← Chapters

အခန်း (၇၁) - တောင်တံခါးမြို့

Vol. 8 Ch. 71

အခန်း (၇၁) - တောင်တံခါးမြို့

Vol. 8 Ch. 71

တောင်တံခါးမြို့၌ မကြာသေးမီက သတင်းကြီးနှစ်ခု ထွက်ပေါ်လာခဲ့၏။

တစ်ခုမှာ တောင်ပိုင်းဂီတမျှော်စင်မှ မိန်းကလေးရွှဲ့၏ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲကို ဤမြို့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် ဒုတိယတစ်ခုမှာ မြို့ပြင်ရှိ လီမိသားစုစံအိမ်တွင် မိစ္ဆာသောင်းကျန်းနေပြီး လူအများအပြား သေဆုံးခဲ့ရသည်ဟူသော သတင်းပင် ဖြစ်ချေသည်။

မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့ အကြားတွင် တောင်ပိုင်းဂီတမျှော်စင်သည် အလွန်ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်း စာရင်းဝင် ဖြစ်သော်လည်း၊ ဂိုဏ်း၏ လုပ်ဆောင်ချက်များသည် သာမန်ဂိုဏ်းများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

တောင်ပိုင်းဂီတမျှော်စင်သည် ရှေးယခင်ကတည်းက ဂီတလမ်းစဉ်ကို လက်ဆင့်ကမ်း အမွေဆက်ခံလာခဲ့ပြီး အင်မော်တယ်ဂီတပညာရှင်များအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်ပေသည်။

ဂိုဏ်းသားများသည် ငယ်စဉ်ကတည်းက ဂီတပညာကို လေ့ကျင့်ကြရပြီး၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ဂီတတူရိယာများအပေါ်တွင် မူတည်နေသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားသည် သူတစ်ပါးထက် မနိမ့်ကျသလို၊ ကိုယ်ပိုင်ထူးခြားသော တန်ခိုးစွမ်းရည်များ ရှိကြသော်လည်း သူတစ်ပါးနှင့် တိုက်ခိုက်ခဲလှသည်။

အင်မော်တယ်ဂီတပညာရှင်များသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပြီး လူ့လောကသို့ ပျံ့နှံ့စေရန် ရည်ရွယ်ကြသည်။ ဂီတတာအိုလမ်းစဉ်၏ အစောပိုင်းကာလတွင် သူတို့သည် မိမိတို့၏ ဂီတသံစဉ်များဖြင့် လူအများ၏ စိတ်နှလုံးကို လှုပ်ရှားစေရန်နှင့် ပဲ့တင်ထပ်မှုများကို ရှာဖွေကြသည်။ ပဲ့တင်ထပ်မှု များလေလေ၊ သူတို့၏ ကျင့်ကြံခြင်း အောင်မြင်လေလေ ဖြစ်၏။

ထို့ကြောင့် တောင်ပိုင်းဂီတမျှော်စင်၏ လေ့ကျင့်ရေးလုပ်ငန်းစဉ်မှာ ပြင်ပတပည့်များစွာထဲမှ ပါရမီအရှိဆုံး လူနည်းစုကို ရွေးချယ်ပြီး အတွင်းစည်းတပည့်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ အတွင်းစည်းတပည့် တစ်ဦးစီတိုင်းကို အရင်းအမြစ်များစွာ ထောက်ပံ့ပေးပြီး၊ နယ်လှည့်ဖျော်ဖြေပွဲများ စီစဉ်ပေးကာ ဂီတပညာကို ဖြန့်ဝေစေသည်။

ဤအချက်ကြောင့်ပင် မျိုးဆက်တိုင်းရှိ တောင်ပိုင်းဂီတမျှော်စင် အတွင်းစည်းတပည့်များသည် နာမည်ကျော်ကြားပြီး ပရိသတ်အများအပြား ရှိကြသည်။ တောင်ပိုင်းဂီတမျှော်စင်သည် လူကြိုက်များမှုကို အရေးကြီးသော အညွှန်းကိန်းတစ်ခုအဖြစ် သတ်မှတ်ပြီး နောက်ဆုံး အတွင်းစည်းအကဲဖြတ်မှုတွင် ထည့်သွင်းစဉ်းစားလေ့ရှိသည်။

မျိုးဆက်တိုင်းရှိ အတွင်းစည်းတပည့်များသည် နှစ်အနည်းငယ် ကြာပြီးနောက်၊ သူတို့၏ နယ်လှည့်ဖျော်ဖြေပွဲများကို ပြီးမြောက်အောင်မြင်ပါက တောင်ပိုင်းဂီတမျှော်စင်တွင် ကြီးကျယ်ခမ်းနားသော အတွင်းစည်း အကဲဖြတ်ပွဲကို ကျင်းပလေ့ရှိသည်။

ထိုအချိန်တွင် တပည့်တစ်ဦးစီ၏ ပရိသတ်များသည် အရပ်ရပ်မှ စုဝေးရောက်ရှိလာကြပြီး၊ မိမိတို့ ထောက်ခံသော ဂီတပညာရှင်ကို ကူညီအားဖြည့်ပေးကြကာ ဤမျိုးဆက်၏ ပင်မတပည့် ဖြစ်လာစေရန် မျှော်လင့်ကြသည်။

ဤစနစ်ကြောင့် တောင်ပိုင်းဂီတမျှော်စင်သည် ထူးခြားသော ဖြစ်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းမှာ သူတို့၏ ဂိုဏ်းသားအရေအတွက်သည် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့တွင် အနည်းဆုံး ဖြစ်သော်လည်း ဩဇာလွှမ်းမိုးမှုအပိုင်းတွင်မူ အားအကောင်းဆုံးဟု ဆိုနိုင်ပေသည်။

နှစ်ပေါင်းထောင်ချီ ကြာလာသည်နှင့်အမျှ ဂီတလမ်းစဉ် ကျင့်ကြံခြင်းသည် ပိုမိုနက်ရှိုင်းလာခဲ့ပြီး၊ တောင်ပိုင်းဂီတမျှော်စင်မှ တာအိုလမ်းစဉ်ကို ရှာဖွေတွေ့ရှိသူ များပြားလာသလို ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်သူများလည်း ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် ဤကျင့်ကြံနည်းလမ်းသည် ထူးခြားသော်လည်း မည်သူကမျှ အထင်သေးရဲခြင်း မရှိပေ။

ဤမျိုးဆက် တောင်ပိုင်းဂီတမျှော်စင်၏ အတွင်းစည်းတပည့်များအကြား ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်လှသည်။

လွန်ခဲ့သော (၂)နှစ်က ပါရမီရှင် ယွီရှန်းအာ ပေါ်ထွက်လာပြီး ဤမျိုးဆက်၏ ပင်မတပည့်နေရာကို ကြိုတင်စာရင်းသွင်းထားသကဲ့သို့ ဖြစ်ခဲ့သည်။

မကြာမီတွင် ရွှဲ့လင်းရွှယ်ဟူသော မိန်းကလေးတစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။ သူမ၏ ထူးချွန်ပြောင်မြောက်မှုသည် တောင်ပေါ်မှ မဆင်းသက်မီကပင် တစ်ဖက်ကမ်းခတ် ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

မည်သူက ထင်မှတ်ပါမည်နည်း။ တစ်နှစ်သာ ကုန်လွန်သွားပြီးနောက် ရှန်ချင်းရန်ဟူသော မိန်းကလေးတစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။ သူမသည် ပြိုင်ဘက်ကင်းသော အလှတရားနှင့် ရှေးဟောင်းအငွေ့အသက်များကို ပိုင်ဆိုင်ထားပြီး ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်နေပြန်သည်။

ဤသုံးဦးအနက် မည်သူမဆို ယခင်ခေတ်ကာလများတွင်သာ ဆိုပါက ပင်မတပည့် ဖြစ်လာနိုင်သော်လည်း ကံဆိုးစွာပင် တစ်ခေတ်တည်းတွင် အတူတူ ပေါ်ထွက်လာခဲ့ကြသည်။

တောင်ပိုင်းဂီတမျှော်စင်၏ အကြီးမားဆုံးသော ပြိုင်ဆိုင်မှုခေတ်ဟု ဆိုရပေမည်။

ယခုအခါ ယွီရှန်းအာ၏ နယ်လှည့်ဖျော်ဖြေပွဲသည် ပွဲစဉ်အနည်းငယ် ပြီးဆုံးသွားပြီဖြစ်ပြီး အဓိကအားဖြင့် အရှေ့ပိုင်းဒေသရှိ မြို့ကြီးများတွင် ကျင်းပခဲ့သည်။

ရွှဲ့လင်းရွှယ်၏ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲမှာမူ သူမနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားပြီး တောင်ပိုင်းဒေသသို့ ရွေးချယ်ခဲ့သည်။

သို့သော် ယွီမင်းဆက်၏ အရှေ့ပိုင်းဒေသသည် ကြွယ်ဝချမ်းသာပြီး စည်ကားသော်လည်း တောင်ပိုင်းဒေသမှာမူ တောတောင်ထူထပ်ပြီး မြို့ပြနည်းပါးသဖြင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ရွှဲ့လင်းရွှယ်သည် တောင်ပိုင်းဒေသတွင် လူကြိုက်များမှုကို စုဆောင်းပြီးနောက် အရှေ့ပိုင်းဒေသသို့ ပြန်လည်ဝင်ရောက်လာလိမ့်မည်ဟု ခန့်မှန်းရချေသည်။

တောင်တံခါးမြို့သည် အရှေ့ပိုင်းဒေသနှင့် တောင်ပိုင်းဒေသ နယ်စပ်တွင် တည်ရှိပြီး တောင်ပိုင်းဒေသ၏ အစည်ကားဆုံး မြို့ကြီးများအနက် တစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ရွှဲ့လင်းရွှယ်၏ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲအတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲ ကျင်းပရန် ရက်အနည်းငယ် လိုသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများသည်ကား အောင်မြင်နေပြီ ဖြစ်သည်။ ယခုအခါ မိန်းကလေးရွှဲ့၏ ဖျော်ဖြေပွဲသည် မြို့တစ်မြို့လုံးတွင် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ဖျော်ဖြေပွဲ ကျင်းပမည့်နေရာနှင့် မည်သည့် ကုန်သည်အသင်းက တာဝန်ယူကျင်းပမည် ဆိုသည်ကပင် လူကြိုက်များသော ဆွေးနွေးစရာ ခေါင်းစဉ်များ ဖြစ်နေချေပြီ။

...

"ဒီနှစ်ယောက်က ရှုတောင်ဂိုဏ်းက အင်မော်တယ်ဆရာသခင်တွေများလား..." နှုတ်ခမ်းမွှေး ခပ်ကားကားနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခေါင်းညိတ်ခါးညွှတ်ရင်း ပြုံးလျက် ကြိုဆိုလိုက်သည်။

"ကျုပ်က ဒီ လီမိသားစုစံအိမ်ရဲ့ အိမ်တော်ထိန်းပါ... မျိုးရိုးက စွေ့ပါ... အင်မော်တယ်ဆရာသခင်နှစ်ပါး ကျုပ်ကို ဦးလေးစွေ့လို့ ခေါ်လို့ရပါတယ်..."

"အိမ်တော်ထိန်းစွေ့... သိပ်ပြီး အားနာမနေပါနဲ့... ကျုပ်တို့က ခင်ဗျားထက် အသက်အများကြီး ငယ်ပါတယ်... ကျုပ်တို့ကို ကိုယ့်တူတွေလိုပဲ သဘောထားလိုက်ပါ..." မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် လူငယ်လေးက ရှေ့တိုးပြီး ပခုံးဖက်ကာ ရင်းရင်းနှီးနှီး ပြောလိုက်သည်။

"သူက ချူလျန်... ကျုပ်က လင်းပေ့ပါ... ခင်ဗျား စိတ်မရှိဘူးဆိုရင်... ကျုပ် ခင်ဗျားကို ဦးလေးစွေ့လို့ ခေါ်မယ်နော်..."

လင်းပေ့တစ်ယောက် သူ၏ ချက်ချင်းပင် ရင်းနှီးအောင် လုပ်တတ်သော စွမ်းရည်ကို စတင် ထုတ်သုံးလေပြီ။

"အိုက်ယား... သူရဲကောင်းလေး နှစ်ယောက်က... ကျုပ်ကို အရမ်း မြှောက်စားလွန်းနေပါပြီ..." အိမ်တော်ထိန်းစွေ့က တဟဲဟဲ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ကျုပ်တို့ သခင်ကြီးက အလုပ်တွေ များနေလို့... ဒီရက်ပိုင်း တောင်တံခါးမြို့မှာ မရှိဘူး... မဟုတ်ရင် သူရဲကောင်းလေး နှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုမှာပါ..."

"ကိစ္စမရှိပါဘူး... အတူတူပါပဲ..." လင်းပေ့ လက်ဝှေ့ယမ်းလိုက်သည်။ "ကျုပ်တို့က ပြည်သူတွေအတွက် အန္တရာယ်ကို ရှင်းလင်းပေးဖို့ လာတာပါ... တခြားအရာတွေက အရေးမကြီးပါဘူး..."

"သူရဲကောင်းလေးလင်း ပြောတာ သိပ်ကောင်းတာပဲ..." အိမ်တော်ထိန်းစွေ့က မြှောက်ပင့်လိုက်သည်။

သူတို့နှစ်ဦးကို အခန်းထဲသို့ ဖိတ်ခေါ်ပြီး ထိုင်စေလိုက်သည်။ သူတို့နှစ်ဦး အပြန်အလှန် မြှောက်ပင့်ပြောဆိုနေကြဆဲ ဖြစ်ရာ၊ ချူလျန် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရသည်။

"အိမ်တော်ထိန်းစွေ့... ကျုပ်တို့ကို ထူးဆန်းတဲ့အမှုအကြောင်း အရင် ရှင်းပြပေးပါလား..."

"အော်... ဟုတ်သားပဲ... ဟုတ်သားပဲ..." အိမ်တော်ထိန်းစွေ့က နဖူးကို ရိုက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ကျုပ်တို့ ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးတွေကို ဖိတ်ခေါ်ရတာကလည်း... တကယ်ကို မတတ်သာလို့ပါ..."

"ဒီရက်ပိုင်း ကျုပ်တို့ လီမိသားစုစံအိမ်က တောင်ပိုင်းဂီတမျှော်စင်က မိန်းကလေးရွှဲ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို လက်ခံကျင်းပခွင့်ရဖို့ ကြိုးစားနေတာပါ... အစက သေချာသလောက်ကို ဖြစ်နေပြီ... အောင်မြင်တော့မလို ဖြစ်နေတုန်း..." အိမ်တော်ထိန်းစွေ့က စတင် ရှင်းပြလေသည်။

ဤ လီမိသားစုစံအိမ်သည် တောင်တံခါးမြို့ပြင်ရှိ ကျယ်ပြောသော တောင်ကုန်းပေါ်တွင် တည်ရှိပြီး သီးသန့်နေအိမ် မဟုတ်ဘဲ အဆင့်မြင့် အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်သည်။ အထက်တန်းလွှာများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ချေသည်။

ရွှဲ့လင်းရွှယ်၏ ဖျော်ဖြေပွဲကို လက်ခံကျင်းပလိုခြင်းမှာလည်း လူကြိုက်များမှုကို ဆွဲဆောင်ရန်နှင့် နာမည်ဂုဏ်သတင်း ကျော်ကြားစေရန်အတွက် ဖြစ်သည်။

"ကျုပ်တို့ရဲ့ တစ်ခုတည်းသော ပြိုင်ဘက်က ချင်နန်မြစ်ပေါ်က ကျင်းယွဲ့ရွှမ်ပဲ... သူတို့က ပန်းချီလှေနဲ့ လှည့်လည်ကြည့်ရှုတဲ့ စီးပွားရေးလုပ်တာလေ... သူတို့ တင်ပြထားတဲ့ အစီအစဉ်က ပန်းချီလှေတစ်စင်းကို မြစ်ကမ်းဘေးမှာ ရပ်နားပြီး... မိန်းကလေးရွှဲ့က အဲဒီအပေါ်မှာ ဖျော်ဖြေမယ်... ပရိသတ်တွေက အောက်က မြစ်ကမ်းပါးတစ်လျှောက်မှာ ထိုင်ကြည့်ရမယ်တဲ့... ဟားဟား... ဘယ်လောက် ရယ်စရာကောင်းလဲ..."

အိမ်တော်ထိန်းစွေ့ ပြောရင်းဆိုရင်း ပြိုင်ဘက်ကို တိုက်ခိုက်ရန် မမေ့ပေ။

လင်းပေ့က အချိန်ကိုက် ထောက်ခံလိုက်သည်။ "သိပ်ဟုတ်တာပေါ့..."

အိမ်တော်ထိန်းစွေ့က ဆက်လက် ပြောပြသည်။ "ဆွေးနွေးမှု ပြီးပြတ်ခါနီးမှာပဲ... ကျုပ်တို့ စံအိမ်ထဲမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်... ရက်ဆက်ဆိုသလို ညဘက်တွေမှာ မိစ္ဆာနဲ့ တွေ့တဲ့လူတွေ ရှိလာတယ်...

အဲဒီမိစ္ဆာက လေလိုပဲ လျင်မြန်ပြီး... လှုပ်ရှားမှုက တော်တော် မြန်ဆန်တယ်... ကျုပ်တို့ စံအိမ်မှာ ပျိုးထောင်ထားတဲ့ သိုင်းပညာရှင်တချို့ ရှိပေမဲ့... သူ့ရဲ့ လှုပ်ရှားမှုကို လုံးဝ မမြင်ရဘူး... ဧည့်သည်တချို့တောင် လန့်သွားပြီး သတင်းတွေ ပြန့်ကုန်တယ်..."

"ပြီးတော့ အဲဒီမိစ္ဆာက အမျိုးသမီးတွေကိုပဲ ခြောက်လှန့်ပြီး... အမျိုးသားတွေကိုတော့ မရှာဘူး... ဘာကြောင့်လဲ ဆိုတာတော့ မသိရဘူး..."

"တကယ်အစတုန်းက ကိစ္စက မကြီးမားပါဘူး... ဘယ်သူမှလည်း ထိခိုက်ဒဏ်ရာ မရခဲ့ဘူး... ဒါပေမဲ့ ကျင်းယွဲ့ရွှမ်ရဲ့ လူတွေက အခွင့်ကောင်းယူပြီး... နေရာတကာ ကောလာဟလတွေ လွှင့်တယ်... ကျုပ်တို့ဆီမှာ မိစ္ဆာသောင်းကျန်းလို့ လူတွေ အများကြီး သေကုန်ပြီဆိုပြီး ပိုပိုသာသာတွေ ပြောကြတယ်... သတင်းပြန့်သွားတော့... အခု ဖျော်ဖြေပွဲ လက်ခံကျင်းပခွင့်ရဖို့က တော်တော်လေးကို အခြေအနေ မကောင်းတော့ဘူး..."

"ဒါကြောင့် ရှုတောင်ကို အကူအညီတောင်းပြီး... သူရဲကောင်းလေးနှစ်ယောက်ကို မိစ္ဆာနှိမ်နင်းပေးဖို့ ဖိတ်ခေါ်လိုက်တာပါ..." အိမ်တော်ထိန်းစွေ့က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"အဲဒီ တောင်ပိုင်းဂီတမျှော်စင်က မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းထဲက တစ်ခုပဲလေ... ကျုပ်တို့ကို လာရှာဖို့ လိုလို့လား..." ချူလျန် အနည်းငယ် သံသယဖြစ်မိသည်။

"အင်း... မင်း တောင်ပိုင်းဂီတမျှော်စင်အကြောင်း နားမလည်သေးဘူးပဲ..." လင်းပေ့က နားလည်သလို ပြုံးပြီး ပြောလိုက်သည်။

"အဲဒီ အင်မော်တယ်ဂီတပညာရှင်တွေက ကျင့်ကြံခြင်းအဆင့် မနိမ့်ပေမဲ့... တိုက်ခိုက်ရတာကို မနှစ်သက်ကြဘူး... ပြီးတော့ တောင်ပိုင်းဂီတမျှော်စင်ရဲ့ အတွင်းစည်းတပည့်တွေက အရေအတွက် သိပ်နည်းတော့... သူများအစား မိစ္ဆာနှိမ်နင်းပေးတာမျိုး လုပ်ခဲတယ်..."

"အခု မိန်းကလေးရွှဲ့ တောင်တံခါးမြို့ကို နယ်လှည့်ဖျော်ဖြေဖို့ လာတာက... သူမအတွက် အရမ်း အရေးကြီးတယ်... စိတ်ရောကိုယ်ပါ ဖျော်ဖြေပွဲ ပြင်ဆင်မှုမှာပဲ နှစ်မြှုပ်ထားရမှာ... တကယ်လို့ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မိစ္ဆာတစ်ကောင် ရှိနေပြီး... မိစ္ဆာနှိမ်နင်းဖို့ အားအင်တွေ ခွဲထုတ်ရမယ်ဆိုရင်... သူမရဲ့ ဖျော်ဖြေပွဲ စိတ်ခံစားမှုကို ထိခိုက်စေနိုင်တယ်လေ..."

"သူတို့ရဲ့ ကျင့်ကြံနည်းလမ်းက... ပုံမှန် ကျင့်ကြံသူတွေနဲ့ မတူဘူးကွ..."

"သူရဲကောင်းလေးလင်း ပြောတာ မှန်ပါတယ်..." အိမ်တော်ထိန်းစွေ့ ပြောလိုက်သည်။ "တောင်ပိုင်းဂီတမျှော်စင်ဘက်ကတော့ ဒီကိစ္စတွေကို ကူညီဖြေရှင်းပေးမှာ မဟုတ်ဘူး... ပြီးတော့ နောက်တစ်ချက် ရှိသေးတယ်... ကျုပ်တို့ လီမိသားစုစံအိမ်ကို တည်ထောင်တဲ့သူက... ရှုတောင်ဂိုဏ်းသား တစ်ယောက်ပါ... ဒါကြောင့် ကျုပ်တို့က နှစ်စဉ် ရှုတောင်ကို ပူဇော်သက္ကာတွေ ဆက်သနေပြီး... ရှုတောင်ဂိုဏ်းနဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့တာပါ..."

"အိုး…မူလအစ ရှုတောင်က စီနီယာတစ်ယောက် တည်ထောင်ခဲ့တဲ့ စံအိမ်ကိုး... ဒါဆိုရင်တော့ ကောင်းကောင်း ကူညီပေးရမှာပေါ့ဗျာ..." လင်းပေ့က ချက်ချင်း ပြောလိုက်သည်။

"ဦးလေးစွေ့... ဒါဆိုရင် ကျုပ်မှာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုလေးတစ်ခု ရှိတယ်... အဆင်ပြေမလား မသိဘူး..."

"သူရဲကောင်းလေးလင်း ပြောပါ..." အိမ်တော်ထိန်းစွေ့က သေချာပေါက် ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။

"ကျုပ်တို့ မိစ္ဆာနှိမ်နင်းပေးပြီးသွားရင်... ဖျော်ဖြေပွဲ လက်ခံကျင်းပခွင့်ရဖို့က သေချာပေါက် ဖြစ်လာမှာပါ... အဲဒီအချိန်ကျရင် ကျုပ်တို့ကို စံအိမ်မှာ ရက်နည်းနည်းလောက် ပိုနေခွင့်ပေးပြီး... လည်ပတ်ခွင့် ပြုနိုင်မလား... ဖျော်ဖြေပွဲ ပြီးမှ ပြန်ကြမယ်လေ..." လင်းပေ့ မေးလိုက်သည်။

"ဟားဟား..." အိမ်တော်ထိန်းစွေ့ ပြောလိုက်သည်။ "ဒီကိစ္စက သေချာပေါက် ပြဿနာမရှိပါဘူး... ကျုပ် သခင်ကြီးကိုယ်စား လက်ခံပေးနိုင်ပါတယ်... တကယ်လို့ သူရဲကောင်းလေးနှစ်ယောက်ကသာ ပြဿနာကို ဖြေရှင်းပေးနိုင်ရင်... သေချာပေါက် ကောင်းကောင်း ဧည့်ခံရမှာပေါ့... သူရဲကောင်းလေးလင်းက မိန်းကလေးရွှဲ့ရဲ့ ဖျော်ဖြေပွဲကို တော်တော် မျှော်လင့်နေပုံပဲ..."

"ဟီးဟီး..." လင်းပေ့ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "တောင်ပိုင်းဂီတမျှော်စင်ထဲမှာ ကျုပ် ပထမဆုံး ထောက်ခံတာက ရှန်ချင်းရန်... ဒုတိယကတော့ ရွှဲ့လင်းရွှယ်ပဲ... ဒါပေမဲ့ သိုင်းလောက တစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင်... ကျုပ်ရဲ့ အသည်းနှလုံးက ကျုပ်တို့ ရှုတောင်ဂိုဏ်းက ကျန်းကျန်း... အဲ… ကျန်းယွဲ့ပိုင်ဆီမှာပဲ ရှိတာပါ..."

"အိုက်ယား... သူရဲကောင်းလေးလင်းက ကျုပ်နဲ့ ဝါသနာတူတာပဲ... ကျုပ်လည်း ပထမဆုံး ထောက်ခံတာက ရှန်ချင်းရန်ပါ... ရှုတောင်က နတ်သမီးကျန်းရဲ့ နာမည်ဂုဏ်သတင်းကိုလည်း ကြားဖူးတာ ကြာပါပြီ... တွေ့ခွင့်မရတာပဲ နှမြောစရာ ကောင်းတယ်..." အိမ်တော်ထိန်းစွေ့သည် ဤစကားကို ကြားသောအခါ ပထမဆုံးအကြိမ် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိသည်။

"ချင်းရန်... ချင်းရန်... လူလေးကလည်းလှ... အသံလေးကလည်းချို..."

"ချစ်ရတဲ့ ချင်းချင်း... မင်းအတွက်ဆို အရာရာပါပဲ..." လင်းပေ့ကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

နှစ်ယောက်သား စိတ်ပါလက်ပါ ပြောဆိုနေကြရင်း လက်ချင်းချိတ်ကာ မျက်ခုံးပင့် မျက်စပစ် လုပ်နေကြသည်မှာ...

ကမ္ဘာ့အဆုံးထိ ရှာပုံတော်ဖွင့်ပြီးမှ ရင်ဘတ်ချင်းတူသူကို တွေ့လိုက်ရသကဲ့သို့ ပျော်ရွှင်နေကြလေသည်။

ချူလျန်သည်ကား ဘေးမှနေ၍ နားမလည်နိုင်သော မျက်နှာအမူအရာဖြင့်သာ ကြည့်နေမိတော့သည်။

လင်းပေ့က မျက်ခုံးထူထူ မျက်လုံးကြီးကြီးနဲ့ဆို့တော့... ထားလိုက်ပါတော့...

သူက အသက်ငယ်သေးတယ် ဆိုတော့လည်း ထားလိုက်ပါတော့...

ဦးလေးစွေ့... ခင်ဗျားက ဆယ်စုနှစ် လေးခုလောက်တောင် ကျော်နေပြီလေ... ဒါတွေ လုပ်နေတုန်းလားဗျာ...

ခင်ဗျားတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲဗျာ… ဘာ ဆားလဲ... ဘာ အချိုလဲ...

ငါတို့ တကယ်ပဲ ကမ္ဘာတစ်ခုတည်းမှာ နေထိုင်နေကြတာ ဟုတ်ရဲ့လားကွာ... ချီးတဲ့မှ…။

(စကားချပ် - ရှန်ချင်းရန် နာမည်ထဲက ရန် ဆိုတာက ဆားနဲ့ အသံထွက်တူတဲ့အတွက် ဆားတွေ အချိုတွေပြောနေတယ်လို့ ချူလျန်က ထင်နေတာပါ။)

All Chapters