အခန်း (၃၄၁-၃၄၂)
Vol. 22 Ch. 341-342
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၁ ။ အရှင်မင်းကြီးနဲ့အတူ ထပ်သေချင်နေတဲ့ ဖူဝမ်
ဖန်းထန်၊ တန့်ရုံနှင့် ရှန်မုတို့ အိမ်ပြန်ရောက်ခါစ ရှိသေးသော်လည်း လိုကျစ်ကွေ့က အိမ်တော်သို့ ခေါ်လိုက်ပြန်သည်။
လိုကျစ်ကွေ့သည် မြေပုံပေါ်ရှိ တောင်ကြားလမ်းအချို့ကို လက်ညှိုးထိုးပြပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့ ခွဲထွက်ပြီး သွားကြည့်ကြ။ ထူးခြားမှုရှိရင် လူမသိစေနဲ့။ ငါ့ကို ပြန်သတင်းပို့"
"ဘာတွေ ထူးခြားနေလို့လဲ" ဖန်းထန်သည် သူသွားရမည့် ညကျီးကန်းတောင်ကြားကို မှတ်သားထားရင်း နားမလည်နိုင်စွာ မေးလိုက်သည်။ "ဒီတောင်ကြားလမ်းတွေက တပ်မှူးတွေက စစ်သေနာပတိချုပ်ဆီ လာတွေ့ပြီးပြီ မဟုတ်ဘူးလား"
"အခုပဲ သွားကြတော့" လိုကျစ်ကွေ့ ဖန်းထန်၏မေးခွန်းကို မဖြေဘဲ အမိန့်ပေးလိုက်သည်။ "ငါ့စကားကို မှတ်ထား။ ဘာတွေပဲတွေ့တွေ့ စိတ်မလောကြနဲ့"
လိုကျစ်ကွေ့က အကြောင်းမဲ့ ခိုင်းမှာမဟုတ်ဘူးဆိုတာသိသဖြင့် ဖန်းထန်တို့ ထပ်မမေးတော့ဘဲ အမိန့်နာခံကာ ကိုယ်ရံတော်များကို ခေါ်ဆောင်ပြီး အနောက်မြောက်ဘက်သို့ ညချင်း ထွက်ခွာသွားကြသည်။
"မင်း လူစုလိုက်တော့" ဖန်းထန်တို့ ထွက်သွားပြီးနောက် လိုကျစ်ကွေ့ စုန့်ကျင်းကို အမိန့်ပေးလိုက်သည်။
"မြောက်ပိုင်းသားတွေ ဝူရွှမ်းမြို့ကို လာတိုက်မှာလား" စုန့်ကျင်း မေးလိုက်သည်။
"သူတို့ လာတိုက်မယ်ဆိုရင် စောစောကတည်းက ရောက်နေလောက်ပြီ" လိုကျစ်ကွေ့ စုန့်ကျင်းကို ခေါင်းခါပြလိုက်သည်။ "နှစ်မျိုး ပြင်ဆင်ထားလိုက်။ မြောက်ပိုင်းသားတွေ တောင်ကြားလမ်းကို မကျော်သေးရင် ငါတို့ အသေခံ ခုခံမယ်။ တကယ်လို့ ကျော်သွားပြီဆိုရင် ငါတို့ ချက်ချင်း မြို့တော်ကို လိုက်သွားမယ်"
စုန့်ကျင်းသည် လိုကျစ်ကွေ့ဘေးတွင် အကြံပေးအရာရှိတစ်ဦးအဖြစ်နေခဲ့ရသူမို့ လိုကျစ်ကွေ့၏ စကားကို ကြားသည်နှင့် သဘောပေါက်လိုက်သည်။ မြောက်ပိုင်းစစ်တပ်က နယ်စပ်အပြင်ဘက်မှာရှိနေသေးရင် ပြဿနာမရှိပေမယ့် တောင်ကြားလမ်းကို ကျော်သွားပြီဆိုရင် အန်းယွမ်မှာ ဆက်နေမှာ မဟုတ်တော့ဘူး။ မြို့တော်ကို တိုက်ရိုက် ချီတက်သွားလိမ့်မယ်။
လိုကျစ်ကွေ့သည် မြေပုံပေါ်ရှိ မျဉ်းကြောင်းတစ်ကြောင်းကို ထောက်ပြလိုက်သည်။ မြွေတစ်ကောင်လို ကွေ့ကောက်နေသော ထိုမျဉ်းကြောင်း၏ အဆုံးသတ်သည် တောင်ဘက်ရှိ မြို့တော်ဖြစ်သည်။
"ဒီလမ်းကြောင်းက စစ်ချီလို့ရတဲ့ လမ်းကြောင်း မဟုတ်ဘူး" စုန့်ကျင်း လက်သီးဆုပ်လိုက်သည်။
"မြောက်ပိုင်းသားတွေက စောစောစီးစီး ဝင်လာပြီးသားဆိုရင်ရော" လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။ "အချိန်အလုံအလောက်ရရင် ဘယ်လမ်းမဆိုသွားလို့ရတာပဲလေ"
"ကျွန်တော် စစ်တပ်ကို သွားစုလိုက်ပါဦးမယ်" စုန့်ကျင်း ထွက်ခွာသွားသည်။
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်ပြီး တံခါးဝသို့ လှမ်းအော်လိုက်သည်။ "ယင်းတျန့်ကို သွားခေါ်လိုက်"
ယင်းတျန့် အိပ်ပျော်နေပြီဖြစ်သော်လည်း လိုကျစ်ကွေ့ ခေါ်ခိုင်းလိုက်သဖြင့် အိပ်ရာမှ ထလာရသည်။ လိုကျစ်ကွေ့၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အိပ်ချင်စိတ်များ ပျောက်ဆုံးသွားပြီး မေးလိုက်သည်။ "စစ်သေနာပတိချုပ်... မြောက်ပိုင်းသားတွေ ဝင်တိုက်နေပြီလား"
"မင်း မြို့တော်ကို အမြန်ပြန်လိုက်တော့" လိုကျစ်ကွေ့ ပြောလိုက်သည်။ "အရှင်မင်းကြီးကို တောင်ဘက်က ချင်းရွှမ်းဆီ ရှောင်တိမ်းခိုင်းလိုက်"
ယင်းတျန့် ကြောင်သွားသည်။ မြို့တော်မှာ နေလို့မရတော့ဘူးလား။
"မြောက်ပိုင်းသားတွေ တောင်ကြားလမ်းကို ကျော်လွန်သွားပြီ ဖြစ်လောက်တယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "ဒါကြောင့် မင်း မြို့တော်ကို အမြန်ပြန်ရမယ်"
"ရှဲ့ဝမ်ယွမ် လက်ချက်လား" ယင်းတျန့် မေးလိုက်သည်။
"ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် အခု အရေးကြီးဆုံးက အရှင်မင်းကြီး လုံခြုံဖို့ပဲ။ ငါ့အထင် မှားရင်လည်း မှားနိုင်ပါတယ်" လိုကျစ်ကွေ့သည် ခေါက်ထားသော စာရွက်လွတ်ကို တစ်ချက်ကြည့်လိုက်ပြီး ခါးကြားမှ ကျောက်စိမ်းပြားလေးကို ဖြုတ်ကာ ယင်းတျန့်ကို ပေးလိုက်သည်။ "ဒါကို အရှင်မင်းကြီးလက်ထဲ အရောက်ပေးလိုက်ပါ။ ငါ အမြန်ဆုံး လိုက်လာခဲ့မယ်။ စိတ်မပူနဲ့လို့ ပြောလိုက်ပါ"
ယင်းတျန့်သည် အတောင်ပံပေါက်ပြီး ပျံသန်းချင်စိတ် ပေါက်သွားသည်။ ကျောက်စိမ်းပြားကို သေချာသိမ်းဆည်းလိုက်ပြီး လိုကျစ်ကွေ့ကို အရိုအသေပေးကာ စာကြည့်ခန်းထဲမှ ထွက်ခွာသွားလေသည်။ လိုအိမ်တော်မှ အစေခံများက သူ့အတွက် ခရီးဆောင်အိတ်များ ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ယင်းတျန့်သည် ညတွင်းချင်း မြင်းစီးပြီး ဝူရွှမ်းမြို့မှ ထွက်ခွာကာ မြို့တော်သို့ ခရီးနှင်လေသည်။
.....
ဖန်းထန်တို့နှင့် ယင်းတျန့်တို့ လမ်းခရီးတွင် ရှိနေစဉ် ဖူဝမ်သည် အမိန့်တော်အတိုင်း မြို့တော်သို့ ရောက်ရှိလာသည်။ နဉ်ရှောင်ယောင်းကို တွေ့သောအခါ ဖူဝမ် အကဲခတ်ကြည့်လိုက်သည်။ သူပုန်တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီးတာတောင် အရှင်မင်းကြီးက အရပ်မရှည်လာသလို ဝလည်းမလာဘူး။ မျက်လုံးကို ဖယ်လိုက်ရင် မျက်နှာပေါ်မှာ ဘာမှမရှိတော့သလိုပဲ။
"ဦးလေး... ထိုင်ပါ" နဉ်ရှောင်ယောင်း ဖူဝမ်ကို ဖိတ်ခေါ်လိုက်သည်။
ဖူဝမ် ဝင်ထိုင်လိုက်သည်။ အရှင်မင်းကြီးအတွက် သူက ငွေရော လူရော စိုက်ထုတ်ပေးခဲ့ရတာလေ။ ထိုင်ပြီး စကားပြောခွင့်တော့ ရှိသင့်တာပေါ့။ "အရှင်မင်းကြီး... ကျွန်တော်မျိုးကို ဘာကိစ္စ ခေါ်တာလဲ မသိဘူး"
"အဲ..." နဉ်ရှောင်ယောင်း ဘယ်လိုပြောရမလဲ စဉ်းစားပြီးမှ ပြောလိုက်သည်။ "ကျွန်တော် ဦးလေးကို မေးစရာရှိလို့..."
"အရှင်မင်းကြီး" နဉ်ရှောင်ယောင်း စကားမဆုံးခင် ခန်းမအပြင်ဘက်မှ ယင်းဖုန်း၏ အလောတကြီး အသံ ထွက်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ" နဉ်ရှောင်ယောင်း လန့်သွားသည်။ မိန်းကလေး ၅က သာမန်အမျိုးသမီးဘဝနဲ့ မနေချင်တော့လို့ သတ်သေပြန်ပြီလား။
ယင်းဖုန်း အခန်းထဲ အမြန်ဝင်လာသည်။ ဖူဝမ်ကို နှုတ်ဆက်ဖို့ပင် သတိမရတော့ပေ။ "အရှင်မင်းကြီး... အယ်မြို့စားမင်းရဲ့ သားရောက်နေပါတယ်။ အယ်မြို့စောင့်စစ်သူကြီးက သစ္စာဖောက်ပြီး သူပုန်တွေကို တံခါးဖွင့်ပေးလိုက်လို့ မြို့စားမင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်တဲ့"
"ဒုန်း..."
ဖူဝမ် ထိုင်နေရာမှ ခုန်ထလိုက်ရာ ထိုင်ခုံပါ လဲကျသွားသည်။ "အယ်မြို့?" ဖူဝမ် ယင်းဖုန်းကို အော်မေးလိုက်သည်။
"ဟုတ်ပါတယ်"
အယ်မြို့ဆိုတာ ဘယ်နားမှာလဲဆိုတာ နဉ်ရှောင်ယောင်း သိသည်။ မြို့တော်ဝန်းကျင်နဲ့ တော်တော်ဝေးတာပဲ။
"ရေလမ်း" ဖူဝမ် နဉ်ရှောင်ယောင်းဘက် လှည့်ပြီး ပြောလိုက်သည်။ "သူပုန်တွေက ရေလမ်းကနေ မြို့တော်ဝန်းကျင်ကို ဝင်လာကြတာပဲ"
ဟုတ်သားပဲ... အယ်မြို့မှာ တူးမြောင်းဆိပ်ကမ်း ရှိတယ်လေ။ နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။
"မြို့စားမင်းရဲ့ သားကို အမြန်ခေါ်လိုက်" နဉ်ရှောင်ယောင်း အမိန့်မပေးရသေးခင် ဖူဝမ်က ယင်းဖုန်းကို ပြောလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့" နဉ်ရှောင်ယောင်းလည်း ထောက်ခံလိုက်သည်။ "သူ့ကို ခေါ်လိုက်ပါ"
ယင်းဖုန်း လူခေါ်ရန် ထွက်သွားသည်။
ဖူဝမ်သည် နဉ်ရှောင်ယောင်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ "အဲ့ဒီလူက အယ်မြို့ကနေ မြို့တော်အထိ ပြေးလာတာဆိုတော့ သူပုန်တွေ ရေလမ်းကလာရင်..." ဖူဝမ် မျက်လုံးပြူးပြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ "အခုဆို သူပုန်တွေ မြို့တော်ဝန်းကျင်ကို ရောက်နေလောက်ပြီ"
နဉ်ရှောင်ယောင်း ခံစားလိုက်ရသည်မှာ ကံတရားက သူမဘက်မှာ မရှိဘူးဆိုတာပါပဲ။ အမတ်ချုပ်ကြီးရှဲ့ မသေသေးဘဲ သူမကို ဆက်ပြီး ဒုက္ခပေးနေတုန်းပဲ။
"အယ်မြို့စောင့်စစ်သူကြီးက..." ဖူဝမ် ဆက်လက် လမ်းလျှောက်နေပြန်သည်။ "ဒီစစ်သူကြီးက ရှဲ့ဝမ်ယွမ်နဲ့ ပတ်သက်နေတာလား"
နဉ်ရှောင်ယောင်း လက်ဖြန့်လိုက်သည်။ သူမ ဘယ်သိမှာလဲ။
"အရှင်မင်းကြီးက လူလွှတ်ပြီး မစစ်ဆေးခိုင်းဘူးလား" ဖူဝမ် နဉ်ရှောင်ယောင်းကို စိုက်ကြည့်လိုက်သည်။
"စစ်ဆေးပါတယ်" နဉ်ရှောင်ယောင်း အပြစ်ကင်းသလို ပြောလိုက်သည်။ "အကြီးအကဲလီ ကိုယ်တိုင် စစ်ဆေးတာပါ"
"လီဝူချီလား" ဖူဝမ် ပြောလိုက်သည်။ "ဒီအဘိုးကြီးက အလုပ်မဖြစ်ပါဘူးကွာ။ ရှဲ့ဝမ်ယွမ်နဲ့ တစ်သက်လုံးပြိုင်လာပြီး ဘာမှလည်း ဖြစ်မလာဘူး"
....
ယင်းဖုန်းသည် အယ်မြို့စားမင်း၏ သားကို ခေါ်ဆောင်လာသည်။
နဉ်ရှောင်ယောင်း ကြည့်လိုက်တော့ လူကြီးတစ်ယောက် ဖြစ်မယ်ထင်ထားတာ။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေသည်။
"မင်း..." ဖူဝမ် ကောင်လေးကို ကြည့်ပြီး ကြောင်သွားသည်။
ဒုက္ခသည်တစ်ယောက်လို စုတ်ပြတ်သတ်နေသော ကောင်လေးသည် နဉ်ရှောင်ယောင်းရှေ့တွင် ဒူးထောက်ချလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ အဖေ၊ အစ်ကိုနဲ့ အမေတို့ သေကုန်ကြပါပြီ"
နဉ်ရှောင်ယောင်း ခေါင်းကို တူနဲ့ထုခံလိုက်ရသလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။
ကောင်လေးသည် ဒူးထောက်လျက် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ပေ။
ဖူဝမ်သည် ကြောင်တောင်တောင် ဖြစ်နေသော နဉ်ရှောင်ယောင်းကို ကြည့်လိုက်၊ ကောင်လေးကို ကြည့်လိုက် လုပ်နေပြီး ကိုယ့်ခေါင်းကိုယ် ပြန်ခေါက်လိုက်သည်။ စိတ်ထိန်းထား... တောင့်ခံထားမှ ဖြစ်မယ်။
"အရှင်မင်းကြီး?" ယင်းဖုန်း နဉ်ရှောင်ယောင်းကို ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ထိုင်ရာမှထပြီး ကောင်လေးကို တွဲထူလိုက်သည်။
ဖူဝမ် ခြေဆောင့်လိုက်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "အကြီးအကဲလီနဲ့ စစ်ဘက်ဆိုင်ရာအမတ်ကြီးကို နန်းတော်ထဲ ဝင်လာခိုင်းလိုက်"
နဉ်ရှောင်ယောင်းက ကလေးချော့နေသည်ကိုမြင်တော့ ယင်းဖုန်းသည် နဉ်ရှောင်ယောင်း၏ သဘောထားကို မမေးတော့ဘဲ အမတ်မင်းများကို သွားခေါ်လေတော့သည်။
အယ်မြို့စားမင်း၏သားသည် ငယ်လွန်းသေးသဖြင့် အယ်မြို့ ဘယ်လိုကျသွားလဲဆိုတာ သေချာမသိပေ။ သူ သိတာက မြို့စောင့်စစ်သူကြီး ဟုန်ထုံဟူက မြို့တံခါး ဖွင့်ပေးလိုက်တယ် ဆိုတာပဲ။
နဉ်ရှောင်ယောင်းသည် အဘွားယာကို ခေါ်ပြီး ကောင်လေးကို ရေချိုး၊ ထမင်းကျွေးခိုင်းလိုက်သည်။
"အရှင်မင်းကြီး" ကောင်လေးက နဉ်ရှောင်ယောင်းကို ကြည့်ပြီး မသွားချင်ပေ။
"ငါ မင်းရဲ့ မိဘတွေနဲ့ အစ်ကိုအတွက် လက်စားချေပေးမယ်" နဉ်ရှောင်ယောင်း ကောင်လေးကို ကတိပေးလိုက်သည်။ "ငါက ဧကရာဇ်လေ။ ဧကရာဇ်က မလိမ်ပါဘူး"
ကောင်လေး မျက်ရည်သုတ်ပြီး အဘွားယာနောက် လိုက်သွားသည်။ သူ့အမေက အိမ်ကထွက်လာတုန်းက ပြောခဲ့တယ်။ သူက မိသားစုရဲ့ တစ်ဦးတည်းသော ယောက်ျားလေးမို့လို့ ဘာပဲဖြစ်ဖြစ် အသက်ရှင်အောင် နေရမယ်တဲ့။
အဘွားယာ ကောင်လေးကို ခေါ်သွားသည်ကိုကြည့်ပြီး နဉ်ရှောင်ယောင်းနှင့် ဖူဝမ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဖူဝမ် ရုတ်တရက် လန့်သွားပြီး နဉ်ရှောင်ယောင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ "အရှင်မင်းကြီး... တမင်လုပ်တာလား"
"ဟင်" နဉ်ရှောင်ယောင်း နားမလည်ပေ။
"စစ်ဖြစ်တော့မယ်ဆိုတာ သိလို့ ငါ့ကို မြို့တော် ပြန်ခေါ်တာလား" ဖူဝမ် ဒေါသထွက်သွားသည်။ သူ မြို့တော်ကို ခြေချလိုက်တာနဲ့ စစ်ဖြစ်တော့မယ်တဲ့လား။
"ဦးလေးက စစ်သူကြီးမှ မဟုတ်တာ" နဉ်ရှောင်ယောင်း ပြန်ပြောလိုက်သည်။ "စစ်တိုက်ဖို့အတွက် ဦးလေးကို ခေါ်စရာအကြောင်းမှ မရှိတာ"
"ငါ့မှာ ပိုက်ဆံမရှိတော့ဘူး" ဖူဝမ် နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေဆဲ။ ဒီကောင်မလေး သူ့ပိုက်ဆံတွေကို မျှော်မှန်းနေပြန်ပြီ။
နဉ်ရှောင်ယောင်း: "..." ဟုတ်သားပဲ။ စစ်တိုက်ရင် ပိုက်ဆံလိုတယ်လေ။
"ငါ ထပ်ပြောလိုက်မယ်" ဖူဝမ် ဒေါသတကြီး ပြောလိုက်သည်။ "ငါ့ပိုက်ဆံတွေ သူပုန်နှိမ်နင်းရင်း ကုန်သွားပြီ။ ငါ့မှာ ပိုက်ဆံမရှိတော့ဘူး"
"ရှိရှိ မရှိရှိ..." နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ "ဦးလေးလည်း ပြန်လို့မရတော့ဘူး"
ဖူဝမ် နဉ်ရှောင်ယောင်းနှင့် အတူသေချင်စိတ် ပေါက်သွားသည်။ ဘာလို့ ငါ့တစ်ယောက်တည်းကိုပဲ ဒုက္ခပေးနေရတာလဲ။ တခြားမင်းမျိုးမင်းနွယ်တွေ အများကြီးရှိတာကို... ဪ... ဟုတ်သားပဲ... ဖူဝမ် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ ဒီကောင်မလေးက နယ်မြေတွေကို ပြန်သိမ်းလိုက်ပြီဆိုတော့ မင်းမျိုးမင်းနွယ်တွေထဲမှာ ချမ်းသာတဲ့သူ သိပ်မရှိတော့ဘူး။
"စိတ်လျော့ပါ" နဉ်ရှောင်ယောင်း ဖူဝမ်ကို ပြန်ထိုင်ခိုင်းလိုက်သည်။ "အခု သူပုန်တွေ ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်တို့ အသေအချာ မသိသေးဘူးလေ"
ဖူဝမ် ပြန်ထိုင်လိုက်ပြီး "မြို့တော်မှာ စစ်သည်အင်အား ဘယ်လောက်ရှိလဲ" ဟု မေးလိုက်သည်။
"အဲ... မသိဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"ရှဲ့ဝမ်ယွမ်ရဲ့ လူတွေကို ရှင်းပစ်လိုက်ပြီဆို" ဖူဝမ် မေးလိုက်သည်။ "မြို့တော်ဝန်းကျင်က တပ်ရင်း ၃၆ ရင်းကို ဘယ်လိုစီစဉ်ထားလဲ"
"မသိဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်ပြန်သည်။
ဖူဝမ် မေးလိုက်သည်။ "ဒါဆို အရှင်မင်းကြီး ဘာသိလဲ"
နဉ်ရှောင်ယောင်း မျက်လုံးကလည်ကလည်ဖြင့် စဉ်းစားပြီးမှ ပြောလိုက်သည်။ "ငါ ဘာမှမသိဘူး" မြို့တော်ဝန်းကျင်က တပ်ရင်း ၃၆ ရင်းကို ဟုကော်ကုန်းနဲ့ ရွှီကျင်းတို့ စီစဉ်ထားတာလေ။ အခု အဲ့ဒီနှစ်ယောက်လုံး ပြန်မရောက်သေးဘူး။ တပ်အင်အားဖြည့်တင်းတာကို ဖေ့ယင် စီစဉ်ထားတာ။ ဖေ့ယင်ကတော့ ပြောပြပါတယ်။ ဒါပေမဲ့ သူမက နားမထောင်ခဲ့တာလေ။
ဖူဝမ် နားမလည်နိုင် ဖြစ်နေသည်။ ရှဲ့ဝမ်ယွမ်လိုလူမျိုးက ဘာလို့ ဒီလိုကောင်မလေးလက်ထဲ ရှုံးသွားရတာလဲ။ မဟုတ်သေးပါဘူး... ဖူဝမ် ပြန်စဉ်းစားလိုက်သည်။ အခု သူတို့နဲ့ ရှဲ့ဝမ်ယွမ် ဘယ်သူသေမလဲဆိုတာ မသေချာသေးဘူး။
"ဟို ဟုန်ထုံဟူက အမတ်ချုပ်ကြီးနဲ့ ဘာပတ်သက်လဲ" နဉ်ရှောင်ယောင်း ဖူဝမ်ကို မေးလိုက်သည်။
"အဲ့ဒါ ငါ ဘယ်သိမှာလဲ" ဖူဝမ် နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်က ငါ့အဘိုးမို့လို့လား"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ "သူက ငါ့အဘိုးပဲ။ ငါလည်း မသိပါဘူး"
ဖူဝမ် စဉ်းစားလိုက်သည်။ အခု ပြန်ပြေးရင် မီလောက်သေးတယ်။
"သူပုန်တွေ ရောက်လာပြီ" နဉ်ရှောင်ယောင်း ကုတင်ပေါ်ထိုင်လျက် လက်သီးဆုပ်လိုက်သည်။ "ဒါဆို မြောက်ပိုင်းသားတွေလည်း သိပ်ဝေးတော့မှာ မဟုတ်ဘူး"
"ဘာပြောလိုက်တာလဲ" ဖူဝမ် ခုန်ထလိုက်ပြန်သည်။
"မြောက်ပိုင်းသားတွေလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဦးလေး... အမတ်ချုပ်ကြီးက မိုဒူးနဲ့ ပေါင်းနေပြီ"
ဖူဝမ် ခေါင်းပေါက်ကွဲမတတ် ဖြစ်သွားသည်။ သူ ဘာကိစ္စ ဒီလောက်ရိုးသားပြီး မြို့တော်ကို လိုက်လာရတာလဲ။ နဉ်ယွီဆီမှာ ကောင်းကွက်မရှိမှန်းသိရက်နဲ့ ဘာလို့ အပြေးအလွှား ရောက်လာရတာလဲ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၂ ။ ခေါင်းကို ထုခံရသလို ခံစားရသော အရှင်မင်းကြီးနဉ်
အကြီးအကဲလီ ဦးဆောင်သော နန်းတွင်းအရာရှိများသည် နန်းတော်တံခါးဝသို့ ရောက်သောအခါ မြင်းတစ်စီးသည် နန်းတော်တံခါးရှေ့သို့ အလျင်အမြန် ရောက်ရှိလာသည်။ မြင်းပေါ်မှ စစ်သည်သည် မြင်းပေါ်မှမဆင်းဘဲ အော်ဟစ်လိုက်သည်။ "ထုံလင်တောင်ကြားလမ်းက အရေးပေါ်သတင်း"
ထုံလင်တောင်ကြားလမ်းဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ နန်းတွင်းအရာရှိများ၏ ခေါင်းထဲတွင် ဗုံးကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖူဝမ် အယ်မြို့ ကျသွားပြီဆိုတဲ့ သတင်းကြားတုန်းကလိုပင်။ ထုံလင်တောင်ကြားလမ်းဆိုတာ မြောက်ဘက်ကနေ မြို့တော်ဝန်းကျင်ကို ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်လေ။ ထုံလင်တောင်ကြားလမ်း ကျသွားပြီဆိုတာ မြောက်ပိုင်းသားတွေ မြို့တော်ဝန်းကျင်ကို ရောက်လာပြီဆိုတဲ့ သဘောပေါ့။
တာဝန်ကျ နန်းတော်အစောင့်တပ်မှူးသည် ထိုက်ဟွာနန်းဆောင်သို့ ကိုယ်တိုင် သတင်းသွားပို့လေသည်။
အကြီးအကဲလီတို့လည်း အမြန်ဆုံး လိုက်သွားကြသည်။ သန်းခေါင်ယံအချိန်ဖြစ်သော်လည်း မြို့တော်သည် ရှေ့နောက်ညှပ်ပိတ်ခံရတော့မည့်အခြေအနေကြောင့် မည်သူမျှ အိပ်ချင်စိတ်မရှိကြတော့ပေ။ စာပေပညာရှင်အမတ်များ စိုးရိမ်တကြီးဖြစ်နေကြသလို စစ်ဘက်ဆိုင်ရာအရာရှိများလည်း မျက်မှောင်ကြုတ်ထားကြသည်။
စစ်သည်ကို နန်းတော်အစောင့်တပ်မှူးက ထိုက်ဟွာနန်းဆောင်သို့ ခေါ်ဆောင်လာသည်။ သူတို့က အပြေးအလွှား ရောက်လာကြတာဖြစ်ပြီး နန်းတော်အစောင့်တပ်မှူးက နန်းတော်တံခါးဝနဲ့ ထိုက်ဟွာနန်းဆောင်ကို နှစ်ခေါက်ပြန်နေရချိန်တွင် အကြီးအကဲလီတို့က လမ်းမှာပဲ ရှိနေသေးသည်။
ထုံလင်တောင်ကြားလမ်း စောင့်ကြပ်ရေးတပ်မှူး ကျဆုံးသွားပြီဖြစ်ကြောင်း၊ တောင်ကြားလမ်း ကျသွားပြီဖြစ်ကြောင်း ကြားသိရသောအခါ နဉ်ရှောင်ယောင်းသည် ကုတင်ပေါ်တွင် ထိုင်လျက် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေသည်။
"ဒါ စစ်သူကြီးက အရှင်မင်းကြီးကို ပေးခိုင်းလိုက်တဲ့ စာပါ" စစ်သည်က သားရေစာအိတ်တစ်အိတ်ကို ဆက်သလိုက်သည်။
ယင်းယွီ စာအိတ်ကိုယူပြီး နဉ်ရှောင်ယောင်းကို ပေးလိုက်သည်။
နဉ်ရှောင်ယောင်း စာအိတ်ကိုဖွင့်ကြည့်လိုက်ရာ စာနှစ်စောင် ပါဝင်နေသည်။ တစ်စောင်က ထုံလင်တောင်ကြားလမ်း စောင့်ကြပ်ရေးတပ်မှူး၏ သေတမ်းစာဖြစ်ပြီး နောက်တစ်စောင်က... နဉ်ရှောင်ယောင်း စာခေါင်းစဉ်ကိုကြည့်ပြီး ဖူဝမ်နှင့် ယင်းယွီကို ပြောလိုက်သည်။ "ဖုန်းမိသားစုက သခင်မကြီး ငါ့ဆီရေးတဲ့စာ"
"ဘယ်သူလဲ" ဖူဝမ် မေးလိုက်သည်။
"ဖုန်းမုဟိုင်ရဲ့ အမေလေ" ယင်းယွီ အလျင်အမြန် ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ဖုန်းသခင်မကြီး ကိုယ်တိုင်ရေးထားသော စာကို တစ်ဝက်လောက်ဖတ်ပြီးနောက် နဉ်ရှောင်ယောင်း လက်တုန်လာသည်။
ဖူဝမ် စောင့်မနေနိုင်တော့ဘဲ နဉ်ရှောင်ယောင်းဘေးသို့ သွားပြီး စာဖတ်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း စာကို ဖူဝမ်လက်ထဲ ထိုးထည့်ပေးလိုက်ပြီး ဆဲလိုက်သည်။ "သေစမ်း"
"ဘာဖြစ်လို့လဲ" ယင်းယွီ မေးလိုက်သည်။
"ဖုန်းမုဟိုင်က ရန်သူဘက် ပါသွားပြီ" နဉ်ရှောင်ယောင်း၏ အသံမှာ အေးစက်သွားသည်။ "ဖုန်းသခင်မကြီးက အသက်ဆက်ရှင်ဖို့ မျက်နှာမရှိတော့ဘူးဆိုပြီး အိမ်ထဲက အမျိုးသမီးတွေအားလုံးကိုခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြပြီ။ သူ့မှာ ဖုန်းမုဟိုင်ဆိုတဲ့ သားမရှိပါဘူးတဲ့"
ယင်းယွီ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ဒီနားလာပါဦး" နဉ်ရှောင်ယောင်း စစ်သည်ကို လက်ပြလိုက်သည်။
စစ်သည် နဉ်ရှောင်ယောင်းအနားသို့ ရောက်လာသည်။ တိုက်ပွဲအပြီးတွင် သူ့ရဲဘော်များက သူ့ကို မြောက်ပိုင်းသားတွေလက်ကနေ အသက်လုပြီး ကယ်တင်ခဲ့ကြတာ။ အခု ရဲဘော်တွေ ဘယ်လိုနေလဲမသိဘူး။ သူကိုယ်တိုင်လည်း ဒဏ်ရာတွေ အများကြီး ရထားသည်။
နဉ်ရှောင်ယောင်း စစ်သည်၏ လက်ကို ပုတ်လိုက်ရာ လက်ချောင်းများကြားမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး" စစ်သည်သည် သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်ကို သတိမထားမိဘဲ နဉ်ရှောင်ယောင်းကို မျက်လုံးရဲရဲဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေ မြို့တော်ကို လာနေကြပြီ။ လမ်းတစ်လျှောက်က မြို့တွေ၊ ရွာတွေ... သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး။ ဘာမှမဖြစ်ဘူး" နဉ်ရှောင်ယောင်း စစ်သည်လေးကို ပြုံးပြလိုက်သည်။ "တိုင်းပြည်မပျက်သေးပါဘူး။ ယင်းယွီ... ဒီအစ်ကိုလေးကို ခေါ်သွားပြီး အနားယူခိုင်းလိုက်"
ယင်းယွီ စစ်သည်ကို ခေါ်ထုတ်သွားသည်။
စစ်သည်က သူက အောက်ခြေစစ်သည်လေးတစ်ယောက်မို့လို့ ဒီနေရာမှာ စကားပြောခွင့်မရှိမှန်း သိသည်။
"သွားပါ" နဉ်ရှောင်ယောင်း စစ်သည်ကို ပြုံးပြလိုက်ပြန်သည်။ "ကောင်းကောင်း အနားယူလိုက်။ အားပြည့်ရင် ငါနဲ့အတူ မြောက်ပိုင်းသားတွေကို တိုက်ထုတ်ကြမယ်"
စစ်သည် ယင်းယွီနောက်သို့ လိုက်ပါသွားလေသည်။
"မင်း ရယ်နိုင်သေးတယ်လား" ဖူဝမ် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"မရယ်ရင် ငိုရမှာလား" နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။
"ဧကရာဇ်က တိုင်းပြည်တံခါးကို စောင့်ရမယ်... ဧကရာဇ်က တိုင်းပြည်တံခါးကို စောင့်ရမယ်..." ဖူဝမ် ခန်းမဆောင်ထဲတွင် လှည့်ပတ်လမ်းလျှောက်ရင်း ညည်းညူနေသည်။ "ဘိုးဘေးတွေက မြို့တော်ကို ဒီနေရာမှာ မတည်ခဲ့သင့်ဘူး" မြို့တော်သာ တောင်ဘက်မှာရှိရင် တောင်ကြားလမ်းနည်းနည်းကျရုံနဲ့ မြို့တော် စစ်ဘေးသင့်စရာ အကြောင်းမရှိဘူး။
နဉ်ရှောင်ယောင်း ဖူဝမ်ညည်းညူတာကို နားမလည်ပေ။ သို့သော် သူမ စိတ်ဝင်စားမှုမရှိတော့ပေ။ ဖူဝမ်ကို ပြောလိုက်သည်။ "ဒီအချိန်ကျမှ ဦးလေး ဘိုးဘေးတွေကို ဆဲနေလို့ ဘာထူးမှာလဲ"
"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ" ဖူဝမ် နဉ်ရှောင်ယောင်းကို အော်မေးလိုက်သည်။
အကြီးအကဲလီနှင့် အမတ်များ ရောက်လာကြသည်။
နဉ်ရှောင်ယောင်း အကြီးအကဲလီကို မြင်တော့ အလိုလိုနေရင်း တုန်လှုပ်သွားသည်။
အရိုအသေပေးပြီးနောက် အကြီးအကဲလီ မေးလိုက်သည်။ "အရှင်မင်းကြီး... နေခဲ့မလား၊ ထွက်သွားမလား"
ဖေ့ယင် ချက်ချင်း ပြောလိုက်သည်။ "အရှင်မင်းကြီး... တောင်ဘက်ကို ရှောင်တိမ်းဖို့ တိုက်တွန်းပါတယ်"
အမတ်အများစုက ဖေ့ယင်၏ အကြံပြုချက်ကို ထောက်ခံကြသည်။ တောင်ဘက်ကို ရှောင်တိမ်းတာက အလုံခြုံဆုံးပဲ။
အကြီးအကဲလီ နဉ်ရှောင်ယောင်းကို ကြည့်ပြီး မေးသည်။ "အရှင်မင်းကြီး သဘောကရော"
"ထွက်သွားရမှာပေါ့" ဖူဝမ် ဝင်ပြောသည်။ "သူပုန်တွေက ရေလမ်းကလာမယ်။ မြောက်ပိုင်းသားတွေက ကုန်းလမ်းကလာမယ်။ အရှင်မင်းကြီး မြို့တော်မှာနေခဲ့ရင် ဝိုင်းပိတ်ခံရမှာပေါ့"
နဉ်ရှောင်ယောင်း မေးစေ့ကိုလက်ထောက်ပြီး စဉ်းစားနေသည်။ ထုံလင်တောင်ကြားလမ်း တပ်မှူးရဲ့ သေတမ်းစာထဲမှာ မြောက်ပိုင်းသားတွေရဲ့ မြင်းတပ်က ဘယ်လောက်ကြမ်းလဲဆိုတာ ရေးထားတယ်။ သူမအပေါ် သစ္စာရှိပါတယ်လို့ ရေးထားပေမယ့် ဒီစာကနေ မြောက်ပိုင်းစစ်တပ်ရဲ့ အင်အားကို ခန့်မှန်းလို့ရတယ်။ မြောက်ပိုင်းသားတွေက တော်ရုံမဟုတ်ဘူး။ သူမ မြို့တော်ဝန်းကျင်ကို စစ်ကူခေါ်ထားပေမယ့် မြောက်ပိုင်းသားတွေကို တားနိုင်ပါ့မလား မသေချာဘူး။
"အရှင်မင်းကြီး" ဖူဝမ် နဉ်ရှောင်ယောင်းကို အော်ခေါ်လိုက်သည်။ ဆုံးဖြတ်ချက်ချရမယ့်အချိန်မှာ ဘာတွေ တွေးနေတာလဲ။
"ငါ ထွက်သွားရင် ဒီနေရာက မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေနေရာ ဖြစ်သွားမှာပေါ့" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒါ ကောင်းပါ့မလား"
"ကျွန်တော်မျိုး စစ်တပ်နဲ့ ကျန်နေခဲ့ပြီး ခုခံပါ့မယ်" ဖေ့ယင် ချက်ချင်း ပြောလိုက်သည်။
"ငါ ထွက်သွားရင် တပ်တွင်းစိတ်ဓာတ် ကျသွားမှာပေါ့" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ စစ်မတိုက်တတ်ပေမယ့် တပ်တွင်းစိတ်ဓာတ်က အရေးကြီးမှန်း သူမ သိသည်။
"အရှင်မင်းကြီးရယ်" ဖူဝမ်သည် နဉ်ရှောင်ယောင်း မသွားချင်မှန်း သိလိုက်ရပြီး ပြောလိုက်သည်။ "အသက်ရှိရင် ထင်းရှိတာပါပဲ။ အရှင်မင်းကြီး တောင်ဘက်ရောက်သွားရင် ဘေးကင်းသွားပြီ။ အဲ့ဒီကျမှ တစ်တိုင်းပြည်လုံးက စစ်တပ်တွေကိုခေါ်ပြီး မြို့တော်ကို ပြန်သိမ်းလို့ ရတာပဲ"
နဉ်ရှောင်ယောင်း အကြီးအကဲလီကို ကြည့်လိုက်သည်။ ငါ သွားရမလား၊ နေရမလား။
အကြီးအကဲလီ ဘာမှမပြောပေ။
ဒါက သူမဘာသာ ဆုံးဖြတ်ခိုင်းတာလား။
နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် ဟိုရွှေ့ဒီရွှေ့ လုပ်နေသည်။
"အရှင်မင်းကြီး... အချိန်မရှိတော့ပါဘူး" ဖေ့ယင် နဉ်ရှောင်ယောင်းကို တိုက်တွန်းလိုက်သည်။ "အမြန်ဆုံး ထွက်ခွာဖို့ တောင်းဆိုပါတယ်"
နဉ်ရှောင်ယောင်း စကားမပြောရသေးခင် နောက်ထပ် သတင်းဆိုးတစ်ခု ရောက်လာပြန်သည်။ မြို့တော်အနီးသို့ ရောက်လာသော စစ်သည်တစ်ဦးသည် မြင်းပေါ်မှ ပြုတ်ကျသေဆုံးသွားပြီး မြို့စောင့်စစ်သူကြီးက ထိုစစ်သည်၏ ရင်ခွင်ထဲမှ သွေးပေနေသော စာတစ်စောင်ကို တွေ့ရှိခဲ့သဖြင့် နဉ်ရှောင်ယောင်းထံ အမြန်လာပို့ပေးခြင်းဖြစ်သည်။
အရေးပေါ်စာသည် သွေးဖြင့်ရေးထားသော စာဖြစ်သည်။
နဉ်ရှောင်ယောင်း ဖတ်ပြီးနောက် သက်ပြင်းချလိုက်ပြီး ခန်းမဆောင်ထဲမှ လူများကို ပြောလိုက်သည်။ "တပ်ရင်း ၃၆ ရင်းထဲက ကျားစီးတပ်ရင်း ပျက်စီးသွားပြီတဲ့"
ခန်းမဆောင်ထဲတွင် လေအေးရှိုက်သံများ ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဘယ်လောက်မှ မခံလိုက်ရပါလား။ နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်မိသည်။
စစ်မှုထမ်းမျိုးရိုးတွေက မျိုးဆက်ပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာ။ နန်းတွင်းစစ်တပ်အများစုက စစ်မှုထမ်းမျိုးရိုးတွေထဲက လာတာလေ။ အထက်ကလူတွေက လစာတွေ ခိုးစားကြတယ်။ အောက်လက်ငယ်သားတွေက ထမင်းဝအောင် မစားရဘူး။ ဒီလိုစစ်တပ်မျိုးက ဘာတိုက်ပွဲမှ တိုက်နိုင်မှာ မဟုတ်ဘူး။
ဖေ့ယင်အပါအဝင် အကြီးအကဲလီတို့လို စာပေပညာရှင်တွေလည်း ယုံနင်စစ်တပ်က အမြစ်ကနေ ပုပ်နေပြီဆိုတာ သိကြသည်။ အရှင်မင်းကြီးက ကောင်းပေမယ့် အရှင်မင်းကြီးအတွက် အချိန်မလုံလောက်ခဲ့ဘူး။ စစ်တပ်အမြစ်ပုပ်နေတာက ဒုက္ခသည်ပြဿနာလိုပဲ တစ်ရက်တည်းနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး။
မိုးလင်းခါနီးတွင် နောက်ထပ် အရေးပေါ်သတင်း ရောက်လာပြန်သည်။
တောင်ဘက်သို့သွားရာ ကုန်းလမ်းပေါ်ရှိ ရှီးယွမ်မြို့ကို သူပုန်များ သိမ်းပိုက်လိုက်ပြီဖြစ်သည်။
"ရေလမ်း ကျန်သေးတယ်" ဖေ့ယင်သည် နဉ်ရှောင်ယောင်းအတွက် ကိုယ်တိုင် ပစ္စည်းသိမ်းပေးချင်စိတ် ပေါက်သွားသည်။ အခုမသွားရင် ရေလမ်းပါ ပိတ်သွားလိမ့်မယ်။
နဉ်ရှောင်ယောင်းသည် တစ်ညတည်းမှာတင် ခေါင်းကို တူနဲ့ ၄ ချက်ဆင့်ထုခံလိုက်ရသလို ဖြစ်သွားသည်။ ထုရင်းထုရင်းနဲ့ တည်ငြိမ်သွားသည်။ မျက်နှာကိုပွတ်လိုက်ပြီး ဖေ့ယင်ကို ပြောလိုက်သည်။ "ငါ မသွားတော့ဘူး"
နဉ်ရှောင်ယောင်း၏ ဆုံးဖြတ်ချက်ကြောင့် ထိုက်ဟွာနန်းဆောင်တစ်ခုလုံး ဆူညံသွားသည်။
"ငါ တိုက်နိုင်တယ်" နဉ်ရှောင်ယောင်းသည် ရှေ့မှလူများကို ကြည့်ပြီး ပြောလိုက်သည်။ "မြို့တော်မရရင်တောင် ငါ့ဘာသာ ထွက်ပြေးလို့ရတယ်။ ဒါကြောင့် ငါ့ကို စိတ်မပူကြနဲ့။ ကိုယ့်မိသားစုကို ဘေးလွတ်ရာ ပို့နိုင်တဲ့လူတွေ အမြန်ပို့လိုက်ကြ"
အကြီးအကဲလီ မေးလိုက်သည်။ "ဒါဆို အရှင်မင်းကြီး ဆိုလိုတာက..."
"ကျွန်တော် မြို့တော်မှာနေပြီး မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို စောင့်နေမယ်" နဉ်ရှောင်ယောင်း ခါးဆန့်လိုက်ပြီး မေးစေ့ကို မော့ကာ ပြောလိုက်သည်။ "ကျွန်တော် သူတို့ကို မကြောက်ဘူး"
ပြတင်းပေါက်အပြင်ဘက် ကောင်းကင်တွင် မိုးချိန်းသံများ ထွက်ပေါ်လာပြီး မိုးရွာချလာပြန်သည်။
"သောက်ကျိုးနည်း ရာသီဥတု" နဉ်ရှောင်ယောင်း ဆဲလိုက်သည်။
"သေချာပြီလား" ဖူဝမ် စိုးရိမ်တကြီး မေးလိုက်သည်။
"သေချာပြီ။ ဦးလေး သွားလိုက်တော့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ငါ... ငါက ဘယ်သွားရမှာလဲ" ဖူဝမ် နဉ်ရှောင်ယောင်းကို အော်မေးလိုက်သည်။
"စစ်သူကြီးထောင်ယွီဆီ သွားလေ" နဉ်ရှောင်ယောင်း ဖူဝမ်ကို နားမလည်နိုင် ဖြစ်သွားသည်။ ဒီလူကြီးက သူမ အသုံးချတာခံရမှာ မကြောက်တော့ဘူးလား။
"အရှင်မင်းကြီး တစ်ခုခုဖြစ်ရင် ထောင်ယွီက ငါ့ကို လွှတ်ထားမယ် ထင်လို့လား" ဖူဝမ် ကိုယ့်နှာခေါင်းကိုယ် လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ ဒီထောင်မျိုးရိုးက လူကောင်းမှတ်နေလို့လား။
"ဦးလေးက တိုက်မှမတိုက်တတ်တာ။ စစ်သူကြီးထောင်က ဦးလေးကို သတ်ပြီး ဘာလုပ်မှာလဲ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဦးလေး သဘောပဲလေ။ သွားချင်ရင် မြန်မြန်သွား"
ဖူဝမ် သွားသင့်မသွားသင့် ဝေခွဲမရ ဖြစ်နေသည်။ သေမှာကြောက်ပေမယ့် သူထွက်သွားရင် ဒီတူလေးက မြောက်ပိုင်းသားတွေ၊ သူပုန်တွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်ရမှာကို တွေးပြီး စိတ်မကောင်းဖြစ်မိသည်။ စိတ်ရှုပ်ထွေးလွန်းသဖြင့် ဖူဝမ် နဉ်ရှောင်ယောင်းကို စကားမပြောချင်တော့ပေ။
"အားလုံး စိတ်အေးအေးထားကြ" နဉ်ရှောင်ယောင်း အကြီးအကဲလီတို့ကို ပြောလိုက်သည်။ "လည်ပင်းပေါ် ဓားမကျလာသရွေ့ နည်းလမ်းရှိမှာပါ"
"တပ်ကူခေါ်ကြရအောင်" အကြီးအကဲလီက ဖေ့ယင်အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိများကို ပြောလိုက်သည်။ "အရှင်မင်းကြီး မသွားဘူးဆိုရင် ယုံနင်က ဒီစစ်ပွဲကို ရှုံးလို့မဖြစ်ဘူး"
ဖေ့ယင်က နဉ်ရှောင်ယောင်းကို ထွက်သွားဖို့ ထပ်ပြောချင်သော်လည်း နဉ်ရှောင်ယောင်းက သမ်းဝေလိုက်ပြီး မတ်တတ်ထရပ်ကာ လျှောက်သွားလေသည်။ ဗိုက်ဆာပြီ။ တစ်ခုခု သွားစားလိုက်ဦးမယ်။
....
ယင်းတျန့်သည် သုံးရက်ကြာပြီးနောက် မြို့တော်သို့ ပြန်ရောက်လာသည်။ ယင်းတျန့်သည် မြောက်ပိုင်းသားများနှင့် လမ်းကြောင်းတူ မလာခဲ့သော်လည်း ထုံလင်တောင်ကြားလမ်း ကျသွားပြီဆိုတဲ့သတင်း၊ ကျားစီးတပ်ရင်း ပျက်စီးသွားပြီဆိုတဲ့သတင်းကို လမ်းမှာ ကြားခဲ့ရသည်။ ထိုက်ဟွာနန်းဆောင်သို့ ပြန်ရောက်ပြီး နဉ်ရှောင်ယောင်းက ထွက်မသွားဘူး၊ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို ဒီမှာပဲ စောင့်တိုက်မယ်ဆိုတာ ကြားလိုက်ရတော့ ယင်းတျန့် ကြောင်သွားသည်။
"စစ်သေနာပတိချုပ်ရဲ့ အခြေအနေက..."
နဉ်ရှောင်ယောင်း စကားမဆုံးခင် ယင်းဖုန်းက ဖြတ်မေးလိုက်သည်။ "မြောက်ပိုင်းသားတွေက အန်းယွမ်ကို ဘယ်လိုကျော်လာတာလဲ"
ယင်းတျန့်သည် ထိုညက ဖြစ်ပျက်ခဲ့သည်များကို နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်းအား ပြောပြလိုက်သည်။ "စစ်သေနာပတိချုပ် ဝူရွှမ်းမြို့ကို ပြန်ရောက်ရောက်ချင်း စစ်သူကြီးဖန်းတို့ကို လွှတ်လိုက်တယ်။ အနောက်တောင်ဘက်က တောင်ကြားလမ်းငယ်လေးတွေမှာ ပြဿနာရှိနေတယ်တဲ့။ အရှင်မင်းကြီး... အဲ့ဒီတောင်ကြားလမ်းငယ်လေးတွေက သာမန်ကုန်သည်အဖွဲ့ကြီးတွေတောင် သွားဖို့ခက်ခဲတာ။ စစ်တပ်ဆို ပိုတောင် မဖြစ်နိုင်ဘူး"
"မြောက်ပိုင်းသားတွေက မြို့တော်ကို ရောက်တော့မယ်" ယင်းဖုန်း အေးစက်စွာ ပြောလိုက်သည်။ "အဲ့ဒီတောင်ကြားလမ်းငယ်လေးတွေမှာ ပြဿနာတက်တာ သေချာတယ်"
"စစ်သေနာပတိချုပ်က အမြန်ဆုံး လိုက်လာမယ်လို့ ပြောတယ်။ ဒါဆို ငါတို့က စစ်သေနာပတိချုပ်နဲ့ အနက်ရောင်နှင်းခဲ မြင်းတပ် ရောက်လာတာကို စောင့်နေလိုက်မယ်" နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ ယုံနင်က တခြားစစ်တပ်တွေက သုံးစားမရပေမယ့် အနက်ရောင်နှင်းခဲ မြင်းတပ်ကတော့ အားကိုးရမှာပေါ့။
ယင်းတျန့်သည် လိုကျစ်ကွေ့ပေးလိုက်သော ကျောက်စိမ်းပြားကို ထုတ်ယူပြီး နဉ်ရှောင်ယောင်းရှေ့ စားပွဲပေါ် တင်ပေးလိုက်သည်။ "ဒါက စစ်သေနာပတိချုပ် အရှင်မင်းကြီးကို ပေးလိုက်တာပါ"
နဉ်ရှောင်ယောင်း ကျောက်စိမ်းပြားကို ကောက်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။ ဘာမှန်းမသိပေမယ့် ကျောက်စိမ်းဆိုတော့ တန်ဖိုးကြီးမှာ သေချာတယ်။
"အရှင်မင်းကြီး" ယင်းတျန့် ပြောလိုက်သည်။ "စစ်သေနာပတိချုပ်က အရှင်မင်းကြီးကို တောင်ဘက် အမြန်ဆုံးရှောင်တိမ်းဖို့ မှာလိုက်ပါတယ်"
"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ သူ့ကို ဒီမှာပဲ စောင့်နေမယ်"
ယင်းဖုန်းက ယင်းတျန့်ကို ခေါင်းခါပြလိုက်သည်။ ပြောလို့ရသမျှ ပြောပြီးပြီ။ အရှင်မင်းကြီး မသွားဘူးဆိုတော့ သူတို့လည်း အရှင်မင်းကြီးနဲ့အတူ ဒီမှာနေပြီး မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို စောင့်ရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့မသေခင် အရှင်မင်းကြီး ဘေးကင်းနေဖို့ အာမခံရမှာပဲ။
***