အခန်း (၆၄၇-၆၄၈)
Vol. 65 Ch. 647-648
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၇ + ၆၄၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“ခင်ဗျားက တိုက်ခိုက်နေတာ မဟုတ်ဘူး။ စကားပြောနေတာ” တုပိုင်က ပြောလိုက်သည်။ “တိုင်းပြည်အကြောင်း မှားယွင်းစွာ ပြောဆိုနေတာ။ ဖန်းမိသားစုက ခင်ဗျားကို ဘာလို့ မသတ်ဘဲ လွှတ်ထားခဲ့တာလဲ သိလား။ ဒါပေမဲ့ ခင်ဗျားကျတော့ ဘာလို့ အုပ်ချုပ်ရေးမှူး ကျန်းရန်မင်ကို သတ်ချင်နေရတာလဲ။ ဘာလို့လဲဆိုတော့ ကျန်းရန်မင်က တကယ့်အမတ်ကောင်းတစ်ယောက် ဖြစ်နေလို့ပဲ။ ခင်ဗျားကတော့ အမှိုက်ကောင်သက်သက်မို့လို့ ဖန်းမိသားစုက မသတ်ဘဲ ချန်ထားခဲ့တာပေါ့”
ဝမ်ကျန့်ရှူး ဒေါသတကြီး ပြောလိုက်သည်။ “ပညာရှင်ကို သတ်ရင်သတ် ၊ မစော်ကားနဲ့။ မင်းလို မိန်းမစိုးတစ်ကောင်က ငါ့ကို ဒီလိုခေါ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။ တုပိုင်... မင်းလို သစ္စာဖောက် သူပုန်ကောင်က ဒီနေ့ ငါ့ကို မသတ်ရင် နောင်တစ်ချိန်ကျရင် ငါမင်းကို ဖြုတ်ချဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားသွားမှာ”
တုပိုင်က ပြောလိုက်သည်။ “လက်ရှိအချိန်မှာ ဖန်းမိသားစုဆိုတဲ့ ရန်သူကြီး ရှိနေတာတောင် ၊ ဂျာချင်အင်ပါယာနဲ့ ကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်ခါနီးနေတာတောင် ခင်ဗျားက ကျွန်တော့်ကို ဖြုတ်ချချင်နေတုန်းပဲလား”
ဝမ်ကျန့်ရှူးက အေးစက်စွာ ပြောလိုက်သည်။ “မင်းက သစ္စာဖောက် သူပုန်ကောင် သက်သက်ပဲ။ ဒါပေမဲ့ တာ့နင်အင်ပါယာမှာ သစ္စာရှိတဲ့ အမတ်ကောင်းတစ်ယောက်လို ဟန်ဆောင်နေတာ ပိုပြီး မုန်းစရာကောင်းတယ်။ ဖန်းမိသားစုထက်တောင် ပိုပြီး ကြီးမားတဲ့ ဘေးအန္တရာယ်ကောင်ပဲ။ မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်လေ။ သတ်လိုက်စမ်းပါ”
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားက အသက် ၇၀ ကျော်နေပြီ။ ဟန်မင်းဆက်တုန်းကဆိုရင် ခင်ဗျားလို လူအိုကြီးမျိုးကို ဧကရာဇ်ကတောင် လက်ညှိုးထိုးပြီး မဆဲဆိုရဲဘူး။ တကယ်လို့ ကျွန်တော်က ခင်ဗျားကို သတ်လိုက်ရင် ဘုရားသခင်တောင် ခွင့်လွှတ်ဖို့ ခက်ခဲလိမ့်မယ်”
“တကယ်လို့ ကျွန်တော်သာ နည်းနည်းလေး ပိုပါးနပ်မယ်ဆိုရင် ခင်ဗျားကို မသတ်ဘဲ လေပေါ်မြှောက်ထားပြီး ကျွန်တော့်သဘောထားကြီးမှုကို ပြသသင့်တာပေါ့” တုပိုင်က ဆက်ပြောသည်။ “ဒါပေမဲ့... ကျွန်တော့်မျက်လုံးထဲမှာ အရူးတစ်ယောက်ကို မြင်နေရတာ သည်းမခံနိုင်ဘူး”
“မူဝါဒသစ် ပျက်စီးအောင် ဘယ်သူမဆို တားဆီးနှောင့်ယှက်ရဲရင် သေရမယ်။ သေစေ”
တုပိုင်သည် သံကိုယ်ထည် နှင်တံကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဝမ်ကျန့်ရှူး၏ ခန္ဓာကိုယ်ကို ချိန်ရွယ်ကာ အားကုန် ရိုက်ချလိုက်လေသည်။
“ဖြောင်း...” ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ကျန့်ရှူး ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နံရိုးများ ကျိုးသွားလေ၏။ ထိုအချိန်တွင် သူသည် ဆဲဆိုလိုစိတ် မရှိတော့ဘဲ ၊ မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပေါ်လာသည်။
တုပိုင်.က တကယ်ပင် သူ့ကို သတ်တော့မည်လော။ သူ မြို့တော်နှင့် အဆက်အသွယ် ပြတ်သွားမည်ကို တကယ်ပင် မကြောက်ရွံ့တော့သည်လား။ တကယ်ကို ပုန်ကန်တော့မည်လား။
“ဖြောင်း... ဖြောင်း... ဖြောင်း...”
တုပိုင်သည် လက်ထဲမှ နှင်တံဖြင့် ဆက်တိုက် ရိုက်နှက်နေလေသည်။ မိနစ်ဝက်အတွင်းမှာပင် ဝမ်ကျန့်ရှူး သေဆုံးသွားရသည်။ မသေဆုံးမီအချိန်လေးတွင် သူ့မျက်လုံးများက ကြောက်ရွံ့စွာဖြင့် အသနားခံနေခဲ့၏။
**--**--**--**--**--**--**--**
ထိုနေရာတွင် ရှိနေသော ကွမ်ရှီးအုပ်ချုပ်ရေးမှူး ဝူစန်းရှီသည် ထိုမြင်ကွင်းကိုကြည့်ကာ တုန်ယင်နေပြီး ၊ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော ဖြစ်ကာ အေးစက်နေလေသည်။
ယခုအချိန်ထိ သူ ဤမြင်ကွင်းကို မယုံကြည်နိုင်သေးပေ။
“မဟာနယ်စားမင်းတုပိုင်... ခင်ဗျား... ခင်ဗျား သိသားပဲ။ ဒါက ဖန်းမိသားစုရဲ့ ပူးပေါင်းကြံစည်မှုဆိုတာ သိရက်နဲ့ ၊ ဖန်းမိသားစုက မြို့တော်နဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးကို သွေးခွဲနေမှန်း သိရက်နဲ့ ဘာလို့ အရူးလုပ်ခံလိုက်ရတာလဲ” ဝူစန်းရှီက တုန်ယင်စွာ ပြောလိုက်သည်။ “ဘာလို့ ခင်ဗျားက လုပ်ရက်ရတာလဲ။ ဆွေမျိုးသားချင်းတွေ နာကျင်ရပြီး ရန်သူတွေ ပျော်ရွှင်ရမယ့် အလုပ်မျိုးကို ဘာလို့ လုပ်လိုက်ရတာလဲ”
တုပိုင်က ပြန်မေးလိုက်သည်။ “အမတ်မင်းဝူ... ဒါဆို ဝမ်ကျန့်ရှူး လုပ်ခဲ့တာတွေက မှန်သလား ၊ မှားသလား”
ဝူစန်းရှီက ပြောသည်။ “သူမှားခဲ့ရင်တောင် ခင်ဗျား သူ့ကို မသတ်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက အရှင်မင်းမြတ်ရဲ့ ဝါရင့်အမတ်လေ။ ဂယက်ရိုက်ခတ်မှုကို ခင်ဗျား ထည့်မတွက်ဘူးလား”
တုပိုင်က ပြောလိုက်သည်။ “ဒါဆို သူက ချန်ဖိန်ကို သတ်ပြီး အနောက်တောင်ပိုင်း အာဏာကို သိမ်းဖို့ ကြိုးစားတုန်းကရော ၊ အခြေအနေ အရပ်ရပ်ကို ထည့်တွက်ပြီး ဂယက်ရိုက်ခတ်မှုကို ဂရုစိုက်ခဲ့လို့လား”
ထို့နောက် တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “နိုင်ငံရေးဆိုတာ အပေးအယူ အလျှော့အတင်းတွေနဲ့ ပြည့်နှက်နေမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခု ဘယ်အချိန် ရောက်နေပြီလဲ။ လူမျိုးတုံးတော့မယ့် အချိန်ရောက်နေပြီ။ ဒါကို ခေါင်းမာမာနဲ့ ရှေးရိုးစွဲ နေဦးမှာလား။ ပြီးတော့ ခင်ဗျား... ဝူစန်းရှီ။ ဝမ်ကျန့်ရှူး မှားနေမှန်း သိရက်နဲ့ ဘာလို့ မတားဆီးခဲ့တာလဲ။ ရွှံ့နဲ့ပဲ ကစားနေတာလား။ သူလုပ်ရပ်တွေက အနောက်တောင်ပိုင်း အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်မယ်ဆိုတာ သိရက်နဲ့ ဘာလို့ မတားဆီးခဲ့တာလဲ”
ကွမ်ရှီးအုပ်ချုပ်ရေးမှူး ဝူစန်းရှီသည် တုပိုင်ကို ကြည့်လိုက်ပြီး ၊ မျက်နှာသည် ဖြူဖပ်ဖြူရော ဖြစ်နေသည်။ ခဏကြာပြီးနောက် သူသည် သူ့အရာရှိဦးထုပ်ကို ချွတ်လိုက်ပြီး ပြောလိုက်သည်။ “မဟာနယ်စားမင်းတုပိုင်က သိပ်ကို အာဏာပြင်းပြီး အာဏာရှင်ဆန်လွန်းတယ်။ ကျုပ်က အရည်အချင်း မရှိပါဘူး။ ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖြစ်ထိုက်ပါဘူး”
“ကြိုက်သလို သဘောထားပါ” တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျား ကွမ်ရှီးအုပ်ချုပ်ရေးမှူး မလုပ်ချင်ရင် ထွက်သွားလိုက်တော့”
ဝူစန်းရှီ ဒေါသထွက်သွားပြီး အရာရှိဦးထုပ်ကို စားပွဲပေါ်တင်ကာ ချက်ချင်း လှည့်ထွက်သွားလေသည်။
တုပိုင်သည် အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ဟူကွမ်းဘုရင်ခံ ခေါ်လာတဲ့ အရာရှိ ရာပေါင်းများစွာကို ထိန်းသိမ်းလိုက်။ အမတ်ကောင်းတွေ ၊ ပြည်သူကို ချစ်မြတ်နိုးပြီး စိတ်သဘောထား ပွင့်လင်းသူတွေ ပါရင် လေ့ကျင့်ရေးသင်တန်းကို ပို့ပြီး စာပေလေ့လာခိုင်းလိုက်။ ခေါင်းမာပြီး မူဝါဒသစ်ကို ဆန့်ကျင်တဲ့သူတွေ ၊ ဒါပေမဲ့ မကောင်းမှု မလုပ်ထားတဲ့သူတွေ ပါရင် အနောက်တောင်ပိုင်းကနေ မောင်းထုတ်လိုက်”
နောက်ဆုံးတွင် တုပိုင်၏ စကားသံသည် လူသတ်ချင်စိတ်များ ပြည့်နှက်နေပြီး အေးစက်စွာ ပြောလိုက်သည်။ “တကယ်လို့ အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး မကောင်းမှု လုပ်ထားတဲ့သူတွေ ၊ ဥပဒေကို ဖောက်ဖျက်ပြီး မူဝါဒသစ်ကို ဖျက်ဆီးတဲ့သူတွေ ပါရင်... အကုန် သတ်ပစ်လိုက်”
“ဟုတ်ကဲ့ပါ” ဘေးပတ်ဝန်းကျင်ရှိ ရာပေါင်းများစွာသော စစ်သည်များက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
ထို့နောက် မြင်းစီးတပ်သား ရာပေါင်းများစွာသည် ဘုရင်ခံရုံးမှ ပြေးထွက်သွားပြီး တုပိုင်၏ အမိန့်ကို စစ်တပ်ထံ သွားရောက် ပို့ဆောင်ကြလေသည်။ နာရီဝက်အကြာတွင် စစ်သည်ထောင်ပေါင်းများစွာသည် စစ်တန်းလျားများမှ ပြေးထွက်လာကြပြီး ၊ လီကျင်းဌာနမှ စစ်သည်ထောင်ပေါင်းများစွာလည်း ရုံးမှ ပြေးထွက်လာကာ ကွမ်ရှီးပြည်နယ်အတွင်း အကြီးစား ဝင်ရောက်စီးနင်းမှု စတင်လေတော့သည်။ ရုတ်တရက် အနောက်တောင်ပိုင်း တစ်ခုလုံး လှုပ်ခါသွားတော့၏။
**--**--**--**--**--**--**--**
စာကြည့်ခန်းထဲတွင် တုပိုင်နှင့် လီဝမ်ဟွေ့ နှစ်ယောက်တည်းသာ ရှိနေသည်။ နှစ်ယောက်စလုံး အချိန်ကြာမြင့်စွာ စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။
“သား... အဖေ သိပါတယ်။ မင်း အဖေကို အပြစ်တင်နေမှာပါ။ ဝမ်ကျန့်ရှူး ဦးဆောင်တဲ့ အရာရှိတွေကို အနောက်တောင်ပိုင်း ဝင်ခွင့်မပေးခဲ့သင့်ဘူး” လီဝမ်ဟွေ့က ပြောလိုက်သည်။
တုပိုင် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မဟုတ်ပါဘူး... မွေးစားအဖေ။ ကျွန်တော် အဖေ့ကို အပြစ်မတင်ပါဘူး။ အဖေက ဧကရာဇ်အပေါ် သစ္စာရှိလို့ အမိန့်တော်ကို မလွန်ဆန်နိုင်ခဲ့တာပါ”
လီဝမ်ဟွေ့ သားဖြစ်သူကို ကြည့်လိုက်ပြီး ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားသည်။
ခဏကြာမှ လီဝမ်ဟွေ့က မေးလိုက်သည်။ “သား... မင်း ဘယ်လိုထင်လဲ”
သူသည် မင်း တကယ်ပဲ အနောက်တောင်ပိုင်းကို သီးခြားလွတ်လပ်တဲ့ တိုင်းပြည်အဖြစ် တည်ထောင်ချင်နေတာလားဟု မမေးမြန်းခဲ့ပေ။ မင်း တကယ်ပဲ အမိန့်တော်ကို ဆန့်ကျင်ပြီး ရပ်တည်ချင်နေတာလားဟု မမေးမြန်းခဲ့ပေ။ သို့သော် သူ မေးမြန်းလိုသည့် အဓိပ္ပာယ်မှာ ထိုအရာပင် ဖြစ်သည်။
တုပိုင်က ပြန်မေးလိုက်သည်။ “မွေးစားအဖေ... ကျွန်တော် မေးမယ်။ မူဝါဒသစ်က ဘယ်လောက် ထိရောက်မှု ရှိသလဲ”
လီဝမ်ဟွေ့က ပြောသည်။ “သိပ်ကောင်းတယ်။ အဖေ့ကို လုံးဝ အံ့သြသွားစေခဲ့တယ်”
တုပိုင်က ပြောလိုက်သည်။ “မွေးစားအဖေ... ကျွန်တော်က ဒီတိုင်းပြည်နဲ့ ဒီလူမျိုးအပေါ် သစ္စာရှိပါတယ်။ တကယ်တော့ ကျွန်တော် တစ်ခါတုန်းက တွေးဖူးတယ်။ အရှေ့ဘက်ပြည်ထောင်စုက အဲဒီလောက် အင်အားကြီးနေမှတော့ တရုတ်လူမျိုး တစ်မျိုးလုံးကို ဦးဆောင်ပြီး အရှေ့တိုင်းကမ္ဘာ တစ်ခုလုံးကို ကမ္ဘာ့ထိပ်တန်း ရောက်အောင် ပို့ဆောင်နိုင်လိမ့်မယ်။ ဒါဆို ကျွန်တော်က ဒီအတိုင်းပဲ ဆုတ်ခွာပေးလိုက်ပြီး သူ့ကို အရှေ့တိုင်းကမ္ဘာရဲ့ ခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်ရင် ကောင်းမလားလို့ တွေးခဲ့ဖူးတယ်”
လီဝမ်ဟွေ့က တုပိုင်ကို တိတ်ဆိတ်စွာ နားထောင်နေသည်။
တုပိုင်က ဆက်ပြောသည်။ “ဒါပေမဲ့ နောက်ပိုင်းကျမှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူ့နောက်ကွယ်က ပူးပေါင်းကြံစည်မှုက နက်နဲလွန်းလို့ပါပဲ။ ဒါ့အပြင် တာ့နင်အင်ပါယာရဲ့ ထီးနန်းကို ရဖို့အတွက် သူက ဂျာချင်အင်ပါယာကို တောင်ဘက်ဆင်းခိုင်းပြီး မြောက်ပိုင်းတစ်ခုလုံးကို လူမျိုးခြားတွေ လက်ထဲမှာ အသတ်ခံခိုင်းခဲ့တယ်။ ဒါကြောင့် သူက တရုတ်လူမျိုးရဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်ဘူး။ အရှေ့တိုင်းကမ္ဘာရဲ့ သခင် ဖြစ်လာဖို့ မပြောနဲ့ ၊ သူက ကျွန်တော်တို့ရဲ့ မဟာရန်သူပဲ”
“ကျွန်တော်တို့ ရန်သူက သိပ်အင်အားကြီးပြီး ၊ သိပ်စွမ်းအားကြီးလွန်းလို့ ကျွန်တော့်မှာ နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ ၊ နိုင်ငံရေးအရ အလျှော့အတင်းလုပ်ဖို့ အချိန်မရှိတော့ဘူး” တုပိုင်က ဆက်ပြောသည်။ “ကျွန်တော်က ဒီတိုင်းပြည်နဲ့ လူမျိုးအပေါ် အရင်ဆုံး သစ္စာရှိမယ်။ ပြီးမှ ဧကရာဇ်အပေါ် သစ္စာရှိမယ်”
“မူဝါဒသစ် ပျက်စီးအောင် ဘယ်သူမှ လုပ်လို့မရဘူး။ အနောက်တောင်ပိုင်းရဲ့ အင်အားကြီးမားတဲ့ ခြေလှမ်းတွေကို ဘယ်သူမှ တားဆီးလို့မရဘူး။ ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး” တုပိုင်က ပြောလိုက်သည်။
လီဝမ်ဟွေ့ တိတ်ဆိတ်သွားသည်။
တုပိုင်က ဆက်ပြောလိုက်သည်။ “ပြီးတော့ ကျွန်တော် တကယ် မယုံကြည်နိုင်ဘူး။ အရှင်မင်းမြတ်က ဒီလိုအမိန့်မျိုး ချမှတ်ခဲ့မယ်လို့ မထင်ဘူး။ ကျွန်တော်တို့ အချင်းချင်း နားလည်မှု ရှိသင့်တယ်။ သူက အရာရှိတွေကို အနောက်တောင်ပိုင်း စေလွှတ်မလိုက်သင့်ဘူး။ မြို့တော်မှာ ဘာတွေ ဖြစ်နေတာလဲ”
လီဝမ်ဟွေ့ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “အဖေ မသိဘူး။ အဖေက အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အကြီးအကဲချုပ်အဖြစ် မြို့တော်ပြန်လာဖို့ အမိန့်တော် အစောင်စောင် ရရှိထားတယ်”
တုပိုင်သည် လီဝမ်ဟွေ့ကို ကြည့်ပြီး ပြောလိုက်သည်။ “မွေးစားအဖေ... အဖေ မေးချင်နေတာကို ကျွန်တော် သိပါတယ်။ ကျွန်တော် မြို့တော်နဲ့ အဆက်အသွယ်ဖြတ်ပြီး လမ်းခွဲမှာလားလို့ မေးချင်နေတာ မဟုတ်လား” လီဝမ်ဟွေ့ ခေါင်းညိတ်လိုက်သည်။
တုပိုင်က ဆက်ပြောသည်။ “ဒါပေမဲ့ ကျွန်တော် မေးချင်တာက မြို့တော်ကရော ကျွန်တော်နဲ့ လမ်းခွဲချင်နေတာလား”
လီဝမ်ဟွေ့ မျက်နှာ နာကျင်မှုကြောင့် တွန့်သွားသည်။
တုပိုင်သာ မြို့တော်နှင့် လမ်းခွဲလိုက်ပါက မွေးစားဖခင်တစ်ယောက်အနေဖြင့် သူ မည်သို့ ပြုလုပ်သင့်သနည်း။
“တာ့နင်အင်ပါယာနဲ့ ဂျာချင်အင်ပါယာတို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် ကျွန်တော် အနောက်တောင်ပိုင်းကနေ မြို့တော်ကို ငွေဘယ်လောက် ပို့ပေးခဲ့သလဲ။ ငွေတုံး သုံးသန်းကျော် ပို့ပေးခဲ့တယ်။ ရိက္ခာ ဘယ်လောက် ပို့ပေးခဲ့သလဲ။ ဆန်ကောက် သုံးသိန်း ပို့ပေးခဲ့တယ်။ စစ်တပ် ဘယ်လောက် ပို့ပေးခဲ့သလဲ။ ဗိုလ်ချုပ်ဖူဟုန်ပင်း ဦးဆောင်တဲ့ စစ်သည်အင်အား ငါးသောင်းတိတိ ပို့ပေးခဲ့တယ်။” တုပိုင် တုန်ရီစွာ ပြောလိုက်သည်။ “ကျွန်တော့်လို သစ္စာဖောက် သူပုန်မျိုး ရှိလို့လား”
လီဝမ်ဟွေ့ စိတ်လှုပ်ရှားသွားသည်။
တုပိုင်က အလွန်ဒေါသထွက်စွာ ပြောလိုက်သည်။ “မြောက်ပိုင်းမှာ တိုက်ခိုက်ဖို့ ကျွန်တော် စေလွှတ်လိုက်တာက ကျွန်တော့်ရဲ့ အမာခံတပ်ဖွဲ့ဝင်တွေပါ။ ဒီလို သစ္စာဖောက် သူပုန်မျိုး ရှိသေးလား”
**--**--**--**--**--**--**--**
နောက်လာမည့် ဆယ်ရက်အတွင်း ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး ခေါ်ဆောင်လာသော အရာရှိ ရာပေါင်းများစွာ အားလုံး ဖမ်းဆီးခံလိုက်ရသည်။ အရာရှိ ဒါဇင်ပေါင်းများစွာကိုမူ ကယ်တင်၍ ရနိုင်သေးသည်ဟု တုပိုင် ယူဆပြီး ၊ သူတို့သည် မူဝါဒသစ်၏ ခေါင်းဆောင်များ ဖြစ်လာနိုင်သောကြောင့် လေ့ကျင့်ရေးသင်တန်းသို့ ပို့ဆောင်လိုက်သည်။
ခေါင်းမာသော်လည်း အမှားကြီးကြီးမားမား မလုပ်ခဲ့သော လူတစ်ရာကျော်ကိုမူ မောင်းထုတ်လိုက်သည်။ နောက်ဆုံးကျန်နေသော အရာရှိ တစ်ရာကျော်မှာမူ မူဝါဒသစ်ကို ဆန့်ကျင်ရုံသာမက ဖျက်ဆီးခဲ့သူများ ၊ ဥပဒေကို ဖောက်ဖျက်သူများ ၊ ကောလာဟလ ဖြန့်သူများ ၊ ပြောင်းလဲမှုကို တားဆီးရန် အသရေဖျက်သူများ ဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့အားလုံး ယခင် ဟူကွမ်းဘုရင်ခံအိမ်တော် ရှေ့၌ သပ်သပ်ရပ်ရပ် ဒူးထောက်နေကြသည်။
“သတ်...”
အမိန့်ပေးလိုက်သည်နှင့် ခေါင်းတစ်ရာကျော် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ သွေးများ ကြမ်းပြင်အနှံ့ စီးကျပြီး ခေါင်းများ လိမ့်သွားကြသည်။ ဤအဆင့်တွင် တုပိုင်သည် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး ခေါ်ဆောင်လာသော အရာရှိများကို လုံးဝ ရှင်းလင်းလိုက်ပြီ ဖြစ်သည်။
အနောက်တောင်ပိုင်း တစ်ခုလုံး၏ မူဝါဒသစ်သည် တစ်ဖန် ပုံမှန် လည်ပတ်လာလေသည်။ နောက်ရက်များတွင် တုပိုင်သည် စက်ရုံများနှင့် အလုပ်ရုံ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် လှည့်လည်စစ်ဆေးခဲ့သည်။ အထူးသဖြင့် ယမ်းမှုန့်အသစ်နှင့် အမြောက်အသစ် ထုတ်လုပ်မှု တိုးတက်မှုကို စစ်ဆေးခဲ့သည်။
ထို့အပြင် သူသည် ကျန့်ရှီးအကယ်ဒမီတွင် နေ့စဉ် စာသင်ကြားပေးရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ ထို့နောက် သူသည် အချိန်ရွေးချယ်ပြီး လီကျန့်နှင့် အချိန်ကြာမြင့်စွာ ဆွေးနွေးတိုင်ပင်ခဲ့သည်။
မျှော်လင့်မထားသော အချက်မှာ နှစ်ဦးသား ဆွေးနွေးမှု အလွန်အဆင်ပြေခဲ့ပြီး ၊ လီကျန့်၏ အမြင်များစွာနှင့် တုပိုင်၏ အမြင်များ တိုက်ဆိုင်နေခဲ့သည်။
အတိုချုပ်ပြောရလျှင် တုပိုင်သည် သူ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများကို လုံးဝ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး ၊ အနောက်တောင်ပိုင်း တစ်ခုလုံးကို ပြန်လည်စည်းလုံးညီညွတ်စေကာ ရှေ့သို့ ချီတက်နိုင်စေခဲ့သည်။
**--**--**--**--**--**--**--**
တုပိုင် ပြန်ရောက်လာပြီး ဟူကွမ်းဘုရင်ခံချုပ် ဝမ်ကျန့်ရှူးကို သတ်ဖြတ်ခြင်း ၊ အရာရှိ ရာပေါင်းများစွာကို သတ်ဖြတ်ခြင်း ၊ အရာရှိ ရာပေါင်းများစွာကို မောင်းထုတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထိုအဖြစ်အပျက်သည် မုန်တိုင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ဖန်းမိသားစု၏ အခြေစိုက်စခန်းဖြစ်သော ကျန့်နန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖန်းမိသားစုသည် ပြည်သူ့အမြင်ကို အစွမ်းကုန် အသုံးချပြီး တုပိုင် ပုန်ကန်နေကြောင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရယူနေကြောင်း ပြောဆိုကြသည်။ ဧကရာဇ်က အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ပညာရှင်များကို အနောက်တောင်ပိုင်းသို့ စေလွှတ်ပြီး တုပိုင်ကို ဖမ်းဆီးရန် အမိန့်ပေးထားကြောင်းလည်း ပြောဆိုကြသည်။
တုပိုင်သည် စစ်တပ်အကြီးအကျယ် စုဆောင်းထားပြီး မြောက်ဘက် စိချွမ်းပြည်နယ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ၊ ရူးသွပ်စွာ နယ်မြေချဲ့ထွင်နေကြောင်းလည်း ပြောဆိုကြသည်။
တုပိုင်သည် တုမိသားစုထံ ပြန်သွားပြီး အရှေ့ဘက်ပြည်ထောင်စုထံ လက်နက်ချရန် ပြင်ဆင်နေကြောင်း ကောလာဟလများပင် ထွက်ပေါ်နေသည်။
အတိုချုပ်ပြောရလျှင် ကောလာဟလများ အားလုံးတွင် တုပိုင်နှင့် မြို့တော်ရှိ ဧကရာဇ်တို့ လုံးဝ လမ်းခွဲလိုက်ပြီဟု ဆိုကြသည်။
အင်ပါယာကြီး တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားလေသည်။ သို့သော် မြို့တော်၏ တုံ့ပြန်မှုမှာ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေသည်။ တုပိုင်က လူအများအပြားကို သတ်ဖြတ်လိုက်သော်လည်း မည်သည့် လှိုင်းဂယက်မှ မထလာချေ။
တစ်နေ့တွင် တုပိုင်ထံသို့ မြို့တော်မှ အမိန့်တော် ရောက်ရှိလာသည်။
“ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အရ... ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံ ၊ ကျန့်ရှီးမဟာနယ်စားမင်း တုပိုင်... ဧကရာဇ်ကို လာရောက် ဖူးမြော်စေ”
“ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်”
**--**--**--**--**--**--**--**
“သခင်ကြီး... မြို့တော်ကို တကယ်သွားမှာလား” လီကျန့်က မေးလိုက်သည်။ “ကျွန်တော်ကတော့ မသွားသင့်ဘူးလို့ ထင်တယ်။ မြို့တော်ကို ဝင်တာက အန္တရာယ် ရှိနိုင်တယ်”
တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းမြတ်က ဒီလိုလုပ်ရပ်တွေ လုပ်မယ်ဆိုတာ ကျွန်တော် တကယ် မယုံကြည်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရလဒ်တစ်ခု လိုချင်တယ်။ ပြီးတော့ ရှေ့ဆက် ဘယ်လိုလျှောက်ရမလဲဆိုတာ ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းတစ်ခု ရှိရမယ်။ မွေးစားအဖေနဲ့ မင်းသမီးယွီကျိန်းအတွက်တောင် ဒီကိစ္စက ရှင်းလင်းတဲ့ ရလဒ်တစ်ခု ရှိရမယ်”
လီကျန့်က ပြောသည်။ “ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူး သေဆုံးသွားပြီ။ ဒီကိစ္စက ကြီးမားလွန်းတယ်။ လက်လျှော့ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်”
တုပိုင်က ပြောလိုက်သည်။ “ဒီကိစ္စက ကြီးချင်လည်း ကြီးမယ် ၊ သေးချင်လည်း သေးမယ်။ တစ်ခါတလေကျရင် ရပ်တည်ချက်က ရှင်းလင်းရမယ်။ မွေးစားအဖေက စိတ်ရှုပ်ထွေးနေတယ်။ ကျွန်တော် မရှိတဲ့အချိန် အနောက်တောင်ပိုင်း အခြေအနေကို ခင်ဗျား တာဝန်ယူပေးပါ”
လီကျန့် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်”
**--**--**--**--**--**--**--**
လီဝမ်ဟွေ့သည် အရိုးပေါ်အရေတင်လောက်အောင် ပိန်လှီနေပြီ ဖြစ်သည်။ သားဖြစ်သူနှင့် မြို့တော်ကြားတွင် သူ မည်သည့်ဘက်သို့ လိုက်ရမှန်း တကယ်ပင် မသိတော့ချေ။
သို့သော် တုပိုင်ကို မြို့တော်သို့ ပြန်လာရန် ဆင့်ခေါ်သည့် အမိန့်တော် ရှိကြောင်း သိလိုက်ရသောအခါ သားဖြစ်သူကို ချစ်ခင်စိတ် ရှိနေဆဲဖြစ်သည်။
“သား... ဒါမှမဟုတ် အဖေပဲ မြို့တော်ကို သွားလိုက်မယ်။ ဘာမှမဖြစ်ရင် သား နောက်မှ လိုက်လာခဲ့လေ” လီဝမ်ဟွေ့က ပြောသည်။
တုပိုင်သည် လီဝမ်ဟွေ့ကို ကြည့်ပြီး ပြောလိုက်သည်။ “မွေးစားအဖေ... အဖေ့ရင်ထဲမှာ သိပ်နာကျင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ တချို့က ကျွန်တော့်ကို အပြစ်တင်ချင်စိတ် ရှိနေမယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ပြည့်နှက်နေမယ်။ မြို့တော်နဲ့ ကျွန်တော့်ကြားမှာ ပိုပြီး အကြံအိုက်နေလိမ့်မယ်။ ဒီတစ်ခါ ကျွန်တော် မြို့တော်ကို ဝင်တာက ဒီကိစ္စကို အဆုံးသတ်ဖို့ပါ။ ဘာပဲဖြစ်ဖြစ် ရလဒ်တစ်ခု ရှိရမယ်”
လီဝမ်ဟွေ့ သားဖြစ်သူကို အချိန်ကြာမြင့်စွာ ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “အဖေ နားလည်ပါတယ်”
နောက်တစ်နေ့တွင် တုပိုင်သည် မြင်းစီးတပ်သား ရာပေါင်းများစွာကို ဦးဆောင်ပြီး မြို့တော်သို့ ထွက်ခွာခဲ့သည်။
ဖြောင့်မတ်တည်ကြည်မှုကို ပြသရန်နှင့် အဆုံးအဖြတ်ပေးရန်အတွက် မြင်းစီးတပ်သား ရာပေါင်းများစွာသာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ မည်သို့ဖြစ်လာမည်နည်း။ ဤကိစ္စသည် ရလဒ်တစ်ခု ရှိရပေမည်။
**--**--**--**--**--**--**--**
အိပ်ချိန်နည်းပါးစွာဖြင့် ရက်ပေါင်းများစွာ ခရီးရှည် နှင်လာခဲ့ပြီးနောက်တွင် တုပိုင်သည် တာ့နင်အင်ပါယာ၏ မြို့တော်သို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် တုပိုင်သည် စစ်ပွဲ၏ အငွေ့အသက်ကို အပြည့်အဝ ခံစားလိုက်ရသည်။ အထူးသဖြင့် မြို့တော်သို့ ရောက်သောအခါ လေထုက တည်ကြည်လေးနက်ပြီး ခမ်းနားနေသည်။
တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့၏ အဆုံးအဖြတ်တိုက်ပွဲ စတင်သည်မှာ တစ်လနီးပါး ရှိပြီဖြစ်သည်။ ဤသည်မှာ တာ့နင်အင်ပါယာ၏ ကံကြမ္မာနှင့် သက်ဆိုင်သော အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။
မြို့တော်တစ်ခုလုံး စစ်အတွင်းအခြေအနေသို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။ မြို့တံခါးပေါက်သည် အပေါက်တစ်ခုမျှသာ ဖြစ်ပြီး ၊ မြို့ထဲသို့ ဝင်ထွက်သွားလာသူ အလွန်နည်းပါးသည်။ မြို့ရိုးပေါ်တွင် စစ်သည်များ ပြည့်နှက်နေပြီး ၊ မြို့တံခါးဝတွင် စစ်သည်ရာပေါင်းများစွာ ရှိသည်။ မြို့ထဲသို့ ဝင်လာသူတိုင်းကို ဂျာချင်အင်ပါယာ၏ သူလျှို ဟုတ်မဟုတ် အသေးစိတ် စစ်ဆေးနေကြသည်။
တုပိုင် မြင့်မားသော မြို့တံခါးကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယခုတစ်ကြိမ် မြို့တော်တွင် အဆုံးအဖြတ် ပြုလုပ်ရာ၌ မည်သို့ ဖြစ်လာမည်ကို မသိရှိပေ။ ဧကရာဇ်မင်းမြတ်က အစိုးရအဖွဲ့ဝန်ကြီး ဝမ်ကျန့်ရှူးကို ကွမ်ရှီးတွင် အာဏာသိမ်းရန် အမိန့်ပေးလိမ့်မည်ဟု သူ တကယ်ပင် မယုံကြည်နိုင်ပေ။
သူ ပျောက်ကွယ်နေသည်မှာ ကြာလွန်း၍လော။ သို့မဟုတ် အခြားအကြောင်းရင်း ရှိ၍လော။ အကယ်၍ တော်ဝင်မိသားစုနှင့် လမ်းခွဲလိုက်ပါက တာ့နင်အင်ပါယာ၏ ကံကြမ္မာအပေါ် မည်သို့ သက်ရောက်မှု ရှိမည်နည်း။
ထိုအချိန်တွင် ဧကရာဇ်ထျန်ယွင်၏ မျက်နှာက တုပိုင်စိတ်ထဲ ပေါ်လာသည်။ သူ၏ ရိုးသားသော အကြည့် ၊ နူးညံ့သော အသံ ၊ မျက်ရည်နှင့် အပြုံးများ။ ထို့ပြင် မင်းသမီးနင်းရွှဲ့လည်း ရှိနေသေးသည်။ သူနှင့် လက်ထပ်ထားသော ဇနီးသည်ပင် ဖြစ်သည်။
အကယ်၍ မြို့တော်က တော်ဝင်မိသားစုနှင့် လမ်းခွဲလိုက်ပါက မင်းသမီးနင်းရွှဲ့ မည်သည့်နေရာသို့ သွားရမည်နည်း။ သို့သော် တုပိုင်သည် ဝမ်ကျန့်ရှူးကို သတ်ခဲ့သည့်အတွက် ဘယ်တော့မှ နောင်တမရပေ။ မူဝါဒသစ်ကို ဖျက်ဆီးရဲသူ မည်သူမဆို သေရမည်။
တုပိုင်တွင် နူးညံ့ညှင်သာရန်နှင့် အလျှော့ပေးရန် အချိန်မရှိတော့ပေ။ ရန်သူသည် အလွန် အင်အားကြီးလွန်းပြီး မကြာမီ အိမ်ပေါက်ဝသို့ ရောက်လာတော့မည် ဖြစ်သည်။
လူမျိုးတုံးသတ်ဖြတ်မှုနှင့် မျိုးသုဉ်းမည့် စစ်ပွဲ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရချိန်တွင်... ပြည်တွင်းစစ် ဖြစ်အောင် မီးမွှေးရဲသူ မည်သူမဆို သေရမည်။ ဤအခြေခံစည်းမျဉ်းအတွက် လုံးဝ နေရာမရှိပေ။
တုပိုင် ပြတ်ပြတ်သားသား ရပ်တည်လိုက်သည်။
ပြီးတော့... ဖြစ်ချင်ရာ ဖြစ်စေတော့ ဆိုသည့် ခံယူချက်ဖြင့် တုပိုင်ပြတ်သား၏။ နန်းတော်တွင်းမှ ဆုံးဖြတ်ချက်ကမူ တစ်ဖက်လူအပေါ်၌သာ မူတည်လေသည်။
အသက်ပြင်းပြင်း ရှူလိုက်ကာ တုပိုင် ရှေ့သို့ တိုးပြီး တံခါးဖွင့်ခိုင်းရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင်။
“ဒိုင်းးး ဒိုင်းးး ဒိုင်းးး” သေနတ်ပစ်ဖောက်သံ ကိုးချက် ထွက်ပေါ်လာလေ၏။ ထို့နောက် မြို့တံခါးအတွင်းမှ ဗုံသံများ တညီတညွတ်တည်း ထွက်ပေါ်လာသည်။
“ကျွီ...” ကြီးမားသော တံခါးမကြီး ဖြည်းညှင်းစွာ ပွင့်လာသည်။
မြို့ရိုးပေါ်ရှိ မရေမတွက်နိုင်သော စစ်သည်များ တညီတညွတ်တည်း ဒူးထောက်လိုက်ပြီး ကျယ်လောင်စွယ အော်ဟစ်လိုက်ကြသည်။
“မဟာနယ်စားမင်းတုပိုင်ကို ကြိုဆိုပါတယ်”
ချက်ချင်းပင် မိန်းမစိုးတစ်ဦးက အော်ဟစ်လိုက်သည်။ “အိမ်ရှေ့စံမင်းသား ကြွလာပါပြီ။ ကျန့်ရှီးနယ်စားမင်း ၊ ကျန့်ရှီးနယ်စပ်မြို့ ဘုရင်ခံ တုပိုင် မြို့တော်သို့ ဝင်ရောက်လာခြင်းကို ကြိုဆိုပါတယ်”
ထို့နောက် ခန့်ညားပြီး ပိန်ပါးသော မင်းသားသည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဦးဆောင်ပြီး မြို့တံခါးမှ တညီတညွတ်တည်း ထွက်လာလေသည်။
မင်းသားသည် တုပိုင်ကို ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “မဟာနယ်စားမင်းတုပိုင်... နင်းရွှဲ့က ဂျာချင်အင်ပါယာနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်သွားတယ်။ ဒါကြောင့် ကိုယ်တော်က မင်းကို လာကြိုတာပါ။ စိတ်မပျက်ပါနဲ့”
တုပိုင် အံ့သြသွားပြီး မြင်းပေါ်မှ အလျင်အမြန် ဆင်းကာ ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး တုပိုင်... အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”
သူ ဒူးမထောက်မီ မင်းသားက ပြေးလာပြီး တုပိုင်လက်ကို ဆွဲထူလိုက်သည်။ သူ့မျက်လုံးများ အနည်းငယ် စိုစွတ်နေပြီး ပြောလိုက်သည်။ “တုပိုင်... မင်းပြန်လာနိုင်ပြီပဲ... ကောင်းလိုက်တာ... သိပ်ကောင်းတာပဲ”
မင်းသားက တုပိုင်လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
“သွားစို့... နန်းတော်ထဲဝင်ပြီး ခမည်းတော်ကို သွားတွေ့ရအောင်”
ထို့နောက် မင်းသားသည် တုပိုင်လက်ကို ဆွဲပြီး မြို့တော်ထဲသို့ ဝင်ကာ နန်းတော်ဆီသို့ လျှောက်သွားလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၇ + ၆၄၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team