အခန်း (၃၄၅-၃၄၆)
Vol. 22 Ch. 345-346
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၅ ။ လူသားတွေက ကြောက်စရာကောင်းတယ်
ဆရာကြီးဟွေ့ဟူ၏ စကားကြောင့် လိုကျစ်ကွေ့ မျက်နှာပျက်သွားသော်လည်း ဆရာတစ်ယောက်ဖြစ်နေသဖြင့် အပြစ်မတင်ရက်ပေ။ "ဆရာ... ဒီအကြောင်း ဆက်မပြောပါနဲ့တော့" ဟုသာ အေးစက်စွာ ပြောပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။
"စစ်သေနာပတိချုပ်" ဆရာတော်ယို ဝင်ပြောလိုက်သည်။ "ဆရာတော် စကားတစ်ခွန်းလောက် နားထောင်ပေးပါလား"
"ဆရာတော် ဘာပြောမလို့လဲ" လိုကျစ်ကွေ့ သရော်လိုက်သည်။ "ကျွန်တော်က ကံဆိုးမိုးမှောင်ကျတတ်တဲ့လူလို့ ထပ်ပြောမလို့လား"
"ဟုတ်တယ်" ဆရာတော်ယို ခေါင်းညိတ်လိုက်သည်။ လိုကျစ်ကွေ့ ဒေါသထွက်မလာခင် ဆက်ပြောလိုက်သည်။ "စစ်သေနာပတိချုပ် မွေးဖွားလာတုန်းက လိုအိမ်တော် ဥယျာဉ်ထဲက ဥဩတွေ သွေးအန်ပြီး အော်ဟစ်ခဲ့ကြတယ်။ အဲ့ဒီညက အဖြစ်အပျက်ကို ဆရာတော် မှတ်မိနေသေးတယ်။ ဥဩတွေ သွေးအန်ပြီး အော်ဟစ်ခဲ့သလို မိုးတိမ်တွေလည်း အုံ့ဆိုင်းနေခဲ့တယ်။ လိုအိမ်တော်ကလူတွေက နိမိတ်မကောင်းဘူးလို့ ထင်ခဲ့ကြပေမယ့် တကယ်တော့ မိုးတိမ်ဆိုတာ ယင်ဓာတ်ပဲ။ သရဲတစ္ဆေတွေက ကလေးလာပို့ပေးကြတာလေ။ ဘယ်သူ့ကို သရဲတစ္ဆေတွေက ကလေးလာပို့ပေးကြမှာလဲ။ ကံဇာတာ အမြင့်ဆုံးလူကိုပဲ လာပို့ပေးကြမှာပေါ့"
လိုကျစ်ကွေ့ အေးစက်စွာ ပြုံးလိုက်သည်။ "ဆရာတော်... ဆရာ့မိတ်ဆွေမို့လို့ လေးစားပေမယ့် ကျွန်တော့်ရှေ့မှာ လျှောက်ပြောခွင့်ရှိတယ်လို့ မဆိုလိုပါဘူး"
"ဆရာတော် ထောက်ခံလို့သာ ဆရာနဲ့ မင်း ဆရာတပည့် ဖြစ်ခဲ့ရတာလေ" ဆရာကြီးဟွေ့ဟူ ဝင်ပြောသည်။
"မင်းမှာ သေကံပါနေတယ်" ဆရာတော်ယို လိုကျစ်ကွေ့၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဒီသေကံကို ကျော်ဖြတ်နိုင်ရင် ဒီလောကမှာ မင်းကို တားနိုင်တဲ့သူ မရှိတော့ဘူး"
သောက်ကျိုးနည်း... လိုကျစ်ကွေ့ စိတ်ထဲ ကျိန်ဆဲလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ဆရာကြီးဟွေ့ဟူ လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း ဆရာတော်ယိုက လက်ကာပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ သူ့အပိုင်ဖြစ်လာမယ့်အရာက သူ့အပိုင်ပါပဲ။ သူ့ဘာသာ နားလည်လာပါလိမ့်မယ်"
စစ်တဲအပြင်ဘက်တွင် စစ်သူကြီးများ တန်းစီစောင့်ဆိုင်းနေကြသည်။
လိုကျစ်ကွေ့ ဖန်းထန်နှင့် ရှန်မုကို ကြည့်ပြီး မေးလိုက်သည်။ "ဆရာက ကျီဝမ်ကို သတ်ခိုင်းလိုက်တာနဲ့ မင်းတို့ သတ်လိုက်ကြတာလား"
ဖန်းထန် ခေါင်းငုံ့သွားသည်။
ရှန်မုကတော့ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် သဘောထားဖြင့် ပြောလိုက်သည်။ "စစ်သေနာပတိချုပ် သိသွားပြီပေါ့"
ဖန်းထန် မော့ကြည့်ပြီး ပြန်ပြောလိုက်သည်။ "နဉ်ကွမ်းယွမ်က လူကောင်းမှ မဟုတ်တာ။ သတ်လိုက်တော့ ဘာဖြစ်လဲ။ အရှင်မင်းကြီးကလည်း သူ့ကို အရှင်ထားချင်တာမှ မဟုတ်တာ"
"ပါးစပ်ပိတ်ထား" အရှင်မင်းကြီး နာမည်ကြားတော့ လိုကျစ်ကွေ့ ဒေါသထွက်လာသည်။
"အခု ငြိမ်နေတဲ့ နယ်စားမင်းတွေ၊ အမတ်မင်းတွေက အရှင်မင်းကြီး ကျေးဇူးမကင်းတဲ့လူတွေချည်းပဲ" ဖန်းထန် ဆက်ပြောသည်။ "သူတို့တောင် လာမကူညီကြတာ။ ကျွန်တော်တို့ အနက်ရောင်နှင်းခဲ မြင်းတပ်ကပဲ အသေခံရမှာလား"
လိုကျစ်ကွေ့ ဘာမှပြန်မပြောတော့ဘဲ ဖန်းထန်ကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။
"စစ်သေနာပတိချုပ်" စစ်သူကြီးတစ်ဦး လှမ်းအော်လိုက်သည်။
တန့်ရုံ ဝင်ပြောချင်သော်လည်း ဒူးထောက်နေကြသော ရဲဘော်များကို ကြည့်ပြီး စကားပြန်မြိုချလိုက်သည်။ ဟုတ်တယ်လေ။ အရှင်မင်းကြီး ကျေးဇူးခံထားရတဲ့ လူတွေတောင် ငြိမ်နေကြတာ။ သူတို့က ဘာလို့ အသေခံရမှာလဲ။
"ကောင်းပြီလေ" လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ "မင်းတို့အားလုံး ပေါင်းပြီး ငါ့ကို ဖိအားပေးနေကြတာပေါ့။ မနက်ဖြန် ငါနဲ့လိုက်မယ့်လူ လိုက်ခဲ့။ သစ္စာမရှိတဲ့လူတွေ ကျန်ခဲ့ကြ"
စစ်သူကြီးများ ဒူးထောက်လျက်သား မထကြပေ။
လိုကျစ်ကွေ့ လက်ခါပြီး ထွက်ခွာသွားလေသည်။
....
"စိတ်မပူပါနဲ့" စစ်တဲထဲတွင် ဆရာတော်ယို ဆရာကြီးဟွေ့ဟူကို ပြောလိုက်သည်။ "မင်းတပည့်က လူမသတ်ခဲ့ဘူး မဟုတ်လား"
ဆရာကြီးဟွေ့ဟူ မျက်လုံးများ အရောင်လက်သွားပြီး ပြန်မှိန်ကျသွားသည်။ တကယ်သာ သစ္စာရှိရင် မင်းသားတစ်ပါးကို သတ်ရဲတဲ့၊ သခင်ကို စွန့်ပစ်ဖို့ တိုက်တွန်းတဲ့ သူပုန်တွေကို သတ်ပစ်ရမှာပေါ့။ အခုတော့ ခြေထောက်နဲ့ ကန်ရုံပဲလား။ ဒေါသထွက်တာ သိပ်မပြင်းထန်ပါလား။
လိုကျစ်ကွေ့ သူ့အခန်းထဲ ဝင်သွားသောအခါ စုန့်ကျင်း ခွင့်မတောင်းဘဲ ဝင်လာသည်။
"ထွက်သွား" လိုကျစ်ကွေ့ ဒေါသတကြီး အော်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်" စုန့်ကျင်း လိုကျစ်ကွေ့ရှေ့ ရပ်လိုက်သည်။
"မင်းလည်း အရှင်မင်းကြီးကို သစ္စာဖောက်မလို့လား"
"အရှင်မင်းကြီးက ကျွန်တော့်အပေါ် ကျေးဇူးရှိပါတယ်" စုန့်ကျင်း ခါးသက်သက် ပြုံးလိုက်သည်။
"ဒါဆို ဘာပြောစရာ ရှိသေးလဲ။ ထွက်သွား" လိုကျစ်ကွေ့ လက်ညှိုးထိုးပြီး မောင်းထုတ်လိုက်သည်။
"စစ်သေနာပတိချုပ်" စုန့်ကျင်း ဒူးထောက်ချလိုက်သည်။
"ငါ ဆွဲထုတ်လိုက်ရမလား" လိုကျစ်ကွေ့ အေးစက်စွာ မေးလိုက်သည်။
"စစ်သေနာပတိချုပ်လည်း သိပါတယ်" စုန့်ကျင်း ဒူးထောက်လျက် မော့ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ မြို့တော်ကို သွားကယ်ရင်တောင် တခြားနယ်စားမင်းတွေက ပုန်ကန်ကြမှာပဲ။ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ အရှင်မင်းကြီးက သဘောထားကြီးတယ်ဆိုပေမယ့် သူ့မိဘမျိုးရိုးကိုတောင် မျိုးဖြုတ်ခဲ့တာလေ။ ဘယ်သူက ယုံရဲမှာလဲ"
လိုကျစ်ကွေ့ ထိုင်လျက် နားထောင်နေသည်။
"အရှင်မင်းကြီးက စစ်သေနာပတိချုပ်အပေါ် ကျေးဇူးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်" စုန့်ကျင်း ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်တော်တို့က အရှင်မင်းကြီးကို ကာကွယ်ပေးတယ်ဆိုတာ နဉ်မျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးတာနဲ့ အတူတူပဲ။ စစ်သေနာပတိချုပ်... ကျွန်တော့်အမြင်တော့ သူတို့တွေက မထိုက်တန်ပါဘူး"
"အရှင်မင်းကြီးက နယ်မြေတွေ ပြန်သိမ်းလိုက်ပြီလေ"
"မင်းမျိုးမင်းနွယ်တွေ ဆက်ရှိနေသရွေ့ နယ်စားမင်းတွေ ရှိနေဦးမှာပဲ" စုန့်ကျင်း ပြောလိုက်သည်။ "ယုံနင်မင်းဆက်ရှိနေသရွေ့ ကျွန်တော်တို့ စစ်သည်တွေက စာပေပညာရှင်တွေ မျက်စိထဲမှာ အောက်တန်းစားတွေ ဖြစ်နေဦးမှာပဲ"
လိုကျစ်ကွေ့ တိတ်ဆိတ်သွားသည်။
"အရှင်မင်းကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် မြို့တော်ကျသွားရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး" စုန့်ကျင်း ထပ်ပြောသည်။ "အရှင်မင်းကြီးက ဧကရာဇ်နဲ့ မတူဘူး။ အတင်းအကျပ်ခိုင်းလို့သာ ဧကရာဇ်လုပ်နေရတာလို့ ကိုယ်တိုင်ပြောဖူးတယ်။ စစ်သေနာပတိချုပ်... ယုံနင်မင်းဆက် ပျက်သုဉ်းသွားတာနဲ့ အရှင်မင်းကြီး သေရမယ်လို့ မဆိုလိုပါဘူး။ အာဏာရလာတဲ့အခါ အရှင်မင်းကြီးကို ဘယ်လိုထားမလဲဆိုတာ စစ်သေနာပတိချုပ် သဘောပါပဲ။ ဒါမှမဟုတ် စစ်သေနာပတိချုပ်က ထီးနန်းမလိုချင်ရင်တောင် တိုင်းပြည်သစ်ကို အရှင်မင်းကြီးလက်ထဲ ထည့်ပေးလိုက်လို့ ရတာပဲ မဟုတ်လား"
"ထွက်သွား" လိုကျစ်ကွေ့ လက်ကာပြလိုက်သည်။
စုန့်ကျင်း မတ်တတ်ထရပ်လိုက်သည်။ "ကျွန်တော် ပြောတာတွေကို စစ်သေနာပတိချုပ် နားလည်မှာပါ။ အိမ်ရှေ့စံ ရှိနေတုန်းကတည်းက စစ်သေနာပတိချုပ်က အန်းယွမ်ခရိုင် ၆ ခုကို လိုမိသားစုပိုင်အဖြစ် ပြောင်းလဲပစ်ခဲ့တာလေ"
လိုကျစ်ကွေ့ မော့ကြည့်လိုက်သည်။
စုန့်ကျင်း အရိုအသေပေးပြီး ထွက်ခွာသွားလေသည်။
ထိုညတွင် လိုကျစ်ကွေ့တစ်ယောက်တည်း ဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှ မသိကြပေ။ အနက်ရောင်နှင်းခဲ မြင်းတပ်စခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မြင်းဟီသံပင် မကြားရပေ။ အားလုံးက မီးမထွန်းထားသော လိုကျစ်ကွေ့၏စစ်တဲကို စောင့်ကြည့်နေကြသည်။ စစ်သူကြီးတွေရော၊ စစ်သည်တွေရော လိုကျစ်ကွေ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။ ဖန်းထန် ပြောသလိုပဲ သူတို့ရဲ့ အနာဂတ်က စစ်သေနာပတိချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပြီ။
နောက်တစ်နေ့ မိုးလင်းသောအခါ ရှေ့ပြေးကင်းထောက်တစ်ဖွဲ့ ပြန်ရောက်လာပြီး သတင်းဆိုးတစ်ခု သယ်ဆောင်လာကြသည်။
"ရှေ့က တောင်ကြားလမ်းကို ပိတ်ဆို့ထားတဲ့ စစ်တပ်က လက်ဝဲကျားစောင့်တပ် စစ်သူကြီးတုရီနဲ့ သားမက်တော်ဖုန်းကျင့်တို့ရဲ့ စစ်တပ်ပါ" ကင်းထောက်ခေါင်းဆောင်က လိုကျစ်ကွေ့ကို တင်ပြသည်။
"လမ်းပိတ်ထားတာပေါ့" စစ်သူကြီးတစ်ဦး ခေါင်းခါလိုက်သည်။ "စစ်သေနာပတိချုပ်... ကျွန်တော်တို့ မြောက်ပိုင်းသားတွေ၊ သူပုန်တွေနဲ့ မတိုက်ရသေးခင် ကိုယ့်လူအချင်းချင်း အရင်တိုက်ရတော့မယ်"
"သူတို့ကို ရှင်းပြီးရင်တောင် ရှေ့မှာ ဘယ်နှစ်ဖွဲ့လောက် စောင့်နေဦးမလဲ မသိဘူး" ဖန်းထန် ဝင်ပြောသည်။ "သူတို့ကို ရှင်းလင်းပြီးချိန်ကျရင် မြို့တော်ကို သွားကယ်ဖို့ အချိန်မှီပါ့ဦးမလား"
"စစ်သေနာပတိချုပ်... ကျွန်တော်တို့လက်ထဲက စစ်သည်တွေ ကုန်သွားရင် အရှင်မင်းကြီးကို ကယ်နိုင်ပါ့မလား"
စစ်သူကြီးများ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
"ကျွန်တော့်သဘောကတော့ ချိုးဖုန်းမြို့ဝန်းကျင်ကို အရင်သိမ်းပိုက်လိုက်တာ ကောင်းမယ်" ဖန်းထန် အသံအကျယ်ဆုံး ပြောလိုက်သည်။ "နေရာအရင်ယူထားလိုက်တာ ကောင်းမယ်"
"စစ်သေနာပတိချုပ်" စုန့်ကျင်း ပြောလိုက်သည်။ "ကျွန်တော်တို့ ရှေ့ဆက်တိုးရင် အန်းယွမ်ကို တခြားသူတွေ သိမ်းသွားလိမ့်မယ်။ ဒါဆို ကျွန်တော်တို့ ပြန်စရာလမ်း မရှိတော့ဘူး"
လိုကျစ်ကွေ့ စားပွဲကို နှစ်ချက်ခေါက်လိုက်သည်။
စစ်တဲတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံး လိုကျစ်ကွေ့ကို ကြည့်နေကြသည်။
"ဖန်းထန်၊ တန့်ရုံ... အမိန့်နာခံ" လိုကျစ်ကွေ့ ပြောလိုက်သည်။ "မင်းတို့ စစ်သည် ၂ သောင်းစီ ခွဲယူပြီး ဒီနေ့ နေမဝင်ခင် တုရီနဲ့ ဖုန်းကျင့်ရဲ့ ခေါင်းကို ယူခဲ့ကြ"
"စစ်သေနာပတိချုပ်... မြို့တော်ကို သွားဦးမလို့လား" ဖန်းထန် မေးလိုက်သည်။
"ဘာလဲ... ငါ မြို့တော်သွားမယ်ဆိုရင် မင်း ပုန်ကန်မလို့လား" လိုကျစ်ကွေ့ အေးစက်စွာ မေးလိုက်သည်။
"မလုပ်ရဲပါဘူး" ဖန်းထန် ခေါင်းငုံ့သွားသည်။
"သူတို့ခေါင်း မပါလာရင် မင်းတို့ခေါင်း လာပေးကြ" လိုကျစ်ကွေ့ စားပွဲကို ရိုက်လိုက်သည်။
"အမိန့်တော်အတိုင်းပါ" ဖန်းထန်နှင့် တန့်ရုံ အမိန့်နာခံပြီး ထွက်ခွာသွားကြသည်။
....
အပြင်ရောက်တော့ တန့်ရုံက ဖန်းထန်ကို ကြည့်ပြီး မေးလိုက်သည်။ "ငါတို့ ဒီလိုလုပ်တာ အရှင်မင်းကြီးကို မျက်နှာပူစရာ မကောင်းဘူးလား"
ဖန်းထန် ကျောက်ခဲတစ်လုံးကို ကန်ထုတ်လိုက်ပြီး "မျက်နှာပူတာပေါ့" ဟု ဖြေလိုက်သည်။
တန့်ရုံ ခေါင်းငုံ့သွားသည်။
"အရှင်မင်းကြီးက လူကောင်းပါ" ဖန်းထန် ကျောက်ခဲထပ်ကန်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ အရှင်မင်းကြီးအတွက်နဲ့ စစ်သေနာပတိချုပ်ကို တိုင်းပြည်အုပ်စိုးခွင့် လက်လွှတ်ခိုင်းရမလား။ ငါတို့ မယူရင် တခြားကောင်တွေ ယူသွားကြမှာ"
တန့်ရုံ တိတ်ဆိတ်နေသည်။ ကျေးဇူးတရားနဲ့ ထီးနန်း... ဘယ်ဟာ ရွေးမလဲ။
ဖန်းထန်နှင့် တန့်ရုံတို့ စစ်သည်နှစ်သောင်းစီ ဦးဆောင်ပြီး တောင်ကြားလမ်းသို့ ချီတက်သွားကြသည်။
"စုန့်ကျင်း" လိုကျစ်ကွေ့သည် ဖန်းထန်နှင့် တန့်ရုံကို လွှတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ "မင်း စစ်သူကြီး ၆ ယောက်ကိုခေါ်၊ စစ်သည် ၆ သောင်းယူပြီး ချိုးဖုန်းမြို့ဝန်းကျင်ကို သိမ်းပိုက်လိုက်"
စစ်သူကြီးများ ဝမ်းသာအားရ ဖြစ်သွားကြသည်။ စစ်သေနာပတိချုပ်က နယ်မြေချဲ့ထွင်ပြီး တိုင်းပြည်ထူထောင်တော့မယ်။
"စိတ်ချလို့ရပြီ" စစ်တဲအပြင်ဘက်တွင် ဆရာတော်ယိုက ဆရာကြီးဟွေ့ဟူကို ပြုံးပြလိုက်သည်။ "စစ်သေနာပတိချုပ်လိုက သူ ဘာလိုချင်လဲဆိုတာ သိပါတယ်။ ဒီလောက်လှပတဲ့ တိုင်းပြည်ကြီးကို ဘယ်ယောကျာ်းက မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ"
ဆရာကြီးဟွေ့ဟူ ခေါင်းညိတ်လိုက်ပြီး ဆရာတော်ယိုနှင့်အတူ ထွက်ခွာသွားလေသည်။
စစ်တပ်ဘေးရှိ တောအုပ်ထဲတွင် တောင်ဘက်သို့ ပြောင်းရွှေ့နေသော ငန်းရိုင်းအုပ်စု နားခိုနေကြသည်။ ငန်းရိုင်း အားမင်သည် စစ်တပ်အပေါ်မှ ပျံသန်းရင်း အနက်ရောင်နှင်းခဲ မြင်းတပ် ပြန်လှည့်သွားသည်ကို မြင်လိုက်ရသည်။
"စစ်သေနာပတိချုပ်က မြို့တော်ကို မသွားတော့ဘူးလား" တောအုပ်ထဲ ပြန်ရောက်တော့ အားမင်ကို တခြားငန်းရိုင်းများက မေးကြသည်။
"အင်း" အားမင် ခေါင်းညိတ်လိုက်သည်။
"ရှောင်ယောင်းကို သတ်ချင်နေတဲ့လူတွေ အများကြီး ရှိတယ်ဆို" ငန်းရိုင်းတစ်ကောင်က ပြောလိုက်သည်။ "စစ်သေနာပတိချုပ်က ရှောင်ယောင်း အသတ်ခံရမှာကို ဒီတိုင်း ကြည့်နေတော့မလို့လား"
"မနေ့က မျက်နှာပေါ်စာလုံးထိုးထားတဲ့ အဘိုးကြီးပြောတာ ကြားတယ်မလား" ငန်းရိုင်းပျိုလေးတစ်ကောင်က ဝင်ပြောသည်။ "စစ်သေနာပတိချုပ်က ဧကရာဇ်လုပ်ချင်နေတာလား"
"ဒါ လူသားတွေရဲ့ သဘောသဘာဝပဲ" အသက်ကြီးသော ငန်းရိုင်းကြီးတစ်ကောင်က ခေါင်းခါလိုက်သည်။ "အာဏာအတွက်ဆိုရင် လူသားတွေက ဘာမဆို လုပ်ရဲကြတယ်"
ငန်းရိုင်းများ တိတ်ဆိတ်သွားကြသည်။ လူသားတွေက ကြောက်စရာကောင်းလိုက်တာ။
"သွားကြစို့" အားမင် နေထွက်လာပြီဖြစ်သော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မြို့တော်ကို ဖြတ်သွားရင် ဒီသတင်းကို ရှောင်ယောင်းဆီ သွားပြောပြရမယ်။ စစ်သေနာပတိချုပ် လာကယ်မယ်ဆိုပြီး မျှော်လင့်နေမှာစိုးလို့"
ငန်းရိုင်းများ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။
လိုကျစ်ကွေ့ စစ်တဲထဲမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ငန်းရိုင်းအုပ်စု တောင်ဘက်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
"စစ်သေနာပတိချုပ်" ရှန်မု လိုကျစ်ကွေ့အနား ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "စုန့်ကျင်းတို့ ထွက်သွားကြပြီ"
"အင်း"
"အရှင်မင်းကြီးကရော"
"သူ မသေပါဘူး" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။ နဉ်ရှောင်ယောင်း၏ အရည်အချင်းနှင့်ဆိုလျှင် အသက်ရှင်အောင် နေနိုင်လိမ့်မည်ဟု လိုကျစ်ကွေ့ ယုံကြည်သည်။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၆ ။ ယုံနင်တိုင်းပြည် ကျရှုံးသွားပြီ အမတ်ချုပ်ကြီး
နဉ်ရှောင်ယောင်းက ယောကျာ်းလေးလို တောက်လျှောက် ဝတ်ဆင်ထားလို့ မရပါဘူး။ သေဟန်ဆောင်မလား။ ထီးနန်းစွန့်လွှတ်လိုက်မလား။ ဒါတွေကလည်း ကောင်းတဲ့နည်းလမ်းတွေ မဟုတ်ဘူး။ ယုံနင်မင်းဆက်ကို အဆုံးသတ်လိုက်ပြီး လူတွေရဲ့မှတ်ဉာဏ်ထဲက နဉ်မျိုးနွယ်ကို အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်တာကမှ အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်။
လိုကျစ်ကွေ့သည် တောင်ဘက်သို့ ပျံသန်းသွားသော ငန်းရိုင်းအုပ်စု ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးမှ စစ်တဲထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ ရုတ်တရက် လှောင်ပြောင်သလို ပြုံးလိုက်မိသည်။ မိန်းကလေးနဉ်အတွက် ဟုတ်လား။ ဆင်ခြေတွေပါကွာ။ တကယ်တမ်းကျတော့ သူလည်း တိုင်းပြည်ကို လိုချင်နေတာပဲ။
.....
လဝက်ခန့် ကြာသောအခါ ငန်းရိုင်း အားမင်သည် နန်းတော်ထဲသို့ ပျံဝင်လာပြီး နဉ်ရှောင်ယောင်း၏ အိပ်ခန်းပြတင်းပေါက်တွင် နားလိုက်သည်။
"မဖြစ်နိုင်ဘူး" လောင်တသည် အားမင်ပြောတာကို ကြားပြီး အမွှေးတွေ ထောင်တက်သွားကာ အော်ဟစ်လိုက်သည်။
"ငါက နင်တို့ကို လိမ်ပြောလို့ ငါးခြောက် ပိုစားရမှာမို့လို့လား" အားမင် လောင်တကို မထီမဲ့မြင် ပြောလိုက်သည်။ "နင့်စစ်သေနာပတိချုပ်က လူကောင်းမဟုတ်ဘူးဟေ့"
လောင်တ ပြတင်းပေါက်ကို ခုန်တက်ပြီး ငှက်စုတ်ကို ကိုက်သတ်ရန် ပြင်လိုက်သည်။ စစ်သေနာပတိချုပ်ကို မကောင်းပြောရဲတယ်ပေါ့။
"တော်စမ်းပါ" နဉ်ရှောင်ယောင်း လောင်တ၏ လည်ပင်းနောက်မှ အသားကို ဆွဲမလိုက်ပြီး အားမင်ကို ကြည့်ကာ မေးလိုက်သည်။ "ကျီဝမ် တကယ် သေသွားပြီလား"
"သေပြီ။ ခေါင်းဖြတ်သတ်ခံရတာ" အားမင် ပြောလိုက်သည်။ "ငါတို့ အများကြီး မြင်ခဲ့တာပါ"
"ဒါဆို ကျီဝမ်ရဲ့မိသားစုရော" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"အကုန်သေကုန်ပြီ" အားမင် ပြောပြသည်။ "ရှောင်ယောင်း... စစ်သေနာပတိချုပ်ရဲ့ ဆရာက နင်တို့ နဉ်မျိုးနွယ်ကို အရမ်းမုန်းတယ်။ ဧကရာဇ်အဟောင်းမသေရင် ဧကရာဇ်အသစ် မပေါ်လာနိုင်ဘူးတဲ့"
"ရှောင်ယောင်း... စစ်သူကြီးမှာ ဆရာတစ်ယောက် ရှိတယ်။ သူက..." အဘိုးစာကလေးက စားပွဲဝိုင်းပေါ်တွင် ရပ်လျက် ဝင်ပြောရန် ပြင်လိုက်သည်။
"သူ ဘယ်သူလဲဆိုတာ ငါနဲ့ ဘာဆိုင်လို့လဲ" နဉ်ရှောင်ယောင်း ဖြတ်ပြောလိုက်သည်။
"ဆက်မပြောကြပါနဲ့တော့" အဘိုးဟွေ့သည် ကုလားထိုင်လက်ရမ်းပေါ်တွင်ဝပ်လျက် အဘိုးစာကလေးကို ခေါင်းခါပြလိုက်သည်။ ပြီးမှ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "ရှောင်ယောင်း... နင် အဆင်ပြေရဲ့လား"
တိရစ္ဆာန်လေးများအားလုံး နဉ်ရှောင်ယောင်းကို ကြည့်လိုက်ကြသည်။ အမြဲတမ်း တောက်ပနေတတ်သော မျက်လုံးလေးများ မှေးမှိန်နေသည်။
လောင်တပင် နဉ်ရှောင်ယောင်းကို မအော်ရဲတော့ပေ။
"လဝက်ကြာပြီ" နဉ်ရှောင်ယောင်း လောင်တကို ကြည့်ပြီး ပြောလိုက်သည်။ "စစ်သေနာပတိချုပ်သာ ဆက်လာနေရင် မြို့တော်ဝန်းကျင်က တိရစ္ဆာန်လေးတွေ သူ့ကို မြင်ကြမှာ သေချာတယ်"
လောင်တ ခေါင်းငုံ့သွားသည်။ အမွှေးများပင် အရောင်မှိန်သွားသလို ခံစားရသည်။
"ရှောင်ယောင်း" ယိုကွမ့် တိုးတိုးလေး ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ပြောသည်။ "ကိစ္စမရှိပါဘူး။ စိတ်မပူကြပါနဲ့။ စစ်သေနာပတိချုပ် မလာလည်း ဖြေရှင်းနည်းရှိပါတယ်"
တိရစ္ဆာန်လေးများအားလုံး နဉ်ရှောင်ယောင်းကို ဝိုင်းကြည့်နေကြသည်။ ဘယ်လိုလုပ် ဖြေရှင်းမှာလဲ။
"ငါ စဉ်းစားပါရစေဦး" နဉ်ရှောင်ယောင်း ရှောင်ပိုင်၏ ဗိုက်ပူပူလေးကို ပွတ်သပ်လိုက်ပြီး ပြောသည်။ "အချိန်နည်းနည်း ပေးပါဦး"
"သွားကြစို့" အဘိုးဟွေ့ ပြတင်းပေါက်မှ အရင်ဆုံး ခုန်ထွက်သွားသည်။ ဒီအချိန်မှာ ရှောင်ယောင်းကို တစ်ယောက်တည်း ထားပေးသင့်တယ်။
လောင်တ ဒုတိယမြောက် ထွက်သွားသည်။ ကြောင်ဝတုတ်သည် နဉ်ရှောင်ယောင်းကို မျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှက်နေသည်။ လိုကျစ်ကွေ့ အမှားလုပ်တာက သူ အမှားလုပ်သလို ခံစားနေရသည်။
အားမင် နောက်ဆုံးမှ ထွက်သွားသည်။ နဉ်ရှောင်ယောင်းကို သနားကရုဏာသက်စွာ ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ယောင်း... နင် အမြန်ဆုံး ထွက်ပြေးဖို့ နည်းလမ်းရှာလိုက်တော့။ အပြင်မှာ လူကြီးလူကောင်းတွေ အများကြီးက နင့်ကို သတ်ချင်နေကြတယ်။ သူတို့အားလုံး ဧကရာဇ်လုပ်ချင်နေကြတာ"
"အင်း... ငါ သိပါပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ငါ့ဦးလေး ပြောတယ်။ နင်တို့လူသားတွေက အာဏာအတွက်ဆိုရင် ဘာမဆို လုပ်ရဲကြတယ်တဲ့။ ဒါ လူသားတွေရဲ့ သဘာဝပဲတဲ့။ ငါတို့ငန်းရိုင်းတွေ ဆောင်းဝင်ရင် တောင်ဘက်ပြန်ရသလိုမျိုးပေါ့။ ဒါကြောင့် ရှောင်ယောင်း... နင် ဝမ်းမနည်းပါနဲ့။ လူသားတွေက ဒီလိုပါပဲ"
နဉ်ရှောင်ယောင်း အားမင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပြောသည်။ "ငါ့မှာ ငါးခြောက် မရှိတော့ဘူး"
"မလိုပါဘူး" အားမင် အတောင်ပံခတ်လိုက်သည်။ "ရှောင်ယောင်း... နင့်အတွက်ပဲ ငါးခြောက်များများ စုထားလိုက်။ လမ်းမှာ စားလို့ရအောင်"
နဉ်ရှောင်ယောင်း: "..." ငါးခြောက်ကို ရိက္ခာခြောက်အဖြစ် သယ်သွားရမှာလား။ ဒါဆို ငါ ငတ်သေလိမ့်မယ်။
"ငါတို့ မနက်ဖြန် တောင်ဘက်ကို ပြန်ကြတော့မယ်" အားမင် ဆက်ပြောသည်။ "ငါ့ဦးလေး ပြောတယ်။ ဒီကလူတွေ စားစရာပြတ်လပ်ရင် ငါတို့ကို သတ်စားကြလိမ့်မယ်တဲ့"
နဉ်ရှောင်ယောင်း အားမင်၏ ခေါင်းလေးကို ထပ်ပွတ်ပေးလိုက်ပြန်သည်။ "လမ်းခရီး ဂရုစိုက်နော်။ ဘေးကင်းပါစေ"
"ဝမ်းမနည်းပါနဲ့" အားမင် နှုတ်သီးလေးဖြင့် နဉ်ရှောင်ယောင်း၏ လက်ကို တို့ထိလိုက်သည်။ "ရှောင်ယောင်း... နင် စစ်သေနာပတိချုပ်ထက် ပိုကောင်းတဲ့လူတစ်ယောက် တွေ့မှာပါ"
နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ မငိုချင်ရင် ရယ်ရုံပဲ ရှိတာပေါ့။
အားမင် ပျံထွက်သွားသည်။ အားမင်တို့သာမက လူသားတွေ ဖမ်းစားမှာ ကြောက်လို့ တခြားတိရစ္ဆာန်လေးတွေ အများကြီး မြို့တော်ကနေ ထွက်ပြေးကုန်ကြပြီဆိုတာ နဉ်ရှောင်ယောင်း သိသည်။
ပြတင်းပေါက်နားရပ်ပြီး ပန်းခြံကို ကြည့်လိုက်သည်။ ဝမ်းနည်းလား။ ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ ဝမ်းနည်းတာထက် အရေးကြီးတာက ဘာဆက်လုပ်မလဲဆိုတာပဲ။ အနက်ရောင်နှင်းခဲ မြင်းတပ် ရောက်မလာတော့ဘူးဆိုတော့ ပြန်ဝိုင်းပြီးတိုက်မယ့်အစီအစဉ် ပျက်သွားပြီ။ ဘယ်လို ဆက်တိုက်မလဲ။
.....
"အရှင်မင်းကြီး?" ခြံဝင်းတံခါးဝတွင် ရပ်နေသော ယင်းဖုန်း ပခုံးပုတ်ခံလိုက်ရမှ သတိဝင်လာသည်။ သူ့သခင် အနားရောက်နေမှန်း မသိလိုက်ပေ။
"မြို့ရိုးပေါ် သွားကြည့်ကြရအောင်" နဉ်ရှောင်ယောင်း ပုံမှန်အတိုင်း ပြောလိုက်သည်။ ဘာမှမဖြစ်သလိုပင်။
"ဟုတ်ကဲ့" ယင်းဖုန်း အမိန့်နာခံလိုက်သည်။
မကြာမီတွင် နဉ်ရှောင်ယောင်းသည် ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားများ ခြံရံလျက် မြောက်ဘက်မြို့ရိုးပေါ်သို့ ရောက်ရှိသွားသည်။
သွေးသံရဲရဲ မြင်ကွင်းများကို မကြိုက်သဖြင့် စစ်ဖြစ်ကတည်းက နဉ်ရှောင်ယောင်း မြို့ရိုးပေါ် မတက်ခဲ့ပေ။ မြို့ရိုးကြမ်းပြင်နှင့် နံရံများတွင် သွေးများ ပေကျံနေသည်။ အလောင်းများကို မရှင်းလင်းရသေးဘဲ မြို့ရိုးပေါ်တွင် ဟိုတစ်ပုံ သည်တစ်ပုံ စုပုံနေသည်။ နဉ်ရှောင်ယောင်း ရေတွက်ကြည့်ရာ အလောင်းပုံ ၃၀ မက ရှိနေသည်။
နဉ်ရှောင်ယောင်း မြို့ရိုးအောက်ကို ငုံ့ကြည့်လိုက်ရာ မြေကွက်လပ်တွင် မြောက်ပိုင်းသားများ တူးထားသော ဥမင်လိုဏ်ခေါင်းရှည်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
"မြောက်ပိုင်းသားတွေက မြို့ရိုးအောက်အထိ ဥမင်တူးပြီး ယမ်းနဲ့ဖောက်ခွဲဖို့ လုပ်နေကြတာ" မြောက်ဘက်မြို့ရိုးကို တာဝန်ယူထားသော ဖေ့ယင် ကင်းစင်ပေါ်မှ အပြေးဆင်းလာပြီး နဉ်ရှောင်ယောင်းအနားတွင် ရပ်ကာ တိုးတိုးလေး ရှင်းပြသည်။
"ကာကွယ်နိုင်လား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"လောလောဆယ်တော့ ရပါသေးတယ်" ဖေ့ယင် မြို့ရိုးအောက်မှ အလောင်းများကို ညွှန်ပြလိုက်သည်။ "ဒါတွေက ဥမင်တူးနေတဲ့ မြောက်ပိုင်းသားတွေရဲ့ အလောင်းတွေပါ"
"ယုံနင်လူမျိုး အလောင်းတွေလည်း တွေ့နေရပါလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဒီရက်ပိုင်း မြောက်ပိုင်းသားတွေက ပြည်သူတွေကို ဖမ်းပြီး ဥမင်တူးခိုင်းနေတာ" ဖေ့ယင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖြေလိုက်သည်။ "ကျွန်တော်မျိုး အမိန့်ပေးပြီး ပစ်သတ်ခိုင်းလိုက်တာပါ"
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်ပြီး မြို့ပြင်ကို စိုက်ကြည့်နေသည်။ စကားတစ်ခွန်းမှ မပြောပေ။
"အနက်ရောင်နှင်းခဲမြင်းတပ် ဘယ်တော့ ရောက်မလဲ" ဖေ့ယင် နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "စစ်သေနာပတိချုပ်က အရှင်မင်းကြီးနဲ့ ဆက်သွယ်ရဲ့လား"
မြို့ရိုးပေါ်မှ ပင်ပန်းနွမ်းနယ်နေသော စစ်သည်များကို ကြည့်ပြီး နဉ်ရှောင်ယောင်း ဖေ့ယင်ကို ပြုံးပြလိုက်သည်။ "ကိစ္စမရှိပါဘူး။ စိတ်မပူပါနဲ့။ မကြာခင် စစ်ပွဲပြီးတော့မှာပါ"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းဆီ သတင်းပို့ထားပြီးပြီလို့ ဖေ့ယင် ထင်မှတ်လိုက်သည်။ သူတို့နှစ်ယောက် ဘယ်လိုဆက်သွယ်လဲဆိုတာ မမေးသင့်တဲ့ကိစ္စမို့ ဖေ့ယင် မမေးတော့ပေ။
နဉ်ရှောင်ယောင်း လက်ကို မြှောက်လိုက်ရာ လက်ဖဝါးတွင် စေးကပ်ကပ် ဖြစ်နေသည်။ ကြည့်လိုက်တော့ သွေးများ ပေကျံနေသည်။ သွေးများကို သုတ်လိုက်ပြီး ဖေ့ယင်ကို ပြောလိုက်သည်။ "လာကြည့်ရုံပါပဲ။ ဒုသခင်လေးဖေ့... ပြန်တော့မယ်"
ဖေ့ယင် နဉ်ရှောင်ယောင်းကို မြို့ရိုးအောက်အထိ လိုက်ပို့ပေးသည်။ နဉ်ရှောင်ယောင်း ပုံမှန်မဟုတ်တာ ဘာမှသတိမထားမိလိုက်ပေ။
နဉ်ရှောင်ယောင်း မြို့ရိုးလေးဖက်လုံး လှည့်ကြည့်ပြီးနောက် ထိုက်ဟွာနန်းဆောင်သို့ ပြန်ရောက်လာသည်။ ကုတင်ပေါ်တွင် တစ်ညလုံး မျက်စိမမှိတ်ဘဲ လှဲနေမိသည်။
.....
နောက်တစ်နေ့ မိုးလင်းသောအခါ မြို့တော်တွင် မိုးထပ်ရွာပြန်သည်။ နဉ်ရှောင်ယောင်း အိမ်အမိုးစွန်းအောက်တွင် ရပ်ပြီး မိုးရေစက်များကို ကြည့်နေသည်။ ခဏကြာမှ ယင်းဖုန်းကိုခေါ်ပြီး အကြီးအကဲလီကို ဖိတ်ခိုင်းလိုက်သည်။
အကြီးအကဲလီ အမြန်ရောက်လာသည်။ ခြံဝင်းထဲ ဝင်လာတော့ နဉ်ရှောင်ယောင်းက အိမ်အမိုးစွန်းအောက်တွင် ရပ်ပြီး ပြုံးပြုံးလေး လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။
"အဘိုးကြီး" နဉ်ရှောင်ယောင်း လှမ်းခေါ်လိုက်သည်။
ယင်းဖုန်း ထီးမိုးပေးပြီး အကြီးအကဲလီကို နဉ်ရှောင်ယောင်းအနား ပို့ပေးလိုက်သည်။ ပြီးမှ အနောက်ဆုတ်သွားသည်။
အကြီးအကဲလီ စကားမစရသေးခင် နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဘိုးကြီး... သတင်းရထားတယ်။ စစ်သေနာပတိချုပ်လိုနဲ့ အနက်ရောင်နှင်းခဲ မြင်းတပ် လာတော့မှာ မဟုတ်ဘူးတဲ့"
အကြီးအကဲလီ ယိုင်လဲသွားသည်။
နဉ်ရှောင်ယောင်း လှမ်းထိန်းပေးလိုက်သည်။
အချိန်အတော်ကြာမှ အကြီးအကဲလီ အသံပြန်ထွက်လာသည်။ "အရှင်မင်းကြီး... တကယ် ပြောနေတာလား"
"ဒီအချိန်ရောက်မှ နောက်နေစရာလား" နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။ "ဒီလောက်ရက်ကြာနေပြီ။ ဒုသခင်လေးဖေ့ ပြောတဲ့လူတွေ တစ်ယောက်မှ ရောက်မလာဘူး။ သူတို့ လာတော့မှာ မဟုတ်ဘူး"
စစ်ကူရောက်မလာတာက နန်းတွင်းအမတ်တွေအားလုံးရဲ့ ရင်ထဲက အပူမီးပဲ။ ဒါပေမဲ့ ဘယ်သူမှ ထုတ်မပြောရဲကြဘူး။ စစ်ကူတွေ လာနေပါတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေကြရတာ။ ဒါမှ မြို့တော်ကို ကာကွယ်ဖို့ သတ္တိရှိမှာလေ။ စစ်သည်တွေနဲ့ ပြည်သူတွေကိုလည်း စစ်ကူတွေ လာနေပါပြီ၊ ခဏလောက် တောင့်ခံထားပါ၊ စစ်ကူရောက်ရင် အားလုံး အဆင်ပြေသွားမှာပါလို့ အားပေးနိုင်မှာပေါ့။
နဉ်ရှောင်ယောင်းက အဲ့ဒီမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တော့ အကြီးအကဲလီ ကြောင်သွားသည်။
"အကြီးအကဲ... မနေ့ညက တစ်ညလုံး စဉ်းစားကြည့်တာ။ ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပဲဆိုတာ တကယ့်အမှန်တရားပဲ" နဉ်ရှောင်ယောင်း ဆက်ပြောသည်။
"အရှင်မင်းကြီးမှာ နည်းလမ်းရှိလို့လား" အကြီးအကဲလီ မေးလိုက်သည်။
"မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေက မြို့တော်အပြင်ဘက်ကနေ လှမ်းအော်နေကြတယ်မလား။ ကျွန်တော့်ကို လက်လွှဲပေးရင် မြို့တော်သူမြို့သားတွေကို အသက်ချမ်းသာပေးမယ်ဆိုပြီးလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"အရှင်မင်းကြီး" အကြီးအကဲလီ လန့်ဖျပ်သွားသည်။ "အရှင်မင်းကြီး ဘာလုပ်မလို့လဲ"
"သူခိုးကိုဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒီသဘောတရားကို ကျွန်တော် နားလည်ပါတယ်။ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေအတွက် ကျွန်တော်က ခေါင်းဆောင်ပဲလေ။ အဘိုးကြီး... ကျွန်တော် မြို့ပြင်ထွက်သွားမယ်"
"အရှင်မင်းကြီး... သွားပြီး အသေခံမလို့လား" အကြီးအကဲလီ ဒေါသထွက်သွားသည်။
"ကျွန်တော် မသေချင်ပါဘူး" နဉ်ရှောင်ယောင်း ပြုံးဖြဲဖြဲဖြင့် အကြီးအကဲလီကို ကြည့်နေဆဲ။ "ကျွန်တော် တွေးမိတာက... ကျွန်တော် ထွက်သွားရင် မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေက ကျွန်တော့်နောက် လိုက်ကြမှာလေ။ ဒါဆို မြို့တော်ကို အသေအလဲ တိုက်နေကြတော့မှာ မဟုတ်ဘူး"
"အရှင်မင်းကြီးက ဘယ်ပြေးလို့ရမှာလဲ" အကြီးအကဲလီ မေးလိုက်သည်။
"အဲ..." နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဘိုးကြီး မေ့နေပြီလား။ ကျွန်တော့်မှာ အရမ်းတော်တဲ့ ဆရာကြီးတစ်ဆူ ရှိတယ်လေ"
အကြီးအကဲလီ ကြောင်သွားပြန်သည်။
"ကျွန်တော့်ဆရာကို သွားရှာမယ်" နဉ်ရှောင်ယောင်း အသံနှိမ့်ပြီး လျှို့ဝှက်သလိုလို ပြောလိုက်သည်။ "စိတ်ချပါ။ ကျွန်တော် ဘာမှမဖြစ်စေရဘူး"
အကြီးအကဲလီ ခေါင်းခါလိုက်သည်။ "အရှင်မင်းကြီး... တိုင်းပြည်တစ်ပြည်မှာ တစ်ရက်လေးတောင် ဧကရာဇ်မရှိလို့ မဖြစ်ဘူး"
"ကျွန်တော် မရှိတာနဲ့ ခင်ဗျားတို့ အသက်မရှင်နိုင်တော့ဘူးလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
အကြီးအကဲလီ အသက်ပြင်းပြင်း ရှူလိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ဒီစကား ထပ်ပြောရင် ကျွန်တော်မျိုး အရှင်မင်းကြီးရှေ့မှာ ခေါင်းဆောင့်သတ်သေလိုက်မယ်"
"အဘိုးကြီး... အဲ့လိုပြောရင် ဘယ်ကောင်းမလဲ"
"အရှင်မင်းကြီး!" အကြီးအကဲလီ ဒေါသတကြီး အော်ပြောလိုက်သည်။
"ယုံနင် ကျရှုံးသွားပြီ အဘိုးကြီး" နဉ်ရှောင်ယောင်း အကြီးအကဲလီကို လက်ဖြန့်ပြလိုက်သည်။
ရိုက်ခွင့်သာရှိရင် အကြီးအကဲလီ နဉ်ရှောင်ယောင်းကို ပါးရိုက်ပစ်လိုက်ပြီ။
"စိတ်မဆိုးပါနဲ့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကမ္ဘာ့အခြေအနေတွေကို အဘိုးကြီးက ကျွန်တော့်ထက် ပိုနားလည်မှာပါ"
အကြီးအကဲလီ နားလည်ပါတယ်။ ဒါကြောင့် နဉ်ရှောင်ယောင်းကို ကြည့်ပြီး မျက်ရည်ကျလာသည်။
"အဘိုးကြီး... ကျွန်တော် သိချင်နေတာ ကြာပြီ" နဉ်ရှောင်ယောင်း အကြီးအကဲလီ၏ မျက်ရည်ကို သုတ်ပေးလိုက်သည်။ "ခင်ဗျားတို့ စာတွေအများကြီးသင်၊ ပညာတွေအများကြီးသင်တာ ဘာအတွက်လဲ"
"ပညာတတ်မြောက်ရင် ဧကရာဇ်ဆီမှာ အမှုထမ်းဖို့ပါပဲ" အကြီးအကဲလီ ဖြေလိုက်သည်။
"ဧကရာဇ်ဆီမှာ အမှုထမ်းပြီးရင်ရော" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ပြီးရင်တော့ တိုင်းသူပြည်သားတွေအတွက် အစွမ်းကုန် ကြိုးစားပေးရမှာပေါ့"
နဉ်ရှောင်ယောင်း အကြီးအကဲလီကို ကြည့်ပြီး ပြုံးလိုက်သည်။ "ဒါကြောင့်... ခင်ဗျားတို့ရဲ့ နောက်ဆုံးရည်မှန်းချက်က တိုင်းသူပြည်သားတွေအတွက်ပဲလေ။ ဧကရာဇ်မရှိတော့တာနဲ့ ခင်ဗျားတို့က တိုင်းသူပြည်သားတွေကို ပစ်ထားလိုက်ကြတော့မှာလား"
***