← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 65 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 65 Ch. 645-646

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၅ + ၆၄၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ပြည်သူလူထု၏ ဝယ်ယူသုံးစွဲနိုင်စွမ်းအားကို တည်ဆောက်မရသေးသဖြင့် စီးပွားရေးသမားများသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် သူတို့သည် နေ့စဉ်နှင့်အမျှ တုပိုင်ကို ကျိန်ဆဲကြပြီး သေချင်းဆိုးနှင့် သေပါစေဟု ဆုတောင်းကြလေသည်။

တုပိုင် သေဆုံးပြီဟူသော သတင်းထွက်ပေါ်လာသောအခါ နန်နင်းမြို့ ၊ ကွေ့လင်မြို့နှင့် ဝူကျိုးမြို့တို့တွင် ဗြောက်အိုးဖောက်သံများ ဆူညံသွားပြီး သူ့သေဆုံးမှုကို ဂုဏ်ပြုနေကြသကဲ့သို့ပင် ဖြစ်နေသည်။

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ထပ်မံမေးမြန်းလိုက်သည်။

“တုပိုင်ရဲ့ မူဝါဒသစ်က ဥပဒေမဲ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေတာလား။”

“ဥပဒေမဲ့တာ... ဥပဒေမဲ့တာ”

“အဲဒီ မိန်းမစိုးကောင် မသေသင့်ဘူးလား... တုပိုင် မသေသင့်ဘူးလား”

“တုပိုင် သေပြီ။”

“ပျော်တယ်။”

“ပျော်တယ်ကွ။”

လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ပုန်းကွယ်ရင်း အော်ဟစ်လိုက်သည်။ သူတို့သည် ယုံကြည်စိတ်ချရသူများ မဟုတ်သလို ပညာရှင်များလည်း မဟုတ်ကြပေ။ ကုန်သည်အငယ်စားများနှင့် ကမ္ဘာကြီး ပရမ်းပတာဖြစ်နေမည်ကို စိုးရိမ်သော အလုပ်မရှိ အကိုင်မရှိ လျှောက်သွားနေသူများသာ ဖြစ်သည်။

တုပိုင်၏ မူဝါဒသစ်ကြောင့် သူတို့သည် တစ်နှစ်လျှင် ငွေတုံး ဒါဇင်ပေါင်းများစွာ ဝင်ငွေလျော့နည်းသွားသဖြင့် မုန်းတီးနေကြခြင်း ဖြစ်သည်။

အမှန်တကယ်တွင် တုပိုင်သာ မရှိပါက ကွမ်ရှီးပြည်နယ်သည် ရှုပ်ထွေးပွေလီနေမည်ဖြစ်ပြီး ဤကုန်သည်အငယ်စားများသည် စစ်ပွဲအတွင်း သေဆုံးသွားကြရမည် ဖြစ်သည်။

သို့သော် သူတို့က ထိုအချက်ကို ဂရုမစိုက်ကြပေ။ သူတို့သိသည်မှာ တုပိုင်ကြောင့် သူတို့၏ ငွေတုံး ဒါဇင်ပေါင်းများစွာ ဆုံးရှုံးသွားရသည်ဟူသော အချက်သာ ဖြစ်ပြီး ထို့ကြောင့် တုပိုင် သေသင့်သည်ဟု ယူဆကြသည်။

ထို့အပြင် တုပိုင်ကြောင့် တရားမဝင် မှောင်ခိုလုပ်ငန်းအားလုံး ရပ်တန့်သွားခဲ့သည်။ ကုန်သည်အုပ်စုကြီး တစ်ခုလုံး ငွေရှာမရ ဖြစ်သွားကြသည်။ သူတို့သည် တုပိုင်ကို အရှင်လတ်လတ် အရေခွံနွှာ ၊ အသားကိုစားပြီး သွေးကို သောက်ချင်လောက်အောင် မုန်းတီးနေကြသည်။

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ကျန့်ရှီးနယ်စားမင်းအိမ်တော်ရဲ့ စာရင်းကိုင်ချုပ် ချန်ဖိန်ဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေတယ်။ သူ့ကို သတ်သင့်သလား။”

“သတ်...”

“သတ်...”

“သတ်ကြ။”

ဘေးမှ ကြည့်နေကြသော ထောင်ပေါင်းများစွာသော လူအုပ်ကြီး ၊ ပညာရှင်များ ၊ ကုန်သည်အငယ်စားများနှင့် အလုပ်လက်မဲ့များ အားလုံးသည် တုပိုင်ကို မုန်းတီးသူများ ဖြစ်စေ ၊ ပွဲကြည့်လိုသူများ ဖြစ်စေ သေချာပေါက် အော်ဟစ်ကြလေသည်။ “သတ်”

ကွမ်ရှီးအုပ်ချုပ်ရေးမှူး ဝူစန်းရှီ မျက်မှောင်ကြုတ်လိုက်မိလေသည်။

ဤအစိုးရအဖွဲ့ဝန်ကြီး ဝမ်ကျန့်ရှူးသည် ဖြောင့်မတ်တည်ကြည်သော အရာရှိတစ်ဦး ဖြစ်သည်။ သူ နန်းတွင်း၌ ရှိစဉ်က ဝမ်ကျန့်ရှူးကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အိမ်ပြန်ကာ စာဖတ်စေခဲ့သည်။

သို့သော် သူသည် နန်းတော်မှ ထွက်ခွာသွားပြီးနောက် နန်းတွင်းစစ်ဆေးရေး ခရီးစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး စစ်ဆေးရေးမှူးရုံးသို့ ဝင်ရောက်ကာ အမြင့်ဆုံးအဆင့်ဖြစ်သော လက်ယာဘက်ခြမ်း အကြီးအကဲ ရာထူးအထိ ရောက်ရှိခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံး ဆဲရေးတိုင်းထွာနေခဲ့ပြီး သူအကျွမ်းကျင်ဆုံးအလုပ်မှာ ပြည်သူ့အမြင်ကို လမ်းကြောင်းလွှဲခြင်းနှင့် အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း ဖြစ်သည်။

သို့သော် သူသည် တစ်ခါမျှ ဒေသန္တရ အုပ်ချုပ်ရေးမှူး မလုပ်ဖူးပေ။ ယခုအခါ ဘုရင်ခံတစ်ဦး ဖြစ်လာသော်လည်း နန်းတွင်းသမိုင်းဆရာများကဲ့သို့ ပြည်သူ့အမြင်ကို လှုံ့ဆော်ပြီး သူ့ကိုယ်သူ အောင်မြင်အောင် လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူသည် အမှန်တကယ် အရည်အချင်းပြည့်မီသော နယ်စပ်ဒေသ အရာရှိတစ်ဦး မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အကြောင်းအကျိုး ခိုင်လုံပြီး စာဖတ်နိုင် ၊ အလုပ်လုပ်နိုင်သော ချန်ဖိန်သည် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထို့အပြင် စကားစစ်ထိုးပွဲတွင် ဝမ်ကျန့်ရှူးကဲ့သို့သော အစိုးရအဖွဲ့ဝန်ကြီးကို ရင်ဆိုင်ရာ၌ သူသည် အရှုံးမပေးခဲ့ပေ။ ဝမ်ကျန့်ရှူးသာလျှင် ဘယ်ညာတိမ်းရှောင်ပြီး စိတ်ခံစားချက်များကို လှုံ့ဆော်ကာ အရှိန်အဟုန်ဖြင့် ဖိနှိပ်ရန် ကြိုးစားခဲ့ရသည်။

မြို့တော်မှ အဘယ်ကြောင့် ဤကဲ့သို့သောလူမျိုးကို ဟူကွမ်းဘုရင်ခံအဖြစ် စေလွှတ်လိုက်ရသနည်း။ လုံးဝ ခေတ်နောက်ပြန်ဆွဲပြီး လက်တွေ့မကျသည့်အပြင် အစွန်းရောက်ပြီး ရိုးအလွန်းအားကြီးသည်။

ဤလောကကြီးတွင် ကျန်းရန်မင်ကဲ့သို့ ဖြောင့်မတ်တည်ကြည်ပြီး ဉာဏ်ပညာကြီးမားကာ စစ်ရေးပါရမီရှင်မျိုးက တကယ့်ကို ရှားပါးလွန်းလှပါသည်။

“တရားခံ ချန်ဖိန်က နန်းတွင်းအရာရှိတွေကို သတ်ဖြတ်ခဲ့တယ်။ သူ့အပြစ်က ခွင့်လွှတ်လို့မရနိုင်ဘူး။ သေဒဏ် စီရင်စေ။”

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အမိန့်တံဆိပ်တုံးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထိုအချိန်တွင် သူသည် တကယ်ကို တရားမျှတသော တရားသူကြီးတစ်ဦးဟု ခံစားနေရသည်။

“ဘုရင်ခံမင်းကြီးက ဉာဏ်ပညာကြီးမားပါပေတယ်။”

“ဘုရင်ခံမင်းကြီးက ဉာဏ်ပညာကြီးမားပါပေတယ်။”

အပြင်ဘက်မှ လူထောင်ပေါင်းများစွာက အော်ဟစ်လိုက်ကြသည်။ လီဝမ်ဟွေ့သည် နောက်ဆောင်မှ ထွက်လာပြီး ချန်ဖိန်၏ လက်ကို တိုက်ရိုက် ဆွဲကိုင်ကာ ပြောလိုက်သည်။

“သွားကြစို့။”

ထို့နောက် သူသည် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို ပြောလိုက်သည်။

“အမတ်မင်းဝမ်ကျန့်ရှူး... ပါတီစွဲတိုက်ပွဲတွေက တကယ်ပဲ အဲဒီလောက် အရေးကြီးနေသလား။ အမှန်တရားကို လျစ်လျူရှုနိုင်လောက်တဲ့အထိလား။ ချန်ဖိန် ပြောခဲ့တယ်လေ။ ဝူကျိုးစီရင်စုမှူးနဲ့ စီရင်စုခွဲမှူး သုံးယောက်ကို သူသတ်တာ မဟုတ်ပါဘူး။ ဖန်းမိသားစုရဲ့ သူလျှိုတွေ သတ်တာပါ။ ခင်ဗျား ဘာလို့ မစစ်ဆေးတာလဲ။ ချန်ဖိန်ကို ကျုပ်ခေါ်သွားမယ်။ ပြီးတော့ မြို့တော်ကို ကိုယ်တိုင် အစီရင်ခံစာတင်မယ်။ အရှင်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားဆီကနေ နန်းတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပြီး အမှုကို ကြားနာစေရမယ်။”

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက အေးစက်စွာ ပြောလိုက်သည်။ “ဝမ်ဟွေ့... ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်နဲ့။ ခင်ဗျားရဲ့ သစ္စာတရားက ဧကရာဇ်မင်းမြတ်နဲ့ နန်းတော်အပေါ်မှာ ရှိရမယ်။ တုပိုင်အပေါ်မှာ မဟုတ်ဘူး။ ပြီးတော့ သူက သေပြီ။”

ထို့နောက် သူသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ “လာကြစမ်း... ချန်ဖိန်ကို ခေါ်ထုတ်သွားပြီး ချက်ချင်း ခေါင်းဖြတ်သတ်။ ရာဇဝတ်မှုကြီး ကျူးလွန်ထားတဲ့အတွက် တရားစီရင်ရေးဝန်ကြီးဌာနကို တင်ပြပြီး ပြန်လည်စစ်ဆေးစရာ မလိုဘူး။”

“ဟုတ်ကဲ့ပါ။” ထို့နောက် စစ်သည် ဒါဇင်ပေါင်းများစွာ ထွက်လာပြီး ချန်ဖိန်ကို ဖမ်းဆီးကာ ပြတ်ပြတ်သားသား အရေးယူရန် ပြင်ဆင်ကြလေသည်။

“ဝုန်းခနဲ...” ရုတ်တရက် ဟူကွမ်းဘုရင်ခံအိမ်တော်၏ တံခါးမကြီး ရိုက်ချိုးဖျက်ဆီးခံလိုက်ရလေသည်။

တုပိုင်သည် မြင်းစီးတပ်သား ရာပေါင်းများစွာကို ဦးဆောင်ကာ ဝင်ရောက်လာ၏။ သူ ပထမဆုံး ကြည့်လိုက်သည်မှာ ချန်ဖိန် မဟုတ်သလို ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးလည်း မဟုတ်ဘဲ သူ့မွေးစားအဖေ လီဝမ်ဟွေ့ ဖြစ်သည်။

သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိလေသည်။ လီဝမ်ဟွေ့ သဘောတူလိုက်သောကြောင့်သာ ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် ဟူနန်နှင့် ကွမ်ရှီးသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲများစွာတွင် တစ်ဖက်လူက တစ်လက်မရလျှင် တစ်မိုင်လော​က် တက်စီးလိုသော်လည်း တုပိုင်၏ ကျန့်ရှီးနယ်စားမင်းအိမ်တော် အရာရှိများက တစ်ဆင့်ပြီးတစ်ဆင့် အလျှော့ပေးခဲ့ရသည်။

လီဝမ်ဟွေ့သည် ကျန့်ရှီးနယ်စားမင်းအိမ်တော်နှင့် ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံရုံးကို အမြဲတစေ ဖိနှိပ်ထားခဲ့သည်။

သူသည် လီမိသားစုနှင့် တစ်ဖက်လူအပေါ် အလွန်ရက်စက်သည်ဟု ထင်ရသည်။ သို့သော် ဧကရာဇ်၏ တိုက်ရိုက်အမိန့်နှင့် ရင်ဆိုင်ရသောအခါ သူသည် အားကိုးရာမဲ့ ဖြစ်နေရှာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများထက် ဧကရာဇ်အပေါ် ပိုမိုသစ္စာရှိသောကြောင့် ဖြစ်သည်။

သူသည် နှစ်ဖက် ပဋိပက္ခ ကြီးထွားမလာအောင် တတ်နိုင်သမျှ ထိန်းသိမ်းထားခဲ့သည်။ သို့သော် ထိုအချက်ကပင် အနောက်တောင်ပိုင်းတွင် အတိုင်းအတာတစ်ခုအထိ ဖရိုဖရဲ ဖြစ်စေခဲ့သည်။

မြင်းပေါ်တွင် ထိုင်နေသော တုပိုင်သည် ဒုတိယအကြိမ်အဖြစ် ချန်ဖိန်ကို ကြည့်လိုက်သည်။ တစ်ဖက်လူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ချေ။ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ရည်များ ဒလဟော စီးကျလာကာ အံ့သြဝမ်းသာမှုကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေရှာသည်။

နောက်ဆုံးတွင် သူသည် ဟူကွမ်းဘုရင်ခံချုပ် ဝမ်ကျန့်ရှူးကို ကြည့်လိုက်သည်။ ဤဖြောင့်မတ်တည်ကြည်သော အရာရှိကြီး ၊ တစ်ချိန်က နာမည်ကျော်ကြားခဲ့သော အရာရှိကြီးသည် ဖန်းကျိုးနှင့် ထပ်ခါတလဲလဲ ထိပ်တိုက်တွေ့ခဲ့သောကြောင့် နေရပ်ရင်းသို့ ပြန်လည်မောင်းထုတ်ခံခဲ့ရသည်။

ဖန်းမိသားစု နန်းတွင်းမှ လုံးဝ ဆုတ်ခွာသွားပြီးနောက် ဖန်းမိသားစု မောင်းထုတ်ခဲ့သော အရာရှိများအားလုံး နန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ကြသည်။

ထိုအထဲတွင် ဖြောင့်မတ်တည်ကြည်သော အရာရှိများစွာ ပါဝင်သည်။ သို့သော် ဖြောင့်မတ်တည်ကြည်သော အရာရှိများစွာ ၊ အထူးသဖြင့် စစ်ဆေးရေးမှူးရုံးမှ အရာရှိများသည် ယုတ်မာပြီး အမုန်းပွားတတ်ကြသည်။

သူတို့၏ အကြီးမားဆုံး အရည်အချင်းမှာ လေလုံးထွားခြင်း သက်သက်သာ ဖြစ်ချေသည်။ ‘ဘာပဲဖြစ်ဖြစ် ငါက အကျင့်ပျက်ခြစားခြင်း မရှိဘူး။ ငါက ကိုယ်ကျင့်တရား မြင့်မားတဲ့ နေရာမှာ ရပ်တည်နေတယ်။ ဘာပဲဖြစ်ဖြစ် ငါ့အမြင်ကို သဘောမတူတဲ့သူတွေက သစ္စာဖောက်တွေပဲ။’ ထိုသည်က သူတို့၏ ဝါဒပင်။

ပါတီစွဲဖြင့် တိုက်ခိုက်ခြင်း ၊ ကွဲပြားခြားနားသူများကို ဆန့်ကျင်ခြင်း ၊ လူတစ်ယောက်ကို သေဒဏ်ပေးရန်နှင့် နာမည်ပျက်စေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်တတ်ကြသည်။

အမှားအမှန်နှင့် ပတ်သက်လျှင် သူတို့ သိပ်ဂရုမစိုက်ကြပေ။ သူတို့သည် ရည်ရွယ်ချက်နှင့် ရလဒ်ကိုသာ ဂရုစိုက်ပြီး လုပ်ငန်းစဉ်နှင့် နည်းလမ်းကို ဂရုမစိုက်ကြပေ။

ဘာပဲဖြစ်ဖြစ် ငါက ဖြောင့်မတ်တည်ကြည်တဲ့ အရာရှိတစ်ယောက် ၊ ငါမှန်တယ် ဆိုသည့် ဉာဏ်ရည်မမှီသည့် လူတစ်စုပင်။

တုပိုင်ကို မြင်လိုက်ရသော ခဏ၌ လီဝမ်ဟွေ့သည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားကာ တစ်ကိုယ်လုံး လျော့ရဲသွားသလို ခံစားလိုက်ရသည်။ ထို့နောက် မူးဝေသွားပြီး ဤကာလအတွင်း သူတကယ်ပဲ ပြိုလဲတော့မလို ဖြစ်နေခဲ့ရသည်။

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးသည် အစပိုင်းတွင် လန့်ဖျပ်သွားပြီး သူ့မျက်လုံးသူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ ထို့နောက် သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မဟာနယ်စားမင်းတုပိုင်... ခင်ဗျားက ဘုရင်ခံရုံးကို တိုက်ခိုက်ဖို့ ဦးဆောင်လာတာလား။ နန်းတွင်းအမတ်တွေကို လေးစားမှု တစ်ဝက်လောက်တောင် ရှိရဲ့လား။ နန်းတော်နဲ့ အရှင်မင်းမြတ်ကို မျက်လုံးထဲ ထည့်ရဲ့လား။”

လာပြန်လေပြီ။ အရာရှိနောက်ခံမှ လာသူတို့သည် အလွန်ပင် စိတ်ပျက်ဖွယ် ကောင်းလှသည်။ စကားပြောတိုင်း ခေါင်းစဉ်ကြီး တပ်၍ ပြောဆိုတတ်ကြလေသည်။

တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အမတ်မင်း... ကျွန်တော်က မြင်းစီးပြီး ဘုရင်ခံအိမ်တော်ထဲ ဝင်လာတာကို မလေးစားဘူးလို့ ပြောတယ်။ ဒါဆို ခင်ဗျားက ကျွန်တော့်ကို သစ္စာဖောက်လို့ ပြောပြီး သေပြီလို့ ပြောနေတာကျတော့ နန်းတွင်းအမတ်တစ်ယောက်အနေနဲ့ လေးစားမှု ရှိလို့လား။”

ဝမ်ကျန့်ရှူးက အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျား လုပ်ရဲရင် တခြားလူတွေက ပြောတာကို မခံနိုင်ဘူးလား။ ပြည်သူကို ကာကွယ်တာက မြစ်ရေကို တားဆီးတာထက် ပိုကောင်းတယ်။”

မင်းအမေလင်... မင်းကျတော့ အကုန်ပြော၍ ရသည်လား။ အတိုချုပ်ဆိုရသော် မင်းဆဲလျှင် မှန်၏။ ငါဆဲလျှင်ကား သစ္စာဖောက် ဖြစ်ရသည်။

တုပိုင် စိတ်ကို လျှော့လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ချန်ဖိန်ကို ခေါ်သွားမယ်။ ဝူကျိုးစီရင်စုမှူးနဲ့ တခြားအရာရှိတွေကို ချန်ဖိန် သတ်ဖြတ်မှုအကြောင်း ကျွန်တော် စုံစမ်းစစ်ဆေးမယ်။”

“မရဘူး... ငါစစ်ဆေးပြီးပြီ။ ပြတ်ပြတ်သားသား အမိန့်ချပြီးပြီ။”

ဝမ်ကျန့်ရှူးက ပြောလိုက်သည်။ “မဟာနယ်စားမင်းတုပိုင်... အနောက်တောင်ပိုင်းက ဥပဒေမဲ့ နေရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည် မဟုတ်ဘူး။ မင်းသားဆိုရင်တောင် ပြည်သူနဲ့တန်းတူ ပြစ်ဒဏ်ခံရမယ်။ ချန်ဖိန်က ခင်ဗျားရဲ့ လူယုံဆိုပေမဲ့ နန်းတွင်းအရာရှိတွေကို သတ်ဖြတ်ခဲ့ပြီး ပူးပေါင်းကြံစည်ခဲ့တယ်။ ခင်ဗျား သူ့ကို မကာကွယ်သင့်ဘူး မဟုတ်လား။”

တုပိုင်က ပြောလိုက်သည်။ “ချန်ဖိန်က နန်းတွင်းအရာရှိကို သတ်ဖြတ်တဲ့အမှုက ဆက်လက်စုံစမ်းဖို့ လိုသေးတယ်လို့ ကျွန်တော် ပြောပြီးပြီ။ ဒါ့အပြင် ဟူကွမ်းဘုရင်ခံအိမ်တော်က နန်နင်းမှာတင် မဟုတ်ဘဲ ချန်ရှားစီရင်စုမှာလည်း တည်ရှိလို့ ရပါတယ်။ ဘုရင်ခံမင်းကြီး ချန်ရှားစီရင်စုကို သွားတာ ပိုကောင်းမယ်။”

တုပိုင် အမှန်တကယ် အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

သူ့ရှေ့က ဝမ်ကျန့်ရှူးဆိုသူသည် မည်သို့ပင်ဆိုစေကာမူ ဖြောင့်မတ်တည်ကြည်သော အရာရှိတစ်ဦး ဖြစ်သည်။ လီဝမ်ဟွေ့၏ ဆယ်နှစ်ကျော် မိတ်ဆွေရင်း ဖြစ်သည်။ ဧကရာဇ်၏ အစိုးရအဖွဲ့သစ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

‘ဒါကြောင့် ဟူနန်ကို သွားလိုက်ပါ။ အဲဒီပြည်နယ်ကို မင်းလုပ်ချင်တာလုပ်။ ငါ ပြည်နယ်တစ်ခု စွန့်လွှတ်ပေးလိုက်မယ်။’ ဟူ၍ တုပိုင်က အလျော့ပေးလိုက်ခြင်းဖြစ်သည်။

“ဟားဟားဟား...” ဝမ်ကျန့်ရှူးက အေးစက်စွာ ရယ်မောလိုက်သည်။

“ငါက ဟူနန်နဲ့ ကွမ်ရှီး ဘုရင်ခံပဲ။ ကွမ်ရှီးမှာ နေချင်နေမှာပေါ့။ မဟာနယ်စားမင်းက ငါ့ကို လာညွှန်ကြားလို့ မရဘူး။ ငါ့ကိစ္စကို ဝင်မစွက်ဖက်နဲ့။ ငါလည်း မင်းဘက်က ကိစ္စတွေကို ဝင်မစွက်ဖက်ဘူး။”

သူက တာဝန်တစ်ခုနှင့် လာခဲ့ခြင်း ဖြစ်သည်။ အဘယ်မှာလျှင် ထွက်ခွာသွား၍ ရမည်နည်း။ အင်ပါယာ ပြန်လည်ရှင်သန်ရေး ခေါင်းဆောင်တစ်ယောက် ဖြစ်လာရန် ၊ အနောက်တောင်ပိုင်း တစ်ခုလုံးကို အင်ပါယာအတွက် ပြန်လည်ရယူပြီး အင်အားကြီးမားသော အနောက်တောင်ပိုင်းကို တည်ဆောက်ရန် သူကျိန်ဆိုထားသည်။

ဤတာဝန် ပြီးဆုံးသွားလျှင်ကား ဝမ်ကျန့်ရှူးဟူသော နာမည်သည် ထာဝရ တည်တံ့သွားပေလိမ့်မည်။

တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ဤလူ၏ စိတ်ဓာတ်သည် အမှန်တကယ်ပင် နံစော်ပြီး မာကျောလှချေသည်။ သို့သော် ဤလူကို ထိခိုက်အောင် လုပ်လိုက်လျှင် မြို့တော်ကို ပါးရိုက်သကဲ့သို့ ဖြစ်သွားမည်။ ဧကရာဇ်ကိုပါ ပါးရိုက်သကဲ့သို့ ဖြစ်သွားမည်။ ထိုသည်က နှစ်ဖက် ပဋိပက္ခကို ပြန်လည်မကုစားနိုင်သော အခြေအနေအထိ ကြီးထွားသွားစေနိုင်သည်။

“ချန်ဖိန်ကို ခေါ်ထုတ်သွား။”

တုပိုင် အမိန့်ပေးလိုက်သည်။ အချိန်တန်လျှင် သူစစ်သည်တွေလွှတ်ပြီး ဤလူများကို မောင်းထုတ်လိုက်မည်။ ဤအဖိုးကြီးနှင့် စကားနိုင်လုရန် သူစိတ်မဝင်စားပေ။

တုပိုင် ကျုံ့ဝင်သွားသည်ကို မြင်သောအခါ ဝမ်ကျန့်ရှူး အလွန်ဝမ်းသာသွားသည်။ သူထင်ထားသလို မာန်မတက်တော့ပေ။

တုပိုင်သည် မြို့တော်နှင့် ပဋိပက္ခ ကြီးထွားလာမည်ကို မလိုလားကြောင်း ၊ လမ်းခွဲရန် ပို၍ပင် ဆန္ဒမရှိကြောင်း သူတွေ့လိုက်ရသည်။ စစ်ဆေးရေးမှူးရုံးတွင် သူ ဤကဲ့သို့သော ကိစ္စမျိုးကို အများကြီး တွေ့ဖူးသည်။ ယခုအချိန်သည် အောင်ပွဲကို အခွင့်ကောင်းယူပြီး လိုက်လံတိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

လက်ကျန် သတ္တိရှိသူများကို ဆင်းရဲသားများ လိုက်လံတိုက်ခိုက်သင့်သည်။ ကျော်ကြားလိုမှုအတွက် အာဏာရှင်ဆန်ဆန် မပြုမူသင့်ပေ။ ဤနာမည်ကျော် ကဗျာတစ်ပုဒ် မထွက်ပေါ်လာသေးသော်လည်း စစ်ဆေးရေးမှူးရုံးမှ နန်းတွင်းသမိုင်းဆရာများ၏ မဟာဗျူဟာ ဥပဒေပင် ဖြစ်သည်။

ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ တုပိုင်ကို ဖိနှိပ်ပြီး ချန်ဖိန်ကို သတ်ပစ်ရမည်။

ဤနည်းအားဖြင့် သူနှင့် တုပိုင်တို့၏ ပထမဆုံး တိုက်ပွဲတွင် သူအနိုင်ရရှိသွားပြီး ကွမ်ရှီးတွင် ခိုင်မာသော ခြေကုပ်စခန်း ရယူနိုင်မည် ဖြစ်သည်။

သူ့တွင် နန်းတော်၏ တရားမျှတမှု ရှိနေသောကြောင့် တုပိုင်၏ မာန်မာနကို လုံးဝ ချိုးနှိမ်ပစ်ရန် ဤတစ်သက်တာ တစ်ကြိမ်သာရသော အခွင့်အရေးကို ဆုပ်ကိုင်ထားရမည်။ ချန်ဖိန်က ဝူကျိုးစီရင်စုမှူးနဲ့ အရာရှိသုံးဦးကို တကယ်သတ်ခဲ့သလား ဆိုတာကိုတော့ သူ သိပ်ဂရုမစိုက်ပေ။ နိုင်ငံရေးသမားများသည် ရလဒ်ကိုသာ ဂရုစိုက်ပြီး လုပ်ငန်းစဉ်ကို ဂရုမစိုက်ကြပေ။

“ဘယ်သူရဲသလဲ။”

ပိန်လှီသော ဘုရင်ခံ ဝမ်ကျန့်ရှူး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ချန်ဖိန်ရှေ့တွင် ပိတ်ရပ်ကာ စူးရှစွာ ပြောလိုက်သည်။

“ဘယ်သူက ချန်ဖိန်ကို ခေါ်သွားရဲသလဲ။ မဟာနယ်စားမင်းတုပိုင်... ခင်ဗျား ပုန်ကန်ချင်တာလား။”

ထိုအချိန်တွင် ဝမ်ကျန့်ရှူးသည် သန်မာပြီး တရားမျှတနေသည်။ “မိတ်ဆွေတို့... ပညာရှင်တို့... နန်းတော်ရဲ့ ဥပဒေကို ထိန်းသိမ်းဖို့ အချိန်ရောက်ပြီ။ ကမ္ဘာလောကရဲ့ တရားမျှတမှုကို ထိန်းသိမ်းဖို့ အချိန်ရောက်ပြီ။ အပြစ်မဲ့သူတွေကို သတ်ဖြတ်တဲ့ ရာဇဝတ်ကောင်တစ်ယောက်ကို စစ်ဘုရင်တစ်ယောက်က ခေါ်သွားတာကို ခွင့်ပြုနိုင်ပါ့မလား။”

ရုတ်တရက် လူငယ်ပညာရှင် ဒါဇင်ပေါင်းများစွာနှင့် အရာရှိဝန်ထမ်း ရာပေါင်းများစွာသည် စိတ်အားထက်သန်မှုဖြင့် လှုံ့ဆော်ခံလိုက်ရသည်။ တုပိုင်သည် ဘုရင်ခံရှေ့တွင် တဖြည်းဖြည်း နောက်ဆုတ်နေသည်ကို မြင်သောအခါ ဤသည်မှာလည်း တစ်သက်တာ တစ်ကြိမ်သာရသော အခွင့်အရေးဟု ခံစားလိုက်ကြရသည်။

ရုတ်တရက် ပညာရှင် ဒါဇင်ပေါင်းများစွာ ၊ အရာရှိဝန်ထမ်း ရာပေါင်းများစွာ ၊ ထို့အပြင် တုပိုင်ကို မုန်းတီးသော ကုန်သည်အငယ်စားများနှင့် ပွဲကြည့်လိုသော အလုပ်လက်မဲ့များ အားလုံး ပြေးထွက်လာပြီး ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို ဝိုင်းရံလိုက်ကြသည်။

“မဟာနယ်စားမင်းတုပိုင်... မြင်လား။ ကမ္ဘာလောကရဲ့ တရားမျှတမှုက ငါတို့ဘက်မှာ ရှိတယ်။ ချန်ဖိန်ကို ခေါ်သွားချင်ရင် ငါတို့ အလောင်းတွေကို နင်းပြီးမှ ခေါ်သွားလို့ရမယ်။”

ဘုရင်ခံ ဝမ်ကျန့်ရှူး စိတ်ထဲတွင် အလွန်ဝမ်းသာနေသည်။ နန်းတွင်းစစ်ဆေးရေးရုံးတွင် သူအသုံးပြုခဲ့သော တိုက်ခိုက်နည်းဗျူဟာ ၊ စိတ်ခံစားချက်ကို လှုံ့ဆော်ခြင်းသည် မျှော်လင့်ထားသည့်အတိုင်း ထပ်ခါတလဲလဲ အလုပ်ဖြစ်နေသည်။

သို့သော် ဝူစန်းရှီ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ လီဝမ်ဟွေ့၏ မျက်နှာလည်း အကြီးအကျယ် ပြောင်းလဲသွားပြီး စူးရှစွာ ပြောလိုက်သည်။

“ဝမ်ကျန့်ရှူး... ခင်ဗျား မလုပ်နဲ့...”

“ဟားဟား... အုပ်ချုပ်ရေးမှူး ဝူစန်းရှီ... ခင်ဗျားက စစ်ဘုရင်ရဲ့ အာဏာမက်မောမှုအောက်မှာ အရှုံးပေးလိုက်ပြီလား။ ကျုပ် ဝမ်ကျန့်ရှူးကတော့ ခင်ဗျားလောက် ခေါင်းမမာဘူး။ ကမ္ဘာလောကမှာ တရားမျှတမှု ရှိတယ်။ ကျုပ်ရဲ့ နှလုံးသားထဲမှာ တရားမျှတမှု ရှိတယ်။ ဝမ်ကျန့်ရှူးက ဘာကို ကြောက်ရမှာလဲ။”

“မဟာနယ်စားမင်းတုပိုင်... ခင်ဗျားက ချန်ဖိန်ကို အတင်းအဓမ္မ ခေါ်သွားချင်တယ်။ ပြီးတော့ နန်းတော်ရဲ့ ဥပဒေတွေကို လျစ်လျူရှုနေတယ်။ ခင်ဗျား ပုန်ကန်ချင်ရင် ကျုပ်ရဲ့ အလောင်းကို နင်းပြီး သွားလိုက်တော့။”

ဝမ်ကျန့်ရှူးက စိတ်ပါလက်ပါ ပြောဆိုလိုက်သည်။

“ခင်ဗျား ကျုပ်ရဲ့ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေပြီပဲ...”

တုပိုင် သက်ပြင်းချလိုက်သည်။ “နန်းတွင်းစစ်ဆေးရေးရုံးက သမိုင်းဆရာတွေ အကုန်လုံးက ခင်ဗျားလိုပဲ တုံးအကြသလား။ တခြားသူတွေက မျက်နှာပြောင်းတော့မယ်။ ငါ့မှာ ဘယ်နည်းလမ်း ရှိသေးလို့လဲ။ ခင်ဗျားရဲ့ အလောင်းကို နင်းပြီးသွားရမယ် ဟုတ်လား။ ကိစ္စမရှိပါဘူး။”

“တိုက်... တားဆီးရဲတဲ့သူတွေကို သတ်ပစ်လိုက်။ ကိစ္စမရှိဘူး။”

တုပိုင် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် မြင်းစီးတပ်သား ရာပေါင်းများစွာ ရှေ့သို့ တိုးလာပြီး တားစီးသူမှန်သမျှကို နင်းချေကြကုန်၏။

ခဏအတွင်းမှာပင် ခန်းမဆောင် အပြင်ဘက်ရှိ ပညာရှင် ရာပေါင်းများစွာ ၊ အရာရှိဝန်ထမ်းများ ၊ အလုပ်လက်မဲ့များနှင့် ကုန်သည်အငယ်စား ရာပေါင်းများစွာသည် ရိုက်ခတ်ခံရပြီး လွင့်စင်သွားကြသည်။ အရိုးများ ကျိုးပဲ့ကာ သွေးများ အန်ထွက်ကုန်ကြသည်။ မရေမတွက်နိုင်သော လူများသည် အသားစိုင်အဖြစ် တိုက်ရိုက် နင်းချေခံလိုက်ရသည်။

“အား... အား... အား...” သူတို့သည် သနားစရာကောင်းအောင် အော်ဟစ်နေကြသည်။ သွေးများ ပက်ဖျန်းသွားပြီး မရေမတွက်နိုင်သော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လေသည်။

“မလုပ်နဲ့... မလုပ်နဲ့...” ကွမ်ရှီးအုပ်ချုပ်ရေးမှူး ဝူစန်းရှီ မျက်လုံးပြူးသွားသည်။ သူ့ရှေ့က မြင်ကွင်းကို သူတကယ် မမြင်ချင်ခဲ့ပေ။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သူသည် ပွင့်လင်းမြင်သာသော ပညာရှင်တစ်ဦး ဖြစ်ပြီး သူ့ဖင်က စာပေပညာရှင် အရာရှိများဘက်တွင် လုံးဝ ထိုင်မနေပေ။ အနောက်တောင်ပိုင်း မူဝါဒသစ်နှင့် ပတ်သက်လျှင် သူသည် သံသယနှင့် ခုခံမှုမှ အံ့သြမှုနှင့် လက်ခံမှုသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ သူ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်နေဆဲပင်။

ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက ထိုလုပ်ရပ်ကို သဘောမတူသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ရာထူးတစ်ဆင့် နိမ့်သလို လုပ်သက်ရင့်ကျက်မှုလည်း များစွာ နိမ့်ကျသည်။

ထို့အပြင် သူသည် ကျန်းရန်မင်ကဲ့သို့ သောင်းချီသော လူထုအရှိန်အဝါ မရှိပေ။ အတိုင်းအတာတစ်ခုအထိ သူသည် ရိုးရာစာပေပညာရှင်တစ်ဦးသာ ဖြစ်ပြီး တုပိုင်နှင့် လမ်းကြောင်းတူ မသွားရဲပေ။

ထို့ကြောင့် ချန်ဖိန် အဖြစ်အပျက်တွင် သူသည် အလွန်သေးငယ်သော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ပြီး ရွှံ့နှင့်သာ ကစားနိုင်ခဲ့သည်။ သို့သော် တုပိုင်၏ သည်းခံနိုင်စွမ်းသည် ဤမျှ နိမ့်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ မဖြစ်သင့်သော်လည်း တိုက်ရိုက် သတ်ဖြတ်သည်အထိ ဖြစ်သွားခဲ့သည်။

ထို့အပြင် ရောက်ရှိနေသော ရာပေါင်းများစွာသော ဝန်ထမ်းများ ၊ ပညာရှင်များနှင့် ကုန်သည်အငယ်စားများသည်လည်း တုပိုင်က မျက်နှာပြောင်းပြီး ဤမျှ အေးစက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ခုနလေးတင် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို ရင်ဆိုင်စဉ်က သူ ဆုတ်ခွာပြီး အလျှော့ပေးမည့် အရိပ်အယောင် ရှိခဲ့သေးသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ တကယ် သတ်ဖြတ်လိုက်သည်။ လူထောင်ပေါင်းများစွာသည် မြင်းစီးတပ်သား ရာပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။

လူနည်းစုသည် ရွှံ့အဖြစ် နင်းချေခံလိုက်ရသည်။ အများစုမှာ အရိုးများ ကျိုးပဲ့သွားပြီး ချက်ချင်း မသေနိုင်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းကာ စိတ်ပျက်လက်ပျက် အော်ဟစ်နေကြသည်။

လွယ်ကူလှပေသည်။ ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးမှာမူ လုံးဝ ကြောင်အသွားလေသည်။ သူ့တိုက်ပွဲသမိုင်းတွင် ဤကဲ့သို့ တစ်ခါမှ မကြုံဖူးပေ။ သူ့ဘဝတစ်လျှောက်လုံး လူတိုင်းကို သူ တံတွေးနှင့် ထွေးခဲ့ဖူးသည်။ ဧကရာဇ်ကိုလည်း တံတွေးနှင့် ထွေးခဲ့သည်။ ဖန်းကျိုးကိုလည်း တံတွေးနှင့် ထွေးခဲ့သည်။ တုဟွေးကိုလည်း တံတွေးနှင့် ထွေးခဲ့သည်။

သူ အဘယ်ကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသနည်း။ ဖန်းအုပ်စုကို ရူးသွပ်စွာ တံတွေးနှင့် ထွေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ဖန်းရှန်ပင်လျှင် မျက်နှာပြောင်းပြီး လူကို တိုက်ရိုက် မသတ်ခဲ့ပေ။

ဤတုပိုင်ကား အရူးလော။ လွန်ခဲ့သည့် တစ်စက္ကန့်က အလျှော့ပေးမည့် အရိပ်အယောင် ရှိနေပြီး နောက်တစ်စက္ကန့်၌ လူသတ်လေတော့သည်။ ဤမျှလောက်ပင် စိတ်ပြောင်းလဲမှု မြန်ဆန်ရသလော။ သူ မသိတာ တစ်ခုရှိသည်။ တုပိုင်၏ သည်းခံနိုင်စွမ်းသည် စည်းတစ်ကြောင်းတည်းသာ ရှိသည်။ ထိုစည်းကို ကျော်သွားသည်နှင့် ပြဿနာကို ဖြေရှင်းရန် အကြမ်းဖက်နည်းလမ်းကို ရွေးချယ်တတ်သည်။

တုပိုင်သည် ချန်ဖိန်၏ မျက်နှာချင်းဆိုင်သို့ မြင်းစီးသွားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းတယ်။”

ထို့နောက် သူသည် ဟူကွမ်းဘုရင်ခံချုပ် ဝမ်ကျန့်ရှူးကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

“ဘုရင်ခံဝမ်... ခင်ဗျားက ယေဘုယျအားဖြင့် အသိပညာ ကြွယ်ဝတယ် ၊ ကိုယ်ကျင့်တရား ကောင်းတယ် ၊ အရည်အချင်း ရှိတယ်။ ပြီးတော့ အရှင်မင်းမြတ်ရဲ့ အမတ်တစ်ယောက် ဖြစ်သလို အရှင်မင်းမြတ်အပေါ် သစ္စာရှိတယ်လို့လည်း ယူဆလို့ရတယ်။ အစတုန်းကတော့ ခင်ဗျားကို သိက္ခာရှိတဲ့ ထွက်ပေါက်တစ်ခု ပေးမလို့ပါပဲ။”

“ငါမလိုချင်ဘူး...” ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးက အော်ဟစ်လိုက်သည်။

တုပိုင် သူ့ကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ကျွန်တော့်ကို စိတ်အပျက်ရဆုံး ဖြစ်စေတဲ့အချက်က ခင်ဗျားဟာ ပါတီစွဲတိုက်ပွဲကြောင့် အမှန်တရားကို လျစ်လျူရှုခဲ့တာပဲ။ ချန်ဖိန်က ဝူကျိုးစီရင်စုမှူးနဲ့ တခြားသူတွေကို သတ်ခဲ့သလား။ ခင်ဗျားစိတ်ထဲမှာ တကယ်ပဲ ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်ချင်တာလား။ ခင်ဗျားက လူသတ်ပြီး အာဏာတည်ဆောက်ချင်ရုံ သက်သက်ပဲ။ ကျွန်တော့်ရဲ့ လူယုံကို သတ်လိုက်တာက အထိရောက်ဆုံးပဲ မဟုတ်လား။”

ဝမ်ကျန့်ရှူးက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောသည်။

“သူပုန်... ငါက အရှင်မင်းမြတ်ကို ကွမ်ရှီး ပြန်ရအောင် ကူညီပေးနေတာ။ ဘာမှားလို့လဲ။”

တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားက ကွမ်ရှီးရဲ့ အာဏာကို ပြန်ယူမယ်။ ပြီးတော့ ခင်ဗျားက သမိုင်းဘီးကို နောက်ပြန်လှည့်ပြီး အဲဒီ စာပေပညာရှင် အရာရှိတွေကို ဂုဏ်သရေရှိ လူတန်းစားအဖြစ် ပြန်ဖိတ်ခေါ်မယ်။ မြေယာတွေကို ပြန်လည်ပေါင်းစည်းမယ်။ အလုပ်ရုံတွေနဲ့ စက်ရုံတွေကို ထူးဆန်းတဲ့ အတတ်ပညာတွေဆိုပြီး ဖျက်ဆီးပစ်မယ်။ ဟုတ်တယ်မလား။”

ဝမ်ကျန့်ရှူးက တုပိုင်ကို ခေါင်းမာမာဖြင့် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “မင်းရဲ့ အလုပ်ရုံတွေက ကောင်းကင်ဘုံနဲ့ သဟဇာတ မဖြစ်တာကို ဖျက်ဆီးနေတာ။ မင်းရဲ့ မူဝါဒသစ်က ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်တွေကို မှောက်လှန်ပစ်နေတာ။ သဘာဝအရကို သည်းခံလို့မရတဲ့ အရာပဲ။”

တုပိုင် လှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“မျက်ကန်းဖွင့်ကြည့်စမ်းပါ။ တွင်းအောင်းဖား... တာ့နင်အင်ပါယာမှာ ခင်ဗျားလိုလူ ရှိနေတာ တကယ်ကို ရှင်သန်ရတာ အဓိပ္ပာယ်မရှိဘူး။”

“ဟားဟားဟား...” ဝမ်ကျန့်ရှူးက ဒေါသတကြီး ပြောလိုက်သည်။

“မဟာနယ်စားမင်းတုပိုင်... ငါဘာလို့ နန်းတော်ကနေ ထုတ်ပယ်ခံရလဲဆိုတော့ ငါက ဖန်းအုပ်စုရဲ့ ရန်သူဖြစ်လို့ပဲ။ ငါ ဖန်းအုပ်စုနဲ့ တိုက်ခိုက်နေတုန်းက မင်းက ဘယ်ရောက်နေမှန်းတောင် မသိသေးဘူး။ မင်းက တုအိမ်တော်မှာ အလုပ်မရှိ အကိုင်မရှိ ကုန်းကုန်းတစ်ယောက်ပဲ ဖြစ်နေဦးမယ်။”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၅ + ၆၄၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters