အခန်း (၃၃၅-၃၃၆)
Vol. 21 Ch. 335-336
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၅ ။ ပျောက်ဆုံးသွားသော ယင်းဖုန်း
နဉ်ရှောင်ယောင်းသည် တာ့ဟွမ်ကိုပွေ့လျက် တောထဲသို့ ပြေးဝင်လာရာ လူရိပ်မည်းမည်းတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
လူရိပ်သည် နဉ်ရှောင်ယောင်းကို မြင်သည်နှင့် လှည့်ပြေးလေသည်။
နဉ်ရှောင်ယောင်းသည် ဘေးနားရှိ ချုံပုတ်တစ်ခုကို ဆွဲနုတ်ပြီး ပစ်ပေါက်လိုက်သည်။ ဒီတစ်ခါတော့ လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး။
လူရိပ်သည် မီတာတစ်ထောင်ခန့် ပြေးထွက်သွားပြီဖြစ်သော်လည်း ချုံပုတ်၏အရှိန်ကို မလွန်ဆန်နိုင်ဘဲ ခေါင်းကို ထိမှန်ကာ လဲကျသွားလေသည်။
တာ့ဟွမ်သည် ဘဝတစ်လျှောက်လုံး တိုက်ပွဲပေါင်းများစွာ ကြုံဖူးသော်လည်း ဒီလိုမျိုး ချက်ချင်းကိစ္စပြတ်သွားသည့် တိုက်ပွဲမျိုးကိုတော့ တစ်ခါမှ မကြုံဖူးပေ။ "အဲ့ဒီလူ သေသွားပြီလား" တာ့ဟွမ် အံ့ဩတကြီး မေးလိုက်သည်။
"မသေပါဘူး" နဉ်ရှောင်ယောင်းသည် လူရိပ်လဲကျသွားရာသို့ အပြေးသွားလိုက်သည်။ သူမ ရှိနေသရွေ့ အသက်မထွက်သေးရင် ကိစ္စမရှိဘူး။
တာ့ဟွမ်ပြောသော တောထဲကရေကန်ဆိုတာ တကယ်တော့ မြေနိမ့်ပိုင်းတစ်ခု ဖြစ်သည်။ မိုးရွာပြီးနောက် ရေဝပ်နေပြီး မိုးခဏခဏရွာသဖြင့် ရေမခမ်းဘဲ ရေကန်ကြီးတစ်ခု ဖြစ်လာကာ တိရစ္ဆာန်လေးများ ရေလာသောက်ရာ နေရာဖြစ်လာခြင်းဖြစ်သည်။
နဉ်ရှောင်ယောင်းသည် တာ့ဟွမ်ကို ပွေ့လျက် ရေကန်ကို ကျော်ခုန်လိုက်ရာ တာ့ဟွမ် လန့်ဖျပ်သွားသည်။ သတိမဝင်ခင်မှာပင် လူရိပ်အနားသို့ ရောက်သွားပြီဖြစ်သည်။
လူရိပ်သည် မြေကြီးထဲတွင် မြှုပ်နေပြီး ခေါင်းပေါ်တွင် ချုံပုတ်တစ်ခု ပေါက်နေသကဲ့သို့ ဖြစ်နေသည်။
"မြေမြှုပ်ခံလိုက်ရပြီပဲ" နဉ်ရှောင်ယောင်း အံ့ဩသွားသည်။
တာ့ဟွမ် မြေကြီးပေါ် ခုန်ဆင်းလိုက်ပြီး နဉ်ရှောင်ယောင်းကို မျက်ဖြူလှန်ပြလိုက်သည်။ "နင့်လက်ချက်လေ... နင် မသိဘူးလား။ ဒီငတုံးမလေးက အားသန်လိုက်တာ။ စောစောက နံရံကို ပစ်ပေါက်တယ်။ အခု ချုံပုတ်ကြီးကို ပစ်ပေါက်ပြန်ပြီ"
နဉ်ရှောင်ယောင်းသည် ချုံပုတ်ကို ဖယ်ရှားလိုက်ပြီး မြေကြီးထဲမြှုပ်နေသော ခေါင်းကို တူးဖော်လိုက်သည်။ မှောက်လျက်သား လဲနေသော လူရိပ်ကို လှန်လိုက်ပြီး မျက်နှာဖုံးစကို ဆွဲခွာလိုက်ရာ ဆံပင်ကောက်ကောက်နှင့် မျက်နှာပေါက်နက်နက် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ယုံနင်လူမျိုးနှင့် မတူပေ။
"မြောက်ပိုင်းသား" တာ့ဟွမ်သည် တခြားကမ္ဘာမှရောက်လာသော နဉ်ရှောင်ယောင်းထက် ပိုဗဟုသုတ ကြွယ်ဝသည်။
"ဟုတ်တယ်" နဉ်ရှောင်ယောင်း လက်သီးချင်း တိုက်လိုက်သည်။ သူမ မြောက်ပိုင်းသားတွေကို မြင်ဖူးသည်။ ဒီလူက မြောက်ပိုင်းသားနဲ့ တူသည်။
"သေပြီလား" တာ့ဟွမ်က ဒါကိုပဲ စိတ်ဝင်စားသည်။
"မသေသေးဘူး... ကောင်းကောင်းကြီး ရှိသေးတယ်" နဉ်ရှောင်ယောင်းသည် လူရိပ်၏ ပါးကို ပုတ်လိုက်ပြီး "ဟန်မဆောင်နဲ့တော့... မျက်လုံးဖွင့်ပြီး စကားပြောရအောင်" ဟု အော်ပြောလိုက်သည်။
လူရိပ်က မျက်လုံးမဖွင့်ပေ။
"သေစမ်း" နဉ်ရှောင်ယောင်း ဒေါသထွက်လာသည်။
တာ့ဟွမ်သည် လူရိပ်၏နှာခေါင်းကို ကိုက်လိုက်သည်။
လူရိပ်သည် ဟန်ဆောင်မနေနိုင်တော့ဘဲ အော်ဟစ်ကာ မျက်လုံးဖွင့်လာသည်။
နဉ်ရှောင်ယောင်းနှင့် တာ့ဟွမ်တို့သည် လူရိပ်၏ ဘယ်ညာတစ်ဖက်စီတွင် ထိုင်လိုက်ကြသည်။ "မင်းက မြောက်ပိုင်းသူလျှိုလား"
လူရိပ် ပါးစပ်ပိတ်ထားသည်။
"ငါက မင်းတို့ခေါင်းဆောင် မိုဒူးဆီ မလာရသေးဘူး။ မင်းတို့က ငါ့ကို လာသတ်ချင်နေတာလား" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မင်းတို့ မြောက်ပိုင်းသားတွေက ငါ့ကို အနိုင်ကျင့်လို့လွယ်မယ် ထင်နေလား"
လူရိပ် စကားမပြောပေ။
"ရှေ့က သီလရှင်ကျောင်းမှာ ရှဲ့မိသားစုရဲ့ မိန်းကလေး ၅ ရှိနေတယ်။ မင်းတို့က ဒီမှာကင်းပုန်းဝပ်ပြီး ငါ့ကို မီးရှို့သတ်ချင်နေတာပေါ့။ အမတ်ချုပ်ကြီးရှဲ့က မင်းတို့ခေါင်းဆောင်နဲ့ ပေါင်းနေပြီပဲ။ မင်းတို့ မိုဒူးကလည်း ဦးနှောက်မရှိဘူး။ အမတ်ချုပ်ကြီးရှဲ့လိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့ရလား။ ဦးနှောက်မရှိတဲ့ကောင်"
လူရိပ် ဘာမှပြန်မပြောပေ။ ပြောချင်စိတ်မရှိတာထက် နဉ်ရှောင်ယောင်းက သူတို့ခေါင်းဆောင်ကို ဆဲနေမှန်းသိပေမယ့် ဘာတွေဆဲနေမှန်း နားမလည်လို့ ဘယ်လိုပြန်ဆဲရမှန်း မသိဖြစ်နေခြင်း ဖြစ်သည်။ ဦးနှောက်မရှိဘူးဆိုတာ ဘာလဲ။
တာ့ဟွမ် နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "အခု ဘယ်လိုလုပ်မလဲ။ မြောက်ပိုင်းသားတွေက ဝင်တိုက်နေပြီလား"
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဲ့လောက်တော့ မဟုတ်လောက်ပါဘူး။ ဝူရွှမ်းမြို့ ကျသွားပြီလို့ မကြားမိပါဘူး"
တာ့ဟွမ် ပြောလိုက်သည်။ "ရှောင်ယောင်း... ငါ ကြားဖူးတာတော့ မြက်ခင်းပြင်ပေါ်က ခွေးရိုင်းတွေက အရမ်းကြမ်းတယ်တဲ့"
နဉ်ရှောင်ယောင်း နှုတ်ခမ်းတွန့်သွားသည်။ မိုဒူးက စစ်တပ်ခေါ်လာရုံမကဘူး ခွေးရိုင်းတပ်ပါ ခေါ်လာတာလား။
တာ့ဟွမ်သည် လူရိပ်ကို ဟောင်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ငါ ပြန်ပြီး ပြင်ဆင်ရဦးမယ်"
"ဘာ" နဉ်ရှောင်ယောင်း စိတ်ဝင်စားသွားသည်။ "ဘာတွေ ပြင်ဆင်မလို့လဲ"
တာ့ဟွမ်က အမြော်အမြင်ရှိစွာ ပြောလိုက်သည်။ "ရှောင်ယောင်း... နင် သတိထားနော်။ ငါ အဲ့ဒီတောသားတွေရဲ့ အနံ့ကို ရနေတယ်။ မြောက်ပိုင်းသားတွေ ရောက်လာပြီ ဖြစ်မယ်။ ငါ ပြန်သွားပြီး ညီနောင်တွေကို စုစည်းရမယ်။ ခွေးပေါက်စတွေကို ဝှက်ထားရမယ်။ ငါတို့နယ်မြေကို ကာကွယ်ဖို့ ပြင်ဆင်ရမယ်"
တာ့ဟွမ်သည် ပြောပြီးသည်နှင့် လူရိပ်ကို မာန်ဖီပြလိုက်ပြီး လှည့်ပြေးသွားလေသည်။ တကယ်ပဲ စစ်ပြင်ဖို့ ပြန်သွားသည့်ပုံပင်။
နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ မြောက်ပိုင်းသားတွေ တကယ်ပဲ မြို့တော်အထိ ရောက်လာပြီလား။ မဖြစ်နိုင်ပါဘူး။ ရက်တွက်ကြည့်ရင် စစ်သေနာပတိချုပ်တောင် အန်းယွမ်ကို ပြန်မရောက်သေးဘူးလေ။ စစ်သေနာပတိချုပ် လမ်းမှာရှိနေတုန်း ဝူရွှမ်းမြို့က မြောက်ပိုင်းသားတွေလက်ထဲ ကျသွားပြီလား။
လူရိပ်လည်း စကားမပြောပေ။ နဉ်ရှောင်ယောင်း ခွေးတစ်ကောင်နဲ့ စကားပြောနေတာကို နားထောင်ရင်း ယုံနင်ဧကရာဇ်က အရူးတစ်ယောက်ဖြစ်မယ်လို့ သံသယဝင်လာသည်။
"ပြောစမ်း" နဉ်ရှောင်ယောင်း လူရိပ်ကို မျက်နှာသေဖြင့် ကြည့်ပြီး မေးလိုက်သည်။ "မင်းတို့ မြောက်ပိုင်းသားတွေ ဘာလုပ်ချင်နေတာလဲ"
ဒီလိုကိစ္စမျိုးကို ယုံနင်ဧကရာဇ်ကို ဘယ်လိုလုပ် ပြောပြမှာလဲ။
"အခုပြောရင် အသားမနာဘူး" နဉ်ရှောင်ယောင်း မျက်လုံးပြူးပြလိုက်သည်။ "မပြောရင်တော့ အသေရိုက်ခံရဖို့ ပြင်ထား"
လူရိပ် ပါးစပ်ဟလိုက်သည်။
ပါးစပ်ဟတာ မြင်တော့ ပါးစပ်ထဲ အဆိပ်ဝှက်ထားတာ၊ လျှာကိုက်သတ်သေတာတွေကို သတိရသွားပြီး နဉ်ရှောင်ယောင်းသည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားကာ လူရိပ်၏ မေးရိုးကို ဖြုတ်ချလိုက်သည်။ "သေချင်ဦးလေ... ဟွန့်"
လူရိပ်: "..." သူ သေချင်တာ မဟုတ်ပါဘူး။
ထိုအချိန်တွင် ယင်းယွီသည် နဂါးအစောင့်တပ်ဖွဲ့နှင့်အတူ ရောက်လာသည်။ နဉ်ရှောင်ယောင်း ဘာမှမဖြစ်သည်ကို မြင်မှ စိတ်အေးသွားကြသည်။ မြေကြီးထဲ မြှုပ်နေသော လူရိပ်ကို ကြည့်ပြီး အချိန်တိုအတွင်း လူကို ဘယ်လိုလုပ် မြှုပ်လိုက်လဲဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။
"မြောက်ပိုင်းသား" နဉ်ရှောင်ယောင်း လူရိပ်ကို လက်ညှိုးထိုးပြလိုက်သည်။
ယင်းယွီ ပြောလိုက်သည်။ "အရှင်မင်းကြီး... အရှေ့က လုပ်ကြံသတ်ဖြတ်သူ ၅ ယောက်လုံးက မြောက်ပိုင်းသားတွေပါ"
"မြောက်ပိုင်းသား ၆ ယောက်" နဉ်ရှောင်ယောင်း မေးစေ့ပွတ်လိုက်သည်။ "ကိုယ့်လူတွေက သုံးမရတော့ အမတ်ချုပ်ကြီးက မြောက်ပိုင်းသားတွေကို သုံးနေပြီ"
ယင်းယွီသည် လူရိပ်ကို ကန်ချင်သော်လည်း လူရိပ်က မြေကြီးထဲမြှုပ်နေပြီး ခေါင်းပဲပေါ်နေတော့ ကန်စရာနေရာမရှိ ဖြစ်နေသည်။ ခြေထောက်ပြန်ရုတ်လိုက်ပြီး အော်မေးလိုက်သည်။ "ရှဲ့ဝမ်ယွမ် ဘယ်မှာလဲ"
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သူ စကားမပြောနိုင်ဘူး။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာစိုးလို့ ငါ မေးရိုးဖြုတ်ထားလိုက်တာ။ ရှင်းစစ်ဆေးရေးဌာနကို ပို့လိုက်။ ဒုသခင်လေးဖေ့ကို စစ်ဆေးခိုင်းလိုက်။ ရက်စက်တဲ့နေရာမှာ ဒုသခင်လေးဖေ့ကို ဘယ်သူယှဉ်နိုင်မှာလဲ"
ယင်းယွီနှင့် နဂါးအစောင့်တပ်သားများ: "..." အရှင်မင်းကြီးက ဖေ့ယင်ကို ချီးကျူးနေတာလား။
နဂါးအစောင့်တပ်သားအချို့သည် လူရိပ်ကို တူးဖော်ပြီး ကြိုးတုပ်လိုက်ကြသည်။ ပြီးမှ တောအုပ်ထဲက ပြန်ထွက်လာကြသည်။
....
နဉ်ရှောင်ယောင်း နံရံပစ်ပေါက်တာ၊ နဂါးအစောင့်တွေ အော်ဟစ်ပြီး လူဖမ်းတာတွေက ဆူညံလွန်းတော့ သီလရှင်ကျောင်းထဲကလူတွေ မကြားဘဲ မနေနိုင်ပေ။ နဉ်ရှောင်ယောင်းတို့ တောအုပ်ထဲက ထွက်လာချိန်မှာ ဆရာလေးကျင်းဝမ်နဲ့ တပည့်မလေးတွေက ကြောက်လန့်တကြား တံခါးဝမှာ စောင့်နေကြသည်။
နဉ်ရှောင်ယောင်း တံခါးဝကလူတွေကို ကြည့်ပြီး ယင်းယွီကို မေးလိုက်သည်။ "ငါ သာ့ဖုန်းကို မတွေ့ပါလား"
ယင်းယွီ၏မျက်နှာ ဖြူဖျော့သွားသည်။ အပြင်မှာ ဒီလောက်ဆူညံနေတာတောင် အစ်ကိုကြီး ထွက်မလာဘူးဆိုတော့ သီလရှင်ကျောင်းထဲမှာ မြောက်ပိုင်းသားတွေလက်ချက်နဲ့ ဒုက္ခရောက်နေပြီလား။
နဉ်ရှောင်ယောင်းလည်း ယင်းယွီလိုပဲ တွေးမိလိုက်သည်။ နှစ်ယောက်သား သီလရှင်ကျောင်းထဲ ပြေးဝင်သွားကြသည်။
ဆရာလေးကျင်းဝမ်သည် အရိပ်နှစ်ခု မျက်စိရှေ့မှ ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသော်လည်း ဘယ်သူဘယ်ဝါမှန်း မသဲကွဲလိုက်ပေ။ လက်နက်ကိုယ်စီကိုင်ထားသော နဂါးအစောင့်တပ်သားများကို ကြည့်ပြီး ဘာမှမမေးရဲတော့ပေ။
"သာ့ဖုန်း" နဉ်ရှောင်ယောင်း အော်ခေါ်လိုက်သည်။
သီလရှင်ကျောင်းထဲတွင် တိတ်ဆိတ်နေသည်။ တောထဲမှ လေတိုးသံကိုပင် ကြားနေရသည်။
"အစ်ကိုကြီး" ယင်းယွီလည်း အော်ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း နားစွင့်ကြည့်လိုက်သည်။ အသက်ရှူသံ၊ နှလုံးခုန်သံအရ သီလရှင်ကျောင်းထဲမှာ လူဆယ်ယောက်လောက် ရှိနေသေးသည်။ ဒါပေမဲ့ ဘယ်သူက ယင်းဖုန်းလဲ။
ခေါင်းပေါ်မှ ဆီးသီးပင် အကိုင်းအခက်များသည် လေတိုက်သဖြင့် လှုပ်ခါနေပြီး မြေပြင်ပေါ်ကျနေသော အရိပ်များလည်း လှုပ်ရှားနေသည်။ နဉ်ရှောင်ယောင်း စိတ်ထဲ ထင့်သွားသည်။ ပြဿနာတက်ပြီ။
သီလရှင်ကျောင်းက မကြီးပါဘူး။ ရှေ့နောက် အခန်းလေးခန်းပဲ ရှိတာ။ ယင်းယွီ နှစ်မိနစ်လောက်နဲ့ အခန်းအားလုံးကို ရှာဖွေပြီး နဉ်ရှောင်ယောင်းဆီ ပြေးလာသည်။ "အစ်ကိုကြီးကို မတွေ့ဘူး"
"မိန်းကလေး ၅ရော" နဉ်ရှောင်ယောင်း မေးလိုက်သည်။
ယင်းယွီသည် နဉ်ရှောင်ယောင်းကို ဝမ်းနည်းပက်လက် ကြည့်လိုက်သည်။ အစ်ကိုကြီး ပျောက်နေတာကို အရှင်မင်းကြီးက ရှဲ့မိသားစုမိန်းကလေးကို စိတ်ပူနေတုန်းလား။
"မဟုတ်ဘူးလေ" နဉ်ရှောင်ယောင်း စိတ်လောသွားသည်။ "သာ့ဖုန်းက မိန်းကလေး ၅နဲ့ အတူရှိနေမှာပေါ့"
ယင်းယွီ အခန်းတွေဆီ ပြန်ပြေးသွားပြန်သည်။ စောစောက အစ်ကိုကြီးကိုပဲ လိုက်ရှာနေတာ ရှဲ့သော်ယင်း ရှိမရှိ သတိမထားမိလိုက်ဘူး။
နဉ်ရှောင်ယောင်း လက်သည်းဆိတ်ရင်း သစ်ပင်ပေါ် မော့ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုပုစဉ်းရင်ခွဲ... ငါ့ရဲ့ သာ့ဖုန်းကို တွေ့မိလား"
သစ်ကိုင်းပေါ်မှ ပုစဉ်းရင်ခွဲ အားကျီတို့မိသားစု: "..." သူတို့ အော်တောင်မအော်ရသေးဘူး။ ဒီဧကရာဇ်က သူတို့ကို ဘယ်လိုလုပ် မြင်သွားတာလဲ။
"ကူညီပါဦး အစ်ကိုပုစဉ်းရင်ခွဲ" နဉ်ရှောင်ယောင်း သစ်ပင်ပေါ် တက်သွားလိုက်သည်။
သစ်ကိုင်းလှုပ်ခါသွားပြီး ရုတ်တရက်ရောက်လာသော နဉ်ရှောင်ယောင်းကြောင့် အားကျီ လန့်သေလုနီးပါး ဖြစ်သွားသည်။
နဉ်ရှောင်ယောင်း သကြားလုံးဘူးကို ထုတ်ပြလိုက်သည်။ "သကြားလုံး စားမလား"
အားကျီတို့မိသားစု တိတ်ဆိတ်သွားကြသည်။ သူတို့က သစ်ရွက်စားပြီး သစ်ရည်သောက်တဲ့ကောင်တွေလေ။ သကြားလုံး စားလို့ရပါ့မလား။
"ငါ့ရဲ့ သာ့ဖုန်းကို တွေ့လိုက်လား" နဉ်ရှောင်ယောင်း သကြားလုံးဘူးကို ရှေ့တိုးပေးလိုက်သည်။ "သူ အန္တရာယ်ကြုံနေရလား"
အားကျီ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "အရပ်ရှည်ရှည်လူနဲ့ မိန်းမချောလေး အဖမ်းခံရတာ မြင်လိုက်တယ်။ အရပ်ရှည်ရှည်လူက ဒဏ်ရာရထားတယ်။ တော်တော်ပြင်းပုံရတယ်။ မင်း အမြန်သွားမကယ်ရင် သူ သေချာပေါက် သေလိမ့်မယ်"
နဉ်ရှောင်ယောင်း နားထင်ကို နှိပ်လိုက်ပြီး ပြောသည်။ "အစ်ကိုပုစဉ်းရင်ခွဲ..."
"ငါ့နာမည်က အားကျီ"
"အစ်ကိုကြီးအားကျီ" နဉ်ရှောင်ယောင်း နာမည်ပြောင်းခေါ်လိုက်သည်။ "သူတို့ ဘယ်ဘက်ကို ထွက်သွားကြတာလဲ"
အားကျီ ဖြေလိုက်သည်။ "မြောက်ဘက်ကို သွားကြတာ မြင်လိုက်တယ်"
"မြောက်ပိုင်းသားတွေလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"မသိဘူးလေ။ မင်းတို့လူသားတွေက ရုပ်ချင်းဆင်တူနေတာပဲ" အားကျီက အာရုံခံမျှင်များကို လှုပ်ရှားပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အထီးတွေပဲ"
"ကျေးဇူးပါ အစ်ကိုကြီးအားကျီ။ သကြားလုံး ယူထားလိုက်။ နောက်ဆိုရင် နန်းတော်ကိုလာပြီး ငါ့ကို ရှာလို့ရတယ်။ ငါ့နာမည်က နဉ်ရှောင်ယောင်း" နဉ်ရှောင်ယောင်း တရစပ် ပြောပြီး သစ်ပင်ပေါ်မှ ခုန်ချကာ မြောက်ဘက်သို့ ပြေးထွက်သွားလေသည်။
"မင်းနာမည်က ရှောင်ယောင်းဆိုတာ ငါ သိပါတယ်" အားကျီ သစ်ပင်ပေါ်မှ လှမ်းအော်ပြောလိုက်သည်။
ယင်းယွီ ဆီးသီးပင်အောက်သို့ ပြေးလာသည်။ ပုစဉ်းရင်ခွဲအော်သံသာ ကြားရပြီး နဉ်ရှောင်ယောင်းကို မတွေ့သဖြင့် အသံကုန်ဟစ် အော်ခေါ်လိုက်သည်။ "အရှင်မင်းကြီး"
"မြောက်ဘက်" နဉ်ရှောင်ယောင်း ပြန်အော်ပြောလိုက်သည်။ "သာ့ဖုန်း အဖမ်းခံရပြီ။ ယင်းယွီ... စစ်ကူသွားခေါ်"
ယင်းယွီ အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူ ပြောသားပဲ... ရှဲ့သော်ယင်းဆိုတဲ့ မိန်းမက ဘေးအန္တရာယ်ပဲလို့။ အစ်ကိုကြီးတော့ ဒီမိန်းမလက်ချက်နဲ့ သေရတော့မယ်။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၆ ။ ဒါ အချစ်မဟုတ်ရင် ဘာလဲ
တောအုပ်သည် မမြင့်သော်လည်း ကျယ်ဝန်းပြီး သစ်ပင်များ ထူထပ်သည်။ နဉ်ရှောင်ယောင်း တောထဲပြေးဝင်သွားသောအခါ လူကောင်သေးသဖြင့် တောအုပ်ကြီးက သူမကို ဝါးမျိုလိုက်သကဲ့သို့ ပျောက်ချင်းမလှ ပျောက်သွားလေသည်။ အနောက်မှ လိုက်ပါလာသော ယင်းယွီနှင့် နဂါးအစောင့်တပ်သားများသည် အသံကုန်အော်ဟစ်၍ မခေါ်လျှင် သူမ ဘယ်ရောက်သွားမှန်း သိနိုင်မည် မဟုတ်ပေ။ နဂါးအစောင့်တပ်သားများအားလုံး အရပ်ရှည်ကြသော်လည်း တောထဲတွင်ရပ်ပြီး လှမ်းကြည့်လျှင် သစ်ပင်များကိုသာ မြင်ရပြီး လူရိပ်မပြောနှင့် တိရစ္ဆာန်ရိပ်ပင် မမြင်ရပေ။
တောအုပ်သည် တိတ်ဆိတ်ငြိမ်သက်နေသဖြင့် နဉ်ရှောင်ယောင်းနှင့် ယင်းယွီတို့ အော်ခေါ်သံများသည် ပဲ့တင်ထပ်ပြီး အဝေးကြီးအထိ ပျံ့လွင့်သွားသည်။ ယင်းဖုန်းကို ဖမ်းဆီးခေါ်ဆောင်သွားသော မြောက်ပိုင်းသားများသည်လည်း သူတို့အော်ခေါ်သံများကို သဲ့သဲ့ကြားနေရသည်။
ငါးကြိမ်မြောက် အော်ခေါ်သံကို ကြားပြီးနောက် ရှဲ့သော်ယင်းသည် မြောက်ပိုင်းသားများကို အော်ပြောလိုက်သည်။ "ငါတို့ ယုံနင်အစိုးရတပ်တွေ ရောက်လာပြီ။ နင်တို့ တစ်ယောက်မှ မလွတ်စေရဘူး"
"ဒီမိန်းမ ပါးစပ်ပိတ်ထားလိုက်" မုတ်ဆိတ်မွေးများနှင့် ခေါင်းဆောင်ဖြစ်သူက စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။
ရှဲ့သော်ယင်းကို ထမ်းထားသော လူကောင်ကြီးသည် သူမကို အောက်ချလိုက်ပြီး ပါးစပ်ပိတ်ရန် အဝတ်စတစ်ခု ယူလိုက်သည်။
ရှဲ့သော်ယင်း ရူးသွပ်သွားသကဲ့သို့ လက်သည်းဖြင့် ထိုလူကောင်ကြီး၏ မျက်နှာကို ကုတ်ဖဲ့လိုက်သည်။ လမ်းတစ်လျှောက်လုံး သိုးငယ်လေးတစ်ကောင်လို ငြိမ်ကုပ်နေသော အမျိုးသမီးက ယခုမှ ထဖောက်လိမ့်မည်ဟု ထိုလူကောင်ကြီး ထင်မထားခဲ့ပေ။ သတိမထားမိလိုက်ချိန်တွင် မျက်နှာပေါ်၌ လက်သည်းရာ ၅ ချက်လောက် ထင်ကျန်ရစ်ခဲ့သည်။
"ခွေးမ"
ဒေါသထွက်သွားသော လူကောင်ကြီးသည် ရှဲ့သော်ယင်း၏ ပါးကို ရိုက်ချလိုက်သည်။
"အရှင်မင်းကြီး" ရှဲ့သော်ယင်းသည် ပါးရိုက်ခံလိုက်ရသော်လည်း မငြိမ်သက်ဘဲ မြေကြီးပေါ် လဲကျလျက် အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး... မြန်မြန်လာပါ။ ယင်းဖုန်း ဒီမှာရှိတယ်"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်း ဘယ်ရောက်နေမှန်း တောထဲမှ တိရစ္ဆာန်လေးများကို မေးရန် စဉ်းစားနေစဉ် ရှဲ့သော်ယင်း၏ အော်သံကို ကြားလိုက်ရသဖြင့် အသံလာရာသို့ ချက်ချင်း ပြေးသွားလေသည်။
"နင်က အော်ချင်သေးတယ်ပေါ့" လူကောင်ကြီးသည် ရှဲ့သော်ယင်းကို မြေကြီးပေါ် လှိမ့်သွားသည်အထိ ကန်ကျောက်လိုက်သည်။
"အရှင်မင်းကြီး" ရှဲ့သော်ယင်း ဆက်အော်နေသည်။ လာတာက နဉ်ယွီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီဘက်က အသံကို ဟိုဘက်က ကြားရသလို ဟိုဘက်က အသံကိုလည်း ဒီဘက်က ကြားရမှာပဲ။ ဒါက ယင်းဖုန်း အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒါကြောင့် လူကောင်ကြီးက နံရိုးကျိုးတဲ့အထိ ကန်ကျောက်နေတာတောင် ရှဲ့သော်ယင်း အော်နေတုန်းပင်။
ယင်းဖုန်းသည် သတိမေ့နေပြီး မြောက်ပိုင်းသားနှစ်ယောက်က ထမ်းထားသည်။ ဒီမြောက်ပိုင်းသားတွေမှာ သူတို့အစီအစဉ်နဲ့သူတို့ ရှိသည်။ နဉ်ယွီကို မီးရှို့သတ်လို့ရရင် အကောင်းဆုံးပေါ့။ မသတ်နိုင်ရင်တောင် နဉ်ယွီရဲ့ နဂါးအစောင့်တပ်မှူးကိုဖမ်းပြီး မြောက်ပိုင်းနန်းတော်ကို ခေါ်သွားနိုင်ရင် သူတို့အတွက် အကျိုးရှိဦးမည်။
"နင်တို့ကောင်တွေ သေချင်းဆိုးနဲ့ သေပါစေ" ရှဲ့သော်ယင်း ဆဲတတ်တာ ဒီတစ်ခွန်းပဲ ရှိသည်။ အရိုက်ခံနေရပေမယ့် ပါးစပ်က အရှင်မင်းကြီးကို အော်ခေါ်လိုက်၊ ဒီတစ်ခွန်းတည်းကိုပဲ ထပ်ခါထပ်ခါ ဆဲလိုက် လုပ်နေသည်။
"ဒီမိန်းမလေး တစ်ယောက်တည်းကိုတောင် မနိုင်ဘူးလား" မုတ်ဆိတ်မွေးနှင့် ခေါင်းဆောင်က စိတ်မရှည်တော့ပေ။
လူကောင်ကြီးက အားလျော့ပေးထားတာ မဟုတ်ပါဘူး။ ဒီမိန်းမလေးက ဒီလောက်ထိ အခံနိုင်ရည်ရှိလိမ့်မယ်လို့ ထင်မထားခဲ့တာ။
"သတ်ပစ်လိုက်ပါ" မြောက်ပိုင်းသားတစ်ဦး အကြံပြုလိုက်သည်။
"အရှင်မင်းကြီး... မြန်မြန်လာပါ... အရှင်မင်းကြီး" ရှဲ့သော်ယင်းက ယင်းဖုန်းကိုပဲ စိတ်ပူပြီး အော်ဟစ်နေဆဲ။
ခေါင်းဆောင်၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။ အမိန့်ရထားတာက ရှဲ့မိသားစုသမီးကို အရှင်ထားရမယ်လို့ မပါဘူး။ ဒီမိန်းမ ချောလို့သာ မဟုတ်ရင် စောစောကတည်းက သီလရှင်ကျောင်းမှာ သတ်ပစ်ခဲ့ပြီးပြီ။ "သတ်လိုက်တော့" ခေါင်းဆောင် အမိန့်ပေးလိုက်သည်။
လူကောင်ကြီး ဓားဆွဲထုတ်လိုက်သည်။
ရှဲ့သော်ယင်း သေရတော့မည်ကို သိလိုက်သည်။ ယင်းဖုန်းရှိရာဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မုတ်ဆိတ်မွေးနှင့် ခေါင်းဆောင်ကို ဆဲရေးလိုက်ပြန်သည်။ "နင် သေချာပေါက် သေချင်းဆိုးနဲ့ သေရမှာ"
"သတ်စမ်း" ခေါင်းဆောင် ဒေါသထွက်သွားသည်။ ဒီမိန်းမ သေချင်နေမှတော့ ဖြည့်ဆည်းပေးလိုက်ရတာပေါ့။
လူကောင်ကြီး ဓားကို မြှောက်လိုက်သည်။
"သတ်ရဲရင် သတ်ကြည့်လိုက်လေ" နဉ်ရှောင်ယောင်း ရောက်လာပြီး ခါးထောက်ကာ အမောဖြေရင်း ပြောလိုက်သည်။
မြောက်ပိုင်းသားများသည် ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး လှည့်ကြည့်လိုက်ကြသည်။
နဉ်ရှောင်ယောင်း နဖူးမှချွေးများကို သုတ်လိုက်သည်။ ဘဝတစ်လျှောက်လုံး ဖုတ်ကောင်တွေ လိုက်တုန်းကတောင် ဒီလောက် မြန်မြန် မပြေးခဲ့ဖူးဘူး။
ခေါင်းဆောင်သည် နဉ်ရှောင်ယောင်းကို အကဲခတ်ကြည့်ပြီး ယုံနင်စကားသံဝဲဝဲဖြင့် မေးလိုက်သည်။ "မင်းက ယုံနင်ဧကရာဇ်လား"
"ဘာထင်လို့လဲ" နဉ်ရှောင်ယောင်းသည် သူမရှေ့မှ လူကောင်ကြီးကို မျက်စောင်းထိုးလိုက်သည်။ ဒီလောက်ထူထဲတဲ့ မုတ်ဆိတ်မွေးကြီး ဘယ်လိုလုပ် ပေါက်လာတာလဲ။
"မင်း..." ခေါင်းဆောင် ကြောင်သွားသည်။ ဒါ ဘာစကားလဲ။ ဧကရာဇ် ဟုတ်မဟုတ်ဆိုတာ သူက ဆုံးဖြတ်လို့ရလို့လား။
"လူလွှတ်ပေးလိုက်" နဉ်ရှောင်ယောင်း မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ "ငါ တစ်ကနေ သုံးအထိ ရေတွက်မယ်။ မလွှတ်ရင် မင်းတို့ တာဝန်ပဲ"
မြောက်ပိုင်းသားများ နဉ်ရှောင်ယောင်းကို လှောင်ပြောင်သလို ကြည့်လိုက်ကြသည်။ ဒီလောက် ပိန်ပိန်ညောင်ညောင် ကောင်လေးက သူတို့ကို ယှဉ်နိုင်မယ် ထင်နေတာလား။
"တစ်" နဉ်ရှောင်ယောင်း ရေတွက်လိုက်သည်။
ခေါင်းဆောင် ရယ်မောလိုက်သည်။ "ကလေး... အိမ်ပြန်ပြီး နို့သွားစို့လိုက်ဦး။ လူကောင်ထွားလာမှ ပြန်လာခဲ့"
မြောက်ပိုင်းသားများ အားလုံး ဝိုင်းရယ်ကြသည်။ လူမျိုးကွာခြားမှုကြောင့် မြောက်ပိုင်းသားတွေက ဒီလောက်ပိန်ညောင်ညောင် မရှိကြဘူးလေ။
"နှစ်... သုံး" နဉ်ရှောင်ယောင်း အမြန်ရေတွက်လိုက်ပြီး ရှေ့တိုးကာ လက်ထဲမှ အုတ်ခဲဖြင့် ရိုက်ချလိုက်သည်။
မြောက်ပိုင်းသားများ ရယ်လို့မဆုံးခင်မှာပင် မျက်နှာပေါ်သို့ လေတိုးသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံတစ်သံ ကြားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ သူတို့ခေါင်းဆောင် မျက်နှာတစ်ခုလုံး သွေးများဖုံးလျက် လဲကျနေသည်ကို တွေ့လိုက်ရသည်။
နဉ်ရှောင်ယောင်း ဘာမှမပြောဘဲ အုတ်ခဲဖြင့် ဆက်တိုက် ရိုက်နှက်လေသည်။ ရန်ဖြစ်တဲ့အချိန်မှာ အာရုံစိုက်ရမယ်။ ရန်သူတွေအကုန်လုံး လဲကျသွားမှ အကြောင်းအကျိုးပြောရမယ်။ ရန်သူ မလဲခင် စကားများနေတဲ့ကောင်က အရူးပဲ။
မြောက်ပိုင်းသားများ၏ တုံ့ပြန်မှုက မနှေးကွေးလှပေ။ နဉ်ရှောင်ယောင်း သုံးယောက်မြောက်လူကို ရိုက်လှဲပြီးချိန်တွင် ကျန်လူများ ပြန်လည်တိုက်ခိုက်လာကြသည်။ သို့သော် အားသန်တဲ့ကောင်က နဉ်ရှောင်ယောင်းလောက် မမြန်သလို မြန်တဲ့ကောင်ကလည်း နဉ်ရှောင်ယောင်းလောက် အားမသန်ပေ။ ထို့ကြောင့် သေလုမြောပါး ပြန်လည်ခုခံကြသော်လည်း မြောက်ပိုင်းသား ၉ ယောက်လုံး နဉ်ရှောင်ယောင်း၏ အုတ်ခဲစာ မိသွားကြလေသည်။
နဉ်ရှောင်ယောင်း ချွေးသုတ်လိုက်သည်။ ဖုတ်ကောင်တွေကို ခုတ်တာပဲဖြစ်ဖြစ်၊ အုတ်ခဲနဲ့ လူရိုက်တာပဲဖြစ်ဖြစ်... အားကုန်တာချင်းက အတူတူပါပဲ။
"မင်း..." ခေါင်းဆောင်သည် နဉ်ရှောင်ယောင်းကို လက်ညှိုးထိုးပြီး စကားပြောရန် ပြင်လိုက်သည်။
နဉ်ရှောင်ယောင်း လက်မြန်သည်။ အုတ်ခဲဖြင့် ခေါင်းဆောင်၏ မျက်နှာကို ထပ်ရိုက်လိုက်ရာ သတိပြန်ရခါစ ခေါင်းဆောင် ပြန်မေ့သွားလေသည်။ သိုင်းပညာ ဘယ်လောက်တော်တော်... တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ တခြားကမ္ဘာကလူနဲ့ တွေ့တော့ ဘာမှမတတ်နိုင်တော့ဘူးလေ။
မြေကြီးပေါ်တွင် လဲနေသော မြောက်ပိုင်းသားများကို ကြည့်ပြီး နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မိန်းကလေး ၅... မင်းအသံက သီချင်းမဆိုရင် နှမြောစရာ..."
"အရှင်မင်းကြီး" ရှဲ့သော်ယင်း အော်ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း အသံလာရာသို့ ကြည့်လိုက်ရာ လက်ထဲမှ အုတ်ခဲ ပြုတ်ကျသွားသည်။ ယင်းဖုန်း ဘာလို့ မလှုပ်မယှက် ဖြစ်နေတာလဲ။
"အရှင်မင်းကြီး... ယင်းဖုန်းကို ကယ်ပါဦး" ရှဲ့သော်ယင်း ငိုယိုအော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် မျက်စိတစ်မှိတ်အတွင်း ယင်းဖုန်းအနားသို့ ရောက်သွားသည်။ ယင်းဖုန်း၏ ရင်ဘတ်ပေါ်တွင် သွေးကွက်ကြီးကို တွေ့လိုက်ရသဖြင့် ဒူးထောက်ထိုင်ချပြီး ယင်းဖုန်း၏ ရင်ဘတ်ပေါ် လက်တင်လိုက်သည်။
"အရှင်မင်းကြီး... ယင်းဖုန်း ဘယ်လိုနေလဲ" ရှဲ့သော်ယင်း မေးလိုက်သည်။
"မင်း..." နဉ်ရှောင်ယောင်း ရှဲ့သော်ယင်းကို မော့ကြည့်လိုက်ပြီး အာမေဋိတ်သံ ထွက်သွားသည်။ "မင်းမျက်နှာ ဘာဖြစ်သွားတာလဲ"
ရှဲ့သော်ယင်း၏ မျက်နှာတစ်ဖက် ရောင်ရမ်းနေသည်။ ပိုဆိုးတာက နှုတ်ခမ်းများ မည်းနက်နေသည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး" ရှဲ့သော်ယင်း ခေါင်းခါလိုက်သည်။ "ယင်းဖုန်း ဘယ်လိုနေလဲ"
နဉ်ရှောင်ယောင်း ရှဲ့သော်ယင်း၏ နှုတ်ခမ်းကို စိုက်ကြည့်နေမိသည်။ ယင်းဖုန်း အဆိပ်သင့်နေပေမယ့် အဆိပ်က သွေးကြောထဲ မရောက်သေးဘူး။ ကြွက်သားတွေကိုပဲ ထုံကျင်စေတာ။ ရှဲ့သော်ယင်း နှုတ်ခမ်းတွေ မည်းနက်နေတာက ယင်းဖုန်းဆီက အဆိပ်တွေကို စုပ်ထုတ်ပေးလိုက်လို့လား။ နဉ်ရှောင်ယောင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သွေးတစ်ကွက်ကို မြေကြီးပေါ်တွင် တွေ့လိုက်ရသည်။
"အရှင်မင်းကြီး... ယင်းဖုန်း ဘယ်လိုနေလဲ" ရှဲ့သော်ယင်း ဒါကိုပဲ သိချင်နေသည်။ ကျန်တာ ဘာမှစိတ်မဝင်စားပေ။
နဉ်ရှောင်ယောင်း ယင်းဖုန်းရင်ဘတ်ပေါ်မှ လက်ကို ဖယ်လိုက်သည်။ ရှဲ့သော်ယင်းရဲ့ ရောင်ရမ်းနေတဲ့ မျက်နှာနဲ့ မည်းနက်နေတဲ့ နှုတ်ခမ်းတွေကို ကုပေးချင်ပေမယ့် ပြန်စဉ်းစားလိုက်ပြီး လက်ပြန်ရုတ်သိမ်းလိုက်သည်။ ရှဲ့သော်ယင်းကို ပြောလိုက်သည်။ "မင်း အဆိပ်သောက်ပြီး သတ်သေတယ်ဆို။ သီလရှင်ကျောင်းထဲကလူတွေ ဘာမှမဖြစ်ဘူး။ ဒါဆို မင်းက မြောက်ပိုင်းသားတွေ ဖမ်းခေါ်လာတာ မဟုတ်ဘဲ မြောက်ပိုင်းသားတွေနဲ့ပေါင်းပြီး ယင်းဖုန်းကို သီလရှင်ကျောင်းထဲ လှည့်ခေါ်လိုက်တာပေါ့"
ရှဲ့သော်ယင်းသည် နဂိုကတည်းက ဒူးထောက်ထားရာမှ နဉ်ရှောင်ယောင်း၏စကားကို ကြားသောအခါ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဘုရားရေ... ငါ အမှန်တိုင်း ပြောလိုက်မိပြီ" ဒီနှစ်ယောက်ကို ဘယ်လိုပြောရမလဲ။ ယင်းဖုန်းက ရှဲ့သော်ယင်းကို အသုံးချချင်တယ်။ ရှဲ့သော်ယင်းက ပိုဆိုးတယ်။ မြောက်ပိုင်းသားတွေနဲ့ ပေါင်းပြီး ယင်းဖုန်းကို သတ်ချင်နေတာ။
"မြောက်ပိုင်းသားတွေက ပြောတယ်။ ကျွန်မ မသေချင်ရင် သူတို့စကား နားထောင်တဲ့။ ကျွန်မအဘိုးပြန်လာရင် ကျွန်မက ရှဲ့မိသားစုရဲ့ အမြင့်မြတ်ဆုံး သခင်မလေး ဖြစ်လာမယ်တဲ့" ရှဲ့သော်ယင်းသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး တိုးတိုးလေး ပြောပြသည်။
"ဒါကြောင့် မင်းက ယင်းဖုန်းကို သတ်ချင်တာလား" နဉ်ရှောင်ယောင်းသည် ယင်းဖုန်း မျက်ခွံလှုပ်နေသည်ကို မြင်လိုက်ရသဖြင့် သတိရလာမှန်း သိလိုက်သည်။ ယင်းဖုန်း မျက်လုံးမဖွင့်နိုင်အောင် နဉ်ရှောင်ယောင်း လက်ဖြင့် အုပ်ထားလိုက်သည်။
"ကျွန်မ မသေချင်ဘူး" ရှဲ့သော်ယင်း ပြောလိုက်သည်။
"မင်းက ရှဲ့မိသားစုရဲ့ အမြင့်မြတ်ဆုံး သခင်မလေး ဖြစ်ချင်သေးတာလား"
"ရှဲ့မိသားစုက ကျွန်မနဲ့ မဆိုင်ဘူး" ရှဲ့သော်ယင်း ခေါင်းခါလိုက်သည်။ "ကျွန်မ မသေချင်ရုံ သက်သက်ပါ။ ကျွန်မက ဘာလို့ သေရမှာလဲ။ အရှင်မင်းကြီး ပြောကြည့်... ကျွန်မက ဘာလို့ သေရမှာလဲ"
"ဒါဆို စောစောက ဘာလို့ မြောက်ပိုင်းသားတွေနဲ့ အသေခံ တိုက်ခိုက်နေရတာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။ "ငါ မရောက်လာရင် မင်း သေချာပေါက် သေမှာ။ ငါ အချိန်မီ ရောက်လာမယ်လို့ ယုံကြည်နေတာလား"
"ကျွန်မ ယင်းဖုန်းကို မသေစေချင်ဘူး" ရှဲ့သော်ယင်း၏ မျက်ရည်များ မြေကြီးပေါ် ကျဆင်းလာသည်။
"ဒါဆို ဘာလို့ သူ့ကို ဒုက္ခပေးသေးလဲ" နဉ်ရှောင်ယောင်း အော်မေးလိုက်သည်။ စကားတွေက ရှေ့နောက်မညီဘူး။ ဒီမိန်းမ ငါ့ကို သရုပ်ဆောင်ပြနေပြန်ပြီလား။
ရှဲ့သော်ယင်း ခေါင်းခါလိုက်သည်။ "သူ သေလို့မဖြစ်ဘူးဆိုတာ ကျွန်မ သိလိုက်ရလို့ပါ။ သူ ဒီလိုဖြစ်နေတာမြင်ရတော့ ကျွန်မ စိတ်မကောင်းဘူး။ သူ သေမှာကို မလိုလားဘူး"
ဒါ ယင်းဖုန်းက အချစ်စစ်ဆိုတာ သိသွားတာလား။ နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်မလိုလူက" ရှဲ့သော်ယင်း ပြောလိုက်သည်။ "ကျွန်မ လိုချင်တာက စည်းစိမ်ချမ်းသာပဲ။ ငယ်ငယ်ကတည်းက အဘွားက ပြောတယ်။ ကျွန်မက နန်းတော်ထဲမှာ အချစ်ခံရဆုံး မိန်းမ ဖြစ်လာရမယ်တဲ့"
"အဲ..." နဉ်ရှောင်ယောင်း နှုတ်ခမ်းတွန့်သွားသည်။ "မဖြစ်နိုင်တဲ့ကိစ္စတွေကို ဆက်မပြောကြရအောင်လား"
"အိမ်မရှိတော့ဘူး။ ကျွန်မ ဘုရားရှေ့မှာ ဒူးထောက်ပြီး တွေးမိတယ်။ ကျွန်မ မသေနိုင်ဘူး။ ဒီလို ဘဝမျိုးနဲ့လည်း တစ်သက်လုံး မနေနိုင်ဘူး" ရှဲ့သော်ယင်း ပြောရင်း ရယ်မောလိုက်သည်။ "ယင်းဖုန်းက အရှင်မင်းကြီးရဲ့ လူယုံလေ။ အရှင်မင်းကြီးက ကိုယ့်လူတွေကို သဘောကောင်းတယ်။ နောက်ကျရင် အရှင်မင်းကြီးက သူ့ကို နန်းတော်ထဲက ထွက်ခွာခွင့်ပေးပြီး ရာထူးတစ်ခုခု ပေးလိမ့်မယ် မဟုတ်လား"
"ငါ့မှာ အဲ့လိုအစီအစဉ်ရှိတယ်ဆိုတာ မင်း ဘယ်လိုသိလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။ သူမက ယင်းဖုန်းကို တစ်သက်လုံး သက်တော်စောင့်လုပ်ခိုင်းမှာ မဟုတ်ဘူး။ နောက်ကျရင် စစ်တပ်ထဲ ထည့်ပေးမှာ။
"သူက ကျွန်မအတွက် အခွင့်အရေးပဲဆိုတာ ကျွန်မ သိတယ်" ရှဲ့သော်ယင်း ယင်းဖုန်းကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း: "..." ကောင်းပြီလေ။ ဒီတစ်ခါတော့ ယင်းဖုန်း အားနာစရာ မလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးကလည်း အချစ်ကို ဦးစားပေးတာမှ မဟုတ်တာ။
"ကျွန်မက မိန်းမဆိုးပါ" ရှဲ့သော်ယင်းက စောစောက ရယ်နေရာမှ အခု ပြန်ငိုနေပြန်သည်။ "ကျွန်မ... ကျွန်မ... သူ့ကို မြောက်ပိုင်းသားတွေ နှိပ်စက်တာ မကြည့်ရက်ဘူး။ သူ သေမှာကို မလိုလားဘူး"
စောစောက သူမ လာတုန်းက မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်တွေးရင်း နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "ကောင်မလေးရယ်... မင်း ကိုယ်တိုင်တောင် အသက်မရှင်နိုင်တော့ဘဲ သူ့ကို ရှင်စေချင်နေတာ။ ဒါက မင်း သူ့ကို ချစ်မိသွားတာပဲ။ ဘယ်လိုအခြေအနေရောက်ရောက် အသက်ရှင်ချင်တဲ့၊ ကံတရားကို အရှုံးမပေးချင်တဲ့လူက ယောကျာ်းတစ်ယောက်အတွက် ကိုယ့်အသက်ကို ပေးဆပ်ရဲတယ်ဆိုတာ ဒါ အချစ်မဟုတ်ရင် ဘာလဲ"
***