ရွှေငါးကြင်း
Vol. 8 Ch. 74
တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်သန်းခေါင်တွင်၊ ရုတ်တရက် နောက်ထပ်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
ချူလျန်သည် လေဟုန်စီး၍ အလျင်အမြန် ရောက်ရှိလာရာ၊ စံအိမ်မှ အစေခံမလေး နှစ်ဦး တစ်ဦးကိုတစ်ဦးဖက်ကာ ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။
သူ ချက်ချင်းပင် နှစ်သိမ့်လိုက်သည်။ "မိန်းကလေးတို့ မကြောက်ကြပါနဲ့... စောစောက ဘာဖြစ်ခဲ့တာလဲ..."
"ဟိုနားမှာ လူရိပ်တစ်ခု ရှိနေတယ်..." အနည်းငယ် သတိကပ်ကျန်နေသေးသော အစေခံမလေးတစ်ဦးက အိမ်ဝင်းအပြင်ဘက်ရှိ သစ်ပင်အုပ်ကြားသို့ လက်ညှိုးထိုးပြလိုက်သည်။
"လေလိုပဲ ရုတ်တရက် ပျောက်သွားတာ... ကြောက်စရာကြီးရှင်..."
"မိန်းကလေးတို့ အခန်းထဲ ပြန်ပြီး ပုန်းနေလိုက်ကြပါ... ကျုပ် သွားကြည့်လိုက်မယ်..." ချူလျန် မှာကြားလိုက်ပြီး၊ သူမတို့ ညွှန်ပြသော ဘက်သို့ လျှပ်စီးကဲ့သို့ ပြေးထွက်သွားသည်။
ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ၊ လေထုထဲတွင် သဲ့သဲ့မျှ ကျန်ရှိနေသော မိစ္ဆာအငွေ့အသက်ကို အာရုံခံမိလိုက်သည်။ အလွန်တရာ အားနည်းလှသဖြင့် သွားလာလှုပ်ရှားစဉ် မတော်တဆ ယိုစိမ့်ထွက်လာခြင်းသာ ဖြစ်ဟန်တူသည်။
သူသည် မိစ္ဆာအငွေ့အသက် ကျန်ရှိနေသော လမ်းကြောင်းအတိုင်း ခြေရာခံ လိုက်သွားရာ၊ မကြာမီတွင် အခြား အိမ်ဝင်းတစ်ခု၏ အပြင်ဘက်၌ အရောင်အသွေးစုံလင်သော ပုံရိပ်တစ်ခု ရပ်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ ညအမှောင်ထုထဲတွင် ထင်ရှားပေါ်လွင်နေသဖြင့် အစေခံမလေး မြင်တွေ့သွားသည်မှာ မဆန်းပေ။
ချူလျန် ရောက်လာသည့် အသံကို ကြားသောအခါ ထိုပုံရိပ်သည် သတိဝင်သွားပြီး၊ ခေါင်းလှည့်ကာ ပျံသန်းထွက်ပြေးလေသည်။
အလွန် မြန်ဆန်လှချေသည်။
ချူလျန်လည်း ချက်ချင်းပင် လိုက်ဖမ်းတော့သည်။
သို့သော် ထိုပုံရိပ်သည် ကောင်းကင်ယံတွင် ပျံသန်းနေသော်လည်း၊ ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့၊ ဘယ်ညာယိမ်းနွဲ့ကာ လေထုအတားအဆီး လုံးဝမရှိသကဲ့သို့ ချောမွေ့နေသည်။
လေတိုက်သကဲ့သို့ လျင်မြန်လှချေ၏။
တကယ့်ကို လျင်မြန်သော ပျံသန်းမှုပင်။
ချူလျန်သည် အစွမ်းကုန် လိုက်ဖမ်းသော်လည်း၊ မျက်စိတစ်မှိတ်အတွင်း အကွာအဝေးမှာ ပိုမို ဝေးကွာသွားရသည်။
ဤမိစ္ဆာ၏ သွားလာလှုပ်ရှားမှု အမြန်နှုန်းသည် ထိုနေ့က တွေ့ခဲ့ရသော လူမျက်နှာရှောင်ထက် မနိမ့်ကျချေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ လိုက်ဖမ်းလျှင်ပင် အခက်အခဲ ရှိနိုင်သည်။
ဝိညာဉ်ကြောင် ခုန်ပျံအဆောင်ကိုလည်း သုံးစွဲပြီးပြီဖြစ်ရာ၊ ယခုအချိန်တွင် ထိုကဲ့သို့သော ထူးဆန်းသည့် လိုက်ဖမ်းမှုကို ထပ်မံ ပြုလုပ်နိုင်မည် မဟုတ်ပေ။
သို့သော်၊ ယခု ချူလျန်သည် ယခင်က ချူလျန် မဟုတ်တော့ပေ။ သူ၏ လက်နက်တိုက်ထဲတွင် အခြားသော မှော်ဝင်ပစ္စည်းများ ရှိနေပြီ ဖြစ်သည်။
ရွှစ်...
အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး၊ ချူလျန်သည် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ထုတ်ဖော်လိုက်သည်။ ခြေထောက်အောက်တွင် ကြီးမားသော ကော်ဇောပျံကြီးကဲ့သို့ သစ်ရွက်ကြီးတစ်ခု ပေါ်လာပြီး၊ ရွှီးကနဲ ရှေ့သို့ ပြေးထွက်သွားတော့သည်။
"အနုစိတ်ထိန်းချုပ်မှု" မှာ သိပ်မကျွမ်းကျင်သေးသော်လည်း၊ ယခင်ကထက် များစွာ တိုးတက်လာပြီ ဖြစ်သည်။ အကွာအဝေးတို အတွက်မူ အနည်းငယ် စမ်းသပ်ကြည့်နိုင်သည်။
မကျွမ်းကျင်သေးလျှင်လည်း မိစ္ဆာကို ဤအတိုင်းလေး ထွက်ပြေးခွင့် မပေးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကြိုးစားကြည့်ရမည် မဟုတ်ပါလော။
ဤသို့ဖြင့် ချူလျန်သည် အစိမ်းရောင် အလင်းတန်းကို စီးနင်းလိုက်ရာ၊ တစ်ကိုယ်လုံးမှာ အရိပ်တစ်ခုအလား ပြောင်းလဲသွားချေသည်။
ထိုမိစ္ဆာသည် ချူလျန် ဤမျှ ကပ်လိုက်နိုင်မည်ဟု ထင်မှတ်မထားပုံရသည်။ နောက်လှည့်ကြည့်လိုက်ရာ သူ အရှိန်ဖြင့် နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့်၊ အနည်းငယ် ထိတ်လန့်သွားပြီး ပိုမို အရှိန်တင်လိုက်လေသည်။
ခဏတာ ထွက်ပြေးပြီးနောက်၊ ရှေ့တွင် မြစ်တစ်စင်းကို တွေ့လိုက်ရသည်။
ဤသည်မှာ တောင်တံခါးမြို့ပြင်ရှိ ကျင်းဟွာမြစ် ဖြစ်ပြီး၊ ရေစီးသန်ကာ ရေနက်လှသည်။ အကယ်၍ ဤမိစ္ဆာသာ ရေထဲ ရောက်သွားပါက၊ ချူလျန်၌ ရေအောက်တွင် ထုတ်သုံးနိုင်သော တန်ခိုးစွမ်းရည် မရှိပေ။
ထိုအချိန်တွင် နှစ်ဖက် အကွာအဝေးမှာ အလွန် နီးကပ်နေပြီ ဖြစ်သည်။ ထိုမိစ္ဆာ၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်ပြီး၊ သွယ်လျသော အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။
လျှပ်စီးကဲ့သို့ လျင်မြန်နေသည်။
သူမ၏ ခန္ဓာကိုယ် မြင့်မားစွာ ခုန်တက်လိုက်ပြီး၊ ရေထဲသို့ ကျဆင်းတော့မည့် အခိုက်အတန့်တွင်...။
ချူလျန် အတွေးတစ်ချက် ပေါ်လာပြီး "သွားစမ်း..." ဟု အော်ဟစ်လိုက်သည်။
သူ့တစ်ကိုယ်လုံး လေထဲတွင် ယိုင်သွားပြီး နောက်ဂျွန်းထိုးလိုက်ကာ မြေကြီးပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။
သူ၏ ခြေထောက်အောက်မှ သစ်ရွက်ပျံမှာမူ အရှိန်ဖြင့် ဆက်လက် ပျံသန်းသွားပြီး၊ ပိုမို လျင်မြန်သော အရှိန်ဖြင့် ထိုမိစ္ဆာ၏ ခန္ဓာကိုယ်အောက်သို့ ရောက်ရှိသွားသည်။
ချူလျန်တစ်ယောက် လက်ဟန် ပြောင်းလဲလိုက်ပြန်သည်။
“ကာကွယ်စမ်း...”
ရွှပ်...
ထိုကြီးမားသော သစ်ရွက်စိမ်းကြီးသည် လိပ်သွားပြီး၊ မိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ပတ်လည် ရစ်ပတ်လိုက်ကာ၊ ဖက်ထုတ်ကြီး တစ်ခုအလား ထုပ်ပိုးလိုက်ပြီး လေထဲတွင် တွဲလောင်းကြီး ဖြစ်သွားလေသည်။
ချူလျန် လက်ပြန်ဝှေ့ယမ်းလိုက်ပြီး၊ ထိုသစ်ရွက်စိမ်းကို ဖြည်းညှင်းစွာ ပြန်လည် ဆင့်ခေါ်လိုက်သည်။
"ဝူး... ဝူး... ဝူး..." အတွင်းမှ အသံများ ထွက်ပေါ်လာပြီး ရုန်းကန်နေပုံရပြီး ထိုဖက်ထုတ်ထဲမှ ထွက်ပြေးချင်နေပုံ ရလေ၏။
"ဟမ့်..." ချူလျန် ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံလိုက်သည်။
‘ထွက်ပြေးချင်တယ် ဟုတ်လား...’
‘ဆုတောင်းလေ…’
‘ငါကိုယ်တိုင်တောင် အထဲကနေ ထွက်ပြေးလို့ မရတာ...’
ဤအရာက ချူလျန်ကို စကားတစ်ခွန်းအား သတိရသွားစေသည်။
“လောကတွင် အမှိုက်ဟူ၍ မရှိ၊ နေရာမှားကို ရောက်နေသော ရတနာများသာ ဖြစ်သည်” ဟူသောစကားပင်။
ဝမ်ယွဲ့လုံ သန့်စင်ပေးလိုက်သော ဤကာကွယ်ရေး အစီအရင်သည် ကာကွယ်ရေးအတွက် အသုံးမဝင်သော်လည်း၊ ဖမ်းချုပ်ရန်အတွက်မူ ထိပ်တန်းအဆင့် ဖြစ်နေချေသည်။
သူသည် "ဖက်ထုပ်ကြီး" ကို ညင်သာစွာ မပြီး လမ်းကြောင်းအတိုင်း လီမိသားစုစံအိမ်သို့ ပြန်လာခဲ့သည်။
...
လီမိသားစုစံအိမ်၏ မျှော်စင်ပေါ်တွင် ချူလျန်နှင့် လင်းပေ့တို့ ပြန်လည် ဆုံတွေ့ကြသည်။
နှစ်ယောက်သား လက်ထဲတွင် တစ်ခုစီ ပါလာကြသည်။
"ဝိုး... မင်းမှာ ချုပ်နှောင်ရေး မှော်ဝင်ပစ္စည်းအသစ် ရထားတာလား..." လင်းပေ့သည် ချူလျန်လက်ထဲမှ လုံခြုံစွာ ထုပ်ပိုးထားသော ဖက်ထုပ်ကြီးကို ကြည့်ပြီး အံ့သြသွားသည်။
"...အဲလိုပဲ သဘောထားလိုက်ပါ..." ချူလျန် တိုးတိုးလေး ပြောလိုက်သည်။
အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ပြောပြလိုက်ပြီး၊ ချူလျန်သည် ဖက်ထုပ်ကို မြေကြီးပေါ် ချလိုက်သည်။ နှစ်ယောက်သား စူးစမ်းလိုစိတ်ဖြင့် သစ်ရွက်စိမ်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြသည်။
ဤသည်မှာ ပစ္စည်းသစ်ဖွင့်ဖောက်ပြခြင်း ဟုပင် ချူလျန်တစ်ယောက် ခံစားမိလေသည်...။
(စကားချပ်- Unboxing လုပ်ပြတာကို ပြောချင်တာပါ)
ရွှီး...
အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး၊ သစ်ရွက်များ ဖြည်းညှင်းစွာ ပွင့်အာလာသောအခါ၊ ကြည်လင်သန့်ရှင်းပြီး ထူးခြားသော မျက်နှာလေးတစ်ခု ပေါ်လာသည်။ ဖြူဖွေးသော အသားအရေနှင့် ရှုပ်ပွနေသော ဆံနွယ်များ၊ မျက်လုံးဝိုင်းကြီးများထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ပါးဖောင်းနေလေသည်။
"လူဆိုးကောင်..."
"နှာဘူး လူဆိုးကောင်..."
ဤမိစ္ဆာ ပေါ်လာသည်နှင့် အပြင်ဘက်မှ ချူလျန်ကို တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ဆဲဆိုတော့သည်။ ဘေးနားမှ လင်းပေ့ကို လှည့်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ဆဲလိုက်ပြန်သည်။
သူမ၏ မျက်နှာကို ကြည့်ရင်း ချူလျန်နှင့် လင်းပေ့တို့ အံ့သြသွားကြရသည်။
"လျိုရှောင်ယွီ..." သူမ၏ နာမည်ကို သူတို့ မှတ်မိနေကြသည်။
နေ့ခင်းဘက် လူရွေးချယ်ပွဲကို ဘေးမှ ကြည့်ရှုခဲ့စဉ်က၊ သီချင်းဆို ကောင်းမွန်ပြီး အကလှသော မိန်းကလေး များစွာ ရှိသော်လည်း နာမည်ကို မှတ်မိခြင်း မရှိပေ။
သီချင်းဆိုလည်း ညံ့၊ အကလည်း ညံ့သော ဤဖြူစင်ရိုးသားသည့် မိန်းကလေးကိုမူ သူတို့ နှစ်ယောက်စလုံး မှတ်မှတ်ရရရှိနေကြသည်။
"ရှင်တို့ ကျွန်မကို သိတယ်လား..." မိန်းကလေးက မျက်လုံး ကလယ်ကလယ်ဖြင့် အံ့သြသွားသည်။
"အရင်က ရွေးချယ်ပွဲမှာ မင်းလာတာကို တွေ့ဖူးတယ်... မင်းက မိစ္ဆာကိုး..." ချူလျန် မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။ "ဒါဆို နေ့ခင်းက လီမိသားစုစံအိမ်ထဲ ဝင်လာတာလည်း တစ်ခုခု ကြံစည်နေတာပေါ့..."
"ကျွန်မက အစ်မကို လာရှာတာ..." လျိုရှောင်ယွီက ကျယ်လောင်စွာ ပြောလိုက်သည်။
"ညီအစ်မတွေလား..." လင်းပေ့က လက်မြှောက်လိုက်သည်။ "အသေးစိတ် ပြောပြပါဦး..."
မိန်းကလေးက သူ့ကို ကြည့်လိုက်၊ ချူလျန်ကို ကြည့်လိုက်ဖြင့်၊ လှပသော မျက်ခုံးလေးများ တွန့်ချိုးနေသည်။ "ကျွန်မ ပြောပြပြီးရင် လွှတ်ပေးမှာလား..."
"မိန်းကလေးရှောင်ယွီ... မင်း ဒီရက်ပိုင်း လီမိသားစုစံအိမ်ကို ခဏခဏ လာနေလို့ အနှောင့်အယှက် ဖြစ်စေခဲ့ပေမဲ့၊ လူတွေကို ထိခိုက်အောင် မလုပ်ခဲ့ဘူး... နောက်နောင် မလာတော့ဘူးလို့ ကတိပေးရင် ငါတို့ မင်းကို အရမ်း အခက်တွေ့အောင် မလုပ်ပါဘူး..." ချူလျန် ပြောလိုက်သည်။
"ဒါပေမဲ့ ဘာကိစ္စကြောင့် လာရတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်..."
"မတရားဘူးလေ..." ဘေးနားမှ သရဲဟန်ဆောင်သော ကျင့်ကြံသူက လှိမ့်လာပြီး ခေါင်းမော့ကာ ပြောလိုက်သည်။ "ကျုပ်လည်း လူတွေကို ထိခိုက်အောင် မလုပ်ခဲ့ဘူးလေ... ဘာလို့ ငါတို့ ဆက်ဆံခံရပုံချင်း မတူတာလဲ... အနည်းဆုံးတော့ သူမကို ကျုပ်လိုမျိုး ကြိုးတုပ်ပြီးမှ မေးသင့်တာ မဟုတ်ဘူးလား..."
"သွားစမ်း..." လင်းပေ့က သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ "ငါက မလုပ်ချင်လို့ မှတ်နေလား... ဖီ... ငါတို့က ဘယ်လိုလူတွေလို့ ထင်နေလဲ..."
ပြောပြီးသည်နှင့် သူက လျိုရှောင်ယွီကို ပြုံးပြီး ကြည့်လိုက်သည်။ "ညီမလေး ဆက်ပြော... မကြောက်နဲ့နော်..."
"အင်း..." မိန်းကလေးက တုံ့ဆိုင်းနေပြီး၊ လင်းပေ့မျက်နှာကို ကြည့်လိုက်၊ ချူလျန်မျက်နှာကို ကြည့်လိုက်ဖြင့်၊ လူဆိုး ဟုတ်မဟုတ် ဆုံးဖြတ်နေပုံ ရသည်။
ခဏကြာမှသာ ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။ "ကျွန်မနဲ့ အစ်မက မူလက ကျင်းဟွာမြစ်ထဲက ရွှေငါးကြင်း မျိုးနွယ်တွေပါ..."
"ရွှေငါးကြင်းလား..." ချူလျန် မေးစေ့ကို ပွတ်လိုက်သည်။
‘အင်း… အိမ်နီးနားချင်းတစ်ပိုင်းလောက်ကို ဖြစ်နေတာပဲ…’
"ကျွန်မတို့က ကျင်းဟွာမြစ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတာပါ... ဒါပေမဲ့ လူဆိုးတချို့က ကျွန်မတို့ရဲ့ အေးချမ်းတဲ့ ဘဝကို အမြဲ လာဖျက်ဆီးကြတယ်... အစ်မက အရင်ဆုံး တန်ခိုးစွမ်းအား ရရှိခဲ့ပြီး၊ ကျွန်မကတော့ လူယောင်မဖန်ဆင်းနိုင်သေးတဲ့ ငါးကြင်းလေးပါ..."
"အဲဒီနေ့က အစ်မက ကျွန်မကို မြစ်ညာဘက်ကို ခေါ်သွားတယ်... ကျွန်မတို့ ချင်နန်မြစ်နေရာကို ရောက်တော့ ရေစီးသန်တဲ့ နေရာနဲ့ ကြုံပြီး၊ မြစ်အောက်ခြေက ဂူထဲကို မျောပါသွားခဲ့တယ်..."
"အဲဒီထဲမှာ ပယင်းရောင်စပျစ်သီး တစ်ခိုင် ရှိနေတယ်... မှည့်နေတဲ့ အသီးနှစ်လုံး ရှိတယ်... အကြီးတစ်လုံးက နှစ် (၅၀၀) စွမ်းအား တိုးစေပြီး၊ အသေးတစ်လုံးက နှစ် (၃၀၀) စွမ်းအား တိုးစေတယ်... အစ်မက ကျွန်မကို အကြီးတစ်လုံး စားခိုင်းတယ်... ကျွန်မ စားပြီးတော့ လူယောင်ဖန်ဆင်းနိုင်စွမ်း ရှိလာတယ်..."
"ကျွန်မတို့ နှစ်ယောက် အရမ်း ဝမ်းသာသွားပြီး... လူယောင်ဖန်ဆင်းပြီးရင် ကုန်းပေါ်တက်ပြီး သွားလည်ကြမယ်လို့ ပြောခဲ့ကြတယ်... အစ်မက အဲဒီကနေ ကုန်းပေါ်တက်ရင် တောင်တံခါးမြို့ကို ရောက်နိုင်တယ်လို့ ပြောတယ်..."
"ဒါပေမဲ့ ကျွန်မတို့ အဲဒီဂူထဲက ထွက်လာတော့... လိပ်မိစ္ဆာကြီးတစ်ကောင်နဲ့ တွေ့ပြီး ကျွန်မတို့ကို စားမလို့ လုပ်တယ်... ကျွန်မတို့ ထွက်ပြေးကြရင်းနဲ့ လူချင်းကွဲသွားကြတယ်... ကျွန်မက မတော်တဆ ရေအောက်နန်းတော် တစ်ခုထဲ ရောက်သွားတယ်... အဲဒါက ငါးပျံစီနီယာတစ်ယောက် ချန်ထားခဲ့တာ... အထဲမှာ ငါးပျံဝိညာဉ်အမြုတေ ရှိနေပြီး... အဲဒါက ကျွန်မ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတယ်... အဲဒီနောက်ပိုင်း ကျွန်မ အရမ်း မြန်မြန် ကူးခတ်နိုင်လာတာပဲ..." လျိုရှောင်ယွီက ဆက်ပြောပြသည်။
"ဝိုး..." ချူလျန် မနေနိုင်ဘဲ အာမေဍိတ်သံ ပြုလိုက်မိသည်။
ရွှေငါးကြင်းဆိုတာ ဒါမျိုးကိုး…။
အိမ်ကထွက်တာနဲ့ ထူးဆန်းတာတွေ ကြုံရပြီး၊ လမ်းလျှောက်တာနဲ့ ရတနာ ကောက်ရတာပဲ…။
"နောက်တော့ ကျွန်မ စဉ်းစားမိတယ်... အစ်မက တောင်တံခါးမြို့ကို သွားမယ်လို့ ပြောဖူးတော့... ကျွန်မ အဲဒီကို သွားရှာရင် ကောင်းမလားလို့..." လျိုရှောင်ယွီ ပြောလိုက်သည်။
"ဒါပေမဲ့ မြို့ထဲမှာ လူတွေ အရမ်းများတော့ ကျွန်မ မဝင်ရဲဘူး... ဒီစံအိမ်ကို ဖြတ်သွားတဲ့ အချိန်မှာ... အပြင်ဘက်မှာ အစ်မရဲ့ ကြေးခွံ ပြုတ်ကျနေတာ တွေ့လိုက်ရတယ်... ပြီးတော့ အစ်မရဲ့ အနံ့လည်း ရတယ်..."
"အဲဒါကြောင့် သူ အထဲမှာ ရှိမယ်ထင်ပြီး လာရှာတာပါ..."
"ဒါပေမဲ့ ဒီနေရာက အရမ်းကျယ်တော့... ကျွန်မ ရက်အတော်ကြာ ရှာတာတောင် မတွေ့ဘူး... ပြီးတော့ ရှင်တို့ ဖမ်းတာ ခံလိုက်ရတယ်..." လျိုရှောင်ယွီက ခပ်တိုးတိုးပြောရင်း ဝမ်းနည်းပက်လက် ဖြစ်နေရှာသည်။
"အဲလိုကိုး..." သူမ ပြောပြတာကို နားထောင်ပြီး ချူလျန် ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန်ကျရင် ဒီကလူတွေကို မင်းအစ်မကို မြင်ဖူးလားလို့ ကူမေးပေးမယ်... မင်း နောက်ဆိုရင် ညဘက် သူခိုးလို ခိုးမဝင်ရဘူးနော်... လူတွေကို လန့်သွားစေတယ်ကွ..."
"ရှင်တို့ ကျွန်မကို တကယ် ကူညီမှာလား..." လျိုရှောင်ယွီက ကြောက်ရွံ့အားငယ်စွာဖြင့် သူတို့ကို ကြည့်လိုက်သည်။
"သေချာတာပေါ့..." လင်းပေ့က ရင်ဘတ်ကို ပုတ်လိုက်သည်။
"အစ်ကိုကြီးက လမ်းပျောက်နေတဲ့ မိန်းမငယ်လေးတွေကို ကူညီရတာ အကြိုက်ဆုံးပဲ..."
(စကားချပ် - ယွီက ငါးကို ပြောတာပါ။ ညီအစ်မနှစ်ယောက်စလုံးရဲ့ အမည်က လျိုရှောင်ယွီပဲ ဖြစ်နေပြီးတော့ အငယ်မကိုကျမှ အငယ်ကို ကိုယ်စားပြုတဲ့ Liu XiaoYu’er လို့ သုံးထားတဲ့အတွက် အငယ်မကို လျိုရှောင်ယွီလေး၊ အကြီးမကို လျိုရှောင်ယွီ လို့ သုံးပါမယ်။ ရှုပ်မသွားကြပါနဲ့)