အခန်း (၃၅၁-၃၅၂)
Vol. 22 Ch. 351-352
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၅၁ ။ အရှင်မင်းကြီးက ပြောတယ်... ကျောက်စိမ်းတစ်ခုပါပဲတဲ့
မိုးသည်းထန်စွာ ရွာသွန်းနေချိန်၊ ကောင်းကင်နှင့် မြေကြီး အမှောင်ထု လွှမ်းမိုးနေချိန်တွင် နဉ်ရှောင်ယောင်းနှင့် ဖေ့ယင်တို့အဖွဲ့သည် ရှေ့နောက်ညှပ်၍ မြောက်ပိုင်းသားများကို အလစ်ဝင်တိုက်ကြသည်။
မြောက်ပိုင်းသားများသည် ယုံနင်ဘာသာစကား နားမလည်သဖြင့် အစပိုင်းတွင် နဉ်ရှောင်ယောင်းတို့ အော်ဟစ်နေသည်ကို နားမလည်ကြသော်လည်း အတိုက်ခံရသောအခါတွင်မူ ဒေါသထွက်လာကြသည်။ အကြောင်းပြချက်မရှိဘဲ အတိုက်ခံရတာကို သည်းမခံနိုင်ကြတော့ဘဲ လက်နက်များဆွဲထုတ်ကာ ပြန်လည်တိုက်ခိုက်ကြသည်။
သူပုန်တပ်သားများသည် နဉ်ရှောင်ယောင်းနှင့် ဖေ့ယင်တို့ အော်ဟစ်နေသည်ကို ကြားသော်လည်း မယုံကြည်ကြပေ။ ဧကရာဇ်ကို အတူတူသတ်မယ်လို့ သဘောတူထားတာလေ။ မြောက်ပိုင်းသားတွေက သူတို့စခန်းထဲဝင်လာပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ ရိက္ခာတွေ လုယူလိမ့်မယ်လို့ ထင်မထားကြပေ။ သို့သော် သူပုန်ဝတ်စုံဝတ်ထားသော ယင်းဖုန်းတို့အဖွဲ့ မြောက်ပိုင်းသားများနှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသောအခါ သူပုန်များလည်း ဝင်ရောက်ကူညီကြသည်။ ကိုယ့်လူတွေ အနိုင်ကျင့်ခံနေရတာကို ကြည့်မနေနိုင်ဘူးလေ။
"မြန်မြန်... မြန်မြန်" နဉ်ရှောင်ယောင်းသည် ခါးကိုင်းပြီး ယင်းဖုန်းကို တီးတိုးပြောလိုက်သည်။ "မတိုက်နဲ့တော့။ လူထမ်းပြီး ပြေးကြမယ်"
ယင်းဖုန်းသည် မီးတုတ်ကိုင်ထားသော မြောက်ပိုင်းသားတစ်ဦးကို သတ်လိုက်ပြီး မီးတုတ်ကို ဘေးနားရှိ စစ်တဲပေါ် ပစ်တင်လိုက်သည်။
"မိုးရွာနေတယ်။ မီးမလောင်နိုင်ဘူး" ဖေ့ယင် အော်ပြောလိုက်သည်။
"မီးရှို့ချင်သေးတာလား" နဉ်ရှောင်ယောင်း မီးတုတ်မကိုင်ထားသော မြောက်ပိုင်းသားတစ်ဦးကို ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
"သတ်လိုက်ကြ" ဒေါသထွက်နေသော သူပုန်တစ်ဦး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်။ သတ်လိုက်ကြ" လက်ထောက်စစ်သူကြီးဝမ်လည်း လိုက်အော်သည်။
နဉ်ရှောင်ယောင်း အမြန်ပြေးလိုက်သည်။ လူတိုင်း အလုပ်ရှုပ်နေချိန်တွင် သူမသည် ပတ်ဝန်းကျင်ရှိ မီးတုတ်များ၊ မီးဖိုများကို ဖျက်ဆီးပစ်လိုက်သည်။
အမှောင်ထဲတွင် ယင်းဖုန်းသည် မျက်နှာပေါ်မှ မိုးရေများကို သုတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ဆွဲကာ မေးလိုက်သည်။ "ရှန့်ဝမ်ဝမ် ဘယ်မှာလဲ သိလား"
"သိတယ်" နဉ်ရှောင်ယောင်း ယင်းဖုန်းကို ဆွဲခေါ်သွားသည်။ အမှောင်ထဲမှာတောင် သူမက ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"မြောက်ပိုင်းသားနည်းနည်း ဖမ်းသွားကြမယ်။ မြန်မြန်" ဖေ့ယင်သည် မြောက်ပိုင်းသားတစ်ဦးကို လည်ပင်းညှစ်သတ်လိုက်ပြီး ဘေးနားတွင် ဓားရမ်းနေသော လက်ထောက်စစ်သူကြီးဝမ်ကို ပုတ်လိုက်သည်။ လူတွေအကုန်သတ်လိုက်ရင် ဇာတ်လမ်းဘယ်လို ဆက်ကကြမလဲ။
ရှေ့တန်းတွင် သူပုန်များနှင့် မြောက်ပိုင်းသားများ တိုက်ခိုက်နေကြပြီး နောက်တန်းတွင် သူပုန်များက ပိတ်မိနေသူများကို ကယ်တင်နေကြသည်။ နဉ်ရှောင်ယောင်းတို့အဖွဲ့ နောက်တန်းသို့ ရောက်သောအခါ သူပုန်များက အမျိုးသမီးစစ်သည်အချို့ကို ကယ်တင်ပြီးနေကြပြီ။
ရှန့်ဝမ်ဝမ် ပိတ်မိနေသောနေရာကို တစ်ချက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်း စိတ်အေးသွားသည်။ "အဲ့ဒီမိန်းကလေး ရှိနေသေးတယ်။ သွားကြစို့" နဉ်ရှောင်ယောင်းသည် ယင်းဖုန်းနှင့် ယင်းယွီကို ပြောလိုက်သည်။
သူတို့အဖွဲ့ ရှေ့တိုးသွားပြီး ကယ်ဆယ်ရေးလုပ်နေသော သူပုန်များကို တွန်းဖယ်လိုက်ကြသည်။
"ဒီအောက်မှာ လူရှိသေးတယ်" နဉ်ရှောင်ယောင်းက လူကယ်ဖို့ ငုံ့နေပြီဖြစ်သော်လည်း ယင်းဖုန်းက ဟန်ဆောင်ပြီး အော်ပြောလိုက်သည်။ "မြန်မြန်လုပ်ကြ။ လူကယ်ကြ"
သူပုန်များ သံသယမဝင်ကြပေ။ သူပုန်တပ်ဖွဲ့ထဲတွင် လူပေါင်းစုံပါဝင်နေပြီး အချင်းချင်း မသိကြသူများလည်း ရှိကြသည်။ ဒါကြောင့် ဒီလူတွေကို ကယ်ဆယ်ရေးအဖွဲ့လို့ပဲ ထင်မှတ်လိုက်ကြသည်။
နဉ်ရှောင်ယောင်း အားသန်သည်။ စစ်တဲကို စာအုပ်လှန်သလို လှန်ပစ်လိုက်ရာ ရှန့်ဝမ်ဝမ်၏ ဦးခေါင်း ပေါ်လာသည်။
ယင်းဖုန်း လေချွန်လိုက်သည်။
နဂါးအစောင့်တပ်သားများသည် ကြိုတင်ရွေးချယ်ထားသော ပစ်မှတ်များကို တိုက်ခိုက်လိုက်ကြသည်။ သူပုန်များကို လည်ပင်းသိုင်းဖက်၊ ပါးစပ်ပိတ်ပြီး နှလုံးကို ဓားဖြင့်ထိုးကာ သတ်ပစ်လိုက်ကြသည်။
ရှေ့တန်းမှ မြောက်ပိုင်းသားများသည် သူပုန်များနှင့် တိုက်ခိုက်နေရင်း အော်ဟစ်အကူအညီတောင်းကြသည်။
ယင်းဖုန်းတို့ လူသတ်ပြီးချိန်တွင် မြောက်ပိုင်းသားအကူတပ်ဖွဲ့ မြင်းစီးပြီး ရောက်လာကြသည်။
"မြောက်ပိုင်းသားတွေ အနောက်က ရောက်လာကြပြီ" ရှောင်ချိုးကိုပွေ့ထားသော ယင်းလေ အော်ဟစ်လိုက်သည်။
"သွားကြစို့။ မြန်မြန်" နဉ်ရှောင်ယောင်းသည် သတိမေ့နေသော ရှန့်ဝမ်ဝမ်ကို လက်တစ်ဖက်ဖြင့် ဆွဲမလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အာ့ယာကို ပွေ့ချီကာ ပြေးထွက်သွားသည်။
ယင်းဖုန်းတို့အဖွဲ့လည်း သတိမေ့နေသော အမျိုးသမီးစစ်သည်အချို့ကို ထမ်းပြီး နဉ်ရှောင်ယောင်းနောက်မှ လိုက်ပါပြေးကြသည်။
ရောက်လာသော မြောက်ပိုင်းသားများသည် မြေကြီးပေါ်မှ သူပုန်အလောင်းများကို ဂရုမစိုက်သလို သူတို့လူတွေ ဘာလို့ မဟာမိတ်သူပုန်တွေနဲ့ တိုက်ခိုက်နေကြလဲဆိုတာလည်း မမေးမြန်းကြပေ။ ချက်ချင်း ဝင်ရောက်တိုက်ခိုက်ကြသည်။
သူပုန်အချို့ ပြန်လှည့်တိုက်ခိုက်ကြသည်။ မြောက်ပိုင်းသားများ၏ မီးတုတ်အလင်းရောင်အောက်တွင် မြောက်ပိုင်းသားများ၏ မြင်းခွာများ သူပုန်အလောင်းများအပေါ် နင်းဖြတ်သွားသည်ကို တွေ့လိုက်ရသောအခါ သူပုန်များ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ "မြောက်ပိုင်းသားတွေ လူသတ်နေပြီ"
အမျိုးသမီးစစ်စခန်းအနီးရှိ ကွင်းပြင်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အသက်လုတိုက်ပွဲ ဖြစ်လာသည်။
နဉ်ရှောင်ယောင်းနှင့် ဖေ့ယင်တို့အဖွဲ့ ၅ မိုင်ခန့် ဝေးကွာသော ၅ မိုင်ဇရပ်သို့ ရောက်သောအခါမှ ရပ်နားပြီး အမောဖြေကြသည်။
ဖေ့ယင်သည် ကျောပိုးလာသော မြောက်ပိုင်းသားကို မြေကြီးပေါ် ပစ်ချလိုက်သည်။ ထိုမြောက်ပိုင်းသားမှာ သတိမေ့နေပြီး ကျောက်သားကြမ်းပြင်နှင့် မျက်နှာရိုက်မိတာတောင် သတိမရလာပေ။
နဉ်ရှောင်ယောင်းသည် ရှန့်ဝမ်ဝမ်ကို ချထားလိုက်ပြီး ဖေ့ယင်ပစ်ချလိုက်သော မြောက်ပိုင်းသားကို ကြည့်လိုက်သည်။ "စစ်သူကြီးတစ်ယောက်ပဲ"
ဖေ့ယင် ပြောလိုက်သည်။ "ခေါင်းဆောင်လုပ်တဲ့လူက သူပဲ။ ဒါပေမဲ့ ရာထူးဘယ်လောက်ကြီးလဲတော့ မသိဘူး"
နဉ်ရှောင်ယောင်းသည် ထိုစစ်သူကြီး၏ သံချပ်ကာဝတ်စုံကို စမ်းသပ်ကြည့်လိုက်ရာ ပိုက်ဆံအိတ်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး "ကြည့်ပါဦး။ ကျောက်မျက်ရတနာတွေ" ဟု အော်ပြောလိုက်သည်။
ပိုးသားအိတ်ထဲတွင် ကျောက်မျက်ရတနာ ၃၀ ကျော် ပါရှိသည်။ ယင်းလေ မီးချစ်ဆံဖြင့် မီးထိုးကြည့်လိုက်ရာ ကျောက်မျက်ရတနာများ အရောင်တောက်သွားသည်။
"ရာထူးမငယ်ဘူး" ယင်းဖုန်း တိုးတိုးလေး ပြောလိုက်သည်။
သာမန်စစ်သည်တွေ၊ ရာထူးငယ်တဲ့ စစ်သူကြီးတွေက ဒီလောက် ပိုက်ဆံမရှိနိုင်ဘူး။
"ဒါဆို သူ့ကိုပဲ ရွေးလိုက်မယ်" နဉ်ရှောင်ယောင်း ဆုံးဖြတ်လိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းဆီ လက်ဖြန့်လိုက်သည်။
"ဘာလုပ်မလို့လဲ" နဉ်ရှောင်ယောင်း ပိုက်ဆံအိတ်ကို ဖက်ထားလိုက်သည်။
ဖေ့ယင် ပြုံးလိုက်သည်။ ဒီကောင်မလေးက အသက်ထက် ပိုက်ဆံကို ပိုမက်မောတာပဲ။
"ပြုံးမနေနဲ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါ ငါတွေ့တာ"
"တံဆိပ်တုံး ပေးပါ" ဖေ့ယင် သက်ပြင်းချလိုက်သည်။ "အရှင်မင်းကြီးရဲ့ အလောင်းအတု သွားလုပ်ရဦးမယ်"
"ဪ... ဟုတ်သားပဲ" နဉ်ရှောင်ယောင်း တံဆိပ်တုံးကို ထုတ်ပေးလိုက်သည်။ "ဒီမှာ မြောက်ပိုင်းသားတွေချည်းပဲ ရှိတာ။ ယုံနင်လူမျိုးအလောင်း ဘယ်ကသွားရှာမလဲ"
ဖေ့ယင် မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်တော်မျိုး စီစဉ်လိုက်ပါ့မယ်"
ဖေ့ယင်သည် လက်ထောက်စစ်သူကြီးဝမ်တို့ကိုခေါ်ပြီး ပြန်လှည့်ထွက်သွားသည်။ သူ့သခင်ရဲ့ "အလောင်း" ကို ၅ မိုင်ဇရပ်အလွန်မှာ တွေ့သွားရင် အလိမ်ပေါ်သွားမှာပေါ့။
ယင်းဖုန်းသည် ဇရပ်ထဲတွင် ရပ်လျက် ဖေ့ယင် ထွက်သွားသည်ကို ကြည့်နေပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "အရှင်မင်းကြီး... တံဆိပ်တုံးကို သူပုန်တွေ၊ မြောက်ပိုင်းသားတွေ ကောက်ရသွားရင် ဘယ်လိုလုပ်မလဲ"
"ကျောက်စိမ်းတုံးလေး တစ်တုံးပဲဟာ" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "လိုချင်တဲ့လူ ယူပါစေ။ နယ်မြေမရှိဘဲနဲ့ တံဆိပ်တုံးကိုင်ထားရုံနဲ့ ဧကရာဇ်ဖြစ်လာမှာမှ မဟုတ်တာ"
ယင်းဖုန်း: "..." ဟုတ်တာပဲ။
...
ဖေ့ယင် လမ်းမပေါ်တွင် ရပ်လျက် လက်ထဲမှ တံဆိပ်တုံးကို ကိုင်ကြည့်ပြီး ပြောလိုက်သည်။ "ဒါက တံဆိပ်တုံးပဲ"
လက်ထောက်စစ်သူကြီးဝမ်တို့ ဖေ့ယင်လက်ထဲက တံဆိပ်တုံးကို ရိုသေလေးစားစွာ ကြည့်နေကြသည်။
"ကျောက်စိမ်းတုံးလေး တစ်တုံးပါပဲ" ဖေ့ယင် ဆက်ပြောလိုက်သည်။
လက်ထောက်စစ်သူကြီးဝမ်တို့ ဘာမှပြန်မပြောရဲကြပေ။ စိတ်ထဲမှာတော့ အော်ဟစ်နေကြသည်။ ဒါက တိုင်းပြည်တံဆိပ်တုံးလေ။ ကျောက်စိမ်းတုံးလေး တစ်တုံးပါပဲလို့ ပြောရက်တယ်ပေါ့။
"သွားကြစို့" ဖေ့ယင် တံဆိပ်တုံးကို ရင်ခွင်ထဲ ထည့်လိုက်ပြီး ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေ သွားသတ်ကြမယ်"
....
ဇရပ်ထဲတွင် ရှန့်ဝမ်ဝမ်၏ညည်းညူသံ ထွက်ပေါ်လာသည်။
နဂါးအစောင့်တပ်သားများ အသက်ရှူအောင့်ထားလိုက်ကြသည်။ သတိရလာတော့မယ်။
နဉ်ရှောင်ယောင်းသည် ရှန့်ဝမ်ဝမ်၏ခေါင်းကို ရိုက်လိုက်ရာ ရှန့်ဝမ်ဝမ် ပြန်မေ့သွားလေသည်။
နဉ်ရှောင်ယောင်း၏ ရက်စက်မှုကို ယင်းဖုန်း လျစ်လျူရှုလိုက်ပြီး မေးလိုက်သည်။ "အခု မြောက်ပိုင်းသားရဲ့အဝတ်အစားကို ချွတ်လိုက်တော့မလား"
"ခဏနေဦး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "လိုက်လာတဲ့လူတွေ မရောက်သေးဘူး။ ဘယ်သူ့ကို ပြမှာလဲ"
"ဒါဆို ဒီတိုင်း ထိုင်စောင့်နေရမှာလား" ယင်းလေ မေးလိုက်သည်။
နဉ်ရှောင်ယောင်း ကျောပိုးအိတ်ထဲမှ ဆီစိမ်ပေါက်စီကြော်ထုပ်ကို ထုတ်လိုက်ပြီး "စားမလား" ဟု မေးလိုက်သည်။
အားလုံး နဉ်ရှောင်ယောင်း၏ ကျောပိုးအိတ်ကို ဝိုင်းကြည့်နေကြသည်။ ဒီအိတ်ထဲမှာ ဘာတွေများ ပါသေးလဲ။
နဉ်ရှောင်ယောင်းသည် ဇရပ်ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး ပေါက်စီကြော်များ ဝေပေးလိုက်သည်။ "ဒါက စားတော်ကဲကြီးဟွမ် ငါ့အတွက် လုပ်ပေးလိုက်တာ။ ကြက်ဥလူးပြီး ကြော်ထားတာ။ အရမ်းစားကောင်းတယ်"
ပေါက်စီကြော်က ပူပူနွေးနွေးစားမှ ကောင်းတာ။ အခုတော့ အေးစက်နေပြီမို့ အရသာ သိပ်မရှိတော့ပေ။ ဒါပေမဲ့ နဉ်ရှောင်ယောင်း စားကောင်းနေတာမြင်တော့ ဘယ်သူမှ မကောင်းဘူးလို့ မပြောရက်ကြပေ။ ရှောင်ချိုးတောင် နဉ်ရှောင်ယောင်းကို အလိုလိုက်ပြီး စားကောင်းတယ်လို့ ပြောလိုက်သည်။
"ငါ့ကို ဘယ်လိုခေါ်ရမလဲ မှတ်မိသေးလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"အမေ" ရှောင်ချိုး ကျယ်လောင်စွာ ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ဟားဟားဟား ရယ်မောလိုက်ပြီး ဗိုက်ကလေးကို ပွတ်သပ်လိုက်သည်။ ငါ တကယ် အမေဖြစ်တော့မှာပဲ။
"ရှောင်ယောင်း" အားမင် ဇရပ်ထဲ ပျံဝင်လာပြီး နဉ်ရှောင်ယောင်းပခုံးပေါ် နားကာ ပြောလိုက်သည်။ "ရှေ့မှာ သူပုန်တစ်ဖွဲ့ နင့်ကို ဖမ်းဖို့ စောင့်နေတယ်"
နဉ်ရှောင်ယောင်း မတ်တတ်ထရပ်လိုက်ပြီး ရှေ့ဘက်ကို နားစွင့်လိုက်သည်။
မိုးသံတွေကြားထဲမှာ လူတွေရဲ့ အသက်ရှူသံ၊ နှလုံးခုန်သံတွေကို ကြားနေရသည်။ ပြီးတော့... နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ မြင်းခွာသံတွေ။
"ဘာဖြစ်လို့လဲ" ယင်းဖုန်း မေးလိုက်သည်။
နဉ်ရှောင်ယောင်း ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။ "ရှေ့မှာ သူပုန်တွေရှိတယ်"
ယင်းဖုန်း လက်က ဓားရိုးပေါ် ရောက်သွားသည်။
"ရှူး" နဉ်ရှောင်ယောင်း နှုတ်ခမ်းပေါ် လက်ညှိုးတင်လိုက်သည်။ "အနောက်ကလည်း လူတွေ လာနေတယ်။ ပုန်းကြ"
အားလုံး သုံ့ပန်းများကိုခေါ်ပြီး ဇရပ်အနောက်ဘက်တွင် ပုန်းအောင်းလိုက်ကြသည်။ လက်ဖက်ရည်တစ်အိုးဆူချိန်လောက် ကြာသောအခါ မြောက်ပိုင်းသားမြင်းတပ်တစ်တပ် ဇရပ်ရှေ့မှ ဖြတ်သွားသည်။
"ငါတို့ မြင်းတစ်စီး လုရဦးမယ်" နဉ်ရှောင်ယောင်း ယင်းဖုန်းကို တိုးတိုးလေး ပြောလိုက်သည်။ "မြောက်ပိုင်းစစ်သူကြီးဆိုမှတော့ မြင်းရှိရမှာပေါ့"
ယင်းဖုန်း: "..." အခုအချိန်မှာ ဘယ်က မြင်းသွားရှာရမှာလဲ။
"မီးရောင်" ယင်းယွီ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း အသံကြားလိုက်ရသဖြင့် ခေါင်းပြူကြည့်လိုက်သည်။ "လူအုပ်ကြီး လာနေပြီ။ ငါတို့ စလို့ရပြီ"
ယင်းဖုန်း မေးလိုက်သည်။ "မြင်းကရော"
"မြင်းက ထွက်ပြေးသွားပြီပေါ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အခု မြင်းကိစ္စ စဉ်းစားနေလို့ မရတော့ဘူး။ စတော့။ အဝတ်အစား ချွတ်လိုက်"
"လူက မနိုးသေးဘူးလေ" ယင်းလေ စိုးရိမ်တကြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ဇရပ်ထဲ ပြေးဝင်သွားသည်။ "အရင်ဆုံး ပုံဖော်လိုက်။ ပြီးရင် ငါ ချက်ချင်း နှိုးပေးမယ်"
ဘောင်းဘီတစ်ဝက်ကျွတ်နေသော မြောက်ပိုင်းစစ်သူကြီးကို ရှန့်ဝမ်ဝမ်အနား ထားလိုက်ပြီး နဉ်ရှောင်ယောင်းက ယင်းဖုန်းတို့ကို အပြင်ထွက်ခိုင်းလိုက်သည်။
လူအုပ်ကြီး နီးကပ်လာသည်ကိုမြင်တော့ ယင်းဖုန်းတို့ ဇရပ်အနောက်ဘက်သို့ ပြေးသွားကြသည်။
နဉ်ရှောင်ယောင်း ရှန့်ဝမ်ဝမ်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ တောင်းပန်ပါတယ်လို့ ရေရွတ်ပြီး ရှန့်ဝမ်ဝမ်ကို ရိုက်လိုက်သည်။
"မြန်မြန်... မြန်မြန်" ဇရပ်ဆီလာနေသော လူအုပ်ကြီးထဲမှ စစ်သူကြီးများက တပ်သားများကို အော်ဟစ်ကာ အရှိန်တင်ခိုင်းလိုက်သည်။
ရှန့်နုံသည် ကိုယ်ရံတော်များ ခြံရံလျက် လမ်းမပေါ်တွင် မြင်းစီးပြေးလာလေသည်။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၅၂ ။ အန်းယွမ်က ဖေ့တာ့ယာ
ရှန့်ဝမ်ဝမ်ရဲ့မှတ်ဉာဏ်ထဲမှာ နောက်ဆုံးမှတ်မိတာက သူမဆီကို ဝဲပျံလာတဲ့ စစ်တဲမိုးကာစကြီးပဲ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရှေ့မှာ ကျောက်တုံးနဲ့ဆောက်ထားတဲ့ အမိုးတစ်ခုကို တွေ့လိုက်ရတယ်။ ရှန့်ဝမ်ဝမ် ကြောင်နေတုန်း ဘေးနားက ယောကျာ်းတစ်ယောက်အသံ ကြားလိုက်လို့ လှည့်ကြည့်လိုက်တယ်။
"အား..."
ရှန့်ဝမ်ဝမ် အော်ဟစ်လိုက်သည်။ လန့်သွားသလို၊ မယုံနိုင်သလိုလည်း ဖြစ်နေသည်။
မြောက်ပိုင်းစစ်သူကြီးကလည်း ရှန့်ဝမ်ဝမ်ကို မြင်တော့ ကြောင်သွားသည်။ သူက သူပုန်တွေနဲ့ တိုက်ခိုက်နေတာလေ။ ဘာလို့ သူ့ဘေးနားမှာ ယုံနင်အမျိုးသမီးတွေ ရောက်နေတာလဲ။
သတိရလာတဲ့ တခြားအမျိုးသမီးစစ်သည်တွေလည်း အခြေအနေကို သဘောပေါက်သွားပြီး အော်ဟစ်ကြတော့သည်။
ကျောက်ဆောင်နောက်မှာ ပုန်းနေတဲ့ နဉ်ရှောင်ယောင်းက နှုတ်ခမ်းစူလိုက်တယ်။ ဒါ အမျိုးသမီးစစ်သည်တွေ ဟုတ်ရဲ့လား။ စစ်သည်နဲ့လည်း မတူပါဘူး။
မြောက်ပိုင်းစစ်သူကြီးကတော့ အမြန်တုံ့ပြန်လိုက်သည်။ ရှန့်ဝမ်ဝမ်ရဲ့ လည်ပင်းကို ညှစ်လိုက်သည်။ ဘယ်သူက သူ့ကို ဒီနေရာပို့လိုက်လဲ မသိပေမယ့် ဒါ ထောင်ချောက်ဆိုတာ သေချာတယ်။
ရှန့်ဝမ်ဝမ် အသက်ရှူကျပ်လာပေမယ့် လက်သည်းနဲ့ ကုတ်ဖဲ့ပြီး ရုန်းကန်နေသည်။
"မင်း ဘယ်သူလဲ" မြောက်ပိုင်းစစ်သူကြီး မေးလိုက်သည်။
ရှန့်ဝမ်ဝမ်က မြောက်ပိုင်းစကား နားမလည်သလို မြောက်ပိုင်းစစ်သူကြီးကလည်း ယုံနင်စကား မတတ်ဘူး။ မေးလို့မရတော့ မြောက်ပိုင်းစစ်သူကြီးက လက်ကို ပိုတင်းတင်းညှစ်လိုက်သည်။ စကားမပြောရင် သေလိုက်တော့ပေါ့။
အမျိုးသမီးစစ်သည်တွေက သူတို့သခင်မလေးကို ကယ်ဖို့ ကြိုးစားကြပေမယ့် မြောက်ပိုင်းသားတွေက မိန်းမတွေကို ညှာတာတတ်တဲ့လူမျိုး မဟုတ်ကြဘူး။ ချက်ချင်း ဖမ်းချုပ်လိုက်ကြသည်။ အမျိုးသမီးစစ်သည်တွေ ရုန်းကန်နေကြတာမြင်တော့ မြောက်ပိုင်းသားတွေက ကြမ်းတမ်းလာကြတယ်။
ကျောက်ဆောင်နောက်က ချုံပုတ်ထဲမှာ ပုန်းနေတဲ့ နဂါးအစောင့်တပ်သားတွေက နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ ဘယ်တော့ လှုပ်ရှားမှာလဲ။
နဉ်ရှောင်ယောင်း နားစွင့်နေသည်။ မြင်းခွာသံတွေ ကြားနေရပြီ။ မြင်းခွာသံတွေက မြန်လာသည်။ ရှန့်ဝမ်ဝမ်တို့ အော်သံကြားလို့ သူပုန်တပ်မကြီးက မြန်မြန်လာနေကြပြီ။
"အရှင်မင်းကြီး" ယင်းဖုန်း တိုးတိုးလေး ခေါ်လိုက်သည်။
"ခဏစောင့်ဦး" နဉ်ရှောင်ယောင်း လက်ကို မြှောက်ထားလိုက်သည်။
နဂါးအစောင့်တပ်သားတွေ နဉ်ရှောင်ယောင်းလက်ကိုပဲ ကြည့်နေကြသည်။
နဉ်ရှောင်ယောင်း စိတ်ထဲမှာ အချိန်ရေတွက်နေတယ်။ အချိန်ကိုက် လှုပ်ရှားမှဖြစ်မယ်။ စောလို့မရသလို နောက်ကျလို့လည်း မရဘူး။
ကျောက်ဆောင်ထဲမှာ အခြေအနေ ဆိုးရွားလာပြီ။ အမျိုးသမီးစစ်သည်တွေ ကိုက်တောင်ကိုက်နေကြပြီ။ ဒါပေမဲ့ မြောက်ပိုင်းသားတွေကို မယှဉ်နိုင်ကြဘူး။
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း နဂါးအစောင့်တပ်သားတွေကို ပြောလိုက်သည်။ "ငါရှိနေသရွေ့ သူတို့ မသေပါဘူး"
နဂါးအစောင့်တပ်သားတွေကတော့ အမျိုးသမီးစစ်သည်တွေကို စိတ်မဝင်စားပါဘူး။ သူတို့ ဘယ်တော့ လှုပ်ရှားရမလဲဆိုတာပဲ သိချင်နေကြတာ။
"တခြားလူတွေကို စာနာတတ်ရမယ်" နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။
ယင်းဖုန်းက ဝင်ပြောလိုက်သည်။ "သူတို့က သူပုန်တွေလေ" သူများတွေကို စာနာတတ်ရမယ်ဆိုတဲ့စကားကို ယင်းဖုန်း ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဒါပေမဲ့ ချက်ချင်း နားလည်လိုက်သည်။
နဉ်ရှောင်ယောင်း: "..."
ကျောက်ဆောင်ထဲကနေ အဝတ်အစား ဆုတ်ဖြဲသံတွေ ကြားလိုက်ရသည်။
"ရှန့်နုံသမီး သေတော့မယ်ထင်တယ်" ချုံပုတ်ကြားကနေ ချောင်းကြည့်နေတဲ့ နဂါးအစောင့်တပ်သားတစ်ယောက်က ပြောလိုက်သည်။
"ငြိမ်ငြိမ်နေ" နဉ်ရှောင်ယောင်း လက်မြှောက်ထားဆဲ။
"စစ်သူကြီး... ယုံနင်သူပုန်တွေ လာနေကြပြီ" ကျောက်ဆောင်အပြင်ဘက်က မြောက်ပိုင်းစစ်သည်တစ်ယောက် အော်ပြောလိုက်သည်။
"ခဏစောင့်ဦး" နဉ်ရှောင်ယောင်း တိုးတိုးလေး ပြောလိုက်သည်။
မြောက်ပိုင်းစစ်သူကြီး အပြင်ကို လှမ်းကြည့်လိုက်သည်။
"ကယ်ကြပါဦး" အသံထွက်နိုင်သေးတဲ့ အမျိုးသမီးစစ်သည်တွေ အော်ဟစ်လိုက်ကြသည်။
တစ်... နှစ်... သုံး... လေး... ငါး... နဉ်ရှောင်ယောင်း စိတ်ထဲ ရေတွက်ပြီး လက်ကို ချလိုက်ကာ "သွား" ဟု အမိန့်ပေးလိုက်သည်။
ယင်းဖုန်းတို့ ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ နဉ်ရှောင်ယောင်းလက်ကျတာနဲ့ ပြေးထွက်ဖို့ ပြင်လိုက်ကြသည်။ ဒါပေမဲ့ နဉ်ရှောင်ယောင်းက သူတို့ထက် ပိုမြန်တယ်။ ချုံပုတ်ထဲက ခုန်ထွက်ပြီး "ဟေး... မြောက်ပိုင်းသားတွေ မိန်းကလေးတွေကို အနိုင်ကျင့်နေကြပြီ" ဟု အော်ဟစ်လိုက်သည်။
မြောက်ပိုင်းသားတွေ လန့်သွားကြသည်။ လှည့်ကြည့်လိုက်ချိန်မှာ ယင်းဖုန်းတို့ ရောက်နေကြပြီ။ ယင်းဖုန်းတို့ ၄ ယောက်က စစ်သူကြီးကို ဝိုင်းထားလိုက်ပြီး ကျန်တဲ့လူတွေက စစ်သည်တွေကို တိုက်ခိုက်ကြသည်။ နဉ်ရှောင်ယောင်းကတော့ ဘေးထွက်ထိုင်ကြည့်နေသည်။
မြောက်ပိုင်းစစ်သူကြီးက သိုင်းပညာ ကောင်းမွန်သည်။ လက်နက်မဲ့ ယင်းယွီ၏ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး ဓားဆွဲထုတ်ကာ ပြန်လည်တိုက်ခိုက်သည်။ တစ်ယောက်တည်း ၄ ယောက်ကို ရင်ဆိုင်နေရသော်လည်း အရေးနိမ့်မသွားပေ။
ရှန့်ဝမ်ဝမ်ကတော့ အားကုန်ပြီး ကြမ်းပြင်ပေါ် လဲကျနေသည်။ လှုပ်လည်းမလှုပ်နိုင်၊ စကားလည်း မပြောနိုင်တော့ပေ။
ယင်းဖုန်းတို့ ၄ ယောက်တိုက်တာတောင် ၃ ကွက်အတွင်း အနိုင်မယူနိုင်တာ မြင်တော့ နဉ်ရှောင်ယောင်း ကျောက်ခဲတစ်လုံး ကောက်ယူပြီး စစ်သူကြီးခေါင်းကို ပစ်ပေါက်လိုက်သည်။
မြောက်ပိုင်းစစ်သူကြီးက လေတိုးသံကြားလိုက်ပေမယ့် ရှောင်ဖို့ အချိန်မရလိုက်ဘူး။ ခေါင်းကို ထိမှန်ပြီး လဲကျသွားသည်။ ခေါင်းနောက်စေ့ကနေ သွေးတွေ စီးကျလာသည်။
ယင်းဖုန်း အခွင့်ကောင်းယူပြီး စစ်သူကြီးခေါင်းကို ဖြတ်လိုက်သည်။
နဉ်ရှောင်ယောင်း အေးစက်စွာ ကြည့်နေသည်။ ဒီမြောက်ပိုင်းသားခါးမှာ ကျောက်မျက်ရတနာအိတ်အပြင် လူနားရွက်တွေ သီထားတဲ့ ကြိုးတစ်ချောင်းပါ ချိတ်ထားတယ်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး နားရွက်တွေ အစုံပဲ။ ဘယ်ဘက်နားရွက်က ယောက်ျား၊ ညာဘက်နားရွက်က မိန်းမ။ အောင်ပွဲခံတဲ့အနေနဲ့ ချိတ်ဆွဲထားတာ ဖြစ်မယ်။ ဒီနားရွက်တွေကို မြင်ကတည်းက နဉ်ရှောင်ယောင်း ဒီလူကို သေမိန့်ပေးလိုက်ပြီးသား။ နောက်ထပ် မြောက်ပိုင်းသားခေါင်းပြတ်တစ်ခု နဉ်ရှောင်ယောင်းခြေရင်း လာကျတော့ နဉ်ရှောင်ယောင်း ကန်ထုတ်လိုက်သည်။
တိုက်ပွဲက ခဏလေးနဲ့ ပြီးသွားသည်။ ရှန့်နုံတို့ ရောက်လာတဲ့အချိန်မှာ မြောက်ပိုင်းသားတွေ အားလုံး သေကုန်ကြပြီ။
"သခင်... သခင်မလေး" အမျိုးသမီးစစ်သည်တစ်ယောက် အလောင်းတွေကို ကျော်ခွပြီး ရှန့်ဝမ်ဝမ်ဆီ ပြေးသွားသည်။
ရှန့်ဝမ်ဝမ် သတိမေ့နေဆဲ။
သူပုန်စစ်သူကြီးတစ်ယောက် ရောက်လာပြီး အဝတ်အစားမလုံမခြုံ ဖြစ်နေတဲ့ ရှန့်ဝမ်ဝမ်ကို မြင်တော့ လန့်ပြီး ရှန့်နုံဆီ ပြန်ပြေးသွားသည်။
"ဒါ မင်းတို့ သခင်မလေးလား" ယင်းဖုန်း ဓားကိုကိုင်ပြီး မေးလိုက်သည်။
အမျိုးသမီးစစ်သည် ငိုပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟေး" နဉ်ရှောင်ယောင်း ကျောက်ဆောင်ထဲ ဝင်လာပြီး ရှန့်ဝမ်ဝမ်ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "နင့်အဖေ ရောက်လာပြီ"
ရှန့်ဝမ်ဝမ် မျက်လုံးဖွင့်ကြည့်လိုက်တော့ နဉ်ရှောင်ယောင်းကို တွေ့လိုက်ရသည်။
"နင့်အဖေလေ" နဉ်ရှောင်ယောင်း အပြင်ကို လက်ညှိုးထိုးပြလိုက်သည်။
ရှန့်ဝမ်ဝမ်က အမျိုးသမီးစစ်သည်ကို တွန်းဖယ်လိုက်ပြီး နဉ်ရှောင်ယောင်းကိုပါ တွန်းဖယ်ကာ အပြင်သို့ ပြေးထွက်သွားသည်။
နဉ်ရှောင်ယောင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။ အဝတ်အစားမဝတ်ဘဲ ပြေးထွက်သွားတာတော့ သူမအမှား မဟုတ်ဘူးနော်။
ရှန့်ဝမ်ဝမ် အပြင်ထွက်ပြေးသွားတော့ သူပုန်စစ်သည်တွေ အံ့ဩသွားကြသည်။ သခင်မလေးက ဆံပင်တွေဖားလျားနဲ့၊ မျက်နှာက ရောင်ကိုင်းနေတယ်၊ လည်ပင်းမှာ ညိုမည်းနေတဲ့ လက်ရာတွေ ရှိနေတယ်။ ပိုဆိုးတာက အဝတ်အစားတွေ စုတ်ပြတ်သတ်နေပြီး အတွင်းခံအင်္ကျီတောင် ပေါ်နေတယ်။ သခင်မလေး ဘာဖြစ်ခဲ့လဲဆိုတာ သူတို့ မတွေးရဲကြဘူး။
ရှန့်ဝမ်ဝမ် လမ်းမပေါ်ရောက်ခါနီးမှ ကျောက်ဆောင်ဆီ ပြန်လှည့်ပြေးလာသည်။
ယင်းဖုန်းတို့ နဉ်ရှောင်ယောင်းကို ကာကွယ်ပေးလိုက်ကြသည်။
နဉ်ရှောင်ယောင်းကတော့ ရှန့်ဝမ်ဝမ်နဲ့ ရန်ဖြစ်ရမှာ မကြောက်ပါဘူး။ ဒီမိန်းကလေး ဘာလို့ ပြန်လှည့်လာလဲဆိုတာပဲ သိချင်တာ။
ရှန့်ဝမ်ဝမ် ကျောက်ဆောင်ထဲ ဝင်လာပြီး မြောက်ပိုင်းစစ်သူကြီးအလောင်းကို တွေ့တော့ ဓားတစ်ချောင်းကောက်ယူပြီး အလောင်းကို မဲမဲမြင်ရာ ခုတ်ပိုင်းတော့သည်။
ထိုအချိန်တွင် ရှန့်နုံ ရောက်လာသည်။
စောစောက ပြေးသွားတဲ့ စစ်သူကြီးက သတင်းသေချာမပို့လိုက်ဘူး ထင်တယ်။ အဖေတစ်ယောက်တည်း လာရမယ့်အစား စစ်သူကြီးတွေ အများကြီး ပါလာကြသည်။
စစ်သူကြီးတွေက မီးတုတ်တွေ ကိုင်ထားကြတော့ ကျောက်ဆောင်ထဲ လင်းထိန်သွားသည်။ ရှန့်ဝမ်ဝမ်က ခါးပတ်ပြေလျော့နေပြီး ဘောင်းဘီကျွတ်နေတဲ့ အလောင်းကို မြင်လိုက်ရသလို သူမကိုယ်တိုင် အဝတ်အစားမလုံမခြုံဖြစ်နေတာကိုလည်း သတိထားမိလိုက်သည်။
ရှန့်ဝမ်ဝမ် အော်ဟစ်လိုက်ပြီး ဓားလွတ်ကျသွားကာ လက်နှစ်ဖက်ယှက်ပြီး ဒူးထောက်ချလိုက်သည်။
အားလုံးက ယောကျာ်းတွေဆိုတော့ အခြေအနေကို သဘောပေါက်သွားကြသည်။ ရှန့်နုံ မျက်နှာ မည်းမှောင်သွားပြီး စစ်သူကြီးတွေ မျက်နှာလွှဲလိုက်ကြသည်။
နဉ်ရှောင်ယောင်း အလောင်းကို လက်ညှိုးထိုးပြပြီး "မြောက်ပိုင်းသား" ဟု ပြောလိုက်သည်။
ရှန့်နုံ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
အရင်တုန်းက နဉ်ရှောင်ယောင်းကို အဝေးကနေပဲ မြင်ဖူးတာ။ ပိန်ပိန်ညောင်ညောင် ကောင်လေးတစ်ယောက်လို့ပဲ ထင်ထားတာ။ အခုလည်း အဲ့ဒီလူပဲ။ ဒါပေမဲ့ နဂါးဝတ်ရုံအစား မီးခိုးရောင် စကတ်ဝတ်ထားတယ်။ ဆံပင်ကိုလည်း သာမန်ကာလျှံကာ စည်းနှောင်ထားတယ်။ ရှန့်နုံက ဒီမိန်းကလေးဟာ နဉ်ယွီမှန်း မရိပ်မိလိုက်ဘူး။
နဉ်ရှောင်ယောင်းကတော့ တည်ငြိမ်နေသည်။ မျက်နှာမပြခဲ့ဖူးသလို ယောကျာ်းလေးလို့ ထင်ထားကြတာဆိုတော့ သူမကို မှတ်မိမှာ မဟုတ်ဘူးလို့ ယုံကြည်နေသည်။ ပြီးတော့ ရှန့်ထျန်းကောနဲ့ စစ်ဗျူဟာမှူးနျူလည်း မပါလာဘူးလေ။ နဉ်ရှောင်ယောင်း ရင်ကော့ထားလိုက်သည်။
နဉ်ရှောင်ယောင်းကို ဘယ်သူလဲလို့ မမေးဘဲ ရှန့်နုံက ဝတ်ရုံချွတ်ပြီး သမီးဖြစ်သူကို လွှမ်းခြုံပေးလိုက်သည်။ ပြီးမှ နဉ်ရှောင်ယောင်းဘက် လှည့်မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"
"ဖေ့တာ့ယာ... သိုင်းလောကမှာတော့ အဆိပ်ပြင်းမုဆိုးမလို့ လူသိများတယ်" နဉ်ရှောင်ယောင်း မိတ်ဆက်လိုက်သည်။
ရှန့်နုံက သိုင်းလောကမှာ ဒီနာမည်မျိုး တစ်ခါမှ မကြားဖူးပေမယ့် မျက်နှာပျက်မသွားဘဲ မေးလိုက်သည်။ "ဒါဆို ဖေ့တာ့ယာက ဒီနေရာကို ဘယ်လိုရောက်နေတာလဲ"
"ကျွန်မတို့က အန်းယွမ်က လာတာပါ။ အစိုးရစစ်တပ်တွေက ကျွန်မတို့ကို နေစရာမရှိအောင် လုပ်လိုက်လို့ ရှန့်နုံဘုရင်ကြီးဆီ လာခိုလှုံမလို့ပါ။ စခန်းထဲ ရောက်ရောက်ချင်း သူပုန်ရဲဘော်တွေနဲ့ မြောက်ပိုင်းသားတွေ တိုက်ခိုက်နေတာ တွေ့လိုက်ရတယ်။ ကျွန်မတို့ကို လမ်းပြပေးမယ့် အစ်ကိုကြီးကို မြောက်ပိုင်းသားတွေ သတ်လိုက်ကြတယ်။ ကျွန်မတို့က အသိဉာဏ်မရှိတဲ့ ဧကရာဇ် တောင်ဘက်ကို ထွက်ပြေးသွားတယ်ကြားလို့ လမ်းမှာ စောင့်ဖမ်းပြီး သတ်မလို့ လုပ်နေတုန်း ဒီလိုကိစ္စနဲ့ ကြုံလိုက်ရတာပါ"
နဂါးအစောင့်တပ်သားများ: "..." အရှင်မင်းကြီးက လိမ်တာ တော်တော်ပီပြင်လာပါလား။
ရှန့်နုံ မေးလိုက်သည်။ "မင်းတို့က အန်းယွမ်ခရိုင် ၆ ခုက လာတာလား"
"ဟုတ်ပါတယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အန်းယွမ်ခရိုင် ၆ ခုက အစိုးရရုံးတွေမှာ သွားမေးကြည့်လိုက်ပါ။ အဆိပ်ပြင်းမုဆိုးမ ဘယ်လောက်ကြမ်းလဲဆိုတာ မသိတဲ့လူ မရှိပါဘူး"
ရှန့်နုံ ယင်းဖုန်းတို့ကို ကြည့်လိုက်သည်။
ယင်းဖုန်းတို့က သူပုန်ဝတ်စုံတွေကို ချွတ်ထားလိုက်ပြီး အတွင်းခံအင်္ကျီတွေနဲ့ပဲ ရှိနေကြသည်။ ရွှံ့တွေ၊ မိုးရေတွေ၊ သွေးတွေနဲ့ ပေကျံနေပြီး မျက်နှာတွေကလည်း ညစ်ပတ်နေတော့ ဘယ်သူမှန်း သဲသဲကွဲကွဲ မသိရပေ။
"အဖေ" ရှန့်နုံ ယင်းဖုန်းတို့ကို အကဲခတ်နေစဉ် ရှန့်ဝမ်ဝမ် ငိုသံပါကြီးဖြင့် ခေါ်လိုက်သည်။
***