အခန်း (၆၄၃-၆၄၄)
Vol. 65 Ch. 643-644
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၃ + ၆၄၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “သူက မြို့တော်ကနေ စေလွှတ်လိုက်တဲ့ စီရင်စုမှူးတစ်ယောက်နဲ့ စီရင်စုခွဲမှူး သုံးယောက်ကို သတ်ပစ်လိုက်တာ”
ရုတ်တရက် တုပိုင်တစ်ယောက် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
ချန်ဖိန်က သတ်လိုက်သည်လား။ အဆိပ်မိထားသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ရှက်တတ်သော ၊ အားနည်းသော ၊ ဧကရာဇ်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်မရသော ဉာဏ်ကြီးရှင် ကောင်လေးက စီရင်စုမှူးတစ်ယောက်နှင့် စီရင်စုခွဲမှူးသုံးယောက်ကို သတ်လိုက်သည်လား။
“ဘာကြောင့်လဲ” တုပိုင် မေးလိုက်သည်။
မင်းသမီးယွီကျိန်းက ပြောသည်။ “ဘာဖြစ်လို့လဲဆိုတော့ ရှင့်ရဲ့အရာရှိတွေက ပြည်သူတွေဆီကနေ အခွန်ကောက်ပြီးသား ဖြစ်နေတာကို ဝူကျိုးစီရင်စုမှူးနဲ့ တခြားစီရင်စုခွဲမှူးအချို့က ပြည်နယ်ထဲမှာရှိတဲ့ လယ်သမားတွေဆီကနေ အခွန်ထပ်ကောက်ဖို့ လုပ်ခဲ့ကြလို့ပဲ။ ပြည်သူတွေက အခွန်ကိစ္စကို ဆန့်ကျင်ကြတဲ့အခါ ဝူကျိုးစီရင်စုမှူးက အင်အားသုံး နှိမ်နင်းခဲ့တယ်။ ချန်ဖိန်က ဝူကျိုးဇာတိဖြစ်နေတော့ ပြည်သူတွေက ချန်ဖိန်ကို လာပြီး အသနားခံကြတာပေါ့။ ဒါကြောင့် ချန်ဖိန်က အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည်တွေကို ဦးဆောင်ပြီး စစ်ဆေးမေးမြန်းဖို့ ဝူကျိုးစီရင်စုကို သွားခဲ့တယ်။ အဲဒီမှာ ဒေသန္တရအစိုးရအဖွဲ့နဲ့ ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စီရင်စုမှူးတစ်ယောက်နဲ့ စီရင်စုခွဲမှူးသုံးယောက် သေဆုံးသွားခဲ့ရတယ်”
ထိုသည်က တကယ်ကို အမှုကြီးတစ်ခုပင်။ နန်းတွင်းအရာရှိလေးဦးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်ပြီး ၊ ထိုအထဲမှ တစ်ဦးမှာ အဆင့်လေးအဆင့်ရှိသော အရာရှိကြီးတစ်ဦး ဖြစ်သည်။ ထိုသည်မှာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်ပြီး သေဒဏ်ပေးကာ ကွပ်မျက်ရမည့် အပြစ်ဖြစ်သည်။
တုပိုင်က မေးလိုက်သည်။ “အဲဒီအချိန်တုန်းက မြို့တော်က အရာရှိတွေကို ကွမ်ရှီးကို စေလွှတ်လိုက်တာလေ။ မွေးစားအဖေက ဘာလို့ မတားခဲ့တာလဲ”
မင်းသမီးယွီကျိန်းက တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “အဲဒါ ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့်လေ။ သခင်ကြီးလီဝမ်ဟွေ့က သစ္စာရှိတဲ့ အမတ်ကောင်းတစ်ယောက်မို့လို့ ဧကရာဇ်အမိန့်ကို မတားဆီးနိုင်ခဲ့ဘူး”
ဟူကွမ်းဘုရင်ခံအိမ်တော်၌ လီဝမ်ဟွေ့က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “အမတ်မင်းဝမ်ကျန့်ရှူး... ခင်ဗျားနဲ့ကျုပ်က အင်ပါယာအတွက် လုပ်ဆောင်ပေးနေကြတာပါ။ ခင်ဗျားက အရာရှိရာပေါင်းများစွာကို ဦးဆောင်ပြီး ကွမ်ရှီးကို ဝင်လာတုန်းက ကျုပ်မတားခဲ့ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း ကျုပ်က တိုင်းပြည်အတွက် သည်းခံခဲ့သလို စစ်တပ်ကိုလည်း ထိန်းထိန်းသိမ်းသိမ်းနေဖို့ ၊ ခင်ဗျားတို့နဲ့ အကြမ်းဖက် ပဋိပက္ခမဖြစ်ဖို့ အမိန့်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားသာ ချန်ဖိန်ကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးရဲရင်တော့ ၊ နောက်ဆက်တွဲ အကျိုးဆက်ကို ခင်ဗျားဘာသာ တာဝန်ယူရလိမ့်မယ်”
အစိုးရအဖွဲ့ဝန်ကြီးနှင့် ဟူကွမ်းဘုရင်ခံဖြစ်သူ ဝမ်ကျန့်ရှူးက စိတ်ပါလက်ပါ ပြောဆိုလေသည်။ “နယ်စားမင်းလီ... ခင်ဗျားနဲ့ကျုပ်က ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးလာခဲ့တာ ဆယ်နှစ်ကျော်ပြီ။ မိတ်ဆွေရင်းတွေလို့တောင် ပြောလို့ရပါတယ်။ ခင်ဗျားက သစ္စာရှိတဲ့ အမတ်ကောင်းတစ်ယောက်ဆိုတာ ကျုပ်သိပါတယ်။ ဒါဆို ကျုပ် ဝမ်ကျန့်ရှူးကရော သစ္စာဖောက်အမတ်မို့လို့လား။ ကျေးဇူးပြုပြီး သတိရပေးပါ။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုက တာ့နင်အင်ပါယာပိုင်နက် ဖြစ်ပါတယ်။ မဟာနယ်စားမင်းတုပိုင်ရဲ့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည် မဟုတ်ပါဘူး။ ချန်ဖိန်က မဟာနယ်စားမင်းတုပိုင်ရဲ့ လူယုံဆိုပေမဲ့ သူက နန်းတွင်းအရာရှိတွေကို လုပ်ကြံသတ်ဖြတ်မှုမှာ ကြံရာပါ ဖြစ်နေတယ်။ တကယ်လို့သာ သူ့ကို အပြစ်မပေးဘူးဆိုရင် နန်းတော်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာရှိတော့မှာလဲ။ မဟာနယ်စားမင်းတုပိုင်ရဲ့ လူယုံဖြစ်တာနဲ့ပဲ သူက လွတ်မြောက်သွားရမှာလား”
ဝမ်ကျန့်ရှူးက လီဝမ်ဟွေ့ကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “နယ်စားမင်းလီ... ခင်ဗျားက နန်းတွင်းအရာရှိတစ်ယောက်ပါ။ မဟာနယ်စားမင်းတုပိုင်ရဲ့ ကိုယ်ပိုင်အရာရှိ မဟုတ်ဘူး။ ခင်ဗျားရဲ့ ရပ်တည်ချက်ကို မှန်ကန်အောင် လုပ်ရပါမယ်။ ကွမ်ရှီးဆိုတာ အင်ပါယာရဲ့ ပြည်နယ်တစ်ခု ဖြစ်တယ်။ မဟာနယ်စားမင်းတုပိုင်ရဲ့ ပုဂ္ဂိုလ်ရေးပိုင်နက် မဟုတ်ဘူး”
“လာကြစမ်း... ငါ့ရဲ့ ဘုရင်ခံဝတ်ရုံနဲ့ ဦးထုပ်ကို ယူခဲ့။ ချန်ဖိန်ရဲ့အမှုကို လူသိရှင်ကြား စစ်ဆေးစီရင်မယ်”
“နယ်စားမင်းလီ... ဝမ်ကျန့်ရှူးရဲ့ ခေါင်းက ဒီမှာပါ။ ခင်ဗျား ပုန်ကန်ချင်တယ်ဆိုရင် ကျုပ်ခေါင်းကို အချိန်မရွေး လာယူလို့ရတယ်”
“ချန်ဖိန်ကိုတော့ ကျုပ်သေချာပေါက် သတ်မယ်။ မသတ်ရင် နန်းတော်ရဲ့ ဥပဒေက ဘယ်မှာရှိတော့မှာလဲ”
ထို့နောက် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် သူ၏ အရာရှိဝတ်ရုံနှင့် ဦးထုပ်ကို ဝတ်ဆင်ကာ ခန်းမဆောင်ကြီးသို့ သွားရောက်ပြီး ချန်ဖိန်ကို လူသိရှင်ကြား စစ်ဆေးမေးမြန်းလေတော့သည်။
လူငယ်လေး ချန်ဖိန်သည် အဆိပ်သင့်ထားသောကြောင့် ရုပ်ပျက်ဆင်းပျက် မျက်နှာထား ရှိနေဆဲဖြစ်သည်။
သူသည် လက်ထိပ်ခြေချင်းများ ခတ်လျက်ဖြင့် တိတ်ဆိတ်စွာ ဒူးထောက်နေရှာသည်။
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် တရားခွင်သစ်သားတုံးကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။ “တရားခံ ချန်ဖိန်... မင်းက နန်းတွင်းအရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်။ မင်းရဲ့ပြစ်မှုက ခွင့်လွှတ်လို့မရနိုင်ဘူး။ မင်းအပြစ်မင်း ဝန်ခံမလား”
ထိုအချိန်၌ပင် တုပိုင်သည် မြင်းစီးတပ်သား ရာပေါင်းများစွာကို ဦးဆောင်ကာ နန်နင်းစီရင်စုအတွင်းသို့ ဝင်ရောက်လာပြီး ဟူကွမ်းဘုရင်ခံအိမ်တော်ဆီသို့ ဒုန်းစိုင်း နှင်လာလေ၏။
ချက်ချင်းဆိုသလိုပင် လေမုန်တိုင်းမလာမီ မိုးတိမ်များ လိပ်တက်လာသကဲ့သို့ အခြေအနေမှာ အလွန်တင်းမာသွားရသည်။
ထိုအချိန်တွင် ဟူကွမ်းဘုရင်ခံအိမ်တော်၏ ခန်းမဆောင်ကြီးထဲ၌ လူပေါင်းတစ်ထောင်နီးပါး ရှိနေကြသည်။
မြို့တော်မှ ခေါ်ဆောင်လာသော အရာရှိ ဒါဇင်ပေါင်းများစွာ ၊ ထိုအရာရှိများ၏ ဆရာများနှင့် ဝန်ထမ်းများ ၊ နန်နင်းစီရင်စုမှ ပညာရှင်ရာပေါင်းများစွာ ၊ ကုန်သည်အငယ်စားများနှင့် လာရောက်ကြည့်ရှုကြသော လူအုပ်ကြီး ရှိနေခြင်း ဖြစ်သည်။
ကျန့်ရှီးနယ်စားမင်းအိမ်တော်၏ စာရင်းကိုင်ချုပ် ချန်ဖိန်သည် ခန်းမဆောင်အလယ်တွင် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ဒူးထောက်နေလေ၏။
“တရားခံ ချန်ဖိန်... ငါမေးမယ်။ မင်းက နန်းတွင်းအရာရှိတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာ မှန်သလား” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ဒေါသတကြီး မေးလိုက်သည်။
ချန်ဖိန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “အမတ်မင်း... ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဒီကိစ္စက မမှန်ပါဘူးလို့”
ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ဝူစန်းရှီက ပြောလိုက်သည်။ “ဒါဆိုရင် ဖြည်းဖြည်းချင်း ပြောပြစမ်း”
ချန်ဖိန်က ပြောသည်။ “ပထမဆုံးအနေနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးအနေနဲ့ ဟူကွမ်းဘုရင်ခံရာထူးကို ရယူရမယ်။ မဟာနယ်စားမင်းတုပိုင်က အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို တာဝန်ယူအုပ်ချုပ်ပြီး ဟူနန်ရဲ့ စစ်ရေးအာဏာကို ကိုင်တွယ်ရမယ်။ ဟုတ်တယ်မလား”
“ဟုတ်တယ်” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ပြောသည်။ “အနောက်တောင်ပိုင်းမှာ ဥပဒေတွေ ဖောက်ပြန်နေပြီး ပြည်သူတွေ နေထိုင်ရခက်ခဲနေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ ဒါ့အပြင် မဟာနယ်စားမင်းတုပိုင်ရဲ့ အသက်အန္တရာယ်ကလည်း သေချာရေရာမှု မရှိဘူး။ ဒါကြောင့် ဘုရင်ခံရာထူးကို လာရောက် တာဝန်ယူတာက ဧကရာဇ်ရဲ့ အလိုဆန္ဒပဲ။ ငါမလာဘဲ နေရမှာလား”
ချန်ဖိန်က ပြောလိုက်သည်။ “ဘုရင်ခံမင်းကြီး မလာသင့်ဘူးလို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး။ တကယ်တော့ စစ်ဘက်ကြီးကြပ်ရေးမှူး လီဝမ်ဟွေ့ကလည်း ဘုရင်ခံမင်းကြီး ရောက်လာတာကို မတားဆီးခဲ့ပါဘူး။ သူက တိုင်းပြည်အတွက်တောင် သည်းခံပေးခဲ့ပါသေးတယ်။ ဘုရင်ခံမင်းကြီးနဲ့ အဖွဲ့သားတွေ ရာထူးလက်ခံတာ အောင်မြင်ခဲ့ပါတယ်”
ထို့နောက် ချန်ဖိန်က ဆက်ပြောသည်။ “ဒါတင်မကပါဘူး။ ခင်ဗျား ရောက်လာတဲ့အတွက် ကျန့်ရှီးနယ်စားမင်းအိမ်တော်ရဲ့ အင်အားစုတွေက ဟူနန်ပြည်နယ်ကနေ ချက်ချင်း ဆုတ်ခွာပေးခဲ့တယ်။ လောလောဆယ် စစ်သူကြီးလီကျန့်က ဟူနန်မှာ တပ်စွဲဖို့ စစ်သည်အင်အား တစ်သောင်းပဲ ချန်ထားခဲ့ပြီး ကျန်တဲ့ အရပ်ဘက်အရာရှိတွေ အကုန်လုံး ဆုတ်ခွာပေးခဲ့တယ်။ ဒါကြောင့် ဘုရင်ခံမင်းကြီးအတွက် ကျွန်တော်တို့ ကျန့်ရှီးနယ်စားမင်းအိမ်တော်က ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ခင်ဗျားရဲ့ အရာရှိတွေ ကွမ်ရှီးထဲ ဝင်လာတာကို ကျွန်တော်တို့ မတားဆီးခဲ့သလို အာဏာအများအပြားကိုလည်း ဆန္ဒအလျောက် လွှဲပြောင်းပေးခဲ့ပါတယ်။ အကြောင်းပြချက် တစ်ခုတည်း ရှိပါတယ်။ မဟာနယ်စားမင်းတုပိုင်က နန်းတော်အပေါ် သစ္စာရှိပြီး ဧကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိလို့ပါပဲ”
“ဟမ့်...” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက မထီမဲ့မြင် ပြုလိုက်သည်။
ချန်ဖိန်က ဆက်ပြောသည်။ “မဟာနယ်စားမင်းတုပိုင်က အရှင်မင်းမြတ်အပေါ် သစ္စာရှိလို့သာ ကျွန်တော်တို့က ကိစ္စတော်တော်များများမှာ ဆက်ပြီး အလျှော့ပေးနေတာပါ။ ဒါပေမဲ့ ခင်ဗျားက ကျန့်ရှီးနယ်စားမင်းအိမ်တော်နဲ့ ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံရုံးရဲ့ အမိန့်တွေကို မပယ်ဖျက်သင့်ဘူး။ ကွမ်ရှီးပြည်နယ်က လယ်သမားတွေဆီကနေ ကျွန်တော်တို့ တစ်ကြိမ် အခွန်ကောက်ခံပြီးပြီ။ အခွန်ဆောင်ပြီးသားကို ခင်ဗျားရဲ့ အရာရှိတွေက ဒုတိယအကြိမ် ထပ်မကောက်သင့်တော့ဘူးလေ။ ပြည်သူတွေက တရားမျှတမှု ရဖို့အတွက် ဝူကျိုးစီရင်စုရုံးကို သွားရောက် တောင်းဆိုကြတယ်။ အဲဒီမှာ သူတို့ အကြမ်းဖက် နှိမ်နင်းခံရပြီး လူပေါင်း ဒါဇင်ချီ သေဆုံးခဲ့ရတယ်။ သေဆုံးသွားတဲ့ လူဒါဇင်ချီ အားလုံးက စစ်မှုထမ်း မိသားစုဝင်တွေပါ။ ကျန့်ရှီးနယ်စပ်မြို့ စစ်သည်တွေရဲ့ မိသားစုဝင်တွေ ဖြစ်တယ်။ ကျန့်ရှီးနယ်စားမင်းအိမ်တော်နဲ့ ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံရုံးရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ စစ်ဆေးပိုင်ခွင့် မရှိဘူးလား”
“နန်းတွင်းဥပဒေအရ မင်းမှာ စစ်ဆေးပိုင်ခွင့် မရှိဘူး” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ပြောလိုက်သည်။ “ဒီကိစ္စကို ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ဝူစန်းရှီနဲ့ ငါ... ဟူကွမ်းဘုရင်ခံမှာပဲ စစ်ဆေးပိုင်ခွင့် အာဏာရှိတယ်”
ကွမ်ရှီးအုပ်ချုပ်ရေးမှူး ဝူစန်းရှီက ပြောလိုက်သည်။ “အသတ်ခံရတာက ကျန့်ရှီးနယ်စပ်မြို့က စစ်မှုထမ်းမိသားစုဝင်တွေ ဖြစ်နေတဲ့အတွက် ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံရုံးက လာရောက်စစ်ဆေးလို့ ရပါတယ်။ ဒါပေမဲ့ ဒေသန္တရအစိုးရအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ လိုအပ်ပါတယ်”
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက တင်းမာစွာ ပြောလိုက်သည်။ “မင်းက လာပြီး စုံစမ်းစစ်ဆေးတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ နန်းတွင်းအရာရှိတွေကို သတ်ဖြတ်ဖို့ ဘယ်သူက မင်းကို အာဏာပေးထားလို့လဲ။ မင်းတို့ ကျန့်ရှီးနယ်စားမင်းအိမ်တော်က သိပ်ကို အာဏာပြလွန်းမနေဘူးလား။ ကျန့်နန်နယ်စားမင်းအိမ်တော်ထက်တောင် ပိုပြီး ရောင့်တက်နေပါလား။ ကွမ်ရှီးက တကယ်ပဲ မဟာနယ်စားမင်းတုပိုင်ရဲ့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည် ဖြစ်နေပြီလား”
ချန်ဖိန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ “ဘုရင်ခံမင်းကြီး... ကျေးဇူးပြုပြီး သတိထားပါ။ ဝူကျိုးစီရင်စုမှူးက ပြည်သူတွေကို နှိမ်နင်းခဲ့ပြီး ကျန့်ရှီးနယ်စပ်မြို့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ လူပေါင်း ဒါဇင်ချီကို သတ်ဖြတ်ခဲ့တာပါ”
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ပြောသည်။ “အဲဒါက ဒီဆူပူသောင်းကျန်းသူတွေရဲ့ သားသမီးတွေက မဟာနယ်စားမင်းတုပိုင်ရဲ့ လက်အောက်မှာ စစ်မှုထမ်းနေကြပြီး ကျောထောက်နောက်ခံ ရှိနေကြတော့ အစိုးရကို ပြန်တိုက်ခိုက်ရဲကြလို့ ဖြစ်ရတာ”
ချန်ဖိန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။ “မဟုတ်ဘူး... ဒါက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုပဲ။ မဟာနယ်စားမင်းတုပိုင်ရဲ့ စစ်တပ်က မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ သက်သက် ရည်ရွယ်ပြီး လုပ်ခဲ့တာ။ ရည်ရွယ်ချက်ကတော့ ဒေသန္တရအစိုးရနဲ့ ကျန့်ရှီးနယ်စားမင်းအိမ်တော်ကြား ပဋိပက္ခဖြစ်လာအောင် မီးမွှေးဖို့ ၊ ခင်ဗျားနဲ့ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ပြိုကွဲအောင် လုပ်ဖို့ပဲ”
“ဒါ့အပြင် ဝူကျိုးစီရင်စုမှူးနဲ့ စီရင်စုခွဲမှူးသုံးယောက်ကို ကျွန်တော်ခေါ်လာတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်သားတွေက သတ်လိုက်တာ လုံးဝမဟုတ်ဘူး။ ကျွန်တော်က အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်သားတွေကို ဦးဆောင်ပြီး ဝူကျိုးကို သွားခဲ့တာက သေဆုံးသွားတဲ့ လူဒါဇင်ချီအတွက် တရားမျှတမှု ပြန်ရှာပေးဖို့ သက်သက် မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးရမှာက သူလျှိုအမှုပါ”
“ကျွန်တော် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်သားတွေကို ဦးဆောင်လာခဲ့ပေမဲ့ ဝူကျိုးစီရင်စုရုံးကို မသွားခဲ့သလို ဘယ်ဒေသန္တရ အစိုးရရုံးကိုမှလည်း မသွားခဲ့ပါဘူး။ ကျွန်တော်က ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ဝင်သွားခဲ့တာပါ။ ဒါပေမဲ့ ဝူကျိုးစီရင်စုမှူးနဲ့ ဒေသခံအရာရှိတွေက အစိုးရတပ်သား ရာပေါင်းများစွာကို ဦးဆောင်ပြီး ကျွန်တော်ရှိတဲ့ ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို လာရောက်တိုက်ခိုက် ဝိုင်းရံပြီး မေးခွန်းထုတ်ခဲ့ကြတယ်။ အဲဒီနောက် ဖန်းမိသားစုရဲ့ သူလျှိုတွေက ပရမ်းပတာဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဝူကျိုးစီရင်စုမှူးနဲ့ စီရင်စုခွဲမှူးသုံးယောက်ကို သတ်ပစ်လိုက်ကြတာ”
“ဒါက ဖန်းမိသားစုရဲ့ ပူးပေါင်းကြံစည်မှုဆိုတာ သိသာထင်ရှားနေပါတယ်။ မဟာနယ်စားမင်းတုပိုင်နဲ့ မြို့တော်ကြားက ဆက်ဆံရေးကို ခွဲခြားဖို့ ၊ ခင်ဗျားနဲ့ကျွန်တော်တို့ကြားက ပဋိပက္ခကို ပိုကြီးထွားလာအောင် လုပ်ဖို့ပါပဲ။ သခင်ကြီးလီဝမ်ဟွေ့က ဒီအချက်ကို တရားဝင် သိရှိသွားပြီး ရန်သူ့ထောင်ချောက်ထဲ မကျရောက်အောင် သည်းခံထိန်းသိမ်းခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဘုရင်ခံမင်းကြီးရဲ့ ဖမ်းဆီးတာကို ဘာခုခံမှုမှ မလုပ်ဘဲ အဖမ်းခံခဲ့တာပေါ့။ မဟုတ်ရင် အနောက်တောင်ပိုင်းမှာ ဘယ်သူကမှ ကျွန်တော့်ကို ဖမ်းနိုင်မှာ မဟုတ်ဘူး”
ချန်ဖိန်သည် အဖြစ်မှန်အားလုံးကို တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ရောင့်တက်လိုက်တာ... အဓိပ္ပာယ်မရှိတာတွေ” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက အေးစက်စွာ ပြောလိုက်သည်။ “ချန်ဖိန်... မင်းက ငါဘုရင်ခံကို တကယ်ပဲ အရူးမှတ်နေသလား။ ကွမ်ရှီးက အရာရှိတွေကို တကယ်ပဲ အရူးမှတ်နေသလား။ ထောင်ပေါင်းများစွာသော လူထုကြီးကို တကယ်ပဲ အရူးမှတ်နေသလား။ မဟာနယ်စားမင်းတုပိုင်အိမ်တော်ရဲ့ အာဏာကို ကိုင်စွဲပြီး ဥပဒေအထက်မှာ နေချင်တဲ့သူက မင်းပဲ။ ငါ့ရဲ့ နန်းတွင်းအရာရှိတွေကို သတ်ဖြတ်ခဲ့တာလည်း မင်းပဲ။ အခုကျတော့ ဖန်းမိသားစု သူလျှိုတွေ လုပ်တာပါလို့ ပြောနေပါလား။ ရယ်စရာကောင်းလိုက်တာ”
ထို့နောက် ဝမ်ကျန့်ရှူးက အေးစက်စွာ ဆက်ပြောသည်။ “မင်းလို ယုတ်မာတဲ့သူမျိုးကို ဘယ်လိုဆရာမျိုးကများ လေ့ကျင့်သင်ကြားပေးလိုက်ပါလိမ့်”
ထိုစကားကို ကြားသောအခါ ချန်ဖိန် ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။ “ဘုရင်ခံမင်းကြီး... စကားကို ဆင်ခြင်ပြောပါ။ အင်ပါယာရဲ့ ကျောရိုးတိုင်တစ်ယောက်အနေနဲ့ နောက်ထပ် အင်ပါယာကျောရိုးတိုင်တစ်ယောက်အကြောင်းကို ဒီလိုအသရေဖျက်တဲ့ စကားမျိုး မပြောသင့်ပါဘူး”
“အင်ပါယာကျောရိုးတိုင် ဟုတ်လား” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက စိတ်ထဲမှ မထီမဲ့မြင် ပြုလိုက်သည်။ “တုပိုင်... အသက် ၂၀ အရွယ် မိန်းမစိုးတစ်ယောက်ကများ အင်ပါယာကျောရိုးတိုင်လို့ ခေါ်ရမတဲ့လား။ ခေတ်ပျက်မှာ သူရဲကောင်းမရှိလို့ ဒီလိုကောင်မျိုးက နာမည်ကြီးလာရတာ”
ချန်ဖိန်က အေးစက်စွာ ပြောလိုက်သည်။ “ဒါ့အပြင် ကျွန်တော် ထပ်မေးပါရစေ။ ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံရုံးက ကွမ်ရှီးပြည်သူတွေဆီကနေ အခွန်ကောက်ပြီးသွားပြီ။ ဘာလို့ ခင်ဗျားရဲ့ အရာရှိတွေက ထပ်ကောက်ရတာလဲ”
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ပြောသည်။ “ဒေသန္တရအစိုးရက ဒေသခံပြည်သူတွေဆီကနေ အခွန်ကောက်ပြီး ရိက္ခာအတွက် သုံးရတယ်ဆိုတာ ပုံမှန်ကိစ္စ မဟုတ်ဘူးလား။ မဟုတ်ရင် ဘဏ္ဍာတိုက်ကို ဘယ်လိုပြန်လွှဲပေးမလဲ။ ဒေသန္တရအစိုးရကို ဘယ်လိုစီမံခန့်ခွဲမလဲ”
ချန်ဖိန်က ပြောလိုက်သည်။ “ဘုရင်ခံမင်းကြီး မေ့နေပုံရတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် ရှိပါတယ်။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုက စစ်ပွဲတွေ ကြုံတွေ့ခဲ့ရလို့ နန်းတွင်းအခွန် သုံးနှစ် ကင်းလွတ်ခွင့် ပေးထားပါတယ်”
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားပြီး ရုပ်ပျက်သွားသော်လည်း ချက်ချင်း ပြန်လည်အားတင်းလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ပြည်သူတွေကို သနားလို့ ဒီအမိန့်တော်ကို ချမှတ်ခဲ့တာ။ ဒါပေမဲ့ ငါတို့ ကွမ်ရှီးကို ရောက်လာပြီးတဲ့နောက်မှာ အခြေအနေက အဲဒီလို လုံးဝမဟုတ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ကျေးလက်ဒေသတွေမှာ စပါးတွေ လှိုင်လှိုင်ပေါနေပြီး ပြည်သူတွေက ချမ်းသာကြွယ်ဝနေကြတယ်။ ကျန့်နန်က ငါးနှင့်ဆန် ပေါကြွယ်ဝတဲ့ နယ်မြေလိုနီးပါး ချမ်းသာနေကြတာ။ အဲဒီလောက် ချမ်းသာနေမှတော့ တိုင်းပြည်အတွက် ဝန်မပံ့ပိုးသင့်ဘူးလား။ မင်းသိထားရမှာက အခုထိ မြို့တော်မှာ ရိက္ခာမလုံလောက်သေးဘူး။ တော်ဝင်မိသားစုဆိုရင် တစ်နေ့ကို ထမင်းနှစ်နပ်ပဲ စားရတယ်”
ချန်ဖိန်က ပြောလိုက်သည်။ “နန်းတော်က အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို အခွန်ကင်းလွတ်ခွင့် ပေးထားပေမဲ့ မဟာနယ်စားမင်းတုပိုင်ရဲ့ အမိန့်အရ လွန်ခဲ့တဲ့ လအနည်းငယ်က လျောင်တုန်းစစ်တပ်ရိက္ခာအဖြစ် ဘဏ္ဍာတိုက်ထဲကနေ ဆန်ကောက် သုံးသိန်းကို ကျွန်တော်တို့ လွှဲပေးခဲ့ပြီးပြီ။ နောက်ပြီး ငွေတုံး သုံးသန်းရှစ်သိန်းကိုလည်း ထပ်ပြီး ပေးပို့ခဲ့ပြီးပြီ။ အဲဒါ မလုံလောက်သေးဘူးလား”
ထို့နောက် ချန်ဖိန်က ဆက်ပြောသည်။ “အရင်တုန်းကတော့ ဘုရင်ခံမင်းကြီးက ပြောတယ်။ အနောက်တောင်ပိုင်းမှာ ဥပဒေတွေက မသင့်လျော်ဘူး ၊ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေတယ် ၊ ငရဲပြည်လို ဖြစ်နေတယ်လို့ ပြောခဲ့တယ်။ အခုကျတော့ ကွမ်ရှီးပြည်သူတွေက ချမ်းသာကြွယ်ဝနေပြီး တိုင်းပြည်ကို ခွဲဝေမျှဝေပေးသင့်တယ်လို့ ပြောပြန်ပြီ။ အခု ကျွန်တော် မေးချင်တာက အနောက်တောင်ပိုင်းက ပြည်သူတွေ တကယ်ပဲ နေထိုင်ရခက်ခဲနေတာလား။ ဒါမှမဟုတ် ပြည်သူတွေ ချမ်းသာကြွယ်ဝနေတာလား။ ဘယ်ဟာလဲ”
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး ပါးရိုက်ခံလိုက်ရပြန်လေသည်။
ရုတ်တရက် သူသည် ဒေါသကြောင့် တုန်ရီလာပြီး တင်းမာစွာ ပြောလိုက်သည်။ “ဆရာတူရင် တပည့်လည်း တူတာပဲ။ ပါးစပ်က သိပ်တတ်တာပဲ။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခု ချမ်းသာနေတာလည်း ဟုတ်တယ်။ မြေပြင်ပေါ်က ငရဲပြည် ဖြစ်နေတာလည်း အမှန်တရားပဲ။ စာပေပညာရှင် မိသားစုတွေ ၊ အရာရှိမိသားစုတွေ ဘယ်လောက်တောင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလဲ။ ပညာတတ်မိသားစုတွေ ဘယ်လောက်များများ မိသားစုပြိုကွဲခဲ့ရသလဲ။ ပညာရှင် ဘယ်နှယောက်လောက် အစာရေစာနဲ့ အဝတ်အစား ပြတ်လပ်နေသလဲ။ မဟာနယ်စားမင်းတုပိုင်က ကွန်ဖြူးရှပ်နဲ့ မင်စီယာကို မလေးစားဘူး။ ဧကရာဇ်စာမေးပွဲကို နင်းချေဖျက်ဆီးတယ်။ ဒါက ဥပဒေမဲ့တာ မဟုတ်ဘူးလား”
ချန်ဖိန်က အေးစက်စွာ ပြောလိုက်သည်။ “အဲဒီ စာပေပညာရှင် အရာရှိမိသားစုတွေက ဧကရာဇ်စာမေးပွဲကတစ်ဆင့် မြေယာတွေကို ပေါင်းစည်းသိမ်းယူပြီး အခွန်ရှောင်နေကြတာလေ။ ရလဒ်အနေနဲ့ တိုင်းပြည်က ပြည်သူတွေမှာ လယ်မြေ နည်းသထက် နည်းလာပြီး နန်းတွင်းအခွန်ငွေလည်း လျော့နည်းလာခဲ့ရတယ်။ ဒါက ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းဖို့နဲ့ အင်ပါယာ လည်ပတ်နိုင်ရုံလောက်ပဲ ရှိတော့တယ်။ အနောက်တောင်ပိုင်း မူဝါဒသစ် အကောင်အထည်ဖော်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ကျွန်တော်တို့ သီးနှံတွေ အများကြီး ထွက်ရှိလာပြီး ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့တယ်။ ကျွန်တော်တို့ နန်းတော်ကို ပေးသွင်းတဲ့ အခွန်နဲ့ ရိက္ခာက ဘယ်နှစ်နဲ့မဆို နှိုင်းယှဉ်ရင် အများဆုံးပဲ။ ဒါက မူဝါဒသစ် ကောင်းမွန်တယ်ဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား။ ဘုရင်ခံမင်းကြီး ပြောနေတဲ့ ပညာရှင်တွေနဲ့ အရာရှိမိသားစုတွေက အိမ်မှာပဲ နှပ်နေပြီး ပြည်သူတွေရဲ့ ထောက်ပံ့မှုကို ခံယူမယ် ၊ အခွန်ရှောင်မယ် ၊ ပြည်သူတွေကို ခေါင်းပုံဖြတ်မယ်။ အဲဒီလို လုပ်သင့်တာလား”
“စကားလုံးလှလှတွေနဲ့ လှည့်ပတ်ပြောဆိုပြီး ကောက်ကျစ်လိုက်တာ” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက အေးစက်စွာ ပြောလိုက်သည်။ “ချန်ဖိန်... မင်းရဲ့ အရည်အချင်းတွေကို ဘယ်ကနေ ဖတ်မှတ်လေ့လာခဲ့တာလဲ။ မင်းလို လူယုတ်မာမျိုးက ဧကရာဇ်စာမေးပွဲ မဝင်တာ တကယ်ကို ကောင်းတယ်။ မင်းစိတ်ဓာတ်က ကောက်ကျစ်နေမှတော့ စာတွေအများကြီး ဖတ်လည်း အလကားပဲ”
ဝမ်ကျန့်ရှူးသည် ဒေါသကြောင့် တုန်ရီနေသည်။ အဘယ်ကြောင့်ဆိုသော် သူပြော၍မရသော အချက်များစွာ ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် သူ့အမြင်တွင်မူ ပညာရှင်များသည် အခြားသူများထက် သာလွန်မြင့်မြတ်ရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဧကရာဇ်မင်းမြတ်ကို တိုင်းပြည်အုပ်ချုပ်ရာတွင် ကူညီပေးကြသောကြောင့်ပင် ဖြစ်သည်။ ဤကဲ့သို့ ထူးချွန်သော ပညာရှင်များသာ မရှိလျှင် မသိနားမလည်သော ပြည်သူများ လမ်းပျောက်ကုန်ကြလိမ့်မည်။
ထို့ကြောင့် ပညာရှင်များကို ထောက်ပံ့ထားသင့်သည်မှာ မှန်ကန်သည် မဟုတ်ပါလော။ သေချာပါသည်... သူလည်း မြေယာပေါင်းစည်းသိမ်းယူခြင်းကို ဆန့်ကျင်ပါသည်။ သို့သော် ပညာရှင်အရာရှိ ဖြစ်သည့်အားလျော်စွာ သူ၏ရပ်တည်ချက်သည် ပညာရှင်ဘက်၌ ရှိနေခြင်းမှာ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် တုပိုင် အကောင်အထည်ဖော်သော မူဝါဒသစ်ဆိုသည်မှာ သေချာပေါက် ကမောက်ကမ ဥပဒေဖြစ်ပြီး စကြာဝဠာကို ပြောင်းပြန်လှန်ကာ ကမ္ဘာကြီးကို ဖျက်ဆီးမည့် ဥပဒေဆိုးကြီး ဖြစ်နေတော့သည်။
ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်ရှိ လူထောင်ပေါင်းများစွာကို ပြောလိုက်သည်။ “ချစ်ခင်ရတဲ့ ပြည်သူအပေါင်းတို့... ပြောကြစမ်းပါ။ ကျန့်ရှီးနယ်စားမင်းအိမ်တော်ရဲ့ မူဝါဒသစ်က ကောင်းသလား ၊ ဆိုးသလား”
“မကောင်းဘူး... မကောင်းဘူး” လူထောင်ပေါင်းများစွာက အော်ဟစ်လိုက်ကြသည်။
ဤလူများသည် တကယ်ကို ယုံကြည်၍ မရကြပေ။ မူဝါဒသစ်တွင် အကျိုးအမြတ်ရသူ ရှိသကဲ့သို့ သေချာပေါက် ဆုံးရှုံးသူလည်း ရှိစမြဲဖြစ်သည်။
လောလောဆယ်တွင် တုပိုင်၏ အနောက်တောင်ပိုင်း မူဝါဒသစ်သည် လယ်သမားထုကြီးအတွက် အကျိုးအများဆုံး ဖြစ်ထွန်းစေသည်။ ထိခိုက်နစ်နာမှု အများဆုံးကတော့ စာပေပညာရှင် မိသားစုများနှင့် ပညာရှင်များ ဖြစ်သည်။ ထိခိုက်မှု နည်းပါးသူများကတော့ ကုန်သည်အတန်းအစား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိ အနောက်တောင်ပိုင်း မူဝါဒသစ်၏ အဓိကအာရုံစိုက်မှုသည် စားနပ်ရိက္ခာ ၊ သတ္တုသန့်စင်ခြင်း ၊ လက်နက်ထုတ်လုပ်ခြင်း ၊ မြို့ရိုးတည်ဆောက်ခြင်း စသည်တို့အပေါ်တွင် ရှိနေသည်။ ထို့ပြင် စီမံကိန်းစီးပွားရေးစနစ် အရိပ်အယောင်များလည်း ပါဝင်နေသည်။ အခြေခံအုတ်မြစ်ချသည့် ကနဦးအဆင့် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးမဖြစ်ထွန်းသေးပေ။
တုပိုင်သည် ကုန်သည်များ၏ အာဏာကို တမင်တကာ ဖြိုခွင်းခဲ့ခြင်း မဟုတ်ပေ။ နောက်နှစ်အနည်းငယ်အတွင်း စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ပေါက်ကွဲထွက်ပေါ်လာမည်ဖြစ်ပြီး ကုန်သည်အများအပြားသည် အကြီးမားဆုံး အကျိုးခံစားခွင့် ရရှိသူများ ဖြစ်လာကြပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ စာပေပညာရှင် အရာရှိမိသားစု အများစုနှင့် ချမ်းသာကြွယ်ဝသူ အများစုမှာ ဖိနှိပ်ခံထားရသဖြင့် ကုန်သွယ်ရေးလုပ်ငန်းများမှာ ယာယီအားဖြင့် ညှိုးနွမ်းနေရသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၃ + ၆၄၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team