← Chapters

တစ္ဆေလှည့်ကွက်

Vol. 8 Ch. 73

တစ္ဆေလှည့်ကွက်

Vol. 8 Ch. 73

ညဉ့်နက်သန်းခေါင်ယံ…။

လီမိသားစုစံအိမ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး၊ ရံဖန်ရံခါ ဟောင်လိုက်သော ခွေးဟောင်သံများနှင့် တောင်ပေါ်မှ ငှက်အော်သံများသာ ကျန်ရစ်တော့သည်။ စံအိမ်အတွင်းရှိ အခန်းအချို့တွင် ဖယောင်းတိုင်မီးများ လင်းလက်နေဆဲ ဖြစ်၏။ မကြာသေးမီက မိစ္ဆာသောင်းကျန်းမှုများကြောင့် လူအများအပြားမှာ မီးမှိတ်ပြီး မအိပ်ရဲကြချေ။

စံအိမ်အတွင်းတွင် အစောင့်အဖွဲ့အချို့ လှည့်လည်ကင်းစောင့်နေကြသည်။ စံအိမ်လုံခြုံရေးအတွက် သိုင်းပညာရှင်အချို့ကို ငှားရမ်းထားသော်လည်း လူအင်အား နည်းပါးလှသည်။ ကင်းလှည့်ခြင်း၏ အဓိကအင်အားစုမှာ သန်မာထွားကျိုင်းသော သာမန်လူများသာ ဖြစ်ကြ၏။ ညလေအေး တိုက်ခတ်လာသောအခါ သူတို့၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာရစမြဲပင် ဖြစ်လေသည်။

"နံပါတ် (၄)... နံပါတ် (၄)..." အနောက်မှ အစောင့်တစ်ဦးက တီးတိုး လှမ်းခေါ်လိုက်သည်။ "ဟိုဘက်နားလေးမှာ အပေါ့သွားချင်လို့... အဖော်လိုက်ခဲ့ပေးပါလား..."

"ဘာလုပ်ဖို့လဲကွ... မင်းဘာသာ သွားပေါ့..." ရှေ့မှ နံပါတ် (၄) ဟု ခေါ်သော အစောင့်က ငြင်းဆန်လိုက်သည်။

"ကျုပ် တစ်ယောက်တည်း မသွားရဲလို့ပါဗျာ... ခဏလေး လိုက်ခဲ့ပေးပါ..." အနောက်မှ အစောင့်က တောင်းပန်လိုက်သည်။

"အေးပါကွာ... အေးပါ..." နံပါတ် (၄) သည် တောင်းပန်မှုကို မလွန်ဆန်နိုင်ဘဲ၊ ရှေ့မှလူကို ခဏစောင့်ခိုင်းပြီးနောက် သူနှင့်အတူ လိုက်သွားပေးလိုက်လေသည်။

နှစ်ယောက်သား သစ်တောစပ်သို့ ရောက်ရှိလာကြသည်။ ထိုအစောင့်သည် ခါးစည်းကြိုးကို ဖြေလိုက်ပြီး မှောင်မိုက်နေသော နေရာသို့ မျက်နှာမူကာ အပေါ့သွားလိုက်သည်။ ပါးစပ်မှလည်း တတွတ်တွတ် အဆက်မပြတ် ရေရွတ်နေလေ၏။

"ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ ပြီးဆုံးမလဲ မသိပါဘူးဗျာ... သူများအိမ်မှာ အစောင့်လာလုပ်တာ သူခိုးဓားပြလောက်ကိုပဲ ကာကွယ်ရမယ် ထင်ထားတာ... ဘယ်ကဘယ်လိုဖြစ်ပြီး မိစ္ဆာဖမ်းရတဲ့ အလုပ်နဲ့ လာတိုးနေရတယ်လို့...

အိမ်ရှင်တွေက တန်ခိုးစွမ်းအားကြီးတဲ့ အင်မော်တယ်ဆရာတွေကို ဖိတ်ထားတယ်လို့တော့ ကြားတာပဲ... ဘယ်လောက် စွမ်းမလဲတော့ မသိဘူး... အဲဒီမိစ္ဆာရဲ့ ပြိုင်ဘက် ဖြစ်ပါ့မလား... ဟေ... နံပါတ် (၄)... ခင်ဗျားဆီက ဘာလို့ ဘာသံမှ မကြားရတာလဲ..."

သူသည် ပြောရင်းဆိုရင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ၊ အစောပိုင်းက သူ့အနောက်တွင် ရပ်နေသော နံပါတ် (၄) မှာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

‘ဘယ်ရောက်သွားတာလဲ...’

သူ့ရင်ထဲတွင် ထိတ်လန့်သွားပြီး၊ ခေါင်းပြန်လှည့်ကာ အမြန်ဆုံး ပြန်ပြေးရန် ပြင်လိုက်တော့သည်။

သို့သော် သူ အကြည့်ပြန်လွှဲလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ၏မျက်စိရှေ့တည့်တည့်တွင် အစိမ်းရောင် မျက်နှာနှင့် အစွယ်ငေါငေါ ပြူးထွက်နေသော သရဲ မျက်နှာကြီးတစ်ခု ပေါ်လာတော့သည်။

"အား..."

အစောင့်နှင့် ထိုသရဲတို့မှာ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ဤမျှ နီးကပ်နေသည့် အခြေအနေတွင် မည်သူ့အသံက ပိုကျယ်သည်ကိုပင် မခွဲခြားနိုင်တော့ပေ။

တစ်ချက်အော်ဟစ်ပြီးနောက် အစောင့်သည် ဘောင်းဘီပြန်ဝတ်ရန် သတိရသွားသလို၊ သရဲကြီးကလည်း လက်သည်းများကို မြှောက်လိုက်သည်။

နောက်သို့ လှည့်ပြေးလေပြီ။

သူက ထွက်ပြေးပြီး၊ ၎င်းက လိုက်ဖမ်းလေ၏။

"သရဲ... သရဲ..." အစောင့်သည် ထွက်ပြေးရင်း အော်ဟစ်နေရှာသည်။

အော်သံမဆုံးမီမှာပင် ကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ရှုတောင်ဂိုဏ်းတပည့် ဒီမှာရှိနေတာ... ဘယ်အရပ်က မကောင်းဆိုးဝါးက သောင်းကျန်းရဲတာလဲ..."

ထိုအသံနှင့်အတူ နှင်းကဲ့သို့ ဖြူဖွေးတောက်ပသော ဓားအလင်းတန်းတစ်ခုသည် ညဉ့်နက်သန်းခေါင်ယံမှ ကြယ်ကြွေသကဲ့သို့ ချက်ချင်း ကျရောက်လာသည်။

သရဲကြီးသည် ဓားအလင်းတန်း၏ လျင်မြန်ပြင်းထန်မှုကို မြင်လိုက်ရသောအခါ လက်သည်းနှစ်ဖက်ကို ချက်ချင်းမြှောက်ပြီး ကာကွယ်လိုက်သည်။

သတ္တုချင်း ရိုက်ခတ်သံကဲ့သို့ ‘ထန်’ဟူသော အသံ ထွက်ပေါ်လာပြီး၊ ဓားချီစွမ်းအင်၏ ရိုက်ခတ်မှုကြောင့် နောက်သို့ ပေပေါင်းများစွာ လွင့်စင်သွားရသည်။ ၎င်းသည် တိုက်ခိုက်လိုစိတ် လုံးဝမရှိဘဲ ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးလေသည်။

နောက်မှ လူရိပ်နှစ်ခုသည် လျင်မြန်စွာ ပျံသန်းရောက်ရှိလာပြီး ထပ်ကြပ်မကွာ လိုက်ဖမ်းတော့သည်။

၎င်းက ထွက်ပြေးပြီး၊ သူတို့က လိုက်ဖမ်းလေ၏။

အတောင်ပံတပ်ထားလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ထွက်ပြေးချင်သေးတယ်လား..." ချူလျန် အော်ဟစ်လိုက်ပြီး၊ အင်္ကျီလက်စထဲမှ အနီရောင်အလင်းတန်းတစ်ခု လျှပ်စီးကဲ့သို့ ပျံထွက်သွားသည်။ သူ၏ တွက်ချက်မှုအတိုင်း သရဲ၏ ရှေ့တည့်တည့်သို့ ကျရောက်သွားပြီး၊ အရှိန်ဖြင့် ပြေးနေသော ၎င်းကို တင်းကျပ်စွာ ချည်နှောင်လိုက်တော့သည်။

မိစ္ဆာချုပ်ကြိုး...။

ဘုန်း...

သရဲကြီးသည် မြေကြီးပေါ်သို့ ဒလိမ့်ခေါက်ကွေး လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ ပါးစပ်မှလည်း ချက်ချင်းပင် အသနားခံလိုက်သည်။ "အသက်ချမ်းသာပေးပါ... သူရဲကောင်းလေး အသက်ချမ်းသာပေးပါ..."

သူ တောင်းပန်နေစရာ မလိုချေ၊ ချူလျန်နှင့် လင်းပေ့တို့သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။ သရဲမျက်နှာ ရှိသော်လည်း လှုပ်ရှားမှုများတွင် ယင်ချီစွမ်းအင် လုံးဝ မရှိပေ။ လူတစ်ယောက်က ဟန်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေလေသည်။

လင်းပေ့ မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး၊ လိပ်ခွံပုံစံဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသော ပုံရိပ်ကို ကြည့်ကာ၊ ပါးစပ်ဖွင့်လိုက်သည်နှင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။ "ကိတ်လား... ကောင်းလား..."

"ဟမ်..." ချူလျန်နှင့် ထိုသရဲတို့က သူ့ကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်ကြသည်။

"အာ... သူ့ကို ချည်ထားတဲ့ ပုံစံကို မြင်ပြီး စိတ်မထိန်းနိုင်ဘဲ ပါးစပ်က ထွက်သွားတာ..." လင်းပေ့က ကမန်းကတန်း တောင်းပန်လိုက်သည်။ "ဘွာတေး… ဘွာတေး... မင်းမေး... မင်းပဲ ဆက်မေးလိုက်..."

ချူလျန် သူ့ကို ဂရုမစိုက်တော့ဘဲ မေးမြန်းလိုက်သည်။ "မင်းက လူလား... သရဲလား..."

"ကျုပ်က လူပါ... လူပါဗျ..." သရဲက ရုန်းကန်ရင်း လက်ကို ဆန့်ထုတ်ချင်သော်လည်း၊ လိပ်ခွံပုံစံ ချည်နှောင်နည်းကို မည်သို့မျှ ဖြေ၍မရသဖြင့်၊ မြေကြီးပေါ်တွင် လူးလှိမ့်နေရုံသာ တတ်နိုင်တော့သည်။

ချူလျန် သူ၏ ရည်ရွယ်ချက်ကို သိသဖြင့်၊ ရှေ့သို့တိုးကာ သရဲခေါင်းစွပ်ကို ဆွဲချွတ်လိုက်ရာ၊ အောက်တွင် အမျိုးသားတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာသည်။

ကြည့်ရသည်မှာ သူသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရသည်။ သို့သော် ကျင့်ကြံခြင်းအဆင့် မမြင့်မားဘဲ ဒုတိယအဆင့် အစောပိုင်း သို့မဟုတ် အလယ်အလတ်လောက်သာ ရှိပေမည်။ မည်သည့် တန်ခိုးစွမ်းရည်ကိုမျှ တတ်မြောက်ထားပုံ မရပေ။

"မင်းက ဘယ်သူလဲ... ဘာကိစ္စနဲ့ လီမိသားစုစံအိမ်မှာ သရဲလိုလို ဘာလိုလို ဟန်ဆောင်ပြီး ခြောက်လှန့်နေရတာလဲ..." ချူလျန် ထပ်မံ မေးမြန်းလိုက်သည်။

"ကျုပ်က... ပျော်စရာကောင်းမယ် ထင်လို့ပါ..." သရဲဟန်ဆောင်သူက တိုးတိုးလေး ပြောလိုက်သည်။

"အဟက်... မင်း လိမ်ဖို့ မကြိုးစားနဲ့..." လင်းပေ့က အေးစက်စွာ ရယ်မောလိုက်သည်။ "ငါတို့ ညီအစ်ကိုနှစ်ယောက်က ပုံမှန်မဟုတ်ဘူး ဆိုတာ မင်းလည်း မြင်မှာပါ... တကယ်လို့ မင်းသာ လိမ်ပြောမယ်ဆိုရင် ငါတို့ ဘာလုပ်မိမလဲ ဆိုတာ မပြောတတ်ဘူးနော်..."

သရဲဟန်ဆောင်သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး၊ ကိုယ်ပေါ်တွင် ချည်နှောင်ထားသော အနီရောင်ကြိုးများကို ငုံ့ကြည့်လိုက်ရာ၊ ဤလူ ပြောသည်မှာ အမှန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

အကယ်၍များ လိမ်ညာမိပါက၊ နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရုံဖြင့် မတွေးဝံ့စရာပင်။

ထို့ကြောင့် သူက ထိတ်လန့်တကြား မော့ကြည့်လိုက်ပြီး "သူရဲကောင်းလေး... အဲ... သူရဲကောင်းလေးနှစ်ယောက်... စိတ်မဆိုးပါနဲ့... ကျုပ် အကုန် ဝန်ခံပါ့မယ်..."

"ချင်နန်မြစ် ကျင်းယွဲ့စံအိမ်ရဲ့ ဆိုင်ရှင်က ကျုပ်ကို စေခိုင်းလိုက်တာပါ... သူက... သူက ပြောတယ်... လီမိသားစုစံအိမ်မှာ သရဲခြောက်သလို လုပ်ပြီး လူနည်းနည်းလောက်ကို ဒဏ်ရာရအောင် လုပ်ခိုင်းတာ... ကိစ္စကို ကြီးသွားအောင် လုပ်ခိုင်းတာပါ..."

"ကျင်းယွဲ့စံအိမ်..." ချူလျန် ကြားလိုက်ရသောအခါ များစွာ အံ့သြမသွားပေ။ ယခင်က အိမ်တော်ထိန်းစွေ့ ပြောပြသည်များကို နားထောင်ကတည်းက ဤဖြစ်နိုင်ခြေကို စဉ်းစားမိပြီးသား ဖြစ်သည်။

လက်ရှိ အချိန်ကာလတွင် မိစ္ဆာသောင်းကျန်းမှု ရုတ်တရက် ဖြစ်ပွားခြင်းသည် သူတို့အတွက် အကျိုးအရှိဆုံး ဖြစ်ပေသည်။

"ဟုတ်ပါတယ်... ကျုပ်က သူများခိုင်းလို့ လုပ်ရတာပါ... သူရဲကောင်းနှစ်ယောက် ကျုပ်ကို လွှတ်ပေးပါဗျာ... ကျင်းယွဲ့စံအိမ်နဲ့ အဆက်အသွယ် ဖြတ်ပါ့မယ်လို့ ကတိပေးပါတယ်..." ထိုလူက အသနားခံလိုက်သည်။

"လွှတ်ပေးရမယ်... အိပ်မက်မက်နေလိုက်..." လင်းပေ့က မျက်လုံးပြူးကြည့်လိုက်ပြီး "သူ့ကို ဘယ်လို လုပ်မလဲ..." ဟု မေးလိုက်သည်။

"တစ်ညလောက် ချုပ်ထားလိုက်..." ချူလျန် ပြောလိုက်သည်။

"မနက်ကျမှ အိမ်တော်ထိန်းစွေ့ဆီ အပ်လိုက်ကြတာပေါ့... လီမိသားစုစံအိမ်မှာ မိစ္ဆာသောင်းကျန်းတဲ့ ကိစ္စက ဂယက်တော်တော် ကြီးသွားပြီဆိုတော့... သူလည်း ဒီတရားခံကို သုံးပြီး တစ်ခုခု လုပ်ပြချင်မှာပဲ..."

"မလုပ်ကြပါနဲ့... သူရဲကောင်းနှစ်ယောက် ကျုပ်ကို သနားကြပါဦး... ကျုပ် ပထမဆုံးအကြိမ် လုပ်တာပါဗျ..." သရဲဟန်ဆောင်သူက ကျယ်လောင်စွာ အော်ဟစ် တောင်းပန်လိုက်သည်။

"တော်စမ်းပါကွာ... အဖမ်းခံရတဲ့ကောင်တိုင်းက ပထမဆုံးအကြိမ်လို့ပဲ ပြောကြတာ..." လင်းပေ့က မထီမဲ့မြင် ပြောလိုက်သည်။

"မင်း ရိုးရိုးသားသား ဝန်ခံလိုက်တာက ပိုကောင်းမယ်... ဘယ်နှစ်ကြိမ် ရှိပြီလဲ... ဘယ်သူတွေနဲ့လဲ... ဘယ်နေရာမှာလဲ... ဘယ်သူ မိတ်ဆက်ပေးတာလဲ... များများ ဝန်ခံပြီး ကုသိုလ်ယူရင် ငါတို့ မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အသိမပေးဘဲ နေပေးချင်နေပေးမှာ..."

သရဲဟန်ဆောင်သူမှာ ကြောင်အသွားပြီး ဝမ်းနည်းပက်လက်ဖြင့် ထပ်ပြောလိုက်သည်။

"မဟုတ်ရပါဘူးဗျာ... ကျုပ် တကယ်ပဲ ပထမဆုံးအကြိမ် လာတာပါ... အရင်တုန်းက လီမိသားစုစံအိမ်မှာ သောင်းကျန်းတဲ့ မိစ္ဆာက သိပ်မကြမ်းတမ်းဘူး... ထိခိုက်ဒဏ်ရာရတာ မရှိဘူး ဆိုပြီးတော့... ကျင်းယွဲ့စံအိမ် ဆိုင်ရှင်က မကျေနပ်လို့ ကျုပ်ကို လာပြီး ပြဿနာရှာခိုင်းတာပါ..."

"မဟုတ်သေးဘူး..." ချူလျန် စဉ်းစားလိုက်သည်။

"အရင်တုန်းက အိမ်တော်ထိန်းစွေ့ ပြောတာ... အဲဒီမိစ္ဆာက အမျိုးသမီးတွေကိုပဲ ခြောက်လှန့်ပြီး ယောကျ်ားတွေကို ဘာမှမလုပ်ဘူးတဲ့... ဒါပေမဲ့ ဒီကောင်က စောစောက အစောင့်ကို ခြောက်လှန့်နေတာ...

ပြီးတော့ အရင်က မိစ္ဆာက အသွားအလာ အရမ်းမြန်ပြီး ဘယ်သူမှ ပုံပန်းသဏ္ဌာန် သေချာမမြင်ရဘူးလို့ ပြောတယ်... ဒီကောင်က အဲဒီလို ပုံစံမျိုး မဟုတ်ဘူး..."

စဉ်းစားနေစဉ်မှာပင် စံအိမ်အတွင်းမှ အမျိုးသမီးတစ်ဦး၏ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာသည်။

"အား..."

"တကယ်ပဲ တခြားမိစ္ဆာ ရှိနေတာကိုး..." ချူလျန် အကြည့်များ ပြောင်းလဲသွားပြီး လင်းပေ့ကို ပြောလိုက်သည်။ "မင်း သူ့ကို စောင့်ကြည့်ထား... ငါ ဟိုဘက်ကို သွားကြည့်လိုက်မယ်..."

"ကောင်းပြီ..." လင်းပေ့သည် ယခုအခါ လက်ထောက်အလုပ် လုပ်ရသည်ကို လုံးဝ ငြင်းဆန်ခြင်း မရှိတော့ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်က ချူလျန်လောက် မကောင်းကြောင်း သက်သေပြပြီးသား ဖြစ်နေသောကြောင့်ပင်။

ခေါင်းလှည့်လိုက်ပြီး မြေကြီးပေါ်တွင် တင်းကျပ်စွာ ချည်နှောင်ခံထားရသော သရဲဟန်ဆောင်သူကို ကြည့်ကာ၊ လင်းပေ့သည် လေ့လာသင်ယူလိုသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီချည်နည်းက တကယ့်ကို ပရိုကျတာပဲကွ... အမ်... မင်းကိုယ်ပေါ်က ဘာအနံ့ကြီးလဲ..."

"အဟီး..." သရဲဟန်ဆောင်သူက ရှက်ရွံ့စွာ ရယ်မောလိုက်သည်။

"စောစောက အစောင့် ရှူးပေါက်နေတုန်း ကျုပ် သွားခြောက်လိုက်တာလေ... ကျုပ်က သူ့ရှေ့တည့်တည့်မှာ ရပ်နေတာဆိုတော့..."

"..." လင်းပေ့ မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါလိုက်သည်။

"ချူလျန်ရဲ့ ဒီမှော်ဝင်ပစ္စည်းတော့ သုံးစားမရတော့ဘူး ထင်တယ်..."

All Chapters