အခန်း (၆၄၁-၆၄၂)
Vol. 65 Ch. 641-642
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၁ + ၆၄၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုအချိန်က ဘုရင်လီချန်သည် အနောက်တောင်ပိုင်းသို့ စစ်ကူတောင်းခံစာ မပို့ခဲ့ပေ။ အကြောင်းမှာ တုပိုင် မရှိသည်ကို သိထားပြီး ၊ သူသာ စာပို့လိုက်ပါက ကျန့်ရှီးနယ်စားမင်းအိမ်တော်မှ မည်သူကမျှ ဦးဆောင်ပြီး အန်နမ်နိုင်ငံသို့ စစ်ကူပို့ရန် တာဝန်ယူရဲမည်မဟုတ်ဟု စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုသို့ စစ်ကူစာပို့ပြီးမှ တုံ့ပြန်မှုမရှိပါက နှစ်ဖက်မဟာမိတ် ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်သည်။
သို့သော် လီဝမ်ဟွေ့သည် နှစ်ရက်ခန့် တုံ့ဆိုင်းနေခဲ့ပြီးနောက် လီကျန့် ၊ ဖူဟုန်ပင်း ၊ ကျီရှီနှင့် အခြားသူများကို ဖိတ်ခေါ်ကာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ နောက်ဆုံးတွင် စစ်ကူပို့ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ထို့ကြောင့် မြို့စားမင်း ကျီရှီရှောင်သည် တပ်မတော် (၃) ကို ဦးဆောင်ကာ ဟွေစီရင်စုသို့ စစ်ကူသွားရောက်ခဲ့သည်။
ထိုအချိန်က ဘုရင်လီချန်သည် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့ရသည်။ တုပိုင် မရှိသဖြင့် သူသည် စစ်ကူတောင်းခံစာ မပို့ရဲခဲ့သော်လည်း တစ်ဖက်လူများက စစ်သည်အင်အား ငါးသောင်းကို စစ်ကူလွှတ်ပေးခဲ့ရာ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားစေခဲ့သည်။
“ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပြီး နှစ်လအကြာမှာတော့ ငုယင်ပုန်ကန်ဘုရင်ဘက်က ထိခိုက်သေဆုံးသူ ရှစ်သောင်းလောက် ရှိခဲ့တယ်။ နောက်ပြီး မိုင်ပေါင်း သုံးရာငါးဆယ်လောက် နောက်ဆုတ်သွားရတယ်” ရွှဲ့ကွမ်ရင်က ပြောပြလေသည်။ “နယ်စားမင်းဆုန်ချွဲနဲ့ ဘုရင်လီချန်တို့က အခွင့်ကောင်းကိုယူပြီး လိုက်လံတိုက်ခိုက်ခဲ့တာ နယ်မြေဒေသ သုံးခုက မိုင်ပေါင်းရာချီတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြတယ်။ ဟွေစီရင်စုရဲ့ ဒုတိယအကြိမ်မြောက် အောင်ပွဲကို ဖန်တီးနိုင်ခဲ့ပြီး ငုယင်ပုန်ကန်ဘုရင်ရဲ့ အင်အားကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်”
တုပိုင်က မေးလိုက်သည်။ “ဒါကြောင့် ငုယင်ပုန်ကန်ဘုရင်က အရှေ့ဘက်ပြည်ထောင်စုဆီကို လုံးလုံးလျားလျား ပါသွားတာလား”
ရွှဲ့ကွမ်ရင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ “ဟုတ်တယ်။ ငုယင်က တကယ်တော့ ပုန်ကန်ချင်စိတ် ရှိနေတုန်းပဲ။ ဒီရက်ပိုင်းမှာ သူက အရှေ့ဘက်ပြည်ထောင်စုနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်။ ဝမ်ချွမ်စစ်သင်္ဘောက အရှေ့ဘက်ပြည်ထောင်စုကပေးတဲ့ မက်လုံးတစ်ခုပေါ့”
တုပိုင်က ပြောလိုက်သည်။ “ဝမ်းနည်းစရာပဲ။ အခုတော့ အဲဒီသင်္ဘောအစုတ်က ငါတို့ပစ္စည်း ဖြစ်သွားပြီ”
တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးသည် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော ဝမ်ချွမ်စစ်သင်္ဘောကြီးနှင့် ဖမ်းဆီးရမိထားသော အမျိုးအစားစုံ စစ်သင်္ဘောဆယ်စင်းခန့်ကို ဆွဲယူလျက် ရွှမ်အန်းဆိပ်ကမ်းသို့ ဝင်ရောက်လာသောအခါ ဆိပ်ကမ်းတစ်ခုလုံးရှိ လူအုပ်ကြီးသည် ပွက်ပွက်ဆူသွားလေတော့သည်။
တုပိုင် ကုန်းပတ်ပေါ်သို့ လမ်းလျှောက်ထွက်လာပြီး ဘုရင်လီချန် ၊ မိဖုရားနင်းချန်နှင့် တာ့နင်အင်ပါယာ၏ ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့အားလုံး ဆိပ်ကမ်းတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
စစ်သင်္ဘော ကမ်းကပ်လိုက်သည်နှင့် ဆိပ်ကမ်း၌ ဗုံမောင်းသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ဘုရင်လီချန်သည် ခမ်းနားထည်ဝါသော ကြိုဆိုပွဲအခမ်းအနားကို စီစဉ်ထားခြင်း ဖြစ်သည်။
တုပိုင်နှင့် ရွှဲ့ကွမ်ရင်တို့သည် စစ်သင်္ဘောပေါ်မှ အလျင်အမြန် ဆင်းသက်လာပြီး ဘုရင်လီချန်၏ ရှေ့သို့သွားကာ ဦးညွှတ်လိုက်ကြသည်။ “သံတမန်အမတ် တုပိုင် ၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ဘုရင်လီချန်က ပြန်လည်ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။ “မဟာနယ်စားမင်းတုပိုင် ၊ ခင်ဗျားရဲ့ ကျေးဇူးတရားတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ လီမိသားစုက မဟာနယ်စားမင်းတုပိုင်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
တုပိုင်က အလျင်အမြန် ပြန်ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ ကျွန်တော်က နှုတ်ခမ်းနဲ့သွားလို ဆက်စပ်နေတာပါ။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပေါ့”
ဘုရင်လီချန်သည် တုပိုင်ကို အချိန်ကြာမြင့်စွာ ကြည့်နေပြီးမှ ပြောလေသည်။ “ခင်ဗျား ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်ရတော့ ကျွန်တော်... တကယ်ပဲ ဝမ်းသာမိသလို သက်ပြင်းချနိုင်တော့တယ်”
ထို့နောက် တုပိုင်သည် ဘုရင်လီချန် ၊ မိဖုရားနင်းချန်နှင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့ကို ကျောင်းလုံစစ်သင်္ဘောကြီးပေါ်သို့ ဖိတ်ခေါ်ပြီး လိုက်လံပြသလေသည်။
သူတို့သုံးဦးစလုံးသည် သင်္ဘောကို ကြည့်ရှုရင်း အံ့အားသင့်နေကြရသည်။ ဤဧရာမသင်္ဘောကြီးကြောင့် သူတို့ လုံးဝ တုန်လှုပ်သွားကြခြင်း ဖြစ်သည်။ ဘုရင်လီချန်သည် ထူထဲသော အမြောက်ပြောင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “မဟာနယ်စားမင်းတုပိုင် ၊ ကျွန်တော်တို့တွေ ကမ္ဘာကြီးရဲ့ နောက်မှာ တော်တော် ကျန်ရစ်ခဲ့ကြတာပဲနော်”
တုပိုင်က ပြောလိုက်သည်။ “ဒီကိစ္စအတွက် နိုင်ငံမှာ ပင်လယ်ရပ်ခြား အတွေ့အကြုံတွေ အများကြီး ရှိပါတယ်”
ဘုရင်လီချန်က ပြောသည်။ “ကျွန်တော်တို့ အမီလိုက်နိုင်ပြီး တစ်နေ့ကျရင် ပြန်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက် ဘုရင်လီချန်သည် စကားပြောရန် တုံ့ဆိုင်းသွားပြီးနောက် မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တာ့နင်အင်ပါယာအတွက် သစ္စာအရှိဆုံး မဟာမိတ်ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ပြင်ပလူတစ်ယောက်သာ ဖြစ်သဖြင့် အချို့ကိစ္စများကို ပြောပြရန် ခက်ခဲနေသောကြောင့် ဖြစ်သည်။
ထို့နောက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် တုပိုင်တို့ သီးသန့် တွေ့ဆုံဆွေးနွေးကြလေသည်။
“အခု ငုယင်ပုန်ကန်ဘုရင်က အရှေ့ဘက်ပြည်ထောင်စုနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်။ ငါတို့က အခွင့်ကောင်းယူပြီး တောင်ဘက်ကို ချီတက် ၊ ငုယင်မျိုးနွယ်စုကို အပြတ်ချေမှုန်းပစ်ချင်တယ်။ ဒါမှ အရှေ့ဘက်ပြည်ထောင်စုရဲ့ အင်အားစုတွေ အန်နမ်နိုင်ငံမှာ တရားဝင် ခြေမချနိုင်ခင် သူတို့ကို အမြစ်ဖြတ်နိုင်မှာ” နယ်စားမင်းဆုန်ချွဲက ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့စစ်တပ်နဲ့ ဘုရင်လီချန်ရဲ့ စစ်တပ်အင်အားလောက်နဲ့က သူ့ကို လုံးဝချေမှုန်းပစ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါကြောင့် ကျန့်ရှီးနယ်စားမင်းအိမ်တော်ရဲ့ အကူအညီကို ငါတို့ လိုအပ်တယ်”
“ဒါပေမဲ့ တာ့နင်အင်ပါယာက အခု ဂျာချင်အင်ပါယာနဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေရတာ။ ဒါက တိုင်းပြည်ကံကြမ္မာအတွက် တကယ့်စစ်ပွဲစစ်စစ်ပဲ” နယ်စားမင်းဆုန်ချွဲက ဆက်ပြောသည်။ “ပြီးတော့ တုပိုင် ၊ မင်းရဲ့စစ်တပ်က အင်ပါယာရဲ့ ကျောရိုးတိုင် ဖြစ်လာပြီ။ မင်းသာ မြောက်ဘက်စစ်ပွဲမှာ ဝင်ပါလိုက်ရင် အန်နမ်နိုင်ငံကို စစ်ကူပို့ဖို့ ခက်ခဲသွားလိမ့်မယ်”
တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဤအခြေအနေတွင် အန်နမ်နိုင်ငံကို ကူညီခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကူညီခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အန်နမ်နိုင်ငံတစ်ခုလုံးသည် တုပိုင်၏ နောက်ကျောဘက်ဖြစ်ပြီး နှစ်ဖက်စလုံးသည် သတင်းအချက်အလက် ဖလှယ်မှုနှင့် ဆက်ဆံရေးများ အလွန်ရင်းနှီးကြသည်။
ငုယင်ပုန်ကန်ဘုရင်ကို ရှင်းလင်းလိုက်သည်နှင့် ဘုရင်လီချန်သည် အန်နမ်နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်နိုင်မည်ဖြစ်ပြီး တုပိုင်အတွက် နောက်ကျောဘက်တွင် မည်သည့်ပူပန်မှုမျှ ရှိတော့မည် မဟုတ်ပေ။ အဓိကကျသော အရှေ့ဘက်ပြည်ထောင်စုသည်လည်း ဤကမ်းတက်စခန်းကို ဆုံးရှုံးသွားပေလိမ့်မည်။
သို့သော် မြောက်ဘက်နှင့် ဂျာချင်အင်ပါယာတို့၏ အဆုံးအဖြတ်တိုက်ပွဲသည် တာ့နင်အင်ပါယာ၏ ကံကြမ္မာနှင့် တကယ်ကို သက်ဆိုင်နေသည်။
“အန်နမ်ကို အကျိုးပြုဖို့ဆိုရင်တော့ မင်း တောင်ဘက်ကို စစ်တပ်လွှတ်ပြီး ငါတို့နဲ့အတူ ငုယင်ပုန်ကန်ဘုရင်ကို ချေမှုန်းစေချင်တယ်” နယ်စားမင်းဆုန်ချွဲက ပြောသည်။ “ဒါပေမဲ့ အင်ပါယာရဲ့ အကျိုးစီးပွားအရဆိုရင်တော့ မင်းကို မြောက်ဘက်စစ်ပွဲမှာပဲ အာရုံစိုက်စေချင်တယ်။ ဂျာချင်အင်ပါယာကို အနိုင်ရလိုက်တာနဲ့ ငါ့ရဲ့ တာ့နင်အင်ပါယာကြီးက တကယ်ကို မျှော်လင့်ချက် ရှိလာမှာမို့လို့ပါ”
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။ “ဦးလေးဆုန် ၊ အနောက်တောင်ပိုင်းက အခြေအနေကို သိထားလား မသိဘူး”
ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ မျက်နှာထား ရုတ်တရက် ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။ “မင်းပြောတာက ဝမ်ကျန့်ရှူး ကွမ်ရှီးကို ရောက်လာပြီး ဟူကွမ်းဘုရင်ခံရာထူး ယူလိုက်တဲ့ကိစ္စလား။ ပြီးတော့ မြို့တော်က အရာရှိအများအပြားကို အနောက်တောင်ပိုင်း ပြည်နယ်တွေဆီ လွှတ်လိုက်တဲ့ ကိစ္စလား”
တုပိုင် ခေါင်းညိတ်လိုက်သည်။
နယ်စားမင်းဆုန်ချွဲ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလေသည်။ “ပုဂ္ဂိုလ်ရေး ခံစားချက်အရ ပြောရရင်တော့ ငါ မင်းကို သေချာပေါက် ထောက်ခံပါတယ်။ ဒါပေမဲ့ မင်းက ပျောက်နေတာ နှစ်ဝက်လောက် ရှိပြီလေ။ အနောက်တောင်ပိုင်းတစ်ခုလုံးက ခေါင်းဆောင်မရှိ ဖြစ်နေပြီး လီမိသားစုရဲ့ အာဏာကလည်း အနောက်တောင်ပိုင်းမှာ အရမ်းကြီးမားနေတုန်းပဲ။ သူတို့က ပြန်လည်ဦးမော့လာဖို့ ကြိုးစားနေကြတာ”
ထို့နောက် ဆုန်ချွဲက ဆက်ပြောသည်။ “အရှင်မင်းမြတ်က ပြောဖူးတယ်။ အင်ပါယာရဲ့ အနောက်တောင်ပိုင်းကို တုပိုင် တိုက်ခိုက်သိမ်းပိုက်ပေးခဲ့တာ။ တကယ်လို့ တုပိုင်က အင်ပါယာရဲ့ မဟာနယ်စားမင်းတစ်ပါး ဖြစ်လာတယ်ဆိုရင်လည်း ဖြစ်ပါစေတော့တဲ့။ ဘာပဲဖြစ်ဖြစ် အသားက အိုးထဲမှာပဲ ဆွေးသွားမှာပဲလေ။ ဒါပေမဲ့ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုက...”
ကျန်းနန်နယ်စားမင်း၏ စကားတစ်ခွန်းချင်းစီသည် အလွန်အရှက်ရစရာကောင်းပြီး ရှေ့နောက်မညီ ဖြစ်နေသည်။ မြို့တော်နှင့် တုပိုင်ကြားတွင် ရွေးချယ်စရာ လုံးဝမရှိ ဖြစ်နေရှာသည်။
တုပိုင် ကောင်းစွာ နားလည်လိုက်သည်။
“အနောက်တောင်ပိုင်း ပြည်နယ်တွေမှာ မင်းလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ရင်တော့ ငါထောက်ခံတယ်။” နယ်စားမင်းဆုန်ချွဲက ပြောသည်။ “ဒါ့အပြင် ငါ့သား ဆုန်ယွီကို မူဝါဒသစ်တွေ လေ့လာဖို့ မင်းဆီကို လွှတ်ထားပြီးပြီ။ အခု သူက မင်းလက်အောက်မှာ စီရင်စုမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်”
တုပိုင် အံ့သြသွား၏။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက သက်ပြင်းချလိုက်သည်။ “သူ့အကြောတွေက ပျက်စီးသွားပြီ။ သူက စစ်သူကြီးတစ်ယောက် မဖြစ်နိုင်တော့သလို စစ်တပ်ကိုလည်း မကွပ်ကဲနိုင်တော့ဘူး။ ဒါ့အပြင် သူ့စိတ်နေသဘောထားက နည်းနည်းပျော့ညံ့တယ်။ စစ်မြေပြင်နဲ့ မသင့်တော်ဘူး”
“ငါ့အတွက်ကတော့...” နယ်စားမင်းဆုန်ချွဲ စကားမဆုံးလိုက်ပေ။
ဘုရင်လီချန်နှင့်အတူ ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် ထမင်းစားပွဲတွင် ပါဝင်ခဲ့သည်။ လုံလောက်သော ရိက္ခာများ ရရှိပြီးနောက် တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးသည် လျန်ကျိုးဆိပ်ကမ်းသို့ ဦးတည်ကာ မြောက်ဘက်သို့ ပြန်လည်ထွက်ခွာလာခဲ့လေသည်။
တုပိုင်၏ ပြုပြင်ပြောင်းလဲရေး မူဝါဒသစ်သည် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုတွင် အကောင်အထည်ဖော်နေသည်မှာ ရှစ်လခန့်သာ ရှိသေးသော်လည်း အံ့မခန်းဖွယ်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။
ပထမဆုံးအနေဖြင့် စပါးထွက်နှုန်း ရုတ်တရက် တိုးတက်လာခြင်း ဖြစ်သည်။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုသည် စပါးအဓိကထွက်ရှိသော ပြည်နယ်များ မဟုတ်ကြပေ။ သို့မဟုတ်ပါက တုပိုင်အနေဖြင့် ဟူနန်သို့ စစ်တပ်လွှတ်ခဲ့မည် မဟုတ်ချေ။
အနောက်တောင်ပိုင်း ပြည်နယ်သုံးခုရှိ စပါးရိက္ခာသည် ဖူလုံရုံသာ ရှိခဲ့သည်။ သို့သော် လယ်မြေအားလုံးကို လယ်သမားများအား ခွဲဝေပေးလိုက်ပြီးနောက် ထိုကဲ့သို့ ကြီးမားသော ထုတ်လုပ်မှု စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။
ယခင်က အနောက်တောင်ပိုင်း ပြည်နယ်များတွင် ကိုယ်ပိုင်လယ်လုပ်ကိုင်သော လယ်သမား အလွန်နည်းပါးပြီး မြေယာပိုင်ဆိုင်မှု စုဆောင်းခြင်းမှာ အလွန်ဆိုးရွားခဲ့သဖြင့် ထုတ်လုပ်မှု စိတ်အားထက်သန်မှုမှာ သာမန်သာ ရှိခဲ့သည်။
ထိုလယ်သမားများသည် လယ်မြေများ ရရှိပြီးနောက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြလေတော့သည်။ မြေဆီလွှာ အားကောင်းစေရန်အတွက် ပြာများကို မီးရှို့ကြပြီး တွေ့သမျှ မြေဩဇာများကို ကောက်ယူစုဆောင်းကြသည်။
ထို့အပြင် တုပိုင်၏ ကျန့်ရှီးနယ်စားမင်းအိမ်တော်မှ လယ်သမားများအား ချေးငွေများ ထုတ်ပေးခဲ့ရာ မိသားစုအများအပြား စုပေါင်းပြီး ကျွဲနွားများ ဝယ်ယူနိုင်ခဲ့ကြသည်။ ထို့နောက် စပါးဖြင့် ချေးငွေပြန်ဆပ်စေခဲ့သည်။
အသစ်ဖော်ထုတ်ထားသော လယ်မြေများအတွက် ထောက်ပံ့ကြေး မူဝါဒများ ၊ ရေသွင်းစိုက်ပျိုးရေး တည်ဆောက်ရန် တပ်ဖွဲ့များ စေလွှတ်ခြင်း စသည်တို့လည်း ပါဝင်သည်။
လွန်ခဲ့သော ရှစ်လအတွင်း စပါးထွက်နှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
ထို့အပြင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ပညာရှင်များသည် မျိုးစေ့အသစ်များနှင့် သီးနှံအသစ်များကို သုတေသနပြုလျက် ရှိသည်။
အမှန်တကယ်တွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၌ သီးနှံအသစ်များစွာ ရှိပြီး အထွက်နှုန်းမှာလည်း အံ့မခန်းပင် ဖြစ်သည်။ သို့သော် ထိုနေရာရှိ ရေသည် ဓာတ်ရောင်ခြည်သင့်နေသည်။ ကျန့်ရှီးနယ်စားမင်းအိမ်တော်၏ ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့သည် အလွန်သတိထားပြီး မျိုးစေ့များကို အမြောက်အမြား စိုက်ပျိုးရန် အပြင်သို့ ယူဆောင်မလာဘဲ အသေးစား စမ်းသပ်မှုများသာ ပြုလုပ်ခဲ့ကြသည်။
သို့သော် ယခုနှစ်တွင် အနောက်တောင်ပိုင်း ပြည်နယ်သုံးခု၏ စပါးထွက်နှုန်းသည် သေချာပေါက် ထပ်မံတိုးတက်လာမည်မှာ ခန့်မှန်း၍ ရနေသည်။ စပါးရိက္ခာသာမက ဆားကွင်းများ ၊ သတ္တုတွင်းများ ၊ သတ္တုသန့်စင်ခြင်း ၊ လက်နက်ထုတ်လုပ်ခြင်းနှင့် ဖယောင်းပုဆိုးလုပ်ငန်းများသည်လည်း အထွက်နှုန်း ထိုးတက်လာခဲ့သည်။
အထူးသဖြင့် လက်နက်နှင့် သတ္တုသန့်စင်ခြင်း လုပ်ငန်းများသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်အဖွဲ့နှင့် သတ္တုတွင်းများကြောင့် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့သည်။
သံမဏိ ထုတ်လုပ်မှု ၊ အလင်းရွှေ ထုတ်လုပ်မှု ၊ လျှို့ဝှက်ရွှေ ထုတ်လုပ်မှုနှင့် သတ္တုအားလုံး ထုတ်လုပ်မှုသည် နှစ်ဆတိုးပြီး ထိုးတက်လာရာ လီစော်ဘွား အထွတ်အထိပ်ရောက်ခဲ့စဉ်အချိန်ကထက် များစွာ သာလွန်နေပြီဖြစ်သည်။
စစ်နတ်ဘုရား၏ အမြောက်များ အနေဖြင့်မူ... လပေါင်းများစွာ စမ်းသပ်ရှာဖွေပြီးနောက် အနောက်တောင်ပိုင်းရှိ အမြောက်ထုတ်လုပ်ရေး အလုပ်ရုံများသည် ယခုအခါ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ စုစုပေါင်း သုံးခုရှိပြီး အားလုံးသည် လျှို့ဝှက်တောင်တန်းတွင် ရှိကာ ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်တွင်ပင် တစ်ခုရှိနေသည်။ ယမ်းမှုန့်ထုတ်လုပ်ရေး အလုပ်ရုံ နှစ်ခုလည်း ရှိသည်။
အမှန်တကယ်တွင်မူ အမြောက်ရော ယမ်းမှုန့်ပါ အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။ သို့သော် မည်သည်မှမရှိရာမှ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
စစ်တပ်အင်အားကိုပင် နှစ်သိန်းသုံးသောင်းမှ သုံးသိန်းအထိ တိုးချဲ့ခဲ့ပြီးဖြစ်သည်။ အတိုချုပ်ပြောရလျှင် မူဝါဒသစ်မှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားသည် လီဝမ်ဟွေ့ ၊ လီကျန့်နှင့် အခြားသူများ အပါအဝင် လူတိုင်း၏ စိတ်ကူးယဉ်မှုကို ကျော်လွန်သွားခဲ့သည်။
မြို့တော် ၊ ပတ်ဝန်းကျင်ပြည်နယ်များနှင့် ပါတီဝင်များကိုမူ ထည့်ပြောစရာပင် မလိုတော့ချေ။ သူတို့နှင့် အနောက်တောင်ပိုင်း ပြည်နယ်များသည် စစ်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရုံသာ ရှိသေးသဖြင့် လွန်ခဲ့သော နှစ်နှစ် သုံးနှစ်က လူနေမှုဘဝကို ပြန်လည်ရရှိနိုင်လျှင်ပင် ကောင်းလှပြီဟု ထင်မြင်ခဲ့ကြသည်။
အထူးသဖြင့် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှ ပညာတတ်မိသားစုများ ၊ မြေရှင်ကြီးများနှင့် အထက်တန်းလွှာဟု ခေါ်ဆိုသူများ အားလုံးသည် အနောက်တောင်ပိုင်းမှ ဆုတ်ခွာသွားခဲ့ကြသည်။ ဤအထက်တန်းလွှာများ၏ ဦးဆောင်မှု မရှိပါက အနောက်တောင်ပိုင်းမှ တောသားများသည် သေချာပေါက် ရှုပ်ထွေးသွားလိမ့်မည်ဟု လူတိုင်းက အခိုင်အမာ ပြောဆိုခဲ့ကြသည်။
တုပိုင် စေလွှတ်လိုက်သော သူများသည် ဧကရာဇ်စာမေးပွဲ မအောင်ထားသူများ ၊ ကျူရန်အဆင့် မရွေးချယ်ခံရသူများ ဖြစ်ပြီး ၊ ပါရမီရှင်ဘွဲ့ပင် မရရှိထားသူများ ဖြစ်သည်။ သူတို့က ဒေသန္တရ အရပ်ဘက်ကိစ္စများကို မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။ အနောက်တောင်ပိုင်းတစ်ခုလုံး ပျက်စီးပြီး လူထု ဒုက္ခရောက်မည့်အချိန်ကိုသာ စောင့်ကြည့်နေလိုက်ကြဟု တွေးခဲ့ကြသည်။
သို့သော် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှု ၊ တင်းကျပ်သော ဥပဒေများနှင့် အရာရှိထောင်ပေါင်းများစွာ၏ ပူးပေါင်းကြိုးပမ်းမှုအောက်တွင် တုပိုင်၏ မူဝါဒသစ် ဆိုသည်မှာ တစ်နှစ်မပြည့်မီအချိန်အတွင်း ဤမျှကြီးမားသော ရလဒ်များ ပေါက်ကွဲထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဤသည်မှာ ထိတ်လန့်စရာ ၊ မှားယွင်းစရာနှင့် ကြောက်မက်ဖွယ်ရာပင် ကောင်းနေလေသည်။ ပညာရှင်အရာရှိကြီးများ၏ အထက်တန်းလွှာမိသားစုများစွာ ကြောက်ရွံ့လာကြသည်။ ဤအချက်က သူတို့မရှိဘဲနှင့် အနောက်တောင်ပိုင်း ပြည်နယ်များ ဆက်လက် တိုးတက်စည်ပင်နိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
မည်သို့ ဤသို့ ဖြစ်နိုင်မည်နည်း။
ရလဒ်အနေဖြင့် မရေမတွက်နိုင်သော ပညာရှင်အရာရှိများ ၊ မရေမတွက်နိုင်သော စာပေပညာရှင်များသည် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှ မူဝါဒသစ်ကို ရူးသွပ်စွာ တိုက်ခိုက်ကြပြီး ၊ မူဝါဒသစ်၏ အောင်မြင်မှုများကို ရူးသွပ်စွာ ပုတ်ခတ်ပြောဆိုကြသည်။ ယင်းကို ငရဲပြည်အဖြစ် ပုံဖော်ကြပြီး တုပိုင်ကို နှစ်ထောင်ပေါင်းများစွာအတွင်း မကြုံစဖူး ပုန်ကန်သူအဖြစ် ၊ ငရဲမှ တွားသွားထွက်လာသော မိစ္ဆာဆိုးအဖြစ် ပုံဖော်ကြကာ ထိုနေ့တွင်ပင် သေဆုံးသွားစေရန် ကျိန်ဆဲကြလေသည်။
ထို့နောက် တုပိုင် သေဆုံးပြီဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာသည်။ မရေမတွက်နိုင်သော လူများသည် အောင်ပွဲခံကာ ပျော်ရွှင်မြူးထူးကြပြီး ၊ တုပိုင် သေဆုံးပြီဖြစ်ကြောင်း ကမ္ဘာလောကကို ကြေညာရန် အစွမ်းကုန် ကြိုးစားကြသည်။ သူသည် မင်းသမီးနင်းရွှဲ့၏ မင်္ဂလာဦးခန်းဆောင်၌ သွေးအန်ပြီး သေဆုံးသွားခဲ့သည်ဟု ဆိုကြသည်။
တုပိုင် သေဆုံးပြီဟူသော ကောလာဟလများသည် လပေါင်းများစွာ ပျံ့နှံ့နေခဲ့သည်။ ယခုအခါ တာ့နင်အင်ပါယာတစ်ခုလုံးနီးပါးသည် တုပိုင် သေဆုံးပြီဟု ယုံကြည်နေကြသည်။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှ အရာရှိများပင်လျှင် ယုံကြည်လုနီးပါးဖြစ်နေပြီး ၊ အနောက်တောင်ပိုင်းတစ်ခုလုံး၏ ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့တော်မှ အရာရှိများ ဝင်ရောက်လာကြသည်။ ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် ကွမ်ရှီးသို့ ဝင်ရောက်လာပြီး တုပိုင်ဘက်တော်သား အရာရှိများနှင့် ကြီးမားသော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။
ရလဒ်အနေဖြင့် အနောက်တောင်ပိုင်း ပြည်နယ်သုံးခု၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် တစ်ဖန် အဟန့်အတား ဖြစ်သွားပြန်သည်။
အထူးသဖြင့် တုပိုင်အပေါ် သစ္စာရှိသော အရာရှိများဖြစ်ပြီး ၊ အများစုမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လာသူများနှင့် တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တိုက်ရိုက်လက်အောက်ငယ်သားများ ဖြစ်ကြသည်။
တုပိုင် သေဆုံးပြီဟူသော ကောလာဟလများ မရေမတွက်နိုင်အောင် ထွက်ပေါ်နေသဖြင့် သူတို့၏ စိတ်ဓာတ်များ ကျဆင်းလာကာ အချို့ဆိုလျှင် ရည်မှန်းချက်များပင် ပျောက်ဆုံးကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်တွင် ဆက်ခံမည့်သူပင် မရှိသောကြောင့် ဖြစ်သည်။ တုပိုင် တကယ်သေဆုံးသွားပါက သူတို့ မည်သူ့အပေါ် သစ္စာစောင့်သိရမည်ကို မသိတော့ဘဲ လမ်းကြောင်း လုံးဝပျောက်ဆုံးသွားကြလေသည်။
ညအချိန်တွင် တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးသည် လျန်ကျိုးဆိပ်ကမ်းသို့ ကပ်ရောက်လာသည်။
အစပိုင်းတွင် ဆိပ်ကမ်းရှိ အစောင့်တပ်ဖွဲ့ဝင်များသည် ရန်သူဟုထင်မှတ်ပြီး အသင့်ပြင်ထားကြသော်လည်း ၊ နောက်ဆုံးတွင် တုပိုင်၏ ပုံရိပ်ကို တွေ့လိုက်ရသောအခါ အတိုင်းထက်အလွန် ဝမ်းသာသွားကြလေသည်။
“မဟာနယ်စားမင်း ပြန်လာပြီဟေ့”
“သခင်ကြီး ပြန်လာပြီ”
“သခင်ကြီး ပြန်ရောက်လာပြီ”
ရုတ်တရက် ဆိပ်ကမ်းတစ်ခုလုံးရှိ အစောင့်တပ်ဖွဲ့ဝင်များအားလုံး ပြေးထွက်လာကြပြီး ၊ မကြာမီ လျန်ကျိုးအိမ်တော်ရှိ အစောင့်တပ်ဖွဲ့ဝင်များအားလုံးလည်း ပြေးထွက်လာကြသည်။
တုပိုင်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အလွန်အမင်း စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပီတိဖြစ်မှုများ ပြည့်နှက်နေသည်။ လွန်ခဲ့သော ခြောက်လအတွင်း တုပိုင် သေဆုံးပြီဟူသော ကောလာဟလများ မရေမတွက်နိုင်အောင် ထွက်ပေါ်ခဲ့ပြီး ၊ သူ၏ စစ်တပ်မှလွဲ၍ လူတိုင်းနီးပါး ယုံကြည်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စစ်တပ်မှ လူအများအပြားသည် သူ၏ အံ့ဖွယ်အမှုများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် တုပိုင်သည် မည်သို့ သေဆုံးနိုင်မည်နည်း။ စစ်မြေပြင်တွင်ပင် ဓား ၅ လက်ဖြင့် အထိုးခံခဲ့ရသော်လည်း မသေခဲ့ချေ။ တုပိုင်သည် သူတို့အတွက်တော့ မသေမျိုးနတ်မင်းကြီးတစ်ပါးပင် ဖြစ်လေသည်။
ယခုအချိန်တွင် တုပိုင် ပြန်လည်ပေါ်လာသည်ကို တွေ့လိုက်ရပြီး ၊ အတွင်းရော အပြင်ပါ ပြောင်းလဲမှုများ ပြီးစီးသွားကာ ၊ လမ်းလျှောက်ပုံသည် နဂါးနှင့် ကျားကဲ့သို့ အားမာန်အပြည့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စစ်သည်ထောင်ပေါင်းများစွာသည် အလွန်စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
“သခင်ကြီး ပြန်လာပြီ”
“သခင်ကြီး ပြန်လာပြီ”
“သခင်ကြီး အသက်ရာကျော် ရှည်ပါစေ ၊ အသက်ရာကျော် ရှည်ပါစေ”
မင်းသမီးယွီကျိန်းသည် တုပိုင်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်သွားရှာသည်။ ထို့နောက် မျက်ရည်များ အထိန်းအကွပ်မဲ့ စီးကျလာပြီး သူ့ကို ဖက်ထားရန် ပြေးသွားလိုက်သည်။
သို့သော် သူ့ထံသို့ ရောက်ရန် တစ်ပေခန့်အလိုတွင် ရပ်တန့်လိုက်ပြီး ၊ တိတ်ဆိတ်စွာဖြင့် ငိုကြွေးလျက် ကြည့်နေလေသည်။ သူမ၏ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားပြီး ဝမ်းသာပီတိ ဖြစ်နေရှာသည်။
“လူတိုင်းက ရှင်သေပြီလို့ ပြောကြတယ်.. ဒါပေမဲ့... ကျွန်မ မယုံဘူး”
“ရှင် တကယ်ပဲ အများကြီး ရင့်ကျက်လာတာပဲ”
တုပိုင် ရှေ့သို့ တိုးလာပြီး မင်းသမီးယွီကျိန်းကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “တုပိုင် မြန်မြန်လုပ်.. နန်နင်းစီရင်စုကို သွားပြီး ချန်ဖိန်ကို သွားကယ်ပါ”
တုပိုင် အံ့သြသွားသည်။ “ချန်ဖိန် ဘာဖြစ်လို့လဲ”
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက သူ့ကို ဖမ်းထားတယ်။ သူ့ကို ခေါင်းဖြတ်သတ်ဖို့ လူသိရှင်ကြား စစ်ဆေးမေးမြန်းနေတယ်”
ထိုစကားကို ကြားလိုက်သည်နှင့် တုပိုင် ပေါက်ကွဲသွားတော့သည်။
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် အမှန်တကယ်ပင် အစိုးရအဖွဲ့ဝန်ကြီးကောင်း ဖြစ်ပါပေသည်။
သို့သော် အနောက်တောင်ပိုင်းသို့ လာရောက်ပြီး သူနှင့် အာဏာလုရုံမက ၊ သူ၏ လူယုံကိုပါ သတ်ချင်နေသည်လော။
ရုတ်တရက် တုပိုင် ဒေါသတကြီး ပြောလိုက်သည်။ “ချန်ဖိန်က ငါ့ရဲ့ ကျန့်ရှီးနယ်စားမင်းအိမ်တော်က စာရင်းကိုင်ချုပ် ၊ ငါ့ရဲ့လူယုံလေ။ ဟူကွမ်းဘုရင်ခံက ဖမ်းချင်တိုင်း ပေးဖမ်းလိုက်တာလား။ မင်းတို့ စစ်တပ်က ဘာလုပ်နေလဲ”
တုပိုင် တကယ်ကို ဒေါသထွက်သွားသည်။ သူ့တွင် စစ်သည်အင်အား သိန်းချီ ရှိသော်လည်း ၊ သူ့လက်ရုံးတစ်ဆူ ဖမ်းဆီးခံလိုက်ရပြီး ခေါင်းဖြတ်သတ်ခံရတော့မည်တဲ့လား။
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် ချန်ဖိန်ကို မည်သို့ ဖမ်းသွားနိုင်သနည်း။ သူ၏ စစ်တပ်သည် ထမင်းမစားဘဲ ချီးစားနေကြသည်လား။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “သခင်ကြီးလီဝမ်ဟွေ့က စစ်တပ်ကို လှုပ်ရှားခွင့်မပေးဘူး။ သူက နှစ်ဖက် ပဋိပက္ခ ကြီးထွားလာမှာကို မလိုလားလို့ပါ”
တုပိုင် အံ့သြသွားသည်။ “ချန်ဖိန်က ဘာလုပ်လိုက်လို့လဲ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၁ + ၆၄၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team