← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 22 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 22 Ch. 339-340

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၃၉ ။ အရှင်မင်းကြီး ကိုယ်ဝန်ရှိနေပြီ

တပ်ချထားရေးကိစ္စကို နဉ်ရှောင်ယောင်း နားမလည်သောကြောင့် ဖေ့ယင်ကိုသာ အားကိုးရပြီး သူ့ကို စစ်သူကြီးများနှင့် တိုင်ပင်ခိုင်းရသည်။

"နောက်ဆက်ပြီး ဘာလုပ်ရမလဲ" တစ်ယောက်တည်း ကျန်ခဲ့သောအခါ နဉ်ရှောင်ယောင်း လောင်တနှင့် ရှောင်ပိုင်ကို မေးလိုက်သည်။

ရှောင်ပိုင်သည် မြေကြီးပေါ်တွင် ဝပ်လျက် "ရှောင်ယောင်း... ထမင်းစားမလား။ အွန်း..." ဟု မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်သည်။ မြို့တော်မှာ စစ်ဖြစ်တော့မယ်။ စားချင်စိတ် ဘယ်ရှိပါ့မလဲ။ ဗိုက်ဆာနေတာတော့ မှန်ပေမယ့်။

လောင်တ နဉ်ရှောင်ယောင်းကို မော့ကြည့်ပြီး "စစ်သေနာပတိချုပ်ကို လွမ်းတယ်" ဟု ပြောလိုက်သည်။ ဒီငတုံးမလေး စစ်သေနာပတိချုပ်ကို မေ့သွားမှာ ကြောက်ရသည်။

နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လျက် ရှိနေဆဲ။ ဒီကြောင်ဝတုတ်ကို အားကိုးမိတာ မှားသွားပြီ။

"စစ်သေနာပတိချုပ်ရှိနေသရွေ့ မြောက်ပိုင်းသားတွေ ဝူရွှမ်းမြို့ကို မသိမ်းနိုင်ပါဘူး" လောင်တ ထပ်ပြောပြန်သည်။

နဉ်ရှောင်ယောင်း စိတ်ရှုပ်ထွေးနေသည်။ အမတ်ချုပ်ကြီးရှဲ့က တရားရုံးချုပ်ထဲ လုပ်ကြံသတ်ဖြတ်သူ လွှတ်လိုက်တယ်။ မြို့တော်ဆင်ခြေဖုံးက သီလရှင်ကျောင်းထဲကိုလည်း မြောက်ပိုင်းသားတွေ ရောက်လာအောင် လုပ်ထားတယ်။ ဟိုတစ်စ ဒီတစ်စနဲ့ ရှုပ်ထွေးနေပေမယ့် ဒါက ခွေးအိုကြီးရဲ့ ပရိယာယ်များ ဖြစ်နေမလား။ သူ့ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားတာများလား။

"အမတ်ချုပ်ကြီးက ငါ့အတွက် အကွက်ကြီးကြီး ပြင်ထားတာ သေချာတယ်" နဉ်ရှောင်ယောင်း ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်ကို လေးနက်စွာ ပြောလိုက်သည်။

လောင်တ ခေါင်းခါလိုက်သည်။ ဒီလိုကိစ္စမျိုးကို ကြောင်တစ်ကောင်က ဘယ်လိုလုပ် သိနိုင်မှာလဲ။

ရှောင်ပိုင်ကတော့ ခေါင်းတောင် မမော့ပေ။

"ဒုသခင်လေးဖေ့ ပြောတယ်။ မြောက်ပိုင်းသားတွေ ဘယ်လိုဝင်လာမလဲ၊ သူပုန်တွေ ဘယ်လိုဝင်လာမလဲဆိုတာ မသိဘူးတဲ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါဆိုရင် မြောက်ပိုင်းသားတွေက ဝင်လာမှာ သေချာတယ်။ သူပုန်တွေလည်း မြို့တော်ကို လာတိုက်မှာ သေချာတယ်"

လောင်တ ခြေသည်းကို လျှာဖြင့်လျက်ပြီး "ဒါဆို ဘာလုပ်မလဲ" ဟု မေးလိုက်သည်။

နဉ်ရှောင်ယောင်း မြေပုံသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ခုခု မစဉ်းစားရင် ထမင်းတောင် စားချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။

.....

တပ်ချထားရေး အမိန့်ပြန်တမ်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ စစ်တိုက်မယ်လို့ ဘယ်သူမှ ထုတ်မပြောပေမယ့် မြို့တော်အခြေအနေက တစ်ညတည်းနဲ့ တင်းမာသွားသည်။ သို့သော် အရင်တစ်ခေါက် အတွေ့အကြုံရှိထားသဖြင့် မြို့တော်သူမြို့သားများ ထိတ်လန့်တကြား ထွက်ပြေးခြင်း မရှိကြတော့ပေ။

နဉ်ရှောင်ယောင်း ရက်အတော်ကြာ မြေပုံကြည့်ခဲ့သော်လည်း စစ်ရေးအမြင်မရှိသဖြင့် မြေပုံပေါ်က နာမည်တွေ အလွတ်ရတာကလွဲပြီး ဘာမှမထူးခြားပေ။ နောက်ဆုံးတွင် သူမ ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး မြို့ရိုးကို ပြန်လည်ပြုပြင်မွမ်းမံရန် အလုပ်သမားများ ငှားရမ်းလိုက်သည်။ ဘယ်အချိန် အတိုက်ခံရမလဲ မသိပေမယ့် မြို့ရိုးခိုင်ခန့်အောင် လုပ်ထားတာ မမှားပါဘူးလေ။

တစ်ဖက်တွင် စစ်ပြင်ဆင်နေသလို တစ်ဖက်တွင်လည်း ဒုက္ခသည်များ နေရာချထားရေး၊ လယ်ယာမြေခွဲဝေရေး၊ မျိုးစေ့ဝေငှရေး၊ ခရီးစရိတ်နှင့် တစ်နှစ်စာ စားစရိတ် ထောက်ပံ့ရေးများကို ဆက်လက်လုပ်ဆောင်နေသည်။ ထိုက်ဟွာနန်းဆောင်အောက်မှ ရတနာသိုက်သည် ဤသို့ဖြင့် ကုန်သွားလေသည်။

နဉ်ရှောင်ယောင်းသည် ဗလာဖြစ်သွားသော မြေအောက်ခန်းထဲတွင် ခဏကြာရပ်နေပြီးမှ ခေါင်းငိုက်စိုက်ချကာ ပြန်ထွက်လာခဲ့သည်။ ထိုအချိန်မှစ၍ နန်းတွင်းသူများနှင့် အမတ်များအားလုံး အရှင်မင်းကြီးထံမှ "ပိုက်ဆံမရှားဘူး" ဆိုသော စကားကို မကြားရတော့ပေ။

....

လဝက်ကျော် ကုန်လွန်သွားခဲ့ပြီ။ အမတ်ချုပ်ကြီးရှဲ့ လှုပ်ရှားမှုမရှိသလို လိုကျစ်ကွေ့ဆီကလည်း သတင်းမကြားရပေ။ နဉ်ရှောင်ယောင်းသည် ကိုယ့်ကိုယ်ကိုယ် ဆင်းရဲသားပြန်ဖြစ်အောင် လုပ်လိုက်သည်မှလွဲ၍ အခြားဘာမှ မလုပ်ခဲ့ပေ။ နေ့တိုင်း အတိုက်ခံရမယ့်ရက်ကို စောင့်နေရတာ ပင်ပန်းတယ်လို့ ညည်းညူနေပေမယ့် ထမင်းစားတာတော့ မလျော့သွားပေ။

တစ်နေ့တွင် ပြတင်းပေါက်အပြင်ဘက်မှ စာကလေးများ စကားပြောသံကြောင့် နဉ်ရှောင်ယောင်း နိုးလာသည်။ ကုတင်ပေါ်တွင်လှိမ့်နေစဉ် ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားသည်။

လောင်တသည် ခေါင်းအုံးပေါ်တွင် အိပ်နေသည်။ နဉ်ရှောင်ယောင်း တောင့်တင်းသွားသည်ကို မြင်တော့ "ငတုံးမလေး... ခါးနာသွားတာလား" ဟု လှောင်ပြောင်လိုက်သည်။

နဉ်ရှောင်ယောင်း ပက်လက်လှန်လိုက်ပြီး ဗိုက်ကို လက်ဖြင့်ဖိကာ လောင်တကို "ပါးစပ်ပိတ်ထား" ဟု အော်လိုက်သည်။

နဉ်ရှောင်ယောင်း ဗိုက်ကိုကိုင်ထားသည်ကိုမြင်တော့ လောင်တက "ဗိုက်ဆာပြန်ပြီလား" ဟု မေးလိုက်သည်။ စစ်သေနာပတိချုပ်က ဒီငတုံးမလေးကို အိမ်ခေါ်သွားရင် ကျွေးနိုင်ပါ့မလား။ ကြမ်းပြင်ပေါ်ရှိ အိပ်ရာထဲတွင် အိပ်နေသော ရှောင်ဟွာကို ကြည့်ပြီး လောင်တ သူ့ဘဝလေး ကောင်းမွန်ကြောင်း တွေးမိလိုက်သည်။ ရှောင်ဟွာက ဆောက်လုပ်ရေးအမတ်ကြီးအိမ်က ကျောင်ကျောင်ထက် အများကြီး သာတယ်။ ရှောင်ဟွာက ကြွက်ဖမ်းတတ်တယ်။ သူ့အမွှေးတွေကို လျှာနဲ့သန့်ရှင်းပေးတတ်တယ်။ အရေးအကြီးဆုံးက သူ့အတွက် ကြောင်ကလေးတွေ မွေးပေးချင်တယ်။

နဉ်ရှောင်ယောင်းသည် ဗိုက်ကိုကိုင်ပြီး မျက်လုံးမှိတ်ထားသည်။ အာရုံစိုက်ဖို့ လိုအပ်နေသည်။

လောင်တ ခဏစောင့်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း သေလူလို ငြိမ်သက်နေသည်ကို မြင်တော့ စိတ်ပူလာသည်။ မနေ့ညက ဒီငတုံးမလေး ထမင်းတစ်အိုးလုံး တစ်ယောက်တည်း ကုန်အောင်စားလိုက်တာလေ။ အစားလွန်ပြီး ဖြစ်သွားတာများလား။ "ရှောင်ယောင်း... ဘာဖြစ်လို့လဲ" လောင်တ လက်သည်းဖြင့် နဉ်ရှောင်ယောင်း၏ ပါးကို ပုတ်လိုက်သည်။

နဉ်ရှောင်ယောင်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ လက်ကို ဖယ်လိုက်ပြီး လောင်တကို တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ဗိုက်ထဲမှာ ကလေးတစ်ယောက် ရှိနေပြီ"

လောင်တ: Σ(△ °|||)

နဉ်ရှောင်ယောင်း မေးလိုက်သည်။ "ဘာလို့ ဘာမှမပြောတာလဲ"

လောင်တ ပါးကို ကုတ်လိုက်ပြီး မေးသည်။ "စစ်သေနာပတိချုပ်နဲ့ ရတာလား"

နဉ်ရှောင်ယောင်း: "..."

"မြောင်... မြောင်... မြောင်..." လောင်တ ကုတင်ပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်ပြီး အော်ဟစ်လိုက်သည်။ "စစ်သေနာပတိချုပ်မှာ ကလေးရတော့မယ်။ စစ်သေနာပတိချုပ်မှာ ကလေးရတော့မယ်"

နဉ်ရှောင်ယောင်း ဗိုက်ကိုပိုက်ပြီး လှိမ့်နေပြန်သည်။ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်နေသည်။ ဝမ်းသာလိုက်တာ။ ငါ့မှာ ကလေးရတော့မယ်။ လဝက်လောက် စိတ်ဆင်းရဲခဲ့ရပေမယ့် ကိစ္စကောင်းတစ်ခုတော့ ကြုံလိုက်ရပြီ။ ကမ္ဘာပျက်ကပ်တုန်းက ဖုတ်ကောင်တွေကြောင့် လူသားမျိုးနွယ် မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရတာ။ မျိုးဆက်ပြန့်ပွားစေမယ့် ကလေးငယ်လေးတွေက လူသားတွေရဲ့ ရတနာတွေပဲ။ ဒီကမ္ဘာမှာ ကလေးတွေ မရှားပေမယ့် ဒီအတွေးအခေါ်က နဉ်ရှောင်ယောင်းစိတ်ထဲ စွဲမြဲနေတုန်းပဲ။

"ရှောင်ယောင်း" လောင်တ နဉ်ရှောင်ယောင်း၏ ခေါင်းဘေးသို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။ "ဒီတစ်ခါတော့ နင် တခြားယောက်ျားနောက် လိုက်ပြေးလို့ မရတော့ဘူး။ လူသားယောကျာ်းတွေက ပထွေးမလုပ်ချင်ကြဘူးဆိုတာ ငါ သိတယ်"

ရှောင်ဟွာ အိပ်ရာထဲမှ ထွက်လာပြီး ကုတင်ဆီသို့ ပြေးလာစဉ် ကြောင်ထီးကြီး သူ့ခေါင်းပေါ်မှ ကျော်ပြီး အခန်းပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ ရှောင်ဟွာ ကြောင်သွားသည်။

"ထွက်သွားစမ်း" နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။

"ငတုံးမလေး... နင် ကံတရားကို လက်ခံလိုက်ပါတော့" လောင်တ အခန်းပြင်မှ လှမ်းအော်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား" နဉ်ရှောင်ယောင်း ပြန်အော်လိုက်သည်။

လောင်တ အခန်းပြင်တွင် သီချင်းဆိုနေသည်။ ပျော်လွန်းလို့။

ရှောင်ဟွာသည် နဉ်ရှောင်ယောင်းကို ကြည့်လိုက်၊ တံခါးဝကို ကြည့်လိုက် လုပ်နေပြီး အပြင်ထွက်ကာ ကြောင်ထီးကြီးကို သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။ ဗိုက်ဆာပြီ။ ငါးခြောက်လေး စားချင်တယ်။

ရှောင်ဟွာ ဗိုက်ဆာတယ်ပြောမှ လောင်တ ငြိမ်သွားသည်။ သူ့မိန်းမကို အစာကျွေးရဦးမယ်လေ။

ကြောင်နှစ်ကောင် ပြေးထွက်သွားသံ ကြားမှ နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် ဆက်လှိမ့်နေပြန်သည်။ ဝမ်းသာလိုက်တာ။ ကလေးရတော့မယ်။ စိတ်ဆင်းရဲစရာတွေကို ခဏမေ့ပြီး ကောင်းကောင်း စားသောက်လိုက်ဦးမယ်။

နဉ်ရှောင်ယောင်း ကုတင်ပေါ်မှဆင်းပြီး မီးဖိုချောင်သို့ ပြေးသွားသည်။ သတင်းကောင်းကို သူငယ်ချင်းများနှင့် မျှဝေလို့မရသေးသော်လည်း ယင်းဖုန်းကို ထမင်းဖိတ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။

လောင်တနှင့် ရှောင်ဟွာ အစာရှာထွက်ကြသည်။ လမ်းမှာတွေ့တဲ့ တိရစ္ဆာန်လေးတွေ အကုန်လုံးကို လိုက်ပြောပြသည်။ စစ်သေနာပတိချုပ်မှာ ကလေးရတော့မယ်။ ရှောင်ယောင်းဗိုက်ထဲမှာတဲ့။

ထို့ကြောင့် ထိုနေ့တွင် ယင်းဖုန်းတို့ နဉ်ရှောင်ယောင်း၏ ထမင်းဖိတ်ကျွေးခြင်းကို နားမလည်နိုင်စွာ ခံယူလိုက်ရသည်။ မြို့တော်တစ်ခုလုံးရှိ တိရစ္ဆာန်လေးများအားလုံး နဉ်ရှောင်ယောင်း ကိုယ်ဝန်ရှိနေပြီဆိုတာ သိသွားကြသည်။

....

ရက်အတော်ကြာ နဉ်ရှောင်ယောင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။ အကြီးအကဲလီဆိုလျှင် အရှင်မင်းကြီး ရတနာသိုက် နောက်တစ်နေရာ ထပ်တွေ့ပြန်ပြီလားဟု သံသယဝင်လာသည်။

"ဘာ" ယင်းဖုန်းသတင်းပို့တာကြားတော့ နဉ်ရှောင်ယောင်း မပြုံးနိုင်တော့ပေ။

"အရှင်မင်းကြီး... ဘာဖြစ်လို့လဲ" ယင်းဖုန်း စိုးရိမ်တကြီး မေးလိုက်သည်။

"အဲ..." နဉ်ရှောင်ယောင်း စားပွဲပေါ်မှ မုန့်ဘူးကို ကြည့်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ဒီရက်ပိုင်း အမတ်ချုပ်ကြီးရှဲ့ဆီက လှုပ်ရှားမှုမရှိဘူး။ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေလည်း ပေါ်မလာဘူး။ ဒါကြောင့် အမတ်ချုပ်ကြီးရှဲ့ သေသွားပြီများလားလို့ တွေးနေတာ"

ယင်းဖုန်း: "..." ရှဲ့ဝမ်ယွမ်လို လူမျိုးက ဒီလောက်လွယ်လွယ် သေပါ့မလား။

"ရတနာသိုက် မတွေ့ပါဘူး" နဉ်ရှောင်ယောင်း မုန့်ဖြူတစ်တုံး ယူစားလိုက်ပြီး ယင်းဖုန်းကိုလည်း တစ်တုံး ပေးလိုက်သည်။ "ငါ ပျော်လို့ပါ... ဟားဟားဟား"

"ရှဲ့ဝမ်ယွမ်ဆီက သတင်းဘာမှ မကြားရဘူးလား" ယင်းဖုန်း မုန့်ကိုကိုင်ထားပြီး စားချင်စိတ် မရှိပေ။

"ဘယ်သူသိမှာလဲ။ သူ သေသွားပြီလည်း ဖြစ်နိုင်တာပဲ" နဉ်ရှောင်ယောင်း ရယ်မောလိုက်ပြန်သည်။ သူမ ကံဆိုးမိုးမှောင်ကျနေရာမှ ကံကောင်းလာပြီလား။ "သာ့ဖုန်း စဉ်းစားကြည့်... တကယ်လို့ အမတ်ချုပ်ကြီးက ရေထဲပြုတ်ကျသေတာ၊ ထမင်းစားရင်း သီးပြီးသေတာ၊ လမ်းလျှောက်ရင်း လှည်းတိုက်ခံရတာ၊ အိမ်ပြိုပြီး ပိသေတာတွေ ဖြစ်နိုင်တယ်လေ"

ယင်းဖုန်းသည် နဉ်ရှောင်ယောင်းလောက် အကောင်းမြင်စိတ်မရှိနိုင်သဖြင့် ကြောင်ကြည့်နေမိသည်။

"ဟူး..." နဉ်ရှောင်ယောင်း မုန့်ကို ကုန်အောင်စားလိုက်သည်။ သူမ ဘယ်လိုလုပ်ပြီး တာဝန်ယူမှုကင်းမဲ့စွာ ထွက်ပြေးရမလဲဆိုတာ စဉ်းစားရဦးမည်။ ဗိုက်ကြီးလာရင် နန်းတော်ထဲကလူတွေကို ဘယ်လိုရှင်းပြရမလဲ။ နဉ်ရှောင်ယောင်း ယင်းဖုန်းကို မေးလိုက်သည်။ "သာ့ဖုန်း... ငါ ဝလာတယ်လို့ ထင်လား"

ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို အပေါ်အောက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "မဝပါဘူး"

နဉ်ရှောင်ယောင်း ပါးကို ဆွဲပြလိုက်သည်။

ယင်းဖုန်း နားမလည်ပေ။ "အရှင်မင်းကြီးက ဝချင်လို့လား"

"နည်းနည်း ဝတာမဟုတ်ဘူး။ အများကြီး ဝချင်တာ" နဉ်ရှောင်ယောင်း လက်ကားပြလိုက်သည်။ သူမခန္ဓာကိုယ်ထက် နှစ်ဆလောက် ပိုဝချင်ကြောင်း ပြလိုက်သည်။

"ဒါပေမဲ့ အရှင်မင်းကြီး... မိဖုရားခေါင်ကြီး နတ်ရွာစံကြောင်း ကြေညာထားတာ မကြာသေးဘူးလေ" ယင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ "အခုအချိန်မှာ ဝလာတာ သိပ်မကောင်းဘူး ထင်တယ်"

"ဒါဆို ၅ လလောက်နေရင်ရော" နဉ်ရှောင်ယောင်း သတိထားမေးလိုက်သည်။

ယင်းဖုန်း နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ အရှင်မင်းကြီး ဘာလုပ်ချင်နေတာလဲ။ ၅ လနေရင် ဝလာမယ်ဆိုတာ ဘယ်သူက အာမခံနိုင်လို့လဲ။ တစ်ခါမှ မကြားဖူးဘူး။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဝတယ်ဆိုတဲ့ အကြောင်းပြချက်က အလုပ်မဖြစ်ဘူး။ အမြန်ဆုံး နည်းလမ်းရှာရမယ်။

နဉ်ရှောင်ယောင်း နောက်ထပ် တစ်လကျော်လောက် စဉ်းစားခဲ့သည်။ ရာသီဥတုက နွေရာသီမှ ဆောင်းဦးရာသီသို့ ပြောင်းလဲသွားသည်။ ထိုက်ဟွာနန်းဆောင်ရှိ ပန်းများ ကြွေကျကုန်ပြီး သစ်ရွက်များ ဝါပြီး ကြွေကျကုန်သည်။ နဉ်ရှောင်ယောင်း နည်းလမ်းရှာမတွေ့သေးပေ။ သို့သော် လိုကျစ်ကွေ့ဆီမှ စာရောက်လာသည်။

"စစ်သေနာပတိချုပ် အန်းယွမ်ကို ပြန်ရောက်ပြီ။ ယင်းလေနဲ့လည်း တွေ့ပြီးပြီတဲ့" စာဖတ်ပြီးနောက် နဉ်ရှောင်ယောင်း ဖေ့ယင်နှင့် ယင်းဖုန်းတို့ကို ပြောပြလိုက်သည်။ "နယ်စပ်က မြောက်ပိုင်းသားတွေဆီမှာ ဘာထူးခြားမှုမှ မရှိဘူးတဲ့။ နောက်ရက်နည်းနည်းလောက်နေလို့ အခြေအနေအေးဆေးရင် မြို့တော်ကို လာခဲ့မယ်တဲ့"

ဖေ့ယင် မေးလိုက်သည်။ "ဒါပဲလား"

"အင်း" နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ "စစ်သေနာပတိချုပ်က ငါ့ကိုလွမ်းတယ်တဲ့"

ဖေ့ယင် တိတ်ဆိတ်သွားသည်။ လိုကျစ်ကွေ့က အဖားတော်တာပဲ။

"ဒါဆို စစ်ဖြစ်မှာ မဟုတ်တော့ဘူးလား" ယင်းဖုန်း သံသယဖြင့် မေးလိုက်သည်။

နဉ်ရှောင်ယောင်း စားပွဲကို ရိုက်လိုက်ပြီး ပြောသည်။ "အမတ်ချုပ်ကြီး သေသွားပြီဖြစ်ရမယ်"

ဖေ့ယင်သည် နဉ်ရှောင်ယောင်း အသေအချာ သိမ်းဆည်းထားသော စာကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ "လူယုတ်မာက အသေခက်ပါတယ်။ ရှဲ့ဝမ်ယွမ် သေပြီလို့ ကျွန်တော်မျိုး မယုံဘူး"

"ဒါဆို မြောက်ပိုင်းသားတွေဆီကလည်း ဘာသတင်းမှ မကြားရဘူး။ အမတ်ချုပ်ကြီးက သူပုန်တွေကြားထဲ ရောနှောနေတာများလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

ဒီမေးခွန်းကို ဖေ့ယင် မဖြေနိုင်ပေ။

"ငါ ဆုံးဖြတ်လိုက်ပြီ။ ဖူဝမ်ကို မြို့တော်ကို ဖိတ်လိုက်မယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။

"ဖူဝမ်?" ဖေ့ယင် အံ့ဩသွားသည်။ "အရှင်မင်းကြီးက ဖူဝမ်ကို ဘာကိစ္စရှိလို့လဲ"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ အခု မြို့တော်က မင်းသားတွေ တစ်ယောက်မှ အသုံးမကျဘူး။ နဉ်ရှင်းကိုလည်း လိုကျစ်ကွေ့ ခေါ်သွားပြီ။ ဒါကြောင့် ဖူဝမ်ကိုခေါ်ပြီး တော်ဝင်မျိုးနွယ်တွေထဲမှာ ဧကရာဇ်လုပ်နိုင်မယ့်သူ ရှိမရှိ မေးကြည့်ရမယ်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၄၀ ။ အရှေ့တောင်ဘက်လို့ ကုန်သည်က ပြောတယ်

ဖူဝမ်ကို မြို့တော်သို့ဖိတ်ခေါ်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်ပြီးနောက် နဉ်ရှောင်ယောင်း စာရေးစားပွဲတွင် ထိုင်ကာ လိုကျစ်ကွေ့ထံ စာပြန်ရေးရန် ပြင်လိုက်သည်။ သူမ ကိုယ်ဝန်ရှိနေသည့်ကိစ္စကို ကလေးအဖေကို ပြောပြရမည်လေ။ စာပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်ယောက် ခိုးဖတ်သွားရင် ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီးနဉ်က "ကိုယ်ဝန်ရှိတယ်" ဆိုတဲ့ စာလုံးလေးပဲရေးမှာပါ။ ဒီစာလုံးရဲ့ အဓိပ္ပာယ်ကို သူမနဲ့ အိပ်ခဲ့ဖူးတဲ့ စစ်သေနာပတိချုပ်လိုကလွဲလို့ ဘယ်သူက နားလည်နိုင်မှာလဲ။

.....

နဉ်ရှောင်ယောင်း စာရေးနေချိန်တွင် လိုကျစ်ကွေ့သည် ဝူရွှမ်းမြို့ရှိ လိုအိမ်တော်ထဲသို့ ဝင်ရောက်လာသည်။ ယုံနင်တွင် စာပေပညာကိုသာ အလေးထားပြီး စစ်ရေးကို လျစ်လျူရှုထားသော်လည်း ဝူရွှမ်းမြို့သည် နယ်စပ်မြို့ဖြစ်သဖြင့် စစ်ရေးကို အလေးထားသည်။ လိုမိသားစုသည် ဝူရွှမ်းမြို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သဖြင့် လိုအိမ်တော်သည် ဝူရွှမ်းမြို့တွင် အကြီးဆုံးနှင့် အခမ်းနားဆုံး အိမ်တော်ကြီးဖြစ်သည်။

"ဦးလေး (၄)"

ကောင်လေးတစ်ယောက်သည် လိုကျစ်ကွေ့၏ ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး အော်ခေါ်လိုက်သည်။

လိုကျစ်ကွေ့ ဒူးထောက်ထိုင်ချလိုက်ပြီး တူလေးကို ပွေ့ဖက်ကာ ပြုံး၍ ပြောလိုက်သည်။ "ဦးလေး (၄) ပြန်ရောက်ပြီ"

လိုနန်သည် လိုကျစ်ကွေ့၏ လည်ပင်းကို ဖက်ထားပြီး မလွှတ်တမ်း တွယ်ကပ်ထားသည်။ "ဦးလေး (၄) ဒီတစ်ခါ ဘာလို့ အကြာကြီး သွားနေတာလဲ"

လိုကျစ်ကွေ့သည် တူလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီးမှ လွှတ်ပေးလိုက်ကာ "ဦးလေး (၄)ကို လွမ်းနေတာလား" ဟု မေးလိုက်သည်။

လိုနန် ခေါင်းညိတ်ပြလိုက်သည်။

ဒီဦးလေးနှင့် တူသည် တစ်ဦးကိုတစ်ဦး မှီခိုအားထားနေရသူများ ဖြစ်သော်လည်း လိုကျစ်ကွေ့သည် သူက ကံဆိုးမိုးမှောင်ကျတတ်သူဟု ယုံကြည်ထားသဖြင့် တစ်ဦးတည်းကျန်ရှိသော တူလေးကိုပါ ဒုက္ခပေးမိမှာစိုးသောကြောင့် သိပ်မရင်းနှီးခဲ့ပေ။ အချိန်အတော်ကြာ ခွဲခွာပြီးနောက် ပြန်တွေ့ကြရသဖြင့် လိုနန်သည် ဦးလေးဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့သော်လည်း ယခုအချိန်တွင်တော့ ဘာဆက်ပြောရမှန်းမသိဘဲ တိတ်ဆိတ်နေမိသည်။

လိုကျစ်ကွေ့ လိုနန်ကို အကဲခတ်ကြည့်လိုက်သည်။ ဆောင်းဦးရာသီ အစပိုင်းသာ ရှိသေးသော်လည်း တူလေးမှာ ဝါဂွမ်းအင်္ကျီ ထူထူကြီး ဝတ်ထားရပြီဖြစ်သည်။ လက်ကလေးကို ကိုင်ကြည့်လိုက်သောအခါ အေးစက်နေဆဲပင်။ ကလေးက ပိန်လွန်းပြီး ခေါင်းကြီးနေသလို ဖြစ်နေသည်။ လည်ပင်းသေးသေးလေးက ခေါင်းကြီးကြီးကို ထမ်းထားနိုင်ပါ့မလားဟု စိုးရိမ်စရာ ကောင်းလှသည်။

"ဦးလေး (၄)" လိုနန် မော့ကြည့်ပြီး ပြောလိုက်သည်။ "သား ထမင်းလည်း ကောင်းကောင်းစားတယ်။ ဆေးလည်း မှန်မှန်သောက်ပါတယ်"

ကလေးရှေ့တွင် လိုကျစ်ကွေ့ သက်ပြင်းမချရက်ပေ။ ပြုံးပြလိုက်ပြီး မတ်တတ်ထရပ်ကာ အိမ်ထဲသို့ ဝင်သွားလိုက်သည်။ လိုနန် လိုက်မီအောင် ခြေလှမ်းကို နှေးပေးထားသည်။

လိုနန်သည် ဦးလေးဖြစ်သူနှင့် ဘယ်လိုဆက်ဆံရမှန်း မသိသော်လည်း အနောက်မှ တကောက်ကောက် လိုက်ပါသွားလေသည်။

"ဒီတစ်ခေါက် သခင်လေးကို မြို့တော် ခေါ်သွားသင့်တယ်" ဖန်းထန်သည် အနောက်မှ လိုက်ပါလာရင်း ယင်းတျန့်ကို တီးတိုးပြောလိုက်သည်။ "အရှင်မင်းကြီးကို သခင်လေးရောဂါ ကြည့်ခိုင်းသင့်တယ်။ နေ့တိုင်း ဆေးသောက်နေရတာတောင် သခင်လေးနန်ရဲ့ ကျန်းမာရေးက ဘာလို့ မကောင်းလာတာလဲ"

ယင်းတျန့် မျက်ဖြူလှန်ပြလိုက်သည်။ ဒီလူက အရှင်မင်းကြီးကို သမားတော်မှတ်နေတာလား။

"အခန်းပြန်တော့လေ" အစည်းအဝေးခန်းမရှေ့ ရောက်သောအခါ လိုကျစ်ကွေ့ လှည့်ကြည့်ပြီး လိုနန်ကို ပြောလိုက်သည်။ "ဦးလေး (၄) ခဏနေရင် လာကြည့်မယ်"

"ဟုတ်ကဲ့" လိုနန် ခေါင်းညိတ်ပြီး အနောက်ဘက်အဆောင်များဆီသို့ ထွက်ခွာသွားလေသည်။

ယင်းတျန့် အံ့ဩသွားသည်။ စစ်သေနာပတိချုပ်လိုက နန်းတော်ထဲတုန်းက နဉ်ရှင်းကို ပွေ့ချီတာ ခဏခဏ မြင်ဖူးတယ်။ အခု ကိုယ့်တူအရင်းကျတော့ နဉ်ရှင်းလောက်တောင် ဂရုမစိုက်ဘူးလား။

လိုကျစ်ကွေ့ ယင်းတျန့်ကို လှမ်းကြည့်လိုက်သည်။

နဂါးအစောင့်တပ်မှူးလေး ခါးဆန့်လိုက်သည်။ ဘာကြောင့်မှန်းမသိ လိုကျစ်ကွေ့ကို ကြောက်နေမိသည်။

"ခဏနေရင် ငါတို့ မြို့ရိုးပေါ် တက်ကြည့်မယ်" လိုကျစ်ကွေ့သည် အစည်းအဝေးခန်းမထဲ ဝင်သွားရင်း ယင်းတျန့်ကို ပြောလိုက်သည်။ "ဝူရွှမ်းမြို့ရိုးကိုကြည့်ပြီးရင် မင်း မြို့တော်ကို အမြန်ဆုံး ပြန်လိုက်တော့"

"ဟုတ်ကဲ့" ယင်းတျန့် အမိန့်နာခံလိုက်သည်။ တိုင်းပြည်ကိစ္စ အရေးကြီးတာ တစ်ပိုင်း၊ နောက်တစ်ချက်က လိုကျစ်ကွေ့ဘေးမှာ နေရတာထက် အရှင်မင်းကြီးဘေးမှာနေရတာ ပိုလွတ်လပ်ပေါ့ပါးလို့လည်း ပါသည်။ အရင်တုန်းက သတိမထားမိပေမယ့် လိုကျစ်ကွေ့နဲ့ ခရီးအတူထွက်လာပြီးမှ နဉ်ရှောင်ယောင်းဘေးမှာနေရတာ ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းမှန်း ယင်းတျန့် သိလာရသည်။

....

"သခင်လေး... သွားရအောင်" လိုကျစ်ကွေ့တို့လူစု အစည်းအဝေးခန်းမထဲ ဝင်သွားပြီးနောက် စင်္ကြံထောင့်တွင် ရပ်နေသော လိုနန်ကို အစေခံလေး နျူဇီက ပြောလိုက်သည်။ "စစ်သေနာပတိချုပ်က အလုပ်ကိစ္စ ဆွေးနွေးရဦးမယ်လေ"

လိုနန်၏ မျက်နှာလေး ညှိုးငယ်သွားသည်။ တွေ့ရင် ပြောမယ့်စကားတွေ စဉ်းစားထားပေမယ့် တကယ်တမ်းကျတော့ ဘာမှမပြောလိုက်ရဘူး။

"သခင်လေး... စစ်သေနာပတိချုပ် အလုပ်ကိစ္စပြီးရင် သခင်လေးဆီ လာမှာပါ" နျူဇီ နှစ်သိမ့်ပေးလိုက်သည်။

အစည်းအဝေးခန်းမရှေ့တွင် စောင့်ကြပ်နေသော စစ်သည်များကို ကြည့်ပြီး လိုနန် ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။ "သူ လာမှာ မဟုတ်ဘူး"

အနောက်ဘက်သို့ ပြေးထွက်သွားသော သခင်လေးကိုကြည့်ပြီး နျူဇီ လိုက်ဖမ်းရန် ပြင်လိုက်သည်။ ၁၂ နှစ်သား ကောင်လေးလည်း သက်ပြင်းချတတ်နေပြီ။ စစ်သေနာပတိချုပ်က ဘယ်သူ့ကိုများ ရင်းရင်းနှီးနှီး ဆက်ဆံဖူးလို့လဲ။ သခင်လေးက ဘာလို့ ခေါင်းမာပြီး စစ်သေနာပတိချုပ်အနား ကပ်ချင်နေရတာလဲ။

...

လိုကျစ်ကွေ့သည် အစည်းအဝေးခန်းမတွင် တိုင်ပင်ဆွေးနွေးပြီး ယင်းတျန့်နှင့်အတူ မြို့ရိုးပေါ် တက်ကြည့်ရာ ညမိုးချုပ်သွားသည်။ လိုနန် အိပ်ပျော်သွားသည်အထိ ကတိပေးထားသော ဦးလေးဖြစ်သူ ပေါ်မလာခဲ့ပေ။

"သခင်လေး" နျူဇီ ကုတင်ဘေးတွင် ရပ်လျက် စောင်တစ်ထည် ကိုင်ထားသည်။ "အထိန်းတော်ကျိုးက ရာသီဥတု အေးလာပြီမို့ စောင်ထပ်ယူလာခိုင်းလို့ပါ"

လိုနန် အခန်းပြင်ဘက်မှ အသံကို နားစွင့်နေသော်လည်း ဘာမှမကြားရသဖြင့် စိတ်ပျက်လက်ပျက် မျက်လုံးမှိတ်လိုက်သည်။

နျူဇီ သက်ပြင်းချလိုက်ပြီး သခင်လေးကို စောင်ခြုံပေးလိုက်သည်။

စာကြည့်ခန်းထဲတွင် လိုကျစ်ကွေ့သည် သမားတော်နှင့် လိုနန်၏ အခြေအနေကို မေးမြန်းနေသည်။

"သခင်လေးက ဂရုစိုက်ပြီး နေမှရမယ်" အန်းယွမ်ခရိုင် ၆ ခုတွင် အတော်ဆုံး သမားတော်က လိုကျစ်ကွေ့ကို တိုးတိုးလေး ပြောပြသည်။ "စစ်သေနာပတိချုပ်... ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားထားပါတယ်"

သမားတော်ကျီက ဒီစကားကိုပဲ အမြဲပြောနေကြမို့ လိုကျစ်ကွေ့ အလွတ်ရနေပြီဖြစ်သည်။ လက်ထဲမှ ဆေးစာရွက် အထပ်လိုက်ကြီးကို ကြည့်ပြီး လိုကျစ်ကွေ့ တွေးလိုက်မိသည်။ ဒီတစ်ခါ သူသာ ကွပ်မျက်ကွင်းမှာ သေသွားခဲ့ရင် လိုနန်ဆိုတဲ့ ကလေးလေး ဘယ်လိုလုပ်မလဲ။ ရုတ်တရက် နဉ်ရှောင်ယောင်း၏ မျက်နှာလေး မျက်စိထဲ ပေါ်လာသည်။

"စစ်သေနာပတိချုပ်" သမားတော်ကျီ ပြောလိုက်သည်။ "နန်းတော်ထဲမှာ နတ်ဆေးဆရာတစ်ပါး ရှိတယ်လို့ ကြားမိပါတယ်။ အခွင့်အရေးရရင် စစ်သေနာပတိချုပ် သခင်လေးကိုခေါ်ပြီး မြို့တော်သွားကြည့်ပါလား"

လိုကျစ်ကွေ့ ဆေးစာရွက်များကို ချလိုက်ပြီး ပြောသည်။ "စစ်မဖြစ်ရင် မကြာခင် နန်အာကိုခေါ်ပြီး မြို့တော်သွားမယ်။ ဒီနှစ်တွေမှာ သမားတော်ကျီ ပင်ပန်းခဲ့ပါပြီ"

ပင်ပန်းခဲ့ပါပြီဆိုတဲ့ စကားကြောင့် သမားတော်ကျီ အံ့ဩဝမ်းသာသွားသည်။ အရင်တုန်းက လိုနန်ကို ဆေးကုပေးပြီးတိုင်း ဒီစစ်သေနာပတိချုပ်က ကျေးဇူးတင်စကားပြောပေမယ့် မျက်လုံးတွေက ရေခဲတမျှ အေးစက်နေတာ။ ဒီနေ့တော့ စစ်သေနာပတိချုပ်က သူ့ကို ပြုံးပြနေပါလား။

"ဆရာကြီးကျီကို လိုက်ပို့ပေးလိုက်" လိုကျစ်ကွေ့ အပြင်ဘက်ကို လှမ်းအော်လိုက်သည်။

အိမ်တော်ထိန်းအိုကြီး ဝင်လာပြီး သမားတော်ကျီကို ခေါ်ဆောင်သွားလေသည်။

လိုကျစ်ကွေ့သည် စာရွက်ဖြန့်ခင်းပြီး ယင်းတျန့် ယူသွားမည့်စာကို ရေးရန် ပြင်လိုက်သည်။ နဉ်ရှောင်ယောင်း၏ မျက်နှာလေး မျက်စိထဲ ထပ်ပေါ်လာသဖြင့် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြန်သည်။ အန်းယွမ်နယ်မြေထဲ ဝင်လာကတည်းက နယ်ခြားစောင့်တပ်မှူးတွေကို ဆင့်ခေါ်တွေ့ဆုံခဲ့ရာ မြောက်ပိုင်းသားတွေ ငြိမ်သက်နေကြောင်း သိရသဖြင့် လိုကျစ်ကွေ့ စိတ်အေးသွားရသည်။ နောက်ရက်နည်းနည်းလောက်နေလို့ နယ်စပ်အေးဆေးရင် လိုနန်ကိုခေါ်ပြီး မြို့တော်တက်မယ်။ နဉ်ရှောင်ယောင်းကို လိုနန်နဲ့ ပေးတွေ့ချင်တာ တစ်ကြောင်း၊ အဓိကကတော့ ဒီကောင်မလေးကို သူ လွမ်းနေပြီ။

စုတ်တံကို မင်တို့လိုက်စဉ် စာကြည့်ခန်းအပြင်ဘက်မှ စုန့်ကျင်း၏ အသံ ထွက်ပေါ်လာသည်။ "စစ်သေနာပတိချုပ်"

လိုကျစ်ကွေ့ စုတ်တံချလိုက်ပြီး "ဝင်ခဲ့" ဟု ပြောလိုက်သည်။

စုန့်ကျင်းသည် ကုန်သည်ပုံစံပေါက်သော လူလတ်ပိုင်းအရွယ် နှစ်ဦးနှင့်အတူ စာကြည့်ခန်းထဲ ဝင်လာသည်။

ထိုလူနှစ်ဦးကို မြင်သောအခါ လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဂါရဝပြုတာကို လက်ခံပြီးနောက် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"မင်းတို့ စစ်သေနာပတိချုပ်ကို ပြောပြလိုက်ပါ" စုန့်ကျင်းက ကုန်သည်နှစ်ဦးကို ပြောလိုက်သည်။

ကုန်သည်နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဘယ်ဘက်မှ ကုန်သည်က လိုကျစ်ကွေ့ကို ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... ကျွန်တော်မျိုးတို့ ဒီတစ်ခေါက် နယ်စပ်ထွက်သွားခဲ့ပါတယ်"

"လိုရင်းပဲ ပြော" စုန့်ကျင်း အေးစက်စွာ ပြောလိုက်သည်။

စုန့်ကျင်းစကားကြားတော့ ကုန်သည်နှစ်ဦး ကြောက်လန့်တကြား ဒူးထောက်ချလိုက်ကြသည်။

စုန့်ကျင်းက လိုကျစ်ကွေ့ကို ရှင်းပြသည်။ "စစ်သေနာပတိချုပ်... သူတို့က ဝူဒေသက ကုန်သည်တွေပါ။ ခိုးပြီး နယ်စပ်ထွက်သွားပြီး မြောက်ပိုင်းသားတွေနဲ့ အရောင်းအဝယ်လုပ်ခဲ့ကြတာပါ"

ခွင့်ပြုချက်မရှိဘဲ နယ်စပ်ထွက်ပြီး မြောက်ပိုင်းသားတွေနဲ့ အရောင်းအဝယ်လုပ်ရင် သေဒဏ်ပေးလေ့ရှိသည်။ သို့သော် စုန့်ကျင်းက ဒီလူနှစ်ယောက်ကို သူ့ရှေ့ခေါ်လာမှတော့ ထူးခြားမှုရှိလို့ နေမှာပေါ့။ လိုကျစ်ကွေ့ ကိုယ်ကိုကိုင်းလိုက်ပြီး ပြောလိုက်သည်။ "ပြောပါဦး"

"ကျွန်တော်မျိုးတို့ ဒီတစ်ခေါက် မြောက်ပိုင်းနန်းတော်ကို ရောက်ခဲ့ပါတယ်" ဘယ်ဘက်မှ ကုန်သည်က ဦးချရင်း ပြောလိုက်သည်။ "မြောက်ပိုင်းခေါင်းဆောင်က စစ်တပ်နဲ့အတူ နန်းတော်ကနေ ထွက်ခွာသွားပြီလို့ ကြားခဲ့ရပါတယ်"

လိုကျစ်ကွေ့ မေးလိုက်သည်။ "ကြားခဲ့ရတယ်? ဘယ်သူ့ဆီက ကြားတာလဲ"

"ကျွန်တော်မျိုး ဒီတစ်ခေါက် မြောက်ပိုင်းစစ်သူကြီးကတော်အတွက် ပိုးထည်တစ်သေတ္တာ သယ်သွားပေးတာပါ။ သူက ပြောပြတာပါ"

"သူ့ယောကျာ်းက မိုဒူးနဲ့အတူ လိုက်သွားတာလေ" ညာဘက်မှ ကုန်သည်က ဝင်ပြောသည်။

"မိုဒူးက စစ်တပ်ကို ဘယ်ခေါ်သွားတာလဲ" လိုကျစ်ကွေ့ ထပ်မေးပြန်သည်။

"မ... မသိပါဘူး" ကုန်သည်နှစ်ဦး ခေါင်းခါလိုက်ကြသည်။

လိုကျစ်ကွေ့ သူတို့ကို စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ "နောက်ဆုံးတစ်ခေါက် မေးမယ်။ မိုဒူး ဘယ်သွားတာလဲ"

ကုန်သည်နှစ်ဦး ခေါင်းမမော့ရဲကြပေ။

လိုကျစ်ကွေ့ ခဏစောင့်သော်လည်း အဖြေမရသဖြင့် စားပွဲကို ပုတ်လိုက်ပြီး စုန့်ကျင်းကို ပြောလိုက်သည်။ "ခေါ်ထုတ်သွားလိုက်တော့"

"အရှေ့... အရှေ့တောင်ဘက်" ညာဘက်မှ ကုန်သည် ရုတ်တရက် အော်ပြောလိုက်သည်။

လိုကျစ်ကွေ့နှင့် စုန့်ကျင်း ထိုကုန်သည်ကို ကြည့်လိုက်ကြသည်။

"ကျွန်တော်မျိုး လျှောက်ပြောတာ မဟုတ်ပါဘူး။ အရှေ့တောင်ဘက်ပါ" ထိုကုန်သည်က အလောတကြီး ပြောပြသည်။ "ကျွန်တော်မျိုး အဲ့ဒီအိမ်နောက်ဖေးက လှည်းပေါ်မှာ တောင်ပိုင်းမြက်တွေ တွေ့လိုက်တယ်။ နယ်စပ်အပြင်ဘက်မှာ အရှေ့တောင်ဘက်သွားမှပဲ အဲ့ဒီမြက်မျိုး ရှိတာပါ"

လိုကျစ်ကွေ့ ခေါင်းညိတ်ပြလိုက်သည်။ "ငါ မင်းတို့ကို မသတ်ဘူး"

"ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်... ကျေးဇူးတင်ပါတယ်" ကုန်သည် အကြိမ်ကြိမ် ဦးချလိုက်သည်။

ကိုယ်ရံတော်ဝင်လာပြီး ကုန်သည်နှစ်ဦးကို ခေါ်ထုတ်သွားသည်။

"မိုဒူးက စစ်တပ်နဲ့ အရှေ့တောင်ဘက်ကို သွားပြီး ဘာလုပ်မလို့လဲ" ကုန်သည်တွေ ထွက်သွားတာနဲ့ စုန့်ကျင်း မေးလိုက်သည်။

လိုကျစ်ကွေ့ စားပွဲပေါ်မှ စာရွက်လွတ်များကို စီလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှေ့တောင်ဘက် မဟုတ်ဘူး"

"ဘာ" စုန့်ကျင်း မျက်လုံးပြူးသွားသည်။ "ဟိုနှစ်ကောင် လျှောက်ပြောသွားတာလား"

"တိုက်ဆိုင်လွန်းနေတယ်" လိုကျစ်ကွေ့က စုန့်ကျင်းကို စင်ပေါ်မှ မြေပုံယူခိုင်းလိုက်သည်။ "ကုန်သည်နှစ်ယောက်စကားနဲ့ မိုဒူးရဲ့ လှုပ်ရှားမှုကို သိရလောက်အောင် ငါ ကံကောင်းမယ်မထင်ဘူး"

စုန့်ကျင်း မြေပုံကို စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ "ဒါဆို မိုဒူးက စစ်မထွက်ဘူးလား"

"သူ စစ်ထွက်လာပြီ။ ဒါပေမဲ့ ငါတို့ကို ဘယ်သွားလဲဆိုတာ မသိစေချင်ဘူး" လိုကျစ်ကွေ့ မြေပုံကို ကြည့်လိုက်သည်။ "အရှေ့တောင်ဘက်က ကျီမိသားစု စောင့်ကြပ်နေတဲ့ ရှန်ကူတောင်ကြားလမ်းလေ"

"စစ်သူကြီးကျီ ပြန်ရောက်နေပြီပဲ" စုန့်ကျင်း ပြောလိုက်သည်။

"ရှန်ကူတောင်ကြားလမ်း မဖြစ်နိုင်ဘူး" လိုကျစ်ကွေ့၏ အကြည့်များသည် အရှေ့တောင်ဘက်မှ အနောက်တောင်ဘက်သို့ ရွေ့သွားသည်။

စုန့်ကျင်းလည်း မြေပုံ၏ အနောက်တောင်ဘက်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "မိုဒူးက စစ်တပ်အကြီးကြီးနဲ့ဆိုရင် တောင်ကြားလမ်းကျဉ်းကျဉ်းလေးတွေကို ဘယ်လိုဖြတ်လာမှာလဲ"

လိုကျစ်ကွေ့ မြေပုံကို စိုက်ကြည့်နေပြီး ရေရွတ်လိုက်သည်။ "အရှင်မင်းကြီးစာထဲမှာ ဖုန်းမုဟိုင် အကယ်ခံရတယ်လို့ ပါတယ်"

"ဒီဖုန်းမုဟိုင်က မြို့တော်ဝန်းကျင်မှာ တာဝန်ကျတဲ့ စစ်သူကြီးလေ။ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ" စုန့်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။

"တကယ်လို့ ဖုန်းမုဟိုင်က အာရုံလွှဲဖို့ သက်သက်ပဲဆိုရင်ရော" လိုကျစ်ကွေ့ မေးလိုက်သည်။

စုန့်ကျင်း ကြောင်သွားသည်။

"ဟို ၂၈ ယောက်" လိုကျစ်ကွေ့သည် မြေပုံပေါ် လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "အဲ့ဒီ ၂၈ ယောက်ထဲမှာ..."

"မဖြစ်နိုင်ဘူး" စုန့်ကျင်း ခေါင်းခါလိုက်သည်။ "အဲ့ဒီ အပြစ်သား ၂၈ ယောက်က ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ဘူး"

လိုကျစ်ကွေ့သည် သူလက်ညှိုးထိုးထားသော နေရာကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။

"ဒါဆိုရင် အဲ့ဒီ ၂၈ ယောက်လုံးက ရှဲ့ဝမ်ယွမ်ရဲ့ အာရုံလွှဲဖို့ သက်သက်ပဲ ဖြစ်နေမှာပေါ့"

***

All Chapters