အခန်း (၇၂) - လျိုရှောင်ယွီ
Vol. 8 Ch. 72
"သူရဲကောင်းလေးနှစ်ယောက်... ခုနက စားသောက်ပွဲကို ကျေနပ်ကြရဲ့လား..."
"သိပ်ကျေနပ်တာပေါ့... အထူးသဖြင့် ဟို အဖြူရောင်အသားဟင်းပွဲလေ... တကယ့်ကို အနံ့အရသာနဲ့ ပြည့်စုံတာပဲ... ကျုပ် စားဖူးသမျှထဲမှာ အကောင်းဆုံး ဟင်းပွဲလို့တောင် ပြောလို့ရတယ်..."
"ဟားဟား... အဲဒီ အသားဖြူဟင်းပွဲက ကျုပ်တို့ လီမိသားစုစံအိမ်ရဲ့ နာမည်ကြီး ဟင်းပွဲပါပဲ..."
ခမ်းနားသော ဧည့်ခံပွဲ ပြီးဆုံးပြီးနောက် အိမ်တော်ထိန်းစွေ့သည် ချူလျန်နှင့် လင်းပေ့တို့ကို လီမိသားစုစံအိမ်ထဲတွင် လှည့်လည်ပြသလေသည်။ ဤနေရာရှိ ရှုခင်းများသည် လှပပြီး ဥယျာဉ်များသည် သပ်ရပ်ကာ၊ ကျောက်ဆောင်များနှင့် သစ်ပင်များသည် စနစ်တကျရှိပြီး မျှော်စင်များနှင့် နန်းဆောင်များသည် တစ်ခုနှင့်တစ်ခု ကွယ်ဝှက်ထားသကဲ့သို့ တည်ရှိနေကြသည်။
လင်းပေ့က နောက်ပြန်လှည့်ပြီး ချူလျန်ကို တိုးတိုးလေး ပြောလိုက်သည်။ "နောင်ကျရင် ရှုတောင်ကနေ ထွက်ခွာပြီး... အောက်မှာ ဒီလို စံအိမ်လေးတစ်ခု ဖွင့်နိုင်ရင် မဆိုးဘူးနော်... လွတ်လပ်ပြီး ပျော်စရာ ကောင်းမှာပဲ..."
ချူလျန် ပြုံးပြီး ပြောလိုက်သည်။ "ငါကတော့ တောင်ပေါ်မှာပဲ အမြဲ နေချင်သေးတယ်..."
"အဲဒါက ပျင်းစရာကောင်းလွန်းတယ်ကွာ..." လင်းပေ့ ပြောလိုက်သည်။ "ငါ နောင်ကျ ကျင့်ကြံခြင်းလမ်းဆုံးသွားပြီ ဆိုရင်... တောင်အောက်ဆင်းပြီး ပြည့်တန်ဆာအိမ်တစ်လုံး ဖွင့်မယ်... နေ့တိုင်း ဆိုင်မဖွင့်ဘဲ ကိုယ့်ဘာသာ အထဲမှာ ကစားနေမှာ..."
"အဲဒါက မိန်းမအများကြီး ယူတာနဲ့ ဘာကွာခြားလို့လဲ..." ချူလျန်တစ်ယောက် အထင်သေးခြင်းတစ်ဝက်၊ နားမလည်နိုင်ခြင်း တစ်ဝက်ဖြင့် မေးလိုက်သည်။
လင်းပေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပြန်သည်။
"ကိုယ့်မိန်းမနဲ့ နေရတာနဲ့... သူများမိန်းမနဲ့ နေရတာ... ခံစားချက်ချင်း ဘယ်တူမလဲကွ..."
ချူလျန် "…"
ရယ်မောပြောဆိုနေကြရင်း ပြဿနာတစ်ခုကိုလည်း ထုတ်ဖော်ပြောဆိုလိုက်သလို ဖြစ်သွားချေသည်။
မျိုးဆက်တိုင်းရှိ ရှုတောင်ဂိုဏ်းသားများသည် ငယ်ရွယ်စဉ်က ရာချီ၊ ထောင်ချီ ရှိကြသော်လည်း နှစ်ပေါင်းများစွာ ကြီးပြင်းလာပြီးနောက် တောင်ထွတ်သခင် (၃၆)ပါးနှင့် အဓိက အမာခံအဖွဲ့ဝင်များမှလွဲ၍ ကျန်တပည့်များသည် ရှုတောင်မှ ထွက်ခွာသွားကြစမြဲ ဖြစ်သည်။
ကျင့်ကြံခြင်းသည် ရှည်လျားသော ခရီးစဉ်တစ်ခု ဖြစ်လေသည်။
ရှုတောင်ဂိုဏ်းသည် ပါရမီရှိသူများကိုသာ ရွေးချယ်ပြီး ဂိုဏ်းဝင်ခွင့်ပေးသော်လည်း အဆုံးသတ်ဟူသည် ရှိစမြဲပင်။
တချို့က ဝိညာဉ်အသိအမြင်အဆင့်တွင် လူသားနယ်ပယ်ကို မကျော်ဖြတ်နိုင်ကြတော့ပေ။ တချို့က ရွှေအမြုတေအဆင့်တွင် ရပ်တန့်သွားကြသည်။ တချို့က ဓာတ်ကြီးငါးပါးအဆင့်တွင် လုံးဝ လက်လျှော့လိုက်ကြသည်။
ဤကျင့်ကြံခြင်း ရပ်တန့်သွားသူ အများစုသည် ဘဝသစ်ကို ရှာဖွေရန် ရွေးချယ်ကြသည်။ ချူလျန်က ၎င်းကို "ကျောင်းပြီးခြင်း" ဟုသာ နားလည်ထားချေသည်။
ကျင့်ကြံခြင်းအဆင့် နိမ့်သူများသည် စီးပွားရေး အသေးစားလေးများ လုပ်ကိုင်နိုင်သည်၊ သို့မဟုတ် ချမ်းသာသော အိမ်ထောင်စုများတွင် အစောင့်အရှောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သည်။ ရှုတောင်ဂိုဏ်း၏ နာမည်ဂုဏ်သတင်းဖြင့် သူတို့သည် ကောင်းမွန်စွာ နေထိုင်နိုင်ကြသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည် ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်ပြီး ဂိုဏ်းငယ်လေးများကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သည်။
ယနေ့ခေတ်တွင် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းမှ ခွဲထွက်လာသော ထိုကဲ့သို့သော ဂိုဏ်းငယ်လေးများသည် မရေမတွက်နိုင်အောင် များပြားလှပေသည်။
ပုံမှန် ပြောဆိုနေကြသော ပင်မကျင့်ကြံခြင်းလောက ဆိုသည်မှာ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းနှင့် ၎င်းတို့၏ ခွဲထွက်ဂိုဏ်းများဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။ ဤစက်ဝိုင်း၏ ပြင်ပတွင် ရှိနေသူများကိုမူ ပင်မမဟုတ်သော ကျင့်ကြံသူများဟု ခေါ်ဆိုလေ့ရှိကြသည်။
သို့သော် ချူလျန်၏ လက်ရှိအတွေးမှာ ရှုတောင်မှ ထွက်ခွာရန် သိပ်မလိုလားပေ။ အကောင်းဆုံးမှာ တာအိုသိရှိခြင်းအဆင့်သို့ ရောက်ရှိပြီး ယုံကြည်မှုရှိသော မဟာဆရာသခင်ကြီး တစ်ပါး ဖြစ်လာကာ "ကျင့်ကြံခြင်း လွတ်မြောက်မှု" ကို ရယူရန် ဖြစ်သည်။
ထိုအချိန်ကျလျှင် ရှုတောင်တွင် တောင်ထွတ်သခင် ရာထူးတစ်ခု ဝင်ပြိုင်လိုက်ပြီး၊ ပါရမီရှိသော တပည့်နှစ်ယောက်လောက် လက်ခံပြီး အေးအေးဆေးဆေး နှပ်နေလိုက်ရုံပင်။
အိမ်တော်ထိန်းစွေ့က သူတို့ကို မြင့်မားသော စင်္ကြံလမ်းတစ်ခုဆီ ခေါ်ဆောင်သွားရာ အောက်ဘက် ခြံဝန်းထဲတွင် အမျိုးသမီးတစ်စု စုဝေးနေကြပြီး တစ်စုံတစ်ခု ရွေးချယ်ပွဲ ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။
တာဝန်ခံ နှစ်ယောက် သုံးယောက်က ရှေ့တွင် ထိုင်နေကြပြီး၊ ငယ်ရွယ်သော မိန်းကလေးများက တစ်လှည့်စီ ရှေ့ထွက်ပြီး ကပြနေကြသည်။ အများစုမှာ သွယ်လျသော ကိုယ်ခန္ဓာနှင့် ပေါ့ပါးသွက်လက်သော ကကွက်များရှိကြသဖြင့် ကြည့်ရှုရသည်မှာ မျက်စိပသာဒ ရှိလှချေသည်။
"တောင်အောက်က ကောင်းပါတယ်ကွာ... ဒီလို မြင်ကွင်းမျိုးကို ရှုတောင်ပေါ်မှာ ဘယ်တွေ့ရပါ့မလဲ..." လင်းပေ့ မနေနိုင်ဘဲ ရယ်မောလိုက်ပြန်သည်။
ချူလျန် မေးလိုက်သည်။ "ဒါ ဘာလုပ်နေကြတာလဲ..."
"အဲ..." အိမ်တော်ထိန်းစွေ့က ဖြေလိုက်သည်။
"ဒါက မိန်းကလေးရွှဲ့ရဲ့ ဖျော်ဖြေပွဲအတွက် နောက်ခံကချေသည်တွေကို ရွေးချယ်နေတာပါ... သူတို့ ဂီတပညာရှင်တွေ မတူညီတဲ့ တီးခတ်မှုတွေ ပြုလုပ်တဲ့အခါ... စင်မြင့်ပေါ်မှာ အကူအညီပေးဖို့ အဆိုတော်တွေ ဒါမှမဟုတ် ကချေသည်တွေ လိုအပ်တယ်လေ...
ဒါတွေကို ကျုပ်တို့ဘက်က လူအင်အား ပြင်ဆင်ပေးရတာပါ... ကျုပ်တို့ လီမိသားစုစံအိမ်မှာ ပုံမှန်အားဖြင့် ဒါတွေ မရှိတော့... ယာယီ ရွေးချယ်ရတာပေါ့..."
"မဆိုးဘူး... ဒီလောက် လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိနေတာ... ရွှဲ့လင်းရွှယ်အတွက် ကပြပေးရမယ့် အခွင့်အရေးဆိုတာ လွယ်လွယ်နဲ့ ရတာမှ မဟုတ်တာ... တစ်မြို့လုံးက အကတော်တဲ့ အမျိုးသမီးတွေ အကုန်ရောက်လာကြပုံပဲ..." လင်းပေ့ ပြောလိုက်သည်။
ထို့နောက် ရုတ်တရက် မျက်လုံးများ အရောင်တောက်သွားပြီး ထပ်ပြောလိုက်ပြန်သည်။ "ဒီကောင်မလေးက တော်တော်လေး လှတာပဲ..."
သူ ပြောစရာပင် မလိုချေ၊ ချူလျန်သည်လည်း ယခုလေးတင် စင်ပေါ်တက်လာသော အမျိုးသမီးကို သတိထားမိလိုက်သည်။
ယခုလေးတင် ကပြပြီးသွားသော အမျိုးသမီးတစ်ဦးသည် ဒိုင်လူကြီးများ၏ ဝေဖန်မှုကို ခံလိုက်ရပြီး မျက်ရည်သုတ်ကာ ထွက်ခွာသွားရသည်။ သူမ ဆင်းသွားသည်နှင့် တပြိုင်နက် တောက်ပသော အရောင်အသွေးစုံလင်မှုတစ်ခု အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
ဤမိန်းကလေးငယ်သည် အရောင်အသွေး စုံလင်သော ဂါဝန်ကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ အလွန် တောက်ပနေသည်။ အသားအရေသည် သိုးမွှေးကဲ့သို့ ဖြူဖွေးနေ၏။ ဆံပင်ကို ခပ်ဖွဖွ စည်းနှောင်ထားပြီး ဆံစများ အနည်းငယ် မြွေလိမ်မြွေကောက် ကျဆင်းနေလေသည်။ မျက်ခုံးတန်းလှလှနှင့် မျက်လုံးဝိုင်းကြီးများရှိပြီး မျက်တောင်ခတ်လိုက်တိုင်း အပြစ်ကင်းစင်မှုများ ပြည့်နှက်နေချေသည်။
မျက်လုံးများက အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော်လည်း၊ သူမ၏ အရှိန်အဝါထဲတွင် ဖုံးကွယ်၍မရနိုင်သော သက်ဝင်လှုပ်ရှားမှုတစ်ခု ရှိနေသည်။ ယခုအချိန်တွင် မိုးချုပ်နေပြီဖြစ်ပြီး ပတ်ဝန်းကျင် မှောင်မိုက်နေသော်လည်း၊ သူမ ပေါ်လာသည်နှင့် တပြိုင်နက် နေရောင်ခြည် လင်းလက်လာသကဲ့သို့ ဖြစ်သွားရသည်။
"ကျမ နာမည်က လျိုရှောင်ယွီပါ..."
သူမ စကားပြောရာတွင်လည်း ကြောက်ရွံ့နေပုံရပြီး လူအများကို သနားကရုဏာ သက်မိစေသည်။
အဓိက ဒိုင်လူကြီးဖြစ်သော အမျိုးသမီးကြီးသည် အသက် (၄၀)၊ (၅၀)ခန့်ရှိပြီး တောင်တံခါးမြို့၏ အာဏာရှိ အကဆရာမတစ်ဦး ဖြစ်သည်။ သူမသည် တစ်ချိန်က တောင်ပိုင်းဂီတမျှော်စင်တွင် သွားရောက်လေ့လာခဲ့ဖူးသည်။
သူမသည် မူလက မျက်နှာထားတင်းမာပြီး လေသံ ပြတ်သားသော်လည်း၊ ဤ လျိုရှောင်ယွီကို မြင်လိုက်ရသောအခါ အလိုအလျောက် နူးညံ့သွားလေသည်။ "ကောင်မလေး... မင်း ဘာအက ကတတ်လဲ..."
"ကျမ... ကျမ သိပ်မကတတ်ပါဘူး..." လျိုရှောင်ယွီက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် ပြုလုပ်လိုက်သည်။
"ကိစ္စမရှိဘူး... မင်း သင်ဖူးတဲ့ အက လှုပ်ရှားမှုတွေကို ကပြလိုက်ရင် ရပါပြီ..." ဒိုင်လူကြီးက နူးညံ့စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့..." လျိုရှောင်ယွီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမသည် လက်ချောင်းဆယ်ချောင်းကို ယှက်လိုက်ပြီး ပြောင်းပြန်လှန်လိုက်သည်။ ထို့နောက် တင်ပါးကို လှုပ်ခါလိုက်သည်။
ဘယ်ဘက်သို့ တစ်ချက် လှုပ်ခါလိုက်သည်။
ညာဘက်သို့ တစ်ချက် လှုပ်ခါလိုက်သည်။
ပြီးနောက် နေရာမှာတင် ကြောင်တောင်တောင် ရပ်နေလိုက်လေသည်။
"ကဲ...ကဲ.. သွေးပူလေ့ကျင့်ခန်း လုပ်ပြီးရင် မြန်မြန် စကလိုက်တော့လေ..." အခြား ဒိုင်လူကြီးတစ်ဦးကလည်း အားပေးလိုက်သည်။
လျိုရှောင်ယွီ ကြောင်သွားပြီး ပြန်ဖြေလိုက်သည်။
"ကျမ ကပြီးသွားပြီလေ..."
"..." လူတိုင်း တိတ်ဆိတ်သွားကြရသည်။
အဓိက အကဆရာမ ဒိုင်လူကြီးသည် အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ကောင်မလေး... ငါ မင်းကို သဘောကျပေမဲ့... ဒါက ကချေသည် ရွေးချယ်ပွဲဆိုတော့... မင်း ဒီအတိုင်းတော့ အောင်မြင်ဖို့ မဖြစ်နိုင်ဘူး..."
"ဒါဆို ဘယ်လိုလုပ်ရမလဲ..." လျိုရှောင်ယွီ နှုတ်ခမ်းဆူလိုက်ရာ ငိုတော့မည့် ပုံစံပင် ပေါက်နေချေသည်။
"အက အခြေခံဆိုတာ တစ်ရက်တည်းနဲ့ လေ့ကျင့်လို့ ရတာ မဟုတ်ဘူး... ဒီလိုလုပ်ပါလား... မင်း အသံလည်း နားထောင်လို့ ကောင်းပုံရတယ်... သီချင်းဆို ကြိုးစားကြည့်မလား... အဆိုတော် ရွေးချယ်ပွဲ ဝင်ကြည့်ပါလား..." အဓိက အကဆရာမ ဒိုင်လူကြီးက သူမကို အကြံဉာဏ် ပေးလိုက်သေးသည်။
"ရပါတယ်..." လျိုရှောင်ယွီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြန်သည်။
ဘေးနားရှိ သီချင်းဆို ဒိုင်လူကြီးတစ်ဦးက ဝင်ပြောလိုက်သည်။ "ဒါဆို လာ... ငါ့နောက်ကနေ ဒီစာသားကို လိုက်ဆိုကြည့်... ဖယောင်းတိုင်အရိပ် နီရဲလှုပ်ခတ်၊ မီးတောက်က ပြတင်းပေါက်ဇာကို ဖောက်ထွင်း၊ မိုးရွာပြီးနောက် အေးစက်မှုဖြစ်ပေါ်..."
"အင်း..." ကောင်မလေးက တစ်ခေါက် နားထောင်လိုက်ပြီး ပါးစပ်ဟကာ သီဆိုလိုက်သည်။ "ဖယောင်းတိုင်အရိပ်... နီရဲလှုပ်ခတ်... မီးတောက်က ဇာ... ပြတင်းပေါက်... မိုးရွာ... ပြီးနောက်... အေး..."
"တော်တော့..." ထို သီချင်းဆို ဒိုင်လူကြီးက ချက်ချင်း အော်ဟစ်တားမြစ်လိုက်သည်။
"ဟင့်..." ကောင်မလေး ချက်ချင်းပင် ဆက်မဆိုရဲတော့ပေ။
"တောင်းပန်ပါတယ်..." ထို သီချင်းဆို ဒိုင်လူကြီးက ချက်ချင်း တောင်းပန်လိုက်သည်။ "ငါ နားထောင်လိုက်ရတာ တစ်ခွန်းမှ စည်းဝါးမကိုက်လို့... မနေနိုင်ဘဲ အော်လိုက်မိတာ..."
"ကိစ္စမရှိပါဘူး... မင်း ထိန်းထားရင်တောင် ငါ မနေနိုင်ဘူး..." အဓိက အကဆရာမ ဒိုင်လူကြီးက သက်ပြင်းချလိုက်သည်။
"ကောင်မလေး... မင်း ဒီနေရာနဲ့ တကယ် မကိုက်ညီပါဘူး... မြန်မြန် ပြန်ပြီး တခြားအလုပ် ရှာလုပ်ပါတော့..."
"ဟင့်..." လျိုရှောင်ယွီ နှုတ်ခမ်းဆူလိုက်ပြန်သည်။ "တကယ်ပဲ ကျမကို နေခွင့်ပေးမယ့် အခွင့်အရေး မရှိတော့ဘူးလား... မတတ်တာတွေကို ကျမ သင်ယူလို့ ရပါတယ်..."
အဓိက အကဆရာမ ဒိုင်လူကြီးက ခေါင်းလှည့်လိုက်ပြီး နှမြောတသဖြစ်သော မျက်နှာထားဖြင့် အော်လိုက်သည်။ "အစောင့်... သူမကို မောင်းထုတ်လိုက်ပါ..."
အခြားတစ်ဘက်တွင် ကောင်မလေးခမျာ ငိုယိုနေရင်း အစောင့်အချို့၏ တွန်းထုတ်ခြင်းကို ခံလိုက်ရတော့သည်။
ဤဘက်တွင် အပျော်ကြည့်နေသော လင်းပေ့သည်လည်း သက်ပြင်းချလိုက်မိသည်။
"နှမြောစရာပဲကွာ..." သူ ခေါင်းယမ်းလိုက်သည်။
"သူမ သီချင်းဆိုတာ၊ ကတာက သာမန်လူတစ်ယောက်လိုသာ ဖြစ်ခဲ့ရင်... အရွေးခံရဖို့ အခွင့်အရေး ရှိလောက်တယ်ကွာ…"
"ဟုတ်တယ်... ဒီကောင်မလေးသာ စင်ပေါ်တက်ခွင့်ရရင်... ပရိသတ်တွေ အများကြီး သဘောကျမှာ သေချာတယ်..." အိမ်တော်ထိန်းစွေ့က သူ၏ နှစ်ပေါင်းများစွာ ကြယ်ပွင့်အားပေးခဲ့သော အတွေ့အကြုံဖြင့် တိကျသော သုံးသပ်ချက် ပေးလိုက်လေသည်။
ချူလျန်သည် ရွေးချယ်ပွဲကို စိတ်ပါလက်ပါ ကြည့်ရှုနေသော သူတို့နှစ်ဦးကို ကြည့်လိုက်မိသည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်မိတော့သည်။
"မိစ္ဆာ ဘယ်တော့ ထွက်ပေါ်လာမလဲ ဆိုတာကို ငါတစ်ယောက်တည်းပဲ စိတ်ပူနေတာလားကွာ..."