← Chapters

ရေခဲမီးတောက်ဖြင့် လိပ်မိစ္ဆာကြီးအား နှိမ်နင်းခြင်း

Vol. 8 Ch. 77

ရေခဲမီးတောက်ဖြင့် လိပ်မိစ္ဆာကြီးအား နှိမ်နင်းခြင်း

Vol. 8 Ch. 77

ချူလျန်နှင့် အိမ်တော်ထိန်းစွေ့တို့ စကားပြောနေသည့် အခိုက်အတန့်မှာပင်၊ ဝင်းထဲသို့ နှေးကွေးသော ခြေလှမ်းများဖြင့် အဘိုးအိုတစ်ဦး လျှောက်လှမ်း ဝင်ရောက်လာလေသည်။

သူသည် ချည်ထည်ဝတ်ရုံအစုတ်ကို ဝတ်ဆင်ထားပြီး၊ ကျောမှာ အလွန်အမင်း ကိုင်းညွတ်နေကာ၊ ဖြူဖွေးသော မုတ်ဆိတ်ရှည်များနှင့် ဆံပင်မှာလည်း ကျဲတောက်နေသဖြင့် အလွန် အိုမင်းရင့်ရော်နေပုံ ရ၏။

လမ်းလျှောက်နေသည်မှာ အလွန် နှေးကွေးလွန်းသဖြင့် ကြည့်နေသူကို စိတ်မရှည် ဖြစ်စေသော်လည်း၊ သူ၏ ခြေလှမ်းများမှာမူ အလွန်ပင် တည်ငြိမ်ပြီး အားပါလှသဖြင့် သာမန်လူအိုတစ်ဦး၏ ယိုင်နဲ့နဲ့ အသွင်မျိုး မဟုတ်ပေ။

ဤသူတောင်းစားနှင့် တူသော အဘိုးအိုမှာ၊ ပုံမှန်ဆိုလျှင် လီမိသားစုစံအိမ်၏ အနောက်ဘက်ဝင်းသို့ ရောက်ရှိလာရန် မဖြစ်နိုင်သော်လည်း၊ သူ မည်သို့ ခြေတစ်လှမ်းချင်း လျှောက်ဝင်လာခဲ့သည်ကို မည်သူမျှ မသိရှိကြပေ။

စံအိမ်ထဲရှိ အခြားလူများ မြင်တွေ့ပါက ထူးဆန်းသည်ဟု ထင်မြင်ကြပေလိမ့်မည်။ သို့သော် ဝင်းထဲတွင်မူ ငါးလေးတစ်ကောင်သာ ရှိနေချေသည်။

ရှောင်ယွီသည် ဤထူးဆန်းသော အဘိုးအိုကို ကြည့်ပြီး မျက်တောင်ခတ်ကာ မေးလိုက်သည်။ "ဘိုးဘိုးထိပ်ပြောင်... အဘိုးက သမီးကို စားစရာ လာပေးတာလား..."

"ဟီးဟီးဟီး..." အဘိုးအိုက အိုမင်းရင့်ရော်သော ရယ်သံတစ်ခု ပြုလုပ်လိုက်ပြီးနောက် ခေါင်းမော့ကြည့်လိုက်သည်။ "ဟုတ်ပါတယ် မိန်းကလေးလေးရယ်... ငါ လမ်းမလျှောက်နိုင်တော့လို့၊ ငါ့ကို လာပြီး ကူညီပေးပါဦးလား..."

ရှောင်ယွီသည် ဘာမျှ သံသယမရှိဘဲ လျှောက်သွားပြီး အဘိုးအို၏ တံတောင်ဆစ်ကို ဖေးမကူညီလိုက်သည်။

ဘယ်အချိန်ကတည်းက စောင့်နေမှန်းမသိသော အဘိုးအိုမှာမူ သူ၏ အခြားလက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ရှောင်ယွီ၏ လက်မောင်းကို ဖမ်းချုပ်လိုက်ကာ၊ ယုတ်မာသော အပြုံးဖြင့် ပြောလိုက်တော့သည်။

"နောက်ဆုံးတော့ ငါ မင်းကို ဖမ်းမိပြီပေါ့..."

"ဟင်..." ရှောင်ယွီသည် သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး နှစ်ချက်ခန့် ရုန်းကြည့်သော်လည်း၊ အဘိုးအိုမှာ လုံးဝ မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့ရသဖြင့် မေးလိုက်သည်။ "ဘိုးဘိုးထိပ်ပြောင်... အဘိုး ဘာလုပ်မလို့လဲ..."

"မိန်းကလေးလေး... ငါ ဘယ်သူလဲဆိုတာ ကြည့်စမ်း..."

အဘိုးအိုက ပါးစပ်ဖြဲပြီး ရယ်မောလိုက်ရာ၊ သူ၏ အိုမင်းသော မျက်နှာမှာ ရုတ်တရက် ဖောင်းကား ရှည်လျားလာပြီး၊ လည်ပင်းမှာလည်း တစ်ပေခန့် ရှေ့သို့ ထွက်ပေါ်လာကာ၊ ထက်ရှသော အစွယ်များဖြင့် အရုပ်ဆိုးပြီး ချောမွေ့သော ဦးခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ယင်းသည် လိပ်ကြီးတစ်ကောင်၏ ဦးခေါင်းပင် ဖြစ်ချေ၏။

ရှောင်ယွီသည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက်၊ သူမ၏ မူလပုံစံကို မှတ်မိသွားကာ ပြောလိုက်သည်။ "အဘိုးက ဟို လိပ်ဆိုးကြီးပဲ..."

"ဟီးဟီးဟီး..." လိပ်အိုကြီးက ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် "မင်းတို့ ရွှေငါးကြင်းမလေး နှစ်ကောင်က ငါ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း မွေးမြူထားတဲ့ ကောင်းကင်နှင့် မြေကြီးရဲ့ ရတနာတွေကို အကုန် စားပစ်ခဲ့ကြတယ်... ဒီအတိုင်း ထွက်ပြေးဖို့ ကြိုးစားနေတာလား... ဒါက အလွယ်လေးဖြစ်မယ် ထင်နေလား... မင်းကိုသာ စားလိုက်ရရင်၊ ငါ့ရဲ့ နက်ရှိုင်းပင်လယ် ရွှေကြာပန်းနဲ့ ပျံလွှားငါးဝိညာဉ်အမြုတေတွေ ဆုံးရှုံးသွားတာဟာ အလကား မဖြစ်တော့ဘူးပေါ့..."

သူသည် စကားပြောရင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ပေါက်ကြီးကို ဟလိုက်ပြီး၊ ရှောင်ယွီကို တစ်လုပ်တည်း မျိုချရန် ပြင်လိုက်တော့သည်။

"အား..." ရှောင်ယွီ အော်ဟစ်လိုက်သည်။ သူမ၏ ကိုယ်ပေါ်တွင် ပျံလွှားငါးဝိညာဉ်အမြုတေ ရှိနေသော်လည်း၊ လက်ရှိတွင် မြဲမြံစွာ ဖမ်းချုပ်ခံထားရသဖြင့် မည်သို့မျှ ရုန်းမထွက်နိုင် ဖြစ်နေချေသည်။

အလွန် စိုးရိမ်ရသော အခြေအနေတွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ကာကွယ်လိုက်စမ်း..."

စိမ်းလန်းသော အလင်းတန်းတစ်ခု ပျံဝဲလာပြီး၊ ရှောင်ယွီကို တစ်ကိုယ်လုံး ပတ်ပတ်လည် ရစ်ပတ်လိုက်သဖြင့်၊ ချက်ချင်းပင် ဖက်ထုတ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

ဤသည်မှာ မိန်းမငယ်လေးခမျာ ဒုတိယအကြိမ်မြောက် မူလသစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းဖြင့် ပတ်ပတ်လည် အုပ်မိုးခြင်း ခံလိုက်ရခြင်း ဖြစ်သော်လည်း၊ ဤတစ်ကြိမ်တွင်မူ သူမ၏ အသက်ကို ကယ်တင်လိုက်ခြင်းပင် ဖြစ်၏။

ဘုန်း...

ဂျီ... ဂျီ..

ထိုလိပ်အိုကြီးမှာ မူလသစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းပေါ်သို့ အားကုန် ကိုက်ချလိုက်ရာ၊ သွားချင်း ပွတ်တိုက်သံနှင့်အတူ နားကွဲမတတ် စူးရှသော အသံများ ထွက်ပေါ်လာသည်။

အချိန်အတော်ကြာ ကြိတ်ချေနေသော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း သိလိုက်ရသောအခါမှသာ၊ သူသည် နာကျည်းစွာဖြင့် လိပ်ခေါင်းကြီးကို မော့ကြည့်လိုက်ပြီး၊ ဘေးနားမှ ရောက်ရှိလာသူအား ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။

ယင်းသည် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ အာရုံကို လက်ခံရရှိပြီး အလျင်အမြန် ပြန်ရောက်လာသော ချူလျန်ပင် ဖြစ်ချေ၏။

သူ့ရှေ့ရှိ ဤမိစ္ဆာသတ္တဝါမှာ၊ ကြက်သွေးရောင်ကွပ်မျက်သူဓား၏ ဒေါသတရားများ မြစ်ဖျားခံရာနေရာဖြစ်ပြီး၊ ဤလိပ်အိုကြီးမှာ ကလဲ့စားဝိညာဉ်များ ဝန်းရံနေပြီး ပြစ်မှုဒုစရိုက်များ ပြည့်နှက်နေသော မိစ္ဆာတစ်ကောင်ပင် ဖြစ်ချေ၏။

"ကောင်လေး... မင်းဟာ ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့၊ ဒီမိန်းကလေးလေးကလည်း မိစ္ဆာတစ်ကောင်ပဲ... ငါတို့ မိစ္ဆာတွေအချင်းချင်း ကိစ္စကို၊ မင်း ဝင်ပါစရာ မလိုဘူး မဟုတ်လား..." လိပ်အိုကြီးက အေးစက်စွာ ပြောလိုက်သည်။

"သူမက အပြစ်ကင်းတဲ့ ငါးလေးတစ်ကောင်သာ ဖြစ်သလို၊ ဒီနေရာဟာလည်း ကျုပ်တို့ လူသားတွေရဲ့ နယ်မြေဖြစ်တယ်... ခင်ဗျားက ဒီမှာလာပြီး လူသတ်ဖို့ ကြိုးစားနေမှတော့၊ ကျုပ်က သေချာပေါက် ဘယ်လွတ်ပေးနိုင်မှာလဲ..." ချူလျန်က ပြတ်သားစွာ ပြန်ပြောလိုက်သည်။

"အပြစ်ကင်းတယ် ဟုတ်လား..." လိပ်အိုကြီး၏ အသံမှာ ရုတ်တရက် စူးရှသွားသည်။ "မင်းက သူမကို အပြစ်ကင်းတယ်လို့ ပြောရဲတယ်လား..."

"မင်း သိလား... ငါ ချင်နန်မြစ် အောက်ခြေမှာ နှစ်ပေါင်း ရာချီပြီး ပင်ပင်ပန်းပန်း မွေးမြူခဲ့ရတဲ့ နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို... ငါ ဘယ်လောက်တောင် သက်ရှိတွေရဲ့ သွေးတွေနဲ့ လောင်းခဲ့ရလဲဆိုတာ... ဒါမှသာ အဲဒီ ရွှေကြာပန်းက အချိန်မတိုင်ခင် ရင့်ကျက်လာမှာလေ..."

"ငါ့ရဲ့ စိတ်ကူးကတော့... အဲဒီ ရွှေကြာပန်းရဲ့ ဆေးစွမ်း နှစ်ငါးရာပြည့်တဲ့ အခိုက်အတန့်မှာ၊ အကြီးဆုံးတစ်ပွင့်ကို စားပြီး၊ ကျန်တဲ့ အသေးတစ်ပွင့်ကိုတော့ အချိန်ယူပြီး ထပ်မံ မွေးမြူမယ်ပေါ့... အဲဒီ နှစ်ပွင့်စလုံး စားပြီးရင် ငါဟာ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံခြင်းစွမ်းအားကို ရရှိမှာဖြစ်ပြီးတော့ တိုက်ရိုက် လူယောင်ဖန်ဆင်းနိုင်မှာ ဖြစ်တယ်လေ..."

လိပ်အိုကြီးမှာ ဒေါသထွက်နေသော်လည်း၊ ချူလျန်မှာမူ ရင်ထဲတွင် ထိတ်လန့်သွားရသည်။

ဤလိပ်အိုကြီးသည် ပြစ်မှုဒုစရိုက်များ ပြည့်နှက်နေပြီး ကြက်သွေးရောင်ကွပ်မျက်သူဓား၏ ဒေါသကို ဖြစ်ပေါ်စေခဲ့ခြင်းမှာ မဆန်းတော့ပေ။

သက်ရှိတွေ၏ သွေးများဖြင့် ရွှေကြာပန်းကို လောင်းခဲ့သည်ဆိုမှတော့၊ သူ သတ်ဖြတ်ခဲ့သော အပြစ်မဲ့သတ္တဝါများ မည်မျှပင် များနေမည်နည်း...။

လွန်ခဲ့သော နှစ်များအတွင်း ချင်နန်မြစ်တွင် ဖြစ်ပွားခဲ့သော ရေနစ်သေဆုံးမှုများတွင်ပင် ဆယ်ပုံရှစ်ပုံခန့်သည် ၎င်းနှင့် ပတ်သက်နေမည်မှာ သေချာလှပေသည်။

ကြည့်ရသည်မှာ ယနေ့တွင် ဤလိပ်အိုကြီးကို ဧကန်မုချ လွှတ်ပေး၍ မရတော့ပေ။

"ဒါပေမဲ့ ငါ ခူးဆွတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မတိုင်မီ တစ်ရက်မှာ... ဒီငါးမလေးနှစ်ကောင်က ဘယ်ကဘယ်လိုကနေ ရောက်လာမှန်းမသိဘဲ၊ ငါ့ရဲ့ လိုဏ်ဂူထဲကို ဝင်လာပြီးတော့… တစ်ယောက်တစ်ပွင့်စီ ငါ့ရဲ့ ရွှေကြာပန်းတွေကို အကုန် စားပစ်ခဲ့ကြတယ်..."

"ငါ သိသွားတဲ့ အချိန်မှာ သူတို့ကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့၊ သူတို့ လွတ်သွားခဲ့ကြတယ်... ဒါလည်း ထားလိုက်ဦး... ဒါပေမဲ့ သူမက ငါ အစောကြီးကတည်းက မျက်စိကျထားတဲ့ ရေအောက်နန်းတော်ထဲကို ထပ်ပြီး ဝင်ပြေးသွားပြန်တယ်..."

"အဲဒီ နန်းတော်ထဲမှာရှိတဲ့ ပျံလွှားငါးဝိညာဉ်အမြုတေဟာလည်း၊ ငါ နှစ်ပေါင်း ရာချီပြီး စောင့်ကြည့်လာခဲ့တာ ဖြစ်သလို… ပေါင်းစပ်ဖို့ အချိန်တန်နေပြီလေ… အဲတာကိုလည်း သူမက တိုက်ရိုက်ယူပြီး ပေါင်းစပ်ပစ်လိုက်ပြန်တယ်..."

"ငါက လိပ်မိစ္ဆာတစ်ကောင်... ငါ မြေပေါ်တက်ပြီး ဒီကိုရောက်ဖို့ ဘယ်နှရက်တောင် ကြာခဲ့လဲ မင်း သိလား... အဲဒီ ခံစားချက်ကို မင်း သိလား... ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ငါ အိပ်မက်ထဲမှာတောင် အဲဒီ ပျံလွှားငါးဝိညာဉ်အမြုတေကို အားကိုးပြီး ငါ့ရဲ့ အမြန်နှုန်းကို မြှင့်တင်ဖို့၊ ငါ့ကို သာမန်အတိုင်း လမ်းလျှောက်နိုင်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာစေဖို့ ငါ မျှော်လင့်ခဲ့ရတာကွ..."

"အား..."

ယခုအခိုက်အတန့်တွင် ဇာတ်ကြောင်းပြန်ပြောနေရင်းတောင်မှပင်၊ လိပ်အိုကြီးခမျာ ဒေါသထွက်လွန်း၍ မျက်လုံးများပင် ပြူးထွက်နေဆဲ ဖြစ်လေသည်။

ချူလျန်သည်လည်း သူ၏ နာကျင်မှုနှင့် ဒေါသကို ကြည့်ရင်း၊ အနည်းငယ် ကိုယ်ချင်းစာမိသွားရသည်။

ဤသို့သော ခံစားချက်သည် မွေးနေ့သီချင်းကို သေသေချာချာ သီဆိုပြီး မျက်စိမှိတ်ကာ ဆုတောင်းနေခိုက်တွင် မျက်လုံးဖွင့်လိုက်ချိန်တွင် ဖယောင်းတိုင်ကို တစ်စုံတစ်ယောက်က ဦးစွာ မှုတ်ပစ်လိုက်သကဲ့သို့ပင်... ။

ထိုသို့သော ဒေါသသည် ရင်ထဲမှာ တင်းကျပ်စွာလောင်မြိုက်နေပြီး ထိုနေရာတွင်ပင် လဲသေသွားမည် ဆိုပါက ချက်ချင်းဆိုသလို သရဲ ဖြစ်သွားနိုင်လောက်သည့်အဖြစ်ပင်…။

သာမန်လူတောင်မှ ဤသို့ဆိုလျှင်မူ၊ နှစ်ပေါင်း ရာချီပြီး စောင့်စားလာခဲ့တဲ့ သူဆိုလျှင်မူ ပြောဖွယ်ရာ မရှိတော့ပေ။

"မင်းသာ ငါ့ကို တားမယ်ဆိုရင်၊ မင်းကိုပါ တစ်ခါတည်း စားပစ်မယ်..." လိပ်အိုကြီးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး "မင်းက သူမကို ကာကွယ်နိုင်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါ့မလား..."

ပြောပြီးသည်နှင့်၊ သူသည် ခြေလှမ်းကျဲကျဲဖြင့် ချူလျန်ထံသို့ အားကုန် ပြေးဝင်လာတော့သည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း...

အတော်အတန်ကြာသည့်တိုင် ၎င်းသည် တစ်ကျန်းခန့် အကွာအဝေးကိုသာ လမ်းလျှောက်နိုင်ခဲ့၏။

"..."

ချူလျန်၏ မျက်လုံးထဲတွင် သနားသော အမူအရာတစ်ခု ပေါ်လာပြီး၊ မပြောဘဲ မနေနိုင်တော့ချေ။

"အဘိုးကြီးရယ်... အဘိုးရဲ့ ဒီလို ခြေလှမ်းမျိုးနဲ့တော့၊ ကုန်းပေါ်တက်ပြီး လူတွေနဲ့ လာမချပါနဲ့တော့လားဗျာ... ကျုပ် ဒီမှာ စက်ဝိုင်းတစ်ခု ဆွဲထားပေးမယ်၊ အဘိုး အရင် လျှောက်လာခဲ့ဦးနော်...

ကျုပ် နေ့လယ်စာ သွားစားလိုက်ဦးမယ်... ပြန်လာရင် ကျုပ် ဒီနေရာမှာပဲ ရှိနေမယ်လို့ ကတိပေးပါတယ်... အဘိုး အဲဒီအချိန်ထိ ရောက်လာမယ်ဆိုရင်တော့ ကျုပ်နဲ့ ချတာပေါ့..."

"ဝါး... အား..." လိပ်အိုကြီးမှာ လုံးဝ ဒေါသထွက်သွားရလေသည်။

ထိချက်က ပြင်းလှသည်။ ဤလှောင်ပြောင်မှုမှာ သူ၏ အားနည်းချက်ကို တည့်တည့် ထိမှန်သွားခြင်းပင် ဖြစ်လေ၏။

အကယ်၍သာ မြေပြင်ပေါ်တွင် လှုပ်ရှားမှု မနှေးကွေးခဲ့လျှင်၊ သူသည် အဘယ်ကြောင့် ထိုပျံလွှားငါးဝိညာဉ်အမြုတေကို ဤမျှ တမ်းတနေရပါမည်နည်း။

အလွန်အမင်း ဒေါသထွက်နေသော အခြေအနေတွင်၊ သူသည် ကိုယ်ကို လှည့်လိုက်ပြီး သူ၏ မူလသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲလိုက်တော့သည်။

ဘုန်း...

ကျယ်လောင်သော အသံကြီးနှင့်အတူ၊ ပေပေါင်း ဒါဇင်ချီ မြင့်မားသော ဧရာမ လိပ်ကြီးတစ်ကောင်သည် ဝင်းထဲတွင် ပေါ်ထွက်လာပြီး၊ ၎င်း၏ အရွယ်အစားမှာ ဝင်းတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေချေပြီ။

မိစ္ဆာကြီးများ ဆိုလျှင်ပင်၊ လူသားနယ်မြေတွင် မိမိ၏ မူလသဏ္ဌာန်ကို အပြည့်အဝ ထုတ်ဖော်ရန် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြုလုပ်လိုက်ပါက ၎င်း၏ မိစ္ဆာအရှိန်အဝါများမှာ လုံးဝ ပေါ်ထွက်သွားမည် ဖြစ်ပြီး၊ ပတ်ဝန်းကျင် မိုင်ပေါင်း ဒါဇင်ချီအတွင်းရှိ ကျင့်ကြံသူများအားလုံး သတိပြုမိသွားနိုင်သောကြောင့် ဖြစ်သည်။

သို့သော်၊ ယခုအချိန်တွင်မူ သူသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ၊ ရှေ့ရှိ ကျင့်ကြံသူကို အရင်ဆုံး သတ်ပြီးမှသာ ငါးအသားဖြင့် ထုပ်ပိုးထားသော အထုပ်ကြီးကို ပြန်စားရန်သာ စိတ်ကူးထားတော့သည်။

"ဂရား..."

ဧရာမ လိပ်ကြီးက ဟိန်းဟောက်လိုက်ပြီး၊ ရှည်လျားသော လည်ပင်းကြီးကို မော့ကာ၊ ပါးစပ်ထဲမှ မည်းနက်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ယင်းအား ချူလျန် မြင်လိုက်ရသောအခါ သူသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ၊ လက်ကို ဝှေ့ယမ်းလိုက်ကာ စေတီတော်ဖြူ ဟင်းလင်းပြင်ထဲမှ ကြက်သွေးရောင်ကွပ်မျက်သူဓားကို ဆင့်ခေါ်လိုက်ပြီး၊ လေထဲသို့ ပစ်လွှတ်လိုက်ရာ၊ ဤတရားမျှတသော ဓားသည်လည်း ဒေါသတရားများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။

ရွှစ်... ရွှစ်... ရွှစ်...

ကြက်သွေးရောင်ကွပ်မျက်သူဓားသည် ကောင်းကင်သို့ ပျံတက်သွားပြီး၊ ကျန်ရစ်ခဲ့သော ဓားရိပ်ပုံရိပ်ယောင်များနှင့်အတူ၊ အဆောင်စာလုံး နှစ်ခုကို ပေါင်းစပ်ကာ ဓားချီနှင့်အတူ ထိုးစိုက်ချလိုက်တော့သည်။

ရေခဲမီးတောက် အဆောင်ဓားသိုင်း...။

အဆောင်ဓားသိုင်းများထဲတွင်၊ အဆောင်နှစ်မျိုးပါသော ဓားသိုင်းမှာ အခြေခံသာ ဖြစ်သော်လည်း၊ ကြက်သွေးရောင်ကွပ်မျက်သူဓားဖြင့် ထုတ်ဖော်လိုက်သောအခါ၊ ဓားတစ်ရာတံဆိပ်သည်လည်း ဓားတစ်သောင်းတံဆိပ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သကဲ့သို့ပင်…။

ဤရေခဲမီးတောက် အဆောင်ဓားသိုင်း၏ အဆင့်အတန်းမှာ မမြင့်မားသော်လည်း၊ ယင်း၏ စွမ်းအားမှာမူ အဆပေါင်း ရာချီပြီး မြင့်တက်သွားခဲ့ချေပြီ။

ဝုန်း... ဝုန်း... ဝုန်း...

ဓားချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ မိုးကြိုးသံများကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး၊ ရေခဲနဂါးတစ်ကောင်နှင့် မီးနဂါးတစ်ကောင်တို့သည် အချင်းချင်း ရစ်ပတ်ကာ၊ အရောင်နှစ်မျိုးပါဝင်သော လေဆင်နှာမောင်းကြီးတစ်ခုအလား ပြောင်းလဲသွားပြီး၊ နဂါးဟိန်းသံများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်စေတော့သည်။

ထိုလိပ်အိုကြီး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော မည်းနက်သည့် အလင်းတန်းမှာ၊ ဤဓားချီ လေဆင်နှာမောင်းနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ပျောက်ကွယ်သွားရလေသည်။ နောက်တစ်စက္ကန့်တွင်၊ ဓားချီ လေဆင်နှာမောင်းမှာ အရှိန်အဟုန်မပျက်ဘဲ ဧရာမ လိပ်ကြီးထံသို့ ဆက်လက် တိုးဝင်သွားတော့သည်။

၎င်းသည် အခြေအနေ မကောင်းကြောင်း သိလိုက်ရသဖြင့်၊ လိပ်ခေါင်းကြီးကို အမြန်ဆုံး ကျုံ့လိုက်ပြီး၊ ခြေလက်များကိုလည်း တစ်ခါတည်း ကျုံ့ကာ၊ ဘုန်းခနဲ မြေပေါ်သို့ လဲကျသွားပြီး ၎င်း၏ လိပ်ခွံကြီးဖြင့် ကာကွယ်လိုက်လေသည်။

လိပ်ခွံထဲသို့ ကျုံ့ဝင်ခြင်း...။

ဤလိပ်ခွံကြီးမှာ၊ သူ ချင်နန်မဖြစ်အတွင်း နှစ်ပေါင်းများစွာ မည်သူမျှ သူ့ကို မယှဉ်နိုင်အောင် ကာကွယ်ပေးခဲ့သော အကောင်းဆုံး ခံစစ်ဝှက်ဖဲပင် ဖြစ်၏။

မည်သူမျှ သူ၏ ခံစစ်ကို မဖောက်နိုင်ခဲ့ဖူးပေ။

သို့သော်၊ ယနေ့တွင်မူ သူသည် ချူလျန်၏ အဆပေါင်းများစွာ မြင့်တင်ထားသော ရေခဲမီးတောက် အဆောင်ဓားသိုင်းနှင့် တည့်တည့်ပင် တွေ့ဆုံလိုက်ရခြင်း ဖြစ်ချေသည်။

ရွှစ်...

ဓားချီ လေဆင်နှာမောင်းသည် လိပ်ခွံကြီးပေါ်သို့ တစ်ချက်တည်း ကျရောက်သွားပြီး၊ ရေခဲနဂါးနှင့် မီးနဂါးတို့သည် တဟုန်ထိုး ရစ်ပတ်ကာ၊ ပြင်းထန်သော စွမ်းအားနှစ်မျိုးဖြင့် နတ်ဘုရားစီရင်ချက်တစ်ခုအလား ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။

ရေခဲနှင့် မီးဓာတ်များ တလှည့်စီ တိုက်ခိုက်မှုကြောင့်၊ ခံစစ်မှာ အလွယ်တကူပင် ပြိုကွဲသွားရလေသည်။

ဘုန်း...

ခဏတာမျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက်၊ ဓားချီ လေဆင်နှာမောင်းမှာ လိပ်ခွံကြီး၏ ခံစစ်ကို ဖောက်ထွက်သွားပြီး၊ အတွင်းထဲတွင် ကျုံ့ဝင်နေသော လိပ်ခေါင်းကြီးနှင့် တိုက်ရိုက် တွေ့ဆုံလိုက်တော့သည်။

ရေခဲ...။

မီး...။

အဆုံးမဲ့ ပေါက်ကွဲအားများ...။

လောကတွင် မည်သည့်လိပ်ခေါင်းကြီးမှ ဤကဲ့သို့သော ဖျက်ဆီးမှုကို မခံနိုင်ပေ။ ချက်ချင်းဆိုသလိုပင် လိပ်ခွံကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး၊ မည်းနက်သော သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာတော့သည်။

ခဏအကြာတွင် ရေခဲများကြောင့် ခဲသွားပြီး၊ မီးတောက်များကြောင့် ပြန်လည် ခြောက်သွေ့သွားကာ၊ ကျန်ရစ်ခဲ့သော အရိုးစုကြီးမှာ မြေပေါ်သို့ ပျော့ခွေကျရောက်သွားလေတော့သည်။

ရေခဲမီးတောက်ဖြင့် လိပ်ခေါင်းကို သန့်စင်ခြင်း...။

များမကြာမီတွင်ပင် တိုက်ပွဲသည်ကား ပြီးဆုံးသွားလေသည်။

ကျန်ရစ်ခဲ့သည်မှာ ဟာလာဟင်းလင်းဖြစ်နေသော ခြံဝင်းလေးသာ ဖြစ်ချေလေ၏။

All Chapters