အမျက်ဖြေမန္တန်
Vol. 8 Ch. 79
ချူလျန်သည်လည်း ယခုအချိန်တွင် အလွန်ပင် အံ့အားသင့်နေရသည်။
ယခင်က ဓားတစ်ရာတံဆိပ်မှ ဓားတစ်သောင်းတံဆိပ်သို့ ပြောင်းလဲသွားသော ပြင်းထန်သော စွမ်းအားကို မြင်ဖူးသဖြင့်၊ ကြက်သွေးရောင်ကွပ်မျက်သူဓား၏ အစွမ်းကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော်ငြား ယခုတစ်ကြိမ် ရေခဲမီးတောက် အဆောင်ဓားသိုင်းမှာမူ၊ အရေအတွက် တိုးပွားခြင်း မဟုတ်ဘဲ၊ အရည်အသွေးပိုင်းတွင် လုံးဝ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သဖြင့်၊ ပေးစွမ်းသော အကျိုးသက်ရောက်မှုမှာ လုံးဝ မတူညီပေ။
ရွှစ်...
သူသည် အောင်မြင်စွာ တာဝန်ပြီးမြောက်ခဲ့သော ကြက်သွေးရောင်ကွပ်မျက်သူဓားကို ပြန်လည် ဆင့်ခေါ်လိုက်ပြီး၊ ၎င်း၏ ရိုးရှင်းသော ဓားကိုယ်ထည်ကို ကြည့်ရင်း၊ ပိုမို အံ့သြမိရသည်။ ဤတရားမျှတသော ဓားသည် သူ ထင်ထားသည်ထက်ပင် ပြစ်မှုဒုစရိုက်များကို ပိုမို မုန်းတီးနေပုံ ရ၏။
နှမြောစရာ ကောင်းသည်မှာ၊ ဤဓားသည် အချိန်တိုင်းတွင် ဤမျှလောက်အထိ အစွမ်းထက်နေမည် မဟုတ်ပေ။
အကယ်၍သာ အမြဲတမ်းသာ ဤမျှ စွမ်းအားကြီးနေမည် ဆိုပါက...
ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့်ပင် အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
ခဏအကြာတွင်မှ၊ ချူလျန်သည် သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး၊ ဧရာမ အလောင်းကြီးဆီသို့ သွားရောက် စစ်ဆေးကြည့်လိုက်သည်။
နှမြောစရာ ကောင်းသည်မှာ၊ ဤလိပ်ကြီး၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး၊ အမာဆုံးသော လိပ်ခွံကြီးပင်လျှင် ဓားချက်အောက်တွင် အပိုင်းပိုင်း ကွဲအက်သွားခဲ့သဖြင့်၊ ပြန်လည်အသုံးပြုရန် အဖိုးတန်သည်ဟူ၍ များများစားစား မရှိတော့ပေ။
ဤနေရာတွင် မိစ္ဆာနှင့် ကျင့်ကြံသူတို့၏ ကွာခြားချက်မှာ ပေါ်လွင်နေပေသည်။
သို့သော်၊ သူ၏ စေတီတော်ဖြူထဲတွင် ရွှေရောင်ပုံရိပ်ယောင်တစ်ခု ရောက်ရှိနေပြီ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ကောင်းမွန်သော ဆုလာဘ်တစ်ခု ရရှိလိမ့်မည်ဟုသာ အခိုင်အမာ ယုံကြည်မိသည်။
အဘယ်ကြောင့်ဆိုသော်...
ချူလျန်သည် ဘေးနားရှိ အထုပ်ကြီးကို ကြည့်ရင်း ပြုံးလိုက်မိတော့သည်။
သူသည် ခြေလှမ်းအနည်းငယ် လှမ်းသွားပြီး၊ ရှောင်ယွီလေးကို အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းအတွင်းမှ ပြန်လည် လွှတ်ပေးလိုက်သည်။ မိန်းမငယ်လေးမှာ ထွက်လာသည်နှင့်၊ တစ်ဘက်ခြမ်းရှိ လိပ်ကြီး၏ အလောင်းကို ကြည့်ရင်း မျက်လုံးလေးများ ပြူးနေဆဲ ဖြစ်၏။
"ရှောင်ယွီလေး... အခုပဲ အဲဒီလိပ်ကြီးက မင်းကို စားဖို့ ကြိုးစားခဲ့တာကို… ကျုပ်က မင်းရဲ့ အသက်ကို ကယ်ခဲ့တာနော်..." ချူလျန်က ပြောလိုက်သည်။
"ဝါး..." မိန်းမငယ်လေးလေးမှာ ထိုအခါမှ အော်ဟစ်လိုက်ပြီး "ကျေးဇူးအများကြီး တင်ပါတယ်..."
"သူ နောက်ထပ် ဒုက္ခမပေးနိုင်အောင် ကျုပ်က အမြစ်ပြတ် သတ်ပေးလိုက်တာပဲ... မင်းအတွက် နောက်ဆက်တွဲ အန္တရာယ်တွေကို လုံးဝကို ရှင်းပစ်ပေးခဲ့တာနော်..." ချူလျန်က ထပ်ပြောလိုက်သည်။
"ဝါး..." မိန်းမငယ်လေးလေးမှာ ထပ်မံ အော်ဟစ်လိုက်ပြီး "အကိုက တကယ့် လူကောင်းကြီးပဲ..."
"အဲတာကြောင့်မလို့ မင်း ကျုပ်ကို ကျေးဇူးပြန်ဆပ်သင့်တယ် မဟုတ်ဘူးလား..." ချူလျန်က ဆက်လက်၍ လှည့်ဖြားလိုက်သည်။
သိသာသည်မှာ လူကောင်းကဒ် တစ်ခုတည်းနှင့် သူ ကျေနပ်မည့်ပုံ မရှိပေ။
"ဟင်..." မိန်းမငယ်လေးလေးက ခေါင်းလေးကို စောင်းပြီး မေးလိုက်သည်။ "အကို ဘာလိုချင်လို့လဲ..."
"မင်းက..." ချူလျန်က ပြုံးပြီး ပြောလိုက်သည်။
"မျက်လုံးလေးမှိတ်ပြီး… ကျုပ် စိတ်သွားတိုင်းကိုယ်ပါ အောင်မြင်ပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးရုံပါပဲ..."
"အမ်..."
မိန်းမငယ်လေးလေးမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားရသည်။ ဤသည်မှာ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် ကြားဖူးသော ထူးဆန်းသည့် တောင်းဆိုချက်မျိုးပင် ဖြစ်ချေသည်။
သို့သော် သူမသည် လိမ်မာစွာဖြင့် မျက်လုံးလေးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး၊ ဤလူကောင်းကြီး စိတ်သွားတိုင်းကိုယ်ပါ အောင်မြင်ပါစေဟု စိတ်ထဲကနေ ဆုတောင်းပေးလိုက်လေသည်။
ချူလျန်သည် သူ၏ ဝိညာဉ်အာရုံကို စေတီတော်ဖြူထဲသို့ နစ်မြုပ်စေလိုက်သည်။ ဤကဲ့သို့ ရွှေငါးကြင်းလေး၏ အကူအညီ ရယူထားချိန်တွင်၊ ဆုလာဘ်များကို မဖွင့်ဖောက်ဘဲ မည်သို့နေရမည်နည်း။
ဧရာမလိပ်ကြီး၏ ရွှေရောင်ပုံရိပ်ယောင်မှာ အကျဉ်းခန်းထဲတွင် လွင့်မျောနေပြီး၊ ချူလျန်သည် ရှေ့တိုးသွားကာ 'သန့်စင်ခြင်း' ဟူသော စာလုံးကို နှိပ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် မိမိကိုယ်မိမိ ဘာရရှိလျှင် ကောင်းမည်နည်းဟု တွေးတောလိုက်သည်။ မှော်ဝင်ပစ္စည်း၊ အဆောင်လက်ဖွဲ့၊ ဆေးလုံးများ ရရှိဖူးပြီးပြီ ဖြစ်၍၊ ယခုတစ်ကြိမ်တွင် နတ်ဘုရားစွမ်းရည် တစ်ခုခု ရရှိရန် မျှော်လင့်လိုက်မိသည်။
‘ကံကောင်းခြင်းနတ်သမီးလေးရေ… ကျုပ်ကို နတ်ဘုရားစွမ်းရည် တစ်ခုလောက် ပေးပါဦး...’
ရွှစ်...
အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားချေသည်။
ဖြူဖွေးသော အလင်းတန်းဖြင့် အုပ်မိုးထားသော ကျောက်စိမ်းပြားလေးတစ်ခုသည် အကျဉ်းခန်းထဲမှ ပျံထွက်လာပြီး၊ ချူလျန်၏ လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။
မဖြစ်နိုင်တာ...
ချူလျန် အနည်းငယ် အံ့သြသွားရသည်။ သူသည် ကံကောင်းခြင်းနတ်သမီးလေးကို မျှော်လင့်ခဲ့သော်လည်း၊ အမှန်တကယ်ပင် ဤမျှ လိုရာရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
[ အမျက်ဖြေမန္တန် - ဤနတ်ဘုရားစွမ်းရည်ကို တစ်ရက်လျှင် တစ်ကြိမ်သာ ထုတ်ဖော်နိုင်ပြီး၊ မိမိထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများအပေါ်တွင်သာ သေချာပေါက် အကျိုးသက်ရောက်မှု ရှိသည်။ ဤမန္တန် ထိမှန်သွားသောသူသည် ရင်ထဲရှိ ဒေါသတရားများ အားလုံးကို ချက်ချင်း ပျောက်ကွယ်သွားစေမည် ဖြစ်ပြီး၊ ခေတ္တခဏအတွင်း၌ မိမိ၏ ယခင်က လုပ်ရပ်အားလုံးကို ခွင့်လွှတ်ပေးသွားမည် ဖြစ်သည်။ ]
"ဟင်..."
နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်သော်လည်း၊ ဤမန္တန်၏ မိတ်ဆက်စာသားကို ဖတ်ပြီးနောက်၊ ချူလျန်၏ မျက်ခုံးများမှာ တွန့်ချိုးသွားရသည်။
‘အတော်လေးတော့ ထူးဆန်းမနေဘူးလားကွာ…’
‘တစ်ဖက်လူရဲ့ ဒေါသတရားတွေကို ချက်ချင်း ပျောက်ကွယ်စေပြီး ခွင့်လွှတ်သွားစေမယ့် မန္တန်တဲ့လား...’
‘ဒီဟာက တိုက်ပွဲမှာ သိပ်သုံးစားရမယ့်ပုံတော့ မပေါ်ဘူး...’
‘ဒါပေမဲ့ ရန်ဖြစ်နေတာကို ကြားဝင်ဖျန်ဖြေဖို့အတွက်တော့ အတော်လေး ကောင်းမွန်လှတယ်…’
ကျောက်စိမ်းပြားလေးမှာ ချူလျန်၏ လက်ထဲသို့ ရောက်ရှိပြီး ခဏအကြာတွင်၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး၊ သူ၏ စိတ်ထဲတွင် နတ်ဘုရားစွမ်းရည်၏ သဘောတရားများ ပေါ်ထွက်လာသည်။
ထူးခြားသည်မှာ စေတီတော်ဖြူမှ ရရှိသော နတ်ဘုရားစွမ်းရည်များမှာ လေ့ကျင့်နေစရာ မလိုဘဲ တိုက်ရိုက် တတ်မြောက်သွားခြင်းပင် ဖြစ်၏။
ဤအချက်မှာ အလွန်ပင် ကောင်းမွန်လှသည်။ သင်ယူရမည့် အချိန်အနည်းငယ်ကို သက်သာစေသည် မဟုတ်ပါလော...။
မကြာမီမှာပင်၊ လင်းပေ့တစ်ယောက် အလျင်အမြန် ပြေးဝင်လာသံကို ကြားလိုက်ရသည်။ "ချူလျန်... ဒါ မင်းလုပ်လိုက်တာလား..."
သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ၊ လင်းပေ့ အမောတကော ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ "စောစောက ခပ်လှမ်းလှမ်းနေရာမှာ ဧရာမလိပ်ကြီးတစ်ကောင် ပေါ်လာတာကို မြင်လိုက်ရတယ်… ပြီးတော့ ဓားချက်တစ်ချက်နဲ့ အသတ်ခံလိုက်ရတာကိုလည်း မြင်လိုက်ရတယ်... အဲဒါ မင်းလုပ်လိုက်တာလား..."
"ဟုတ်တယ်..." ချူလျန်က ခေါင်းညိတ်လိုက်သည်။
"ပြစ်မှုဒုစရိုက်တွေ ပြည့်နှက်နေတဲ့ လိပ်မိစ္ဆာတစ်ကောင်က ရှောင်ယွီလေးကို စားဖို့ ကြိုးစားနေလို့… ကျုပ်လည်း မလွဲသာလို့ လက်တုံ့ပြန်လိုက်ရတာပါ..."
"အဲဒီလောက် စွမ်းအားကြီးတဲ့ ဓားသိုင်းကို မင်း ဘယ်လို ထုတ်ဖော်လိုက်တာလဲ..." လင်းပေ့က အံ့အားသင့်စွာ မေးလိုက်လေသည်။
"စောစောက တောင်ပိုင်းဂီတမျှော်စင်က တပည့်တွေနဲ့အတူ မြင်လိုက်ရတာကွ… သူတို့တွေအကုန်လုံးဆို အံ့သြမှင်တက်သွားကြတာကွာ..."
"ဒါက တစ်ခါသုံး မှော်ဝင်ပစ္စည်းအချို့ကို အသုံးပြုလိုက်တာပါ…. အမြဲတမ်း ဒီလောက်ကြီးတော့ အစွမ်းမထက်ပါဘူး..." ချူလျန်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
"အကယ်၍သာ အချိန်တိုင်း ဒီလောက် စွမ်းအားကြီးနေမယ်ဆိုရင်… ကျုပ်က အခုချိန်မှာ လောကမှာ ပြိုင်ဘက်ကင်းနေပြီပေါ့..."
"ဒါလည်း ဟုတ်သား..." ချူလျန် ပြောသည်ကို ကြားသောအခါ၊ လင်းပေ့လည်း သံသယ မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ချူလျန်သည် ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းအဆင့်သို့ ရောက်ခါစသာ ရှိသေးကြောင်း သူ သိထားသဖြင့်၊ ထိုမျှလောက်အထိ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ချူလျန်ကိုယ်တိုင် ထုတ်ဖော်နိုင်မည်ဟု သူ လုံးဝ မယုံကြည်သောကြောင့် ဖြစ်၏။
သူ့အတွက်မူ ချူလျန်တွင် အသက်ကယ် မှော်ဝင်ပစ္စည်းများစွာ ရှိနေခြင်းမှာ မဆန်းတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ငွေဓားတောင်ထွတ်၏ တစ်ဦးတည်းသော တပည့် မဟုတ်ပါလော...။
သူတို့ ကျောက်စိမ်းဓားတောင်ထွတ်တွင် တပည့်များစွာရှိသဖြင့် အရင်းအမြစ်များမှာ ခွဲဝေယူနေရသော်လည်း၊ ချူလျန်မှာမူ ငွေဓားတောင်ထွတ်တစ်ခုလုံး၏ အရင်းအမြစ်များကို တစ်ဦးတည်း ပိုင်ဆိုင်ထားခြင်း ဖြစ်သဖြင့်၊ ချမ်းသာကြွယ်ဝနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ရင်ထဲတွင် အနည်းငယ်တော့ အားကျမိသွားရသည်။
‘ငွေဓားတောင်ထွတ်က တကယ့်ကို ကောင်းတာပဲ...’
အကယ်၍ ချူလျန်သာ သူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို သိခဲ့လျှင်၊ မနေနိုင်ဘဲ ရယ်မောမိပေလိမ့်မည်။
လင်းပေ့နှင့် ခေတ္တမျှ စကားပြောပြီးနောက်၊ သူသည် ရှောင်ယွီကို လှည့်ကြည့်လိုက်ပြီး "ရှောင်ယွီလေး... ဗိုက်ဆာနေပြီလား..." ဟု မေးလိုက်သည်။
ရှောင်ယွီက နှုတ်ခမ်းလေးကို ဆူပြီး "ဗိုက်ဆာပြီ..." ဟု ပြန်ဖြေလိုက်သည်။
"လာ... လာ... ကျုပ်တို့ သွားစားကြစို့..." လင်းပေ့က ရယ်မောရင်း ခေါ်ဆောင်သွားလေတော့သည်။
သူတို့ သုံးဦးသည် စားသောက်ခန်းမကြီးထဲတွင် ထိုင်စားသောက်နေကြစဉ်၊ လင်းပေ့နှင့် ရှောင်ယွီတို့မှာ အစားအသောက်များကိုသာ အာရုံစိုက်နေကြသော်လည်း၊ ချူလျန်မှာမူ အာရုံမစိုက်နိုင် ဖြစ်နေရသည်။
သူ၏ စိတ်ထဲတွင်၊ ရရှိထားသော အမျက်ဖြေမန္တန်အသစ်ကို စမ်းသပ်ကြည့်ချင်စိတ်များ ပြည့်နှက်နေသောကြောင့်ပင်။
‘ဒီထူးဆန်းတဲ့ မန္တန်က တကယ်ကော စွမ်းရဲ့လား...’
ပြင်းထန်သော စူးစမ်းလိုစိတ်ဖြင့်၊ ချူလျန်သည် ဘေးနားရှိ အားပါးတရ စားသောက်နေသော လင်းပေ့ကို ကြည့်လိုက်ပြီး ခေါ်လိုက်သည်။ "ဟေ့..."
"ဟမ်..." လင်းပေ့ ခေါင်းမော့ကြည့်လိုက်သည်။
ထိုအချိန်တွင်၊ ချူလျန်သည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး၊ မယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် လင်းပေ့၏ ရှေ့ရှိ ထမင်းဟင်းများ ပြည့်နေသော ပန်းကန်များကို ဝုန်းကနဲ တွန်းလှန်ပစ်လိုက်ရာ၊ အားလုံးမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
"မင်း ဘာလုပ်တာလဲ..." လင်းပေ့မှာ အံ့အားသင့်သွားပြီး၊ အဓိပ္ပာယ်မရှိသော လုပ်ရပ်ကြောင့် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။
ချူလျန်သည် အခြားလက်တစ်ဖက်ဖြင့် တိတ်တဆိတ် လက်ဟန်ပြုလိုက်သည်။
အမျက်ဖြေမန္တန်...။
ရွှစ်...
ချူလျန်တစ်ဦးတည်းသာ မြင်တွေ့နိုင်သော အစိမ်းရောင် အလင်းတန်းတစ်ခုသည် လင်းပေ့၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး၊ တောက်ပစွာ လင်းလက်သွားချေသည်။ ထိုအလင်းတန်းသည် လင်းပေ့ကို လွှမ်းခြုံသွားသည်နှင့်တစ်ပြိုင်နက်၊ သူ၏ မျက်လုံးထဲရှိ ဒေါသတရားများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေတော့သည်။
"ဟင်..." လင်းပေ့သည် မိမိကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်သွားပြီး၊ မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်သည်။
"ချူလျန်က ကျုပ်ရဲ့ ထမင်းဟင်းတွေကို ရုတ်တရက် တွန်းလှန်ပစ်လိုက်တာက… အကြောင်းပြချက်မရှိဘဲ တော်တော်လေး ဒေါသထွက်စရာ ကောင်းပေမဲ့... သူက ကျုပ်ရဲ့ ညီအစ်ကိုကောင်း တစ်ယောက်ပဲလေ... သေချာပေါက် တစ်ခုခုကြောင့် ဖြစ်ရမယ်..."
"ဒီလိုဆိုမှတော့... ကျုပ် သူ့ကို ခွင့်လွှတ်ပေးလိုက်ပါမယ်လေ..."