← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း။ ၁၇၇

ချပ်ဝတ်ဖောက်ထွက်ခြင်းဆိုတာ ဘာကြီးလဲ။

ကျန်းချီ၏ ဦးနှောက်ထဲတွင် ထိုမေးခွန်းက လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက်တွင်မူ သူ၏ ရင်ဘတ်အတွင်းပိုင်းရှိ အသည်းနှလုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ရုတ်တရက် အညှစ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ မခံမရပ်နိုင်သော နာကျင်မှုလှိုင်းကြီးက ပင်လယ်ဒီရေအလား သူ့ထံသို့ လွှမ်းမိုးလာပြီး တစ်စုံတစ်ဦးက သူ၏ အသက်ဝိညာဉ်ကို သေမင်းလက်ဖြင့် ဆွဲညှစ်လိုက်သကဲ့သို့ပင်။

ဘုန်း…

ခန္ဓာကိုယ်အတွင်းပိုင်းရှိ အင်္ဂါတစ်ခုမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ကျန်းချီ၏ မျက်နှာမှာ ပြင်းထန်လှသော နာကျင်မှုကြောင့် ပုံပျက်ကာ ရှုံ့တွသွားတော့သည်။ သူသည် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားကာ ပါးစပ်အတွင်းမှ သွေးများနှင့်အတူ အင်္ဂါအစိတ်အပိုင်း အစအနအချို့ပါ အန်ထွက်လာတော့သည်။

တစ်ဖက်တွင်မူ လုံယီသည်လည်း ဤတိုက်ကွက်ကို ထုတ်ဖော်အပြီးတွင် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရဟန်ရှိသည်။ သူ၏ မျက်စိ၊ နား၊ နှာ၊ ပါးစပ်နှင့် အာရုံခုနစ်ပါးမှ သွေးများ စိမ့်ထွက်လာပြီး ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် သူသည် ခါးကို မတ်မတ်ဆန့်ထားဆဲပင်။ သူသည် ကျန်းချီအနားသို့ လျှောက်သွားပြီး မြေပြင်ပေါ်မှ လေးလံသောဓားကြီးကို ကောက်ယူကာ ကျန်းချီ၏ လည်ပင်းတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။

“ရပ်လိုက်စမ်း”

အဝေးမှနေ၍ အသည်းအသန် အော်ဟစ်သံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ အသံက နားထဲသို့ ရောက်ရှိလာချိန်မှာပင် ထိုလူသည် အနားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ အရှိန်မှာ အခုမှ အဆင့်တက်ထားသော ကျန်းချီထက်ပင် များစွာ ပိုမိုမြန်ဆန်လှသည်။

ဗြိ…

လုံယီသည် ထိုတားမြစ်သံကို လုံးဝ အရေးမစိုက်ဘဲ ဓားကြီးကို ကျန်းချီ၏ လည်ပင်းတည့်

တည့်သို့ အားဖြင့် ထိုးစိုက်လိုက်ရာ သွေးများ ပန်းထွက်လာတော့သည်။

လေးလံသောဓားဂိုဏ်း၏ ထူးချွန်ထက်မြက်လှသော သိုင်းပညာရှင်အဆင့်သို့ ခုမှတက်လှမ်းထားသော ဂိုဏ်းချုပ်ကြီး ကျန်းချီမှာ သူ၏ ရည်မှန်းချက်များကို အကောင်အထည်ပင် မဖော်ရသေးမီ လုံယီ၏ လက်ချက်ဖြင့် အရွယ်မတိုင်ခင် ဇာတ်သိမ်းသွားရရှာသည်။

တစ်ချိန်တည်းမှာပင် လုံယီသည် ကျန်းချီထံမှ စွမ်းအင်အမှတ် ၁၀ မှတ် တိတိကို ရရှိလိုက်သည်။ ၎င်းမှာ သာမန်သိုင်းသမားများထက် နှစ်ဆပိုများသော ပမာဏပင်။

“မင်း ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ”

ရောက်ရှိလာသူမှာ လုံယီကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။

“ငါ မင်းကို ရပ်ဖို့ ပြောနေတာ မကြားဘူးလား”

“ဆောရီးပဲ ကျွန်တော့်လက်က ချော်သွားလို့ပါ”

လုံယီက အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်သည်။

“ဟူး... မင်း အခုအခြေအနေကို နားမလည်သေးဘူးပဲ။ နောက်နှစ်ရက်နေရင် သားရဲဒီရေလှိုင်းတွေ ထိုင်ဝမ်မြို့ကို ရောက်လာတော့မယ်”

ထိုသူက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

“ဒီတစ်ခါ သားရဲဒီရေက ပုံမှန်မဟုတ်ဘူး။ သားရဲဘုရင်တစ်ကောင်ထက်မက ပါလာနိုင်တယ်။ အဲဒါကြောင့် သိုင်းပညာရှင်တိုင်းက ငါတို့အတွက် အရမ်းအရေးကြီးတာ။ သာမန်သိုင်းသမားတွေက သားရဲဘုရင်ကို လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး”

ထိုသူမှာ အသက် ၄၀ ကျော်ခန့်ရှိပြီး တည်ကြည်သော မျက်နှာထားရှိသည်။ အပြာရောင် အရာရှိဝတ်စုံနှင့် ခေါင်းပေါင်းကို စနစ်တကျ ဝတ်ဆင်ထား၏။ အဝတ်အစားပေါ်တွင် လိမ္မော်နီရောင် ကြံ့ရုပ်ပုံစံကို ပန်းထိုးထားပြီး အနက်ရောင် နန်းတွင်းဖိနပ်ကို စီးထားသည်။

သူကား မြို့စားမင်း၏ အယုံကြည်ရဆုံးသူဖြစ်ပြီး ဝါရင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဗိုလ်

ချုပ်ယွီပင်။ သူပေးစွမ်းသော ဖိအားမှာ ခုနက သေဆုံးသွားသော ကျန်းချီထက် များစွာ ပိုမိုပြင်းထန်လှသည်။

ထိုသူ၏ စကားများကို ကြားရသောအခါ လုံယီသည် ဤလူမှာ တစ်ဖက်သတ် ဘက်လိုက်နေခြင်းမဟုတ်မှန်း သိသွားသဖြင့် အမူအရာ အနည်းငယ် ပျော့ပျောင်းသွားကာ “ဗိုလ်ချုပ်ယွီ... သားရဲဒီရေကိစ္စအတွက် ကျွန်တော် ကူညီဖို့ အသင့်ပါပဲ” ဟု ပြောလိုက်သည်။

“မင်းပြောတဲ့ စကားကို မှတ်ထားမယ်လို့ ငါ မျှော်လင့်ပါတယ်”

ဗိုလ်ချုပ်ယွီက လုံယီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ထိုစဉ် လေးလံသောဓားဂိုဏ်းမှ အကြီးအကဲ မုရှီးယန်က အော်ဟစ်ကာ တားဆီးလိုက်သည်။

“ဗိုလ်ချုပ်ယွီ ကျေးဇူးပြုပြီး မသွားပါနဲ့ဦး ကျွန်တော်တို့ ဂိုဏ်းချုပ်အတွက် တရားမျှတမှု ရှာပေးပါဦး”

သူတို့ဂိုဏ်းချုပ် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် မုရှီးယန်မှာ ကြောက်အားလန့်အား ဖြစ်နေပြီဖြစ်သည်။ ယခုအခါ ဗိုလ်ချုပ်ယွီကို နောက်ဆုံး မျှော်လင့်ချက်အဖြစ် ဆုပ်ကိုင်ထားရာ အလွယ်တကူ အလွှတ်ပေးနိုင်မည် မဟုတ်ပေ။

“မင်းတို့ကိစ္စ မင်းတို့ဘာသာ ရှင်းကြ”

ဗိုလ်ချုပ်ယွီက ခြေလှမ်းကို ခဏမျှ ရပ်လိုက်သော်လည်း နောက်လှည့်မကြည့်ဘဲ အမြန်ဆုံး ထွက်ခွာသွားတော့သည်။

“ဗိုလ်ချုပ်ယွီ”

မုရှီးယန်မှာ မကျေမနပ်ဖြင့် အော်ဟစ်နေသော်လည်း အရာမထင်တော့ချေ။

လုံယီ၏ သတ်ဖြတ်လိုသော အကြည့်များက သူ့ထံသို့ ရောက်ရှိလာသည်ကို မြင်သောအခါ မုရှီးယန်က အသံတုန်တုန်ရီရီဖြင့် “ငါတို့ ဂိုဏ်းချုပ်ကိုလည်း မင်း သတ်လိုက်ပြီပဲ။ အခု ဘာထပ်လိုချင်သေးတာလဲ”

“ဟားဟား... တကယ့်ကို ရယ်စရာကောင်းတာပဲ”

အစွန်းရောက်လက်သီးဂိုဏ်းချုပ် ဝေယိုသောက်သည် ဒဏ်ရာများဖြင့် လုံယီ၏ဘေးသို့ တွဲလျက် လျှောက်လာသည်။

“မင်းတို့က ဒီနေ့ ငါတို့ဂိုဏ်းကို ဖျက်ဆီးဖို့ လာခဲ့တာလေ။ အခု ရှုံးသွားပြီဆိုတော့ ရှုံးနိမ့်ခြင်းရဲ့ နောက်ဆက်တွဲရလဒ်ကို ခံရမှာပေါ့။ အနိုင်ရသူက အမှန်တရားပဲ... ဒါက ထာဝရ နိယာမပဲ”

“တပည့်တို့... ဒီနေ့ လေးလံသောဓားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပစ်ကြ”

ဝေယိုသောက်က အသံကုန် အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။

“သတ်ကြဟေ့ လေးလံသောဓားဂိုဏ်းက ကောင်တွေကို အပြတ်သတ်ကြ”

“တောက်... ကံတရားက တစ်ပတ်လည်လာပြီပဲ။ ဒီနေ့ မင်းတို့ သေနေ့ပဲ”

“သတ် သတ် သတ်”

အစွန်းရောက်လက်သီးဂိုဏ်းသားများမှာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေပြီး သူတို့၏ရန်သူများကို တစ်စစီ ဆွဲဖြဲပစ်ရန်သာ ဆန္ဒရှိနေကြတော့သည်။ သူတို့၏အရေအတွက်မှာ လေးလံသောဓားဂိုဏ်း၏ ထက်ဝက်ခန့်သာ ရှိသော်လည်း နျူကလီးယားလက်နက်ကဲ့သို့ အစွမ်းထက်လှသော လုံယီ ရှိနေသဖြင့် သူတို့၏ စိတ်ဓာတ်မှာ ကောင်းကင်သို့တိုင် မြင့်မားနေသည်။

ဆန့်ကျင်ဘက်အနေဖြင့် လေးလံသောဓားဂိုဏ်း၏ တပည့်များမှာမူ စိတ်ဓာတ်များ လုံးဝပျက်ပြားနေပြီး ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ချေ။

ရွှူး..

လုံယီသည် အမြောက်ကျည်ဆန်တစ်ခုအလား ရှေ့ဆုံးမှ ပြေးထွက်သွားပြီး စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိသည့် မုညီအစ်ကိုများနှင့် အကြီးအကဲယွီတို့ထံသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်သည်။ ရန်သူကို နှိမ်နင်းလျှင် ခေါင်းဆောင်ကို အရင်ဖမ်း ဆိုသကဲ့သို့ ဤအဓိက တရားခံများကို လုံးဝ အလွတ်မပေးနိုင်ချေ။

“သူ့မှာ စွမ်းအင်တွေ အများကြီး မကျန်တော့ဘူး။ ငါတို့ အသေအလဲ တိုက်ကြမယ်”

မုတုန်းယန်က အော်ပြောလိုက်သည်။

သူသည် သူ၏ သွေးစွမ်းအင်အားလုံးကို ထုတ်သုံးကာ အသက်ကို အသေခံ၍လဲမည့် အမူအရာဖြင့် လုံယီထံသို့ ဓားဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သို့သော် လုံယီသည် လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် မုတုန်းယန်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားပြီး ထိုအင်အားပါလှသော တိုက်ကွက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

“တောင်ဖြိုလက်သီး”

“နဂါးဖောက်ခွဲသိုင်း”

“ကျောက်ဖြစ်ခြင်း”

သူ၏ အစွမ်းထက် လှည့်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်တော့သည်။ ကျောက်ဖြစ်ခြင်း စွမ်းရည်ကြောင့် အရှိန်အဟုန် သိသိသာသာ နှေးကွေးသွားသော မုတုန်းယန်မှာ ပေါင်ချိန် နှစ်သောင်းကျော်ရှိသော အင်အား၏ ရိုက်ခတ်မှုကို ချက်ချင်း ခံလိုက်ရသည်။

ဘုန်း…

တိုက်ကွက် နှစ်ကွက်၊ သုံးကွက်အတွင်းမှာပင် လုံယီသည် မုတုန်းယန်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ရာ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားတော့သည်။

နောက်ထပ်အနေဖြင့် မုရှီးယန်၊ အကြီးအကဲယွီနှင့် လေးလံသောဓားဂိုဏ်း၏ စတုတ္ထမြောက် စွမ်းအင်စက်ဝန်းပြည့် အဖွဲ့ဝင်တို့မှာလည်း လုံယီ၏ မညှာမတာ တိုက်ခိုက်မှုများကို ခံလိုက်ရပြီး တစ်ဦးစီတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်များနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ဂိုဏ်းချုပ် ဝေယိုသောက်သည် ကျန်ရှိနေသော ဂိုဏ်းသားများကို ဦးဆောင်ကာ လေးလံသောဓားဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ၍ သုတ်သင်ရှင်းလင်းလိုက်တော့သည်။

အနည်းငယ်သောသူများ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အဓိကဂိုဏ်းဝင်အားလုံးမှာ အသတ်ခံလိုက်ရသဖြင့် လေးလံသောဓားဂိုဏ်းမှာ ပြန်လည်နာလန်ထူရန် မဖြစ်နိုင်တော့ချေ။ အစွန်းရောက်လက်သီးဂိုဏ်းနှင့် လေးလံသောဓားဂိုဏ်းတို့၏ နှစ်ပေါင်းရာချီကြာမြင့်ခဲ့သော အာဃာတတရားများက ယနေ့တွင် သွေးချောင်းစီးကာ အဆုံးသတ်သွားခဲ့သည်။

ပြင်ပတွင်မူ အစွန်းရောက်လက်သီးဂိုဏ်းကို ဝိုင်းဝန်းခွဲဝေယူရန် လေးလံသောဓားဂိုဏ်းနှင့် ကြိုတင်ညှိနှိုင်းထားသော အင်အားစုကြီးအချို့မှာ တစ်ဖန်ပြန်လည် စုရုံးမိကြပြန်သည်။

“လေးလံသောဓားဂိုဏ်းကတော့ ရှုံးသွားပြီပဲ... အရင်က သဘောတူညီချက်တွေကတော့ အလိုအလျောက် ပျက်ပြယ်သွားပြီပေါ့”

“အစွန်းရောက်လက်သီးဂိုဏ်းကနေ ဒီလို မကြုံစဖူး ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်

မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“လေးလံသောဓားဂိုဏ်း ပျက်စီးသွားပြီဆိုတော့ သူတို့ကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုအမြောက်အမြားကို အစွန်းရောက်လက်သီးဂိုဏ်း တစ်ခုတည်းနဲ့တော့ စားလို့ကုန်မှာ မဟုတ်ဘူး။ မင်းတို့ရော ဘာမှ မတွေးမိကြဘူးလား”

“ကျားတွင်းထဲက အစာကို လုဖို့ဆိုတာ ပညာရှိတွေ ရှောင်ကြဉ်ရမယ့်အလုပ်ပဲ”

အချို့က ဘေးသို့ ဆုတ်ခွာသွားကြသည်။ အခွင့်အရေးကို အချောင်နှိုက်ခြင်းနှင့် တိုက်ရိုက် ရန်စခြင်းတို့ကြားရှိ ဘေးအန္တရာယ်မှာ ကွာခြားလှသည်ကို သူတို့ နားလည်ကြသည်။ သို့သော် အချို့ကမူ လေးလံသောဓားဂိုဏ်း၏ ကြီးမားလှသော ပိုင်ဆိုင်မှုများအပေါ် မက်မောသော အကြည့်များဖြင့် လောဘတက်နေကြဆဲပင်။

မြို့စားမင်း၏ စံအိမ်တော် စာကြည့်တိုက်…

မီးခိုးရောင် အုပ်ချုပ်ရေးဝတ်စုံဝတ် အမျိုးသားတစ်စုသည် မှတ်တမ်းဖိုင်များကို အသည်းအသန် ရှာဖွေနေကြသည်။ ရုတ်တရက် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“တွေ့ပြီ တွေ့ပြီ”

လူတိုင်းက သူ့အနားသို့ ဝိုင်းအုံကြည့်လိုက်ကြရာ လူငယ်တစ်ဦး၏ အဖြူအမည်း ပုံတူပန်းချီကားတစ်ချပ်ကို မြင်တွေ့လိုက်ရသည်။ ထိုလူငယ်မှာ အသက်ငယ်သော်လည်း စူးရှသောမျက်လုံးများ၊ ထင်ရှားသော ရုပ်သွင်နှင့် ရဲရင့်သောအရှိန်အဝါများ ရှိနေသည်။

[လုံယီ၊ ကျား၊ အသက် ၂၀ မပြည့်သေး၊ ဆင်းရှန့် အားဟော်ရွာသား။ အရပ်ရှည်၍ ခွန်အား အလွန်ကြီးမားသည်။ ကြမ်းတမ်းရက်စက်ပြီး အစိုးရအရာရှိများကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့သည်။ သိုင်းပညာရှင်များကို သတ်နိုင်စွမ်းရှိသည်။ အလွန်အန္တရာယ်ရှိပြီး လက်ရှိတွင် မည်သည့်နေရာ၌ ရှိနေမှန်း မသိရသေးပါ...]

“ဒါ... ဒါ လေးလံသောဓားဂိုဏ်းချုပ်ကို သတ်လိုက်တဲ့သူက မြို့စားမင်း စံအိမ်တော်က အလိုရှိနေတဲ့ နာမည်ကျော် ရာဇဝတ်ကောင် လုံယီ ဖြစ်နေတာပဲ”

တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“လုံယီ... ဒီနာမည်ကို ငါကြားဖူးတယ်။ သူက ရဲဗိုလ်ချုပ်တစ်ယောက်ထက်မကကို သတ်ခဲ့တဲ့သူပဲ။ တကယ်ကို ရက်စက်တဲ့သူ”

အခြားတစ်ဦးက လေးနက်စွာ ထပ်လောင်းပြောသည်။

“ဒါဆို ငါတို့ ဘာစောင့်နေတာလဲ။ မြို့စားမင်းဆီ ချက်ချင်း သွားအစီရင်ခံကြစို့”

တတိယမြောက်လူက တက်ကြွစွာ ပြောလိုက်သည်။

ထိုစကားအဆုံးမှာပင် အရာရှိဝတ်စုံဝတ် တစ်ဦးသည် ဖိနပ်သံ တညံညံဖြင့် အတွင်းသို့ ဝင်လာသည်။ သူ၏ အဆောင်အယောင်အရ သူသည် ထိုနေရာရှိ လူအားလုံးထက် အဆင့်မြင့်သူဖြစ်ကြောင်း သိသာလှသည်။ စာရေးများ၏ တင်ပြချက်ကို ကြားပြီးနောက် ထိုအရာရှိက ခဏမျှ စဉ်းစားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မလိုအပ်ဘဲ ရှုပ်ထွေးအောင် မလုပ်ကြနဲ့... ဒီလူ့နာမည်က လျိုယီပဲ၊ မင်းတို့ပြောတဲ့ လုံယီမဟုတ်ဘူး”

“ဒါပေမဲ့ သူက တကယ့်ကို လုံယီပါ။ ကျွန်တော် သေချာပေါက် အာမခံပါတယ်”

ပထမဆုံး အစီရင်ခံသော စာရေးက ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး... မင်း မှားနေပြီ။ သူ့နာမည်က လျိုယီပဲ”

အရာရှိက ခိုင်မာစွာ ပြင်ဆင်ပေးလိုက်ရာ ထိုစာရေးမှာ မှင်တက်ကာ ငြိမ်သက်သွားတော့သည်။

All Chapters