အခန်း (၃၄၇-၃၄၈)
Vol. 22 Ch. 347-348
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၇ ။ ငါ့ကို ဒူးထောက်တောင်းပန်ခိုင်းဖို့ ဘယ်သူမှ မကြံနဲ့
အကြီးအကဲလီသည် စကားကောင်းကောင်းပြောတတ်သူ ဖြစ်သော်လည်း နဉ်ရှောင်ယောင်း၏ စကားကြောင့် ဆွံ့အသွားသည်။
"အဘိုးကြီး... ကောင်းကောင်း နေခဲ့ပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဘယ်သူပဲ ဧကရာဇ်ဖြစ်ဖြစ်... ခင်ဗျားကတော့ တိုင်းသူပြည်သားတွေအတွက် အလုပ်လုပ်ပေးရမှာပဲ"
"အရှင်မင်းကြီး" အကြီးအကဲလီ၏ မျက်ရည်များ မိုးရေနှင့် ရောထွေးနေသည်။ "အရှင်မင်းကြီးက တကယ်ပဲ သွားအသေခံတော့မလို့လား"
"ဘယ်သူက ကျွန်တော့်ကို သေစေချင်နေတာလဲ" နဉ်ရှောင်ယောင်း ရုတ်တရက် မျက်နှာပြောင်းသွားသည်။ "ကျွန်တော့်ကို သေစေချင်တဲ့လူတွေ အများကြီး ရှိနေပေမယ့် ဧကရာဇ်မလုပ်ရလည်း ကိစ္စမရှိဘူး။ ဘယ်သူပဲ လုပ်လုပ်ပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို ဒူးထောက်တောင်းပန်ခိုင်းဖို့တော့ ဘယ်သူမှ မကြံနဲ့"
မိုးသည်းထန်စွာ ရွာသွန်းနေသည်။ နဉ်ရှောင်ယောင်းသည် လက်သီးဆုပ်လျက် ခါးဆန့်ကာ ရပ်နေသည်။ ပြဿနာဖြေရှင်းဖို့အတွက် တောင်းပန်တာက နည်းလမ်းတစ်ခု ဖြစ်နိုင်ပေမယ့် သူမ နဉ်ရှောင်ယောင်းကတော့ ဘယ်တော့မှ ဒူးထောက်တောင်းပန်မယ့်သူ မဟုတ်ဘူး။ နတ်မင်းကြီး လာခိုင်းရင်တောင် မလုပ်ဘူး။
နဉ်ရှောင်ယောင်း၏ အော်ဟစ်သံကြောင့် အကြီးအကဲလီ အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။
ယင်းဖုန်းသည် ခြံဝင်းအပြင်ဘက်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အနောက်မှ နဂါးအစောင့်တပ်သားများကို အမိန့်ပေးလိုက်သည်။ "သွားပြင်ဆင်ကြ။ ငါတို့ အရှင်မင်းကြီးနဲ့အတူ မြို့ပြင်ထွက်ကြမယ်"
နဂါးအစောင့်တပ်သားလေးများ ခေါင်းညိတ်ပြီး အမြန်ထွက်ခွာသွားကြသည်။
ယင်းဖုန်းသည် ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။ မိုးရေစက်များနှင့် ကျယ်ဝန်းလှသော ခြံဝင်းကြီးကြောင့် နဉ်ရှောင်ယောင်း၏ ပုံရိပ်သည် ဝေဝါးနေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် ယင်းဖုန်း လှည့်ကြည့်လိုက်ရာ ထီးဆောင်းထားသော ရှဲ့သော်ယင်းကို လမ်းဘေးတွင် တွေ့လိုက်ရသည်။ ပန်းရောင်စကတ်အနားစများသည် မိုးရေစိုရွှဲပြီး အနီရောင် ပြောင်းနေသည်။
ရှဲ့သော်ယင်းသည် ယင်းဖုန်းအနားသို့ လျှောက်လာပြီး ထီးကိုမြှောက်ကာ နှစ်ယောက်စလုံး မိုးလွတ်အောင် မိုးပေးလိုက်သည်။ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီးကို ကောင်းကောင်း ကာကွယ်ပေးပါ။ တကယ်လို့ မြို့တော်ကျသွားရင် ကျွန်မ ထွက်ပြေးဖို့ ကြိုးစားပါ့မယ်။ ပြီးရင်... ယင်းဖုန်း... စစ်ပွဲပြီးရင် ဘာပဲဖြစ်ဖြစ် ကျွန်မ မြို့တော်ကို ပြန်လာပြီး ရှင့်ကို စောင့်နေမယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သေချာပေါက် ပြန်လာခဲ့ပါ။ ကျွန်မကို တစ်ယောက်တည်း ထားမသွားပါနဲ့။ သေတဲ့အထိ တစ်ယောက်တည်း စောင့်နေရမှာမျိုး မဖြစ်စေပါနဲ့"
မိုးရေစက်များသည် လေတိုက်ခတ်မှုကြောင့် ရှဲ့သော်ယင်း၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ ခဏအတွင်းမှာပင် သူမ၏မျက်နှာ တစ်ခုလုံး စိုရွှဲသွားပြီး မျက်ရည်ကျနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် ရှဲ့သော်ယင်းက ပြုံးနေသည်။ ယင်းဖုန်းကိုကြည့်ပြီး လှပစွာ ပြုံးပြနေသည်။
ရှင်နဲ့ အတူအိုမင်းသွားချင်ပေမယ့် ရှင့်မှာ တာဝန်တွေ ရှိနေတယ်။ ယောကျာ်းကောင်းတစ်ယောက်က သစ္စာရှိရမယ်။ တာဝန်ကျေရမယ်။ ဒါကြောင့် ရှင့်ကို စိတ်ဒုက္ခမပေးချင်ပါဘူး။ ကျွန်မ လုပ်နိုင်တာက အသက်ရှင်အောင်နေပြီး တစ်သက်လုံး ရှင့်ကို စောင့်နေဖို့ပါပဲ။
ပြောချင်တဲ့စကားတွေ အများကြီးရှိပေမယ့် တကယ်ပြောရမယ့်အချိန်ကျတော့ ဘယ်ကစပြောရမှန်း မသိတော့ဘူး။ နောက်ဆုံးတော့ သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ဘူး။ ရည်မှန်းချက်ကြီးပေမယ့် လက်တွေ့ကျတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ အပိုင်းလည်း ရှိနေပြန်တယ်။ ရှဲ့သော်ယင်း ခြေဖျားထောက်လိုက်ပြီး ထီးရိပ်အောက်မှာ ယင်းဖုန်းရဲ့နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်။
ပြီးနောက် ရှဲ့သော်ယင်း လှည့်ထွက်ပြေးသွားသည်။ မိုးရေကြောင့် စိုရွှဲနေသော သူမ၏ စကတ်သည် ပန်းရောင်မှ အနီရောင်သို့ ပြောင်းလဲသွားပြီး မင်္ဂလာဝတ်စုံကဲ့သို့ တောက်ပနေသည်။
ယင်းဖုန်း နှုတ်ခမ်းကို ကိုင်ကြည့်လိုက်သည်။ အေးစက်သော မျက်နှာပေါ်တွင် အပြုံးရိပ်များ ထင်ဟပ်လာသည်။ သို့သော် ချက်ချင်း ပြန်လည်တည်ငြိမ်သွားပြီး ခြံဝင်းတံခါးဘက်သို့ လှည့်လိုက်သည်။ အသက်ရှင်လျက် ပြန်လာနိုင်ရင် ရှဲ့သော်ယင်းဆိုတဲ့ ဒီမိန်းကလေးကို သေချာပေါက် လက်ထပ်ယူမယ်။
နဉ်ရှောင်ယောင်းသည် စင်္ကြံလမ်းတွင် ရပ်လျက် အကြီးအကဲလီကို ကြည့်နေသည်။
အကြီးအကဲလီသည် အချိန်အတော်ကြာ ငူငူငိုင်ငိုင် ရပ်နေသည်။ ကျောဘက်တွင် မိုးရေစိုရွှဲနေသည်ကိုပင် သတိမထားမိပေ။
"ဟတ်ချိုး" နဉ်ရှောင်ယောင်း နှာချေဟန်ဆောင်လိုက်သည်။ ဒီအတိုင်း ဆက်ရပ်နေရင် ဘယ်တော့ မြို့ပြင်ထွက်ရမှာလဲ။ ယင်းဖုန်းတို့တောင် နှုတ်ဆက်ပြီးသွားပြီ။
အကြီးအကဲလီသည် နဉ်ရှောင်ယောင်း၏ နှာချေသံကြောင့် သတိဝင်လာသည်။ နဉ်ရှောင်ယောင်းကို ကြည့်ပြီးနောက် ဒူးထောက်ချလိုက်သည်။ "အရှင်မင်းကြီး" ဟု ခေါ်ပြီး မျက်ရည်များ ကျဆင်းလာပြန်သည်။
နဉ်ရှောင်ယောင်းလည်း အကြီးအကဲလီရှေ့တွင် ဒူးထောက်လိုက်ပြီး ပြောသည်။ "အမတ်ချုပ်ကြီး... ဒီလိုမလုပ်ပါနဲ့။ ဒီလောကကြီးက လူတစ်ယောက်မရှိတာနဲ့ ပျက်စီးသွားမှာ မဟုတ်ပါဘူး။ မဝမ်းနည်းပါနဲ့။ ကျွန်တော် မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကိစ္စ ဖြေရှင်းဖို့ နည်းလမ်းရှာပါ့မယ်။ ကျွန်တော် ထွက်သွားပြီးရင် မြို့တော်ကို ကောင်းကောင်း စောင့်ရှောက်ပေးပါနော်"
"အရှင်မင်းကြီး... မြို့ပြင်မှာ ရန်သူတွေ အများကြီး ရှိနေတာပါ"
"အမြောက်နဲ့ပစ်တာတောင် မသေတဲ့လူကို ရန်သူတွေက ဘာလုပ်နိုင်မှာလဲ" နဉ်ရှောင်ယောင်း အကြီးအကဲလီ၏ ပခုံးကို ပုတ်လိုက်သည်။ "လက်တွေ့ကျကျ တွေးကြည့်ရအောင်။ ကျွန်တော် မြို့ထဲမှာ နေခဲ့ရင် အသေခံရုံပဲရှိမှာ"
"ကျွန်တော်မျိုးက ရှဲ့ဝမ်ယွမ်လောက် မတော်ပါဘူး"
နဉ်ရှောင်ယောင်း: "..."
"တိုင်းပြည်ဖရိုဖရဲ ဖြစ်တာက ရှဲ့ဝမ်ယွမ် လိုချင်တဲ့ အခြေအနေပဲ" အကြီးအကဲလီ ပြောလိုက်သည်။ "ယုံနင်မင်းဆက် ပျက်သုဉ်းသွားပြီး ဧကရာဇ်မရှိတော့ရင် သူက သူပုန်မဟုတ်တော့ဘူး။ အာဏာလုပိုင်ခွင့်ရှိသွားပြီ"
"ဪ... ဒီလိုကိုး" နဉ်ရှောင်ယောင်း သဘောပေါက်သွားသည်။ အားလုံးက လူဆိုးတွေ ဖြစ်ကုန်ကြပြီဆိုတော့ ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုတော့ဘူးပေါ့။
"ကျွန်တော်မျိုးက အရင်တုန်းက ရှဲ့ဝမ်ယွမ်ရဲ့ နောက်လိုက်တွေကို ဖမ်းဆီးဖို့ပဲ စဉ်းစားခဲ့တာ" အကြီးအကဲလီ အားမလိုအားမရ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီလောကမှာ ရှဲ့ဝမ်ယွမ်အဖွဲ့အပြင် တော်ဝင်မျိုးနွယ်ကို မကျေနပ်တဲ့၊ ရည်မှန်းချက်ကြီးတဲ့ လူတွေ ရှိနေသေးတယ်ဆိုတာ မေ့နေခဲ့တယ်"
"ယုံကွမ်တောင်ကြားလမ်း တံခါးဖွင့်ပေးလိုက်တဲ့လူနဲ့ အယ်မြို့တံခါးဖွင့်ပေးလိုက်တဲ့လူတွေက အဲ့လိုလူမျိုးတွေလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
အကြီးအကဲလီ ခေါင်းညိတ်လိုက်သည်။ "ယုံကွမ်တောင်ကြားလမ်း တံခါးဖွင့်ပေးလိုက်တဲ့လူက နဂိုက မြို့တော် မြင်းတပ်စစ်သူကြီး လွီဖေးရိ ပါ။ သူ့အစ်မ လွီမိဖုရားက နန်းတော်ထဲမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတယ်။ ပြီးတော့ လွီမိသားစုတစ်ခုလုံး နယ်စပ် ယုံကွမ်တောင်ကြားလမ်းဆီ နယ်နှင်ဒဏ်ပေးခံလိုက်ရတာ"
နဉ်ရှောင်ယောင်း မျက်နှာသုတ်လိုက်သည်။ လွီမိဖုရားသေဆုံးမှုကလည်း မယ်တော်ကြီးရှဲ့ လက်ချက် ဖြစ်လောက်တယ်။
"အယ်မြို့ကျတော့..."
"တော်ပါပြီ အဘိုးကြီးရယ်... ဆက်မပြောပါနဲ့တော့" နောက်ထပ် မတရားမှုတစ်ခု ထပ်နားထောင်ဖို့ နဉ်ရှောင်ယောင်း ငြင်းဆန်လိုက်သည်။
"ရှဲ့ဝမ်ယွမ်ဆိုတဲ့လူက..."
"လူယုတ်မာပဲ" နဉ်ရှောင်ယောင်း အကြီးအကဲလီကို ဆွဲထူလိုက်ပြီး ပြောသည်။ "အဘိုးကြီး... တစ်နေ့ကျရင် ကျွန်တော် ရှဲ့ဝမ်ယွမ်ကို သေချာပေါက် သတ်ပစ်မယ်" သတ်ကို သတ်ရမယ်။ မသတ်ရင် နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
နန်းတွင်းအမတ်များ အမြန်ရောက်လာကြသည်။ နဉ်ရှောင်ယောင်း၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ အားလုံး အံ့ဩသွားကြသည်။
ဖေ့ယင် ခဏစဉ်းစားပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ဒါဆို ကျွန်တော်မျိုးလည်း စစ်တပ်တစ်တပ်နဲ့ မြို့ပြင်ထွက်ပါ့မယ်"
"ဘာ" နဉ်ရှောင်ယောင်းက သူမ မသေနိုင်ဘူးဆိုတာ အာမခံနိုင်ပေမယ့် တခြားလူတွေကို အာမခံနိုင်တာမှ မဟုတ်တာ။
"အရှင်မင်းကြီးတစ်ပါးတည်း မြို့ပြင်ထွက်သွားရင် မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေက အရှင်မင်းကြီးမှန်း ဘယ်ယုံပါ့မလဲ" ဖေ့ယင် ထောက်ပြသည်။
နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ပြောတာလည်း ဟုတ်သားပဲ။
"ကျွန်တော်မျိုး စစ်တပ်နဲ့ လမ်းခွဲပြီး ထွက်မယ်" ဖေ့ယင် ဆက်ပြောသည်။ "ဒါမှ ရန်သူတွေ အာရုံပြောင်းသွားပြီး အရှင်မင်းကြီး လုံခြုံမှာပေါ့" ဖေ့ယင်ကတော့ နဉ်ရှောင်ယောင်း ဘာလုပ်ချင်လဲဆိုတာ ဂရုမစိုက်ပေ။ လိုကျစ်ကွေ့ ရောက်မလာတော့မှန်း သိလိုက်ရပြီမို့ အရှင်မင်းကြီး ထွက်သွားမှ ရမည်။ မြို့ထဲမှာနေရင် သေလမ်းပဲ ရှိသည်။
"ဒါဆို မင်း ဘယ်လိုလုပ်မလဲ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို စိတ်ပူပေးလိုက်သည်။
"ကျွန်တော်မျိုးက မြို့တော်နဲ့ သိပ်ဝေးဝေး မသွားပါဘူး" ဖေ့ယင် ပြောလိုက်သည်။ "အမြန်ဆုံး မြို့ထဲ ပြန်ဝင်လာမှာပါ။ ဒါကြောင့် အရှင်မင်းကြီး စိတ်မပူပါနဲ့"
"အရှင်မင်းကြီး... သဘောတူလိုက်ပါ" အကြီးအကဲလီ ဝင်ပြောသည်။ အကြီးအကဲလည်း သဘောပေါက်သွားပြီ။ မြို့ပျက်မှာကို ထိုင်စောင့်နေမယ့်အစား အရှင်မင်းကြီး ထွက်သွားပြီး ကံစမ်းကြည့်တာ ပိုကောင်းမယ်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ သိုင်းပညာကို အထင်သေးလို့လား" ဖေ့ယင် မျက်ခုံးပင့်ပြီး မေးလိုက်သည်။
ရန်ဖြစ်ချင်နေပြန်ပြီ။ နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ပြောသည်။ "ကောင်းပြီလေ... ဒုသခင်လေးဖေ့... ဂရုစိုက်နော်" မရရင်လည်း ဖေ့ယင် မြို့ထဲပြန်ရောက်အောင် လိုက်ပို့ပေးပြီးမှ သူမ ထွက်ပြေးရမှာပေါ့။
"အရှင်မင်းကြီး ဘယ်အချိန်ထွက်မလဲ" ဖေ့ယင် မေးလိုက်သည်။
"ဒီည" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ ဆုံးဖြတ်ပြီးရင် ချက်ချင်းလုပ်ရမယ်။ အချိန်ဆွဲနေတာ ဘာမှအကျိုးမရှိဘူး။
"ကျွန်တော်မျိုး သွားပြင်ဆင်လိုက်ပါဦးမယ်" ဖေ့ယင် ထွက်ခွာသွားသည်။
ခန်းမဆောင်ထဲမှ အမတ်များ နဉ်ရှောင်ယောင်းကို ကြည့်လိုက်၊ တိတ်ဆိတ်နေသော အကြီးအကဲလီကို ကြည့်လိုက် လုပ်နေကြသည်။ ဒီလောက်ကြီးမားတဲ့ ကိစ္စကို ဒီလိုပဲ စကားနည်းနည်းပြောပြီး ဆုံးဖြတ်လိုက်ကြတာလား။
"ကဲ... ပြန်ကြတော့" နဉ်ရှောင်ယောင်း လက်ခါပြလိုက်ပြီး သူမ အရင် ထွက်သွားလိုက်သည်။
အမတ်များ အချိန်အတော်ကြာ ကြောင်နေကြပြီးမှ အမတ်တစ်ဦး သတိဝင်လာပြီး အကြီးအကဲလီရှေ့ ပြေးသွားကာ "အကြီးအကဲ" ဟု အော်ခေါ်လိုက်သည်။
"ဟူး..." အကြီးအကဲလီ သက်ပြင်းချလိုက်ပြီး စကားလေးလုံး ပြောလိုက်သည်။ "တိုင်းသူ ပြည်သား"
.....
နဉ်ရှောင်ယောင်းသည် ထိုက်ဟွာနန်းဆောင် ပင်မခန်းမဆောင်မှ ထွက်လာပြီး ရှဲ့သော်ယင်း နေထိုင်ရာ အခန်းသို့ တန်းသွားလိုက်သည်။ အထဲမဝင်ဘဲ တံခါးဝတွင်ရပ်လျက် အခန်းထဲမှ ရှဲ့သော်ယင်းကို ပြောလိုက်သည်။ "ငါ ယင်းဖုန်းကို မခေါ်သွားရင် သူ ငါ့ရှေ့မှာ သတ်သေပြလိမ့်မယ်။ သူတင်မကဘူး။ ယင်းလေ၊ ယင်းယွီတို့ပါ သတ်သေပြကြလိမ့်မယ်"
ရှဲ့သော်ယင်း နဉ်ရှောင်ယောင်းအနား လျှောက်လာသည်။ တံခါးဝတွင် ရပ်လိုက်ပြီး မိုးစိုနေသော ဝတ်စုံဖြင့် နဉ်ရှောင်ယောင်းကို အရိုအသေပေးကာ ပြုံး၍ ပြောလိုက်သည်။ "အရှင်မင်းကြီး... ယင်းဖုန်းကို ခေါ်သွားလိုက်ပါ။ သူက နဂါးအစောင့်တပ်မှူးလေ"
"မင်း မခွဲနိုင်ဘူးမလား" နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။
"ကျွန်မ မခွဲနိုင်ပေမယ့် သူ လိုက်သွားမှာပါ" ရှဲ့သော်ယင်း ပြောလိုက်သည်။ "ဒါကြောင့် သူ့ကို စိတ်မသက်မသာ မဖြစ်စေချင်ပါဘူး"
"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်း လှည့်ထွက်သွားသည်။ ဒုသခင်လေးဖေ့ ပြောတာလည်း ဟုတ်ပါတယ်။ သူမ တစ်ယောက်တည်း မြို့ပြင်ထွက်သွားရင် မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေက သူမကို အရှင်မင်းကြီးလို့ ယုံမှာမဟုတ်ဘူး။ သူမလို စစ်တပ်တစ်တပ်လုံးကို တစ်ယောက်တည်း ရင်ဆိုင်ရဲတဲ့ ကမ္ဘာကျော်အောင် ချောမောခန့်ညားတဲ့ ဧကရာဇ်မျိုးကို ဒီလူတွေ တစ်ခါမှ မမြင်ဖူးကြဘူးလေ။
ရှဲ့သော်ယင်း နဉ်ရှောင်ယောင်း ထွက်သွားတာကို ကြည့်နေသည်။
"စိတ်မပူနဲ့" နဉ်ရှောင်ယောင်း ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ပြန်လှည့်ကြည့်ပြီး ရှဲ့သော်ယင်းကို ပြောလိုက်သည်။ "သာ့ဖုန်းကို ဘာမှမဖြစ်စေရဘူး။ ဒါကြောင့် မင်း သူ့ကို စောင့်နေနော်။ သေချာပေါက် စောင့်နေရမယ်"
"အမိန့်တော်အတိုင်းပါ" ရှဲ့သော်ယင်း ခေါင်းငုံ့ပြီး ဖြေလိုက်သည်။ အသံများ တုန်ယင်နေသည်။
မခွဲနိုင်မှန်း သိသာနေတာပဲ။ နဉ်ရှောင်ယောင်း ခေါင်းငိုက်စိုက်ချပြီး ထွက်ခွာသွားလေသည်။
ရှဲ့သော်ယင်း အခန်းထဲတွင် တစ်ယောက်တည်း ထိုင်လျက် မိုးချုပ်သည်အထိ စောင့်နေသည်။
ယင်းဖုန်း ငွေစက္ကူများ ကိုင်ဆောင်ပြီး ဝင်လာသောအခါ ရှဲ့သော်ယင်း ငိုနေသည်။ အလှပဂေးလေး ငိုနေတာကို မြင်ရတော့ ယင်းဖုန်း စိတ်မကောင်းဖြစ်ရသည်။
ငွေစက္ကူများကို စားပွဲပေါ်တင်လိုက်ပြီး ယင်းဖုန်း ရှဲ့သော်ယင်းကို ပြောလိုက်သည်။ "ဒါတွေ ယူထားလိုက်။ အောက်ဆုံးက သုံးရွက်က တန်ဖိုးကြီးတယ်။ သေချာသိမ်းထား"
ရှဲ့သော်ယင်း စားပွဲနား လျှောက်လာသည်။ ငွေစက္ကူများက ဟောင်းနွမ်းနေသဖြင့် ယင်းဖုန်း နှစ်ပေါင်းများစွာ စုဆောင်းထားသည်များ ဖြစ်ပုံရသည်။
"အရူးလို ထိုင်စောင့်မနေနဲ့" ယင်းဖုန်း ရှဲ့သော်ယင်းကို ကြည့်ပြီး ပါးစပ်အကြိမ်ကြိမ် ဟလိုက်ပြီးမှ ပြောထွက်လာသည်။
"ရှင့်ကို ကြိုက်မိတာက ကျွန်မ ရူးနေလို့လေ" ရှဲ့သော်ယင်း ရယ်မောလိုက်သည်။
ယင်းဖုန်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ "ကျွန်တော် မသွားချင်..."
"ကိစ္စမရှိပါဘူး" ရှဲ့သော်ယင်း လက်ဖြင့် ယင်းဖုန်း၏ ပါးစပ်ကို ပိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ သဘောပါ"
လက်ဖဝါးဖြင့် မျက်ရည်စိုရွှဲနေသော မျက်နှာလေးကို ပွတ်သပ်ပေးလိုက်ပြီး ယင်းဖုန်းသည် ရှဲ့သော်ယင်း၏ နဖူးပေါ်တွင် အနမ်းတစ်ခု ပေးလိုက်သည်။ ပြင်းပြသော်လည်း ညင်သာသော အနမ်းဖြစ်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် နေဝင်သွားပြီး အမှောင်ထု လွှမ်းမိုးလာသည်။
ယင်းဖုန်း လှည့်ထွက်သွားပြီး ပြန်လှည့်မကြည့်တော့ပေ။
ရှဲ့သော်ယင်း မျက်နှာကိုအုပ်ပြီး ငိုကြွေးလိုက်သည်။ အသံမထွက်ဘဲ ငိုကြွေးနေသည်။ တစ်ယောက်ယောက်ကို ချစ်ရတာ ဒီလောက် နာကျင်ရမှန်း အခုမှ သိတော့သည်။
.....
ဟုကော်ကုန်းအိမ်တော်တွင် နင်ယန်သည် ဖေ့ယင်အတွက် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပေးပြီးနောက် ခင်ပွန်းသည်ကို စကားပြောချင်သော်လည်း မပြောဖြစ်ပေ။
"ကိုယ် အမြန်ဆုံး ပြန်လာခဲ့မယ်" ဖေ့ယင် ဇနီးသည်ကို ပြုံးပြလိုက်သည်။
"အင်း" နင်ယန် တိုးတိုးလေး ပြန်ဖြေပြီး ဖေ့ယင်နောက်မှ လိုက်ပါပို့ဆောင်သည်။
"မလိုက်နဲ့တော့" ဖေ့ယင် ခြေလှမ်းရပ်တန့်လိုက်သည်။ "အိမ်မှာပဲ စောင့်နေ။ ကိုယ် ပြန်လာမယ်လို့ပြောရင် သေချာပေါက် ပြန်လာမယ်"
နင်ယန် စကားနားထောင်ပြီး ရပ်ကျန်ခဲ့သည်။
"မင်းကို ပစ်မသွားပါဘူး" ဖေ့ယင် ပြောပြီးနောက် အမြန်ထွက်ခွာသွားလေသည်။ ဝတ်ရုံရှည်သည် လေတိုးသဖြင့် လွင့်ပျံနေပြီး အနီရောင် အတွင်းသားများ ပေါ်လွင်နေသည်။
နဉ်ရှောင်ယောင်းသည် အိပ်ခန်းပြတင်းပေါက်နားတွင်ရပ်လျက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားလေးသည် လက်ထဲမှ လွင့်ထွက်သွားပြီး ပန်းခင်းထဲသို့ ကျသွားလေသည်။
"အရှင်မင်းကြီး" ယင်းဖုန်း တံခါးအပြင်ဘက်မှ တံခါးခေါက်လိုက်သည်။
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ပြတင်းပေါက် ပိတ်လိုက်ပြီး အထုပ်အပိုးလေးကိုလွယ်ကာ တံခါးဖွင့်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "သာ့ဖုန်း... သွားကြစို့"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၈ ။ အရှင်မင်းကြီး ထွက်သွားပြီ၊ စစ်သေနာပတိချုပ် လာနေပြီ
အရှင်မင်းကြီးက မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေကို လှည့်စားပြီး မြို့ပြင်ထွက်တော့မယ်ဆိုတဲ့ သတင်းက မြို့တော်တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။ အကြီးအကဲလီနဲ့ နန်းတွင်းအမတ်တွေက တောင်ဘက်မြို့တံခါးမှာ စုဝေးပြီး အရှင်မင်းကြီးကို လိုက်ပို့ဖို့ စောင့်နေကြသည်။ နဉ်ရှောင်ယောင်းတို့အဖွဲ့ ရိုးရိုးဝတ်စုံတွေဝတ်ပြီး တောင်ဘက်မြို့တံခါးကို ရောက်တဲ့အခါမှာတော့ မြို့တံခါးအောက်မှာ လူတွေအများကြီး ဒူးထောက်စောင့်ဆိုင်းနေကြတာကို တွေ့လိုက်ရသည်။ အမတ်တွေရော ပြည်သူတွေပါ အကုန်လုံးပါပဲ။
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက လူသောင်းချီပြီး တိတ်ဆိတ်စွာ ဒူးထောက်နှုတ်ဆက်နေကြတာကို မြင်လိုက်ရတော့ နဉ်ရှောင်ယောင်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ သူမ တကယ်ပဲ လူတွေကို စိတ်လှုပ်ရှားစေမယ့်အလုပ်တစ်ခု လုပ်ခဲ့တာလား။
အကြီးအကဲလီက မြေကြီးပေါ် ခေါင်းနဲ့ဆောင့်ပြီး အရိုအသေပေးလိုက်သည်။
မိုးသံတွေ ဆူညံနေလို့ တခြားလူတွေ ဘာပြောလဲဆိုတာ မကြားရပေမယ့် နဉ်ရှောင်ယောင်းကတော့ အကြီးအကဲလီ ပြောတာကို ကြားနေရသည်။ "အရှင်မင်းကြီး... ဂရုစိုက်ပါ" တဲ့။
နဉ်ရှောင်ယောင်း ဗိုက်ကလေးကို ပွတ်သပ်လိုက်ပြီး အကြီးအကဲလီကို ခေါင်းညိတ်ပြလိုက်သည်။ သူမနဲ့ သူမကလေးလေး နှစ်ယောက်စလုံး ဂရုစိုက်ကြမှာပါ။
"မြို့တံခါး ဖွင့်လိုက်" ဖေ့ယင် အမိန့်ပေးလိုက်သည်။
မြို့စောင့်စစ်သူကြီးက မိုးပေါ်ကို မြှားတစ်စင်း ပစ်တင်လိုက်ပြီး မြို့တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာသည်။
နဉ်ရှောင်ယောင်း ရှောင်ဟွေ့ရဲ့ ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
.....
ထိုအချိန်မှာပင် လိုကျစ်ကွေ့သည် စစ်တပ်စခန်း၏ ကွင်းပြင်ကျယ်တွင် ရပ်နေပြီး စစ်မြင်း ရှောင်ဟုန်၏ ဇက်ကြိုးကို ကိုင်ထားသည်။
"ချန်ယင်း" ဆရာကြီးဟွေ့ဟူ ကွင်းပြင်သို့ ရောက်လာပြီး လိုကျစ်ကွေ့ မြင်းပေါ်တက်ရန် ပြင်နေသည်ကို မြင်သောအခါ အော်ဟစ်တားမြစ်လိုက်သည်။
လိုကျစ်ကွေ့ လှည့်ကြည့်လိုက်သည်။
ဆရာကြီးဟွေ့ဟူ အနားရောက်လာပြီး မေးလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ"
"မြို့တော်ကို သွားမလို့" လိုကျစ်ကွေ့ ပြတ်ပြတ်သားသား ဖြေလိုက်သည်။
"မင်း..." ဆရာကြီးဟွေ့ဟူ လိုကျစ်ကွေ့ကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ သူ့တပည့်က ဆုံးဖြတ်ပြီးရင် ပြတ်သားတတ်တဲ့သူလေ။ ရှုံးရင်တောင် နောင်တမရတတ်တဲ့သူ။ အခု ဘာဖြစ်သွားတာလဲ။ "လေးညှို့ပေါ်တင်ပြီးသား မြှားက ပြန်ရုပ်လို့မရဘူးဆိုတာ မင်း မသိဘူးလား"
စစ်တိုက်ဖူးတဲ့သူက ဒီသဘောတရားကို ဘယ်မသိဘဲ နေမလဲ။ ဒါပေမဲ့ လိုကျစ်ကွေ့ ဒီရက်ပိုင်း တွေဝေနေခဲ့တယ်။ တိုင်းပြည်ကို ပိုင်စိုးချင်စိတ်နဲ့ မိန်းကလေးနဉ်ကို စိတ်ပူတာကြား ဗျာများနေခဲ့တယ်။ မိန်းကလေးနဉ်သာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ မြို့တော်လမ်းမပေါ်မှာ သတိမေ့လဲကျသွားတုန်းကလိုမျိုး ထပ်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ။
"ချန်ယင်း" ဆရာကြီးဟွေ့ဟူ စိတ်လျှော့လိုက်ပြီး မေးလိုက်သည်။ "မင်းက ချိုးဖုန်းမြို့ကို တပ်ခွဲလွှတ်လိုက်ပြီ။ မင်း မြို့တော်သွားတဲ့လမ်းမှာ တခြားစစ်တပ်တွေနဲ့ ထပ်တိုးရင် ဘယ်လိုလုပ်မလဲ။ အခု လက်ရှိစစ်အင်အားနဲ့ မြို့တော်ကို ကယ်တင်နိုင်မယ် ထင်လို့လား"
လိုကျစ်ကွေ့ ဘေးပတ်ဝန်းကျင်မှ စစ်သူကြီးများကို ကြည့်လိုက်သည်။ စစ်သူကြီးများ ခေါင်းငုံ့သွားကြသည်။
"ချန်ယင်း..." ဆရာကြီးဟွေ့ဟူ ဆက်ပြောရန် ပြင်လိုက်သည်။
"ဆရာ" လိုကျစ်ကွေ့ အေးစက်စွာ ဖြတ်ပြောလိုက်သည်။ "ကျွန်တော့်စစ်တပ်ကိစ္စကို ဝင်မပါပါနဲ့တော့။ ဖန်းထန်တို့ကို ကျီဝမ်မိသားစု သတ်ခိုင်းလိုက်တာမျိုး နောက်တစ်ခါ ထပ်မဖြစ်စေချင်တော့ပါဘူး။ ဆရာ့ကို လေးစားပေမယ့် အနက်ရောင်နှင်းခဲမြင်းတပ်ကို ဆရာ့လက်ထဲ ထည့်ပေးမယ်လို့ မဆိုလိုပါဘူး။ ဆရာ့စကား နားထောင်တဲ့လူတွေကိုလည်း ကျွန်တော် မလိုချင်ပါဘူး"
လိုကျစ်ကွေ့က ဒီလောက် အေးစက်စွာပြောဆိုတာကို ဆရာကြီးဟွေ့ဟူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဖန်းထန်နှင့် ရှန်မုတို့ ကြက်သီးထသွားကြသည်။
တခြားစစ်သူကြီးများလည်း လိုကျစ်ကွေ့စကားကြောင့် လန့်သွားကြသည်။ ဖန်းထန်တို့က စစ်သူကြီးကွယ်ရာမှာ လုပ်ချင်ရာလုပ်ခဲ့တာ မှားသွားပြီ။ ဘယ်သူက တကယ့်သခင်လဲဆိုတာ မေ့နေကြပုံရတယ်။
"ပြောစရာရှိရင် အခုပြောကြ" လိုကျစ်ကွေ့ စစ်သူကြီးများကို ကြည့်ပြီး ပြောလိုက်သည်။
လိုကျစ်ကွေ့ မျက်နှာကောင်းနေတုန်းကဆိုရင် ဘာမဆိုပြောရဲကြပေမယ့် အခုလို မျက်နှာထားတင်းမာနေပြီး မျက်လုံးတွေ အေးစက်နေတဲ့အချိန်မှာ ဘယ်သူမှ ပါးစပ်မဟရဲကြတော့ပေ။
လိုကျစ်ကွေ့ မြင်းပေါ်တက်လိုက်ပြီး အမိန့်ပေးလိုက်သည်။ "ထွက်ခွာမယ်"
"ထွက်ခွာမယ်" စစ်သည်တစ်ဦး အော်ဟစ်အမိန့်ပေးလိုက်သည်။
စစ်သည်တစ်သိန်းနီးပါး ပါဝင်သော မြင်းတပ်ကြီးသည် တောင်ဘက်သို့ ဦးတည်ချီတက်သွားကြသည်။ မြင်းခွာသံများ မိုးချိန်းသံကဲ့သို့ ဆူညံနေပြီး ခဏအတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
"သွားကြစို့" ဆရာတော်ယို လှမ်းလာပြီး ပြုံးကာ ပြောလိုက်သည်။ "မင်းက မင်းတပည့်ဘေးမှာနေပြီး အာဏာရှိတဲ့ အမတ်ကြီးလုပ်ချင်သေးတာလား။ မိတ်ဆွေကြီး... မင်း မင်းတပည့်ကို လျှော့တွက်နေတာပဲ"
ရှေးကတည်းက လူကြီးလူကောင်းဆန်ပြီး ကျင့်ဝတ်လိုက်နာတတ်တဲ့သူတွေက နိုင်ငံတည်ထောင်တဲ့ ဘုရင်မဖြစ်နိုင်ပါဘူး။ လိုကျစ်ကွေ့က လူကောင်းတစ်ယောက် မဟုတ်ဘူး။ ဒီတစ်ခါ ဆရာကို အာခံလိုက်တာကြောင့် သူ တိုင်းပြည်ကိုရရင်တောင် ရင်ထဲမှာ အဖုအထစ် ကျန်နေတော့မှာ။ ဒါကြောင့် ဆရာကြီးဟွေ့ဟူအနေနဲ့ နိုင်ငံရေးလောကထဲပြန်ဝင်ဖို့ မဖြစ်နိုင်တော့ဘူး။
လိုကျစ်ကွေ့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အင်္ကျီလက်ထဲကို စမ်းကြည့်လိုက်တော့ သကြားလုံးဘူးလေးကို ထိမိလိုက်သည်။ မထွက်ခွာခင်က ရွာထဲသွားပြီး ရှာခိုင်းထားတာ။ မြို့တော်က သကြားလုံးလောက် မကောင်းပေမယ့်၊ စပယ်ပန်းနံ့ မမွှေးပေမယ့် သကြားလုံးဆိုရင် မိန်းကလေးနဉ် ကြိုက်မှာ သေချာတယ်။
.....
မြို့တော်တောင်ဘက်တံခါးမှ နဉ်ရှောင်ယောင်း ရှောင်ဟွေ့ ကိုစီးပြီး ပြေးထွက်သွားသည်။ ယင်းဖုန်းနှင့် ဖေ့ယင်တို့ ဘေးတစ်ဖက်တစ်ချက်စီမှ ကပ်လိုက်လာကြသည်။
"ဂရုစိုက်ကြနော်" ရန်သူ့စခန်းကို မြင်လိုက်ရသောအခါ နဉ်ရှောင်ယောင်း အော်ပြောလိုက်သည်။ "ဘာမှမစဉ်းစားနဲ့။ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ"
"အသိဉာဏ်မရှိတဲ့ ဧကရာဇ်... အသိဉာဏ်မရှိတဲ့ ဧကရာဇ် ထွက်လာပြီ" သူပုန်တပ်စခန်း ကင်းစင်ပေါ်မှ ကင်းသမားများ အော်ဟစ်လိုက်ကြသည်။
"အသိဉာဏ်မရှိတဲ့ ဧကရာဇ်ဆိုတာ နင့်နှမလား" နဉ်ရှောင်ယောင်း ပြန်ဆဲလိုက်သည်။
"အရှင်မင်းကြီး... သတိထားပါ" ဖေ့ယင် ရှေ့ထွက်ကာကွယ်ပေးလိုက်သည်။ "စခန်းထဲရောက်ရင် ရှေ့ဆက်သွားပါ။ ကျွန်တော်မျိုးကို ဂရုမစိုက်ပါနဲ့"
နဉ်ရှောင်ယောင်း ဘာမှမပြောပေ။
"အရှင်မင်းကြီး!"
"ဂရုမစိုက်လို့ ရမလား" နဉ်ရှောင်ယောင်း ဖေ့ယင်ရှေ့ ရောက်သွားပြီး ပြောလိုက်သည်။ "ပေါက်ကရတွေ မပြောစမ်းပါနဲ့။ မင်းက ငါ့လောက်တောင် အတိုက်အခိုက် မတော်ဘဲနဲ့ ငါ့ကို ကာကွယ်ပေးမယ်ပေါ့"
"အရှင်မင်းကြီး ဘာပြောလိုက်တာလဲ" ဖေ့ယင် ဒေါသထွက်သွားသည်။
"မင်း ငါ့ကို မနိုင်ပါဘူး" နဉ်ရှောင်ယောင်း လျှာထုတ်ပြောင်ပြလိုက်သည်။
"ဒီလိုလုပ်နေရင် ရန်သူ့စခန်းထဲ မသွားတော့ဘဲ ပြန်လှည့်ကြမလား" ဖေ့ယင် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"မပြန်ဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
အနောက်မှ လိုက်ပါလာသူများ: "..." ရန်ဖြစ်နေရမယ့်အချိန်လား။ လေးလေးနက်နက် ထားကြစမ်းပါ။
"မြှားတွေ... သူပုန်တွေ မြှားပစ်နေပြီ... သတိထား" စခန်းတံခါးဝတွင် လေးသည်တော်များ ပေါ်လာသည်ကိုမြင်တော့ ဖေ့ယင် အော်ဟစ်သတိပေးလိုက်သည်။
"မကြောက်ဘူး" နဉ်ရှောင်ယောင်း ပြန်အော်လိုက်သည်။
"အရှင်မင်းကြီး..."
ဖေ့ယင် စကားမဆုံးခင် နဉ်ရှောင်ယောင်း မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ သူပုန်တွေ ကျောက်ခဲပစ်စက်အတွက် စုဆောင်းထားတဲ့ ကျောက်တုံးကြီးတစ်တုံးကို မ,လိုက်ပြီး စခန်းတံခါးဝသို့ ပစ်ပေါက်လိုက်သည်။ ကျောက်တုံးကြီး ပျံဝဲသွားချိန်တွင် ရှောင်ဟွေ့ ရောက်လာသဖြင့် နဉ်ရှောင်ယောင်း မြင်းပေါ် ပြန်ခုန်တက်လိုက်သည်။ လှုပ်ရှားမှုများက သွက်လက်ချက်ချာလွန်းလှသည်။
နဂါးအစောင့်တပ်သားများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အရှင်မင်းကြီးက တကယ့်ကို ကမ္ဘာကျော်အောင် စွမ်းဆောင်နိုင်သူပါလား။
သူပုန်လေးသည်တော်များ လေးမတင်ရသေးခင်မှာပင် ကျောက်တုံးကြီး ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။ ကြောင်ကြည့်နေစဉ်မှာပင် ကျောက်တုံးကြီး ခေါင်းပေါ် ရောက်လာပြီး မီးရောင်ထိန်လင်းနေသော စခန်းတံခါးဝတွင် အရိပ်မည်းကြီး ကျရောက်လာသည်။
"ပြေးကြ" တစ်ယောက်ယောက် အော်ဟစ်လိုက်သည်။
အော်သံမဆုံးခင် ကျောက်တုံးကြီး ပြုတ်ကျလာသည်။
မပြေးနိုင်လိုက်သော လေးသည်တော်များ ကျောက်တုံးပိပြီး သေဆုံးကုန်ကြသည်။ သွေးများ စီးဆင်းလာပြီး မိုးရေနှင့် ရောနှောသွားသည်။
နဉ်ရှောင်ယောင်း၏ မျက်နှာထား အေးစက်နေသည်။ ရှောင်ဟွေ့ စခန်းထဲ ဝင်သွားသည်နှင့် သူပုန်တစ်ဦးလက်ထဲမှ လှံရှည်ကို ဆွဲယူလိုက်ပြီး ဘေးနားရှိ စစ်တဲတစ်လုံးကို ထိုးလှန်ပစ်လိုက်သည်။
စစ်တဲ လွင့်ထွက်သွားပြီး ကင်းစင်တိုင်ကို ဝင်တိုက်မိရာ တိုင်ကျိုးသွားပြီး ကင်းစင် ပြိုကျသွားသည်။ ကင်းစင်ပေါ်မှ လူများ ပြုတ်ကျသေဆုံးကုန်ကြသလို အောက်မှလူများလည်း ပိမိပြီး သေကြေကုန်ကြသည်။
"ရန်သူတွေ" ဖေ့ယင် အရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။
မြင်းတပ်တစ်တပ် ပြေးဝင်လာသည်ကိုမြင်တော့ နဉ်ရှောင်ယောင်းသည် လှံဖြင့် မီးဖိုထဲမှ ဆီပူအိုးကို ကော်တင်ပြီး ပစ်လိုက်သည်။
မြင်းတပ်သားများ မီးလုံးကြီး ပျံဝဲလာသည်ကို မြင်သော်လည်း ရှောင်တိမ်းချိန် မရလိုက်ပေ။ ဆီပူအိုး ကျရောက်ပေါက်ကွဲသွားရာ မီးပွားများ လွင့်စင်သွားသည်။ လူရော မြင်းပါ ဒဏ်ရာရကုန်ကြပြီး မီးပွားများ စစ်တဲများပေါ်ကျကာ မီးလောင်ကုန်ကြသည်။ မိုးရွာနေလို့သာ တော်သေးသည်။ မဟုတ်လျှင် စခန်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားမည် ဖြစ်သည်။
ဖေ့ယင်သည် ရှေ့မှ သူပုန်တစ်ဦးကို ခေါင်းဖြတ်သတ်လိုက်ပြီး မော့ကြည့်လိုက်ရာ နဉ်ရှောင်ယောင်းက စစ်တဲ ၁၀ လုံးလောက်ကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ ဖေ့ယင် တွေးလိုက်မိသည်။ အရှင်မင်းကြီးက တကယ်ကြမ်းတာပဲ။ မြို့ပြင်ထွက်လာတာ အသေခံဖို့ မဟုတ်ဘူးပဲ။
"သွားကြစို့" နဉ်ရှောင်ယောင်း အနောက်မှလူများကို အော်ခေါ်လိုက်သည်။
"လမ်းခွဲကြဦးမလား" လက်ထောက်စစ်သူကြီးတစ်ဦးက ဖေ့ယင်ကို မေးလိုက်သည်။
ဖေ့ယင် ခေါင်းညိတ်လိုက်သည်။ သူပုန်တွေကို အာရုံလွှဲဖို့ လိုအပ်သေးတယ်လေ။
"ဘာခွဲမှာလဲ" နဉ်ရှောင်ယောင်း လှည့်အော်လိုက်သည်။ "သူ့စကား နားထောင်မှာလား၊ ငါ့စကား နားထောင်မှာလား။ ငါက ဧကရာဇ်လေ"
"သတိထား" ဖေ့ယင် အော်လိုက်သည်။
သူပုန်စစ်သူကြီးတစ်ဦးသည် နဉ်ရှောင်ယောင်းအနား ကပ်လာပြီး တူနှစ်ချောင်းဖြင့် ခေါင်းကို ထုချလိုက်သည်။ ဒီအသိဉာဏ်မရှိတဲ့ ဧကရာဇ်ကို ဖမ်းမိရင် သူ နယ်စားမင်း ဖြစ်တော့မှာလေ။
နဉ်ရှောင်ယောင်း မရှောင်တိမ်းဘဲ လှံရှည်ဖြင့် ထိုးလိုက်သည်။
သူပုန်စစ်သူကြီး ဘာမှမမြင်လိုက်ရဘဲ မျက်နှာအေးခနဲ ဖြစ်သွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။
လှံရှည်သည် စစ်သူကြီး၏ မျက်နှာကို ဖောက်ဝင်သွားသည်။ နဉ်ရှောင်ယောင်း လှံကိုလွှတ်လိုက်ပြီး ရှောင်ဟွေ့ကို ဒုန်းစိုင်းနှင်လိုက်သည်။
"သွားကြစို့" ဖေ့ယင် ယင်းဖုန်းတို့ကို ခေါ်လိုက်သည်။ လှည့်ကြည့်လိုက်တော့ နဉ်ရှောင်ယောင်းက ဓားတစ်လက် ရနေပြီဖြစ်သည်။
နဉ်ရှောင်ယောင်း လူများသောနေရာသို့ ဝင်တိုးလေသည်။ ရန်သူ့စခန်း ဖရိုဖရဲဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက လူတွေကို ဖရိုဖရဲဖြစ်အောင် လုပ်တာပဲလေ။
.....
"ဝံပုလွေဘုရင်" မြောက်ဘက် မြောက်ပိုင်းသားစစ်စခန်းထဲတွင် တာဝန်ကျ စစ်သူကြီးက မိုဒူး၏ စစ်တဲထဲသို့ ဝင်လာပြီး အလောတကြီး သတင်းပို့သည်။ "ယုံနင်မြင်းတပ်တစ်တပ်က နဉ်ယွီကို ကာကွယ်ပြီး တောင်ဘက်တံခါးကနေ ထွက်ပြေးသွားပါပြီ"
မိုဒူး ချက်ချင်း တွေးလိုက်သည်။ နဉ်ယွီ ထွက်ပြေးပြီ။
မိုဒူး ထရပ်လိုက်သည်။ အသက် ၄၀ နီးပါး ရှိနေပြီဖြစ်သော်လည်း နုပျိုနေဆဲ။ မျက်လုံးပြာပြာများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ "တပ်စုလိုက်။ ယုံနင်ဧကရာဇ်ကို သတ်ကြမယ်"
မြောက်ပိုင်းစစ်စခန်းတွင် စစ်ဗုံသံများ ထွက်ပေါ်လာသည်။ မိုးရေထဲတွင် မြူခိုးများ ထွက်ပေါ်လာပြီး စစ်ဗုံသံနှင့် မိုးသံ ရောနှောကာ ငရဲမှ အသံများကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှန့်နုံ အိပ်ရာထဲမှ ထလာသည်။ မိုးရေထဲတွင် စစ်စခန်းတစ်ခုလုံး ရှုပ်ထွေးနေပြီး ရန်သူတွေ နေရာတိုင်း ရောက်နေသကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်နေသည်။
"အဖေ" ရှန့်ထျန်းကောသည် ကိုယ်ရံတော်တစ်တပ်နှင့်အတူ ရှန့်နုံအနား ရောက်လာသည်။
"ဘာဖြစ်တာလဲ" ရှန့်နုံ၏အဝတ်အစားများ မိုးရေစိုရွှဲနေသည်။
"နဉ်ယွီ ဝင်လာတယ်" ရှန့်ထျန်းကော အော်ပြောလိုက်သည်။
"ဒီခွေးဧကရာဇ်က စစ်သည်ဘယ်လောက် ခေါ်လာလို့လဲ" ရှန့်နုံ ဒေါသထွက်သွားသည်။ ရန်သူဘယ်လောက်များလို့ သူ့စခန်းတစ်ခုလုံး ဒီလောက် ဖရိုဖရဲ ဖြစ်သွားရတာလဲ။
***