ဆရာနတ်မင်းကို ယုံကြည်ကြ
Vol. 6-10 Ch. 93
အခန်း (၉၃) : ဆရာနတ်မင်းကို ယုံကြည်ကြ
ရှန်ထျန်း တာအိုကိုယ်တော်နှင့် ဈေးဆစ်နေသည့် မြင်ကွင်းကြောင့် နန်းဆောင်ထဲရှိ လူအားလုံး အံ့သြသွားကြ၏။ သူတို့ ဒီနေ့ ကြုံတွေ့လိုက်ရတာတွေက ကျင့်ကြံခြင်းလောကအပေါ် ထားရှိသည့် သူတို့အမြင်ကို လုံးဝပြောင်းလဲသွားစေသည်။
မြောက်မြားစွာသော ကျင့်ကြံသူတို့သည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင် ဖြစ်ခွင့်နှင့် သူတော်စင်မအား လက်ထပ်ခွင့် ရရှိရန် အိမ်မက်တောင် မမက်ရဲကြပေ။ ဒါကို ရှန်ထျန်းက ဒီအခွင့်အရေးကို တွန်းထုတ်ဖို့အတွက် လုံးပန်းနေလေ၏။
ပို၍ အရေးကြီးသည်မှာ သူ ဒီလောက် ငြင်းဆန်နေသည့်တိုင် ထိုတာအိုကိုယ်တော်က ရှန်ထျန်းအား မတောင်းပန်ရုံတမယ် သူတော်စင်လုပ်ဖို့ ဖျောင်းဖျနေခြင်းပင်။
အထွတ်အမြတ်မြေတွေက ဘယ်တုန်းကမှ သည်လို အောက်ကျနောက်ကျ မတောင်းဆိုဖူးပေ။
မီးတိုင်းပြည်ရဲ့ မင်းသား(၁၃)က ဘယ်သူမို့လို့ များလဲ…
တစ်ဖက်တွင်ကား ရှန်ရှောင်းက ရှန်ထျန်းအား ဖခင်မေတ္တာ အပြည့်နှင့် ကြည့်လိုက်၏။ သူ့သားတော် ဘယ်လိုတွေ လုပ်ခဲ့သလဲ သူလည်း မသိပေ။ သို့သော် ဒီသားတော်အတွက် ထပ်ပြီး စိတ်ပူစရာ မလိုတော့မှန်း သူ သိလိုက်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကတောင် သူ့သားတော်ကို သူတို့သူတော်စင် လုပ်ပြီး သူတော်စင်မနှင့် လက်ထပ်ဖို့ လာတောင်းဆိုနေရသည် မဟုတ်ပါလော။
လန်သာသိရင် သိပ်ပျော်သွားရှာမှာ…
ရှန်ထျန်းတစ်ယောက် နောက်ဆုံးတော့ သဘောတူလိုက်သည်ကို မြင်သောအခါ တာအိုကိုယ်တော်က တစ်ရက်လောက် နားပြီးမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ ခရီးဆက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။
“အစ်မယွင်ရှီး … လျန်အာကော လိုက်လို့ရမလားဟင်” ခေါင်းပေါ်မှာ ပန်းအိုးတင်ထားသည့် လီလျန်အာက မေးလိုက်သည်။
ကျန်းယွင်ရှီးမှာ ဆွံ့အသွားကာ “လျန်အာက ပြန်သွားပြီး ညီမလေးရဲ့အဖေကို အဖော်ပြုပေးရမှာ မဟုတ်ဘူးလား”
“မသွားချင်ပါဘူးဆို … လျန်အာ အခုမှ အပြင်ခိုးထွက်လာလို့ ရတာလေ”
ထို့နောက် သူမက ရှန်ထျန်းအား တိုးတိုးလေး ပြောလိုက်သည် “အစ်ကိုရှန် … အစ်ကို တကယ်ပဲ ကနဦးစိတ်ဝိညာဉ်အဆင့် မရောက်မချင်း အချစ်ရေးကို လုံးဝ မစဉ်းစားသေးဘူးပေါ့ ဟုတ်လား…
ကိစ္စမရှိပါဘူး။ အစ်ကိုရှန် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ဝင်လိုက်ရင် ကနဦးစိတ်ဝိညာဉ်အဆင့် ရောက်ဖို့ဆိုတာ လွယ်လွယ်လေးပါ။
လျန်အာလည်း အစ်ကိုရှန်နဲ့ အတူတူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ လိုက်ပြီး ကျင့်ကြံမယ်”
ထိုစကားကို ကြားလိုက်သော ကျန်းယွင်ရှီးက တင်းတင်းကျပ်ကျပ် ပြောလိုက်၏ “ငါတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မင်းရဲ့အိမ် မဟုတ်ဘူး။ လျန်အာ… မင်း အခု အိမ်ပြန်သင့်ပြီ”
လျန်အာက နှုတ်ခမ်းလေးကို စူကာ ပြောလိုက်သည် “သွားချင်ဘူးလို့ဆို … လျန်အာ ဦးလေးနှစ်နဲ့ နေလို့ရတယ်လေ”
လီလျန်အာ၏ ဦးလေးနှစ်ဆိုသူမှာ လီချင်းဟယ် ဖြစ်သည်။ သူသည်ကား အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်နေသော အကြီးအကဲကိုးယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။
အံ့ဖွယ်မိုးကောင်းကင်မှ သူမ၏ အမျိုးဆီ လိုက်လည်မလို့ပါ ဟူ၍ လီလျန်အာက အတင်း ပြောနေလျှင် ကျန်းယွင်ရှီးအနေနှင့် သူမအား ငြင်းဆိုစရာ အကြောင်းပြချက် ကောင်းကောင်း မရှိတော့ချေ။
ရုတ်ခြည်းဆိုသလို ခရမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာ၏။ ထိုအလင်းတန်းက ဝေ့ယန်နန်းဆောင်ထဲ အပြေးဝင်သွားကာ လီလျန်အာနှင့် ရှန်အောင်းတို့အား လွှမ်းအုပ်လိုက်ပြီးနောက် ချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။
အထွတ်အထိပ်ရှင် ကျီယန်ပါလား…
လီခန်းလန်က ကျီယန်ကို ရှန်ထျန်းအား ထိုက်ပိုင်ချိုင့်ဝှမ်းသို့ ခေါ်လာခဲ့ဖို့ အမိန်ပေးခဲ့သည်။ ကံဆိုးစွာနှင့် သူ့တာဝန်ကို မလုပ်ဆောင်နိုင်သည့်အပြင် ဓားသခင် အမှတ်အသားပြားကိုပါ ဆုံးရှုံးသွားခဲ့ရသည်။
ထိုက်ပိုင်ချိုင့်ဝှမ်း ပြန်ရောက်လျှင် သူ့ဘဝကြီး မည်မျှ ဆိုးရွားတော့မည်မှန်း သူ ကြိုမြင်နေမိပြီ။ ထို့ကြောင့် ဒီနှစ်ယောက်ကို အပါပြန်ခေါ်သွားပြီး စီနီယာအစ်ကိုကြီး စိတ်အရမ်းမဆိုးအောင် လုပ်မှ ဖြစ်မည်။
လီလျန်အာ ထိုက်ပိုင်ချိုင့်ဝှမ်းကနေ တိတ်တိတ်လေး ခိုးထွက်သွားနိုင်တာ အစောင့်တွေ၏ အမှား ဖြစ်သည်။ အထွတ်အထိပ်ရှင် ကျီယန်သာ သူမကို ပြန်ခေါ်လာနိုင်ပါက အစ်ကိုကြီးရှေ့ သူ အမှတ်ရပေလိမ့်မည်။
သူ့စီနီယာအစ်ကိုကြီးက ရှန်ထျန်းကို လိုချင်သော်လည်း ကြာပြာ ကောင်းကင်အသျှင်နှင့် သူတော်စင်မတို့ ရှိနေလေရာ ထိုကိစ္စမှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ရှန်ထျန်းအစား သူ့အစ်ကို ရှန်အောင်းကိုသာ ခေါ်သွားလိုက်ရတော့သည်။
ရှန်အောင်းနာမည်က ရှန်အောင်းထျန်းနှင့် ဆင်နေလေရာ စီနီယာအစ်ကိုကြီး၏ ဒေါသတွေကို သူ့ဆီ ပုံချလို့ ရနိုင်လောက်သည် မဟုတ်ပါလော။
ရှန်အောင်းကို ခေါ်လာတာက အထွတ်အထိပ်ရှင် ကျီယန်၏ ဒုတိယ အကျိုးဆောင်အမှတ် ဖြစ်ပေလိမ့်မည်။
အိုး ငါ့တပည့်လေးရေ … မင်း လနည်းနည်းလောက်တော့ စတေးပေးဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း မင်းကို ပိုပြီးတော့ အားကောင်းစေမှာပါ။
မင်းဂိုဏ်းတူဦးကြီးရဲ့ လေ့ကျင့်ရေးကို လိုက်လုပ်နိုင်သရွေ့ အနာဂတ်မှာ မင်းဟာ ထိပ်သီး ဓားပညာရှင်တွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်…
အဲဒါကိုတော့ ငါ လုံးဝ အာမခံနိုင်တယ်။
“အစ်ကိုရှန် … လျန်အာ မကြာခင် အံ့ဖွယ်မိုးကောင်းကင်မှာ အစ်ကို့ကို လာတွေ့မယ် သိလား … လျန်အာကို စောင့်နေနော်”
လီလျန်အာ၏ အသံ မပျောက်ကွယ်ခင် ခရမ်းရောင် အလင်းတန်းထဲတွင် ထောင်နေသည့် ဆံပင်မွေးလေး တစ်စုကို မြင်နိုင်သေး၏။ ထို့နောက် ချက်ချင်းပဲ အလင်းတန်းက အဝေးရောက်သွားလေ၏။
ကျန်းယွင်ရှီးက အသက်ပြင်းပြင်း ရှုလိုက်သည်။ နောက်ပြီး သူမ ပတ်ဝန်းကျင်ရှိ မိုးကြိုးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
နောင်ကျရင် ဒီချန်းဟယ်ဓားအသျှင်နဲ့ စကားကောင်းကောင်း ပြောဦးမှပဲ။ သူ့သမီးကို သေချာစောင့်ကြည့်ထားဖို့ ပြောပြရမယ်။ ယောက်ျားတစ်ယောက် အတွက်နဲ့ အိမ်ကနေ ထွက်ပြေးလာတာ အမြင်မတော်ဘူးလေ။
လီလျန်အာတစ်ယောက် အဆုံးသတ်မှာတော့ ပြန်သွားရတာ သေချာသွားပါမှ ကျန်းယွင်ရှီးက ပြုံးလိုက်ပြီး သူမစိတ်ထဲတွင် “ဗွီ” ပုံစံလေး လက်နှစ်ချောင်း ထောင်လိုက်လေတော့သတည်း။
.......................
ထိုနေ့ည၌ ကျန်းယွင်ရှီးနှင့် ကြာပြာ ကောင်းကင်အသျှင်တို့က နန်းတွင်းထဲတွင် နေလိုက်ကြသည်။
ရှန်ထျန်း အထွတ်အမြတ်မြေထဲ ဝင်လိုက်သည့် သတင်းက ချက်ချင်း ပျံ့သွားကာ အားလုံးကို အံ့သြဆွံ့အသွားစေခဲ့သည်။
အံ့သြစရာကောင်းသည်မှာ နောက်ရက်က သူ့နေ့ထူးနေ့မြတ် ဖြစ်ပါလျက်နှင့် ရှန်ထျန်းက သူ့အိပ်ယာပေါ်မှာ သိုးနေအောင် အိပ်နေသေးခြင်းပင်။ သူတော်စင် လုပ်ဖို့ အတင်း ဖိအားအပေးခံလိုက်ရသော်လည်း လက်ထပ်ဖို့ကိုတော့ ရအောင် ရှောင်လိုက်နိုင်သည် မဟုတ်ပါလော။
နောင်ကျရင် သူ့ရုပ်ရည်ကြောင့် အနားဝိုင်းနေသည့် ကောင်မလေးတွေကို ငြင်းဖို့ အကြောင်းပြချက်ကောင်း တစ်ခုကိုလည်း သူ ရှာတွေ့သွားလေပြီ။
“ကျွန်တော်က ကနဦး စိတ်ဝိညာဉ်အဆင့် မရောက်မချင်း အချစ်ရေးရာနဲ့ ဝေးဝေးနေဖို့ ကိုယ့်ဘာသာ ကတိပေးထားလို့ပါ”
ဒီအကြောင်းပြချက်က ကျင့်ကြံရေးလောကထဲ၌ အင်မတန်ပေးလို့ကောင်းသည့် အကြောင်းပြချက် ဖြစ်ပေမည်။
တစ်ခုပဲ … ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်လို့ ပြောလိုက်သင့်တာ … အဲဒါက ရောက်ဖို့ ပိုခက်ခဲတယ်လေ…
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပြဿနာများကို ဖြေရှင်းပြီးသွား၍ ရှန်ထျန်းက စိတ်အေးသွားသည်။ ဒီကောင်မလေး နှစ်ယောက် သူ့ဘေးမှာ မရှိတော့လျှင် သူ့ကို ပစ်မှတ်ထားပြီး ပြဿနာရှာမည့်လူ နည်းသွားလောက်ပေမည်။
အင်း … သူ သူတော်စင် ဖြစ်လာမှာကို မနာလိုဖြစ်မည့် လူတချို့တော့ ရှိပေလိမ့်ဦးမည်။ ထို့ကြောင့် အပြင်သိပ်မထွက်ဘဲ ကျင့်ကြံရေးကိုသာ အာရုံစိုက်ဖို့ ရှန်ထျန်း ဆုံးဖြတ်ထားလိုက်၏။
ဖြည်းဖြည်းချင်းနှင့် ကံအပြောင်းအလဲ အခွင့်အရေး ဝေမျှယူလို့ ရနိုင်မည့် သူတွေကို သူ ရှာတွေ့လိမ့်မည်သာ။ ထိုအခါကျ သူ့ရောင်ဝါကို အစိမ်းရင့်ရောင်၊ ထိုမှတဆင့် အနီရောင် ဖြစ်အောင်အထိ လုပ်ရမည် ဖြစ်သည်။
သူ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်သည့်အချိန်၌ သူ့ဆီမှာ ရွှေရောင် ရောင်ဝါစက်ဝန်း ရှိနေပါက ကျင့်ကြံရေးလောကတွင် သူသည်ကား ပြိုင်ဖက်ကင်း ဖြစ်သွားပေလိမ့်မည်။
ရှန်ထျန်းတစ်ယောက် စိတ်ကူးထဲတွင် အနာဂတ်အတွက် အစီအစဉ်များ ချနေရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
နောက်ရက်၌ ရှန်ထျန်းက သူ့ခမည်းတော်ကို နှုတ်ဆက်ပြီးနောက် အပေါင်းအပါများနှင့်အတူ မီးတိုင်းပြည်မှ ထွက်ခွာလာခဲ့၏။
မှန်၏။ သူ တစ်ယောက်တည်း မဟုတ်ပေ။
မီးတိုင်းပြည်ထဲမှ ကျန်းယွင်ရှီးနှင့် တာအိုကိုယ်တော်တို့ လိုချင်သည့်သူက ရှန်ထျန်း တစ်ယောက်တည်း မဟုတ်ချေ။ မူလနတ်မိုးကြိုး ရသွားသည့် လူတိုင်းကို သူတို့က လိုချင်သည်။ ထိုလူတို့မှာ ကွေ့ကုန်းကုန်း၊ ချင်ကောင်း၊ သူဌေးစုန့်၊ ကျစ်ကျား၊ ထိုက်ယီနှင့် ရှုန်းမုန့် တို့ဖြစ်၏။
သို့သော် သူတို့က ရှန်ထျန်းလိုမျိုး ယင်ယန်ဓာတ်နှော နတ်မိုးကြိုးနှင့် တိုက်ခိုက်ရန်အထိတော့ စွမ်းအား မရလိုက်ချေ။
သို့ပေသည့် သူတို့လည်း မူလနတ်မိုးကြိုးကို ပိုင်ဆိုင်ထားသဖြင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်နှင့် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်တို့ကို ကျင့်ကြံဖို့ရာမှာ သူတို့အတွက် အင်မတန် လွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် သူတို့သည်လည်း အလွန် အရေးပါ အဖိုးတန်လေသည်။
သူတို့ထဲမှ နှစ်ယောက်မှာ အနည်းငယ် အိုနေပြီ ဖြစ်သော်လည်း အထွတ်အမြတ်မြေထဲတွင် အသက်အရွယ်က ပြဿနာ မဟုတ်ပေ။ ပါရမီပါပြီး အရည်အချင်းရှိသရွေ့ အံ့ဖွယ်မိုးကောင်းကင်က သူတို့ကို ရွှေအမြုတေအဆင့် သို့မဟုတ် ကနဦးစိတ်ဝိညာဉ်အဆင့် အထိရောက်အောင်ပင် လုပ်ပေးနိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံကြီး အပေါ် စီးနင်းလိုက်ပါရချိန်တွင် အားလုံးက အိမ်မက်မက်နေသည်ဟုပင် ထင်မိကြ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူတို့သည် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှ သာမန်ကျင့်ကြံသူများသာ ဖြစ်နေသေးသည်။ အခုကျ သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အတွင်းဂိုဏ်းသားများ ဖြစ်သွားလေပြီ။ သူတို့ဘဝတွေ အကြီးကြီး ပြောင်းလဲသွားလေပြီ။
နောက်ပြီး သူဌေးစုန့်က ကျန်သူများထက်စာလျှင် မူလနတ်မိုးကြိုးကို ၁၀ ရာခိုင်နှုန်း ပိုစုပ်ယူခဲ့၏။ ထို့ကြောင့် အခုဆို သူက အထွတ်အမြတ်မြေ၏ တပည့်တစ်ယောက်ပင် ဖြစ်သွားလေသည်။
သူတို့၏ စိတ်ထဲတွင် ဒီအခွင့်ထူးတွေ အားလုံးကို ခံစားနေရတာ ဆရာနတ်မင်း ကျေးဇူးကြောင့်ဟု မှတ်ယူနေကြ၏။ ဆရာနတ်မင်းနှင့် ကံကြမ္မာ ရေစက် မပြတ်အောင် ထိန်းသိမ်းထားနိုင်ခဲ့လို့ဟု ယုံကြည်နေကြသည်။
ဆရာနတ်မင်းအတွက် သူတို့ လုပ်ပေးခဲ့တာတွေကြောင့် ဆရာက သူတို့ကို ကူညီနေသည်ပေါ့…
ဆရာနတ်မင်းကို ယုံကြည်ပါ၊ အောင်မြင်မှုတွေ ရောက်လာမှာ အသေအချာ…