← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 21 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 21 Ch. 333-334

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၃၃ ။ ငတုံးမလေး... စစ်သေနာပတိချုပ်ကို လွမ်းနေပြီလား

နဉ်ရှောင်ယောင်းက ချန်လုကို နန်းတော်ထဲခေါ်ထားလိုက်တာကိုမြင်မှ ရွှီကျင်း စိတ်သက်သာရာ ရသွားသည်။ အရှင်မင်းကြီးက ချန်လုကို ဆက်သုံးချင်နေသေးမှတော့ သူ့သမက်လေး အနာဂတ်ရှိပါသေးတယ်။

"ထိုင်ကြပါ" နဉ်ရှောင်ယောင်းသည် သူ့ရှေ့တွင် ရပ်နေကြသော သားမက်နှင့်ယောက္ခထီးနှစ်ယောက်ကို ထိုင်ခိုင်းလိုက်သည်။

ချန်လု မတ်တတ်ရပ်နေရာမှ မလှုပ်ပေ။ ရွှီကျင်းက လက်ဆွဲလိုက်မှ ကုလားထိုင်အစွန်းလေးတွင် ဝင်ထိုင်ရဲသည်။

"စစ်သူကြီးချန်... မြို့တော်မှာပဲ ဆက်နေမလား။ စစ်သူကြီးရွှီဆီ သွားမလား" နဉ်ရှောင်ယောင်း တဲ့တိုး မေးလိုက်သည်။

ချန်လု ဘာမှမပြောပေ။ သူ အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်လှပြီ။ မီးလောင်တဲ့အထဲပါသွားပြီး မသေတာပဲ ကံကောင်းလှပြီဟု တွေးနေသည်။

"အရှင်မင်းကြီး" ရွှီကျင်း ဝင်ပြောသည်။ "ချန်လုကို မြို့တော်မှာပဲ ဆက်သုံးလို့ရမလား"

"ရတာပေါ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "စစ်သူကြီးရွှီလည်း မြင်တဲ့အတိုင်းပဲ။ အမတ်ချုပ်ကြီးရဲ့လူတွေက သောင်းကျန်းနေတုန်းပဲ။ စစ်သူကြီးချန် မြို့တော်မှာနေခဲ့ရင် မြို့တော်လုံခြုံရေးကို ဆက်တာဝန်ယူပေးလို့ ရတာပေါ့"

"ချန်လု" ရွှီကျင်းသည် နဉ်ရှောင်ယောင်းပြောတာကြားတော့ ချန်လုဘက်လှည့်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်စကား မပြောသေးဘူးလား"

ချန်လုသည် ရုပ်သေးရုပ်တစ်ရုပ်လို ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ နဉ်ရှောင်ယောင်းက ထခိုင်းလိုက်ပေမယ့် လူက ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်သေးဘူး။

ရွှီကျင်း ပြောလိုက်သည်။ "အရှင်မင်းကြီး... တရားရုံးချုပ်က လုပ်ကြံသတ်ဖြတ်သူကိစ္စကို ဘယ်လိုလုပ်မလဲ"

"ကာကွယ်ရေးကိစ္စကို စစ်သူကြီးရွှီနဲ့ ဟုကော်ကုန်းတို့ တာဝန်ယူပေးပါ" နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ "လုပ်ကြံသတ်ဖြတ်သူ အနည်းငယ်ကြောင့်နဲ့ ငါတို့ ဖရိုဖရဲ မဖြစ်စေရဘူး။ စစ်တပ်ကိုတောင် ငါ မကြောက်တာ။ လုပ်ကြံသတ်ဖြတ်သူ နည်းနည်းလောက်ကို ကြောက်နေရမှာလား။ သတ္တိရှိရင် နန်းတော်ထဲ ဝင်လာလိုက်လေ ငါကိုက်သတ်ပေးလိုက်မယ်"

ရွှီကျင်း: "..." အရှင်မင်းကြီး စကားပြောတာက အမြဲတမ်း ဒီလိုပဲလား။

"စစ်သေနာပတိချုပ်က အန်းယွမ်ကို ပြန်သွားပြီ" နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေကိစ္စကို လောလောဆယ် စိတ်ပူစရာ မလိုသေးဘူး။ အခု ငါ စိတ်ညစ်နေရတာက ရှန့်နုံကိစ္စပဲ"

ရွှီကျင်း အလျင်အမြန် မေးလိုက်သည်။ "အရှင်မင်းကြီးက သူပုန်တွေကို တိုက်ခိုက်တော့မလို့လား"

"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "မြန်မြန်လုပ်လေ ကောင်းလေပဲ။ ပြီးရင် မြောက်ပိုင်းသားတွေနဲ့ သွားချရဦးမယ်"

ရွှီကျင်း တိတ်ဆိတ်သွားပြန်သည်။ အရှင်မင်းကြီးက ရည်မှန်းချက်ကြီးလိုက်တာ။ ဒီကိစ္စနှစ်ခုလုံးက လွယ်တဲ့ကိစ္စတွေမှ မဟုတ်တာ။

"ကိစ္စတွေက မလွယ်ကူပါဘူး။ ဒါပေမဲ့ မလွယ်ကူလို့ဆိုပြီး မလုပ်ဘဲ နေလို့မှမရတာ။ ဟုတ်တယ်မလား" နဉ်ရှောင်ယောင်း ရွှီကျင်းကို ကြည့်ပြီး ပြောလိုက်သည်။ "မြို့တော်ဝန်းကျင်က တပ်ရင်း ၃၆ ရင်းက ရှိနေဖို့ လိုအပ်တယ်။ စစ်သူကြီးရွှီ... ဒီကိစ္စကို ဟုကော်ကုန်းနဲ့ တိုင်ပင်ပြီး စီစဉ်လိုက်ပါ"

သူနဲ့ ဟုကော်ကုန်းဆိုတော့ ဟုကော်ကုန်းက အဓိကတာဝန်ယူရမှာပေါ့။ ရွှီကျင်း စိတ်မကောင်းဖြစ်သွားသည်။ သို့သော် နဉ်ရှောင်ယောင်းရှေ့တွင် မကျေနပ်မှုကို ထုတ်မပြရဲပေ။ ကိုယ်က နောက်မှ ရောက်လာတဲ့လူဆိုတော့ အရင်ရောက်နေတဲ့လူလောက် နေရာရဖို့ မမျှော်လင့်သင့်ဘူးလေ။ ပြီးတော့ နောင်လာမယ့် စစ်ပွဲတွေမှာ ရွှီမိသားစုအနေနဲ့ အစွမ်းကုန် ကြိုးစားပြီး အောင်ပွဲတွေရယူနိုင်ရင် အရှင်မင်းကြီးရဲ့ အားကိုးမှုကို ရလာမှာပဲလို့ ရွှီကျင်း တွေးလိုက်သည်။

"မြို့တော်စောင့်တပ်ကိုတော့ စစ်သူကြီးချန်ပဲ ဆက်ကိုင်တွယ်လိုက်ပါ" နဉ်ရှောင်ယောင်းက မြို့တော်စောင့်တပ်ကို ချန်လုလက်ထဲ ပြန်ထည့်ပေးလိုက်သည်။ ဟုကော်ကုန်းက ပိုကျယ်ပြန့်တဲ့နေရာမှာ တာဝန်ယူသင့်တယ်လို့ သူမ ယူဆလိုက်သည်။ နဉ်ရှောင်ယောင်းကတော့ မျက်နှာလိုက်တတ်တုန်းပါပဲ။

ချန်လု ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပြန်သည်။

နဉ်ရှောင်ယောင်းသည် ကုတင်ပေါ်တွင် ပြုံးပြုံးလေးထိုင်နေပြီး ပြောလိုက်သည်။ "ဒီတစ်ခါတော့ စစ်သူကြီးချန် ငါ့ကို သစ္စာမဖောက်နဲ့တော့နော်" သစ္စာဖောက်လည်း ကိစ္စမရှိပါဘူး။ အမတ်ချုပ်ကြီးကို ရှာတွေ့ဖို့ လမ်းစရတာပေါ့။ မိန်းကလေးရွှီရဲ့ မျက်နှာကိုထောက်ပြီး ငါ အပြစ်မယူပါဘူး။ ငါက တကယ်ကို ကြင်နာတတ်တဲ့သူပဲ။

"ကျွန်တော်မျိုး မလုပ်ရဲပါဘူး" ချန်လု မြေကြီးပေါ် ခေါင်းနဲ့ဆောင့်ပြီး ကတိပေးလိုက်သည်။

"သူသာ ထပ်ပြီး သစ္စာဖောက်ရင်" ရွှီကျင်းလည်း ဒူးထောက်လိုက်ပြီး ပြောသည်။ "ကျွန်တော်မျိုး ကိုယ်တိုင် ဒီကောင်စုတ်ကို သတ်ပစ်ပါ့မယ်"

နဉ်ရှောင်ယောင်း: "..." အဲ့လောက်ထိတော့ မလိုပါဘူး။ ယောက္ခမက သမက်ကို သတ်လိုက်ရင် မိန်းကလေးရွှီ သနားစရာ ကောင်းနေမှာပေါ့။

....

နောက်တစ်နေ့ မိုးလင်းသောအခါ ဟုကော်ကုန်းနှင့် ရွှီကျင်းတို့ မြို့တော်မှ ထွက်ခွာသွားကြသည်။ ဟုကော်ကုန်းဆိုလျှင် မနေ့ညကမှ မြို့တော်ပြန်ရောက်လာသော မိခင်အိုကြီး၊ ဇနီးနှင့် သားသမီးများကိုပင် နှုတ်မဆက်နိုင်ခဲ့ပေ။

မြို့တော်သူမြို့သားများသည် မနေ့ညက တရားရုံးချုပ်တွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိထားကြသည်။ ဟုကော်ကုန်းနှင့် စစ်သူကြီးရွှီတို့ စစ်တပ်ကိုဦးဆောင်ပြီး ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ စိတ်အေးသွားကြသည်။ စစ်တပ်လှုပ်ရှားမှုတွေ ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်ဆိုတော့ အရှင်မင်းကြီးက ရှဲ့ဝမ်ယွမ်ကိစ္စကို အလေးအနက်မထားဘူးဆိုတဲ့ သဘောပဲ။ အရှင်မင်းကြီးတောင် ဂရုမစိုက်တာ သူတို့ပြည်သူတွေက ဘာဂရုစိုက်စရာလိုလဲ။

နေ့လယ်ရောက်သောအခါ မြို့တော်သည် ယခင်အတိုင်း စည်ကားသိုက်မြိုက်လာသည်။ ထူးခြားမှုရှိသည်ဆိုလျှင် တောင်နှင့်မြောက် ကူးသန်းသွားလာနေသော ကုန်သည်အနည်းငယ် လျော့နည်းသွားခြင်းသာ ရှိသည်။

နဉ်ရှောင်ယောင်းသည် စားပွဲပေါ်မှောက်လျက် အကြီးအကဲလီ ပေးထားသော စာရင်းကို ကြည့်နေသည်။

ဖေ့ယင်က ဘေးနားမှ ရှင်းပြသည်။ "ဒီ ၂၈ ယောက်လုံးက ရှဲ့ဝမ်ယွမ်လက်အောက်က စစ်တပ်အရာရှိတွေပါ"

"စစ်သူကြီးအဆင့်တောင် ၆ ယောက်ပါတယ်" နဉ်ရှောင်ယောင်း စာရင်းကို ရေတွက်ကြည့်လိုက်သည်။

"အရှင်မင်းကြီး... ဒီ ၂၈ ယောက်ရဲ့ မိသားစုဝင်တွေကို ဘယ်လိုစီစဉ်မလဲ" အကြီးအကဲလီ မေးလိုက်သည်။

"လွှတ်ပေးလိုက်ပေါ့" နဉ်ရှောင်ယောင်း ချက်ချင်း ပြန်ဖြေလိုက်သည်။ ထောင်ထဲထားရင် အစိုးရက ထမင်းကျွေးထားရမှာလေ။ ပိုက်ဆံရှိတယ်ဆိုပေမယ့် ဒီလိုနေရာမျိုးမှာတော့ မသုံးချင်ဘူး။

"လွှတ်ပေးလိုက်မယ်?" ဖေ့ယင် အသံကျယ်လောင်စွာ မေးလိုက်သည်။

"မလွှတ်ရင် ကျွေးထားရမှာလား" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "စစ်တိုက်ရဦးမှာ။ ပိုက်ဆံ ချွေတာရမယ်"

"ပုန်ကန်မှုဆိုတာ ဆွေမျိုးကိုးဆက် သတ်ရတဲ့အပြစ်လေ" ဖေ့ယင် နဉ်ရှောင်ယောင်းကို သတိပေးလိုက်သည်။

"ဘာ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "လူသတ်ရဦးမှာလား"

"အကြီးအကဲ... ဘယ်လိုသဘောရလဲ" ဖေ့ယင် အကြီးအကဲလီဘက် လှည့်မေးလိုက်သည်။

အကြီးအကဲလီက နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ပုန်ကန်တာကို ဆွေမျိုးပါမချန် အပြစ်မပေးရင် နောက်လူတွေက ငါတို့လည်း လုပ်လို့ရတာပဲဆိုပြီး တွေးလာကြလိမ့်မယ်။ အရှင်မင်းကြီး အဲ့လိုအဖြစ်ခံမလား"

"မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ တလောကလုံးက ကျွန်တော့်ကို ပုန်ကန်ကြလိမ့်မယ်လို့လည်း မထင်ပါဘူး" နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အကြီးအကဲလီရှေ့တွင် ရှားရှားပါးပါး ခေါင်းမာလိုက်သည်။ "ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ လွှတ်ပေးလိုက်ပါ။ ခေါင်းဆောင်လုပ်တဲ့သူကို ရှင်းပစ်လိုက်ရင် ပြီးပြီ။ ကျွန်တော်က မိသားစုလိုက် သတ်ရတာ မကြိုက်ဘူး"

"ဒါ ဘာသဘောလဲ။ သူတို့က ပုန်ကန်တာလေ" ဖေ့ယင် မကျေမနပ် ပြောလိုက်သည်။

"မအောင်မြင်လိုက်ဘူးလေ။ ဒုသခင်လေးဖေ့က ဘာတွေ ဒေါသထွက်နေတာလဲ" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အရှင်မင်းကြီး!"

"ဖေ့ယင်" အကြီးအကဲလီ ဖေ့ယင်ကို လှမ်းခေါ်လိုက်သည်။ ဒီကောင်က အရှင်မင်းကြီးကို လေးစားမှုမရှိတော့ပါလား။ ဒီအကျင့်ကို ပြင်ရမယ်။

"ကြည့်... အဘိုးကြီးတောင် သဘောတူလိုက်ပြီ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို လက်ကာပြလိုက်သည်။ "ဒီအတိုင်းပဲ လုပ်လိုက်တော့"

အကြီးအကဲလီ: "..." သူ ဘာပြောလိုက်မိလို့လဲ။

"အရှင်မင်းကြီးကို လေးစားမှုရှိရမယ်" နဉ်ရှောင်ယောင်းသည် အကြီးအကဲလီ၏ မည်းမှောင်နေသော မျက်နှာကို ခိုးကြည့်လိုက်သည်။

"အမိန့်တော်အတိုင်းပါ" အကြီးအကဲလီ ဒီတစ်ခါတော့ နဉ်ရှောင်ယောင်းကို မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်သည်။

ဟင်... နဉ်ရှောင်ယောင်း အံ့ဩသွားသည်။ အဘိုးကြီးက ငါ့ကို လေးစားမှုရှိလာပြီလား။

"အရှင်မင်းကြီးအနေနဲ့ ရှဲ့ဝမ်ယွမ် ဆက်ပြီး ဘာလုပ်မလဲဆိုတာ စဉ်းစားထားရမယ်" အကြီးအကဲလီ သတိပေးလိုက်သည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းတွန့်သွားသည်။ ဒီကိစ္စကို ညီလာခံမှာ နှစ်ရက်ဆက်တိုက် ဆွေးနွေးနေတာတောင် အဖြေမထွက်သေးဘဲ ရန်ဖြစ်မလို ဖြစ်နေကြတာ။ သူမ တစ်ယောက်တည်း စဉ်းစားလို့ ဘာထူးမှာလဲ။

"ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါဦး" အကြီးအကဲလီ နှုတ်ဆက်လိုက်သည်။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဒီအဘိုးကြီး ပြန်သွားပြီ။

ဖေ့ယင်သည် အကြီးအကဲလီနောက်မှ လိုက်ပါသွားပြီး မေးလိုက်သည်။ "အကြီးအကဲ... အပြစ်ရှိတဲ့သူတွေကို ဘာလို့ လွှတ်ပေးလိုက်တာလဲ"

အကြီးအကဲလီ ဖေ့ယင်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အဲ့ဒီမိသားစုတွေ အဖမ်းခံရတုန်းက ယောကျာ်းလေးမှန်သမျှ အသတ်ခံလိုက်ရပြီးပြီ။ ကျန်နေတာက မိန်းမသားတွေနဲ့ ကလေးတွေပဲ။ မင်း ဘာစိတ်ပူနေတာလဲ"

"ယောကျာ်းလေးတွေ အကုန်အသတ်ခံလိုက်ရပြီ?" ဖေ့ယင် အံ့ဩသွားသည်။ "ဘယ်သူ့အမိန့်လဲ"

အကြီးအကဲလီ၏ မျက်နှာပေါ်တွင် ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို အရိပ်အယောင်များ ပေါ်လာပြီး နာမည်တစ်ခု ပြောလိုက်သည်။ "လိုကျစ်ကွေ့"

ဖေ့ယင် သဘောပေါက်သွားသည်။ လိုကျစ်ကွေ့က အရှင်မင်းကြီးအပေါ် သစ္စာမရှိဘူးလို့ ပြောရင် လိပ်ပြာမသန့်သလို ဖြစ်နေလိမ့်မည်။

"မေးစရာ ရှိသေးလား" အကြီးအကဲလီ မေးလိုက်သည်။

ဖေ့ယင် ပြောလိုက်သည်။ "လုပ်ကြံသတ်ဖြတ်သူက အရှင်မင်းကြီးကို တိုင်းပြည်ပျက်မယ့်သူလို့ ကျိန်ဆဲသွားတဲ့ကိစ္စကို အကြီးအကဲ ဘယ်လိုထင်လဲ"

"အဲ့ဒီကိစ္စကို ငါ အရှင်မင်းကြီးကို ပြောပြီးပြီ။ ရှဲ့သူပုန်က အရှင်မင်းကြီး စိတ်မငြိမ်အောင် လုပ်တာပဲ။ ဂရုစိုက်စရာ မလိုဘူး" အကြီးအကဲလီ ပြောလိုက်သည်။

ဖေ့ယင်သည် လက်နောက်ပစ်ပြီး ထွက်ခွာသွားသော အကြီးအကဲလီကို ကြည့်ပြီး တွေးလိုက်မိသည်။ တကယ်ပဲ အဲ့လိုဖြစ်နိုင်မလား။

နဉ်ရှောင်ယောင်းသည် နန်းဆောင်ထဲတွင်ထိုင်လျက် စာရင်းကို လုံးချေပစ်လိုက်သည်။ ဒီလူတွေက ရှဲ့ဝမ်ယွမ် လက်ချက်နဲ့ နှုတ်ပိတ်ခံလိုက်ရတာ သေချာတယ်။ အခု ဒီခွေးအိုကြီးက ဘယ်ရောက်နေတာလဲ။ မြို့တော်ထဲက တိရစ္ဆာန်လေးတွေ အကုန်လုံး ထွက်ရှာနေတာတောင် သတင်းအစအန မရဘူး။ ကောင်းကင်ပေါ် ပျံတက်သွားတာများလား။ ကောင်းကင်ပေါ်ရောက်သွားရင်တောင် မောင့်စွင်းတို့ မြင်ရမှာပဲ။

နဉ်ရှောင်ယောင်း စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို ထုလိုက်သည်။

"ရှဲ့အဘိုးကြီး မသေသရွေ့ ရှာတွေ့မှာပါ" လောင်တသည် ကြမ်းပြင်ပေါ်တွင် ဝပ်လျက် ပြောလိုက်သည်။ "နင်က ပိုက်ဆံမရှားတော့ဘူးဆိုပြီး စားပွဲကို ဖျက်ဆီးပစ်လို့ ရပြီလား"

နဉ်ရှောင်ယောင်း စားပွဲပေါ် မှောက်လိုက်သည်။

"ငတုံးမလေး... စစ်သေနာပတိချုပ်ကို လွမ်းနေပြီလား" လောင်တ မေးလိုက်သည်။

"မလွမ်းဘူး" နဉ်ရှောင်ယောင်း ချက်ချင်း ပြန်ဖြေလိုက်သည်။ ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတာ လိုကျစ်ကွေ့ကို လွမ်းဖို့ ဘယ်အချိန်ရမှာလဲ။

လောင်တ ကြမ်းပြင်ပေါ် ပြန်ဝပ်လိုက်သည်။ သွေးအေးရက်စက်တဲ့ မိန်းမတစ်ယောက်နဲ့ ကြုံရတဲ့ စစ်သေနာပတိချုပ် သနားစရာ ကောင်းလိုက်တာ။

....

ဆယ်ရက်ကြာပြီးနောက် အပြစ်သားများ၏ မိသားစုဝင်များကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးသော အမိန့်တော်စာသည် ဒေသအသီးသီးရှိ ရုံးတော်များသို့ ရောက်ရှိသွားသည်။

ယန်မြို့အကျဉ်းထောင်၏ ဘေးတံခါး ပွင့်သွားပြီး အဘွားအိုတစ်ဦးသည် ကလေးငယ်တစ်ဦးကို ပွေ့ချီလျက် ထွက်လာသည်။ သူမအနောက်တွင် အမျိုးသမီးအများအပြား လိုက်ပါလာကြသည်။ ထိုအမျိုးသမီးများထဲတွင် လူလတ်ပိုင်းအရွယ်များ၊ ပျိုဖော်ဝင်စအရွယ်များ ပါဝင်ကြပြီး အားလုံးသည် အဝတ်အစားနွမ်းပါးကာ မျက်နှာများ ညှိုးငယ်နေကြသည်။

"သခင်မကြီး... ကျွန်မတို့ တကယ် မသေရတော့ဘူးလား" လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက လမ်းမကြီးကို ကြည့်ပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။

အဘွားအို ဘာမှပြန်မပြောဘဲ ကလေးကိုပွေ့လျက် လှေကားထစ်များမှ ဆင်းကာ လမ်းမအတိုင်း လျှောက်သွားလိုက်သည်။

အမျိုးသမီးများသည် အဘွားအိုနောက်မှ လိုက်ပါသွားကြသည်။ လမ်းသွားလမ်းလာများက သူတို့ကို လက်ညှိုးထိုးပြီး ပြောဆိုနေကြသဖြင့် မိန်းကလေးငယ်များ ခေါင်းမဖော်ရဲကြပေ။ အဘွားအိုကတော့ ဘေးလူများကို လုံးဝ ဂရုမစိုက်ပေ။ သေမင်းနဲ့ ရင်ဆိုင်ခဲ့ပြီးမှတော့ လူတွေပြောတာကို ဘာကြောက်စရာလိုတော့မှာလဲ။

"သူတို့နောက်လိုက်သွား" ယန်မြို့စားမင်းသည် အကျဉ်းထောင်တံခါးဝတွင် ရပ်လျက် ဘေးနားရှိ အစောင့်ကို အမိန့်ပေးလိုက်သည်။ "သူတို့ကို လာရှာတဲ့လူ ရှိမရှိ စောင့်ကြည့်လိုက်"

"ဟုတ်ကဲ့" အစောင့်သည် အပြေးလိုက်သွားလေသည်။

ထိုနေ့ညတွင် ယန်မြို့စားမင်း အိပ်ရာဝင်ရန် ပြင်နေစဉ် အိမ်တော်ထိန်းနှင့် အစောင့်ခေါင်းဆောင်တို့ အလျင်စလို ရောက်လာကြသည်။

အစောင့်ခေါင်းဆောင်သည် ဟုကော်ကုန်းကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပြီး အသက်သုံးဆယ်ကျော် ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင်မူ ဒူးထောက်လျက် အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး... လွှတ်လိုက်တဲ့လူတွေ... အကုန် သေကုန်ပြီ"

မြို့စားမင်း အိပ်ချင်စိတ်များ ပျောက်ဆုံးသွားပြီး မယုံနိုင်စွာ မေးလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ"

"လွှတ်လိုက်တဲ့လူတွေ အကုန်သေကုန်ပါပြီ။ အလောင်းတွေက မြို့အရှေ့ဘက် အစိုးရလမ်းမဘေးက တောအုပ်ထဲမှာပါ။ ကျွန်တော်မျိုး အလောင်းတွေကို သွားကြည့်ခဲ့ပါတယ်။ အားလုံး ဓားချက်တစ်ချက်တည်းနဲ့ သေဆုံးနေကြတာပါ"

ယန်မြို့စားမင်း ခေါင်းမူးသွားပြီး လှေကားထစ်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ အစေခံနှစ်ဦး ဝင်ထိန်းပေးလိုက်မှ သက်သာသွားပြီး ပြောလိုက်သည်။ "ဖုန်းမိသားစုကို သွားရှာ။ ငါ... ငါ ကိုယ်တိုင် အရှေ့ဘက်ကို သွားကြည့်မယ်"

....

ယန်မြို့အရှေ့ဘက် အစိုးရလမ်းမဘေး တောအုပ်ထဲတွင် အလောင်း ၁၃ လောင်း ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည်။ ယန်မြို့စားမင်း ထိုအလောင်းများကို မြင်လိုက်ရသောအခါ ခေါင်းမူးသွားပြန်သည်။

မြို့စားမင်းအိမ်တော်မှ လူများနှင့် မြို့စောင့်တပ်သားများသည် တစ်ညလုံး မြို့တစ်မြို့လုံးကို ရှာဖွေခဲ့သော်လည်း ဖုန်းမိသားစုမှ အမျိုးသမီးများကို မတွေ့ရှိခဲ့ပေ။

ယန်မြို့စားမင်း အချိန်မဆွဲရဲတော့ဘဲ ကိုယ်တိုင် အစီရင်ခံစာရေးသားပြီး မြင်းဖြင့် မြို့တော်သို့ အမြန်ပို့ဆောင်စေလိုက်သည်။

...

သုံးရက်ကြာပြီးနောက် နန်းတော်ထဲတွင် အကြီးအကဲလီသည် ယန်မြို့စားမင်း၏ အစီရင်ခံစာကို ချလိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကြည့်ရတာ ဖုန်းမုဟိုင် မသေသေးဘူး ထင်တယ်"

နဉ်ရှောင်ယောင်းသည် စစ်တပ်အရာရှိစာရင်းထဲတွင် ထိုနာမည်ကို တွေ့ဖူးသော်လည်း ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ နာမည်သာ သိတာလေ။ ဒီလူ ဘယ်မှာတာဝန်ကျခဲ့လဲ၊ သူ့လက်အောက်မှာ စစ်သည်အင်အား ဘယ်လောက်ရှိခဲ့လဲဆိုတာ သူမ မသိဘူးလေ။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၃၄ ။ အဆိပ်သောက်ထားတဲ့ မိန်းကလေး ၅

"ဪ... ဖုန်းမုဟိုင်ရဲ့မိသားစုကကိုး" နဉ်ရှောင်ယောင်းက နားလည်သလိုလို ခေါင်းညိတ်လိုက်သည်။ "အဘိုးကြီး... စစ်တပ်အကြောင်း သိပ်မသိဘူးမလား။ လာပါ... သာ့ဖုန်း... ဒီဖုန်းမုဟိုင်အကြောင်း အဘိုးကြီးကို ရှင်းပြလိုက်ပါဦး"

အကြီးအကဲလီ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး သူ ဘယ်သူလဲဆိုတာ သိပါတယ်"

နဉ်ရှောင်ယောင်း: "..." ဒါပေမဲ့ ငါက မသိဘူးလေ။

"ဖုန်းမုဟိုင်ရဲ့အဒေါ်က ရှဲ့ဝမ်ကျင့်ရဲ့ ဇနီးပါ" ယင်းဖုန်း ရှင်းပြသည်။

ရှဲ့ဝမ်ကျင့်ကိုတော့ နဉ်ရှောင်ယောင်း သိသည်။ အမတ်ချုပ်ကြီးရှဲ့ရဲ့ ညီလေ။ အစိုးရလမ်းမပေါ်မှာ ရွှီဖေးယွီ သတ်လိုက်တဲ့လူ။

"ဖုန်းမုဟိုင်က မြို့တော်ဝန်းကျင်က တပ်ရင်း ၃၆ ရင်းထဲက တပ်ရင်း ၃ ရင်းကို ကိုင်တွယ်ထားတယ်။ ရှဲ့ဝမ်ယွမ်က သူ့ကို အရမ်း အားကိုးတယ်" ယင်းဖုန်း ဆက်ပြောသည်။ သူ့သခင်အနေနဲ့ ဖုန်းမုဟိုင်အကြောင်း နာမည်ကလွဲပြီး ဘာမှသိမှာမဟုတ်ဘူးဆိုတာ ယင်းဖုန်း သိနေသည်။

"ရှဲ့ဝမ်ယွမ်က ဘာလို့ ဖုန်းမုဟိုင်ကို ကယ်လိုက်တာလဲ" အကြီးအကဲလီ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ဒီစစ်သူကြီးဖုန်းရဲ့လက်ထဲမှာ သုံးလို့ရတဲ့ စစ်တပ်တွေ ကျန်နေသေးလို့လား" နဉ်ရှောင်ယောင်း ပြန်မေးလိုက်သည်။

"မဖြစ်နိုင်ပါဘူး" အကြီးအကဲလီ ခေါင်းခါလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော်လည်း မသိတော့ဘူး" နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။

အကြီးအကဲလီ စကားဆက်မပြောနိုင်တော့ပေ။

"ကျွန်တော် တကယ်မသိတာပါ" နဉ်ရှောင်ယောင်း စိတ်တိုလာသည်။ အမတ်ချုပ်ကြီးရှဲ့က ကမ္ဘာဖျက်ဆီးမယ့် အကြံအစည်တွေ ရှိနေတာ သေချာတယ်။ ဒါပေမဲ့ သူမက ဘာမှတားလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီခွေးအိုကြီးကိုမှ ရှာမတွေ့တာ။

အကြီးအကဲလီသည် နဉ်ရှောင်ယောင်းနှင့် စကားဆက်မပြောတော့ဘဲ ယန်မြို့စားမင်း၏ အစီရင်ခံစာကို နောက်တစ်ကြိမ် ဖတ်ရှုနေသည်။ တစ်လုံးချင်း သေချာဖတ်နေသဖြင့် နဉ်ရှောင်ယောင်းသည် ဒီအစီရင်ခံစာထဲတွင် သူမ မသိသော လျှို့ဝှက်ချက်များ ပါနေသလားဟု သံသယဝင်လာမိသည်။

"ဖုန်းမုဟိုင်ရဲ့ မြေးတစ်ယောက်တော့ မသေဘူး" ယင်းဖုန်း နဉ်ရှောင်ယောင်းကို ပြောပြသည်။

"ကလေးတစ်ယောက် မသေတာ ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်းက အဲ့ဒါကို ဂရုမစိုက်ပေ။ သူမ သိချင်တာက အမတ်ချုပ်ကြီးရှဲ့ ဘယ်မှာလဲ ဆိုတာပဲ။

"ဖုန်းမုဟိုင်က ရှဲ့ဝမ်ယွမ်အတွက် အသုံးဝင်တဲ့လူဖြစ်နေလို့ပါ" အကြီးအကဲလီ ပြောလိုက်သည်။

"ဘာအသုံးဝင်တာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ကျွန်တော်မျိုး မသိပါဘူး" အကြီးအကဲလီ ဖြေလိုက်သည်။

အကြီးအကဲလီလည်း မသိဘူး။ သူမလည်း မသိဘူး။ ဒါဆို ဘာဆက်လုပ်ကြမလဲ။ နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်သည်။ ရုတ်တရက် မီးဖိုချောင်သွားပြီး တစ်ခုခုစားချင်စိတ် ပေါက်လာသည်။

....

အကြီးအကဲလီသည် ယန်မြို့စားမင်း၏ အစီရင်ခံစာကို ယူဆောင်ပြီး ပြန်သွားသည်။ နဉ်ရှောင်ယောင်းနှင့် တိုင်ပင်လို့ အဖြေထွက်မှာမဟုတ်တော့ သူ့တပည့်များနှင့် ပြန်ဆွေးနွေးရမည်။

နဉ်ရှောင်ယောင်း မတ်တတ်ထရပ်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "သွားကြစို့။ မီးဖိုချောင်သွားပြီး ထမင်းစားကြမယ်"

ယင်းဖုန်း: "..." အခုချိန်ထိ စားချင်စိတ် ရှိနေသေးတာလား။

"စားစား မစားစား အကြံထွက်လာမှာမှ မဟုတ်တာ။ သွားစားလိုက်တာက ပိုကောင်းပါတယ်" နဉ်ရှောင်ယောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ရှဲ့မိသားစုက ဘယ်သူမှ မိန်းကလေး ၅ကို လာမရှာကြဘူး" မီးဖိုချောင်သို့ သွားနေရင်း ယင်းဖုန်း နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြသည်။

နဉ်ရှောင်ယောင်း ခြေလှမ်းရပ်တန့်သွားပြီး ယင်းဖုန်းကို လှည့်ကြည့်လိုက်သည်။

"သီလရှင်ကျောင်းက ဆရာလေးက ပြောတယ်။ မိန်းကလေး ၅က လောကီအာရုံတွေ မကုန်သေးလို့ ဆံပင်ရိတ်ပေးဖို့ ငြင်းလိုက်တယ်တဲ့" ယင်းဖုန်း ဆက်ပြောသည်။

"သူက နင့်မိန်းမဖြစ်ချင်နေတာလေ။ လောကီအာရုံ ဘယ်ကုန်မလဲ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်ပြီး ယင်းဖုန်းကို ကြည့်လိုက်သည်။ "သာ့ဖုန်း... နင်က မိန်းကလေး ၅ကို သုံးပြီး အမတ်ချုပ်ကြီးရှဲ့ကို ရှာချင်နေတာလား။ အဲ့ဒါ မကောင်းဘူးနော်"

ယင်းဖုန်း ဘာမှမပြောပေ။

"အဲ့ဒီကိစ္စကို မေ့လိုက်ပါတော့" နဉ်ရှောင်ယောင်း ယင်းဖုန်းပခုံးကို ပုတ်လိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့က ကိုယ့်မယားကိုတောင် စွန့်ပစ်ခဲ့တဲ့လူလေ။ မိန်းကလေး ၅ကို လာရှာဖို့ လူလွှတ်ပါ့မလား။ မဖြစ်နိုင်ပါဘူး"

"အခု ကျွန်တော်က မိန်းကလေး ၅ရဲ့ဘေးမှာ ရှိနေတယ်" ယင်းဖုန်း အသံနှိမ့်ပြီး ပြောလိုက်သည်။ "ကျွန်တော်က အရှင်မင်းကြီးရဲ့ နဂါးအစောင့်တပ်မှူးလေ။ ရှဲ့ဝမ်ယွမ်က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး"

နဉ်ရှောင်ယောင်း စားချင်စိတ် ပျောက်သွားသည်။ သေချာတာပေါ့။ ယင်းဖုန်းက မိန်းကလေး ၅ဘေးမှာ နေနေတာ အချစ်ရေးထက် အသုံးချတာက ပိုများနေတာပဲ။

"အရှင်မင်းကြီး" ယင်းဖုန်း ပြောလိုက်သည်။ "တကယ်လို့ ရှဲ့မိသားစုက မိန်းကလေး ၅ကို လာရှာရင် ကျွန်တော်..."

"သာ့ဖုန်းရယ်"

"အရှင်မင်းကြီး" ယင်းဖုန်း ဆက်ပြောသည်။ "ကျွန်တော် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒါက ရှဲ့ဝမ်ယွမ် ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ် မဟုတ်လား"

"ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"အရှင်မင်းကြီးအနေနဲ့ သူ့ကို နန်းတော်ထဲ တစ်ခေါက်လောက် ခေါ်လိုက်ပါ" ယင်းဖုန်း ပြောလိုက်သည်။ "တကယ်လို့ ရှဲ့ဝမ်ယွမ်ရဲ့လူတွေက သူ့ကို စောင့်ကြည့်နေရင် ဒီကိစ္စကို ရှဲ့ဝမ်ယွမ် သိသွားမှာ သေချာတယ်"

"တကယ်လို့ မိန်းကလေး ၅က ငါ့ကို သတ်ချင်နေရင်ရော" နဉ်ရှောင်ယောင်း ခဏစဉ်းစားပြီး မေးလိုက်သည်။

"ဒါဆို ကျွန်တော် သူ့ကို သတ်လိုက်မယ်" ယင်းဖုန်း ပြန်ဖြေသည်။

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ ရက်ရက်စက်စက် သတ်ပစ်နိုင်မှတော့ အချစ်အကြောင်း ဘာပြောစရာလိုတော့မှာလဲ။ သူစိမ်းတွေလို နေလိုက်တာက ပိုကောင်းဦးမယ်။

"အရှင်မင်းကြီး... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်" ယင်းဖုန်း နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါဆို မိန်းကလေး ၅ ငါ့ကိုသတ်ခွင့်မရအောင် လုပ်လိုက်ရင် ပြီးပြီမလား" နဉ်ရှောင်ယောင်း စိတ်ညစ်ညူးစွာ ပြောလိုက်သည်။ "ဒါဆို အမတ်ချုပ်ကြီးရှဲ့ကလည်း သူ့ကို အသုံးချတော့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။ သာ့ဖုန်း... ငါတို့ ဒီလို မလုပ်ကြရအောင်ပါ"

"ကျွန်တော် ရှဲ့သော်ယင်းဆိုတဲ့ မိန်းကလေးအကြောင်း နားလည်အောင် ကြည့်ရဦးမယ်" ယင်းဖုန်း ခေါင်းခါလိုက်သည်။ "ဒီကိစ္စကို ကျွန်တော် စဉ်းစားပြီးပါပြီ။ အရှင်မင်းကြီး ခွင့်ပြုပေးပါ"

"တခြားကောင်မလေးတစ်ယောက် ရှာလိုက်ရင်ရော" နဉ်ရှောင်ယောင်း အကြံပေးလိုက်သည်။

ယင်းဖုန်း ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။

ဒါ ငြင်းတာပဲပေါ့။ နဉ်ရှောင်ယောင်း စိတ်ညစ်သွားပြန်သည်။

"မိန်းမတစ်ယောက်အတွက်နဲ့ အရှင်မင်းကြီးကို သစ္စာဖောက်ရမယ်ဆိုရင် ကျွန်တော်..."

"တော်ပြီ... ဆက်မပြောနဲ့တော့" နဉ်ရှောင်ယောင်း မီးဖိုချောင်ဘက်သို့ လေးလံသောခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ ဆက်ပြောနေရင် ယင်းဖုန်းက သူမကို ကြိုက်နေတယ်လို့ ထင်သွားမိတော့မယ်။

"အရှင်မင်းကြီး?"

"ငါ စဉ်းစားပါရစေဦး။ အချစ်ရေးဆိုတာ ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး"

"ဒါက အချစ်ရေးနဲ့ ဘာဆိုင်လို့လဲ" ယင်းဖုန်း မေးလိုက်သည်။

"ဆိုင်တယ်ဆိုရင် ဆိုင်တာပဲ" နဉ်ရှောင်ယောင်း ဇွတ်ပြောလိုက်သည်။ "ငါက အရှင်မင်းကြီးလေ။ ငါပြောတာ နားထောင်" လူနှစ်ယောက် ကြိုက်ရင်တွဲ၊ မကြိုက်ရင် လမ်းခွဲကြပေါ့။ ကောင်းကောင်းမွန်မွန် လမ်းခွဲလိုက်ရင် သူငယ်ချင်း မဖြစ်နိုင်ရင်တောင် ရန်သူတော့ မဖြစ်ဘူးလေ။ အသုံးချတယ်ဆိုတာ ဘာသဘောလဲ။ တစ်ဖက်က ရည်းစားစကားပြော၊ တစ်ဖက်ကကျတော့ တစ်ဖက်လူရဲ့ မကောင်းကွက်ကို စောင့်ကြည့်နေတာလား။ ဒါ ဘာသဘောလဲ။

နဉ်ရှောင်ယောင်း ထမင်းဖြူ နှစ်ပန်းကန် စားလိုက်သော်လည်း စိတ်မပျော်သေးပေ။

"အရှင်မင်းကြီး" ယင်းဖုန်းက ထမင်းတစ်ပန်းကန် အတူစားပြီးနောက် နဉ်ရှောင်ယောင်း ပန်းကန်ချလိုက်သည်ကိုမြင်တော့ စကားစပြောရန် ပြင်လိုက်သည်။

"စကားမပြောနဲ့။ ငါ စဉ်းစားပါရစေဦး" နဉ်ရှောင်ယောင်း ထွက်သွားတော့သည်။ အမတ်ချုပ်ကြီးရှဲ့က လူတွေကို ဒုက္ခပေးလွန်းတယ်။

....

နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို တစ်ရက်လုံး ရှောင်နေခဲ့သည်။ ညရောက်သောအခါ စားပွဲတွင်ထိုင်ပြီး လိုကျစ်ကွေ့ထံ စာရေးလိုက်သည်။ ယန်မြို့အကြောင်း ရေးပြီးနောက် ယင်းဖုန်းနှင့် ရှဲ့မိန်းကလေး ၅အကြောင်း ရေးရန် ပြင်လိုက်သည်။ 'ရှဲ့' ဟု တစ်လုံးရေးလိုက်စဉ်မှာပင် အခန်းပြင်မှ ယင်းယွီ၏ အသံ ထွက်ပေါ်လာသည်။ "အရှင်မင်းကြီး... ပြဿနာတက်ပြီ"

နဉ်ရှောင်ယောင်း လက်တုန်သွားပြီး မင်စက်များ စာရွက်ပေါ် ကျသွားသည်။

"အရှင်မင်းကြီး... သီလရှင်အိုကြီးတစ်ပါး နန်းတော်တံခါးဝကို ရောက်လာပြီး ရှဲ့မိန်းကလေး ၅ ပြဿနာတက်နေပြီလို့ လာပြောပါတယ်" ယင်းယွီ အခန်းထဲဝင်လာပြီး သတင်းပို့သည်။

"ဘာဖြစ်လို့လဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"မိန်းကလေး ၅ အဆိပ်သောက်လိုက်တယ်လို့ သီလရှင်ကြီးက ပြောပါတယ်"

နဉ်ရှောင်ယောင်းလက်ထဲမှ စုတ်တံ ပြုတ်ကျသွားသည်။ မိန်းကလေး ၅က ယင်းဖုန်းရဲ့ အစီအစဉ်ကို သိသွားပြီး အချစ်ရေးမှာ မျှော်လင့်ချက်မဲ့သွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာလား။

"အရှင်မင်းကြီး... ဘယ်လိုလုပ်မလဲ" ယင်းယွီ မေးလိုက်သည်။

"မင်းကို ကြည့်ရတာ တည်ငြိမ်နေသလိုပဲ" နဉ်ရှောင်ယောင်း ယင်းယွီကို ကြည့်လိုက်သည်။

"ရှဲ့မိသားစုသမီးက ဘာကောင်းလို့လဲ" ယင်းယွီ စတင်ညည်းညူလေသည်။ "လမ်းပေါ်က မိန်းမတစ်ယောက်က ရှဲ့မိသားစုသမီးထက် သာပါသေးတယ်"

နဉ်ရှောင်ယောင်း ယင်းယွီ၏ ညည်းညူသံကို ကြားပြီး ကြောင်သွားသည်။ ရှဲ့မိသားစုသမီးဖြစ်ရတာ ဒီလောက်တောင် အမုန်းခံရတာလား။

"အစ်ကိုကြီးက နဂါးအစောင့်တပ်မှူးလေ။ ရှဲ့မိသားစုသမီးနဲ့ ပတ်သက်နေတာ ဘာသဘောလဲ" ယင်းယွီ ဆက်ပြောသည်။ "အခု ဒီမိန်းမက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုပြီး လုပ်ပြနေသေးတယ်။ သူ ဘာလိုချင်နေတာလဲ"

"ငါ သွားကြည့်လိုက်မယ်" နဉ်ရှောင်ယောင်း ထရပ်လိုက်သည်။

"အရှင်မင်းကြီး!" ယင်းယွီ အော်ခေါ်လိုက်သည်။ သူ ဒီလောက်ပြောနေတာ တစ်လုံးမှ နားမဝင်ဘူးလား။

"သူ့ကို ရှဲ့မိသားစုက မောင်းထုတ်လိုက်တာလေ" နဉ်ရှောင်ယောင်း ယင်းယွီကို မျက်စောင်းထိုးလိုက်သည်။ "ရှဲ့ဝမ်ယွမ်က ငါ့အဘိုးလေ။ ငါ့မွေးမိခင်ကလည်း ရှဲ့မိသားစုသမီးပဲ"

ယင်းယွီ မျက်နှာပျက်သွားပြီး ခေါင်းငုံ့သွားသည်။

"လမ်းပေါ်က မိန်းမတစ်ယောက်က သာသေးတယ်တဲ့" နဉ်ရှောင်ယောင်း ယင်းယွီ၏ ခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ "လမ်းပေါ်က မိန်းကလေးတိုင်းက မိန်းကလေး ၅လောက် လှလို့လား"

ယင်းယွီ ဘာမှပြန်မပြောနိုင်တော့ပေ။ မလှပါဘူး။

"သာ့ဖုန်းရော" နဉ်ရှောင်ယောင်း အခန်းဝတွင် ရပ်ပြီး မေးလိုက်သည်။

"မိန်းကလေး ၅ဆီ သွားတယ်" ယင်းယွီ ဖြေလိုက်သည်။

"ဒါဆို ငါတို့လည်း လိုက်သွားမယ်" နဉ်ရှောင်ယောင်း စင်္ကြံလမ်းအတိုင်း လျှောက်သွားလိုက်သည်။

....

နှစ်နာရီခန့် ကြာသောအခါ နဉ်ရှောင်ယောင်းသည် သီလရှင်ကျောင်းတံခါးဝတွင် ရပ်နေသည်။ အခန်းလေးခန်းသာရှိသော သီလရှင်ကျောင်းလေးကိုကြည့်ပြီး ယင်းယွီကို ပြောလိုက်သည်။ "သံဘုရားကျောင်းနဲ့ ယှဉ်လိုက်ရင် ဒီနေရာက သေးလွန်းမနေဘူးလား"

ယင်းယွီ ဘာမှပြန်မပြောပေ။ ဘာနှိုင်းယှဉ်စရာ လိုလို့လဲ။

နဉ်ရှောင်ယောင်း အထဲဝင်ရန် ပြင်လိုက်စဉ် အနောက်မှ ခွေးဟောင်သံ ကြားလိုက်ရသည်။ "ဝုတ်... ဝုတ်... ရှောင်ယောင်း" အသံက စူးရှပြီး သနားစရာကောင်းနေသည်။

နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်ရာ မြို့တော်တောင်ပိုင်း ခွေးဂိုဏ်းခေါင်းဆောင် တာ့ဟွမ် ဖြစ်နေသည်။ သူမကိုကြည့်ပြီး ဟောင်လိုက်၊ ခေါင်းခါပြလိုက် လုပ်နေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး သွားမောင်းထုတ်လိုက်ပါမယ်" ယင်းယွီ ခွေးကို မောင်းထုတ်ရန် ပြင်လိုက်သည်။

"နေပါဦး" နဉ်ရှောင်ယောင်း ယင်းယွီကို တားလိုက်သည်။

"တောထဲမှာ လူတွေရှိတယ်။ သူတို့ နင်တို့ကို မီးရှို့သတ်ကြလိမ့်မယ်။ နံရံပေါ်မှာ တစ်ခုခုရှိတယ်။ ရှောင်ယောင်း... သေချာကြည့်" တာ့ဟွမ်က နဉ်ရှောင်ယောင်းကို လှမ်းအော်ပြောလိုက်သည်။

တာ့ဟွမ်စကားကြားတော့ နဉ်ရှောင်ယောင်း သီလရှင်ကျောင်း၏ ခြံစည်းရိုးနံရံကို လှည့်ကြည့်လိုက်သည်။ နံရံပေါ်တွင် အင်္ဂတေများ ကိုင်ထားသည်။ နဉ်ရှောင်ယောင်းကြည့်ရသလောက် ဘာမှထူးခြားမှု မရှိပေ။

နဉ်ရှောင်ယောင်း နံရံကို စိုက်ကြည့်နေသည်ကိုမြင်တော့ ယင်းယွီသည် နဂါးအစောင့်တပ်သားတစ်ဦးလက်ထဲမှ မီးတုတ်ကိုယူပြီး နံရံကို အနီးကပ် သွားကြည့်သည်။ ယင်းယွီလည်း ဘာမှထူးခြားမှု မတွေ့ပေ။

"မျက်နှာချင်းဆိုင်တောထဲမှာ လူတွေရှိတယ်" နဉ်ရှောင်ယောင်း ယင်းယွီကို တိုးတိုးလေး ပြောလိုက်သည်။ "ယင်းယွီ... မင်း လူခေါ်ပြီး နောက်ကနေ ဝိုင်းလိုက်။ ဒီတစ်ခါ အရှင်ဖမ်းမယ်"

"တကယ်လား" ယင်းယွီ ခါးကြားမှ ဓားကို စမ်းလိုက်သည်။

"တကယ်" နဉ်ရှောင်ယောင်း နံရံမှ အင်္ဂတေအလွှာကို ခွာကြည့်လိုက်ရာ အတွင်းဘက်နံရံ မည်းနက်နေပြီး အနံ့တစ်မျိုး ရလိုက်သည်။

"ဆီတွေလား" ယင်းယွီ မျက်နှာပျက်သွားသည်။

"နံရံကို ဆီသုတ်ထားတယ်။ တကယ် ပိုက်ဆံမရှားဘူးပဲ" နဉ်ရှောင်ယောင်း ဆဲလိုက်သည်။

ယင်းယွီ အနောက်ကို လှည့်ကြည့်လိုက်ပြီး "ကျွန်တော်မျိုးတို့ ဒီတိုင်းသွားလိုက်ရင် သူတို့ ထွက်ပြေးကုန်မလား" ဟု မေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် ဒီကမ္ဘာက လေးမြှားတွေရဲ့ အကွာအဝေးကို တွက်ချက်ကြည့်လိုက်သည်။ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ယင်းယွီကို ပြောလိုက်သည်။ "ဒါဆို မဝိုင်းနဲ့တော့။ အဲ့ဒီအစီအစဉ်ကို ဖျက်လိုက်။ ငါ နံရံကို ပစ်ပေါက်လိုက်မယ်။ နံရံပျံသွားတာ မြင်တာနဲ့ ယင်းယွီတို့ ဝင်ဖမ်းကြ"

ယင်းယွီ: "..." နံရံကို ပစ်ပေါက်မယ်?

နဉ်ရှောင်ယောင်း နံရံကို လက်ချောင်းများဖြင့် ကုတ်ထားလိုက်ပြီး "တာ့ဟွမ်... ဒီဘက် လာခဲ့" ဟု အော်ခေါ်လိုက်သည်။

တာ့ဟွမ် နဉ်ရှောင်ယောင်းအသံကြားသည်နှင့် အပြေးရောက်လာသည်။

နဉ်ရှောင်ယောင်း အားစိုက်လိုက်ပြီး နံရံတစ်ခြမ်းကို မ,ယူလိုက်သည်။ ကိုယ်ကိုလှည့်ပြီး သူမ တွက်ချက်ထားသော နေရာသို့ ပစ်ပေါက်လိုက်သည်။

နဂါးအစောင့်တပ်သားများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ယင်းယွီကတော့ ပါးစပ်ဟနေဖို့ အချိန်မရှိပေ။ ဓားကိုဆွဲထုတ်ပြီး "လူသတ်သမားတွေကို ဖမ်းကြ" ဟု အော်ဟစ်အမိန့်ပေးလိုက်သည်။

နံရံတစ်ခြမ်းသည် တောအုပ်ထဲမှ သစ်ပင်ကြီးကို ဝင်တိုက်မိရာ သစ်ပင်ကြီး ခါးလည်မှ ကျိုးသွားသည်။ သစ်ပင်ပေါ်တွင် ပုန်းနေသူများ ပြုတ်ကျလာသလို သစ်ပင်အောက်မှ လူများလည်း မပြေးနိုင်လိုက်ဘဲ သစ်ပင်ပိသူပိ၊ နံရံပိသူပိ ဖြစ်ကုန်ကြသည်။

"ရှောင်ယောင်း" တာ့ဟွမ်သည် နဉ်ရှောင်ယောင်းအနား မရောက်ခင်မှာပင် အော်ပြောလိုက်သည်။ "ခေါင်းဆောင်လုပ်တဲ့လူက တောထဲက ရေကန်နားမှာ ရှိသေးတယ်"

"သွားစို့" နဉ်ရှောင်ယောင်း ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ "တာ့ဟွမ်... လမ်းပြ။ ပြီးရင် အသားတွေ ဝအောင်ကျွေးမယ်"

တာ့ဟွမ် တောထဲသို့ ပြန်လှည့်ပြေးသည်။ ခေါင်းဆောင်လုပ်တဲ့လူက ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ ခွေးတွေအများကြီး သတ်ဖူးမယ့်ပုံ။ ဒါပေမဲ့ အသားစားရဖို့အတွက် တာ့ဟွမ် စွန့်စားလိုက်ပြီ။

နဉ်ရှောင်ယောင်းက တာ့ဟွမ်ထက် ပိုမြန်သည်။ နှစ်လှမ်းလောက်နှင့် တာ့ဟွမ်ကို မီသွားပြီး တာ့ဟွမ်ကို ပွေ့ချီကာ ဆက်ပြေးလေသည်။

ယင်းယွီသည် နဉ်ရှောင်ယောင်း သူ့ဘေးမှ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ လိုက်ရမည်ဟု သတိဝင်လာချိန်တွင် သူ့သခင်က ပျောက်သွားလေပြီ။

***

All Chapters