မြို့စားလေး
Vol. 8 Ch. 75
"ဟွန့်..." မိန်းကလေးက နှာခေါင်းရှုံ့လိုက်သည်။
"တကယ်လို့ ရှင်တို့ အစ်မကို ရှာတွေ့အောင် ကူညီပေးရင်... ကျွန်မ ကျေးဇူးတင်ပါ့မယ်... တကယ်လို့ ငါးကို လာလိမ်ရင်တော့... ရှင်တို့က နံပါတ် (၂) လူဆိုးနဲ့ နံပါတ် (၃) လူဆိုး ဖြစ်သွားမယ်... ကျွန်မ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..." သူမက ကျယ်လောင်စွာ ခြိမ်းခြောက်လိုက်သော်လည်း၊ မငြိမ်မသက် ဖြစ်နေသော မျက်လုံးများကမူ သူမ၏ စိတ်မလုံမှုကို ဖော်ပြနေသည်။
"နံပါတ် (၂) လူဆိုးနဲ့ နံပါတ် (၃) လူဆိုး ဟုတ်လား..." လင်းပေ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါဆို နံပါတ် (၁) လူဆိုးက ဘယ်သူလဲ..."
"နံပါတ် (၁) လူဆိုးကြီးက ကျွန်မတို့ မူလနေထိုင်တဲ့ နေရာမှာ၊ ကျွန်မတို့ ဘဝကို အမြဲ လာဖျက်ဆီးနေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ..." လျိုရှောင်ယွီလေးက ပြောလိုက်ရင်း ဒေါသထွက်နေဆဲပင်။
"သူက..."
သူမ ချူလျန်ကို တစ်ချက်ကြည့်လိုက်ပြီး "သူက ရှင်နဲ့ နည်းနည်း တူတယ်... ဒါပေမဲ့ ရှင်ထက် ရုပ်ဆိုးတယ်... ခန္ဓာကိုယ်က ပိန်ရှည်ရှည်နဲ့... ပုံသဏ္ဌာန်က ဖောင်းပွပြီး တွန့်လိမ်နေတယ်... ဘီလူးကြီး တစ်ကောင်လိုပဲ... အရမ်း ကြောက်ဖို့ကောင်းတယ်..."
"ကျွန်မ စွမ်းအား တိုးလာတုန်းက တွေးဖူးတယ်... နောက်ဆိုရင် သူ့ကို ပြန်တွေ့ရင် သေချာပေါက် ရိုက်နှက်ပစ်မယ်လို့..."
"ကောင်းပြီ..." ချူလျန် ပြုံးလိုက်သည်။
"နောက်ဆိုရင် အဲဒီ လူဆိုးကြီးကို ပြန်တွေ့ရင် ငါတို့ ဝိုင်းပြီး ရိုက်ပေးမယ်... မင်း စိတ်ချလိုက်ပါ... ငါတို့ ရှုတောင်ဂိုဏ်းသားတွေက လူဆိုး မဟုတ်ပါဘူး..."
ထိုညတွင်ပင် သူတို့သည် လီမိသားစုစံအိမ်မှ လူများကို ပြောပြီး မိန်းကလေးအတွက် အပေါ်ထပ် အခန်းတစ်ခန်း စီစဉ်ပေးလိုက်သည်။ သူမကို ခဏ နားနေစေလိုက်လေသည်။
ချူလျန်သည် ထိုဘက်ခြမ်းမှ လှုပ်ရှားမှုများကို အမြဲ သတိထား စောင့်ကြည့်နေလိုက်သည်။
မိန်းကလေးက လိမ်ပြောနေသည်လော၊ သို့မဟုတ် ညတွင်းချင်း ထွက်ပြေးမည်လောဟု တွေးတောနေမိသည်။
သို့သော် သူမသည် မိုးလင်းသည်အထိ အေးဆေးစွာ အိပ်ပျော်နေခဲ့၏။ ကြည့်ရသည်မှာ ဤငါးမလေးသည် အတော်လေး အပူအပင်ကင်းပုံ ရလေသည်။
နောက်တစ်နေ့တွင် သူတို့သည် အိမ်တော်ထိန်းစွေ့ကို သွားရောက် တွေ့ဆုံကြသည်။
"အိုက်ယား..." အိမ်တော်ထိန်းစွေ့ နိုးလာပြီး မိစ္ဆာကို ဖမ်းမိရုံသာမက နှစ်ကောင်တောင် ဖမ်းမိသည်ဟု ကြားလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။
"သူရဲကောင်းလေးနှစ်ယောက် လှုပ်ရှားလိုက်တာနဲ့ ရှုတောင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ထင်ရှားစေတာပါပဲ... တစ်ညတည်းနဲ့ လီမိသားစုစံအိမ်ရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ခဲ့တာ... တကယ့်ကို စွမ်းလှပါပေတယ်..."
"ကံကောင်းသွားလို့ပါ..." ချူလျန် ပြုံးလိုက်ပြီး၊ မနေ့ညက အခြေအနေ အသေးစိတ်ကို ပြောပြလိုက်သည်။
သရဲယောင်ဆောင်သော ကျင့်ကြံသူအကြောင်း ပြောသောအခါ၊ အိမ်တော်ထိန်းစွေ့သည် ချက်ချင်းဆိုသလို ဒေါသတကြီး ဖြစ်သွားသည်။
"အဲဒီ ကျင်းယွဲ့စံအိမ်က တကယ်ကို ယုတ်မာတာပဲ... ကျုပ်တို့ကို မယှဉ်နိုင်တော့... ဒီလို မသမာတဲ့ နည်းလမ်းတွေ သုံးလာတာပဲ..."
လျိုရှောင်ယွီ၏ အစ်မအကြောင်း ပြောသောအခါ၊ သူသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ "ငါးမိစ္ဆာလား... ဒါဆိုရင်တော့ ဒီမှာ သေချာပေါက် မမြင်ဖူးပါဘူး... ဒီနှစ်တွေထဲမှာ ဒီတစ်ကြိမ်ပဲ မိစ္ဆာ သောင်းကျန်းဖူးတာပါ..."
"မိစ္ဆာ ဖြစ်ချင်မှ ဖြစ်မှာပါ... သူမအစ်မက မူလသဏ္ဌာန် မဖော်ပြဘဲ၊ သာမန် အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီကို ရောက်လာတာလည်း ဖြစ်နိုင်တယ်..." ချူလျန် သတိပေးလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ကူပြီး စုံစမ်းပေးပါ့မယ်..." အိမ်တော်ထိန်းစွေ့ကလည်း သဘောတူလိုက်သည်။
လင်းပေ့က မေးလိုက်သည်။ "ဒါဆို မိစ္ဆာကိစ္စ ပြီးသွားပြီဆိုတော့... ကျွန်တော်တို့ တောင်ပိုင်းဂီတမျှော်စင် ဖျော်ဖြေပွဲ လက်ခံဖို့ကိစ္စက သေချာသလောက် ရှိသွားပြီပေါ့..."
"ဟဲဟဲ... (၈၀) (၉၀) ရာခိုင်နှုန်းလောက် သေချာပါတယ်..." အိမ်တော်ထိန်းစွေ့က ရယ်မောလိုက်သည်။
"ဒါဆို ကျွန်တော်တို့ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေပြီး... ဖျော်ဖြေပွဲ ကြည့်ပြီးမှ ပြန်ကြမယ်လေ..." လင်းပေ့က ပြုံးပြီး ပြောလိုက်သည်။
"အဲဒါကတော့ သေချာပေါက် ဖြစ်စေရမှာပေါ့..." အိမ်တော်ထိန်းစွေ့က ကမန်းကတန်း ပြောလိုက်သည်။
ချူလျန်သည် ထိုအကောင်၏ မျက်နှာအမူအရာကို ကြည့်ပြီး ခေါင်းသာခါလိုက်မိတော့သည်။ ဤအကောင်သည် နဂိုကတည်းက အလုပ်ကိစ္စ ခေါင်းစဉ်တပ်ပြီး အလည်လာခြင်းသာ ဖြစ်ကြောင်း သူ နားလည်လိုက်ရသည်။
ဘာကို မိစ္ဆာနှိမ်နင်းရေးလဲ...
အဲဒါက ဒီကို လာဖို့ သက်သက်ခေါင်းစဉ်တပ်ထားတာပဲ... ချီးတဲ့မှ…။
...
ကျင်းယွဲ့စံအိမ်...။
ကျင်းဟွာမြစ်ပေါ်တွင် ပန်းလှေလုပ်ငန်း လုပ်ကိုင်ပြီး၊ လှေပေါ်တွင် စားသောက်ပျော်ပါးခြင်းမှလွဲ၍ ဘာမျှ မရှိပေ။ ပြည့်တန်ဆာအိမ်နှင့် တူသော လုပ်ငန်းဖြစ်ပြီး၊ တောင်တံခါးမြို့မှ စာပေပညာရှင်များနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများ စုဝေးရာ နေရာလည်း ဖြစ်ပေသည်။
ဤနေ့တွင် ကျင်းယွဲ့စံအိမ်ရှိ အကြီးမားဆုံးသော ပန်းလှေကြီးတစ်စင်းလုံးကို လူတစ်ဦးက ငှားရမ်းထားလေသည်။ ခမ်းနားထည်ဝါသော အခန်းတစ်ခုအတွင်းတွင် စားသောက်ပွဲကြီးတစ်ခု ကျင်းပနေ၏။
စားပွဲဝိုင်းတွင် လူအများအပြား ရှိသော်လည်း၊ အဓိက ဧည့်သည်မှာ နှစ်ဦးသာ ရှိလေသည်။
အိမ်ရှင်နေရာတွင် ထိုင်နေသူမှာ အသက်အရွယ် ငယ်ရွယ်ပုံရသော လူငယ်တစ်ဦး ဖြစ်၏။ ပိုးသားဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားပြီး၊ နှုတ်ခမ်းရဲရဲ သွားဖြူဖြူနှင့် မျက်နှာသွင်ပြင် ချောမောကာ၊ လှပတင့်တယ်နေသည်။
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ အရပ်ရှည်ပြီး ထွားကျိုင်းသော လူကြမ်းကြီးတစ်ဦး ဖြစ်ပေသည်။ အဝတ်အစားများ ခမ်းနားသော်လည်း၊ သူ၏ ကြမ်းတမ်းသော မျက်နှာပေါ်ရှိ ဓားဒဏ်ရာနက်ကြီးနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေသော သိုင်းလောကသားပုံစံကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။
ဤနှစ်ဦးမှလွဲ၍ ကျန်လူများမှာ နောက်လိုက်များနှင့် အဖော်များသာ ဖြစ်ကြလေ၏။
"အရှေ့ပိုင်း ဝေလငါးဂိုဏ်းရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ... ဒီနေ့ အစ်ကိုကြီးရွှဲ့ကို တွေ့လိုက်ရတော့... တကယ့်ကို သိုင်းလောက သူရဲကောင်းကြီးတစ်ယောက်ရဲ့ ပုံရိပ်ပါလား... လေးစားမိပါတယ်..." ထိုလူငယ်က ပြုံးပြီး ပြောလိုက်ကာ၊ ကျောက်စိမ်းခွက်ကို ကိုင်မြှောက်ပြီး ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။
ထိုလူကြမ်းကြီးက တဟားဟား ရယ်မောလိုက်ပြီး၊ မဆိုင်းမတွ ခွက်ထဲမှ အရက်ကို မော့သောက်လိုက်သည်။ ထို့နောက် ပြုံးပြီး ပြောလိုက်သည်။ "ကျုပ်က လူကြမ်းပါဗျာ... စကားလှလှပပတွေ မပြောတတ်ဘူး... တကယ်လို့ ယဉ်ကျေးမှုမရှိတဲ့ နေရာများ ရှိခဲ့ရင် မြို့စားလေး ခွင့်လွှတ်ပေးပါ..."
"အာ... အစ်ကိုကြီးရွှဲ့က ဧည့်သည်လေ... ဧည့်သည်မှာ ဘယ်လိုလုပ် အမှားရှိနိုင်မှာလဲ..." မြို့စားလေးဟု ခေါ်သော လူငယ်က ပြုံးပြီး ပြောလိုက်သည်။ အသံမှာ နူးညံ့သိမ်မွေ့နေသည်။
"ဒီရက်ပိုင်း ကျုပ်တို့ ဝေလငါးဂိုဏ်းထဲမှာ အခြေအနေ သိပ်မကောင်းဘူး... ဂိုဏ်းချုပ်ကြီးဘက်က လူတွေက ကျုပ်တို့ကို မျက်စိဒေါက်ထောက် ကြည့်နေကြတာ... ကျုပ်တို့ အရှေ့ပိုင်း ဝေလငါးဂိုဏ်းက ဂိုဏ်းခွဲခေါင်းဆောင်ကျန်းက... မကောင်းတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ခဏ ရပ်ထားဖို့ အမိန့်ပေးထားတယ်... ဒါကြောင့် ခေါင်းဆောင်ချန်က မလာရဲဘူး... ကျုပ်ကို လွှတ်ပြီး ကိစ္စတွေ လာဆွေးနွေးခိုင်းတာပါ..." ရွှဲ့အမည်ရသော လူက ရှင်းပြလိုက်သည်။
"တင့်ဆန်းမြို့စားမင်းကို မလေးမစား လုပ်တာ လုံးဝ မဟုတ်ပါဘူး..."
"ဝေလငါးဂိုဏ်းရဲ့ အခြေအနေကို ကျွန်တော်တို့လည်း ကြားထားပါတယ်... နားလည်ပါတယ်..." မြို့စားလေးက ခေါင်းညိတ်လိုက်သည်။
ယခုရက်ပိုင်း ဝေလငါးဂိုဏ်း၏ အခြေအနေ အပြောင်းအလဲများသည် ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများတွင် ပါဝင်နေသဖြင့် မသိသူ မရှိပေ။ အရှေ့ပိုင်း ဝေလငါးဂိုဏ်းခေါင်းဆောင် ကျန်းရှန်းထင်၏ လက်အောက်တွင် ခေါင်းဆောင်လေးဦး ရှိပြီး၊ ၎င်းတို့သည် သူ၏ လက်ရုံးများ ဖြစ်ကြသည်။ ၎င်းတို့သည် ယွီမင်းဆက် အရှေ့ပိုင်းဒေသတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး၊ ထိုအထဲမှ တစ်ဦးမှာ ချန်ကန့်ဖြစ်သည်။
ယခု မျက်မှောက်ရှိ ရွှဲ့ဟူသည် ချန်ကန့်၏ လက်အောက်မှ အားကိုးရသော လူယုံတစ်ဦး ဖြစ်၏။
"ဒါပေမဲ့..." မြို့စားလေးက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ခင်ဗျားတို့ကို ကျန်းနန်ဘက် ကုန်ပစ္စည်း ပို့ခိုင်းတာ... လေတိုက်လို့လိုလို၊ မိုးရွာလို့လိုလိုနဲ့... ဘယ်လောက်တောင် ကြာနေပြီလဲ..."
"ရှင်းပြချက် တစ်ခုလောက် ပေးသင့်တယ် မဟုတ်လား... ခေါင်းဆောင်ချန်က မျက်နှာမပြရဲလို့... ခင်ဗျားကို လွှတ်ပြီး ခံခိုင်းတာတော့ မဟုတ်ဘူးမလား..."
"ခေါင်းဆောင်ချန်ရဲ့ သဘောထားကတော့... ဒီတစ်ခေါက် ပို့ပြီးသွားရင်... ကျုပ်တို့ စီးပွားရေးကို ခဏလောက် ရပ်နားထားချင်တယ်..." ရွှဲ့ဟူက အားနာစွာ ပြောလိုက်သည်။
"အခုက အရေးကြီးတဲ့ အချိန်ရောက်နေပြီ... ဂိုဏ်းချုပ်ကြီးဘက်ကို အပြစ်ရှာမခံရအောင် နေရမယ်... တကယ်လို့ အပြစ်ရှာခံရရင် ဂိုဏ်းချုပ်ကြီးကော၊ ဂိုဏ်းခွဲခေါင်းဆောင်ကျန်းကော ကျုပ်တို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး..."
သူ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
ယခု ဝေလငါးဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ရွှီပါ့ရှန်းနှင့် အရှေ့ပိုင်း ဝေလငါးဂိုဏ်း ခေါင်းဆောင် ကျန်းရှန်းထင်တို့သည် အာဏာလုပွဲ ဖြစ်ပွားနေကြသည်။ ချန်ကန့်သည် ကျန်းရှန်းထင်၏ လက်အောက်ငယ်သား ဖြစ်သဖြင့်၊ အမှားတစ်ခုခု လုပ်မိပြီး အပြစ်ရှာခံရပါက ပြိုင်ဘက်များက အကြီးအကျယ် ပုံကြီးချဲ့သွားနိုင်ပြီး အလွန်တရာ အန္တရာယ်များလှသည်။
သို့သော် မြို့စားလေးကမူ နားမလည်နိုင်သော မျက်နှာအမူအရာကိုသာ ပြသလိုက်သည်။
"အစ်ကိုကြီးရွှဲ့... ခင်ဗျားတို့က အခု အရေးကြီးတဲ့ အချိန်ရောက်နေပြီ ဆိုတော့... အကူအညီ လိုအပ်တဲ့အချိန် မဟုတ်ဘူးလား..." သူက အေးဆေးစွာ ပြောလိုက်သည်။ "ဒီအချိန်မှာ ကျွန်တော်တို့ စီးပွားရေးကို ဖြတ်တောက်လိုက်တာ... သိပ်မကောင်းဘူး ထင်တယ်နော်..."
"ဖြတ်တောက်လိုက်တာ မဟုတ်ပါဘူး... ယာယီ ရပ်ဆိုင်းထားတာပါ... ဒီကိစ္စတွေ ပြီးသွားလို့ ဂိုဏ်းခွဲခေါင်းဆောင်ကျန်း နေရာရသွားရင်... ခေါင်းဆောင်ချန်က မြို့စားမင်းကို သေချာပေါက် ပြန်ဆက်သွယ်မှာပါ..." ရွှဲ့ဟူက ပြန်ဖြေလိုက်သည်။
"ဂိုဏ်းခွဲခေါင်းဆောင်ကျန်း နေရာရသွားရင်... ခေါင်းဆောင်ချန်ကလည်း ရာထူးတက်သွားမှာပေါ့... အဲဒီအချိန်ကျရင် ကျွန်တော်တို့ စီးပွားရေးကို မျက်လုံးထဲ ထည့်ပါတော့မလား..." မြို့စားလေးက ပြုံးပြီး မေးလိုက်သည်။
"အဲလို ဘယ်ဟုတ်ပါ့မလဲ..." ရွှဲ့ဟူက ချက်ချင်း လက်ကာပြလိုက်သည်။
"ခေါင်းဆောင်ချန် မသိတာ မဟုတ်ပါဘူး... ဒီနှစ်တွေထဲမှာ ကျွန်တော်တို့ စီးပွားရေးက ပိုပိုပြီး ကြီးကျယ်လာတယ်... ယွီမင်းဆက် တောင်ပိုင်းဒေသမှာ နန်းတွင်းအသိုင်းအဝိုင်းက မိသားစုဆယ်စုကျော် ပါဝင်ပတ်သက်နေတယ်... ကျွန်တော်တို့ တင့်ဆန်းမြို့စားစံအိမ်က ကိုယ်စားလှယ်တစ်ခုပဲ ရှိသေးတယ်..." မြို့စားလေးက ပြောလိုက်သည်။
"တကယ်လို့ ခင်ဗျားတို့ အရှေ့ပိုင်း ဝေလငါးဂိုဏ်းရဲ့ လမ်းကြောင်းပျောက်သွားရင်... ချက်ချင်းလက်ငင်း ခင်ဗျားတို့လို ပူးပေါင်းဆောင်ရွက်မယ့်သူ နောက်တစ်ယောက် ရှာမတွေ့နိုင်ဘူး... အဲဒါက ကျွန်တော်တို့ကို အခက်တွေ့စေလိမ့်မယ်..."
"ဟားဟား... မြို့စားလေး နားလည်ပေးပါ..." ရွှဲ့ဟူတစ်ယောက် မျက်နှာပျက်သွားသည်။
"ခေါင်းဆောင်ချန်က ကျုပ်ကို ဒီနောက်ဆုံး ကုန်ပစ္စည်း လာယူရင်း... ခင်ဗျားတို့နဲ့ ဒီကိစ္စ ဆွေးနွေးခိုင်းလိုက်တာပါ... လက်ရှိအခြေအနေအရ ယာယီရပ်ဆိုင်းထားတာပါ... အချိန်အတိုင်းအတာတစ်ခု ပြီးရင် ပြန်စနိုင်မယ့် အခွင့်အလမ်း ရှိပါတယ်... တကယ်လို့ ဆက်ပြီး ဇွတ်တိုးလုပ်နေရင် ဘယ်သူအတွက်မှ ကောင်းကျိုးမရှိပါဘူး... ခင်ဗျားတို့လည်း ကျုပ်တို့ရဲ့ အခက်အခဲကို ထည့်စဉ်းစားပေးပါဦး... ခင်ဗျားက ကျုပ်ကို ဖိအားပေးနေရင် ကျုပ်လည်း လုပ်ရကိုင်ရ ခက်ပါတယ်..."
"ခက်တယ် ဟုတ်လား..." မြို့စားလေးက နှာခေါင်းရှုံလိုက်သည်။ "ဒါဆိုရင် မလုပ်နဲ့တော့..."
သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး "အစ်ကိုကြီးရွှဲ့... ခင်ဗျား ခေါင်းဆောင်ချန်ဆီကို ပြန်စာရေးလိုက်တာ ပိုကောင်းမယ်... ကျွန်တော်တို့ သဘောထားကို သေချာပြောပြလိုက်... စီးပွားရေးဆိုတာ ခင်ဗျားတို့ လုပ်ချင်တဲ့အချိန် လုပ်၊ မလုပ်ချင်တဲ့ချိန် ရပ်လို့ရတာမျိုး မဟုတ်ဘူး... ဗြုန်းစားကြီး ထွက်သွားချင်လို့ ဘယ်ရမလဲ..."
ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ရွှဲ့ဟူ တစ်ယောက်တည်းသာ ထိုင်ခုံတွင် ကျန်ရစ်ခဲ့ပြီး မျက်နှာထားမှာ မည်းမှောင်နေတော့သည်။
...
မြို့စားလေးသည် လူအုပ်နှင့်အတူ လှေပေါ်မှ ဆင်းလာပြီးနောက် မြင်းရထားစီးကာ မြို့ထဲသို့ ဝင်ရောက်လာသည်။ တောင်တံခါးမြို့အတွင်းရှိ စံအိမ်ကြီး တစ်ခုရှေ့သို့ ရောက်ရှိလာသည်။
တင့်ဆန်းမြို့စားစံအိမ်...။
စံအိမ်ကြီးမှာ ခမ်းနားထည်ဝါပြီး၊ တံခါးရှေ့ လမ်းမကြီးမှာ သန့်ရှင်းသပ်ရပ်နေသည်။
သူသည် နက်ရှိုင်းသော အိမ်ဝင်းထဲသို့ ဝင်ရောက်လာပြီး၊ တံခါးဝ၌ပင် အရင်မေးလိုက်သည်။ "အဖေ ပြန်ရောက်ပြီလား..."
"မြို့စားမင်းကြီး ပြန်မရောက်သေးပါဘူး..." ချက်ချင်း အဖြေရလိုက်သည်။
မြို့စားလေး ခေါင်းညိတ်လိုက်ပြီး၊ ဘာမှ ထပ်မပြောဘဲ အနောက်ဘက်အိမ်ဝင်းသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ စင်္ကြံလမ်းကို ကွေ့ပတ်ပြီး၊ အခန်းတစ်ခန်းရှေ့သို့ ရောက်ရှိလာကာ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်လေသည်။
"ရှအန်း... ရှင်လား..." အထဲမှ ပျော်ရွှင်သော အမျိုးသမီးအသံ ထွက်ပေါ်လာသည်။
"ကိုယ်ပါ..." မြို့စားလေး ပြန်ဖြေလိုက်သည်။
ကျွီခနဲ တံခါးပွင့်လာပြီး၊ အံ့သြဝမ်းသာနေသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ တံခါးဝမှ မိန်းကလေး၏ အသားအရေမှာ ဖြူဖွေးနုဖတ်နေလေ၏။
"ရှင် ဘာလို့ ဒီလောက် ကြာနေတာလဲ..." မြို့စားလေးကို အထဲသို့ ဖိတ်ခေါ်ရင်း၊ မိန်းကလေး၏ လေသံတွင် ချွဲနွဲ့သံလေး ပါနေချေသည်။ "ကျွန်မ ဒီမှာ ဘယ်သူ့ကိုမှ မသိဘူး... ကျွန်မ ညီမလေးကို သွားရှာချင်တယ်..."
"မြို့စားစံအိမ်မှာ အလုပ်တွေ များနေလို့ပါကွာ... လိမ္မာပါတယ်... တောင်တံခါးမြို့က ဒီလောက်ကြီးတာ... မင်းတစ်ယောက်တည်း သွားရှာရင် ပင်လယ်ထဲ အပ်ရှာသလို ဖြစ်နေမှာပေါ့... ကိုယ် လူလွှတ်ပြီး မင်းညီမလေး သတင်းကို မြို့အနှံ့ စုံစမ်းခိုင်းထားပါတယ်... မကြာခင် သတင်းရတော့မှာပါ..." မြို့စားလေးက တိုးညင်းစွာ နှစ်သိမ့်လိုက်သည်။
"ကောင်းပါပြီ..." မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး၊ စိုးရိမ်တကြီး မေးလိုက်သည်။
"ရှင် နေ့တိုင်း အပြင်ထွက်တာ ဒီလောက် ကြာနေတော့... တခြား မိန်းကလေးတွေနဲ့ တွေ့ပြီး... ရှင် တခြားလူကို ကြိုက်သွားမှာ စိုးရိမ်တယ်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက အရူးမလေးပဲ..." မြို့စားလေးက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"မင်းက ကိုယ်မြင်ဖူးသမျှ အထူးခြားဆုံး မိန်းကလေးပါ... ကိုယ် တစ်သက်လုံး မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာပါ..."