အခန်း (၁၇၉)
Vol. 18 Ch. 179
အခန်း။ ၁၇၉
အစွန်းရောက်လက်သီးဂိုဏ်းသာ ဤအခြေအနေကို သိရှိခဲ့လျှင်ပင် ယခုအချိန်တွင် ဖြေရှင်းရန် အချိန်ရှိလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ အစွန်းရောက်လက်သီးဂိုဏ်းသည် ယခုအခါ အလွန်တရာ အလုပ်ရှုပ်နေသောကြောင့်ပင်။
လေးလံသောဓားဂိုဏ်းချုပ် ကျန်းချီနှင့် စွမ်းအင်စက်ဝန်းပြည့်ပညာရှင်လေးဦး ကွယ်လွန်သွားပြီးနောက် သိုင်းလောက၏ နိယာမအရ သူတို့၏ ပိုင်ဆိုင်မှုအားလုံးမှာ အလိုအလျောက်ပင် အစွန်းရောက်လက်သီးဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“ဂိုဏ်းချုပ်... ဒါတွေက လေးလံသောဓားဂိုဏ်းဆီကရတဲ့ မြေယာဂရန်တွေပါ။ အဆင့်မြင့်သီးစားမြေ ၁၂၀၀ ဧက၊ အခြေခံသီးစားမြေ ဧက ၆၀၀၀ နဲ့ သီးစားမချထားရသေးတဲ့ မြေလွတ် ဧက ရာဂဏန်းရှိပါတယ်ခင်ဗျာ”
“ဟဲဟဲ... လေးလံသောဓားဂိုဏ်းက တကယ့်ကို လုပ်ငန်းစုကြီးပဲ။ မြေဧက ရာဂဏန်းလောက်ကိုတောင် သူတို့က ဂရုမစိုက်နိုင်ခဲ့ကြဘူးလား”
“ဂိုဏ်းချုပ်... ဒါကတော့ လေးလံသောဓားဂိုဏ်းပိုင် အရက်ဆိုင် ၁၇ ဆိုင်၊ လောင်းကစားရုံ ၃ ရုံနဲ့ ပြည့်တန်ဆာရုံ ၂ ရုံတို့ရဲ့ ပိုင်ဆိုင်မှု စာချုပ်တွေပါ...”
“ပြည့်တန်ဆာရုံတွေတောင် ပါသေးတာလား။ ကျန်းချီကတော့ တကယ့်ကို ကာမဂုဏ်မှာ ပျော်မွေ့ခဲ့တာပဲ”
“ပြည့်တန်ဆာရုံ ပိုင်ဆိုင်မှုတွေကို ပြန်ရောင်းလိုက်ရမလားခင်ဗျာ”
“ဘာလို့ ရောင်းရမှာလဲ ပိုက်ဆံရနိုင်ရင် ဘာလို့ မယူရမှာလဲ။ ငါတို့ဂိုဏ်းမှာ တပည့်ပေါင်း တစ်ရာကျော်ရှိတာ။ သူတို့ကို နေ့တိုင်း ထမင်းနဲ့ အသား ကျွေးဖို့အတွက် ငွေဘယ်လောက်တောင် ကုန်မလဲ မင်းသိရဲ့လား”
အစွန်းရောက်လက်သီးဂိုဏ်း ဂိုဏ်းချုပ်စံအိမ်၌ ဂိုဏ်းချုပ် ဝေယိုသောက်သည် တစ်ကိုယ်လုံးတွင် ပတ်တီးဖြူများဖြင့် မမ်မီရုပ်ကဲ့သို့ ပတ်ထားရသော်လည်း သူ၏မျက်နှာမှာမူ အပြုံးများဖြင့် ပြည့်နှက်နေသည်။ ပုံမှန်တွေ့နေကျ တစ်ပိုင်းတစ်စ သေလုမြောပါး အမူအရာမျိုး မဟုတ်တော့ဘဲ ပျော်ရွှင်နေသော ကလေးကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။
သူ့ထံသို့ အစီရင်ခံနေသူမှာ ဂိုဏ်းအတွင်းမှ အရေးမပါလှသော အိမ်တော်ထိန်းချူပင်။ သူသည် အသက် ၄၀ ကျော်ခန့် ရိုးသားသော မျက်နှာထားနှင့် အနည်းငယ် ဝဝဖိုင်ဖိုင် ကိုယ်လုံးရှိသူ ဖြစ်သည်။ ယခင်က သူသည် အိမ်တော်ထိန်းများထဲတွင် အဆင့်အတန်း နိမ့်ကျသူဖြစ်ပြီး နံပါတ်စဉ်ထဲပင် မပါဝင်ခဲ့ပေ။
သို့သော် လေးလံသောဓားဂိုဏ်း ဝင်ရောက်တိုက်ခိုက်စဉ်က သူသည် ဂိုဏ်းနှင့်အတူ သေအတူရှင်မကွဲ ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော အိမ်တော်ထိန်း ဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်အပြီးတွင် သူသည် ဂိုဏ်း၏ အကြီးဆုံးသော အိမ်တော်ထိန်းအဖြစ် ရာထူးတိုးမြှင့်ခံရကာ စာရင်းအင်းနှင့် ဝင်ငွေထွက်ငွေများကို စီမံခန့်ခွဲရသူ ဖြစ်လာခဲ့သည်။
“စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှုဂရန်ကိုတော့ အခုထိ ရှာမတွေ့သေးဘူးခင်ဗျာ”
အိမ်တော်ထိန်းချူသည် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျွန်တော် ဂိုဏ်းသားတွေကို လေးလံသောဓားဂိုဏ်းရဲ့ စံအိမ်ထဲကို သုံးကြိမ်တိုင်တိုင် လွှတ်ပြီး ရှာခိုင်းပြီးပါပြီ။ ရေတွင်းတွေထဲအထိ ဆင်းရှာတာတောင် ဘာခြေရာခံမှ မရသေးဘူး”
ထိုစကားကို ကြားသောအခါ ဝေယိုသောက်၏ မျက်နှာမှာလည်း သိသိသာသာ မှောင်ကျသွားသည်။ လေးလံသောဓားဂိုဏ်း၏ အဖိုးတန်ဆုံးသော ရတနာမှာ မြို့လယ်တွင် တည်ရှိသော သူတို့၏ ဌာနချုပ် စံအိမ်ကြီးပင်။
၎င်းသည် ဧက ၃၀၀၀ ခန့် ကျယ်ဝန်းပြီး တောင်တန်း၊ ရေကန်၊ နန်းဆောင်နှင့် မျှော်စင်များဖြင့် ခမ်းနားစွာ တန်ဆာဆင်ထားသည်။ ကောင်းမွန်သော တည်နေရာနှင့် ရာစုနှစ်တစ်ခုစာ တည်ဆောက်ခဲ့ရသော လက်ရာများကြောင့် အလွန်တန်ဖိုးရှိလှသည်။ အကယ်၍ ထိုဂရန်ကိုသာ ရရှိပါက အစွန်းရောက်လက်သီးဂိုဏ်း တစ်ခုလုံးသည် ထိုစံအိမ်ကြီးသို့ တရားဝင် ပြောင်းရွှေ့အခြေစိုက်နိုင်မည် ဖြစ်သည်။
“ငါတို့ အဲဒီဂရန်ကို လက်ထဲရောက်အောင် ယူရမယ်”
ဝေယိုသောက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ခနဲ ပေါ်လာသည်။
“ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေကိုလည်း သေသေချာချာ စုံစမ်းစစ်ဆေးဦး။ သူတို့လက်ထဲမှာ ပါသွားတာလည်း ဖြစ်နိုင်တယ်။”
“ဟုတ်ကဲ့ပါခင်ဗျာ”
အိမ်တော်ထိန်းချူသည် အရိုအသေပေးကာ ထွက်ခွာသွားသည်။
မထွက်ခွာမီ သူသည် လေးလံသောဓားဂိုဏ်း၏ ဘဏ္ဍာတိုက် စာရင်းစာအုပ်ကို ဝေယိုသောက်ထံ အပ်နှံခဲ့သည်။ ထိုစာအုပ်ထဲတွင် လက်နက်များ၊ ဆေးလုံးများ၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ၊ ရှေးဟောင်းပန်းချီကားများ၊ ပိုးထည်များနှင့် ရှားပါးပစ္စည်းများ စုံလင်စွာ မှတ်တမ်းတင်ထားသည်။ ဝေယိုသောက်သည် ထိုစာအုပ်ကို ခဏမျှ လှန်လှောကြည့်ရှုပြီးနောက် ဂိုဏ်းအတွင်းရှိ ဝင်းတစ်ခုဆီသို့ သယ်ဆောင်သွားခဲ့သည်။
“အာယီ... မင်း သိုင်းပညာကို ဘယ်လိုများ လေ့ကျင့်ထားတာလဲ ဟိုတစ်လောကမှ စွမ်းအင်စက်ဝန်းပြည့်အဆင့် ဖြစ်တာ။ အခုကျတော့ သိုင်းပညာရှင် တောင် မင်းကို မယှဉ်နိုင်တော့ဘူး”
“ငါ့ကိုလည်း အမြန်သင်ပေးဦးလေ။ မင်းတစ်ယောက်တည်း ကောင်းကောင်းစားပြီး မင်းရဲ့ ညီအစ်ကိုတွေကိုတော့ မြေကြီးစားခိုင်းထားလို့ မရဘူးနော်”
ဝတ်စုံဖြူဝတ်ဆင်ထားပြီး လက်ထဲတွင် ပန်းချီဆွဲထားသော ယပ်တောင်ကို ကိုင်ကာ ကျန်းဝေတသည် လုံယီကို ပတ်ချာလည်ဝိုင်းကာ စပ်စုနေတော့သည်။ အစွန်းရောက်လက်သီးဂိုဏ်း အကျပ်အတည်းဖြစ်စဉ်က သူသည် ထွက်မသွားဘဲ နေခဲ့သော်လည်း ကျန်းမိသားစုမှ ပညာရှင်များက သူ့ကို အတင်းအဓမ္မ ရိုက်နှက်မေ့လဲစေကာ ခေါ်ဆောင်သွားခဲ့ခြင်းပင်။
ယခုအခါ ဂိုဏ်းကြီး ဘေးကင်းသွားပြီဖြစ်သဖြင့် ကျန်းမိသားစုသည် ကျန်းဝေတကို ဆက်လက်ကန့်သတ်မထားတော့ချေ။ သူသည် လုံယီ၏ ဝင်းငယ်လေးထဲသို့ ပြေးဝင်လာပြီး မေးခွန်းပေါင်းများစွာဖြင့် ဗုံးကြဲသကဲ့သို့ မေးမြန်းနေသဖြင့် လုံယီမှာ ခေါင်းပင်မူးလာရသည်။
“ကဲပါ... ငါ့ကို အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ဦး။ ဒီနေ့ မင်းရဲ့ အသက်ရှူကျင့်စဉ်ကို အဆုံးထိ လေ့ကျင့်ပြီးပြီလား လက်သီးသိုင်းကိုကော ဘယ်နှစ်နာရီ လေ့ကျင့်ပြီးပြီလဲ လျှို့ဝှက်သွေးစီးဆင်းမှုကိုကော သေသေချာချာ ခံစားမိပြီလား”
လုံယီက အရည်အသွေးမြင့် မေးခွန်းသုံးခုကို ဆက်တိုက် ပစ်ပေါက်လိုက်ရာ ကျန်းဝေတမှာ ဆွံ့အသွားတော့သည်။
“အာယီရဲ့ အဆင့်အတန်းမှာတော့ ဒါက ပညာရပ်ပိုင်းဆိုင်ရာတင် မဟုတ်တော့ဘဲ ပါရမီပိုင်း ဖြစ်သွားပြီ။ သူက နတ်ဘုရားက တိုက်ကျွေးစောင့်ရှောက်ထားတဲ့သူပဲ”
ထိုခဏတွင် အပြင်ဘက်မှ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ပတ်တီးဖြူများ ပတ်ထားသော ဝေယိုသောက်သည် အနက်ရောင် သစ်သားသေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်လာသည်။
“ဂိုဏ်းချုပ်”
လုံယီနှင့် ကျန်းဝေတတို့က သူ့ကို အရိုအသေပေးလိုက်ကြသည်။
ဝေယိုသောက်သည် လုံယီကို ပြောစရာစကားရှိပုံရသည်ကို ရိပ်မိသဖြင့် ကျန်းဝေတက လိမ္မာပါးနပ်စွာပင် ခွင့်တောင်းပြီး ထွက်ခွာသွားတော့သည်။ ဝင်းအတွင်း၌ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“အာယီ... မင်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားနဲ့ သီလတွေအတွက် ငါ့မှာ ပြန်ဆပ်ဖို့ ဘာမှမရှိဘူး”
ကျန်းဝေတ ထွက်သွားသည်နှင့် ဝေယိုသောက်သည် လုံယီကို တိုက်ရိုက်ပင် ဦးညွှတ်လိုက်သည်။ လုံယီမှာ ထိတ်လန့်သွားပြီး သူ့ကို အမြန်ပင် ပြန်လည် ထိန်းမပေးလိုက်ကာ ထိုသို့ပြုလုပ်ခြင်းကို အတင်းအဓမ္မ တားဆီးလိုက်ရသည်။
“ဂိုဏ်းချုပ်... တပည့်ကို ဒီလိုမျိုး မနှိမ့်ချပါနဲ့ခင်ဗျာ”
“မင်းက အစွန်းရောက်လက်သီးဂိုဏ်းကို အန္တရာယ်ကြားကနေ ကယ်တင်ခဲ့တာ။ ဂိုဏ်းရဲ့ နှစ်ပေါင်းနှစ်ရာစာ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းပေးခဲ့သလို ငါတို့ကိုလည်း စစ်ဘေးဒဏ်ကနေ ကာကွယ်ပေးခဲ့တာ။ မင်းကို ငါ ဦးညွှတ်တာက သဘာဝကျပါတယ်။ ငါက မင်းကို ဦးမညွှတ်ဘဲ ဟို လှုပ်မရတဲ့ ဟွမ်မေနတ်သမီးရုပ်ကို သွားဦးညွှတ်ရမှာလား”
“ကျွန်တော်က အစွန်းရောက်လက်သီးဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းဆီက စစ်မှန်တဲ့ သိုင်းအမွေအနှစ်တွေကို ဆက်ခံထားတာပါ။ ဂိုဏ်းကပဲ ကျွန်တော့်ကို သွန်သင်ပျိုးထောင်ပေးခဲ့လို့ ဒီနေ့လို အောင်မြင်မှုတွေ ရခဲ့တာပါ။ ဂိုဏ်းအတွက် တိုက်ပွဲဝင်ပေးတာက သဘာဝကျတဲ့ အလုပ်မို့လို့ ကျေးဇူးတင်ခံရဖို့ ကျွန်တော် မမျှော်လင့်ရဲပါဘူး”
လုံယီက လေးနက်စွာ ပြန်ပြောလိုက်သည်။
ဂိုဏ်းတစ်ခုလုံးကို ကယ်တင်ခဲ့သော်လည်း ယခုတိုင် နှိမ့်ချစွာ ပြုမူနေသော လုံယီကို ကြည့်ပြီး ဝေယိုသောက်သည် တိတ်တဆိတ် ခေါင်းညိတ်မိသည်။ ဤတပည့်အပေါ် ပိုမိုကျေနပ်အားရမိသလို သူ၏ စိတ်ထဲတွင် ရှိနေသော အတွေးမှာလည်း ပိုမို ခိုင်မာလာတော့သည်။
သူသည် သူယူဆောင်လာသော အနက်ရောင် သစ်သားသေတ္တာကို အရင်ဆုံး ထုတ်လိုက်သည်။ သေတ္တာမှာ သုံးပေခန့် ရှည်လျားပြီး ဖွင့်လိုက်သည့်အခါ အတွင်း၌ နက်မှောင်ပြောင်လက်နေသော ပုဆိန်တစ်လက် ရှိနေသည်။ ပုဆိန်ခေါင်းနှင့် လက်ကိုင်မှာ တစ်ဆက်တည်း သွန်းလုပ်ထားခြင်းဖြစ်ပြီး တစ်ခုလုံးကို နက်မှောင်သော သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
သတ္တုမျက်နှာပြင်ပေါ်တွင် သိပ်သည်းလှသော ချိုင့်ခွက်ငယ်လေးများစွာဖြင့် ဖုံးလွှမ်းနေသည်။ ဓားသွားမှာ နက်မှောင်နေသော်လည်း အနည်းငယ်ဖြူဖွေးသောအလင်းတို့က ဝေဖြာနေပြီး ကြည့်မိသူတိုင်းကို ဆွဲဆောင်ထားသည့်အလား ထူးခြားသော အရောင်အဝါမျိုး ရှိနေသည်။
“ဒါက...”
လုံယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါက ကောင်းကင်ကျဥက္ကာခဲတစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အဆင့်မြင့် ထူးကဲဖောင်းသံပုဆိန်ပဲ။ ဆရာကြီး အိုဖုန်းကျီက သုံးနှစ်တိုင်တိုင် သွန်းလုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ ရတနာတစ်ခုပေါ့။ လေးလံသောဓားဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဝှက်ထားတာ ဘယ်သူက သိမှာလဲ။ အခုတော့ သူက အလင်းရောင်ပြန်မြင်ခွင့် ရပြီပေါ့”
ဝေယိုသောက်က အပိုစကားမဆိုဘဲ ထိုပုဆိန်ကို လုံယီထံ ကမ်းပေးလိုက်သည်။
လုံယီသည် ငြင်းပယ်ခြင်းမရှိဘဲ ပုဆိန်၏အလေးချိန်ကို သေသေချာချာ ဆန်းစစ်ကြည့်လိုက်
သည်။ အရှည်မှာ နှစ်ပေခန့်သာရှိသော်လည်း အလေးချိန်မှာ ပေါင် ၃၀ ကျော်ရှိကာ သာမန် ထူးကဲဖောင်းသံများထက် များစွာ ပိုမိုလေးလံလှသည်။
လုံယီသည် သူ၏ ပျက်စီးသွားသော ပုဆိန်ဟောင်းမှ ကျန်ရှိသည့် ငွေရောင် ထူးကဲဖောင်းသံ အစအနတစ်ခုကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် တင်လိုက်သည်။ ထို့နောက် အနက်ရောင်ပုဆိန်သစ်ဖြင့် ခုတ်ချလိုက်၏။
တောင်….
သူ၏လက်ဖဝါးမှာ လေထဲတွင် တည်ငြိမ်စွာပင် ရှိနေဆဲဖြစ်သဖြင့် ဝေယိုသောက်၏ မျက်ခုံးများပင် တွန့်သွားရသည်။ ထူးကဲဖောင်းသံစ၏ အလယ်တည့်တည့်တွင်မူ သိသိသာသာ နက်ရှိုင်းသော ချိုင့်ရာကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
“တကယ်ကို ကောင်းတဲ့ပုဆိန်ပဲ”
လုံယီ၏ နှုတ်မှ ချီးကျူးစကား အလိုအလျောက် ထွက်ပေါ်လာသည်။
ကောင်းမွန်သော လက်နက်တစ်ခုနှင့် တွေ့ဆုံရခြင်းမှာ စစ်သည်တစ်ဦး အာဇာနည်မြင်းကောင်းတစ်ကောင်ကို ရရှိလိုက်သကဲ့သို့ပင်။ လုံယီ၏ မျက်နှာတွင် ကျေနပ်မှုများ အထင်အရှား ပေါ်လွင်နေသည်။ ယခင် ထူးကဲဖောင်းသံပုဆိန်မှာ ဓားစွမ်းအင် အောက်တွင် ကြွေလွင့်သွားခဲ့သဖြင့် သင့်တော်သောလက်နက်မရှိ၍ စိတ်ပူနေခဲ့ရာမှ အဟောင်းသွား၍ အသစ်တက် ယခင်ထက် ပိုမိုခိုင်မာသော လက်နက်တစ်ခုကို ရရှိလိုက်ခြင်းပင်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
“အေး... ပုဆိန်ဆိုတာ ဘာမှမဟုတ်ပါဘူး”
ဝေယိုသောက်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး စာရင်းစာအုပ်တစ်အုပ်ကို ထုတ်
လိုက်သည်။
“လေးလံသောဓားဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲက အရာအားလုံးက မင်းအပိုင်ပဲ”
“ဗျာ”
လုံယီမှာ မှင်တက်သွားသည်။
“လေးလံသောဓားဂိုဏ်းရဲ့ ပစ္စည်းတွေတင် မဟုတ်ဘူး။ ဒီနေ့ကစပြီး အစွန်းရောက်လက်သီးဂိုဏ်းမှာ ရှိသမျှ အရာအားလုံးကိုလည်း မင်း စိတ်ကြိုက် စီမံခိုင်ခွင့်ရှိတယ်”
ဝေယိုသောက်က တည်ငြိမ်စွာ ဆက်ပြောသည်။
“ငါ့ရဲ့ ဂိုဏ်းချုပ်ရာထူးကို မင်းကို လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
သူ၏ လေသံမှာ အလွန်ပင် အေးဆေးလွန်းလှသဖြင့် ဂေါ်ဖီထုပ်ပုပ် တစ်ထုပ် ပေးနေသကဲ့သို့ပင် ရိုးရှင်းနေတော့သည်။