အခန်း (၃၃၇-၃၃၈)
Vol. 22 Ch. 337-338
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၇။ ဖမ်းဆီးခံလိုက်ရတဲ့ ရှဲ့မိန်းကလေး ၅
ရှဲ့သော်ယင်းသည် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်းက ယင်းဖုန်း၏ မျက်လုံးများကို အုပ်ထားပြီး မလှုပ်ရှားစေရန် တားထားသည်။
"ယင်းဖုန်း" ရှဲ့သော်ယင်းသည် ခေါင်းငုံ့ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ယင်းဖုန်းက ကျွန်မကို အရှင်မင်းကြီးအကြောင်း ဘာမှမပြောပါဘူး။ နန်းတွင်းရေးကိစ္စတွေ၊ ညီလာခံကိစ္စတွေလည်း တစ်ခါမှ မပြောဖူးပါဘူး။ သူ အရှင်မင်းကြီးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ဒီနေ့ကိစ္စအတွက် သူ့ကို အပြစ်မတင်ပါနဲ့။ ကျွန်မ မသေချင်လို့ သူ့ကို လှည့်စားခဲ့မိတာပါ။ ကျွန်မ အမှားပါ"
နဉ်ရှောင်ယောင်း: "..." ဒီမိန်းကလေးက သူမကို သေတမ်းစာ ပြောနေသလိုပဲ။
"အရှင်မင်းကြီးက နတ်ဆေးဆရာဆိုတာ ကျွန်မ သိပါတယ်" ရှဲ့သော်ယင်းသည် လက်အုပ်ချီပြီး နဉ်ရှောင်ယောင်းကို ဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီး... ယင်းဖုန်းကို ကယ်ပေးပါလို့ တောင်းဆိုပါတယ်"
"ငါ သာ့ဖုန်းကို ဆေးမကုပေးဘဲ နေမှာစိုးလို့လား" နဉ်ရှောင်ယောင်း မျက်နှာတည်ထားလိုက်သည်။ "မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ကြားလိုက်တာနဲ့ ယင်းဖုန်းက မင်းဆီ ပြေးလာတာလေ။ သူက နဂါးအစောင့်တပ်မှူးပါ။ သူ့ကို ငါ ဆက်သုံးလို့ရမယ် ထင်နေလား"
ရှဲ့သော်ယင်းသည် သူမရင်ဆိုင်နေရသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းစွာ သိသည်။ သူမ၏ အဘိုးကို ထွက်ပြေးစေခဲ့သူ၊ မြို့တော်ရှိ ရှဲ့မိသားစုကို ပျက်စီးစေခဲ့သူ ဖြစ်သည်။ နဉ်ရှောင်ယောင်းသည် ကြင်နာတတ်သည်၊ သဘောထားကြီးသည်ဟု ပြောကြသော်လည်း ရှဲ့မိန်းကလေး ၅ကတော့ လုံးဝ မယုံကြည်ပေ။
"ပြီးတော့ ငါက ဧကရာဇ်လေ။ သမားတော် မဟုတ်ဘူး" နဉ်ရှောင်ယောင်း မျက်နှာလေး တည်ထားဆဲ။
"အရှင်မင်းကြီး" ရှဲ့သော်ယင်း ငိုယိုအော်ဟစ်လိုက်သည်။
"ငိုနေလို့ ဘာမှမထူးဘူး။ ငါက အဲ့ဒါမျိုးတွေ စိတ်မဝင်စားဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ကျွန်မ သေသွားရင် ယင်းဖုန်း ဒီလိုဖြစ်တော့မှာ မဟုတ်ပါဘူး" ရှဲ့သော်ယင်း ငိုယိုပြောဆိုသည်။
နဉ်ရှောင်ယောင်း မျက်စောင်းထိုးလိုက်သည်။ 'မင်း လုပ်ရဲလို့လား' ဟု မေးနေသကဲ့သို့ပင်။
ရှဲ့သော်ယင်းသည် နံရိုးကျိုးထားသဖြင့် လှုပ်ရှားရခက်ခဲနေသည်။ သို့သော် နဉ်ရှောင်ယောင်း၏ စိန်ခေါ်သောအကြည့်ကြောင့် အားယူပြီး ဒူးထောက်ထိုင်လိုက်သည်။ ယင်းဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ဘေးနားရှိ ကျောက်တုံးကြီးနှင့် ခေါင်းကို ဝင်ဆောင့်လိုက်သည်။ တွန့်ဆုတ်ခြင်း အလျဉ်းမရှိပေ။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ခေါင်းနဲ့ဆောင့်ပြန်ပြီ။
ယင်းဖုန်းသည် မျက်လုံးပေါ်မှ လက်ဖယ်ရှားလိုက်သည်နှင့် ထထိုင်လိုက်သည်။ ရှဲ့သော်ယင်း ကျောက်တုံးကြီးဘေးတွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။ ကျောက်တုံးပေါ်တွင်ရော မြေကြီးပေါ်တွင်ပါ သွေးများ ပေကျံနေသည်။ သူ့သခင်ကတော့ ဘေးနားတွင် ထိုင်လျက်သား။
"လာကြည့်ပါဦး" နဉ်ရှောင်ယောင်း ယင်းဖုန်းကို လက်ပြလိုက်သည်။ လက်ဖဝါးတစ်ခုလုံး သွေးများဖြင့် ရဲရဲတောက်နေသည်။
ယင်းဖုန်း ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား မယုံကြည်နိုင်စွာ မေးလိုက်သည်။ "သူ... သူ တကယ် သတ်သေလိုက်တာလား"
"သီလရှင်ကျောင်းမှာတုန်းက သူ မင်းကို လိမ်ခဲ့တာ။ ဒီတစ်ခါတော့ မလိမ်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သူ့ခေါင်း ပေါက်သွားပြီ"
ယင်းဖုန်း ကြောင်အမ်းအမ်း ဖြစ်နေသည်။
"သာ့ဖုန်း... ငါ သူ့ကို ကယ်ရမလား" နဉ်ရှောင်ယောင်း ယင်းဖုန်းကို မေးလိုက်သည်။
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ဆက်လက် ကြောင်အမ်းနေဆဲ။
"ဟေး... ဟေး..." နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါ မင်းမိန်းမလေ။ ငါ့ကို ဘာကြည့်နေတာလဲ"
"အရှင်မင်းကြီး... သူ့ကို မကယ်ရသေးဘူးလား" ယင်းဖုန်း ဗလုံးဗထွေး မေးလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "မင်းသဘောထားကို အရင်မေးရဦးမှာပေါ့"
ယင်းဖုန်းသည် မတ်တတ်မရပ်နိုင်တော့ဘဲ ရှဲ့သော်ယင်းအနားသို့ လေးဘက်ထောက် သွားလိုက်သည်။ မြေကြီးပေါ်တွင် သွေးများနှင့် ဦးနှောက်စများ ရောနှောနေသည်ကို တွေ့လိုက်ရသည်။ ယင်းဖုန်း ပါးစပ်အကြိမ်ကြိမ် ဟလိုက်ပြီးမှ နဉ်ရှောင်ယောင်းကို အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "ကျေး... ကျေးဇူးပြုပြီး ကယ်ပေးပါ အရှင်မင်းကြီး"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို ဆွဲယူပြီး ရှဲ့သော်ယင်းကို ပွေ့ဖက်စေလိုက်သည်။ "သေမှာကြောက်ရင် နောက်ဆို မရှုပ်နဲ့တော့"
ယင်းဖုန်းသည် ရှဲ့သော်ယင်းကို ငုံ့ကြည့်လိုက်သည်။ ရှဲ့သော်ယင်း၏မျက်နှာသည် ရောင်ရမ်းနေပြီး သွေးများဖြင့် ပေကျံနေသည်။ အရင်က အလှပဂေးလေးနှင့် လုံးဝ မတူတော့ပေ။
နဉ်ရှောင်ယောင်းသည် လက်ပိုက်ပြီး မြေကြီးပေါ်တွင် ထိုင်လိုက်သည်။ "မင်းတို့နှစ်ယောက် ပြန်စလို့ရသေးတယ်။ ဟာ... မဟုတ်သေးပါဘူး။ သေရွာပြန်တွေ ဖြစ်နေကြပြီပဲ။ ပြန်စစရာ ဘာလိုတော့မှာလဲ။ သာ့ဖုန်း... ငါ ဆုံးဖြတ်လိုက်ပြီ။ မိန်းကလေး ၅ကို နန်းတော်ထဲ ခေါ်ထားလိုက်တော့မယ်။ မင်းတို့နှစ်ယောက်..."
"အရှင်မင်းကြီး!" ယင်းဖုန်း နဉ်ရှောင်ယောင်းကို အသံတိုးတိုးဖြင့် အော်ဟစ်တားမြစ်လိုက်သည်။
"အော်နေပြန်ပြီလား" နဉ်ရှောင်ယောင်း ယင်းဖုန်းကို စိုက်ကြည့်လိုက်သည်။ "ဒါမှမဟုတ် အခုပဲ ကျင်းတူးပြီး မြှုပ်ပစ်လိုက်မလား။ တစ်ခုခုတော့ ဆုံးဖြတ်မှ ဖြစ်မှာပေါ့"
ယင်းဖုန်း ရှဲ့သော်ယင်း၏ နှာခေါင်းကို စမ်းသပ်ကြည့်လိုက်သည်။
"ငါ ရှိနေတာပဲ။ စိတ်မပူနဲ့" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "မင်းတို့နှစ်ယောက် သေသွားတာကို ငါက ဒီတိုင်း ကြည့်နေမယ် ထင်လို့လား"
လက်ဖမိုးပေါ်တွင် လေပြေလေး ဖြတ်သန်းသွားသလို ခံစားလိုက်ရမှ ယင်းဖုန်း စိတ်အေးသွားသည်။
"ဟေး... ဟေး..." နဉ်ရှောင်ယောင်း ယင်းဖုန်းရှေ့တွင် လက်ယမ်းပြလိုက်သည်။ "ငါတို့ စကားပြောရအောင်လေ"
"သူ..."
"သူက အပေါ်ယံ ရွှေမှုန်ကြဲတာ ကြိုက်တယ်" နဉ်ရှောင်ယောင်း ယင်းဖုန်းအစား ဝင်ပြောလိုက်သည်။ "မယ်တော်ကြီးလိုပဲ... ငယ်ငယ်ကတည်းက ယုံနင်ရဲ့ အဆင့်အတန်းအမြင့်ဆုံး အမျိုးသမီး ဖြစ်ချင်နေတာလေ။ သူက မြောက်ပိုင်းသားတွေနဲ့ပေါင်းပြီး မင်းကို လှည့်စားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ မင်းအတွက်နဲ့ အသေခံရဲတယ်"
ယင်းဖုန်း ရှဲ့သော်ယင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "သူက မိန်းမကောင်းတစ်ယောက် မဟုတ်ပါဘူး"
"သူက မိန်းမကောင်း မဟုတ်ဘူး" နဉ်ရှောင်ယောင်း ယင်းဖုန်းအစား ထပ်ပြောလိုက်ပြန်သည်။ "မင်းကလည်း ချစ်သူကောင်း မဟုတ်ဘူး။ နင်လည်း သူ့ကို အသုံးချခဲ့တာပဲ မဟုတ်လား"
ယင်းဖုန်း နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်သည်။
"ဒါ ငါ့အမှားပါ" နဉ်ရှောင်ယောင်း အပြစ်ဝန်ခံလိုက်သည်။ "မင်းက ငါ့အတွက် လုပ်ပေးတာပါ"
ယင်းဖုန်း ပြောလိုက်သည်။ "ကျွန်တော်က သေသင့်တဲ့လူပါ။ အရှင်မင်းကြီးအပေါ် သစ္စာမစောင့်သိနိုင်သလို မိန်းကလေး ၅အပေါ်လည်း ကောင်းကောင်းမွန်မွန် မဆက်ဆံနိုင်ခဲ့ဘူး"
"မင်း ပြောပုံအရဆိုရင် ငါက သေသင့်တဲ့လူ ဖြစ်နေသလိုပဲ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမသာ မရှိရင် ယင်းဖုန်း ဒီလောက် ဗျာများနေစရာ မလိုဘူးဆိုတဲ့ သဘောလား။
"ကျွန်တော်မျိုး သေသင့်တာပါ" ယင်းဖုန်း နဉ်ရှောင်ယောင်းကို "ကျွန်တော်မျိုး" ဟု ပြောင်းလဲသုံးနှုန်းလိုက်သည်။
"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်းသည် ဘယ်သူသေသင့်လဲဆိုတာ ဆက်မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ကောင်းကောင်းမွန်မွန် အသက်ရှင်နေရက်နဲ့ သူမနဲ့ ယင်းဖုန်းက ဘာလို့ သေရမှာလဲ။ "အတိတ်ကို မေ့လိုက်ကြရအောင်။ နောက်ဆက်ပြီး ဘာလုပ်မလဲဆိုတာပဲ ပြောကြစို့"
ရှဲ့သော်ယင်းကို နန်းတော်ထဲ ခေါ်ထားမလား။ ယင်းဖုန်း ဒီစကားကို မပြောထွက်ပေ။
"မင်း ဘာမှမပြောရင် ငါ့သဘောအတိုင်း လုပ်မယ်" နဉ်ရှောင်ယောင်း ခဏစောင့်ကြည့်သော်လည်း ယင်းဖုန်းထံမှ အဖြေမရသဖြင့် ပြောလိုက်သည်။ "မိန်းကလေး ၅ကို နန်းတော်ထဲ ခေါ်ထားလိုက်မယ်။ အပြင်မှာ နေလို့မဖြစ်တော့ဘူး။ အမတ်ချုပ်ကြီးရှဲ့ သူ့ကို ထပ်ရှာမလားဆိုတာ ဘယ်သူသိမှာလဲ"
"အရှင်မင်းကြီး... ကျွန်တော်..."
"မင်းက 'ကျွန်တော်' လို့ပဲ ပြောမနေနဲ့" နဉ်ရှောင်ယောင်း ယင်းဖုန်း စကားဆုံးအောင် ပြောခွင့်မပေးပေ။ "ကိုယ့်ဘဝကိုယ် ကောင်းအောင်နေချင်တာ အပြစ်မဟုတ်ပါဘူး။ ဘယ်သူက လူတကာထက် သာချင်တဲ့စိတ် မရှိဘဲ နေမှာလဲ။ ငါ နားလည်လိုက်ပါပြီ။ မင်းနဲ့သူနဲ့က အတူရှိနေရင် ပြဿနာတက်မယ့် ကံပါလာတာပဲ။ အတူဆက်တွဲမလား၊ လမ်းခွဲကြမလားဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်ကြတော့"
အနောက်ဘက်မှ မြောက်ပိုင်းသားတစ်ဦး ညည်းညူသံ ထွက်ပေါ်လာသည်။ သတိရလာမည့်ပုံပင်။
နဉ်ရှောင်ယောင်း လက်ထဲတွင် အုတ်ခဲမရှိတော့သဖြင့် လက်သီးဖြင့်ထိုးကာ ထိုမြောက်ပိုင်းသားကို ပြန်မေ့သွားအောင် လုပ်လိုက်သည်။
အခြားသတိရနေပြီး သေဟန်ဆောင်နေသော မြောက်ပိုင်းသားများသည် လှုပ်ပင်မလှုပ်ရဲကြတော့ပေ။ ယုံနင်ဧကရာဇ်က အရေးကြီးကိစ္စတွေကို ဂရုမစိုက်ဘဲ လက်အောက်ငယ်သားရဲ့ မိန်းမကိစ္စကိုပဲ စိတ်ဝင်စားနေတာ ဘာသဘောလဲ နားမလည်နိုင်သော်လည်း ဒီဧကရာဇ်က လက်ရဲဇက်ရဲနိုင်လွန်းသည်။
"ငါတို့နှစ်ယောက်တည်းနဲ့ ဒီလောက်လူအများကြီးကို ခေါ်သွားလို့မရဘူး။ ယင်းယွီတို့ ရောက်လာတဲ့အထိ စောင့်ကြတာပေါ့" နဉ်ရှောင်ယောင်းသည် သကြားလုံးစားရန် အင်္ကျီလက်ကို စမ်းကြည့်လိုက်သော်လည်း ဘာမှမရှိတော့ပေ။ အားကျီကို ပေးလိုက်ပြီဆိုတာ သတိရသွားသည်။
ယင်းဖုန်းသည် ရှဲ့သော်ယင်း၏ ခေါင်းကို ကြည့်လိုက်သည်။ ရှဲ့သော်ယင်း၏ နဖူးထက်တွင် လက်ဝါးတစ်ဝက်ခန့်ရှိသော ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ အရေပြားမရှိတော့ဘဲ အသားနီနီများ ပေါ်နေသည်။ စောစောက ရှဲ့သော်ယင်း ဆောင့်လိုက်တာ အားမလျှော့ခဲ့ဘူးဆိုတာ သိသာသည်။
"သူ့ကို ကြည့်မနေနဲ့တော့။ မင်း ဘယ်လိုနေလဲ" နဉ်ရှောင်ယောင်း ယင်းဖုန်းကို မေးလိုက်သည်။
ယင်းဖုန်း ရင်ဘတ်ကို စမ်းကြည့်လိုက်သည်။ မြောက်ပိုင်းသား ဓားနဲ့ခုတ်လိုက်တုန်းက ဒီနေရာကို ထိသွားတာ။ အခု စမ်းကြည့်တော့ မနာတော့ပေ။ အင်္ကျီရင်ဘတ်ကို ဟကြည့်လိုက်ရာ ရင်ဘတ်ပေါ်တွင် အမာရွတ်တစ်ခု ကျန်နေသည်ကို တွေ့လိုက်ရသည်။
နဉ်ရှောင်ယောင်းလည်း ခေါင်းဝင်ကြည့်လိုက်သည်။ ဒဏ်ရာကို ကြည့်မလို့ပေမယ့် အကြည့်များက တဖြည်းဖြည်း လမ်းလွဲသွားသည်။ သူမရဲ့ သာ့ဖုန်းက ဘော်ဒီမိုက်သားပဲ။ ကြွက်သားတွေက အနေတော်ပဲ။ ထိုင်နေတာတောင် ဗိုက်ခေါက်မထွက်ဘူး။
"ဒီမြောက်ပိုင်းသားတွေက..." ယင်းဖုန်းသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှင်မင်းကြီး မြင်သွားမှန်း မသိဘဲ အင်္ကျီပြန်စေ့လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောပြသည်။ "ကျွန်တော် ပြန်မလာရင် အရှင်မင်းကြီးက လက်အောက်ငယ်သားကို စိတ်ပူပြီး ကိုယ်တိုင် သီလရှင်ကျောင်းကို လိုက်လာလိမ့်မယ်လို့ သူတို့ တွက်ထားကြတာ"
"အင်း" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သူတို့က သီလရှင်ကျောင်းနံရံမှာ ဆီသုတ်ထားတယ်။ ငါ့ကို မီးရှို့သတ်မလို့တဲ့။ မြှားနဲ့ပစ်မလား၊ မီးတုတ်နဲ့ပစ်မလားတော့ မသိဘူး"
ယင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ "သီလရှင်ကျောင်းက သီလရှင်တွေက ပြဿနာရှိနေတာလား"
"မဖြစ်နိုင်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ပြဿနာရှိရင် ငါတို့ မြောက်ပိုင်းသားတွေကို ဖမ်းနေတုန်း သူတို့ ထွက်ပြေးကုန်ကြမှာပေါ့။ ဘယ်သူသိမှာလဲ... မြောက်ပိုင်းသားတွေက သီလရှင်တွေကို ဘယ်လို လှည့်စားထားလဲဆိုတာ"
ယင်းဖုန်းသည် ရှဲ့သော်ယင်းကို ပိုပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ဒီကိစ္စက မိန်းကလေး ၅နဲ့လည်း မကင်းဘူး။
"ဒါနဲ့" နဉ်ရှောင်ယောင်း သတိရသွားသည်။ လက်သီးဆုပ်ပြီး ယင်းဖုန်းကို မေးလိုက်သည်။ "ဘယ်သူ မင်းကို ခုတ်လိုက်တာလဲ"
မြေကြီးပေါ်မှ မြောက်ပိုင်းသားများ: "..."
ယင်းဖုန်း ပြောလိုက်သည်။ "မုတ်ဆိတ်မွေးနဲ့လူ။ သိုင်းပညာ အရမ်းကောင်းတယ်"
နဉ်ရှောင်ယောင်း မုတ်ဆိတ်မွေးကို လှမ်းကြည့်လိုက်သည်။ နင်ပဲပေါ့။
"သူ..." ယင်းဖုန်းက ဖမ်းမိပြီလားလို့ မေးမလို့ရှိသေး။ နဉ်ရှောင်ယောင်းက မုတ်ဆိတ်မွေး၏ ခြေထောက်ကိုဆွဲပြီး ယင်းဖုန်းရှေ့သို့ တရွတ်တိုက် ဆွဲခေါ်လာသည်။
"သေချင်ယောင်မဆောင်နဲ့" နဉ်ရှောင်ယောင်း မုတ်ဆိတ်မွေး၏ ပါးကို ရိုက်လိုက်သည်။
မုတ်ဆိတ်မွေးမှာ မျက်နှာတစ်ခုလုံး သွေးတွေပေနေပြီး နှာခေါင်းရိုးကျိုးနေပြီဖြစ်သည်။ နဉ်ရှောင်ယောင်း ပါးရိုက်လိုက်တော့ နာလွန်းလို့ တုန်တက်သွားသည်။
ယင်းဖုန်းသည် ရှဲ့သော်ယင်းကို ချထားလိုက်ပြီး မုတ်ဆိတ်မွေး၏ လည်ပင်းကို ညှစ်လိုက်သည်။ ဒေါသတကြီး မေးလိုက်သည်။ "ပြောစမ်း... မင်းတို့ ဘယ်လိုလုပ် မြို့တော်အပြင်ဘက် ရောက်နေတာလဲ"
မုတ်ဆိတ်မွေး မျက်ဖြူလန်နေသော်လည်း အသံမထွက်ပေ။
နဉ်ရှောင်ယောင်း မြေကြီးပေါ်ထိုင်ပြီး နှုတ်ခမ်းစူလိုက်သည်။ "မေးနေစရာ မလိုပါဘူး။ အမတ်ချုပ်ကြီးရှဲ့ ကူညီတာနေမှာပေါ့"
"အမတ်ချုပ်ကြီးရှဲ့ ရှုံးနိမ့်သွားတာ မကြာသေးဘူး" ယင်းဖုန်း နဉ်ရှောင်ယောင်းကို ပြောပြသည်။ "နယ်စပ်ကနေ မြို့တော်ကိုလာဖို့ လနဲ့ချီ ကြာတာ။ ဒီလူတွေက အမတ်ချုပ်ကြီးရှဲ့ အကူအညီရပြီး ချက်ချင်းရောက်လာတာ မဖြစ်နိုင်ဘူး"
ယင်းဖုန်းပြောတာ ဟုတ်တယ်လို့ နဉ်ရှောင်ယောင်း တွေးမိလိုက်သည်။ စစ်သေနာပတိချုပ်တောင် လမ်းမှာပဲ ရှိသေးတာလေ။ အမတ်ချုပ်ကြီးရှဲ့က မိုဒူးနဲ့ ပူးပေါင်းမိပြီးတာနဲ့ ဒီမြောက်ပိုင်းသားတွေ ရောက်လာတာ မဖြစ်နိုင်ဘူး။ "ပြောစမ်း" နဉ်ရှောင်ယောင်း မျက်ဖြူလန်နေသော မုတ်ဆိတ်မွေးကို ကြည့်ပြီး မေးလိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့က မင်းတို့ခေါင်းဆောင် မိုဒူးနဲ့ ဘယ်တုန်းက ပူးပေါင်းလိုက်တာလဲ"
ယင်းဖုန်း လက်ကို နည်းနည်း လျှော့ပေးလိုက်သည်။
မုတ်ဆိတ်မွေး အခွင့်ကောင်းယူပြီး ပါးစပ်ဟကာ အသက်ရှူလိုက်သည်။
"မပြောရင် သာ့ဖုန်းကို လည်ပင်းညှစ်သတ်ခိုင်းလိုက်မယ်" နဉ်ရှောင်ယောင်း မုတ်ဆိတ်မွေးကို ခြိမ်းခြောက်လိုက်သည်။
မုတ်ဆိတ်မွေးက ပြောလိုက်သည်။ "မသိဘူး"
နဉ်ရှောင်ယောင်း လက်မြှောက်ပြီး မုတ်ဆိတ်မွေး၏ မျက်နှာကို ထပ်ရိုက်လိုက်သည်။ "ငါ အမုန်းဆုံးက အဲ့ဒီစကားလုံးပဲ"
မုတ်ဆိတ်မွေး၏မျက်နှာ ချက်ချင်း ရောင်ကိုင်းလာသည်။
"ခေါင်းဆောင်လုပ်တဲ့ကိစ္စကို ငါ့လိုလက်အောက်ငယ်သားက ဘယ်လိုသိမှာလဲ" မုတ်ဆိတ်မွေး မျက်နှာကိုအုပ်ပြီး အော်ပြောလိုက်သည်။ "ငါ့ကို သတ်လိုက်ပါတော့"
"ဟင်... နေပါဦး... ငါ မင်းရဲ့မေးရိုးကို ဖြုတ်ထားတာလေ" နဉ်ရှောင်ယောင်း သတိရသွားသည်။ "မင်း ဘယ်လိုလုပ် စကားပြောနိုင်သွားတာလဲ။ ဘယ်သူ ပြန်တပ်ပေးလိုက်တာလဲ"
မုတ်ဆိတ်မွေး တုန်လှုပ်သွားသည်။
နဉ်ရှောင်ယောင်း ပြန်စဉ်းစားကြည့်သည်။ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းရောဂါ ထဖောက်ပြီး မသိလိုက်ဘဲ ပြန်တပ်ပေးလိုက်တာများလား။
"အရှင်မင်းကြီး" ယင်းဖုန်းသည် နဉ်ရှောင်ယောင်းအရှေ့သို့ ခုန်အုပ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပွေ့ဖက်ကာ လှိမ့်ရှောင်လိုက်သည်။
နဉ်ရှောင်ယောင်း ကြောင်သွားစဉ် ဓားရိပ်တစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ မျက်တောင်တစ်ခါခတ်လိုက်ချိန်တွင် သတိမေ့နေသော ရှဲ့သော်ယင်း၏ လည်ပင်းပေါ်သို့ ဓားတစ်ချောင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ မြောက်ပိုင်းသားတစ်ဦးက ရှဲ့သော်ယင်းကို ဓားစာခံအဖြစ် ဖမ်းထားလိုက်ပြီ။
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို သူ့အနောက်တွင် ဝှက်ထားလိုက်သည်။ ထိုမြောက်ပိုင်းသားကို ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသော်လည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
"ယုံနင်ဧကရာဇ်" ထိုမြောက်ပိုင်းသားသည် ယင်းဖုန်းအနောက်မှ ခေါင်းပြူထွက်လာသော နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
"ဪ... မင်းကမှ ခေါင်းဆောင်အစစ်ကိုး" နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပြောလိုက်သည်။ "လူလွှတ်ပေးလိုက်။ မဟုတ်ရင် မင်းတို့ တာဝန်ပဲ"
"အရှင်မင်းကြီးကသာ လူလွှတ်ပေးသင့်တာပါ" ထိုမြောက်ပိုင်းသားသည် မုတ်ဆိတ်မွေးမရှိဘဲ ရုပ်ရည်သန့်ပြန့်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် မြောက်ပိုင်းသားဟု မထင်ရဘဲ ယုံနင်သားနှင့် တူနေသည်။ ယုံနင်စကားပြောတာလည်း ပီသသည်။ သူက ဓားကို လှည့်လိုက်ရာ ရှဲ့သော်ယင်း၏ လည်ပင်းပြတ်ရှသွားသည်။ "အရှင်မင်းကြီးက သူများအချစ်ရေးကို ကူညီချင်တယ်ဆိုရင် ကျွန်တော်တို့ကို သွားခွင့်ပြုပါ"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၃၈။ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ချေ
မြေကြီးပေါ်လဲကျနေသော မြောက်ပိုင်းသားများ ပြန်လည်လှုပ်ရှားလာသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် မြောက်ပိုင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လျှော့တွက်မိမှန်း သိလိုက်သည်။ မြောက်ပိုင်းသားတွေက တော်တော် အရိုက်ခံနိုင်တာပဲ။
"လူလွှတ်ပေးလိုက်" မြောက်ပိုင်းခေါင်းဆောင် ယင်းဖုန်းကို ပြောလိုက်သည်။ နဉ်ရှောင်ယောင်းက ယင်းဖုန်းအနောက်မှာ ပုန်းနေတော့ သူက ယင်းဖုန်းကိုပဲ ပြောရတော့တာပေါ့။
ယင်းဖုန်း အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့ ထွက်ပြေးလို့လွတ်မယ် ထင်နေလား"
"ဒါဆို မင်းက ဒီမိန်းမကို သေစေချင်တာလား" ခေါင်းဆောင်က ဓားကို လှည့်လိုက်ရာ ရှဲ့သော်ယင်း၏ လည်ပင်းဒဏ်ရာမှ သွေးများ ထပ်မံစီးကျလာသည်။
နာကျင်မှုကြောင့် ရှဲ့သော်ယင်း သတိပြန်ဝင်လာသည်။
"မင်းရဲ့မိန်းမကို သေစေချင်လား" ခေါင်းဆောင်က ယင်းဖုန်းကို ထပ်မေးပြန်သည်။
နဉ်ရှောင်ယောင်းသည် ယင်းဖုန်း၏ ခါးကိုဖက်ထားပြီး ဘေးမှ ချောင်းကြည့်လိုက်ရာ ယင်းဖုန်း အံကြိတ်ထားသဖြင့် မေးရိုးများ တင်းမာနေသည်ကို တွေ့လိုက်ရသည်။
ရှဲ့သော်ယင်း မျက်လုံးဖွင့်လိုက်သည်။ မြောက်ပိုင်းသားက သူမကို ဓားစာခံလုပ်ထားမှန်း သိလိုက်ရပြီး ရှေ့တွင် ယင်းဖုန်း ရပ်နေသည်ကို မြင်လိုက်ရသောအခါ အခြေအနေကို သဘောပေါက်သွားသည်။ မြောက်ပိုင်းသားက သူမကိုသုံးပြီး ယင်းဖုန်းကို ခြိမ်းခြောက်နေတာပဲ။
"လွှတ်ပေးလိုက်" ခေါင်းဆောင် အသံဩဩဖြင့် ပြောလိုက်သည်။
ယင်းဖုန်း ဘာမှပြန်မပြောပေ။ သူ့မျက်နှာထားကို ကြည့်ရုံဖြင့် သူတို့ကို လွှတ်ပေးဖို့ စိတ်ကူးမရှိကြောင်း သိသာနေသည်။
"ကြည့်ရတာ မင်းရဲ့ယောကျာ်းက မင်းကို မကယ်ချင်ဘူးထင်တယ်" ခေါင်းဆောင် ခေါင်းငုံ့ပြီး ရှဲ့သော်ယင်းကို ပြောလိုက်သည်။
သူစိမ်းယောကျာ်းတစ်ယောက်၏ အသက်ရှူသံက နားနားကပ်ပြီး ကြားနေရသဖြင့် ရှဲ့သော်ယင်း ရွံရှာသွားသည်။ သို့သော် ပါးစပ်ပိတ်ထားပြီး ဘာမှပြန်မပြောပေ။ သူမ ဘာကြောင့် မသေသေးလဲဆိုတာ မသိပေမယ့် ယင်းဖုန်းကို ဒုက္ခရောက်တာ မမြင်ချင်တာတော့ သေချာသည်။ ဒါကြောင့် ရှဲ့သော်ယင်းသည် ယင်းဖုန်း စိတ်မသက်မသာဖြစ်အောင် ဘာမှမလုပ်တော့ပေ။
ခေါင်းဆောင် စကားဆက်မပြောတော့ပေ။ တစ်ယောက်က သခင်ကို သစ္စာစောင့်သိချင်တယ်။ တစ်ယောက်က ချစ်သူအတွက် အသေခံချင်တယ်။ သူ ဘာပြောစရာ ရှိဦးမှာလဲ။ ဓားကို ရှဲ့သော်ယင်း၏ လည်ပင်းထဲသို့ ဖိနှစ်လိုက်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "မင်း နောင်တမရစေနဲ့"
"နောင်တရရအောင် မင်းနှမမို့လို့လား"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းအနောက်မှ ခုန်ထွက်လာပြီး ခေါင်းဆောင်၏ ခေါင်းပေါ်သို့ အမြောက်ဆံကဲ့သို့ ကျရောက်ကာ မြေကြီးပေါ် လဲကျသွားစေသည်။ ခေါင်းဆောင် သတိမေ့သွားလား၊ မမေ့သွားလား ဂရုမစိုက်တော့ဘဲ နဉ်ရှောင်ယောင်းသည် သူ့ပေါ်ခွထိုင်ပြီး လက်သီးဖြင့် ထိုးနှက်လေတော့သည်။ လူသားအဆင့်မမီသေးဘဲနဲ့ သူများတွေကို လာခြိမ်းခြောက်နေသေးတယ်။
ရှဲ့သော်ယင်း ကြောင်နေစဉ် တစ်စုံတစ်ယောက်က သူမလက်ကို ဆွဲယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမသည် လုံခြုံနွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ ရောက်ရှိသွားသည်။
ယင်းဖုန်းသည် ရှဲ့သော်ယင်းကို ပွေ့ဖက်ပြီး နောက်ဆုတ်လိုက်သည်။ နဉ်ရှောင်ယောင်း လက်သီးဖြင့် အားပါပါ ထိုးနှက်နေပုံကိုကြည့်ပြီး ယင်းဖုန်း ကိုယ့်ကိုယ်ကိုယ် အားငယ်သွားမိသည်။ အရှင်မင်းကြီးက ဒီလောက်စွမ်းနေမှတော့ သူတို့ နဂါးအစောင့်တွေက ဘာလုပ်ဖို့လိုသေးလဲ။
ရှဲ့သော်ယင်းသည် ယင်းဖုန်း၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ထားသည်။ ခဏကြာမှ ယင်းဖုန်း၏ ရင်ဘတ်တစ်ခုလုံး မျက်ရည်များဖြင့် စိုရွှဲသွားသည်။ ရှဲ့သော်ယင်း အသံမထွက်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
နဉ်ရှောင်ယောင်းသည် ခေါင်းဆောင်ကို မဲမဲမြင်ရာ ထိုးနှက်လိုက်သည်။ နောက်ဆုံးတွင် ခေါင်းဆောင် မလှုပ်မယှက် ငြိမ်သက်သွားမှ စိတ်ချသွားသော်လည်း လက်မောင်းရိုးနှစ်ချောင်းကို ထပ်ချိုးလိုက်သည်။ အရိုးနှစ်ချောင်းကျိုးရုံနဲ့ မသေနိုင်ဘူး။ ဒါကြောင့် နဉ်ရှောင်ယောင်း စိတ်မလုံတာမျိုး မဖြစ်မိပေ။
....
နောက်ထပ် နှစ်နာရီခန့် ကြာသောအခါ ရှဲ့သော်ယင်းသည် ယင်းဖုန်း၏ရင်ခွင်ထဲတွင်ငိုရင်း အိပ်ပျော်သွားသည်။ နဉ်ရှောင်ယောင်းသည် မြေကြီးပေါ်ရှိ မြောက်ပိုင်းသားများကို တစ်ခေါက် ထပ်မံဆုံးမလိုက်ပြီး အတော်ကြာ ထိုင်ငေးနေပြီးမှ ယင်းယွီသည် နဂါးအစောင့်တပ်ဖွဲ့နှင့်အတူ မောကြီးပန်းကြီး ရောက်ရှိလာသည်။
"ပြန်ကြစို့။ နန်းတော်ပြန်ကြမယ်" ယင်းယွီ ရောက်လာသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း မတ်တတ်ထရပ်ပြီး ဖုန်ခါလိုက်ကာ ပြောလိုက်သည်။ "ပြန်ရောက်ရင် ဒုသခင်လေးဖေ့ကို သူတို့ကို ရှင်းခိုင်းလိုက်"
ယင်းယွီသည် မြေကြီးပေါ်မှ မြောက်ပိုင်းသားများကို ကြိုးတုပ်ပြီး သယ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။ ယင်းဖုန်း၏ ရင်ခွင်ထဲမှ ရှဲ့သော်ယင်းကို ကြည့်ပြီး စကားပြောချင်သော်လည်း မပြောဖြစ်ပေ။ သူ့အစ်ကိုကြီး အဖမ်းခံရတာ ဒီမိန်းမနဲ့ မကင်းဘူးဆိုတာ သေချာတယ်။
နဉ်ရှောင်ယောင်း ခြေဖျားထောက်ပြီး ယင်းယွီ၏ပခုံးကို ဖက်လိုက်ကာ ပြောလိုက်သည်။ "ယင်းယွီ... အစ်ကိုကြီးရဲ့ မိန်းမဆိုတာ အမေလိုပဲဆိုတဲ့စကား ကြားဖူးလား"
"ဘာ" ယင်းယွီ သူ့သခင်မ စကားကို နားမလည်လိုက်ပေ။
နဉ်ရှောင်ယောင်း အနောက်ကို မေးငေါ့ပြလိုက်သည်။
ယင်းယွီ: "..." သူတို့နှစ်ယောက် တကယ် ဖြစ်သွားကြပြီလား။
"လေးစားမှုရှိရမယ်" နဉ်ရှောင်ယောင်း ယင်းယွီ၏ ပခုံးကို ပုတ်လိုက်သည်။
ယင်းယွီ အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။ "ကျွန်တော့်အမေက စောစောစီးစီး ဆုံးသွားတာပါ"
နဉ်ရှောင်ယောင်း: "..." နင်က မိန်းကလေး ၅ကို အမေတော်ချင်ရင်တောင် သူက လက်ခံပါ့မလား မေးကြည့်ပါဦး။
"သီလရှင်ကျောင်းကလူတွေကို ဘယ်လိုလုပ်မလဲ" ခဏလမ်းလျှောက်လာပြီးမှ ယင်းယွီ ရုတ်တရက် မေးလိုက်သည်။
"ဆက်ပြီး တရားအားထုတ်ခိုင်းလိုက်လေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဘာလုပ်ရဦးမှာလဲ"
ယင်းယွီက သူ့သခင်က သဘောထားကြီးလွန်းတယ်လို့ ခံစားလိုက်ရသည်။ သီလရှင်ကျောင်းသေးသေးလေးထဲကနေ မြောက်ပိုင်းသားတွေ အများကြီး ထွက်လာတာကို အရှင်မင်းကြီးက စိတ်မပူဘူးလား။ "ကျွန်တော် သူတို့ကို ဖမ်းထားလိုက်ပြီ" ယင်းယွီ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေက သူတို့သီလရှင်ကျောင်းကနေ ထွက်လာတာလေ။ သူတို့ နန်းတော်ကို တစ်ခုခုရှင်းပြရမယ်"
"ဒါဆို စစ်ဆေးလိုက်လေ။ ဒုသခင်လေးဖေ့ကိုတော့ မစစ်ခိုင်းနဲ့။ သူက အရမ်းရက်စက်တယ်။ ဆရာလေးတို့ကို လန့်သွားစေလိမ့်မယ်"
ယင်းယွီ မေးလိုက်သည်။ "အရှင်မင်းကြီး... ဒုသခင်လေးဖေ့က ဘာလုပ်ခဲ့လို့လဲ"
"သူ့ပါးစပ်က အရမ်းဆိုးတယ်" နဉ်ရှောင်ယောင်း ရွံရှာသလို မျက်နှာထားဖြင့် ပြောလိုက်သည်။
ယင်းယွီ ဘာမှပြန်မပြောတော့ပေ။ ဖေ့ယင်ရဲ့ပါးစပ်ကတော့ တကယ် အရိုက်ခံချင်စရာကောင်းတာပဲ။
.....
ပါးစပ်အရိုက်ခံချင်စရာကောင်းသော ဖေ့ယင်သည် ထိုနေ့ည သန်းခေါင်ယံအချိန်တွင် နဉ်ရှောင်ယောင်းရှေ့ ရောက်လာသည်။
"ကိစ္စက ဒီလိုပဲ" နဉ်ရှောင်ယောင်း ဖြစ်ပျက်ခဲ့သမျှကို ဖေ့ယင်အား ပြောပြလိုက်သည်။
ဖေ့ယင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် ဘယ်လို အုတ်ခဲနဲ့ရိုက်သတ်ခဲ့လဲ၊ ကမ္ဘာကျော်အောင် ချောမောခန့်ညားကြောင်း ပြောတာတွေ ဖယ်လိုက်ရင် အရေးကြီးတဲ့အချက်က တစ်ချက်တည်းပဲ ရှိသည်။ မြို့တော်ဆင်ခြေဖုံးက သီလရှင်ကျောင်းမှာ မြောက်ပိုင်းသားတစ်စု ပုန်းအောင်းနေတယ် ဆိုတာပဲ။
"လူတွေ ဖမ်းမိပြီဆိုတော့ ဒုသခင်လေးဖေ့ ညချင်းပြီး စစ်ဆေးတော့မလား" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မေးလိုက်သည်။
ဖေ့ယင် မေးလိုက်သည်။ "အရှင်မင်းကြီး... စစ်သေနာပတိချုပ်လို ဘယ်ရောက်နေပြီလဲ"
"မသိဘူးလေ... လမ်းမှာပဲ ရှိဦးမှာပေါ့"
"စစ်သေနာပတိချုပ်ကို အန်းယွမ်ကို အမြန်ဆုံးပြန်ရောက်အောင် စာရေးလိုက်ပါ" ဖေ့ယင် မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။
"ဟင်"
"မြောက်ပိုင်းသားတွေက သီလရှင်ကျောင်းမှာ ပုန်းနေကြတယ်။ မိန်းကလေး ၅အကြောင်းလည်း သိနေကြတယ်" ဖေ့ယင် နဉ်ရှောင်ယောင်းအနား တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒါက ရှဲ့ဝမ်ယွမ်နဲ့ မြောက်ပိုင်းသားတွေ စောစောကတည်းက ပူးပေါင်းနေကြတယ်ဆိုတာ ပြနေတာပဲ"
"မင်းလည်း ဒီလိုပြောတာပဲလား" နဉ်ရှောင်ယောင်း စိတ်လှုပ်ရှားလာသည်။
"အရှင်မင်းကြီး... အခုပဲ စာရေးလိုက်ပါ" ဖေ့ယင် တိုက်တွန်းလိုက်သည်။
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမ လိုကျစ်ကွေ့ဆီရေးမယ့်စာက စားပွဲပေါ်မှာ ရှိနေသေးသည်။
"စာသွားပို့မယ့်လူက ယင်းဖုန်း ဒါမှမဟုတ် တခြားတပ်မှူးတစ်ယောက်ယောက်ဖြစ်ရင် ပိုကောင်းမယ်" ဖေ့ယင် အကြံပြုလိုက်သည်။
"အဲ့လောက်ထိ လိုလို့လား"
ဖေ့ယင် ပြောလိုက်သည်။ "ယင်းဖုန်းတို့ကို ဝူရွှမ်းမြို့အခြေအနေ သွားကြည့်ခိုင်းတာပါ"
နဉ်ရှောင်ယောင်း မျက်လုံးအရောင်လက်သွားပြီး မေးလိုက်သည်။ "ငါ လိုက်သွားလို့ ရမလား"
ဖေ့ယင် ပြုံးလိုက်သည်။ "ဒါဆို ဒီကြားထဲ သူပုန်တွေ ထပ်ပြီးပြဿနာရှာရင် နန်းတွင်းအမတ်တွေက ဝူရွှမ်းမြို့အထိလိုက်ပြီး အရှင်မင်းကြီးကို လာရှာရမှာလား"
နဉ်ရှောင်ယောင်း မျက်နှာငယ်သွားသည်။
"ရှဲ့ဝမ်ယွမ်က စစ်တပ်မထူထောင်ခင်ကတည်းက သူ့အတွက် ထွက်ပေါက်ရှာထားခဲ့တာပဲ" ဖေ့ယင်သည် နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြသည်။ "သူ ရှန့်နုံနဲ့ ဆက်သွယ်ထားသလို အခုကြည့်ရတာ မိုဒူးနဲ့လည်း ဆက်သွယ်ထားပုံရတယ်။ ဒါက ရှဲ့ဝမ်ယွမ် သူ့အတွက် ပြင်ဆင်ထားတဲ့ ထွက်ပေါက်နှစ်ခုဆိုရင်တော့ မကြောက်ရပါဘူး"
နဉ်ရှောင်ယောင်း အလိုလိုနေရင်း စိတ်လှုပ်ရှားလာပြန်သည်။ "ဒါဆို ဘာက ကြောက်စရာကောင်းတာလဲ"
"ကြောက်စရာကောင်းတာက ဒါ လမ်းကြောင်းတစ်ခုတည်း ဖြစ်နေမှာကိုပဲ" ဖေ့ယင်သည် နဉ်ရှောင်ယောင်းရှေ့ရှိ စားပွဲကို ခေါက်လိုက်သည်။
နဉ်ရှောင်ယောင်း နားမလည်လိုက်ပေ။ "လမ်းကြောင်းတစ်ခုတည်း?"
"သုံးဖွဲ့ပေါင်းပြီး တိုက်ခိုက်တာမျိုးလေ"
နဉ်ရှောင်ယောင်း ကြောင်သွားသည်။ ဝိုင်းတိုက်ခံရတော့မှာလား။
"အဲ့လိုမဟုတ်ဖို့ မျှော်လင့်ရတာပဲ" ဖေ့ယင် နောက်တစ်လှမ်းဆုတ်ပြီး နဉ်ရှောင်ယောင်းကို ဦးညွှတ်လိုက်သည်။ "ကျွန်တော်မျိုး အခုပဲ ရှင်းစစ်ဆေးရေးဌာနသွားပြီး မြောက်ပိုင်းသားတွေကို စစ်ဆေးလိုက်ပါဦးမယ်"
"ရုပ်ရည်အသန့်ဆုံးကောင်က ခေါင်းဆောင်ပဲ။ မုတ်ဆိတ်မွေးနဲ့ကောင်က ဒုတိယခေါင်းဆောင်" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မှာကြားလိုက်သည်။
ဖေ့ယင် ခေါင်းညိတ်ပြီး အခန်းထဲမှ အမြန်ထွက်ခွာသွားလေသည်။
နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်သည်။ ဝိုင်းတိုက်မခံရပါစေနဲ့။
အခန်းအပြင်ဘက်တွင် ယင်းဖုန်းသည် ခြံဝင်းထဲသို့ ဝင်လာပြီး ဖေ့ယင်သည် ခြံဝင်းအပြင်သို့ ထွက်သွားသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့ဆုံမိကြသည်။
ဖေ့ယင် ခြေလှမ်းရပ်တန့်လိုက်ပြီး ယင်းဖုန်းအနောက်ကို တစ်ချက်ကြည့်လိုက်သည်။ တိုးတိုးလေး မေးလိုက်သည်။ "မိန်းကလေး ၅ အဆင်ပြေသွားပြီလား"
ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။
"ငါသာ မင်းဆိုရင် သူ့မျိုးရိုးနာမည် ပြောင်းခိုင်းလိုက်မယ်" ဖေ့ယင် ပြောလိုက်သည်။ "ရှဲ့မိသားစုကဆင်းသက်လာတဲ့ ဇနီးသည်ရှိနေရင် နောင်ကျ အရှင်မင်းကြီးက မင်းကို ရာထူးတိုးပေးချင်ရင်တောင် နန်းတွင်းအမတ်တွေက ကန့်ကွက်ကြလိမ့်မယ်"
"တော်ပါတော့" နဉ်ရှောင်ယောင်း အခန်းဝတွင် ရပ်ပြီး လှမ်းအော်လိုက်သည်။ "သူ့ဘာသာတောင် ကောင်းကောင်း မစဉ်းစားရသေးဘူး။ သူ့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါလား"
ဖေ့ယင်သည် ယင်းဖုန်း၏ပခုံးကို ပုတ်လိုက်ပြီး ဘေးမှ ဖြတ်လျှောက်သွားသည်။
နဉ်ရှောင်ယောင်း ယင်းဖုန်းကို လက်ပြလိုက်သည်။ "သာ့ဖုန်း... စာကြည့်ခန်း သွားရအောင်"
စာကြည့်ခန်းထဲရောက်သောအခါ စာစောင့်ပေးနေသော လောင်တကို ပွေ့ချီလိုက်ပြီး နဉ်ရှောင်ယောင်း စာရေးလိုက်သည်။ ပြီးသောအခါ ယင်းဖုန်းကို ပေးဖတ်လိုက်သည်။ "သာ့ဖုန်း... ကြည့်ပါဦး။ ငါ ရေးထားတာ ရှင်းရဲ့လား"
ယင်းဖုန်း စာကို ဖတ်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း၏ လက်ရေးကတော့ ထုံးစံအတိုင်း ကြက်ခြေထောက်နဲ့ရေးထားသလိုပင်။ သို့သော် ယင်းဖုန်းက မြင်ဖန်များနေပြီဖြစ်၍ အသားကျနေပြီဖြစ်သည်။ စာကို အစအဆုံး ဖတ်ပြီးနောက် ယင်းဖုန်း ပြောလိုက်သည်။ "အရှင်မင်းကြီး ရေးထားတာ ရှင်းပါတယ်။"
နဉ်ရှောင်ယောင်းသည် စာထဲတွင် 'ငါ နင့်ကို လွမ်းတယ်။ နင်ရော ငါ့ကို လွမ်းလား' ဟု ထပ်ဖြည့်ရေးလိုက်သည်။
ယင်းဖုန်း အဲ့ဒီစာကြောင်းကို မြင်လိုက်ရသောအခါ တစ်မျိုးကြီး ခံစားလိုက်ရသည်။
"ယင်းလေကို သွားခိုင်းလိုက်ချင်တယ်" စာကို စာအိတ်ထဲ ထည့်လိုက်ပြီး နဉ်ရှောင်ယောင်း ယင်းဖုန်းကို အကြံဉာဏ်တောင်းလိုက်သည်။
"အမိန့်ပေးလိုက်ရုံပါပဲ" ယင်းဖုန်း ပြောလိုက်သည်။
လက်အုပ်ချီပြီး နဉ်ရှောင်ယောင်း ဆုတောင်းလိုက်သည်။ "ဝိုင်းတိုက်တာ မဖြစ်ပါစေနဲ့။ ဝူရွှမ်းမြို့ မကျပါစေနဲ့။ မဖြစ်ပါစေနဲ့... မဖြစ်ပါစေနဲ့..."
ယင်းဖုန်း: "..."
....
ယင်းလေသည် နဉ်ရှောင်ယောင်း၏ လက်ရေးစာကို ယူဆောင်ပြီး ထိုနေ့ညချင်း မြောက်ဘက်သို့ ထွက်ခွာသွားလေသည်။ လိုကျစ်ကွေ့နောက်သို့ လိုက်ရန်ဖြစ်သည်။
ရှင်းစစ်ဆေးရေးဌာနတွင် မြောက်ပိုင်းသားအများအပြား ရိုက်နှက်ခံရပြီး သေဆုံးကုန်ကြသော်လည်း ဖေ့ယင် ဘာသတင်းမှ မရရှိခဲ့ပေ။
"သူတို့ တကယ် မသိကြတာဖြစ်မယ်" နန်းဆောင်သို့ ပြန်ရောက်သောအခါ ဖေ့ယင်သည် တစ်ညလုံး မအိပ်ရသေးသော နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။
နဉ်ရှောင်ယောင်း မျက်နှာငယ်လေးဖြင့် ဖေ့ယင်ကို ကြည့်နေသည်။
"အခု ရှဲ့ဝမ်ယွမ်က အမှောင်ထဲမှာရှိနေပြီး အရှင်မင်းကြီးက အလင်းထဲမှာရှိနေတယ်" ဖေ့ယင် ပြောလိုက်သည်။ "အခြေအနေက အရှင်မင်းကြီးဘက်မှာ အားနည်းနေတယ်"
"မင်းပြောမှပဲ ငါက ငတုံးတစ်ယောက်လို့ ခံစားရတော့တယ်" နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့ လက်ထဲမှာ စစ်တပ်ရှိတုန်းကလည်း ငါ သူ့ကို မနိုင်ဘူး။ အခု လက်ထဲမှာ စစ်တပ်မရှိတော့တာတောင် သူက အသာစီးရနေတုန်းပဲ။ ဒုသခင်လေးဖေ့... ငါ ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေရတာလဲဟင်"
"နောက်ဆုံးအကြိမ်ပါ" ဖေ့ယင် ပြောလိုက်သည်။
"ဘာ"
"ဒါက ရှဲ့ဝမ်ယွမ်ရဲ့ နောက်ဆုံးနည်းလမ်းပါပဲ" ဖေ့ယင် ပြုံးလိုက်သည်။ သူ ပြုံးလိုက်တော့မှ သဘောကောင်းမည့်ပုံ ပေါက်သွားသည်။ "ဒါကြောင့်... အရှင်မင်းကြီး... ဒီတစ်ခါပြီးရင် ရှဲ့ဝမ်ယွမ်အတွက် ထွက်ပေါက် မရှိတော့ပါဘူး"
"ဒါပေမဲ့" နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်ပြီး စိတ်ညစ်ညူးစွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီတစ်ခါ ငါတို့ ကျော်ဖြတ်နိုင်ပါ့မလား။ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ ပေါင်းတိုက်ရင် ငါတို့က ရှေ့ကော နောက်ကော အတိုက်ခံရမှာလေ"
"သူတို့ ပူးပေါင်းမယ်ဆိုရင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ လိုအပ်တယ်" ဖေ့ယင် ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေက ယုံနင်ထဲ ဘယ်လိုဝင်လာမလဲ၊ သူပုန်တွေက မြို့တော်ဝန်းကျင်ကို ဘယ်လိုဝင်လာမလဲဆိုတာ ကျွန်တော်မျိုး မသိပေမယ့်..."
"နေပါဦး... မြို့တော်ဝန်းကျင် ဟုတ်လား"
"တစ်ချက်တည်းနဲ့ အပြတ်ရှင်းတယ်ဆိုတာ အရှင်မင်းကြီးကို သတ်တာကို ပြောတာပါ" ဖေ့ယင် နဉ်ရှောင်ယောင်းကိုကြည့်ပြီး တခြားသူတွေ မပြောရဲသော အမှန်တရားကို ပြောလိုက်သည်။
နဉ်ရှောင်ယောင်း သေချင်စိတ် ပေါက်သွားသည်။ မြို့တော်ဝန်းကျင်က ပြည်သူတွေကို သူမ အားနာလိုက်တာ။
"အရှင်မင်းကြီး... မြို့တော်ဝန်းကျင်ကို စစ်တပ်တွေ ခေါ်လိုက်ပါ" ဖေ့ယင် တိုးတိုးလေး ပြောလိုက်သည်။ "အမှောင်ထဲမှာ ဘာတွေပဲဖြစ်နေပါစေ... မြို့တော်ဝန်းကျင်ကို ရန်သူလက်ထဲ မကျရောက်စေဖို့ အရှင်မင်းကြီး အာမခံရပါမယ်"
***