← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 65 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 65 Ch. 649-650

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၅ + ၆၅၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

မြို့တော်သို့ ဝင်ရောက်ပြီးနောက် တုပိုင်သည် မြို့တော်သည် ပြီးခဲ့သော အချိန်က သူထွက်ခွာသွားစဉ်ကထက် ပိုမိုစည်ကားသိုက်မြိုက်နေသည်ကို တွေ့လိုက်ရသည်။

လောလောဆယ်တွင် လျောင်တုန်း၌ စစ်ဖြစ်နေပြီး ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သော်လည်း ၊ မြို့တော်သည် စစ်အတွင်း စီးပွားရေးစနစ်သို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း ၊ ဈေးကွက်အတွင်း စီးပွားရေးကျဆင်းမှု မရှိပေ။

ထို့အပြင် ပြည်သူလူထု၏ စိတ်ဓာတ်သည်လည်း အလွန်ကောင်းမွန်ပြီး ၊ စိတ်ဓာတ်ကျခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ မရှိကြပေ။

ဤအချက်သည် တုပိုင် စိတ်ကူးထားသည်နှင့် လုံးဝ ကွာခြားနေသည်။

“အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ”

“မဟာနယ်စားမင်းတုပိုင်က ခေတ်အဆက်ဆက် စောင့်မျှော်နေတဲ့ သူရဲကောင်းပါ”

“မဟာနယ်စားမင်းတုပိုင်နဲ့ မင်းသမီးနင်းရွှဲ့တနု့ သားယောက်ျားလေး မွေးဖွားပါစေ”

လမ်းတစ်လျှောက်တွင် ကင်းလှည့်နေသော စစ်သည်များသည် မင်းသားနှင့် တုပိုင်ကို မြင်လိုက်သည်နှင့် ချက်ချင်း အလေးပြုကြပြီး ၊ လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ကြသည်။ လမ်းဘေးဝဲယာရှိ လူအများကလည်း မင်းသားနှင့် တုပိုင်ကို မြင်သောအခါ အော်ဟစ် နှုတ်ဆက်ကြသည်။

အရာအားလုံးသည် ယခင်အတိုင်းပင် ဖြစ်သည်။ မြို့တော်ရှိ စစ်သည်များနှင့် အရပ်သားများ၏ တုပိုင်အပေါ် ထားရှိသော သဘောထားသည် ယခင်ကထက် ပိုမိုနွေးထွေးနေသယောင် ရှိသည်။ တုပိုင်သည် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို သတ်ဖြတ်ခဲ့ခြင်း မရှိသကဲ့သို့ ၊ မြို့တော်မှ အရာရှိများကို သတ်ဖြတ်ခြင်း မရှိသကဲ့သို့ပင် ဖြစ်နေသည်။

ထို့အပြင် မင်းသား၏ စိတ်ဓာတ်အခြေအနေသည်လည်း များစွာ ပြောင်းလဲသွားသည်။ သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ၊ လမ်းလျှောက်ပုံကပင် ခမ်းနားထည်ဝါနေသည်။ မင်းသားသည် ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးအကြောင်း ထုတ်မပြောသလို ၊ တုပိုင်ကလည်း ထိုအကြောင်း ထုတ်မပြောပေ။

“အိမ်ရှေ့စံမင်းသား... လျောင်တုန်းစစ်ပွဲ အခြေအနေ ဘယ်လိုရှိလဲ” တုပိုင် မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုစစ်ပွဲသည် တာ့နင်အင်ပါယာ၏ ကံကြမ္မာနှင့် သက်ဆိုင်သော အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။

မင်းသားသည် တုပိုင်ကို ညင်သာစွာ ပြုံးပြပြီး ပြောလိုက်သည်။ “တုပိုင်... ဒီကိစ္စက သိပ်ကြီးမားတယ်။ ခမည်းတော်ကို သွားတွေ့ပြီးမှ ငါတို့ ကောင်းကောင်း ဆွေးနွေးကြတာပေါ့”

တုပိုင် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ”

ထို့နောက် မင်းသားသည် တုပိုင်လက်ကို ဆွဲပြီး နန်းတော်ထဲသို့ ဝင်သွားလေသည်။ နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် မင်းသားမျက်နှာပေါ်ရှိ ယုံကြည်မှုအပြည့်နှင့် အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သွားသည်။

နန်းတော်အတွင်းပိုင်းသို့ ပိုရောက်လေ ၊ မင်းသား၏ မျက်နှာထား ပိုမိုတည်ကြည်လေ ဖြစ်လာသည်။ ထို့အပြင် နန်းတော်တစ်ခုလုံးကို အစောင့်အကြပ် ထူထပ်သည်ဟု ဖော်ပြရုံနှင့် မလုံလောက်တော့ပေ။ သုံးလှမ်းတစ်ကင်း ၊ ငါးလှမ်းတစ်စောင့် ချထားသည်။

တံခါးပေါက်တိုင်းတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များ စောင့်ကြပ်နေကြသည်။ လမ်းတိုင်းတွင် နန်းတွင်းကိုယ်ရံတော်များ ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေကြသည်။

နန်းတော်တစ်ခုလုံး၏ လေထုသည် ဖိနှိပ်မှုများ ၊ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ယခုတစ်ခေါက် တုပိုင် ရောက်ရှိလာသည်မှာ ယန်ရှန်နန်းဆောင် ဖြစ်သည်။ ဧကရာဇ်မင်းမြတ် အနားယူလေ့ရှိသော နန်းဆောင်ဖြစ်ပြီး ၊ အတွင်း၌ စာကြည့်ခန်းငယ်လေး တစ်ခုလည်း ရှိသည်။

ယခုအချိန်တွင် ယန်ရှန်နန်းဆောင် တံခါး ပိတ်ထားပြီး ၊ တုပိုင် ရင်းနှီးသော မိန်းမစိုးယွင်ဖုန်းသည် တံခါးဝတွင် စောင့်ကြပ်နေသည်။ သူ့မျက်နှာထားကလည်း အလွန်တည်ကြည်လေးနက်နေသည်။

“အိမ်ရှေ့စံမင်းသားနဲ့ ကျန့်ရှီးနယ်စားမင်းကို ဂါရဝပြုပါတယ်”

မင်းသားသည် အပြင်ဘက်မှ ပြောလိုက်သည်။ “သားတော်က ကျန့်ရှီးနယ်စားမင်း တုပိုင်ကို ခေါ်ဆောင်ပြီး ခမည်းတော်ကို ဖူးမြော်ဖို့ လာခဲ့တာပါ”

ခဏကြာပြီးနောက် ယန်ရှန်နန်းဆောင် တံခါး ပွင့်လာသည်။ ထွက်လာပြီး ကြိုဆိုသူမှာ ဘိုးဘေးလီလျန်တင်း ဖြစ်နေဆဲပင်။ သူသည် တုပိုင်ကို ကြည့်လိုက်သော အကြည့်သည် ရှုပ်ထွေးနေပြီး ၊ အပြစ်တင်လိုစိတ်များပင် ပါဝင်နေသည်။

နန်းဆောင်ထဲသို့ ဝင်လိုက်သောအခါ... တုပိုင် ပထမဆုံး မြင်လိုက်ရသည်မှာ ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ဧကရာဇ်မင်းမြတ်ကို ဖြစ်သည်။

ယခုအချိန်တွင် သူသည် အရိုးပေါ်အရေတင်လောက်အောင် ပိန်လှီနေပြီ ဖြစ်သည်။ ဧကရီနှင့် မဟာဆရာသခင် နင်ဇောင်ဝူတို့သည် ဂျင်ဆင်းဟင်းရည်နှင့် ဆန်ပြုတ်ကို ဧကရာဇ်၏ ပါးစပ်ထဲသို့ အနည်းငယ်စီ ထည့်သွင်းပေးနေကြသည်။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် ဧကရာဇ်သည် တုံ့ပြန်မှု လုံးဝမရှိသလောက် ဖြစ်နေသည်။ အကြောသေနေသည့် လူနာတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ဧကရီသည် မူလက ခမ်းနားထည်ဝါသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ယခုအခါ ပိန်လှီချည့်နဲ့နေပြီး ဆံပင်အများစု ဖြူနေပြီ ဖြစ်သည်။

မဟာဆရာသခင် နင်ဇောင်ဝူ၏ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေသည်။

တုပိုင်ကို မြင်လိုက်ရသောအခါ ဧကရီ အံ့သြသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “သားလေး... မင်း ရောက်လာပြီပဲ”

ထို့နောက် သူမသည် ဧကရာဇ်၏ နားနားကပ်ပြီး အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီး... တုပိုင် ရောက်လာပြီ။ တုပိုင် ရောက်လာပြီ။ သူ မသေဘူး။ သူ ပြန်လာပြီ။ အရှင်မင်းကြီး အလွမ်းဆုံး တုပိုင် ပြန်ရောက်လာပြီ”

ဧကရာဇ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသလို ရှိသော်လည်း နိုးထမလာခဲ့ပေ။ ချက်ချင်းပင် တုပိုင်၏ မျက်လုံးများ ပူနွေးလာပြီး မျက်ရည်များ စီးကျလာလုမတတ် ဖြစ်သွားသည်။

“အဲဒီညက မင်းသမီးနင်းရွှဲ့နဲ့ မင်း လက်ထပ်တဲ့ညမှာ ရုတ်တရက် သွေးအန်ပြီး နှလုံးခုန်ရပ် ၊ အသက်ရှူရပ်သွားတုန်းက ၊ သေမလား ရှင်မလား မသေချာဖြစ်နေတုန်းက ၊ အရှင်မင်းကြီးက ဝိုင်အနည်းငယ် သောက်ထားတော့ ရုတ်တရက် နှလုံးဖောက်လုနီးပါး ဖြစ်သွားခဲ့တယ်” မဟာဆရာသခင် နင်ဇောင်ဝူသည် ပြောသည်။ “အဲဒီနောက် ကျီလန်ထင်းက မင်းကို ပေမင်ဓားဂိုဏ်းဆီ ခေါ်သွားခဲ့တယ်။ အရှင်မင်းကြီး နည်းနည်း သက်သာလာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်းကို ပေမင်ဂိုဏ်းချုပ်က ကမ္ဘာ့အက်ကြောင်းထဲ ပစ်ချလိုက်ပြီး လုံးဝ သေဆုံးသွားပြီဆိုတဲ့ သတင်း ရောက်လာတယ်။ အဲဒီသတင်း ကြားပြီးတဲ့နောက် အရှင်မင်းကြီး လေဖြတ်ပြီး လဲကျသွားတာပဲ”

နင်ဇောင်ဝူ ဤနေရာအရောက်တွင် မျက်ရည်မထိန်းနိုင်တော့ပေ။ “ငါ အစွမ်းကုန် ကုသပေးခဲ့ပေမဲ့ အရှင်မင်းကြီးရဲ့ အသက်ကိုပဲ ကယ်တင်နိုင်ခဲ့တယ်။ သူ ဘယ်တော့မှ ပြန်မနိုးလာတော့ဘူး။ မျက်လုံးပွင့်နေပေမဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘူး။ မျက်လုံးအိမ်လည်း မလည်နိုင်ဘူး”

လေဖြတ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုး ၊ အကြောသေလူနာ ဘဝသို့ ရောက်ရှိသွားခြင်းပင်။

တုပိုင် ရှေ့သို့ ပြေးသွားပြီး ဧကရာဇ်၏ ပိန်လှီသော လက်ကို ဆုပ်ကိုင်ကာ မျက်ရည်များ စီးကျလျက် ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော် ပြန်လာပါပြီ။ ကျွန်တော် ပြန်လာပါပြီ”

ဧကရာဇ်သည် မျက်လုံးများ ပြူးကျယ်လျက် ရှိနေဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမှ မရှိသေးပေ။ တုပိုင်သည် ဧကရာဇ် သူ့အပေါ် ထားရှိခဲ့သော အရာအားလုံးကို ပြန်လည်အမှတ်ရမိသည်။ သံသယကင်းသော ယုံကြည်မှုများ။

တုမိသားစုမှ မောင်းထုတ်ခံရခြင်း၏ အရှက်တရားကို ချေဖျက်နိုင်ရန်အတွက် ဧကရာဇ်သည် တုပိုင်ကို တိုက်ရိုက် နယ်စားဘွဲ့ ပေးသနားခဲ့သည်။ ပိုင်ဆယ်မြို့ အကျပ်အတည်း ကြုံနေရချိန်တွင် ဧကရာဇ်သည် မြို့တော်၌ သတ်ဖြတ်မှုများ ပြုလုပ်ရန် ဝန်မလေးခဲ့ဘဲ ၊ နန်းတွင်းအာဏာ ပြန်လည်မြင့်တက်လာသည်ဟူသော ပုံရိပ်ယောင် ဖန်တီးကာ ၊ ရွှမ်ချန်နယ်စားမင်းကို တောင်ဘက်သို့ ဆင်းစေပြီး တုပိုင်အား ကူညီစေခဲ့သည်။

သေချာသည်မှာ... နောက်ဆုံးတွင် ရွှမ်ချန်နယ်စားမင်းသည် ပိုင်ဆယ်မြို့ကို တိုက်ခိုက်မည့် ရန်သူ ဖြစ်လာခဲ့သည်။ သို့သော် ဧကရာဇ်သည် တုပိုင်ကို ကာကွယ်ရန် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့သည်။

ထို့နောက် တုပိုင်သည် သာမန်ယောက်ျားတစ်ယောက်အဖြစ် ပြန်လည်မကောင်းမွန်သေးချိန်တွင်ပင် ၊ သူ ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု ကြားလိုက်ရုံဖြင့် မင်းသမီးနင်းရွှဲ့နှင့် လက်ထပ်ပေးခဲ့သည်။

ဤနည်းအားဖြင့် သားအဖသံယောဇဉ်ကဲ့သို့ပင် ဖြစ်နေပြီဟု ဆိုနိုင်သည်။ သေချာသည်မှာ... သူ မသိခဲ့သော အချက်တစ်ခုမှာ မင်းသမီးနင်းရွှဲ့၏ မင်္ဂလာဦးခန်းဆောင်၌ တုပိုင် သွေးအန်ပြီး သတိလစ်သွားချိန်တွင် ဧကရာဇ်သည် လီလျန်တင်းကို စေလွှတ်ပြီး မင်းသားကို ချက်ချင်း ဖမ်းဆီးထိန်းသိမ်းစေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ သူသည် အကြောသေလူနာ ဖြစ်နေရှာသည်။ တုပိုင် သေဆုံးပြီဟူသော သတင်းကြားပြီးနောက် လေဖြတ်ကာ အကြောသေလူနာ ဖြစ်သွားခြင်းပင်။

ရုတ်တရက် တုပိုင် ထိန်းမရတော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးမိလေတော့သည်။ ဧကရာဇ်၏ ခန္ဓာကိုယ်သည် ထပ်မံပြီးတုန်ခါသွားရသည်။ ထို့နောက် သူ့မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် စီးကျလာသည်။

ဧကရီ မြင်တွေ့လိုက်ရပြီး ဝမ်းသာအားရဖြင့် ဧကရာဇ်၏ နားနားကပ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... ကြည့်ပါဦး။ တုပိုင် ပြန်လာပြီ။ အရှင်မင်းကြီး အလွမ်းဆုံး တုပိုင် ပြန်လာပြီ”

ဧကရာဇ်၏ မျက်ရည်များ ပိုမိုစီးကျလာသည်။ သူသည် မျက်လုံးအိမ်ကို လှုပ်ရှားရန် အစွမ်းကုန် ကြိုးစားနေသော်လည်း မရပေ။ တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဆက်တိုက် ငိုကြွေးနေခြင်းသာ ဖြစ်သည်။

တုပိုင် စိတ်ထဲမှ မေးလိုက်သည်။ “စနစ်... အရှင်မင်းကြီးကို ကယ်တင်လို့ရမလား။ မင်း အရှင်မင်းကြီးကို ကယ်တင်ပေးနိုင်မလား”

အိပ်မက်စနစ်သည် ပြန်ဖြေသည်။ “မရဘူး... သူက ဆီကုန်ပြီး မီးငြိမ်းခါနီးနေပြီ။ သူ့ကို ဦးခေါင်းခွံဖွင့် ခွဲစိတ်ဖို့ မကြိုးစားနဲ့။ မဖြစ်နိုင်ဘူး”

တကယ်ပင် မဖြစ်နိုင်တော့ချေ။ ယခင်က ဧကရာဇ်၏ ဦးနှောက်ထဲတွင် ကပ်ပါးကောင် ရှိနေစဉ်က တုပိုင် အပေါက်ဖောက်ပြီး အမြန်ဆုံး ဖယ်ရှားပေးနိုင်ခဲ့သည်။

ယခုမူ ဧကရာဇ်သည် လေဖြတ်ပြီး ဦးနှောက်သွေးကြောပေါက်ထားခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အစွန်းကုန် အားနည်းနေပြီ ဖြစ်သည်။ စိတ်ဆန္ဒတစ်ခုတည်းဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ အကယ်၍ ဦးခေါင်းခွံဖွင့် ခွဲစိတ်လိုက်ပါက ချက်ချင်း သေဆုံးသွားလိမ့်မည်။

ထို့ကြောင့် မဟာဆရာသခင် နင်ဇောင်ဝူရော ၊ ဧကရီပါ တုပိုင်ကို ကယ်တင်ပေးရန် မပြောကြခြင်း ဖြစ်သည်။ အကြောင်းမှာ အားလုံး သိနေကြသည်။ ဧကရာဇ်မင်းမြတ်မှာ နောက်ဆုံးထွက်သက် တစ်ခုသာ ကျန်တော့သည်။

သူ၏ အသက်ကို ဆွဲဆန့်ထားနိုင်သော အကြောင်းရင်း နှစ်ခုရှိသည်။ တစ်ခုမှာ တုပိုင် ၊ နောက်တစ်ခုမှာ တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့၏ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။

တုပိုင် စကားမပြောနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ဧကရာဇ်၏ လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိသည်။

ဧကရီသည် ရုတ်တရက် ပြောလိုက်သည်။ “အားလုံး အပြင်ထွက်ပေးကြပါ။ တုပိုင်နဲ့ အရှင်မင်းကြီးကို သီးသန့် အချိန်ပေးလိုက်ကြရအောင်”

ထို့နောက် အားလုံး နောက်ဆုတ် ထွက်ခွာသွားကြပြီး ၊ အခန်းထဲတွင် တုပိုင်နှင့် ဧကရာဇ်သာ ကျန်ရစ်ခဲ့သည်။

**--**--**--**--**--**--**--**

“အရှင်မင်းကြီး... ဝမ်ကျန့်ရှူးကို ကွမ်ရှီး လွှတ်လိုက်တဲ့ အမိန့်က အရှင်မင်းမြတ်ရဲ့ အမိန့် မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်”

“အရှင်မင်းကြီးနဲ့ ကျွန်တော် စကား အများကြီး မပြောဖြစ်ခဲ့ကြပေမဲ့ အချင်းချင်း အကုန်သိနားလည်ပါတယ်။ တာ့နင်အင်ပါယာက အမြစ်ကနေ ဆွေးမြည့်နေပြီမို့လို့ လုံးဝ ဖြိုဖျက်ပြီး ပြောင်းလဲပစ်ဖို့ လိုအပ်တယ်ဆိုတာ အရှင်မင်းကြီး သိပါတယ်”

“အဲဒီအချိန်တုန်းက အရှင်မင်းကြီးက ကျွန်တော့်ကို အနောက်တောင်ပိုင်း ပြည်နယ်သုံးခုလုံး ပေးအပ်ခဲ့တယ်။ ကျွန်တော်တို့ ရိက္ခာမလုံလောက်မှာ စိုးရိမ်လို့ ဟူနန်ပြည်နယ်ကိုပါ ပေးဖို့ စီစဉ်ခဲ့သေးတယ်”

“အဲဒီတုန်းက အရှင်မင်းကြီး ပြောခဲ့တယ်။ တုပိုင်က မင်းသားတစ်ပါး ဖြစ်လာရင်လည်း မင်းသားပေါ့။ အသားက အိုးထဲမှာပဲ ဆွေးသွားမှာပါလို့ ပြောခဲ့တယ်”

“အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို စာရွက်အလွတ်တစ်ရွက်လို သဘောထားပြီး ပြန်လည်ရှင်သန်အောင် လုပ်နိုင်မလားဆိုတာ စမ်းသပ်ချင်လို့ပါ။ တာ့နင်အင်ပါယာအတွက် နောက်ထပ် ရှင်သန်ရပ်တည်ရေး လမ်းကြောင်းတစ်ခု ၊ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတစ်ခု ရှာဖွေဖို့ စမ်းသပ်ကွင်းအဖြစ် အသုံးပြုချင်လို့ပါ”

“ဒါကြောင့် ဘယ်သူ့ကိုမှ ကျွန်တော့်ကိစ္စ ဝင်မစွက်ဖက်ခိုင်းခဲ့ဘူး။ အနောက်တောင်ပိုင်း အာဏာအားလုံးကို ကျွန်တော့်လက်ထဲ ပေးအပ်ခဲ့တယ်။ ပြီးတော့ မူဝါဒသစ် အစီအစဉ်အားလုံးကို အရှင်မင်းကြီးဆီ တင်ပြခိုင်းခဲ့တယ်။ အရှင်မင်းကြီးရဲ့ ပြတ်သားမှုကို ကျွန်တော် ခံစားမိပါတယ်။ အနောက်တောင်ပိုင်း မူဝါဒသစ် အောင်မြင်တာနဲ့ ၊ ဂျာချင်အင်ပါယာနဲ့ အဆုံးအဖြတ်တိုက်ပွဲမှာ အနိုင်ရတာနဲ့ ၊ အရှင်မင်းကြီးက မူဝါဒသစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြှင့်တင်မယ်။ တာ့နင်အင်ပါယာရဲ့ အကျင့်ပျက်ခြစားမှုတွေကို လုံးဝ ဆေးကြောသန့်စင်မယ်။ ပြန်လည်နိုးထစေမယ်။ တာ့နင်အင်ပါယာရဲ့ ပြန်လည်ရှင်သန်မှုကို အမှန်တကယ် အကောင်အထည်ဖော်မယ်”

“ဘယ်လောက်ပဲ အတားအဆီး ရှိပါစေ ၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ၊ အရှင်မင်းကြီးက အခက်အခဲအားလုံးကို ကျော်ဖြတ်မယ်။ ကမ္ဘာကြီးကို သန့်ရှင်းစေဖို့ ၊ အင်ပါယာ ပြန်လည်ရှင်သန်ဖို့အတွက်ပါပဲ”

“အရှင်မင်းကြီးက ဗဟိုမှာ ၊ ကျွန်တော်က ဒေသန္တရမှာ ၊ နှစ်ဖက် ပူးပေါင်းလိုက်ရင် ပြိုင်ဘက်ကင်း ဖြစ်သွားမှာပါ”

“ဒါက ကျွန်တော်တို့ကြားက နားလည်မှုပါပဲ။ ဒါကြောင့် အရှင်မင်းကြီးက မင်းသမီးနင်းရွှဲ့ကို ကျွန်တော်နဲ့ လက်ထပ်ပေးခဲ့တာပါ။ အရှင်မင်းကြီး ပြောသလိုပဲ အသားက အိုးထဲမှာပဲ ဆွေးသွားမှာပါ။ အင်ပါယာ ပြန်လည်ရှင်သန်မှုကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ပါပဲ”

“ကျွန်တော်မျိုးလည်း ရည်မှန်းချက်ကြီးပါတယ်။ အရှင်မင်းကြီးနဲ့အတူ ဒီထာဝရ အကြောင်းတရားကြီးကို ပြီးမြောက်အောင် လုပ်ချင်ပါတယ်”

“လူအများစုက နားမလည်ကြဘူး။ မွေးစားအဖေ နားမလည်ဘူး။ မင်းသမီးယွီကျိန်း နားမလည်ဘူး။ မဟာနယ်စားမင်းဆုန်ချွဲ နားလည်တယ်။ ဘိုးဘေးလီလျန်တင်း နားမလည်ဘူး။ သူတို့အားလုံး ကျွန်တော့်ကို စိတ်ထဲကနေ အပြစ်တင်နေကြတယ်။ ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို မသတ်သင့်ဘူးလို့ ထင်ကြတယ်။ ကျွန်တော် အဲဒီလိုလုပ်တာက ပုန်ကန်တာပဲ ၊ အရှင်မင်းကြီးနဲ့ လမ်းခွဲတာပဲလို့ ထင်နေကြတယ်”

“ဒါပေမဲ့ ကျွန်တော် သိတယ်။ တကယ်လို့ အရှင်မင်းကြီးသာ စကားပြောနေနိုင်ရင် ၊ အဲဒီအမှိုက်ကောင် ဝမ်ကျန့်ရှူးကို ကျွန်တော့်ထက် စောပြီး သတ်ပစ်မှာပါ”

“မူဝါဒသစ်က ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘုံရည်မှန်းချက်နဲ့ မျှော်လင့်ချက်ပါ။ ကျွန်တော်တို့ရှေ့မှာ ဘယ်သူပဲ လာရပ်ရပ် ၊ လမ်းတစ်ခုပဲ ရှိတယ်။ အဲဒါက သေလမ်းပဲ”

“လူအများစုက ကျွန်တော် ပုန်ကန်ချင်နေတယ်လို့ ပြောကြတယ်။ ကျွန်တော် ဘယ်သူ့ကို ပုန်ကန်ရမှာလဲ။ အရှင်မင်းကြီးရဲ့ သမီးတော်ကို ကျွန်တော် လက်ထပ်ထားတယ်။ ကျွန်တော်တို့က တစ်သားတည်း ဖြစ်နေပြီ။ ဘယ်သူ့ကို ပုန်ကန်ရမှာလဲ”

ပြောပြီးနောက် တုပိုင် ထပ်မံ၍ ငိုကြွေးမိပြန်သည်။ ယခုတစ်ကြိမ် သူ သတ်ဖြတ်မှုများ ပြုလုပ်ပြီး ဟူကွမ်းဘုရင်ခံ ဝမ်ကျန့်ရှူးကို ခေါင်းဖြတ်သတ်ခဲ့သည်။

မင်းသမီးယွီကျိန်းသည် ထုတ်မပြောသလို ၊ မွေးစားဖခင် လီဝမ်ဟွေ့သည်လည်း ထုတ်မပြောသော်လည်း စိတ်ထဲတွင်မူ တုပိုင်ကို အပြစ်တင်နေကြသည်။ သူသည် အာဏာရှင်ဆန်လွန်းသည် ၊ ဧကရာဇ်အာဏာကို မလေးစားဘူးဟု ထင်နေကြသည်။ ဘိုးဘေးလီလျန်တင်းလည်း ထို့အတူပင်။

သူတို့သည် တုပိုင်အပေါ် သံယောဇဉ်ကြီးကြသော်လည်း ၊ မူဝါဒသစ်အပေါ် နားလည်မှုမှာ မနက်ရှိုင်းကြပေ။ ဤကိစ္စနှင့် ပတ်သက်လျှင် လီကျန့်နှင့် ဧကရာဇ်မင်းမြတ်သည်သာ တုပိုင်၏ ရင်ဘတ်ချင်းနီးသော မိတ်ဆွေများ ဖြစ်ကြသည်။

မွေးစားဖခင် လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့သည်ကား တုပိုင်၏ မူဝါဒသစ်ဆိုသည်မှာ စက်ရုံများ ဆောက်ခြင်း ၊ လယ်သမားများကို မြေဝေပေးခြင်းမျှသာ ဖြစ်သည်ဟု ထင်မှတ်နေကြသည်။ ဤသည်မှာ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ထုတ်လုပ်မှုဆက်ဆံရေးကို လုံးဝ ပြောင်းလဲပစ်ခြင်း ၊ အင်ပါယာတစ်ခုလုံးကို ပြောင်းလဲပစ်ခြင်း ၊ အခြေခံကျကျ ပြောင်းလဲပစ်ခြင်း ဖြစ်သည်ကို သူတို့ မသိကြပေ။

မွေးစားဖခင်သည် ပြည်ထဲရေးတွင် ပါရမီရှင် ၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထူးချွန်သူ ဖြစ်သော်လည်း နိုင်ငံရေးသမား မဟုတ်ပေ။

လီကျန့်မှာမူ ဟုတ်ပေသည်။ ဧကရာဇ်မင်းမြတ်သည် အလွန်သဘောထားကြီးလွန်းသော်လည်း ၊ နိုင်ငံရေးသမားတစ်ယောက်၏ အမြင်နှင့် စိတ်ဓာတ် ရှိသည်။

နောက်ဆုံးတွင် တုပိုင် မျက်ရည်သုတ်လိုက်ပြီး ဧကရာဇ်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... စိတ်ချပါ။ ကျွန်တော် ရပ်တန့်မှာ မဟုတ်ပါဘူး။ အင်ပါယာ ပြန်လည်ရှင်သန်မယ့်နေ့ ရောက်လာမှာပါ”

ဧကရာဇ်၏ လက် အနည်းငယ် တုန်ခါသွားသည်။ သူ၏ အင်အားများ အကုန်သုံးပြီး တုပိုင်ကို တုံ့ပြန်ချင်နေသကဲ့သို့ပင်။

**--**--**--**--**--**--**--**

အခြားစာကြည့်ခန်း တစ်ခုတွင်... အိမ်ရှေ့စံမင်းသားသည် တုပိုင်ကို ကိုးဆယ်ဒီဂရီကျော် ဦးညွှတ်လိုက်သည်။

“တုပိုင်... ငါကိုယ်တော် မှားသွားတယ်။ မင်း ခွင့်လွှတ်ပေးပါ”

တုပိုင် မျက်နှာ တုန်ခါသွားပြီး မင်းသားကို ဆွဲထူလိုက်သည်။

မင်းသားသည် ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက မင်း သေမလား ရှင်မလား မသေချာဘူး။ ဂျာချင်အင်ပါယာကလည်း ငါတို့ကို တိုက်ခိုက်ဖို့ စစ်တပ်ကြီး စုဆောင်းနေတယ်။ ဒါကြောင့် ခမည်းတော် လေဖြတ်ပြီး လဲကျသွားတဲ့ သတင်းကို အပြင်မပေါက်ကြားစေရဲဘူး”

“ဝမ်ကျန့်ရှူးနဲ့ အရာရှိ ရာပေါင်းများစွာကိုလည်း ကိုယ်တော် စေလွှတ်လိုက်တာပါ။ ကိုယ်တော်က တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်နေတော့ ခမည်းတော်ရဲ့ နာမည်နဲ့ အမိန့်ထုတ်လိုက်တာပါ”

ထို့နောက် မင်းသားသည် ခါးသီးစွာ ပြုံးလိုက်သည်။ “တုပိုင်... တကယ်တော့ ဒီကိစ္စ မှားသလား မှန်သလား ကိုယ်တော် မသိဘူး။ တကယ်လို့ နောက်တစ်ကြိမ် ပြန်လုပ်ရမယ်ဆိုရင်လည်း ကိုယ်တော် ဒီရွေးချယ်မှုကိုပဲ ရွေးချယ်မိလိမ့်မယ်”

“တကယ်လို့ မင်း... တုပိုင်သာ အနောက်တောင်ပိုင်းမှာ ကောင်းကောင်းမွန်မွန် ရှိနေရင် ၊ ကိုယ်တော်က ဝမ်ကျန့်ရှူးကို လွှတ်မှာ မဟုတ်ဘူး။ မင်းရဲ့ အနောက်တောင်ပိုင်း မူဝါဒသစ်ကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့... မင်းက ပေမင်ဂိုဏ်းချုပ်ရဲ့ လက်ချက်နဲ့ ကမ္ဘာ့အက်ကြောင်းထဲ ပြုတ်ကျသွားပြီလေ။ လူတိုင်းက မင်းသေပြီလို့ ထင်နေကြတာ။ မဟုတ်ရင် ခမည်းတော်လည်း လေဖြတ်ပြီး လဲကျမှာ မဟုတ်ဘူး”

“တကယ်လို့ တုပိုင် မင်းသေသွားရင် အနောက်တောင်ပိုင်းမှာ ဘယ်သူက အာဏာအရှိဆုံးလဲ။ လီမိသားစုပဲ။ သူတို့ ပြန်လည်ရှင်သန်လာနိုင်တယ်။ သေချာ စဉ်းစားပြီးတဲ့နောက် ကိုယ်တော်က အာဏာသိမ်းဖို့ ဝမ်ကျန့်ရှူးကို လွှတ်လိုက်တာပါ။ အနောက်တောင်ပိုင်းက လီမိသားစုလက်ထဲ ရောက်နေတာထက် ကိုယ်တော်တို့ လက်ထဲမှာ ရှိနေတာ ပိုကောင်းမယ်လို့ ထင်လို့ပါ။ လီမိသားစု ထပ်ပြီး ပုန်ကန်မှာကို ကိုယ်တော် တကယ် စိုးရိမ်လို့ပါ”

“အင်း...” မင်းသား သက်ပြင်းချလိုက်သည်။ “ဝမ်ကျန့်ရှူးရဲ့ အမှားကို ကိုယ်တော် မသိတာ မဟုတ်ပါဘူး။ စစ်ဆေးရေးမှူးရုံးရဲ့ စရိုက်လက္ခဏာက တိုက်ခိုက်ချင်စိတ် ပြင်းထန်ပြီး တိုင်းပြည်အကြောင်း ပြောဆိုရတာ ကြိုက်ကြတယ်။ ဒါပေမဲ့... အခု ကိုယ်တော် နန်းတော်ထဲမှာ ရှာဖွေကြည့်တော့ တခြားသူတွေက ဝမ်ကျန့်ရှူးထက် ပိုဆိုးနေကြတယ်”

ထို့နောက် မင်းသားသည် တုပိုင်အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။

“မင်းက ဝမ်ကျန့်ရှူးကို သတ်လိုက်တယ်။ အရာရှိ ရာပေါင်းများစွာထဲက တစ်ဝက်ကို မောင်းထုတ်ပြီး ၊ ကျန်တစ်ဝက်ကို သတ်လိုက်တယ်” မင်းသားသည် ပြောသည်။ “အဲဒီအချိန်တုန်းက ကိုယ်တော် သတင်းကြားပြီး တကယ် ဒေါသထွက်ခဲ့တယ်။ သစ္စာဖောက် သူပုန်ကောင်လို့တောင် ဆဲဆိုခဲ့တယ်။ ဒေါသထွက်လွန်းလို့ မင်းနဲ့ လမ်းခွဲမယ်လို့တောင် အော်ဟစ်ခဲ့သေးတယ်”

တုပိုင် စကားမပြောဘဲ မင်းသားပြောသည်ကို တိတ်ဆိတ်စွာ နားထောင်နေသည်။

“ဒါပေမဲ့ စိတ်ငြိမ်သွားတဲ့အခါ ကိုယ်တော် တွေးကြည့်တယ်။ မင်းက မြို့တော်ကို ရိက္ခာဘယ်လောက် ပို့ပေးခဲ့သလဲ။ ငွေဘယ်လောက် ပို့ပေးခဲ့သလဲ။ စစ်ကူအင်အား ဘယ်လောက် ပို့ပေးခဲ့သလဲ” မင်းသားသည် ဆက်ပြောသည်။ “တကယ်လို့ ဒါသာ သစ္စာဖောက် သူပုန်ဆိုရင် ၊ ဒီလောက်ကောင်းတဲ့ သစ္စာဖောက် သူပုန်မျိုး ဘယ်မှာ ရှိဦးမလဲ”

“ကိုယ့်အတွက် ပျားရည် ၊ သူ့အတွက် အဆိပ်” မင်းသားသည် ပြောသည်။ “ကိုယ်တော့်အမြင်မှာတော့ မင်းလုပ်သမျှ အားလုံး အကြောင်းပြချက် မရှိတာ မဟုတ်ဘူး။ ဝမ်ကျန့်ရှူး လုပ်ရပ်က လွန်လွန်းတယ်။ ဒါပေမဲ့ သူ့ကို မသတ်သင့်ဘူး။ သူက ဝါရင့်အမတ် ၊ အစိုးရအဖွဲ့ဝန်ကြီး ၊ နယ်စပ်ဒေသ အရာရှိကြီးလေ။ မင်း ဘာလို့ သူ့ကို သတ်ရတာလဲ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၄၅ + ၆၅၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်။ အပိုင်း (မမသည်သာ နံပါတ်တစ်)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“အဲဒီတုန်းက တုပိုင် မင်း ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ ဆိုတာငါ ကိုယ်တော် စဉ်းစားမရခဲ့ဘူး။ အဖြေရှာမရခဲ့ဘူး”

“နောက်ပိုင်းကျမှ ခမည်းတော်ဆီ မင်းပေးပို့ခဲ့တဲ့ အနောက်တောင်ပိုင်း မူဝါဒသစ် အစီအစဉ်ငါ ကိုယ်တော် သွားဖတ်ကြည့်မိတယ်။ အဲဒီကျမှ နားလည်သွားတယ်။ မင်းလုပ်နေတာတွေက ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် ၊ တောမီးလောင်သလို ပြင်းထန်တဲ့ အပြောင်းအလဲတွေ လုပ်နေတာကိုး။ မရေမတွက်နိုင်တဲ့ လူတွေနဲ့ ရန်သူဖြစ်နေတာကိုး။ အဲဒီလို အခြေအနေမှာ နည်းနည်းလေးမှ အလျှော့ပေးလို့ မရဘူး။ ပြတ်သားတဲ့ စည်းတစ်ခုကို သေချာပေါက် ဆွဲထားရမယ်”

“တကယ်လို့ ဝမ်ကျန့်ရှူးက အာဏာသိမ်းရုံ သက်သက်ဆိုရင် သူ့ကို သတ်စရာ မလိုဘူး။ မင်းက သူ့ကို ဟူနန်ဘုရင်ခံအဖြစ် မောင်းထုတ်ဖို့ပဲ စီစဉ်ထားတာ။ ဒါပေမဲ့ မူဝါဒသစ်ကို ဖျက်ဆီးတဲ့သူ ဆိုရင်တော့ သေချာပေါက် သတ်ရမယ်။ ဘာလို့လဲဆိုတော့ မူဝါဒသစ်က တစ်ခါတုံ့ဆိုင်းသွားတာနဲ့ ကျဆုံးသွားနိုင်တယ်။ နောက်ပြန်လှည့်သွားနိုင်တယ်။ အရင်အင်အားစုတွေက အချိန်မရွေး ပြန်လည်ခေါင်းထောင်လာနိုင်တယ်”

“ဥပမာ ဒီတစ်ခါ ဝမ်ကျန့်ရှူးက အရာရှိ ရာပေါင်းများစွာကို ခေါ်လာတယ်။ သူ ကွမ်ရှီးမှာ အာဏာရယူထားတာ နှစ်လမပြည့်သေးဘူး။ ဒါပေမဲ့ စာပေပညာရှင် အရာရှိမိသားစု ဒါဇင်ပေါင်းများစွာ ပြန်ရောက်လာကြပြီ။ တကယ်လို့သာ မတားဆီးရင် သာမန်ပြည်သူတွေကို ဝေငှထားတဲ့ လယ်မြေတွေက အချိန်တိုအတွင်းမှာပဲ အဲဒီ စာပေပညာရှင် အရာရှိမိသားစုတွေနဲ့ ကုန်သည်ကြီးတွေ လက်ထဲ ပြန်ရောက်သွားလိမ့်မယ်။ အဲဒီအခါကျရင် မူဝါဒသစ်က ကျဆုံးမယ့်အန္တရာယ် ရှိလာမယ်။ သာမန်ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားလိမ့်မယ်”

“ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကျရှုံးဖို့ သေချာနေပြီ။ ဒါကြောင့် မင်းက ဝမ်ကျန့်ရှူးနဲ့ တခြားသူတွေကို သတ်ပစ်လိုက်တာပဲ”

ထို့နောက် မင်းသားသည် တုပိုင်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်... ကိုယ်တော် မှားသွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ”

တုပိုင်သည် မင်းသားကို အမြန်ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ဒီလို မလုပ်ပါနဲ့။ ကျွန်တော်မျိုး မခံယူရဲပါဘူး”

မင်းသားသည် လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ “ကိုယ်တော်က အများအားဖြင့် ဉာဏ်ကောင်းသလို ထင်ရပေမဲ့ တကယ့် မင်းတစ်ပါးအနေနဲ့ ကြည့်ရင် သိပ်မတော်ပါဘူး။ စိတ်သဘောထား ပြည့်ဝမှုအပိုင်းမှာ ခမည်းတော်ကို မမီပါဘူး။ ဒါပေမဲ့... ကိုယ်တော်က ခမည်းတော်ဆီကနေ သင်ယူဖို့ ကြိုးစားနေပါတယ်”

တုပိုင် ဦးညွှတ်ပြီး ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား ဒီလိုတွေးခေါ်နိုင်တာ ကျွန်တော်မျိုး ဝမ်းသာပါတယ်”

မင်းသားသည် ဆက်လက် ပြောလိုက်သည်။ “နောင်တစ်ချိန်ကျရင် ကိုယ်တော်က အနောက်တောင်ပိုင်း မူဝါဒသစ်ကို ဘယ်တော့မှ ဝင်မစွက်ဖက်တော့ပါဘူး။ ဒါပေမဲ့ မျှော်လင့်တာတစ်ခုကတော့ လစဉ်လတိုင်း မူဝါဒသစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မိတ္တူတစ်စောင် ပို့ပေးစေချင်တယ်။ အောင်မြင်မှုတွေ ၊ ကျရှုံးမှုတွေ ၊ သက်ဆိုင်ရာ အချက်အလက်တွေ အကုန်လုံး မှတ်တမ်းတင်ပြီး ပို့ပေးပါ။ ကိုယ်တော် ကောင်းကောင်း လေ့လာချင်လို့ပါ”

တုပိုင်သည် ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ”

မင်းသားသည် ဆက်လက် ပြောကြားပြန်သည်။ “မကြာသေးမီက ကမ္ဘာလောကမှာ ကောလာဟလတွေ ထွက်နေတယ်။ မဟာနယ်စားမင်းတုပိုင်က ပုန်ကန်တော့မယ်။ မြို့တော်က မဟာနယ်စားမင်းတုပိုင်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်တော့မယ်တဲ့။ ကိုယ်တော်က ခမည်းတော်ရဲ့ စကားကို သတိရမိတယ်။ ဒီလောကမှာ ဆွေမျိုးသားချင်းတွေ နာကျင်ရပြီး ၊ ရန်သူတွေ ဝမ်းသာရမယ့် ကိစ္စမျိုး ဘာလို့ လုပ်ရမှာလဲ”

“တုပိုင်... ကိုယ်တော်က မင်းရဲ့ မူဝါဒသစ်ကို သိပ်နားမလည်ပါဘူး။ နေရာတော်တော်များများမှာ သဘောမတူတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကိုယ်တော် စောင့်ကြည့်ချင်တယ်။ အသီးအပွင့်တွေ ထွက်လာမယ့်အချိန်ကို စောင့်ပြီး ကောင်းမကောင်း ကြည့်ချင်တယ်”

မင်းသားသည် ပြောလိုက်သည်။ “မင်းက ကိုယ်တော့်ရဲ့ ယောက်ဖပဲ။ မိသားစုဝင်ပဲ။ မင်းနဲ့ကိုယ်တော် စည်းလုံးညီညွတ်ပြီး အင်ပါယာ ပြန်လည်ရှင်သန်ရေးကို အကောင်အထည်ဖော်ရမယ်။ ခမည်းတော်ရဲ့ တစ်သက်တာ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။ ကိုယ်တော့်စိတ်သဘောထားက မကျယ်ပြန့်ဘူးဆိုတာ သိပါတယ်။ ပြုပြင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် မင်းကို ဒေါသထွက်အောင် လုပ်မိလိမ့်မယ်။ အဲဒီအခါကျရင် ခွင့်လွှတ်ပေးပါ။ ပြီးရင် ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကိုယ်တော်က သဘောထားမကြီးပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိပါတယ်”

နောက်ဆုံးတွင် မင်းသားသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။ “ကိုယ်တော်က ဝမ်ကျန့်ရှူးကို မင်းရဲ့ အနောက်တောင်ပိုင်းဆီ လွှတ်လိုက်တော့ မင်း ဒေါသထွက်ခဲ့တယ်။ မင်းက ဝမ်ကျန့်ရှူးနဲ့ တခြားသူတွေကို သတ်လိုက်တော့ ကိုယ်တော် ဒေါသထွက်ခဲ့တယ်။ အခု ငါတို့ သရေကျပြီ။ ပြန်ပြီး အဆင်ပြေကြစို့”

နောက်ဆုံးတွင်မူ သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားကြလေပြီ။ ကလေးဆန်သည်ဟု ထင်ရသော်လည်း အဆင်ပြေသွားကြသည်။

တုပိုင်သည် လက်ကို ဆန့်ထုတ်ပြီး မင်းသားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

**--**--**--**--**--**--**--**

ထို့နောက် တုပိုင်နှင့် မင်းသားသည် အရေးအကြီးဆုံး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့၏ ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲအကြောင်းပင်ညဖစ်၏။ စစ်ပွဲအခြေအနေသည် တုပိုင် စိတ်ကူးထားသည်နှင့် တူသလိုလို ၊ ကွဲပြားသလိုလို ဖြစ်နေသည်။

တူညီသည့်အချက်မှာမူ ဂျာချင်အင်ပါယာသည် ခေတ်သစ်ကမ္ဘာ့သမိုင်းတွင် ရှိသော မန်ချူးရှစ်မျိုးနွယ်စု တပ်ဖွဲ့များထက် ပိုမို အင်အားကြီးမားနေခြင်း ဖြစ်သည်။ ဂျိုဆွန်းပြည်ကို သိမ်းပိုက်ပြီး ခြောက်လအကြာတွင်ပင် ဂျာချင်အင်ပါယာက တာ့နင်အင်ပါယာကို မကြုံစဖူး စစ်ပွဲကြီး စတင်ဆင်နွှဲခဲ့သည်။

စစ်သည်အင်အား သုံးသိန်းခွဲဖြင့် တောင်ဘက်သို့ ချီတက်လာခြင်း ဖြစ်သည်။ စစ်ပွဲအစပိုင်းတွင် ဂျာချင်အင်ပါယာ စစ်တပ်သည် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ တာ့နင်အင်ပါယာ စစ်တပ်သည်လည်း တရိပ်ရိပ် ဆုတ်ခွာခဲ့ရသည်။ လျောင်တုန်းဒေသရှိ အင်ပါယာ၏ အရေးအကြီးဆုံး မြို့နှစ်မြို့ဖြစ်သော ရှန်ယန်နှင့် လျောင်ယန်တို့သည် အချိန်တိုအတွင်း ကျဆုံးသွားခဲ့သည်။

ထိုရုတ်တရက် ကျဆုံးမှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုသည် အလွန်ကြီးမားခဲ့သည်။ ထိုသတင်း မြို့တော်သို့ ရောက်သောအခါ မင်းသား ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဧကရာဇ်မင်းမြတ် လေဖြတ်ပြီး လဲကျသွားချိန်တွင် မင်းသားသည် တာ့နင်အင်ပါယာ၏ အမြင့်ဆုံး စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။ ဤကဲ့သို့ အလွန်အရေးကြီးသော အချိန်တွင် မင်းသား၏ သံတမန်ရေးရာ နည်းလမ်းများ အလုပ်ဖြစ်လာခဲ့သည်။

ပထမဦးစွာ သူ အကြီးအကျယ် ထောက်ပံ့ပေးထားသော ဂျိုဆွန်းပြည်မှ ပြည်တွင်းပုန်ကန်မှု စတင်ခဲ့သည်။ မူလ ဂျိုဆွန်းပြည်၏ အင်အားစုများသည် သူပုန်တပ်ဖွဲ့ ဖွဲ့စည်းကာ ဂျာချင်အင်ပါယာ၏ နောက်ကျောဘက်ကို တိုက်ခိုက်ကြသည်။

ထို့နောက် မင်းသားနှင့် ကျွန်းကော် ခန်းနိတ်နိုင်ငံတို့ အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ၊ ငွေတုံး သန်းပေါင်းများစွာ ပေးအပ်ခဲ့ရသည်။ ကျွန်းကော် ခန်းနိတ်နိုင်ငံသည် ဝါန ခန်းနိတ်နိုင်ငံနှင့် စစ်ပွဲကို ရပ်ဆိုင်းလိုက်ပြီး ဂျာချင်အင်ပါယာနှင့် မဟာမိတ်ဖွဲ့မှုကို လုံးဝ သစ္စာဖောက်လိုက်သည်။

ရုတ်တရက် ဝါန ခန်းနိတ်နိုင်ငံသည် အသက်ရှူချောင်သွားခဲ့သည်။ တာ့နင်အင်ပါယာနှင့် ယာယီမဟာမိတ် စာချုပ် ချုပ်ဆိုရုံသာမက ၊ အရှေ့ဘက်စစ်မျက်နှာသို့ စစ်တပ်အများအပြား စေလွှတ်၍ ဂျာချင်အင်ပါယာကို တိုက်ခိုက်ခဲ့သည်။

လျောင်တုန်း စစ်မြေပြင်တွင် ကျန့်ပေနယ်စားမင်း ယွမ်ထိန် ၊ ရွှမ်ဟွာနယ်စားမင်း လန်အောက် ၊ တုန်းကျန်းစစ်သူကြီး ၊ မင်းသမီးနင်းရွှဲ့နှင့် အခြားစစ်တပ်များ ပေါင်းစည်းကာ နောက်ဆုံးတွင် ရှုံးနိမ့်မှုကို တားဆီးနိုင်ခဲ့ပြီး ဒုတိယခံစစ်မျဉ်းကို ကာကွယ်နိုင်ခဲ့သည်။

ကျွန်းကော် ခန်းနိတ်နိုင်ငံ၏ သစ္စာဖောက်မှုနှင့် ဂျိုဆွန်းပြည် သူပုန်တပ်ဖွဲ့များ ထကြွမှုကြောင့် ဂျာချင်အင်ပါယာသည် ရန်သူသုံးဖက်နှင့် ရင်ဆိုင်နေရသည်။ လျောင်တုန်း ရှေ့တန်းစစ်မျက်နှာရှိ စစ်ရေးအင်အား လျော့နည်းသွားပြီး ၊ ထိုးစစ်ဆင်နေရာမှ ခံစစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သော လဝက်ခန့်က လျောင်တုန်း စစ်မြေပြင်မှ မကြုံစဖူး သတင်းကောင်းကြီး ရောက်ရှိလာခဲ့သည်။

တာ့နင်အင်ပါယာ စစ်တပ်သည် အရေးပါသော လျောင်ယန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ပထမဆုံး အကျိုးပြုသူမှာ တုပိုင်၏ မွေးစားအကိုဖြစ်သူ ၊ ဘိုးဘေးလီလျန်တင်း၏ မြေး လီယွမ် ဖြစ်သည်။

ထို့အပြင် အမြောက်များ ဖြည့်တင်းထားခြင်းကြောင့် တာ့နင်အင်ပါယာ စစ်တပ်သည် ယခင်က ကျဆင်းနေသော အခြေအနေမှ ပြောင်းလဲလာပြီး ၊ တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးကာ ဆက်တိုက် အောင်ပွဲများ ရရှိနေပြီ ဖြစ်သည်။

“ဒီလီယွမ်က မင်းရဲ့ ညီအစ်ကိုလို့ ခေါ်ရကျိုးနပ်ပါတယ်။ မင်းလိုပဲ ထူးချွန်ပြီး ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်။ လျောင်ယန်ကို ပြန်သိမ်းပြီးတဲ့နောက် သူက စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲပေါင်းများစွာ အနိုင်ရခဲ့တယ်။ ရန်သူ့ခေါင်းတွေ မရေမတွက်နိုင်အောင် ဖြတ်ခဲ့တယ်” မင်းသားသည် ပြောကြားသည်။ “ကိုယ်တော် သူ့ကို လျောင်ယန်စစ်သူကြီးအဖြစ် ခန့်အပ်လိုက်ပြီ။ ခမည်းတော်က လူရွေးချယ်ရာမှာ မျက်နှာမလိုက်ဘူး။ ကိုယ်တော်လည်း ခမည်းတော်ဆီက သင်ယူချင်တယ်။ လီယွမ်ကို ကတိပေးထားတယ်။ တကယ်လို့ ရှန်ယန်မြို့ကို ပြန်သိမ်းတဲ့ တိုက်ပွဲမှာ သူအောင်မြင်ခဲ့ရင် ၊ ကိုယ်တော် သူ့ကို မင်းလိုပဲ နယ်စားဘွဲ့ ပေးသနားမယ်”

တုပိုင်သည် ပြောလိုက်သည်။ “ဒါဆိုရင် ရှန်ယန်တိုက်ပွဲ ဖြစ်တော့မှာပေါ့”

“ဟုတ်တယ်” မင်းသားသည် ပြောကြားသည်။ “သူပုန်ခေါင်းဆောင်က ရည်မှန်းချက်ကြီးတယ်။ ဧကရာဇ် ဖြစ်ချင်နေတယ်။ ရှန်ယန်ကို မြို့တော်အဖြစ် သတ်မှတ်ပြီး ရှန့်တူး (မြင့်မြတ်သောမြို့တော်) လို့ နာမည်ပေးချင်နေတာ။ ငါတို့ တာ့နင်အင်ပါယာက အင်အားစုစည်းပြီး ရန်သူ အားနည်းနေချိန်မှာ ရှန်ယန်ကို တစ်ချက်တည်းနဲ့ ပြန်သိမ်းပိုက်ရမယ်။ ငါတို့စစ်တပ်က အရှိန်ရနေပြီး ရန်သူက ကျဆင်းနေတာ။ ဒီတိုက်ပွဲက နောက်ဆုံးတိုက်ပွဲ ဖြစ်လာနိုင်တယ်”

တစ်နည်းအားဖြင့် တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့၏ အဆုံးအဖြတ်တိုက်ပွဲသည် ရှန်ယန်တွင် ဖြစ်ပွားတော့မည်။

တုပိုင်သည် မေးမြန်းလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က စစ်သည်အင်အား ဘယ်လောက်ရှိလဲ။ ဂျာချင်အင်ပါယာဘက်က ဘယ်လောက်ရှိလဲ”

မင်းသားသည် ပြောကြားသည်။ “မဟာနယ်စားမင်းယွမ်ထိန် ၊ မဟာနယ်စားမင်းလန်အောက် ၊ တုန်းကျန်းစစ်သူကြီး ၊ လျောင်ယန်စစ်သူကြီး ၊ မင်းသမီးနင်းရွှဲ့တို့ရဲ့ မဟာမိတ်တပ်ပေါင်းစု စုစုပေါင်း လေးသိန်းနီးပါး ရှိတယ်။ စစ်ပွဲမှာ ကြီးမားတဲ့ အသာစီး ရရှိထားတယ်”

သေချာသည်မှာ ဤစစ်သည် လေးသိန်းတွင် မဟာနယ်စားမင်းယွမ်ထိန်နှင့် မဟာနယ်စားမင်းလန်အောက်၏ စစ်တပ်က အများဆုံး ဖြစ်သည်။ ဖန်းမိသားစုသည် သူတို့ကို စွန့်ပစ်လိုက်ပြီးနောက် ၊ သူတို့၌ ရွေးချယ်စရာ မရှိတော့ဘဲ ဂျာချင်အင်ပါယာနှင့် အဆုံးအဖြတ် တိုက်ခိုက်ရတော့သည်။

တာ့နင်အင်ပါယာတွင် စစ်သည် လေးသိန်း ရှိပြီး ၊ ဂျာချင်အင်ပါယာတွင် စစ်သည် နှစ်သိန်း ရှိသည်။ သို့သော် ဂျာချင်အင်ပါယာသည် ခံစစ်ဘက်မှ ဖြစ်ပြီး ၊ တစ်ဦးချင်း တိုက်ခိုက်စွမ်းရည်မှာ တာ့နင်အင်ပါယာထက် သာလွန်သည်။

ထို့ကြောင့် ဤတိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်း၍ မရနိုင်သေးပေ။ သို့သော် ထိုတိုက်ပွဲသည် တကယ့် ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။ နှစ်ဖက်စလုံးမှ ရင်းနှီးမြှုပ်နှံထားသော အင်အားများသည် စစ်မြေပြင်တစ်ခုတည်းတွင် မကြုံစဖူး များပြားလှသည်။

အကယ်၍ ဂျာချင်အင်ပါယာ ရှုံးနိမ့်သွားလျှင် အကြီးအကျယ် ထိခိုက်ရုံသာမက ကြီးမားသော ဘေးအန္တရာယ် ကျရောက်လိမ့်မည်။ အကယ်၍ တာ့နင်အင်ပါယာ ရှုံးနိမ့်သွားလျှင် လျောင်တုန်းဒေသ တစ်ခုလုံးတင်မကဘဲ ၊ မြောက်ပိုင်းတစ်ခုလုံး အန္တရာယ် ကျရောက်လိမ့်မည်။

တုပိုင် ပြောလိုက်သည်။ “ကျွန်တော် ကိုယ်တိုင် ရှန်ယန်ကို သွားပြီး ဂျာချင်အင်ပါယာနဲ့ တိုက်ခိုက်ဖို့ ခွင့်တောင်းပါတယ်”

မင်းသားသည်လည်း တုပိုင်ကို အချိန်ကြာမြင့်စွာ ကြည့်ပြီး ပြောလိုက်သည်။ “မင်း မသွားတာ ပိုကောင်းမယ်။ အနောက်တောင်ပိုင်းက မင်းကို ပိုလိုအပ်တယ်။ မင်း အနောက်တောင်ပိုင်းကို ပြန်သင့်တယ်”

ထိုစကား ထွက်လာသောအခါ တုပိုင် လုံးဝ အံ့အားသင့်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ် တဖြည်းဖြည်း အေးစက်လာသည်။ လူအများအပြားသည် သူထပ်မံ၍ အောင်မြင်မှု ရမည်ကို မလိုလားကြဘူးဆိုသည်ကို သူ နားလည်လိုက်သည်။

သူသည် မဟာနယ်စားမင်း တစ်ပါးဖြစ်လာပြီဖြစ်၏။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ အကယ်၍ ဤတိုက်ပွဲနှင့် ရှန်ယန် ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲတွင် ထပ်မံ အနိုင်ရခဲ့လျှင် ၊ ကြီးမားသည့် အောင်မြင်မှု ထပ်ရခဲ့လျှင် ၊ သူ့အင်အားစုများသည် လျောင်တုန်းဒေသအထိ ဝင်ရောက်လာတော့မည် မဟုတ်ပါလော။

ထို့အပြင် လူအများစု၏ အမြင်၌ လျောင်တုန်း ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲသည် အရှိန်အဟုန် ကောင်းနေပြီး ၊ နိုင်ခြေများနေသည်။ ဂျာချင်အင်ပါယာကို ချေမှုန်းသည့် ကြီးမားသော ဂုဏ်ပြုမှုကို တုပိုင် ရယူသွားမည်ကို မည်သူမျှ မလိုလားကြပေ။

ထိုမျှမက သူတို့သည် လီယွမ်ကဲ့သို့သော လူသစ် ၊ သူရဲကောင်းသစ်ကို အသည်းအသန် မွေးထုတ်ပေးချင်နေကြသည်။ လီယွမ်သည် အောင်မြင်မှုများ ဆက်တိုက် ရယူထားသည် မဟုတ်ပါလော။

ယခု သူသည် စစ်သူကြီး ဖြစ်နေပြီ။ ရှန်ယန်စစ်ပွဲ ပြီးသွားလျှင် လီယွမ်သည် နယ်စားဘွဲ့ ရလိမ့်မည်။ ထိုအခါကျလျှင် သူသည် မင်းသား၏ တိုက်ရိုက်အင်အားစု ဖြစ်လာမည်။ တာ့နင်အင်ပါယာ၏ နောက်ထပ် တုပိုင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

မင်းသားသည် တုပိုင်ကို ရိုးသားစွာ ကြည့်ပြီး ပြောလိုက်သည်။ “တုပိုင်... အနောက်တောင်ပိုင်းက မင်းကို ပိုလိုအပ်တယ်။ လျောင်တုန်းစစ်ပွဲကို မဟာနယ်စားမင်းယွမ်ထိန်နဲ့ လီယွမ်တို့ကို တိုက်ခိုက်ခိုင်းလိုက်ပါ။ ငါတို့က သူတို့ရဲ့ အောင်ပွဲသတင်းကိုပဲ စောင့်ကြတာပေါ့”

မှားယွင်းနေလေပြီ။ အခြေအနေများ မှားယွင်းနေလေပြီ။

အခြေအနေသည် မှားယွင်းနေလေပြီ။ တုပိုင် အန္တရာယ်ရှိသော အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။

ကုန်းကုန်းဧကရာဇ်။ (မမသည်သာ နံပါတ်တစ်) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters