အခန်း (၃၄၉-၃၅၀)
Vol. 22 Ch. 349-350
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၄၉ ။ သူပုန်အဖွဲ့ထဲဝင်မယ့် အရှင်မင်းကြီးနဉ်
"အသိဉာဏ်မရှိတဲ့ ဧကရာဇ်က တောင်ဘက်တံခါးကနေ ထွက်သွားတယ်ဆိုတော့ တောင်ဘက်ကို ပြေးချင်နေတာပဲ" ရှန့်နုံ မိုးရေထဲတွင် ရပ်လျက် တီးတိုးရေရွတ်လိုက်သည်။ ပြီးနောက် သူ့သားဖြစ်သူ ရှန့်ထျန်းကောကို အမိန့်ပေးလိုက်သည်။ "မင်း တပ်စခန်းကို ဂရုမစိုက်နဲ့တော့။ ကိုယ့်တပ်သားတွေကိုခေါ်ပြီး လမ်းမှာသွားပိတ်ထားလိုက်"
ရှန့်ထျန်းကော အမိန့်နာခံကာ တပ်သားများခေါ်ဆောင်လျက် တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။
"သွားကြစို့" ရှန့်နုံ မြင်းပေါ်တက်လိုက်ပြီး အမိန့်ပေးလိုက်သည်။ "ငါတို့ အဲ့ဒီ ဧကရာဇ်ကို သွားတွေ့ကြရအောင်"
စစ်တပ်စခန်းအလယ်ပိုင်းမှ ထွက်လာသောအခါ ရှန့်နုံနှင့် သူပုန်စစ်သူကြီးများသည် နေရာတိုင်းတွင် လူရိပ်များရှိနေသည်ကို တွေ့လိုက်ရသော်လည်း နဉ်ရှောင်ယောင်းကိုတော့ ရှာမတွေ့တော့ပေ။
"ငါတို့ ထွက်သွားကြမလား" ဖေ့ယင်သည် နဉ်ရှောင်ယောင်းနှင့်အတူ စစ်တဲတစ်ခုနောက်တွင် ပုန်းအောင်းနေပြီး တဲလိုက်ကာကြားမှ ချောင်းကြည့်နေသည်။
ဒီစစ်တဲက သူပုန်တွေ အနားယူတဲ့ အိပ်ဆောင်တဲကြီးဖြစ်သည်။ အထဲကလူတွေအားလုံး ယင်းဖုန်းတို့လက်ချက်နဲ့ သေဆုံးသွားကြပြီ။ နဉ်ရှောင်ယောင်းနဲ့ ဖေ့ယင် ကင်းကြည့်နေတုန်း ယင်းဖုန်းတို့က သူပုန်ဝတ်စုံတွေကို အမြန်လဲဝတ်နေကြသည်။
နဉ်ရှောင်ယောင်း လက်ကိုလွှတ်လိုက်ပြီး နောက်ဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "နောက်တစ်ဆင့် မဆွေးနွေးခင် ဒါ ဘာသဘောလဲဆိုတာ အရင်ရှင်းပြသင့်တယ် မဟုတ်လား"
နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြရာတွင် အာ့ယာနှင့် ရှောင်ချိုးတို့ ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေကြပြီး နဉ်ရှောင်ယောင်းကို အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ကြည့်နေကြသည်။
ဖေ့ယင် ရှင်းပြသည်။ "အရှင်မင်းကြီးက ရိုးရိုးဝတ်စုံဝတ်ပြီး မြို့ပြင်ထွက်လာတာက သူပုန်တွေကြားထဲ ရောနှောသွားချင်လို့ မဟုတ်လား။ မဟုတ်ရင် ဘာလို့ တောင်ဘက်တံခါးကို ရွေးမှာလဲ" သူပုန်တွေက မြောက်ပိုင်းသားတွေလောက် မရက်စက်ဘူးလို့ ထင်နေတာလား။ ဒါက နဉ်ရှောင်ယောင်း တောင်ဘက်တံခါးကို ရွေးချယ်ရတဲ့ အကြောင်းပြချက် မဖြစ်နိုင်ဘူး။
"ဒါက အာ့ယာနဲ့ ရှောင်ချိုးကို ခေါ်လာတာနဲ့ ဘာဆိုင်လို့လဲ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မျက်စောင်းထိုးလိုက်သည်။ မြို့တံခါးဝမှာ လူသောင်းချီ ဒူးထောက်နေတာကို ကြောင်ကြည့်နေမိလို့ ဖေ့ယင်ခေါ်လာတဲ့လူတွေကို သတိမထားမိလိုက်ဘူး။ ဒီလူက အာ့ယာနဲ့ ရှောင်ချိုးကိုပါ ခေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
"ကိုယ့်အထောက်အထားကို ဖုံးကွယ်ဖို့အတွက် ကလေးနှစ်ယောက် ပါလာတာထက် ကောင်းတာ ဘာရှိဦးမှာလဲ" ဖေ့ယင် နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်သည်။ သူ့အပြုံးက ကြည့်ကောင်းနေဆဲ ဖြစ်သော်လည်း နဉ်ရှောင်ယောင်းကို ဒေါသထွက်စေသည်။ "အချိန်ကပ်နေလို့ အရှင်မင်းကြီးကို ကြိုမပြောဖြစ်လိုက်တာပါ"
"အကြောင်းပြချက်ကောင်းကောင်း ပေးစမ်းပါ" နဉ်ရှောင်ယောင်း ဒေါသတကြီး ပြောလိုက်သည်။
"ဒါ အကြောင်းပြချက်ကောင်းပဲလေ" ဖေ့ယင် ပြုံးနေဆဲ။
နဉ်ရှောင်ယောင်း လက်သီးဆုပ်လိုက်သည်။ ဒီကောင်စုတ်ကို အခုချက်ချင်း ထိုးပစ်ချင်လိုက်တာ။
"တကယ်လို့ ဧကရာဇ်တစ်ပါးက ထွက်ပြေးတယ်ဆိုရင် သွေးသားမတော်စပ်တဲ့ ကလေးနှစ်ယောက်ကို ခေါ်သွားမယ်လို့ ဘယ်သူက ယုံမှာလဲ" ဖေ့ယင် နဉ်ရှောင်ယောင်းအနား တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီအကြောင်းပြချက်ကို လက်ခံနိုင်မလား"
"အရှင်မင်းကြီး" အာ့ယာ ကြောက်ရွံ့တကြီး ဝင်ပြောသည်။ "ဒါဆို သမီး ရှောင်ချိုးကို ခေါ်ပြီး ပြန်သွားလိုက်ရမလား"
နဉ်ရှောင်ယောင်း: "..." ဘာပြောနိုင်ဦးမှာလဲ။ အပြင်ရောက်နေမှတော့ ပြန်သွားခိုင်းလို့ ဖြစ်ပါ့မလား။
"ဘယ်လို ဆက်လုပ်မလဲ" ဖေ့ယင် တဲလိုက်ကာကြားမှ ချောင်းကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း အပြင်ကို နားစွင့်လိုက်သည်။ "ကြားလား။ မြောက်ပိုင်းသားတွေ စကားပြောသံ"
ဖေ့ယင် ခေါင်းညိတ်လိုက်သည်။
မြောက်ပိုင်းသားတွေရဲ့ ဘာသာစကားက ယုံနင်ဘာသာစကားနဲ့ လုံးဝ ကွဲပြားတာမို့ ခွဲခြားရ လွယ်ကူသည်။
"အပြင်ထွက်ပြီး အသိဉာဏ်မရှိတဲ့ ဧကရာဇ် တောင်ဘက်ကို ပြေးသွားပြီလို့ အော်ပြောကြမယ်" နဉ်ရှောင်ယောင်း ဓားကို လှည့်ကစားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ပြီးရင် ငါတို့ ဒီလူအုပ်စုနှစ်ခုကို တောင်ဘက်ကို ခေါ်သွားကြမယ်"
"ပြီးရင်ရော" ဖေ့ယင် မေးလိုက်သည်။
ယင်းဖုန်းတို့လည်း အနားရောက်လာကြသည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းသပ်လိုက်ပြီး ပြောလိုက်သည်။ "ပြီးရင် အဓိကအချက်ပဲ"
ဖေ့ယင်အပါအဝင် အားလုံး အသက်ရှူအောင့်ထားလိုက်ကြသည်။
"ထွက်ပြေးတာက ရည်ရွယ်ချက် မဟုတ်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါတို့ရဲ့ ရည်ရွယ်ချက်က သူပုန်တွေကို မြောက်ပိုင်းသားတွေနဲ့ တိုက်ခိုင်းဖို့ပဲ"
ဘယ်သူမှ စကားမပြောနိုင်ကြတော့ပေ။ အားလုံး အံ့ဩသွားကြသည်။
"ငါတို့မှာ စစ်အင်အား မလုံလောက်ဘူး" နဉ်ရှောင်ယောင်း ဂရုမစိုက်ဘဲ ဆက်ပြောသည်။ "ဒါပေမဲ့ သူပုန်တွေဆီမှာ လူအများကြီး ရှိတယ်။ သူတို့လည်း ယုံနင်လူမျိုးတွေပဲ။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ပေးသင့်တာပေါ့"
"နေပါဦး" ဖေ့ယင် ဝင်ပြောသည်။ "သူပုန်တွေက အရှင်မင်းကြီးစကား နားထောင်ပါ့မလား"
"ငါ့မျက်နှာက အဲ့လောက် အရှိန်အဝါမကြီးပါဘူး" နဉ်ရှောင်ယောင်း ကိုယ့်အခြေအနေကိုယ် သိသည်။
"ဒါဆို ဘယ်လိုလုပ်မှာလဲ" ဖေ့ယင် နားမလည်နိုင် ဖြစ်နေသည်။ သူပုန်တွေဆီမှာ နာမည်ပျက်နေတဲ့ ဧကရာဇ်က သူပုန်တွေကို မြောက်ပိုင်းသားတွေနဲ့ တိုက်ခိုင်းမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
"စစ်စခန်းရဲ့ အနောက်တောင်ဘက်မှာ" နဉ်ရှောင်ယောင်း အသံနှိမ့်ပြီး ပြောလိုက်သည်။ "သူပုန်တွေရဲ့ အမျိုးသမီးစစ်စခန်း ရှိတယ်"
အားလုံး နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေကြသည်။ ဒီအချိန်မှာ မိန်းမကိစ္စ တွေးနေသေးတယ်ဆိုတာ မယုံနိုင်စရာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးက အမျိုးသမီးစစ်စခန်းကို ဘာလုပ်မလို့လဲဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။
"ရှန့်နုံမှာ သားမရှိဘူး" နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "သူ့မှာ သမီးတစ်ယောက်ပဲ ရှိတယ်။ ရှန့်ဝမ်ဝမ်တဲ့"
"ဒီရှန့်ဝမ်ဝမ်ကို သုံးပြီး ရှန့်နုံကို ခြိမ်းခြောက်မလို့လား" ဖေ့ယင် မေးလိုက်သည်။
"အဲ့နည်းလမ်းက အလုပ်မဖြစ်ဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ရှန့်နုံက ကလေးမရနိုင်တဲ့အရွယ် မဟုတ်သေးဘူး။ သမီးတစ်ယောက် သေသွားတာလောက်တော့ သူ ခံနိုင်ရည် ရှိပါတယ်"
"ဒါဆို ဘာလုပ်မလို့လဲ"
"ငါတို့ ဒီကောင်မလေးကို ဖမ်းလိုက်မယ်။ ပြီးရင် မြောက်ပိုင်းသားတွေလည်း ရောက်လာပြီဆိုတော့ ရာထူးကြီးပုံပေါက်တဲ့တစ်ယောက်ကို ဖမ်းလိုက်မယ်" နဉ်ရှောင်ယောင်း လက်ချောင်းလေးများကို ထိလိုက်သည်။ "ရှင်တို့ နားလည်ပါတယ်နော်"
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။ သူတို့ နားမလည်ကြပါ။
"ကောင်မလေးကို အဝတ်အစား မချွတ်ဘူး" နဉ်ရှောင်ယောင်း ဆက်ရှင်းပြသည်။ "မြောက်ပိုင်းသားရဲ့ အဝတ်အစားကို ချွတ်လိုက်မယ်။ သူပုန်တွေ ရောက်လာတဲ့အခါ မြောက်ပိုင်းသားကို ခုတ်သတ်ပစ်လိုက်မယ်"
မြောက်ပိုင်းသားက ရှန့်နုံရဲ့ တစ်ဦးတည်းသော သမီးကို မုဒိမ်းကျင့်တယ်ပေါ့။
လူအများကြီးရှေ့မှာ ဗြောင်ကျကျ လုပ်တယ်ပေါ့။
ရှန့်နုံသာ လက်စားမချေရင် သူ့သမီးကိုတောင် မကာကွယ်နိုင်တဲ့ အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် သူပုန်ခေါင်းဆောင် ဆက်လုပ်နိုင်တော့မှာလဲ။
"ယုတ္တိရှိအောင်" နဉ်ရှောင်ယောင်း အပြင်ဘက်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။ "ငါတို့ မိန်းကလေးတွေ အများကြီး ဖမ်းထားလိုက်မယ်။ ဒါမှ ဒီမြောက်ပိုင်းသားတွေက ရှန့်ဝမ်ဝမ်မှန်း မသိဘဲ လုပ်မိပါတယ်ဆိုတဲ့ အထင်ရောက်သွားအောင်ပေါ့"
"နေပါဦး" ဖေ့ယင် ဖြတ်ပြောသည်။ "အရှင်မင်းကြီးက အခု မြောက်ပိုင်းသားတစ်စုကို ဒုက္ခပေးတော့မလို့လား"
"အခုမှ ဆုံးဖြတ်လိုက်တာလေ။ ဒုသခင်လေးဖေ့... ကန့်ကွက်စရာ ရှိလို့လား"
ဖေ့ယင် ခံစားလိုက်ရသည်မှာ ဒီလူရဲ့ရှေ့မှာ သူ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရသည်။ ဒီလိုကိစ္စမျိုးကို ချက်ချင်းစဉ်းစားလို့ ရတာလား။
"သာ့ဖုန်း... မင်းတို့ရော ကန့်ကွက်စရာ ရှိလား" နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ကို မေးလိုက်သည်။
ယင်းဖုန်းတို့ ခေါင်းခါလိုက်ကြသည်။ အစတုန်းကတော့ အရှင်မင်းကြီးနဲ့အတူ အသေခံမယ်ဆိုပြီး လိုက်လာကြတာ။ အခုကျတော့ သူပုန်စခန်းထဲကို မြင်းစီးပြီး ဝင်လာတယ်။ အပြင်မှာ သူတို့ကို သတ်ချင်နေတဲ့လူတွေ အများကြီးရှိနေပေမယ့် သူတို့က စစ်တဲထဲမှာ အစည်းအဝေးထိုင်လုပ်နေကြတယ်။ ယင်းဖုန်းတို့ ခေါင်းမူးနေကြသည်။ အခြေအနေက သူတို့ထင်ထားတာနဲ့ တခြားစီဖြစ်နေသည်။
"ဒါဆို ရှန့်ဝမ်ဝမ်က နာမည်ပျက်သွားပြီပေါ့။ နောက်ကျရင် ယောက်ျားယူလို့ ရပါ့ဦးမလား" စိတ်ထားကောင်းတဲ့ နဂါးအစောင့်တပ်သားလေးတစ်ဦးက ထောက်ပြသည်။
နဉ်ရှောင်ယောင်း၊ အာ့ယာနှင့် ရှောင်ချိုးမှလွဲ၍ ကျန်လူအားလုံး ထိုတပ်သားလေးကို မျက်စောင်းထိုးလိုက်ကြသည်။ သူပုန်မတစ်ယောက် ယောက်ျားရမရကိစ္စကို စိတ်ပူပေးနေသေးတယ်ပေါ့။
နဉ်ရှောင်ယောင်း ပါးဖောင်းလိုက်သည်။ သူမ လုပ်တာက ယုတ်မာတယ်ဆိုတာ သိပါတယ်။ အကျင့်မကောင်းဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့... "ရှန့်နုံက ငါ့ကို သတ်ချင်နေတာလေ။ ငါက သူ့သမီးနာမည်ပျက်အောင် လုပ်လို့မရဘူးလား။ ပြီးတော့ တကယ်လုပ်တာမှ မဟုတ်တာ"
အားလုံး: "..." တကယ်မဟုတ်ရင်တောင် ရှန့်မိန်းကလေး သေသွားနိုင်တယ်လေ။
"ဒီအကြံပြုချက်ကို ပယ်ချလိုက်မယ်" နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။ "တခြားအကြံပြုချက် ရှိသေးလား"
ဖေ့ယင် မေးလိုက်သည်။ "ရှန့်ဝမ်ဝမ်ကို ကယ်ပြီးရင် ဘာဆက်လုပ်မလဲ။ ဆက်ပြေးကြမလား"
"မပြေးဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ "ငါ သူပုန်အဖွဲ့ထဲဝင်ပြီး မြောက်ပိုင်းသားတွေနဲ့ အသေခံတိုက်ခိုက်တဲ့ လုပ်ငန်းစဉ်ကြီးမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"ဂလု" တပ်သားတစ်ဦး တံတွေးမြိုချလိုက်သည်။
စစ်တဲထဲ ပြန်လည်တိတ်ဆိတ်သွားသည်။
"ဘာလို့ ဘာမှမပြောကြတာလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သူပုန်အဖွဲ့ထဲ ဝင်မယ်?" ဖေ့ယင် မေးလိုက်သည်။ "အရှင်မင်းကြီး... သူပုန်တွေက အရှင်မင်းကြီးကို လက်ခံမယ် ထင်နေလား"
"ငါတို့လည်း ဆင်းရဲသားတွေပဲလေ။ အသိဉာဏ်မရှိတဲ့ ဧကရာဇ် နဉ်ယွီကို သတ်ချင်နေကြတာ။ ဒုသခင်လေးဖေ့... ဒီအကြောင်းပြချက်ဆိုရင် သူပုန်တွေကြားထဲ ရောနှောဝင်ရောက်လို့ ရလောက်တယ်မလား"
"အရှင်မင်းကြီး... သေဟန်ဆောင်မလို့လား" ယင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
"အင်း" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
အင်း... ဟုတ်လား။ ဖေ့ယင် နဉ်ရှောင်ယောင်းနဲ့ လိုက်လာမိတာ နောင်တရသွားသည်။ "ဘယ်လို သေမှာလဲ" ဖေ့ယင် မေးလိုက်သည်။
"ငါ စဉ်းစားထားပြီးပြီ" နဉ်ရှောင်ယောင်း ကျောပိုးအိတ်လေးကို စမ်းသပ်ကြည့်လိုက်သည်။
အားလုံး: "..." ဒါကိုပါ စဉ်းစားထားပြီးပြီလား။
နဉ်ရှောင်ယောင်း ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခု ထုတ်လိုက်သည်။
"အရှင်မင်းကြီး!" ဖေ့ယင် နဉ်ရှောင်ယောင်းလက်ထဲက ပစ္စည်းကိုမြင်တော့ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း ဖေ့ယင်၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ပြီး "တံဆိပ်တုံးပဲဟာ... ဘာလန့်စရာ ရှိလို့လဲ" ဟု ပြောလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းလက်ကို ဖယ်လိုက်သည်။ အော်ချင်ပေမယ့် ပြန်စဉ်းစားကြည့်တော့ ဧကရာဇ်က တံဆိပ်တုံးဆောင်ထားတာ မမှားပါဘူးလေ။
"ခဏနေရင် အလောင်းတစ်လောင်း ရှာရမယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မြင်းနင်းခံထားရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းမျိုးပေါ့"
"မြင်းခွာအောက်က ရွှံ့လိုဖြစ်နေတဲ့ အလောင်းမျိုးလား" ယင်းယွီ မေးလိုက်သည်။
"ဟုတ်တယ်... အဲ့ဒါပြောတာ" နဉ်ရှောင်ယောင်း ယင်းယွီကို လက်မထောင်ပြလိုက်သည်။
ဖေ့ယင် စဉ်းစားပြီး ပြောလိုက်သည်။ "ဧကရာဇ်တစ်ပါးတည်း သေတာဆိုရင် မယုံလောက်ဘူး ထင်တယ်"
"အဝတ်အစားတွေ ရှိသားပဲ" နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ ချွတ်ထားခဲ့သော အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်သည်။ "အလောင်းတွေကို အဝတ်အစားလဲဝတ်ပေးလိုက်ရင် ငါတို့အားလုံး သေသွားပြီလို့ ထင်သွားမှာပေါ့"
"အဲ့ဒီအလောင်းတွေရဲ့ရုပ်ကို သူတို့ မှတ်မိနေရင် ဘယ်လိုလုပ်မလဲ" ဖေ့ယင် မေးလိုက်သည်။
"မျက်နှာကို ဖျက်ဆီးပစ်လိုက်ပေါ့" နဉ်ရှောင်ယောင်း ချက်ချင်း ပြန်ဖြေသည်။
"အလောင်းတိုင်း မျက်နှာဖျက်ဆီးခံထားရတယ်ဆိုရင် သံသယဝင်စရာ မကောင်းဘူးလား"
"ဒါဆို ဒုသခင်လေးဖေ့ ဘယ်လိုအကြံပေးချင်လဲ"
"မီးရှို့လိုက်ပါ" ဖေ့ယင် ပြောလိုက်သည်။ "မီးလောင်ထားတဲ့ အလောင်းတွေဆိုရင် ရုပ်မပေါ်တော့ဘူးလေ။ ဒါဆို ယုတ္တိရှိသွားပြီ"
"ကောင်းပြီ" နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။ "ဒီလိုပဲ ဆုံးဖြတ်လိုက်ကြစို့။ ဒုသခင်လေးဖေ့... ငါတို့ လူခွဲကြရအောင်။ မင်းက မြို့ထဲပြန်ဝင်။ ငါက အမျိုးသမီးစစ်စခန်းဘက် သွားမယ်"
ဖေ့ယင် နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
နဉ်ရှောင်ယောင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "မြို့ထဲ ပြန်မဝင်တော့ဘူးလား"
"အရှင်မင်းကြီး အစီအစဉ် အောင်မြင်အောင် ကူညီပေးလိုက်ပါဦးမယ်" ဖေ့ယင် နဉ်ရှောင်ယောင်းနဲ့အတူ လိုက်မရူးချင်ပေမယ့် ပြန်စဉ်းစားကြည့်တော့ သူပုန်အဖွဲ့ထဲဝင်ပြီး ရှန့်နုံကို မြောက်ပိုင်းသားတွေနဲ့ တိုက်ခိုင်းနိုင်ရင် တကယ် အကျိုးရှိသွားမှာလေ။
"အရှင်မင်းကြီး" အာ့ယာ နဉ်ရှောင်ယောင်းအနား ပြေးလာပြီး မေးလိုက်သည်။ "ဒါဆို သမီးတို့ကရော"
နဉ်ရှောင်ယောင်း ဖေ့ယင်ကို ကြည့်လိုက်သည်။
"သမီးတို့က အရှင်မင်းကြီးနဲ့ပဲ လိုက်နေမယ်" အာ့ယာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ဖေ့ယင်ကိုကြည့်ပြီး သက်ပြင်းချကာ ရေရွတ်လိုက်သည်။ "ရုပ်ချောတာ အလကားပဲ"
ဖေ့ယင် ရယ်ချင်သွားသည်။ "ကျွန်တော်မျိုးက နတ်သားလို ချောနေရင်တောင် အိမ်ထောင်ရှိနေပြီပဲ။ အာ့ယာက ကျွန်တော်မျိုးကို ဘာစိတ်ဝင်စားစရာရှိလို့လဲ"
နဉ်ရှောင်ယောင်းနှင့် ဖေ့ယင်တို့ အတွေးချင်းတူနေတာ မဆန်းပါဘူး။ နှစ်ယောက်လုံးက ပုံမှန်လူတွေမှ မဟုတ်တာ။
"ဒီလိုလုပ်ကြမယ်" နဉ်ရှောင်ယောင်းသည် ဘေးနားတွင် ငြိမ်ကုပ်နေသော ရှောင်ချိုးကို လက်ပြခေါ်လိုက်သည်။ ရှောင်ချိုး ရောက်လာသောအခါ ပွေ့ချီလိုက်ပြီး ပြောလိုက်သည်။ "ငါက အစိုးရစစ်တပ်လက်ချက်နဲ့ ယောကျာ်းသေဆုံးသွားတဲ့ မုဆိုးမ လုပ်မယ်။ အာ့ယာနဲ့ ရှောင်ချိုးက ငါ့သားသမီးတွေပေါ့"
အားလုံး: "..."
"အရှင်မင်းကြီး ဘာပြောလိုက်တာလဲ" ဖေ့ယင် ဒီနေ့ တစ်နေ့တည်းမှာတင် ဘယ်နှကြိမ်မြောက် လန့်နေရမှန်း မသိတော့ပေ။ "အရှင်မင်းကြီး ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက်လောက် ပြန်ပြောပါဦး"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၅၀ ။ တာ့ယာ၊ အာ့ယာ နဲ့ ဝမ်ရှောင်ချိုး
"အရှင်မင်းကြီးက ယောက်ျားတစ်ယောက်ပဲ" နဉ်ရှောင်ယောင်းသည် ဖေ့ယင်ကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်သည်။ "မုဆိုးမက အရှင်မင်းကြီးလို့ ဘယ်သူထင်မှာလဲ" နဉ်ရှောင်ယောင်းသည် သူမ၏ ကျောပိုးအိတ်လေးထဲမှ မီးခိုးရောင် စကတ်တစ်ထည်ကို ထုတ်ပြလိုက်သည်။ "ကြည့်"
အားလုံး ခေါင်းပြူကြည့်လိုက်ကြသည်။
ဖေ့ယင် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ "မင်းအသက်အရွယ်နဲ့ အာ့ယာအမေ လုပ်လို့ရလို့လား"
"အဲ..." နဉ်ရှောင်ယောင်း စဉ်းစားလိုက်သည်။ "ငါ့ကို အသက် ၃၀ လို့ သတ်မှတ်လိုက်ကြပါလား"
"ဒီစကားကို အရူးတောင် ယုံမှာ မဟုတ်ဘူး" ဖေ့ယင် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒါဆိုရင်..." နဉ်ရှောင်ယောင်း စိတ်ကူးတစ်ခု ထပ်ရသွားသည်။ "အာ့ယာက ငါ့ညီမလေး၊ ရှောင်ချိုးက ငါ့သား။ ဘယ်လိုလဲ"
အားလုံး သဘောတူလိုက်ကြသည်။
"ရှောင်ချိုး... နောက်ကျရင် ငါ့ကို ဘယ်လိုခေါ်မလဲ" နဉ်ရှောင်ယောင်း ရှောင်ချိုးကို မေးလိုက်သည်။
"အမေ" ရှောင်ချိုး ချစ်စဖွယ် ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း အာ့ယာကို မေးလိုက်သည်။
"အစ်မ" အာ့ယာ ခေါ်လိုက်သည်။
"ကဲ... ပြဿနာ ရှင်းသွားပြီ" နဉ်ရှောင်ယောင်း ဖေ့ယင်ကို ပခုံးတွန့်ပြလိုက်သည်။
"ဒါဆို ကျွန်တော်တို့က အရှင်မင်းကြီးရဲ့ ဘာတွေလဲ" ယင်းဖုန်း မေးလိုက်သည်။
"အားလုံးက မင်းတို့အိမ်က ညီအစ်ကိုတွေပဲလား" ဖေ့ယင် မေးလိုက်သည်။
နဉ်ရှောင်ယောင်း လက်ချောင်းလေးများဖြင့် ရေတွက်ကြည့်လိုက်သည်။ ဝမ်းကွဲတွေ၊ မွေးစားတွေဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။
"ပြီးတော့..." ဖေ့ယင် ဆက်ပြောသည်။ "အရှင်မင်းကြီး စဉ်းစားဖူးလား။ ဒီလောက် လူငယ်တွေအများကြီးက ဘာလို့ မုဆိုးမတစ်ယောက်စကား နားထောင်နေရတာလဲ"
"အဲ့ဒါက... အဲ့ဒါက..." နဉ်ရှောင်ယောင်း စဉ်းစားမရဖြစ်နေစဉ် ခေါင်းထဲ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ "ဘာလို့လဲဆိုတော့ ငါ့ယောက်ျားက သူတို့အစ်ကိုကြီးလေ။ အစ်ကိုကြီးရဲ့ မိန်းမဆိုတာ အမေလိုပဲဆိုတဲ့စကား ရှိတယ်မလား။ ဒါကြောင့် သူတို့ ငါ့စကား နားထောင်ရတာပေါ့"
"ရွာထဲကလူတွေ အကုန်လုံး အစိုးရစစ်တပ်လက်ချက်နဲ့ သေကုန်ကြပြီ" ယင်းဖုန်း ဝင်ပြောသည်။ "ကျွန်တော်တို့မှာ သွားစရာနေရာ မရှိတော့လို့ အစ်မကြီးနဲ့အတူ ထွက်လာကြတာပါ"
"ဒါဆိုရင်" ဖေ့ယင် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီးက သိုင်းလောကသားပေါ့"
နဉ်ရှောင်ယောင်း ယင်းဖုန်းရဲ့ အကြံကို သဘောကျသွားသည်။ လက်ဖဝါးကို ကုတ်လိုက်ပြီး ပြောလိုက်သည်။ "ငါ့နာမည်ကို အဆိပ်ပြင်းမုဆိုးမလို့ ပေးလိုက်ရင် မိုက်မလား"
အားလုံး: "..." မုဆိုးမဆိုတာကြီးကို ထားလိုက်ပါတော့လား။
"နာမည် ဘယ်လိုပေးမလဲ" ဖေ့ယင် မေးလိုက်သည်။ နဉ်ရှောင်ယောင်း ကြိုက်တဲ့နာမည် ပေးပါစေ။ သူ့မိန်းမ မုဆိုးမမဖြစ်ရင် ပြီးတာပဲ။
"အဲ..." နဉ်ရှောင်ယောင်း အာ့ယာကို တစ်ချက်ကြည့်လိုက်သည်။ "မူလက ဖေ့ဝူတိ (ဖေ့မျိုးရိုး အနိုင်မခံ) လို့ ပေးမလို့ပဲ။ ဒါပေမဲ့ အာ့ယာက ငါ့ညီမလေး ဖြစ်သွားပြီဆိုတော့ ငါ့နာမည်ကို ဖေ့တာ့ယာ (ဖေ့မျိုးရိုး အကြီးဆုံးသမီး) လို့ ပေးရတော့မယ်"
ဖေ့ယင်က သူတို့မျိုးရိုးနာမည်ကို လွှတ်ပေးလိုက်ပါလို့ ပြောချင်ပေမယ့် နဉ်ရှောင်ယောင်းက ဆက်ပြောနေသည်။ "ငါ့နာမည်က ဖေ့တာ့ယာ။ အာ့ယာက ဖေ့အာ့ယာ (ဖေ့မျိုးရိုး ဒုတိယသမီး)။ ရှောင်ချိုးက ဖေ့ရှောင်ချိုး"
"ရှောင်ချိုးက ဖေ့မျိုးရိုး မဖြစ်သင့်ဘူးလေ။ အဖေမျိုးရိုးပဲ ယူရမှာပေါ့" ယင်းလေက ရိုးရိုးသားသား ထောက်ပြသည်။
နဉ်ရှောင်ယောင်း: "..."
ဖေ့ယင်က နဉ်ရှောင်ယောင်း ကြည့်နေတာ မြင်တော့ စိတ်မရှည်စွာ ပြောလိုက်သည်။ "ကျွန်တော်မျိုးရဲ့ မျိုးရိုးနာမည်ကို အရှင်မင်းကြီး ယူသုံးလိုက်ပြီပဲ"
နဉ်ရှောင်ယောင်း ဖေ့ယင်အနောက်မှ လက်ထောက်စစ်သူကြီးကို ကြည့်လိုက်သည်။
လက်ထောက်စစ်သူကြီးက "အရှင်မင်းကြီး... ကျွန်တော်မျိုးနာမည်က ဝမ်ပါ" ဟု ပြောလိုက်သည်။
"ဝမ်ရှောင်ချိုး" နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။ ရှောင်ချိုးနာမည် ရသွားပြီ။
လက်ထောက်စစ်သူကြီး ဘာပြောနိုင်ဦးမှာလဲ။
"မေးစရာရှိသေးလား" နဉ်ရှောင်ယောင်း လူငယ်များကို ကြည့်ပြီး မေးလိုက်သည်။
အားလုံး ခေါင်းခါလိုက်ကြသည်။ ပြဿနာမရှိတော့ပါဘူး။ အရှင်မင်းကြီးနဲ့အတူ မရူးချင်ရင်တောင် သူတို့ ပြေးလို့မလွတ်တော့ဘူးလေ။
"တကယ် မြို့ထဲ ပြန်မဝင်တော့ဘူးလား" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မေးလိုက်သည်။ မြောက်ပိုင်းသားတွေနဲ့ သူပုန်တွေ သူမကို လိုက်ဖမ်းနေတုန်း ပြန်ဝင်သွားလို့ ရသေးတယ်။
ဖေ့ယင် နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
နဉ်ရှောင်ယောင်း လက်ထောက်စစ်သူကြီးဝမ်ကို ကြည့်လိုက်သည်။
လက်ထောက်စစ်သူကြီးဝမ် ကြောက်လန့်သွားပြန်သည်။ ဘာဖြစ်ပြန်ပြီလဲ။
"အရှင်မင်းကြီးက ကျွန်တော်မျိုးကို ရိုက်နှက်သတိမေ့အောင်လုပ်ပြီး စစ်သူကြီးဝမ်တို့ကို မြို့ထဲပြန်ခေါ်သွားခိုင်းရင် ကျွန်တော်မျိုး သတိရလာတာနဲ့ စစ်သူကြီးဝမ်တို့ကို သတ်ပစ်လိုက်မယ်" ဖေ့ယင် ခြိမ်းခြောက်လိုက်သည်။
ဖေ့ယင်နှင့်အတူ ပါလာသော စစ်သည်များ: "..." ဘာလို့ သူတို့ပဲ ခံနေရတာလဲ။
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်တော်မျိုးက ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်" ဖေ့ယင် ထပ်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း လက်သီးဆုပ်ထားရာမှ ဖြေလျော့လိုက်သည်။ အံ့ဩစရာပဲ။ သူမ ဘာလုပ်မလဲဆိုတာ ဖေ့ယင် ဘယ်လိုသိနေတာလဲ။
ဖေ့ယင် နဉ်ရှောင်ယောင်း၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။ "ဒါဆို အခု သွားကြမလား"
"နောက်ဆုံးမေးခွန်းတစ်ခု" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဘယ်သူက အမျိုးသမီးစစ်စခန်းကို သွားမလဲ။ ဘယ်သူက မြောက်ပိုင်းသားတွေကို သွားဖမ်းမလဲ"
"ကျွန်တော်မျိုး မြောက်ပိုင်းသားတွေကို သွားဖမ်းမယ်" ဖေ့ယင် ချက်ချင်း ဖြေလိုက်သည်။
"ငါတို့နှစ်ယောက်ရဲ့ တိုက်ရည်ခိုက်ရည်အရဆိုရင် ဒုသခင်လေးဖေ့က အမျိုးသမီးစစ်စခန်းသွားတာ ပိုကောင်းမယ် ထင်တယ်။ အဲ့ဒါက ပိုလွယ်တယ်"
ဖေ့ယင် မျက်လုံးတောင်မဖွင့်ဘဲ ပြန်ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးလူတွေ ရှန့်ဝမ်ဝမ် ဘယ်လိုပုံစံလဲဆိုတာ မသိကြဘူး"
"ကိစ္စမရှိပါဘူး။ ယင်းဖုန်းရဲ့ သိမ်းငှက်လေး အပြင်မှာ ရှိတယ်။ သူ လမ်းပြပေးလိမ့်မယ်" နဉ်ရှောင်ယောင်း အကြံပေးလိုက်သည်။
"ငှက်တစ်ကောင်ကို ယုံခိုင်းနေတာလား" ဖေ့ယင် မျက်ခုံးပင့်ပြီး နဉ်ရှောင်ယောင်းကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။
"မင်း..." နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ "သိမ်းငှက်လေးကို ဘာလို့ မယုံရမှာလဲ"
"ကျွန်တော်မျိုးက အရူးမဟုတ်လို့လေ" ဖေ့ယင် ချက်ချင်း ပြန်ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း စဉ်းစားကြည့်မှ သဘောပေါက်သွားသည်။ သိမ်းငှက်လေးကို ယုံရင် သူမက အရူးဖြစ်သွားမှာပေါ့။ "ဟေး..." နဉ်ရှောင်ယောင်း ဒေါသထွက်သွားပြန်သည်။
"အရှင်မင်းကြီး" ယင်းဖုန်း နဉ်ရှောင်ယောင်းကို လှမ်းဆွဲလိုက်ပြီး သတိပေးလိုက်သည်။ "ကျွန်တော်တို့က သူပုန်စခန်းထဲ ရောက်နေတာနော်"
အားလုံး နဉ်ရှောင်ယောင်းကို ဝိုင်းကြည့်နေကြသည်။ တော်ပါတော့။ ဒုသခင်လေးဖေ့ရဲ့ ပါးစပ်က ဆိုးလွန်းလို့ ရိုက်ချင်စရာကောင်းတာ မှန်ပေမယ့် အခုအချိန်က ရန်ဖြစ်ရမယ့်အချိန် မဟုတ်ဘူးလေ။
"ဟွန့်... နောင်တမရစေနဲ့" နဉ်ရှောင်ယောင်း ဖေ့ယင်ကို ခြိမ်းခြောက်လိုက်သည်။
ဖေ့ယင် ဂရုမစိုက်ပေ။ "ဘယ်မှာ ပြန်ဆုံကြမလဲ"
"တောင်ဘက်သွားတဲ့ လမ်းမပေါ်မှာ ဇရပ်တစ်ဆောင်ရှိတယ်။ အဲ့ဒီမှာ ပြန်ဆုံကြမယ်"
ဖေ့ယင် နဉ်ရှောင်ယောင်း၏ခေါင်းကို ပုတ်လိုက်ပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။ "လဲထားတဲ့ အဝတ်အစားတွေ ယူခဲ့ကြ။ သွားမယ်"
"ဂရုစိုက်ကြနော်။ မနိုင်ရင် ပြေးကြ" နဉ်ရှောင်ယောင်း မှာလိုက်သည်။
စစ်သည်များသည် ဘာကြောင့်မှန်းမသိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေကြသည်။ ဒီတစ်ခါတော့ ဘာမှမဖြစ်ဘူးဆိုတာ သေချာနေသလိုပဲ။
နဉ်ရှောင်ယောင်း စစ်တဲအတွင်းဘက်သို့ ဝင်သွားပြီး မီးခိုးရောင် စကတ်ကို လဲဝတ်လိုက်သည်။ ယင်းဖုန်းကို ပြောလိုက်သည်။ "သွားကြစို့"
အရှင်မင်းကြီး စကတ်ဝတ်တာ ပထမဆုံးအကြိမ်မဟုတ်သဖြင့် နဂါးအစောင့်တပ်သားများ တည်ငြိမ်နေကြသည်။ ဖေ့ယင်၏လူများကတော့ ကြည့်ချင်ပေမယ့် ဗြောင်မကြည့်ရဲဘဲ ခိုးကြည့်နေကြသည်။
နဉ်ရှောင်ယောင်း ထွက်သွားတော့မည်ကို မြင်သောအခါ အာ့ယာ လှမ်းခေါ်လိုက်သည်။ "အရှင်မင်းကြီး" သူမနဲ့ ရှောင်ချိုးကို မေ့မသွားပါနဲ့ဦး။
နဉ်ရှောင်ယောင်း အာ့ယာကို ပွေ့ချီလိုက်သည်။ ယင်းလေက ရှောင်ချိုးကို ပွေ့ချီလိုက်သည်။ သူတို့ စစ်တဲထဲမှ ထွက်လာကြသည်။
သိမ်းငှက်လေး အားမင်သည် ကောင်းကင်ပေါ်တွင် ပျံဝဲနေသည်။ နဉ်ရှောင်ယောင်းနှင့် သူ့သခင် ထွက်လာသည်ကို မြင်သောအခါ အော်မြည်လိုက်ပြီး စစ်စခန်းအနောက်တောင်ဘက်သို့ ပျံသန်းသွားလေသည်။
"မြန်မြန်" နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ကို ခေါ်ပြီး အားမင်နောက်သို့ ပြေးလိုက်သွားသည်။
"မင်းတို့..." သူပုန်တစ်ဖွဲ့ နဉ်ရှောင်ယောင်းတို့ဘက်သို့ ပြေးလာသည်။
"အသိဉာဏ်မရှိတဲ့ ဧကရာဇ် တောင်ဘက်ကို ပြေးသွားပြီ" နဉ်ရှောင်ယောင်း အော်ဟစ်လိုက်သည်။ "လိုက်ကြ"
"လိုက်ကြ... လိုက်ကြ" ယင်းလေလည်း လိုက်အော်သည်။
သူတို့အဖွဲ့သည် ဧကရာဇ်ကို သတ်မယ်ဟု အော်ဟစ်ရင်း အဝေးသို့ ပြေးထွက်သွားကြသည်။
ဖေ့ယင် စစ်တဲထဲတွင် ရပ်ကျန်ခဲ့ပြီး နဉ်ရှောင်ယောင်းတို့ ပြေးထွက်သွားတာကို ကြည့်နေမိသည်။ ဒါ စစ်တိုက်နေတာ ဟုတ်ရဲ့လား။
.....
အချိန်သိပ်မကြာလိုက်ပေ။ အားမင်သည် နဉ်ရှောင်ယောင်းတို့ကို အမျိုးသမီးစစ်စခန်းရှေ့သို့ ခေါ်ဆောင်သွားသည်။
"တကယ်ပဲ မိန်းကလေးစစ်သည်တွေပါလား" နဂါးအစောင့်တပ်သားတစ်ဦး အံ့ဩသွားသည်။ "မိန်းမတွေက စစ်တိုက်တတ်လို့လား"
"ငါတို့ ဘယ်လိုဝင်ကြမလဲ" နောက်ထပ် နဂါးအစောင့်တပ်သားတစ်ဦး မေးလိုက်သည်။ အမျိုးသမီးစစ်စခန်းထဲမှာ မိန်းမတွေချည်း ရှိနေတာ။ သူတို့လို ယောကျာ်းသားတွေ ဝင်သွားရင် သိသာလွန်းနေမှာပေါ့။
နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သာ့ဖုန်း... မင်း ညီအစ်ကိုတွေကိုခေါ်ပြီး လမ်းမကြီးနားမှာ သွားစောင့်နေ။ လူမမိစေနဲ့။ ငါ မကြာခင် လိုက်လာခဲ့မယ်"
"မိန်းကလေးနည်းနည်း ဖမ်းမယ်ဆို" ယင်းဖုန်း ပြောလိုက်သည်။ "အရှင်မင်းကြီးတစ်ယောက်တည်း မိန်းကလေးအများကြီးကို ခေါ်ထုတ်လာလို့ ရပါ့မလား"
"ဒါ ပြဿနာမဟုတ်ပါဘူး။ ငါ နှစ်ခေါက်ပြန်လိုက်ရင် ရတာပဲ" နဉ်ရှောင်ယောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယင်းဖုန်း စိတ်မချပေ။ တစ်ခေါက်သွားတာနဲ့တင် အသက်အန္တရာယ်ရှိနေပြီ။ နှစ်ခေါက်ပြန်မယ်ဆိုတော့...
"သာ့ဖုန်း... မင်း ငါ့ရဲ့ တိုက်ရည်ခိုက်ရည်ကို မယုံတာလား" နဉ်ရှောင်ယောင်း စိတ်တိုလာသည်။
"ဖယ်ကြ"
နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်းတို့ စကားများနေစဉ် အမျိုးသမီးစစ်စခန်းထဲမှ အမျိုးသမီးစစ်သည်တစ်ဖွဲ့ ပြေးထွက်လာသည်။ ခေါင်းဆောင်လုပ်သူမှာ မက်မွန်ပွင့်ရောင် အစက်အပြောက်များနှင့် မြင်းကို စီးနင်းထားပြီး ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည်။
အားမင် ကောင်းကင်ပေါ်မှ လှမ်းအော်ပြောသည်။ "ရှောင်ယောင်း... အဲ့ဒါ ရှန့်ဝမ်ဝမ်ပဲ"
နဉ်ရှောင်ယောင်း ထိုအမျိုးသမီး၏မျက်နှာကို ကြည့်လိုက်သည်။ သိပ်မလှပေ။ မျက်နှာပေါက်က အဖေနဲ့တူပြီး အသားအရေလည်း မဖြူလှပေ။
နဉ်ရှောင်ယောင်း ကြည့်နေစဉ် ရှန့်ဝမ်ဝမ်လည်း နဉ်ရှောင်ယောင်းကို မြင်လိုက်သည်။ ယောကျာ်းလေးတွေကြားထဲမှာ မိန်းကလေးတစ်ယောက် ရပ်နေတာဆိုတော့ ထင်ရှားနေတာပေါ့။
ရှန့်ဝမ်ဝမ် မြင်းကို ရပ်လိုက်ပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "နင် ဘယ်သူလဲ"
နဉ်ရှောင်ယောင်း ချက်ချင်း လျှောက်ပြောလိုက်သည်။ "ကျွန်မတို့က အရှင်မင်းကြီးရှန့်နုံဆီမှာ စစ်မှုထမ်းဖို့ လာတာပါ"
ရှန့်ဝမ်ဝမ် နဉ်ရှောင်ယောင်းကို အပေါ်အောက် ကြည့်လိုက်သည်။ ဒီလောက်သေးကွေးတဲ့ ခန္ဓာကိုယ်နဲ့ ဘာလုပ်နိုင်မှာလဲ။ "ကြောင်တွေ ခွေးတွေတောင် စစ်မှုထမ်းဖို့ လာနေကြပါလား" ဟု ပြောပြီး နဉ်ရှောင်ယောင်းကို မောင်းထုတ်လိုက်သည်။ "ဖယ်စမ်း"
"သေစမ်း" ရှန့်ဝမ်ဝမ် ထွက်ခွာသွားသည်ကိုကြည့်ပြီး နဉ်ရှောင်ယောင်း မကျေမနပ် ဖြစ်သွားသည်။ "ငါ့ကို အထင်သေးသွားတာလား" ရှန့်ထျန်းကောနဲ့ မညားတာ နည်းတောင်နည်းသေးတယ်။
"ဘယ်လိုလုပ်မလဲ" ယင်းဖုန်း မေးလိုက်သည်။
"လိုက်မယ်" နဉ်ရှောင်ယောင်း ရှေ့က ပြေးထွက်သွားသည်။
အားလုံး ရှန့်ဝမ်ဝမ်နောက် လိုက်ပြေးကြသည်။
"သခင်မလေး" ရှန့်ဝမ်ဝမ်နောက်မှ ကိုယ်ရံတော်တစ်ဦးက လှည့်ကြည့်ပြီး ပြောလိုက်သည်။ "စစ်မှုထမ်းဖို့လာတဲ့ မိန်းကလေးက ကျွန်မတို့နောက် လိုက်လာတယ်"
"သူ့ကို..."
ထွက်သွားခိုင်းလိုက်လို့ ပြောမလို့ရှိသေး။ ဧကရာဇ်ကို သတ်မယ်ဆိုတဲ့ အော်ဟစ်သံတွေကြားထဲမှာ မိုးကာစတစ်ခု လေထဲဝဲပြီး သူမဆီ ပျံလာသည်။
"မီးလောင်နေပြီ"
"အစိုးရတပ်တွေ ရိက္ခာစခန်းကို မီးရှို့နေပြီ"
...
ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
နဉ်ရှောင်ယောင်း သစ်သားတုတ်ဖြင့် တဲအချို့ကို ကော်တင်လိုက်ပြီး ရှန့်ဝမ်ဝမ်တို့ဆီ ပစ်လိုက်သည်။
အမျိုးသမီးစစ်သည်များ မပြေးနိုင်လိုက်ဘဲ မိုးကာစအောက်တွင် ပိမိကုန်ကြသည်။
"မြောက်ပိုင်းသားတွေ" ယင်းယွီ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း ခြေဖျားထောက်ကြည့်လိုက်ရာ မြောက်ပိုင်းသားတစ်ဖွဲ့ ရောက်လာသည်ကို တွေ့လိုက်ရသည်။ ဘာမှမစဉ်းစားတော့ဘဲ အသံကုန်ဟစ် အော်လိုက်သည်။ "မြောက်ပိုင်းသားတွေ အမျိုးသမီးစစ်စခန်းထဲ ဝင်လုနေကြပြီ"
အမျိုးသမီးစစ်သည်များ ပိမိနေသဖြင့် သူပုန်တပ်သားများ ကယ်တင်ရန် အလုပ်ရှုပ်နေကြသည်။ နဉ်ရှောင်ယောင်းအော်သံကြားတော့ သူပုန်အများစု ခါးဆန့်ပြီး အမျိုးသမီးစစ်စခန်းဘက် လှမ်းကြည့်လိုက်ကြသည်။
"မြန်မြန်" နဉ်ရှောင်ယောင်း အာ့ယာကို ပုတ်လိုက်သည်။ "အာ့ယာ... မင်းက ကလေးစစ်သည်လေ"
အာ့ယာ ဉာဏ်ကောင်းသည်။ မျက်လုံးကိုပွတ်ပြီး ရှေ့ပြေးထွက်သွားသည်။ မိုးရွာနေတာဆိုတော့ တကယ်ငိုတာလား၊ ဟန်ဆောင်ငိုတာလား ဘယ်သူမှ မသိနိုင်ဘူးလေ။ အာ့ယာ ငိုရင်း အော်ပြောလိုက်သည်။ "မြောက်ပိုင်းသားတွေ အမျိုးသမီးစစ်စခန်းထဲ ဝင်သတ်နေကြပြီ"
"အဲ့ဒီလူတွေပဲ" နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြလိုက်သည်။
"အရှင်မင်းကြီးပါလား" မြောက်ပိုင်းသားအဖွဲ့နောက်မှ လက်ထောက်စစ်သူကြီးဝမ် ဖေ့ယင်ကို တိုးတိုးလေး ပြောလိုက်သည်။
ဖေ့ယင်လည်း မျက်နှာသုတ်လိုက်သည်။ ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ။
"ဘယ်လိုလုပ်မလဲ" လက်ထောက်စစ်သူကြီးဝမ် မေးလိုက်သည်။
"ရိက္ခာလုနေတာ" ဖေ့ယင် ရုတ်တရက် ရှေ့က မြောက်ပိုင်းသားတွေကို လက်ညှိုးထိုးပြီး အော်လိုက်သည်။ "ဒီကောင်စုတ်တွေ ငါတို့ ရိက္ခာတွေ လုနေကြတယ်"
ယင်းဖုန်းတို့အဖွဲ့: "..."
လက်ထောက်စစ်သူကြီးဝမ်တို့အဖွဲ့: "..."
မိန်းမလည်းလု၊ ရိက္ခာလည်းလု... ဒီမြောက်ပိုင်းသားတွေတော့ ကံဆိုးပြီ။
***