်ယောက်ပဲလေ။ မျိုးရိုးနိမ့်ပါးမှာ သေချာတယ်။ အရှင်မင်းကြီးနဲ့ ဘာရန်ငြိုးရှိလို့လဲ"
နဉ်ရှောင်ယောင်း မဖြေနိုင်တော့ပေ။ သူမ ဒီလူကို မြင်တောင်မမြင်ဖူးဘူးလေ။
"သူ့မျက်နှာက မီးလောင်ထားတော့ အရှင်မင်းကြီးနဲ့ သိတဲ့လူတစ်ယောက် ဖြစ်နေနိုင်တာကိုလည်း ထည့်စဉ်းစားရမယ်" အကြီးအကဲလီ ဆက်ပြောသည်။
"ကျွန်တော်တို့ မသိဘူး" နဉ်ရှောင်ယောင်း အသေအချာ ပြောလိုက်သည်။ မျက်နှာမမြင်ရပေမယ့် အရိုးကအစ အကုန်မြင်နေရတာပဲ။
"ဒါဆို သူ အရှင်မင်းကြီးကို ကျိန်ဆဲတာက ဒေါသထွက်လို့ပြောတာ မဖြစ်နိုင်တော့ဘူး" အကြီးအကဲလီ ပြောလိုက်သည်။
"သူက ကျွန်တော့်ကို ဒေါသထွက်လာအောင်ဆွပြီး ကျွန်တော် သူ့ကို ဝင်ရိုက်တဲ့အခါ အဆိပ်မိအောင် ကြံစည်တာလား" နဉ်ရှောင်ယောင်း ခန့်မှန်းလိုက်သည်။
"အရှင်မင်းကြီးဘေးမှာ နဂါးအစောင့်တွေ ရှိနေတာပဲ။ အရှင်မင်းကြီး ကိုယ်တိုင်ဝင်ရိုက်စရာ လိုလို့လား" အကြီးအကဲလီ ခေါင်းခါလိုက်သည်။
နဉ်ရှောင်ယောင်း လက်ဖြန့်လိုက်သည်။ "ဒါဆို ကျွန်တော် မသိတော့ဘူး။ ကျွန်တော့်ကို ကြည့်မရလို့ နေမှာပေါ့"
အကြီးအကဲလီ ဘာမှပြန်မပြောတော့ဘဲ အလောင်းကို စိုက်ကြည့်နေသည်။
နဉ်ရှောင်ယောင်း မြေကြီးပေါ် ထိုင်ချလိုက်ပြီး သကြားလုံးတစ်လုံး စားလိုက်သည်။
....
ဖေ့ယင်သည် မှုခင်းသမားတော်အိုကြီးနှစ်ဦးကို ခေါ်ဆောင်လာသည်။ အကြီးအကဲလီက သူတို့ကို အလောင်းစစ်ဆေးခိုင်းလိုက်သည်။
"သူ့ပါးစပ်ကို မထိနဲ့" မှုခင်းသမားတော်တစ်ဦး အလောင်း၏ပါးစပ်ကို ကိုင်ရန်ပြင်လိုက်စဉ် အကြီးအကဲလီ လှမ်းတားလိုက်သည်။
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ဟုတ်သားပဲ... စောစောက ဘယ်သူ သူ့ပါးစပ်ကို ကိုင်လိုက်သေးလဲ။
"အရှင်မင်းကြီး?" ဖေ့ယင် နဉ်ရှောင်ယောင်းဘေး ရောက်လာပြီး မေးလိုက်သည်။
"ဘုရားရေ" နဉ်ရှောင်ယောင်း မြေကြီးပေါ်မှ ခုန်ထပြီး ပြေးထွက်သွားသည်။ "စောစောက ယင်းယွီ ဒီလူ့ပါးစပ်ကို ကိုင်လိုက်သေးတယ်။ ငါ့ရဲ့ ယင်းယွီရေ"
"အမြန်လိုက်သွား" အကြီးအကဲလီ ဖေ့ယင်ကို အော်ပြောလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းနောက် ပြေးလိုက်သွားသည်။
ထိုအချိန်တွင် ယင်းယွီသည် အကျဉ်းထောင်တံခါးဝတွင် ရပ်နေသည်။ အကျဉ်းထောင်ထဲတွင် မီးကြွင်းမီးကျန်များ ရှိနေသေးပြီး ရေလောင်းသော်လည်း မငြိမ်းနိုင်သေးပေ။
"တပ်မှူး" နဂါးအစောင့်တပ်သားတစ်ဦး ယင်းယွီအနားသို့ ပြေးလာပြီး သတင်းပို့သည်။ "အလောင်းတွေကို ရေတွက်ပြီးပါပြီ။ ၂၈ လောင်း ရှိပါတယ်"
အကျဉ်းထောင်ထဲမှာ စစ်တပ်အရာရှိ ၂၈ ယောက်ရှိတာ ၂၈ လောင်းတွေ့တယ်ဆိုတော့ အရှင်မင်းကြီးဆီ ပို့လိုက်တဲ့လူက စစ်တပ်အရာရှိ မဟုတ်တော့ဘူးပေါ့။ "သောက်ကျိုးနည်း" ယင်းယွီ ဆဲလိုက်သည်။
"တပ်မှူး... ဘယ်လို ဆက်လုပ်မလဲ" နဂါးအစောင့်တပ်သား မေးလိုက်သည်။
ယင်းယွီက အရှင်မင်းကြီးဆီ ပြန်သွားမယ်လို့ ပြောချင်ပေမယ့် ရင်ဘတ်ထဲ အောင့်လာပြီး တစ်ကိုယ်လုံး အားကုန်သွားသကဲ့သို့ ခံစားလိုက်ရကာ မြေကြီးပေါ် လဲကျသွားတော့သည်။
ဘေးနားရှိလူများ လန့်သွားကြသည်။
"တပ်မှူး!" နဂါးအစောင့်တပ်သားက ယင်းယွီကို လှမ်းဖမ်းလိုက်သည်။
ခဏအတွင်းမှာပင် ယင်းယွီ၏မျက်နှာသည် ခရမ်းရောင် သန်းလာသည်။
ယင်းယွီကို ပွေ့ထားသော နဂါးအစောင့်တပ်သားက အော်ဟစ်လိုက်သည်။ "သမားတော်ခေါ်ကြ။ မြန်မြန် သမားတော်ခေါ်ကြ"
ရဲမက်များ အပြေးထွက်သွားကြသည်။ နဂါးအစောင့်တပ်မှူးသာ သူတို့ဆီမှာ တစ်ခုခုဖြစ်သွားရင် သူတို့အားလုံး ဒုက္ခရောက်ကုန်ကြမှာ။
ယင်းယွီ ချောင်းဟန့်လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
နဉ်ရှောင်ယောင်း ရောက်လာပြီး ယင်းယွီ သွေးအန်နေသည်ကို မြင်လိုက်ရသောအခါ အသက်ရှူ ရပ်သွားသကဲ့သို့ ဖြစ်သွားသည်။
ယင်းယွီနှင့် မလှမ်းမကမ်းတွင် ရဲမက်နှစ်ဦးသည် နဉ်ရှောင်ယောင်း ရောက်လာသည်ကို မြင်သောအခါ တစ်ဦးက ရှေ့တိုးရန် ပြင်လိုက်သော်လည်း ကျန်တစ်ဦးက တားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မလောနဲ့ဦး။ စောင့်ကြည့်လိုက်ပါဦး"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၂ ။ အမတ်ချုပ်ကြီးရဲ့ လုပ်ကြံသတ်ဖြတ်သူ
နဉ်ရှောင်ယောင်းသည် ယင်းယွီအနားသို့ အပြေးရောက်သွားပြီး ယင်းယွီ၏ ရင်ဘတ်ပေါ်သို့ လက်ဖဝါးဖြင့် ဖိကပ်ထားလိုက်သည်။
ယင်းယွီကို ဖက်ထားသော နဂါးအစောင့်တပ်သားသည် ယင်းယွီ သေတော့မည်ဟု ထင်နေသဖြင့် နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။ "အရှင်မင်းကြီး... တပ်မှူးက ကောင်းကောင်းကြီးကနေ ရုတ်တရက် ဒီလိုဖြစ်သွားတာပါ"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ပြောသည်။ "မကြောက်ပါနဲ့။ ယင်းယွီ ဘာမှမဖြစ်ပါဘူး"
နဂါးအစောင့်တပ်သား ပါးစပ်ပိတ်သွားသည်။ ဟုတ်တာပေါ့။ အရှင်မင်းကြီး ရှိနေတာပဲ။ တပ်မှူး ဘာမှမဖြစ်နိုင်ဘူး။
ယင်းယွီသည် သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်ပြန်သည်။ စိတ်အေးသွားခါစရှိသေးသော နဂါးအစောင့်တပ်သား ပြန်ထိတ်လန့်သွားပြန်သည်။
"ကိစ္စမရှိပါဘူး" နဂါးအစောင့်တပ်သား စကားမပြောရသေးခင် နဉ်ရှောင်ယောင်းက ဖြတ်ပြောလိုက်သည်။ "မကြောက်ပါနဲ့။ ငါ ရှိနေတယ်"
စိမ်းဖန့်ဖန့်အလင်းစက်လေးများသည် နဉ်ရှောင်ယောင်း၏ လက်ချောင်းများကြားတွင် လက်ခနဲ ဖြစ်သွားပြီး ယင်းယွီ၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားသည်။ အမှောင်ထဲတွင် ထိုအလင်းရောင်က ထင်ရှားနေသော်လည်း မည်သူမျှ သေချာမမြင်လိုက်ကြပေ။
တစ်မိနစ်ခန့်သာ ကြာသော်လည်း နဉ်ရှောင်ယောင်းအတွက်မူ အလွန်ကြာရှည်နေသကဲ့သို့ ခံစားရသည်။ တစ်ကိုယ်လုံး ချွေးများ ရွှဲနေပြီး မျက်လုံးများ ပြာဝေလာကာ လည်ချောင်းထဲတွင် သွေးတစ်လုပ် ဆို့တက်လာသည်။ အံကြိတ်ပြီး မထိန်းထားလျှင် သူမ အန်ထွက်မိမှာ သေချာသည်။
"အရှင်မင်းကြီး?" နဉ်ရှောင်ယောင်းအနောက်တွင် ရပ်နေသော ဖေ့ယင်သည် နဉ်ရှောင်ယောင်း၏ ကျောပြင် ချွေးစိုနေသည်ကို မြင်လိုက်ရသဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း လက်ကို ဖယ်လိုက်သည်။ ယင်းယွီ၏ မျက်နှာအရောင်ပြန်ကောင်းလာပြီဖြစ်သော်လည်း နဉ်ရှောင်ယောင်းကတော့ သေရွာပြန်တစ်ယောက်လို မျက်နှာဖြူဖျော့နေသည်။
"အရှင်မင်းကြီး?" ဖေ့ယင် နဉ်ရှောင်ယောင်းကို လှမ်းတွဲလိုက်သည်။ ဖေ့ယင်၏ လက်ဖဝါးတွင် ချွေးများ စိုရွှဲသွားသည်။ နဉ်ရှောင်ယောင်း၏ မျက်နှာကို စမ်းကြည့်လိုက်ရာ ချွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။
"ငါ ဘာမှမဖြစ်ဘူး" နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ နောက်ထပ် အဆိပ်သင့်တဲ့လူတစ်ယောက် ထပ်ပေါ်လာရင် သူမ ကယ်ပေးရင်း ကိုယ်ပါ သေသွားလိမ့်မယ်။
"အရှင်မင်းကြီး ဘယ်လိုနေသေးလဲ" ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ မှီခိုင်းထားလိုက်သည်။
"ပင်ပန်းလို့ပါ" နဉ်ရှောင်ယောင်း မျက်ဖြူလှန်ပြချင်သော်လည်း အားမရှိတော့ပေ။ အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်သည်။ "ယင်းယွီ အဆင်ပြေသွားပြီ"
ယင်းယွီ သတိမေ့နေဆဲဖြစ်သော်လည်း သွေးမအန်တော့ပေ။ မျက်နှာအရောင်လည်း ကောင်းလာပြီဖြစ်၍ အသက်အန္တရာယ် မရှိတော့ကြောင်း သိသာနေသည်။
"သူ့ကို ပို့... ပို့ပေး..." နဉ်ရှောင်ယောင်း စကားဆက်ပြောရန် အားမရှိတော့ပေ။ "ယင်းယွီကို ပို့..."
"ယင်းယွီကို နန်းတော်ထဲ ပြန်ပို့လိုက်" ဖေ့ယင်သည် နဉ်ရှောင်ယောင်းအစား အမိန့်ပေးလိုက်သည်။
နဂါးအစောင့်တပ်သားသည် နဉ်ရှောင်ယောင်းကို စကားဆက်ပြောခိုင်းရဲတော့ဘဲ ယင်းယွီကို ပွေ့ချီကာ အပြင်သို့ ပြေးထွက်သွားလေသည်။
"ငါ..." နဉ်ရှောင်ယောင်း စကားပြောချင်နေသေးသည်။
"စကားမပြောပါနဲ့တော့" ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို ပွေ့ချီလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "အရှင်မင်းကြီးကို နန်းတော်ပြန်ပို့ပြီး သမားတော် ပြခိုင်းရမယ်"
"မဟုတ်ဘူး..."
"စကားမပြောနဲ့လို့ ပြောနေတယ်လေ" ဖေ့ယင် အော်ပြောလိုက်သည်။
ဘေးနားရှိလူများသည် ဖေ့ယင်၏ အော်သံကြောင့် လန့်သွားကြသည်။ ဒီလူက အရှင်မင်းကြီးကို ဒီလောက်ထိ အော်ရဲတာလား။
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ပြီး ဖေ့ယင်၏အနောက်ဘက်ကို လက်ညှိုးထိုးပြကာ အသံကုန် အော်ပြောလိုက်သည်။ "ဟိုနှစ်ယောက်ကို ဖမ်း။ သူတို့က လုပ်ကြံသတ်ဖြတ်သူတွေ... ဟေး... ဖမ်းကြ"
ရဲမက်များ ကြောင်နေကြသော်လည်း ရောက်လာသော နဂါးအစောင့်တပ်သားများသည် ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ပြီး ပစ်မှတ်ကို တွေ့သည်နှင့် ဖမ်းဆီးရန် ပြေးဝင်သွားကြသည်။
ရဲမက်နှစ်ဦးသည် နဉ်ရှောင်ယောင်းက သူတို့ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် လက်ညှိုးထိုးပြလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ နဂါးအစောင့်တပ်သားများ အနားရောက်လာသောအခါ ပြန်လည်ခုခံရန် စိတ်ကူးမရှိတော့ပေ။ သူတို့က နှစ်ယောက်တည်းလေ။ နဂါးအစောင့်တပ်သားတွေက ဆယ်ယောက်ကျော်လောက် ရှိနေတာ။ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ရဲမက်နှစ်ဦး လက်ကို ပါးစပ်နားသို့ ယူသွားသည်ကို မြင်လိုက်ရသောအခါ ဖေ့ယင် အော်ဟစ်သတိပေးလိုက်သည်။ "အဆိပ်မသောက်နိုင်အောင် တားထား"
နဂါးအစောင့်တပ်သားတစ်ဦးသည် ဓားဖြင့်ခုတ်ပိုင်းလိုက်ရာ ရဲမက်တစ်ဦး၏ လက်ပြတ်ကျသွားသည်။
"မြှား" ဖေ့ယင်၏ ရင်ခွင်ထဲမှ နဉ်ရှောင်ယောင်း အော်ဟစ်လိုက်ပြန်သည်။
ဖေ့ယင်သည် နောက်ကျောမှ လေတိုးသံကြားလိုက်ရသော်လည်း ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် နဉ်ရှောင်ယောင်းကို ပွေ့ဖက်လျက် မြေကြီးပေါ်သို့ လဲချလိုက်သည်။
မြှားတိုတစ်စင်းသည် ဖေ့ယင်၏ ခေါင်းအနောက်မှ ကပ်ပြီး ပျံသန်းသွားသည်။
နဉ်ရှောင်ယောင်းသည် ဖေ့ယင်၏ ကာကွယ်မှုကြောင့် မြေကြီးနှင့် မရိုက်မိပေ။ စိုးရိမ်တကြီးဖြင့် ဖေ့ယင်ကို ခေါ်လိုက်သည်။ "ဒုသခင်လေးဖေ့... ဒုသခင်လေးဖေ့... ဘာဖြစ်သွားသေးလဲ"
ဖေ့ယင်သည် နဉ်ရှောင်ယောင်း၏ ခေါင်းကို လက်ဖြင့်အုပ်ထားပြီး ရင်ခွင်ထဲတွင် ထည့်ထားသည်။ နဉ်ရှောင်ယောင်းက မလေးသော်လည်း သူ့အပေါ် ဖိထားသဖြင့် နေရခက်နေသည်။ နဉ်ရှောင်ယောင်းကို တွန်းလိုက်ပြီး ပြောသည်။ "အရင် ထလိုက်ပါဦး"
"အင်း" နဉ်ရှောင်ယောင်း ဖယ်ပေးရန် ကြိုးစားလိုက်သည်။ ခုန်ထလို့မရတော့ဘူး။ စကားပြောနိုင်သေးတာပဲ ကျေးဇူးတင်ရမယ်။
"ထလေ" ဖေ့ယင် စိတ်လောနေသည်။ မြှားပစ်တဲ့ လူသတ်သမားကို သွားဖမ်းချင်နေတာ။ ဒီအတိုင်း လဲနေလို့ ဘယ်ဖြစ်မလဲ။
နဉ်ရှောင်ယောင်း ဖြည်းဖြည်းချင်း ထလိုက်သည်။ မတ်တတ်ရပ်ဖို့ အဆင်မပြေသဖြင့် မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ ဖေ့ယင်ကို လက်လှမ်းပြီး အခြေအနေမေးရန် ပြင်လိုက်စဉ် ဖေ့ယင်သည် ငါးရံ့ပြာလူးသကဲ့သို့ ခုန်ထလိုက်ပြီး ဘေးနားရှိလူများကို အော်မေးလိုက်သည်။
"မြှားပစ်တဲ့ကောင် ဘယ်ရောက်သွားလဲ"
"လိုက်ဖမ်းနေကြပါပြီ" ရဲမက်ခေါင်းဆောင်တစ်ဦး အော်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မြေကြီးပေါ်ထိုင်လျက် အသက်ရှူနေသည်။ ကြည့်လိုက်သောအခါ လူတွေ ရှုပ်ယှက်ခတ်နေပြီး ဘာလုပ်နေမှန်းမသိ ဆူညံပွက်လောရိုက်နေကြသည်။ ဒီလိုပုံစံနဲ့ လူသတ်သမားကို ဖမ်းမိပါ့မလား။ နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ ထားလိုက်ပါတော့။ သူတို့အသက် သူတို့ဉာဏ်စောင့်ရင်ပဲ ကျေးဇူးတင်ရမယ်။ လက်တုန်တုန်ယင်ယင်ဖြင့် သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီးနောက် နဉ်ရှောင်ယောင်းသည် မြေကြီးပေါ် လှဲချလိုက်သည်။ အခုအချိန်မှာ ရှဲ့ဝမ်ယွမ် ရောက်လာရင်တောင် သူမ ထကိုက်နိုင်တော့မှာ မဟုတ်ဘူး။
မျက်လုံးမှိတ်လိုက်သည်နှင့် ဘေးနားတွင် ဆူညံနေသော်လည်း နဉ်ရှောင်ယောင်း အိပ်ပျော်သွားတော့သည်။
ဖေ့ယင်သည် နဉ်ရှောင်ယောင်းဘေးတွင် ရပ်နေသည်။ လူအုပ်ကို ထိန်းသိမ်းပြီး လူသတ်သမားကို လိုက်ဖမ်းခိုင်းပြီးနောက် နဉ်ရှောင်ယောင်းကို ငုံ့ကြည့်လိုက်ရာ လန့်ဖျပ်သွားသည်။ နဉ်ရှောင်ယောင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး လူသေတစ်ယောက်လို ဖြစ်နေသည်။
ယင်းလေသည် နဂါးအစောင့်တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ ရောက်လာသည်။ အရှင်မင်းကြီး မြေကြီးပေါ် လဲနေသည်ကို မြင်လိုက်ရသောအခါ ဘာမှမစဉ်းစားတော့ဘဲ ဘေးနားတွင် ဒူးထောက်ထိုင်ချလိုက်ပြီး နှာခေါင်းကို စမ်းသပ်ကြည့်လိုက်သည်။
"အရှင်မင်းကြီး..." ဖေ့ယင် အသံတုန်တုန်ဖြင့် မေးလိုက်သည်။
"အသက်ရှိသေးတယ်" ယင်းလေ ပြောလိုက်သည်။ ပြောပြီးသည်နှင့် ယင်းလေ ကိုယ်တိုင်လည်း အားကုန်ပြီး မြေကြီးပေါ် ထိုင်ရက်သား ဖြစ်သွားသည်။ သူတို့က မီးလောင်တာ လာကြည့်ကြတာလား၊ အသက်လာပေးကြတာလား။
"အရှင်မင်းကြီး"
"အရှင်မင်းကြီး"
နဂါးအစောင့်တပ်သားများ နဉ်ရှောင်ယောင်းကို ဝိုင်းအော်ခေါ်ကြရာ ဖေ့ယင်ပင် ဘေးသို့ ရောက်သွားသည်။
နဉ်ရှောင်ယောင်း အိပ်ပျော်နေရာမှ လန့်နိုးလာပြီး ပြောလိုက်သည်။ "နန်းတော်ပြန်မယ်။ ခေါင်းကိုက်တယ်။ အိပ်... အိပ်လိုက်ရင် သက်သာသွားမှာပါ"
ယင်းလေ ဘာမှဂရုမစိုက်တော့ဘဲ နဉ်ရှောင်ယောင်းကို ပွေ့ချီပြီး ခေါ်ထုတ်သွားတော့သည်။
...
နဉ်ရှောင်ယောင်း ပြန်နိုးလာသောအခါ ထိုက်ဟွာနန်းဆောင် ကုတင်ပေါ်သို့ ရောက်နေပြီဖြစ်သည်။
အာ့ယာနှင့် ရှောင်ချိုးတို့ ကုတင်ဘေးတွင် ရှိနေကြသည်။ နဉ်ရှောင်ယောင်း မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ မောင်နှမနှစ်ယောက်စလုံး လည်ပင်းရှည်ကြီးများဖြင့်ကြည့်ကာ မျက်ရည်ဝဲနေကြသည်။
အာ့ယာနဲ့ ရှောင်ချိုး ရောက်နေမှတော့ ယင်းဖုန်းလည်း ပြန်ရောက်နေပြီပေါ့။ နဉ်ရှောင်ယောင်း ဘေးသို့ကြည့်လိုက်ရာ ကုတင်ဘေးတွင် ယင်းဖုန်းကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး" ယင်းဖုန်း တိုးတိုးလေး ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း အိပ်ရာပေါ်တွင် အကြောဆန့်လိုက်ပြီး "ဟူး... အသက်ပြန်ရှင်လာပြီ" ဟု ပြောလိုက်သည်။
"ကဲ... ပြီးပြီ" ယင်းဖုန်းသည် ရှောင်ချိုး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး အာ့ယာကို ပြောလိုက်သည်။ "အရှင်မင်းကြီး နိုးပြီဆိုတော့ စိတ်ချလို့ရပြီ။ အပြင်ထွက်ကြတော့"
နန်းတော်ထဲတွင် ကလေးဆန်လို့မရကြောင်း သိသဖြင့် အာ့ယာသည် မထွက်ချင်သော်လည်း ရှောင်ချိုးကိုခေါ်ပြီး အခန်းပြင် ထွက်သွားလေသည်။ နဉ်ရှောင်ယောင်းက ခဏနေရင် မုန့်စားကြမယ်လို့ ပြောလိုက်မှ မောင်နှမနှစ်ယောက် ပျော်ရွှင်သွားကြသည်။ မုန့်စားမယ်လို့ ပြောနိုင်မှတော့ အရှင်မင်းကြီး တကယ် နေကောင်းသွားပြီပဲ။
....
အာ့ယာနှင့် ရှောင်ချိုး ထွက်သွားပြီး မကြာခင်မှာပင် သမားတော်ကောင်း အခန်းထဲ ပြေးဝင်လာသည်။ နဉ်ရှောင်ယောင်းက ကုတင်ပေါ်ထိုင်ပြီး ယင်းဖုန်းနှင့် စကားပြောနေသည်ကို မြင်သောအခါ သမားတော်ကောင်း ဒေါသထွက်သွားသည်။ အရှင်မင်းကြီး ဒဏ်ရာပြင်းထန်ပြီး သေလုနီးပါးဖြစ်နေတယ်ဆို။
"ရှောင်ကောင်း" နဉ်ရှောင်ယောင်း သမားတော်ကောင်းကို လက်ပြလိုက်သည်။
သမားတော်ကောင်း မျက်နှာသေဖြင့် ကုတင်နား လျှောက်လာပြီး မေးသည်။ "အရှင်မင်းကြီး ဘာမှမဖြစ်ဘူးလား"
"ငါ ဘာမှမဖြစ်ပါဘူး" နဉ်ရှောင်ယောင်း ပြန်ဖြေပြီး ယင်းဖုန်းကို မေးလိုက်သည်။ "ငါ အခုမှ ပြန်ရောက်တာလား"
ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။
"ယင်းယွီရော" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ကျွန်တော် သွားကြည့်တုန်းက သတိမရသေးဘူး" ယင်းဖုန်း ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း သမားတော်ကောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ကောင်း... မင်း ယင်းယွီကို သွားကြည့်ပေးပါဦး"
သမားတော်ကောင်း စိတ်ပျက်လက်ပျက်ဖြင့် အခန်းပြင် ပြန်ထွက်သွားသည်။ ယင်းယွီသာ ဘာမှမဖြစ်ဘူးဆိုရင် ဒီသမားတော်အလုပ်ကနေ ထွက်လိုက်တော့မယ်လို့ သမားတော်ကောင်း ကျိန်ဆိုလိုက်သည်။ ဒီလူတွေက သူ့ကို အရူးလုပ် ကစားနေကြတာလား။
"လူသတ်သမားကို မမိလိုက်ဘူး" သမားတော်ကောင်း ထွက်သွားမှ ယင်းဖုန်း နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြသည်။ "အကြီးအကဲလီနဲ့ အရာရှိဖေ့ တရားရုံးချုပ်မှာ ကျန်ခဲ့တယ်။ ဟုကော်ကုန်းက စစ်တပ်ဘက် ပြန်သွားပြီ။ စစ်သူကြီးရွှီကတော့ နန်းတော်ထဲမှာ ကျန်နေခဲ့တယ်"
"နှစ်ယောက် ဖမ်းမိတယ် မဟုတ်လား" နဉ်ရှောင်ယောင်း မှတ်မိနေသည်။ သူမ လက်ညှိုးထိုးပြလိုက်သော လူနှစ်ယောက်လေ။ အဲ့ဒီနှစ်ယောက်ဆီက အကျဉ်းသားပါးစပ်ထဲက အဆိပ်နံ့ ရနေတာကို သူမ ရလိုက်တာ။
"အသတ်ခံလိုက်ရပြီ" ယင်းဖုန်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
အဲ့ဒီလူသတ်သမားနှစ်ယောက်ကို တခြားတစ်ယောက်က မြှားနဲ့ပစ်သတ်သွားတာလေ။ အခု အကြီးအကဲလီက တရားရုံးချုပ်အရာရှိကစလို့ အောက်ခြေဝန်ထမ်းအထိ လူတိုင်းကို ဖမ်းဆီးစစ်ဆေးနေတယ်။ ဒါပေမဲ့ လူသတ်သမားက အလုပ်ပြီးတာနဲ့ ထွက်ပြေးသွားမှာဆိုတော့ အကြီးအကဲလီ ဘယ်လောက်ပဲ စစ်ဆေးစစ်ဆေး ဘာမှထူးမှာ မဟုတ်ဘူးလို့ ယင်းဖုန်း တွေးလိုက်မိသည်။
"အမတ်ချုပ်ကြီးရှဲ့ရဲ့လူတွေလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဟုတ်လောက်တယ်" ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီအကျဉ်းသားအလောင်းကို မှုခင်းသမားတော် စစ်ဆေးပြီးပြီ။ တစ်ကိုယ်လုံး မီးလောင်ထားပေမယ့် လက်မောင်းအတွင်းပိုင်းနဲ့ ပေါင်အတွင်းပိုင်းတွေက ကောင်းနေသေးတယ်။ ပေါင်အတွင်းပိုင်းမှာ အသားမာမရှိဘူး။ ဒါကြောင့် ဒီလူက မြင်းစီးကျွမ်းကျင်တဲ့လူ မဟုတ်ဘူး။ ဒါကြောင့် ဒီလူက ဖမ်းထားတဲ့ စစ်သူကြီး မဟုတ်နိုင်ဘူး"
မြင်းစီးကျွမ်းကျင်တဲ့လူဆိုရင် ပေါင်အတွင်းပိုင်းမှာ မြင်းကုန်းနှီးနဲ့ ပွတ်တိုက်မိလို့ အသားမာတွေ ရှိတတ်တယ်။ ယင်းဖုန်း ရှင်းပြမှ နဉ်ရှောင်ယောင်း နားလည်သွားသည်။
"မီးလောင်ထားတဲ့ အလောင်း ၂၈ လောင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့ မှုခင်းသမားတော်လည်း ဘာမှ စစ်ဆေးလို့မရဘူး။ အကြီးအကဲလီ စိုးရိမ်တာက အဲ့ဒီ စစ်သူကြီး ၂၈ ယောက်ကို လူစားလဲပြီး ကယ်ထုတ်သွားမှာကိုပဲ" ယင်းဖုန်း ဆက်ပြောသည်။
"ဒါဆို..." နဉ်ရှောင်ယောင်း စိတ်ပူလာပြန်သည်။ "မီးက ဘယ်လိုလောင်တာလဲ"
ယင်းဖုန်း ခေါင်းခါလိုက်သည်။
"မသိဘူး" နဉ်ရှောင်ယောင်း မျက်နှာကို ပွတ်သပ်လိုက်သည်။ "ကောင်းပြီလေ... ငါလည်း မသိဘူး"
"ရှဲ့ဝမ်ယွမ်က ခွေးဝဲစားဖြစ်နေပြီကို ပုန်ကန်ဖို့ ကြိုးစားနေတုန်းလား" ယင်းဖုန်း မယုံကြည်နိုင် ဖြစ်နေသည်။
နဉ်ရှောင်ယောင်း ခေါင်းငုံ့ထားလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ ဘယ်လိုတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။
"စစ်သူကြီးရွှီက အရှင်မင်းကြီးကို တွေ့ချင်နေတယ်" ယင်းဖုန်းသည် နဉ်ရှောင်ယောင်းအနားတွင် ခဏထိုင်နေပြီးမှ ပြောလိုက်သည်။ "အရှင်မင်းကြီး တွေ့မလား"
"ချန်လုရော" နဉ်ရှောင်ယောင်း ရုတ်တရက် မေးလိုက်သည်။
နဉ်ရှောင်ယောင်း ဘာလို့ ချန်လုအကြောင်း မေးမှန်း ယင်းဖုန်း မသိသော်လည်း ပြန်ဖြေလိုက်သည်။ "ချန်လု အိမ်မှာပဲ ရှိပါတယ်"
"သူ့ကို ခေါ်လိုက်ပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သူက စစ်သူကြီးရွှီရဲ့ သမက်လေ။ အိမ်မှာပဲ နေနေလို့ ဘယ်ဖြစ်မလဲ"
"အရှင်မင်းကြီးက သူ့ကို သုံးချင်သေးလို့လား" ယင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
"စစ်သူကြီးရွှီ ဘယ်လိုသဘောရှိလဲ ကြည့်ရအောင်လေ" နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ချန်လုက အမတ်ချုပ်ကြီးရှဲ့ကို ပြစ်မှားမိထားပြီးပြီပဲ။ သူက အမတ်ချုပ်ကြီးရှဲ့နောက် လိုက်စရာအကြောင်းမရှိတော့ဘူး မဟုတ်လား"
ယင်းဖုန်း စိုးရိမ်တကြီး ပြောလိုက်သည်။ "တကယ်လို့ ရှဲ့ဝမ်ယွမ်က အတိတ်ကို မေ့ထားလိုက်ကြစို့ဆိုပြီး လာစည်းရုံးရင်ရော"
"ဒါဆို ပိုကောင်းတာပေါ့" နဉ်ရှောင်ယောင်း ကုတင်ကို ပုတ်လိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့သာ ချန်လုကို လာရှာရင် အမတ်ချုပ်ကြီးရှဲ့ ဘယ်မှာပုန်းနေလဲဆိုတာ ငါ သိရပြီပေါ့"
ယင်းဖုန်း: "..." ဒါဆို အရှင်မင်းကြီးက ချန်လုဘေးမှာ သူလျှို ထားထားပြီးပြီပေါ့။
***